အပိုင်း၃၀၃
Viewers 67k

🍵Chapter 303



ဤနှစ်များအတွင်းတွင် နိုင်ငံရေးပေါ်လစီကတိုးတက်လာသည်။ သက်ကြီးပိုင်းလူအများစုက မနက်ခင်းနှင့် ညနေခင်းတို့တွင် ပန်းခြံ၌လေ့ကျင့်ခန်းသွားလုပ်ကာ မိတ်ဆွေများနှင့်စကားပြောကြ၏။၎င်းကအဖိုးဝမ်၏ကျန်းမာရေးကို အလွန်အထောက်အကူဖြစ်စေခဲ့သည်။


အနည်းဆုံးတော့ ဤနှစ်နှစ်အတွင်းတွင် အဖိုးဝမ်၏ကျန်းမာရေးက မယိုယွင်းလာခဲ့ပေ။ သူ့မှတ်ဉာဏ်လည်း အရင်နှစ်နှစ်ထက်စာလျှင် ပိုကောင်းလာခဲ့သည်။


ဦးလေးဇုန်းက မျက်မှောင်ကြုတ်ကာပြောလာ၏။

“သမီးအဆင်ပြေရင် ဒီကိုခနလာပါဦး ဗိုလ်မှူးက သမီးကိုပြောစရာတစ်ခုရှိလို့တဲ့”


ဦးလေးဇုန်း၏အမူအရာကိုမြင်‌ေသာအခါ ထုံရွှယ်လူ၏ရင်ထဲတွင် ဒိတ်ခနဲဖြစ်သွားပြီး အနားသို့အမြန်သွားလိုက်သည်။

“ဦးလေး အဖိုးဝမ်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီးတစ်ခုခုဖြစ်လို့လား”


ဦးလေးဇုန်းက ခနလောက်ကြောင်သွားပြီးမှ ကမန်းကတန်းလက်ခါပြလိုက်သည်။

“မဟုတ်တာ မဟုတ်ပါဘူး ဗိုလ်မှူးက သမီးကိုချန်မိသားစုနဲ့ ရှစ်မိသားစုအကြောင်းပြောချင်နေတာပါ”


လက်စသတ်တော့ ဟိုသေခါနီးမိသားစုကိစ္စဘဲ။


ထုံရွှယ်လူက စိတ်အေးသွားကာ သက်ပြင်းချလိုက်သည်။


ရှစ်ကျွင်းမင်သေဒဏ်ပေးခံရပြီးနောက်တွင် ရှစ်မိသားစုအခြေအနေက အရင်ကလောက်မကောင်းတော့ပေ။


ဒုတိယအကိုရှစ်နှင့် ရှစ်ကျွင်းကျွင်းတို့သည် ဤနှစ်နှစ်အတွင်းတွင် ဘာအလုပ်မှမလုပ်ခဲ့ပေ။ သူတို့က ကလေးကြီးနှင့်အရူးလိုပင် နေ့တိုင်းနေ့တိုင်း ထမင်းစားရန်အတွက် ချန်ရှို့ယွင်နှင့်ရှစ်ရှိုးနန်တို့အပြန်ကို အိမ်တွင်သာထိုင်စောင့်နေတတ်ကြသည်။


ချန်ရှို့ယွင်က စိတ်မကျေမနပ်ဖြစ်လာခဲ့သည်။သူမက သားအဖနှစ်ယောက်ကိုရှာကျွေးရရုံသာမက အမေတစ်ယောက်လိုလည်း အလုပ်အကျွေးပြုရသေးသည်။ သူတို့မိသားစုနှစ်ခုက သုံးရက်တစ်ခါရန်ပွဲသေး၊ ငါးရက်တစ်ခါအကြီးအကျယ်ရန်ဖြစ်တတ်သည့် သတင်းများထွက်လာကာ ဆက်ဆံရေးကအလွန်ဆိုးရွားလာခဲ့သည်။


မိသားစုနှစ်စုကိုထောက်ပံ့နေရသည့်အတွက် သူတို့ကမဟာမိတ်မဟုတ်တော့သော်လည်း အမုန်းတရားများကိုရင်ထဲတွင်သိမ်းကာ အခုချိန်တွင်ဘာမှထုတ်ဖော်ပြ၍မရသေးပေ။


သို့သော်ဦးလေးဇုန်း၏အမူအရာကိုကြည့်ရလျှင် ချန်ရှို့ယွင်ကဘာလုပ်လာလို့လဲ သူမသိချင်သွားသည်။


