Ch-14
Viewers 8k

ပင်းချန်ရှိ ရေတပ်အကယ်ဒမီ၌  အဆောက်အဦး(၁၀) အိပ်ဆောင်၏ ဒုတိယထပ်တွင် လုယန်ကဲ့သို့ ဝမ်ယွမ်ကျန်းသည်လည်း လက်ရှိအရာရှိများရဲ့ လေ့ကျင့်ရေးတွင် ပါဝင်နေကြသော ဤကေဒါအုပ်စုကပင်။ သူတို့က နှစ်ယောက်ခန်းမှာနေဖြစ်ကာ အခန်းတစ်ခန်းထဲ အတူကျခဲ့သလို နှစ်ယောက်စလုံးကလည်း ချုံကျိုးကျွန်းကို အပြောင်းအရွှေ့ကျခဲ့ကြ၏။ သို့ရာတွင် သူက နိုင်ငံရေးဘက်ပါဝင်ကာ နိုင်ငံရေးအရာရှိလက်ထောက်အဖြစ် ရာထူးတိုးခဲ့ပေသည်။ 


ပို၍အားကျစရာကောင်းသည်မှာ သူတို့နှစ်ယောက်က ဤလေ့ကျင့်ပေးသူအဖွဲ့ထဲ၌ အငယ်ဆုံးနှစ်ယောက်ပင်။ သူက ၂၈နှစ်ဖြစ်ကာ လုယန်က ၂၅နှစ်ဖြစ်၏။ ပို၍ကြံကြံဖန်ဖန်ဆိုရသော် ဒီအုပ်စုထဲတွင် အိမ်ထောင်မရှိသူမှာ သူတို့နှစ်ယောက်တည်းသာ။ 


လေ့ကျင့်ရေးဝန်ထမ်း၏ အဆင့်အတန်းမှာ မနိမ့်သည့်အတွက် အသက်အရွယ်မငယ်သည်မှာ သဘာဝကျလေသည်။ အများစုမှာ အိမ်ထောင်ကျပြီးသားဖြစ်ကြကာ တစ်ချို့ဆို သားသမီး ၄၊ ၅ယောက်တောင်ရှိနေခဲ့ပြီ။ သူတို့နှစ်ယောက်သာ သီးခြားဖြစ်နေသည်မို့ အတူတူစီစဥ်ခံလိုက်ရခြင်းပင်။ 


သူတို့အားလုံးဟာ အမျိုးသားအရာရှိများ ဖြစ်ကြသော်လည်း တကယ်တမ်းမှာတော့ အမျိုးသားကြီးများ အတူတူဆုံကြသည့်အခါ အထူးသဖြင့် အနှီအိမ်ထောင်ရှင်အမျိုးသားများကတော့ အပျော်သဘောနှင့် အတင်းအဖျင်းပြောတာကို နှစ်သက်ကြလေသည်။ 


လုယန်ရဲ့ မိသားစုက သူ့ကို ဘလိုင်းဒိတ်လုပ်စေချင်ကြကာ ဝမ်ယွမ်ကျန်းလည်း သူကအသက်ကြီးလာပြီလို့ ခံစားခဲ့ရလျက်။ ချုံကျိုးကျွန်းသို့မပြောင်းရွှေ့မီ အိမ်ထောင်ပြုမည့်တာဝန်ကို အပြီးသတ်ရန် အကောင်းဆုံးပင်။ 


ဒီလိုနဲ့ သူတို့နှစ်ယောက်က တစ်ချိန်တည်းမှာ ဘလိုင်းဒိတ်လုပ်ခဲ့ရလေသည်။ 


အခြားအဖွဲ့ခေါင်းဆောင်များက သူတို့ကို ကောင်မလေးများနှင့် မိတ်ဆက်ပေးရာတွင် အလွန်တက်ကြွကြ၏။ ရှောင်လုနှင့် ရှောင်ဝမ်တို့နှစ်ယောက်မှာ ဘယ်သူအရင်လက်ထပ်နိုင်မလဲဆိုတာတောင် လောင်းကြေးထပ်ခဲ့ကြသေးသည်။ 


အစပိုင်းတွင် လူတိုင်းက လုယန်ကို အကောင်းမြင်ခဲ့ကြလေသည်။ အကြောင်းသည်ကား သူက ရုပ်အချောဆုံးဖြစ်ကာ မိသားစုနောက်ခံလည်းကောင်း၍ပင်။ လုယန်က မိန်းကလေးများကို လိုက်စရာပင်မလို၊ မိန်းကလေးများကသာ သူ့ကို လိုက်ချင်ကြလေသည်။ 