သူမဧည့်ခန်းသို့ဝင်လာသောအခါ အဖိုးဝမ်က ရှေးကုလားထိုင်ပေါ်တွင်ထိုင်နေပြီး မျက်နှာပေါ်တွင် အလွန်ဒေါသထွက်နေပါသည်ဟုစာသားကိုမြင်နေရ၏။ 


ထုံရွှယ်လူက ရေတစ်ခွက်ငှဲ့ကာ အဖိုးဝမ်ဆီယူသွားလိုက်သည်။

“အဖိုးဝမ် အဲ့လိုလူမျိုး‌တွေအတွက်နဲ့ အဖိုးရဲ့ကျန်းမာရေးကိုထိခိုက်စေတာ မတန်ပါဘူး၊ ရေနည်းနည်းသောက်ပြီး ဒေါသကိုလျှော့လိုက်နော်”


“အပြင်မှာအရမ်းပူနေတာ အဖိုးအတွက်မစိုးရိမ်ပါနဲ့ သမီးဘာသာသမီး အရင်ဆုံးရေသောက်လိုက်ပါဦး”


အဖိုးဝမ်သည် သူမကိုမြင်လိုက်ရကတည်းက ပျော်နေပြီဖြစ်သည်။ အခုတွင် သူ့ကိုကလေးလိုချော့မော့လာသောအခါ ဆက်ပြီးမတည်တင်းနိုင်တော့ပေ။


ထုံရွှယ်လူက ပြုံးကာခေါင်းညိတ်ပြလိုက်ပြီး သူမသောက်ရန်ရေတစ်ခွက်ငှဲ့လိုက်သည်။ဦးလေးဇုန်းအတွက်ကိုလည်း အော့မန်းသပ်၊ ပွေးကိုင်းစေ့၊ ဂိုဂျီဘယ်ရီတို့ဖြင့် ‌လက်ဖက်ရည်ကြမ်းလုပ်လိုက်သည်။


“အဖိုးဝမ် ဘာဖြစ်သွားလို့လဲ”


အဖိုးဝမ်က ရေခွက်ကိုစားပွဲပေါ်သို့ချကာ နှာခေါင်းရှူံ့လိုက်သည်။

“အဲ့ဒီမိန်းမက မြို့တော်ကိုပြန်ရောက်လာပြီ”

ထုံရွှယ်လူက အံ့ဩသွားသည်။

“ဘယ်တုန်းကဖြစ်သွားတာလဲ”


အဖိုးဝမ် :“မနေ့ကဘဲ၊ မနေ့က သူတို့မိသားစု မြို့တော်ကိုပြန်ပြောင်းလာကြတယ် ကြည့်ရတာ မြို့တော်မှာ စီးပွားရေးလာလုပ်တဲ့ပုံဘဲ”


ထုံရွှယ်လူ :“ရှစ်ရှိုးနန်က အလုပ်ထွက်လိုက်ပြီလား၊ ပြီးတော့ သူ့ဒုတိယအကိုနဲ့ ရှစ်ကျွင်းကျွင်းတို့ပါ မြို့တော်ကိုပြန်ပါလာတာလား”


အဖိုးဝမ်ကမျက်မှောင်ကြုတ်လိုက်သည်။

“ရှစ်ရှိုးနန်ကို သူ့သူဌေးကအလုပ်ထုတ်လိုက်တာ စက်ရုံကအခြေအနေမကောင်းတော့ လုပ်သားအင်အားလျှော့ဖို့လိုလာတယ် သူတို့မိသားစုနောက်ခံကအဆိုးဆုံးဖြစ်နေတော့ သူအရင်ဆုံးထုတ်ခံလိုက်ရတာ ဟိုသားအဖနှစ်ယောက်တော့လိုက်မလာဘူး သူတို့က မိသားစုခွဲသွားကြပြီ”


ပြောရမည်ဆိုလျှင် မိသားစုခွဲခြင်းက အကြံကောင်းပင်။သို့သော်တကယ်တမ်းတွင် သူတို့ကကြီးကြီးမားမားရန်ဖြစ်ခဲ့ရပေမည်။

 

ရှစ်ရှိုးနန်က အလုပ်ထုတ်ခံလိုက်ရကာ နစ်နာကြေးရသော်လည်း သူအလုပ်မရှိတော့သောအခါ မိသားစု၏ဝန်အားလုံးသည် ချန်ရှို့ယွင်ပေါ်သို့သာကျလာ၏။


ချန်ရှို့ယွင်က ဖိအားများအောက်တွင်ရှိနေကာ အလုပ်တွင်မကြာခနအမှားလုပ်မိသဖြင့် သူမသည်လည်းအလုပ်ပြုတ်သွားသည်။


မိသားစုနှစ်စုက ခိုကိုးရာမဲ့လာခဲ့သည်။ရှစ်ကျွင်းကျွင်းသည် ရှစ်ရှိုးနန်တစ်ယောက် နစ်နာကြေးရထားသည်ကိုသိသဖြင့် ထိုပိုက်ဆံကိုထုတ်ကာ လူတိုင်းနှင့်အတူတူစီးပွားရေးလုပ်ချင်လာ၏။သဘာဝကျစွာပင် ချန်ရှို့ယွင်က လက်မခံပေ။


ပြီးခဲ့သည့်နှစ်နှစ်အတွင်းတွင် ရှစ်ကျွင်းကျွင်းက လုံးဝကိုသုံးစားမရပေ။ သူကအလုပ်မရှာဘဲ အနားတစ်ဝိုက်တွင်ခိုးဝှက်မှုများပြုလုပ်ခဲ့၏။စီးပွားရေးလုပ်မည်ဟု သူပြောသမျှမှာ အလိမ်များသာဖြစ်သည်။သူကထိုပိုက်ဆံကိုလောင်းကစားလုပ်ဖို့သုံးချင်နေခြင်းဖြစ်သည်။


ထို့ကြောင့် သူတို့ကအငြင်းပွားခဲ့ကြသည်။ ရှစ်ရှိုးနန်ကလက်တစ်ဖက်ဆုံးရှုံးသွားသည်ဟု သူကြား၏။ရှစ်ကျွင်းကျွင်းက အလွန်ရက်စက်လှသည်။အဆုံးတွင် ရှစ်ရှိုးနန်က နစ်နာကြေးတစ်ဝက်ကိုခွဲပေးကာ မိသားစုနှစ်စုက ဆွေခန်းမျိုးခန်းဖြတ်လိုက်ကြသည်။


“အဖိုးဝမ် အရမ်းလည်းစိတ်မပူပါနဲ့၊ ရှစ်မိသားစုနဲ့ချန်မိသားစုရဲ့ အခြေအနေနဲ့ဆို သူတို့ကပြသနာရှာလို့မရပါဘူး”


ချန်ရှို့ယွင်က မြို့တော်သို့ပြန်ရောက်လာသည်ကို ထုံရွှယ်လူလုံးဝမအံ့ဩမိပေ။ ‌အကြောင်းမှာ စာအုပ်ထဲတွင်လည်း သူမကမြို့တော်သို့ပြန်လာခဲ့ပေသည်။ထို့နောက် ဝမ်ရူကွေ့အားသေခြင်းတရားဆီသို့တွန်းပို့ခဲ့သည်။


သို့သော် သူမက စာအုပ်ထဲတွင်ဇာတ်လိုက်မဟုတ်သည့်အပြင် အရံဇာတ်ကောင်ဟုတောင် မမှတ်ယူနိုင်ရာ မြို့တော်သို့ပြန်လာပြီးနောက် သူမဘာစီးပွားရေး လုပ်သည်၊နောက်ပိုင်းတွင် ဘယ်လိုဖြစ်သွားသည်ဟူ၍မသိရပေ။


အဖိုးဝမ်က ခေါင်းညိတ်လိုက်သည်။

“အဖိုးက သူတို့ပြသနာရှာမှာကိုမကြောက်ပါဘူး၊ အဲ့ဒီမိန်းမက ရူကွေ့ဆီသွားမှာကိုဘဲကြောက်တာ”


ထိုအချိန်တုန်းက ဝမ်ရူကွေ့သည်အသက်လေး၊ငါးနှစ်သာရှိသေးသော်လည်း သူမသည်ထိုကဲ့သို့ရက်စက်သည်များကိုလုပ်နိုင်ခဲ့၏။ အခုချိန်တွင် ရှစ်မိသားစုရော၊ချန်မိသားစုပါ ရွှံ့ထဲနစ်နေပြီဖြစ်သည်။ သူမက ဤအခြေအနေကိုပြောင်းလဲချင်ပါက ဝမ်ရူကွေ့ဆီသို့သွားကောင်းသွားနိုင်ပေသည်။


ဝမ်ရူကွေ့တစ်ယောက် ငယ်ငယ်တုန်းကကိစ္စများကိုမှတ်မိသွားပါက သူ့အပေါ်သက်ရောက်မှုတစ်ခုခုရှိသွားမလား မသိနိုင်ပေ။