သာမာန်ရုပ်ရည်သာရှိတဲ့ ဝမ်ယွမ်ကျန်းက အတွေ့အကြုံရှိသည့် ညီအစ်ကိုများစွာရဲ့ အကြံပြုချက်များကို စိတ်ရှည်စွာနားထောင်ကာ မိန်းကလေးတစ်ယောက်ကို မည်သို့မည်ပုံလိုက်ပိုးပန်းရန်နှင့် လက်ထပ်ပြီးနောက် ခင်ပွန်းကောင်းဖြစ်စေရန် စသဖြင့် သင်ယူခဲ့လေ၏။ 


ရလဒ်များမှာ ဝမ်ယွမ်ကျန်းရဲ့ ကြိုးစားအားထုတ်မှုများဟာ အောင်မြင်ခဲ့ကြောင်း သက်သေပြခဲ့သည်ပင်။ 


သူက ဆေးရုံ၌ ပထမဆုံးတွေ့ခဲ့သော မိန်းကလေးတစ်ယောက်နှင့် တွဲခဲ့ပေမယ့် လုယန်တွေ့ဆုံခဲ့ရသည်မှာ တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက်၊ လေးယောက်... အင်းပါလေ၊ သူ့ရဲ့ စံချိန်ကတော့... 


သူတို့ရဲ့လေ့ကျင့်ရေးမှာ ပြီးခါနီးပြီဖြစ်ရာ ရလဒ်ကတော့ ဝမ်ယွမ်ကျန်းကို အနိုင်ရမည်ဟု ခန့်မှန်းထားကြသည်မှာ ကြာညောင်းလှပြီ။ 


အောင်နိုင်သူအတွက် ဆုမရှိပေ။ အုပ်စုတူထဲရှိ အမျိုးသားကြီးများက "အိမ်ထောင်ပြုခြင်းဟာ ကံကြမ္မာပဲ" ဟု ဆိုခဲ့ကြ၏။ 


အကယ်၍ သူတို့သာ တကယ်ပဲ စုံတွဲဖြစ်သွားကြပါလျှင် လူတိုင်းက ပိုက်ဆံအတူတူစုထည့်ကာ စုံတွဲအသစ်လေးအတွက် "ရေဒီယို"တစ်လုံး ဝယ်ပေးကြမှာဖြစ်၏။ 


လူတိုင်းက ရေတပ်မှဖြစ်ကြ၍ တခြားသောအဓိကပစ္စည်း၄မျိုးဖြစ်ကြတဲ့ အပ်ချုပ်စက်၊ နာရီ၊ စက်ဘီးတို့နှင့် ယှဥ်ပါက ရေဒီယိုသည် သူတို့ရဲ့ ရေတပ်ရဲဘော်ရဲဘက်တို့အတွက် အသင့်လျော်ဆုံး လက်ဆောင်ပင်။ 


• မင်းရဲ့ ရေဒီယိုကို ကိုင်ထားလိုက်ပြီး ကျွန်းကို စောင့်ရှောက်ပါ! 


ရေတပ်အတွက် ထူးခြားတဲ့ကောင်းချီးတစ်ခုပင်ဖြစ်လျက်။ 


မူလက ဝမ်ယွမ်ကျန်းမှာ ရေဒီယိုကို သူ့အပိုင်အဖြစ် မှတ်ယူထားခဲ့သော်လည်း အကဲဖြတ်သည့်အကြိုရက်တွင် တစ်ခုခုမှားယွင်းသွားခဲ့လေ၏။ 


သူနှင့် ဒိတ်နေသော ရန်ရှောင်းမာရဲ့ မိသားစုက ချုံကျိုးကျွန်းဟာ အရမ်းဝေးတယ်လို့ ရုတ်တရက် ခံစားလိုက်ရ၍ သူမသည်လည်း ပင်းချန်မှဖြစ်ရာ မြေပုံကိုကြည့်ရှုရန် ရှင်းဟွာစာအုပ်ဆိုင်သို့ သွားခဲ့သည်။ ပင်းချန်မှာ ချုံကျိုးကျွန်းမှ ကီလိုမီတာ ၃၀၀၀ ကွာဝေးကြောင်း သူမသိလိုက်ရသည့်အခါ သူမရဲ့ မိသားစုသဘောအတိုင်း သူနှင့် လမ်းခွဲချင်ခဲ့သည်။ 


ဝမ်ယွမ်ကျန်းမှာ ထိုအတွက် ရန်ဖြစ်ခဲ့သော်လည်း နည်းလမ်းမရှိခဲ့။ *သူ့ရဲ့နွယ်ပင်ကို အတင်းဖယ်ရှားလိုက်တဲ့ ဖရဲသီးက ချိုမြခြင်းမရှိတော့ဘူးလေ။ ထို့ကြောင့် သူရဲ့ ဝမ်းနည်းမှုနှင့် ဒေါသကို ခွန်အားအဖြစ်သာ ပြောင်းလဲလိုက်ပြီး အကဲဖြတ်ချက်ကို ဂရုတစိုက် ပြန်လည်သုံးသပ်နိုင်ခဲ့လျက်။ 