ထုံရွှယ်လူက ခနလောက်တွေးကြည့်လိုက်သည်။

“အဖိုးဝမ် သမီးကတော့ ဒီကိစ္စအကြောင်းကို ရူကွေ့ကိုပြောပြသင့်တယ်လို့ထင်တယ်၊ အဲ့လိုမှသာသူလည်းကြိုတင်ကာကွယ်နိုင်မှာပေါ့”


ဤနှစ်နှစ်အတွင်းတွင် သူမကဝမ်ရူကွေ့၏အခြေအနေကိုသေချာအာရုံစိုက်ထားခဲ့သည်။ ကံကောင်းစွာဖြင့် ဝမ်ရူကွေ့၏သူငယ်ချင်းငယ်လေးမှာထပ်မပေါ်လာတော့ပေ။


ချန်ရှို့ယွင်မရှိပါက အနာဂတ်တွင်ဤအခြေအနေကိုဆက်ထိန်းသိမ်းထားနိုင်မည်ဟု သူမခံစားမိသည်။သို့သော် ချန်ရှို့ယွင်က ဘယ်အချိန်ပေါက်ကွဲမလဲမသိနိုင်သည့် ချိန်ကိုက်ဗုံးတစ်ခုလိုပင်ဖြစ်သည်။


အဖိုးဝမ်ကခေါင်းညိတ်လိုက်သည်။

“သမီးပြောတာအဓိပ္ပါယ်ရှိတယ် နောက်မှသမီးသူ့ကိုပြောပြလို‌က်ပေါ့၊ သမီးတို့နှစ်ယောက်လုံးကငယ်တော့တာမဟုတ်ဘူး အမြန်ဆုံးလက်ထပ်သင့်နေပြီ မိသားစုရှိသွားရင် အဲ့မိန်းမပြန်ရောက်လာရင်တောင်မှ ရူကွေ့အပေါ်သက်ရောက်မှုသိပ်ရှိမှာမဟုတ်ဘူး”


ထုံရွှယ်လူက‌ပြုံးလိုက်သည်။

“သမီးသိပါတယ် ဒီနှစ်ဘွဲ့ရပြီးရင် လက်ထပ်တော့မလို့ပါ”


ဤအကြောင်းစကားစမိသွားသောအခါ အဖိုးဝမ်က စိတ်လှုပ်ရှားလာလေသည်။


လက်ထပ်ပြီး သူ့အတွက်မြစ်လေးမွေးပေးရင်အကောင်းဆုံးဘဲ၊ အဲ့လိုမှသူလည်းအိမ်မှာနေပြီး သူ့မြစ်လေးကိုဂရုစိုက်ပေးလို့ရမှာ။


ထုံရွှယ်လူက အဖိုးဝမ်တွေးနေသည်မှာကိုမသိပေ။ မဟုတ်ပါက သူမအနေဖြင့် အဖိုးဝမ်အပေါ်သို့ရေအေးတစ်ခွက်လောင်းချမိသွားနိုင်သည်။


သားသမီးဦးရေကန့်သတ်ခြင်းက နောက်နှစ်အနည်းငယ်အတွင်းတွင် စတင်လုပ်ဆောင်တော့မှာဖြစ်သည်။သူမက ကလေးလိုချင်သည်ဖြစ်စေ၊မလိုချင်သည်ဖြစ်စေ ကလေးတစ်ယောက်သာမွေးနိုင်မှာဖြစ်သည်။ သူမကလည်းထိုထက်ပိုမမွေးချင်ပေ။


အိမ်တွင် တယ်လီဖုန်းတပ်ထားသဖြင့် ထုံရွှယ်လူကအိမ်ပြန်ရောက်ရောက်ချင်းပင် ဝမ်ရူကွေ့အားဖုန်းခေါ်လိုက်သည်။


သူတို့နှစ်ယောက်အတူရှိသည်မှာ သုံးနှစ်နီးပါးရှိပြီဖြစ်သော်လည်း ဝမ်ရူကွေ့ကအရင်တုန်းကလိုရိုးသားဖြူစင်နေဆဲဖြစ်ကာ သူမဆီမှဖုန်းလာတိုင်း ရင်ခုန်နေတုန်းဖြစ်သည်။


“ကိုယ့်ကိုအိမ်ကဖုန်းနဲ့ခေါ်လိုက်တာလား”


ထုံရွှယ်လူက မကျေမနပ်ဖြစ်ယောင်ဆောင်လိုက်သည်။

“ဟုတ်တာပေါ့ ရှင်ပြန်မလာတာတစ်လလောက်ရှိပြီနော် ဘယ်တော့မှနားရက်ရမှာလဲ”


ဝမ်ရူကွေ့ :“ကိုယ်လည်း သေချာမသိဘူး.......”


သူပြော၍မပြီးသေးခင်မှာပင် ထုံရွှယ်လူကဖြတ်ပြောလာသည်။

“ပိုင်ဟွေ့နဲ့ လျန်ထျန်းယိတို့က အခုချိန်မှာစစ်အေးတိုက်ပွဲဖြစ်နေကြတာ အဲ့ဒါဘာကြောင့်လဲရှင်သိလား”


“ဘာကြောင့်လဲ”


“ဘာလို့လဲဆိုတော့ လျန်ထျန်းယိက နိုင်ငံခြားကိုပညာတော်သင်သွားရတော့မှာလေ၊ ပိုင်ဟွေ့က သူတို့နှစ်ယောက်ခွဲရတော့မယ်လို့ခံစားမိနေတာ တိုင်းပြည်နှစ်ခုကြားဆက်ဆံရေးကလည်း အငြင်းပွားမှုတွေရှိနေတယ်လေ အဲ့ဒါကြောင့် အခြေအနေသိပ်မကောင်းဘူး၊  ကျွန်မတို့ကတစ်မြို့ထဲမှာရှိနေပေမယ့် အချင်းချင်းတွေ့ဖို့ခက်ခဲလိုက်တာ ကျွန်မလည်းရှင်နဲ့ စစ်အေးတိုက်ပွဲလုပ်သင့်တယ်လို့မထင်ဘူးလား”


ဝမ်ရူကွေ့ကရင်တုန်သွားကာ လန့်လွန်းသဖြင့်သူ့လက်ထဲမှဖုန်းတောင်ပြုတ်ကျလုမတတ်ဖြစ်သွားသည်။


“ရွှယ်လူ ကိုယ်တောင်းပန်ပါတယ် ကိုယ်သေချာပေါက် အိမ်ကိုပြန်လာပြီး မင်းနဲ့အတူရှိနိုင်အောင်ကြိုးစားမှာပါ ကိုယ့်အပေါ်စစ်အေးတိုက်ပွဲတော့မလုပ်ပါနဲ့နော်”


သူတို့နှစ်ယောက်က တစ်ခါမှအငြင်းမပွားဘူးပေ။ အငြင်းပွားမည့်အကြောင်းတွေးလိုက်ရုံဖြင့်တင် သူခံစားချက်မကောင်းတော့ပေ။


ထုံရွှယ်လူ၏နှုတ်ခမ်းနီနီများက လှပစွာကွေးညွှတ်သွားသည်။

“ဒါဆိုရင် ကျွန်မကိုချော့၊ ရှင်ကျွန်မကိုချော့ပြောရင် ရှင်နဲ့ ရန်မဖြစ်တော့ဘူး”


ဝမ်ရူကွေ့က အနားတွင်လူရှိမရှိသေချာလိုက်ကြည့်လိုက်သည်။ထို့နောက်သူကအသံတိုးတိုးဖြင့်ပြောလာ၏။

“ရွှယ်လူ ကိုယ်မင်းကိုဒေါသမထွက်စေချင်ဘူး ကိုယ်မင်းကိုသဘောအကျဆုံးပါ”


ထိုသို့ပြောပြီးနောက် သူ့မျက်နှာကချက်ထားသည့်ပုစွန်လိုနီရဲလာကာ ကြက်ဥတစ်လုံးတင်လိုက်ပါက တစ်မိနစ်အတွင်းမှာပင် ကျက်သွားနိုင်လောက်သည်။


သူပြောသည်ကိုနားထောင်လိုက်သော်လည်း ထုံရွှယ်လူကချိုမြိန်သည်ဟုမထင်ပေ။ထိုအစားသူမကရယ်ချင်သွားသည်။

“ဘာလို့စကားတစ်ခွန်းကိုဘဲ ထပ်ခါတလဲလဲပြောနေတာလဲ မရဘူး ထပ်စဉ်းစားဦး”


ဝမ်ရူကွေ့ကို ရူပပုစ္ဆာများဖြေရှင်းခိုင်းလျှင် တစ်ခါမှမျက်မှောင်မကြုတ်ခဲ့ဖူးပေ။ အခုတွင်မူ သူကမျက်မှောင်ကြုတ်ပြီး ချိုမြိန်သောစကားများကိုစဉ်းစားနေရရာ သူ့ဆံပင်ကိုတောင်ပြန်ဆုပ်ဆွဲချင်လာသည်။