(*အတင်းအကြပ်လုပ်တဲ့ အိမ်ထောင်ရေးက ပျော်စရာကောင်းမှာမဟုတ်ဘူးလို့ ဆိုလိုတာပါ) 


lose-lose ရလဒ်ဖြစ်လာကာ ရေဒီယိုကို မည်သူမျှ မရနိုင်တော့မှာကို သူ​စိုးရိမ်နေမိလျက်။ 


အကဲဖြတ်ပြီးစီးသည့်နောက် ဝမ်ယွမ်ကျန်းက အိပ်ဆောင်ဆီသို့ပြန်လာရာ ကုတင်ပေါ်တွင် လဲလျောင်းနေတဲ့ လုယန်ကို တွေ့လိုက်ရ၏။ 


လုယန်က သူ့လက်တွေကို ခေါင်းနောက်မှာထားကာ သူ့စိတ်ထဲတွင် ဘာမှရှိမနေသည့်နှယ် မျက်နှာကျက်ကိုသာ ငေးကြည့်နေလျက်။ 


ဝမ်ယွမ်ကျန်း: "…" 


လုယန်ရဲ့  အေးအေးဆေးဆေး အသွင်အပြင်ဟာ ဝမ်ယွမ်ကျန်းရဲ့ မျက်လုံးထဲမှာတော့ ဆီပူအိုးပေါ်သို့ ရေတစ်စက်ကျသွားသည့်နှယ်။ 


ညဘက်၌ တစ်ချို့လူတွေက အချိန်လုလေ့ကျင့်ရေးဆင်းနေရစဥ် တစ်ချို့လူတွေကတော့ အိပ်ရာပေါ်မှာ လှဲလျောင်းနေတယ်။ 


သူလည်း ငယ်ရွယ်ကာ ထက်မြက်သူပင်။ မိနစ်ပိုင်းအတွင်းမှာ အမှတ်မြင့်မြင့်ရနိုင်ပေသည်။ 


"အဲ့ဒီအုပ်စုသာ မင်းကို ဒီလိုမြင်လိုက်ရရင် အိပ်ရာပေါ်က ကန်ထုတ်ပစ်မှာပဲ" 


အခြားသူများက လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း အကဲဖြတ်မှုများနှင့် အလုပ်ရှုပ်နေခဲ့ကြ၍ သူတို့နှစ်ဦးကို ဂရုစိုက်ရန် အချိန်မရှိပေ။ 


စာမေးပွဲတွေ ပြီးသွားတဲ့အခါ ထပ်ပြီးအတင်းအဖျင်းပြောကြဦးမှာပဲ။ 


သူကြုံတွေ့ရမယ့် မြင်ကွင်းတွေကို တွေးကြည့်မိရင်း ဝမ်ယွမ်ကျန်းက ဝမ်းနည်းပက်လက်ဖြစ်ကာ နာကျင်သွားရလျက်။ 


ကံကောင်းထောက်မစွာဖြင့် သူ့ထက်တောင် အခြေအနေပိုဆိုးသူမှာ ရဲဘော်လုပင်။ သူက အနည်းဆုံးတော့ လမ်းတစ်ဝက် အောင်မြင်ခဲ့ပေမယ့် သူ့ရဲဘော်ကတော့ အစပင်ပျိုးနိုင်ခဲ့ခြင်းမရှိချေ။ 


ကုတင်ပေါ်ရှိ လုယန်က သူ့ကို ပေါ့ပေါ့ပါးပါး စိုက်ကြည့်ရင်း သူ့စိတ်တွေ လွင့်မျောသွားပြန်သည်။ လောလောဆယ်မှာတော့ သူ စိတ်ကောင်းဝင်နေသည်ဖြစ်၍ ထိုလူနှင့် တိုက်ခိုက်ဖို့ စိတ်မ၀င်စားချေ။ 


သူမက သဘောတူလိုက်တယ်တဲ့။ သူက လက်မှတ်ရသွားပြီမို့ အားလုံးပြီးသွားပြီပဲ။ 


ဝမ်ယွမ်ကျန်းက စကားပြောပြီးနောက် လုယန်ရဲ့ စကားပြန်ပြောသံကို မကြားရ၍ ထူးဆန်းသလို ခံစားလိုက်ရသည်။ 


ဒါက လုယန်ရဲ့ စိတ်နေစိတ်ထားနဲ့ လုံးဝဆန့်ကျင်နေတယ်ဟ! 


xxx