အချိန်အတော်ကြာအောင်တွေးပြီးမှ သူကစကားတစ်ခွန်းကိုအန်ထုတ်လာ၏။

“ပေါင်ပေ့ လိမ်မာနော် ကိုကိုပြန်လာရင်.....မင်းကြိုက်တာလုပ်ခွင့်ပေးမယ်လေ”


ထုံရွှယ်လူက တခစ်ခစ်ရယ်လိုက်သည်။

“ကျွန်မကြိုက်တာလုပ်လို့ရမှာလားကိုကို၊ ကိုကိုကကောင်းတာလားဆိုးတာလား၊ တကယ်လို့ကျွန်မက ကိုကို့ကို ကျွန်မအောက်မှာတောင်းပန်စေချင်တယ်ဆိုရင်ရော”


ကျစ် ကျစ်၊ သူတို့နှစ်ယောက်ကစကားဝိုင်းက ကလေးများနှင့်မသင့်တော်တော့ပေ။


ဝမ်ရူကွေ့၏မျက်နှာက သွေးထွက်မတတ်နီရဲနေ၏။

“အင်း မင်းပျော်သနေသရွေ့ ကိုယ်ကမင်းအောက်မှာနေပြီး.....ချမ်းသာပေးဖို့တောင်းဆိုပါ့မယ်”


သူပြောပြီးပြီးချင်းမှာပင် တစ်ခုခုမှားနေသလိုခံစားမိလာ၏။သူလှည့်ကြည့်လိုက်သောအခါ မိုးကြိုးပစ်ခံလိုက်ရသလိုဖြစ်နေသည့် ကျိုးရန်၏မျက်နှာကိုမြင်လိုက်ရသည်။ 


ကျိုးရန်;"..."


ဝမ်ရူကွေ့: "..."


လေထုက စက္ကန့်အနည်းငယ်လောက်တိတ်ဆိတ်သွားကာ အခြေအနေကနေရခက်လာသည်။


ကျိုးရန်က အသံနှိမ့်ပြီးပြောလာ၏။

“မင်းကအပြင်ပန်းပုံစံနဲ့ပြောလို့မရဘူးဘဲ၊ ပုံမှန်ဆို ငါကမင်းကိုရိုးသားတယ်လို့ဘဲမြင်တာ ဒီလောက်တောင်အရိုင်းဆန်နေမယ်လို့မထင်ထားဘူး”


ပြီးတော့ အရမ်းလည်း ကလူကျီစယ်တတ်သေးတယ်။



"..." 


ဝမ်ရူကွေ့က သူ့ကိုယ်သူမြုပ်ရန် ကျင်းတစ်ကျင်းတူးချင်သွားသည်။

“မင်းဘာကိစ္စရှိလို့ရောက်လာတာလဲ”


“ခေါင်းဆောင်က မင်းကိုခေါ်ခိုင်းလိုက်လို့”


ဝမ်ရူကွေ့က ဖုန်းတစ်ဖက်မှထုံရွှယ်လူကိုပြန်ပြောလိုက်သည်။

“ကိုယ်လုပ်စရာလေးပေါ်လာလို့ နောက်မှဖုန်းဆက်လိုက်မယ်နော်”


ထုံရွှယ်လူက အစတွင် ချန်ရှို့ယွင်အကြောင်းမပြောခင် နည်းနည်းသက်တောင့်သက်သာရှိအောင်လုပ်ချင်သော်လည်း သူမဘာမှမပြောရသေးခင်မှာဘဲ သူကအလုပ်ပြန်များလာလေသည်။


သို့သော်အလုပ်ကအရေးကြီးသဖြင့် သူမလည်းနှုတ်ဆက်ကာ ဖုန်းချလိုက်သည်။


ဝမ်ရူကွေ့က ခေါင်းဆောင်၏ရုံးခန်းသို့ရောက်လာသည်


ခေါင်းဆောင်ကျွမ်းက သူ့ကိုမြင်သောအခါ ချက်ချင်းပင်ပြုံးပြလာသည်။

“ရူကွေ့ ငါမင်းကိုဘာလို့ခေါ်တာလဲ မင်းသိလား”


ဝမ်ရူကွေ့ကခေါင်းခါလိုက်သည်။

“ကျွန်တော်မသိဘူး”


ခေါင်းဆောင်ကျွမ်းကပြုံးကာပြောပြလာ၏။

“ဂုဏ်ယူပါတယ် ပြီးခဲ့တဲ့နှစ်တွေမှာမင်းရဲ့ထူးချွန်တဲ့လုပ်ဆောင်မှုတွေကြောင့် ဌာနက မင်းကို စက်မှုပညာအဖွဲ့အစည်းရဲ့ ညွှန်ကြားရေးမှူးအဖြစ် ညွှန်ကြားရေးမှူးကျောင်းနေရာကို ရာထူးတိုးပေးဖို့ဆုံးဖြတ်လိုက်တယ်”


ထိုစကားကိုကြားသောအခါ ဝမ်ရူကွေ့ကဘာစိတ်လှုပ်ရှားမှုမှမပြဘဲ မျက်မှောင်ကြုတ်ကာပြောလာ၏။

“ညွှန်ကြားရေးမှူးကျောင်းကရော ဘယ်လိုဖြစ်သွားမှာလဲ”


ခေါင်းဆောင်ကျွမ်းက သူ့ပုခုံးကိုပြုတ်ပေးလိုက်သည်။

“မင်းစိတ်ပူစရာမလိုပါဘူး ညွှန်ကြားရေးမှူးကျောင်းကအလုပ်မထုတ်ခံရပါဘူး သူလည်းရာထူးတိုးသွားတယ်၊ အသေးစိတ်ရာထူးကိုတော့ မဆုံးဖြတ်ရသေးပေမယ့် မင်းကိုနောက်တက်မယ့်ညွှန်ကြားရေးမှူးလုပ်ခိုင်းဖို့အကြံပြုလာတာ ဟုတ်ပြီလား”


သူ့ဆရာ အလုပ်မထုတ်ခံရသည်ကိုကြားလိုက်ရမှ ဝမ်ရူကွေ့ကစိတ်အေးသွားသည်။

“ကျွန်တော်အနေနဲ့ ဌာနရဲ့စီစဉ်မှုကိုလိုက်နာမှာပါ”


ခေါင်းဆောင်ကျွမ်းကပြုံးလိုက်သည်။

“ဟုတ်ပါပြီ အနာဂတ်မှာလည်း ကောင်းကောင်းကြိုးစားပြီး တိုင်းပြည်အတွက်အကျိုး‌ပြုပေးနိုင်အောင်လုပ်ကွာ”


ဝမ်ရူကွေ့က ပြည်ပသို့ပညာတော်သင်မသွားဖူးသော်လည်း ရူပဗေဒတွင်သူ၏အရည်အချင်းက လူအများစုထက်ကျော်လွန်နေ၏။ပို၍ရှားပါးသည်မှာ သူက ရှေးရိုးစွဲပုံစံကြီးကိုသာကပ်တွယ်မနေဘဲ တီထွင်နိုင်စွမ်းရှိကာ တွေးခေါ်တတ်၏။ ကျောင်းပေါ်ရှန်းက ဤကျောင်းသားကိုအလွန်အလေးထားနေတာ မထူးဆန်းတော့ပေ။


ပြီးခဲ့သည့်တစ်ခေါက် ဒုံးကျည်စမ်းသပ်မှုပြုလုပ်ရာတွင် အရာရာတိုင်းကို အပြည့်အဝစီစဉ်ထားသော်လည်း လိုချင်သည့်အကန့်အသတ်ထိမရောက်ပေ။ ဝမ်ရူကွေ့ကသာ ဒုံးကျည်အလေးချိန်ကိုလျှော့ချနိုင်ရန်အတွက် လောင်စာဆီတွန်းကန်ပစ္စည်းကိုဖယ်ရန်အကြံပြုခဲ့ခြင်းဖြစ်သည်။


ကျောင်းပေါ်ရှန်းက သူ့အကြံပေးချက်ကိုနားထောင်လိုက်ကာ စမ်းသပ်မှုလည်းအောင်မြင်သွားခဲ့သည်။


ဤကဲ့သို့အရည်အချင်းရှိသူများကို ပိုင်ဆိုင်နိုင်သည်မှာ ဌာန၏ကံကောင်းမှုပင်။


ခေါင်းဆောင်၏ရုံးခန်းမှထွက်လာသောအခါ လူတိုင်းကထိုသတင်းကိုသိသွားပြီး ဝမ်ရူကွေ့ကိုဂုဏ်ပြုလာကြသည်။


အသက်28နှစ်တွင် ဤသို့သောအနေအထားကိုရောက်နိုင်သည်မှာ တကယ်ကိုစွမ်းဆောင်ရည်မြင့်လှသည်။


ကျိုးရန်နှင့် ဟွမ်ချီမင်တို့သည် ပါးစပ်အပြည့်သံပရာသီးစားလိုက်ရသော်လည်း သူ့အတွက်ပျော်ပေးကြသည်။


ဝမ်ရူကွေ့က ထုံရွှယ်လူဆီဖုန်းပြန်ခေါ်သောအခါ ဤအကြောင်းကိုမပြောပြလိုက်ပေ။ အကြောင်းမှာ တနင်္လာနေ့တွင် သူကပေကျင်းတက္ကသိုလ်၌ နောက်ဆုံးသင်ခန်းစာကို‌သင်ပေးရမည်ဖြစ်သောကြောင့်ဖြစ်သည်။


ညွှန်ကြားရေးမှူးအဖြစ်ရာထူးတိုးခံလိုက်ရသဖြင့် သူ့တာဝန်များကပိုကြီးလာကာ သင်ခန်းစာပို့ချနိုင်မည့်အချိန်မရှိတော့ပေ။


ထုံရွှယ်လူက သူကျောင်းကိုလာရမည်ကိုသိသောအခါ ချန်ရှို့ယွင်အကြောင်းမပြောတော့ဘဲ လူချင်းတွေ့မှသာပြောပြမည်ဟု ဆုံးဖြတ်လိုက်သည်။


တနင်္လာနေ့သို့ရောက်သောအခါ။


ဝမ်ရူကွေ့ ပေကျင်းတက္ကသိုလ်သို့ရောက်သောအခါ ဌာနခေါင်းဆောင်များအား သူရာထူးတိုးသွားသဖြင့် ဧည့်ပါမောက္ခအဖြစ်လုပ်ဆောင်၍မရတော့ကြောင်း ပြောပြလိုက်သည်။


ဌာနခေါင်းဆောင်များသည် သူ့အတွက်ဂုဏ်ပြုပေးကြသလို တစ်ချိန်တည်းတွင် ဝမ်းလည်းဝမ်းနည်းနေကြသည်။


ဤနှစ်နှစ်အတွင်းတွင် ဝမ်ရူကွေ့က ဧည့်ပါမောက္ခလုပ်ပေးရန် ဒုက္ခခံသည့်အဓိကအကြောင်းရင်းမှာ သူ့ဇနီးလောင်းကြောင့်ဖြစ်မှန်း သူတို့ကောင်းကောင်းသိကြသည်။


အနာဂတ်မှာ ဒီလိုအရည်အချင်းရှိတဲ့ ဧည့်ပါမောက္ခမျိုးကို ဘယ်မှာသွားရှာရမှာလဲ။


ထုံရွှယ်လူက ဝမ်ရူကွေ့၏နောက်ဆုံးသင်ခန်းစာပို့ချသည်အား သွားနားမထောင်ခဲ့ပေ။ပထမတစ်ချက်မှာ သူမကအတန်းတက်စရာရှိနေ၍ဖြစ်ပြီး ဒုတိယတစ်ချက်မှာ သူမသွားလျှင်လည်းဘာမှကိုနားမလည်သောကြောင့်ဖြစ်သည်။


ဝမ်ရူကွေ့သင်ခန်းစာပို့ချပြီးသောအခါ ကျောင်းသားများအား နောက်ဆုံးအကြိမ်နှုတ်ဆက်လိုက်သည်။


ကျောင်းသားများက ထွက်သွားရမည်ကိုတွန့်ဆုတ်နေကြကာ တစ်ချို့ဆိုလျှင်ငိုတောင်ငိုလာကြသည်။


လူတိုင်းကသူ့နားတွင်ဝိုင်းကာ မေးခွန်းများမေးနေကြပြီး အခြားအတန်းချိန်မရောက်ခင်အထိ နာရီဝက်ကြာအောင်လူစုမခွဲသွားကြပေ။


ဝမ်ရူကွေ့က သူ့ပစ္စည်းများကိုသိမ်းကာ ထွက်သွားရန်လုပ်လိုက်သည်။ဤအချိန်တွင် ပိန်သွယ်သွယ်ပုံရိပ်တစ်ခုကသူ့ဆီလျှောက်လာပြီး ချိုသာသောအသံဖြင့်မေးလာ၏။


“ပါမောက္ခဝမ်က ‌တကယ်ဘဲ နောက်ကျရင် စာလာမသင်ပေးတော့ဘူး‌လား’


ဝမ်ရူကွေ့မော့ကြည့်လိုက်သောအခါ လှပပြီးငယ်ရွယ်သောမျက်နှာတစ်ခုကိုမြင်လိုက်ရသည်။