🍵Chapter 304
ဝမ်ရူကွေ့ ထိုလူ၏ဘယ်ဘက်မျက်လုံးအောက်မှမှဲ့ကို တစ်ချက်ကြည့်ပြီး တည်ငြိမ်စွာပြန်ဖြေလိုက်သည်။
“အင်း”
သူပြောဖို့လိုအပ်သမျှကို ပြောပြီးသွားပြီဖြစ်သဖြင့် ဘာမှထပ်ရှင်းပြနေစရာမလိုတော့ဘူးဟု သူထင်သည်။
“ကျွန်မဒီမှာကျောင်းလာမတက်ခင်တည်းက ပါမောက္ခဝမ်ရဲ့ အသိပညာကြွယ်ပြီး အသေးစိတ်ကျတဲ့ ပညာအရည်အချင်းတွေကိုကြားဖူးပြီးသားပါ၊ ပါမောက္ခဝမ်ရဲ့အတန်းကိုတက်ချင်လို့ ရူပဗေဒကိုမေဂျာယူခဲ့တာ၊ ပါမောက္ခဝမ်က အရမ်းမြန်မြန်ကြီးထွက်သွားလိမ့်မယ်လို့မထင်ထားဘူး၊ ကျွန်မဖြင့်အရမ်းဝမ်းနည်းတာဘဲ”
ချမ်ရုန်ရုန်ကပြောရင်း သူ့နားကပ်လာ၏။ မတော်တဆလား၊ တမင်လားတော့မသိ သူမကဝမ်ရူကွေ့ဘက်လှည့်ကာ သူမ၏အနက်ရောင်မျက်ရည်စက်ပုံစံမှဲ့လေးကိုဖော်ပြနေ၏။
ဝမ်ရူကွေ့ :“ဒီမှာအရည်အချင်းပြည့်ဝတဲ့ ပါမောက္ခတွေအများကြီးရှိပါတယ် ကျွန်တော်မလာရင် ကျောင်းက အခြားသူတွေကိုဧည့်ပါမောက္ခအဖြစ်ထပ်ဖိတ်ခေါ်လိမ့်မယ် အဲ့ဒါကြောင့်ကျောင်းသူအနေနဲ့ စိုးရိမ်နေစရာမလိုပါဘူး”
ချမ်ရုန်ရုန်က နူးညံံ့သည့်ပုံစံဖြင့် သူမ၏အောက်နှုတ်ခမ်းကိုကိုက်လိုက်သည်။
“ဒါပေမယ့် အခြားသူတွေက ဘယ်လိုလုပ်ပြီး ပါမောက္ခဝမ်ကိုယှဉ်နိုင်မှာလဲ”
ဝမ်ရူကွေ့ကသူ့ပစ္စည်းများကိုသိမ်းလို့ပြီးပြီဖြစ်ကာ သူမ၏သနားစရာပုံစံကို မမြင်ချင်ယောင်ဆောင်ထားလိုက်သည်။သူက အေးစက်စွာခေါင်းညိတ်ပြလိုက်ပြီး ပြန်ပြော၏။
“ကျွန်တော်လုပ်စရာလေးရှိသေးလို့ သွားခွင့်ပြုပါဦး”
ထိုသို့ပြောကာ သူကချမ်ရုန်ရုန်ဘေးမှဖြတ်သွားသည်။
ချမ်ရုန်ရုန်က အလျင်အမြန်ပင် သူ့လက်မောင်းကိုလှမ်းဆွဲလိုက်သည်။
“ပါမောက္ခဝမ် ခနလေးပါ”
ဝမ်ရူကွေ့က သူ့လက်ကိုအားဖြင့်ပြန်ဆွဲထုတ်ကာ အကွာအဝေးတစ်ခုထားရန်အတွက် နောက်သို့ခြေနှစ်လှမ်းဆုတ်လိုက်သည်။
“ဒီကအတန်းသူ မင်းမှာဘာကိစ္စများရှိနေသေးလို့လဲ”
ချမ်ရုန်ရုန်သည် ဝမ်ရူကွေ့ကသူမကို ပလိပ်ရောဂါကိုထိလိုက်ရသလိုရှောင်နေသည်ကိုမြင်သောအခါ သူမမျက်နှာတွင်ရှက်သွားသော်လည်း အရှက်မရှိဆက်ပြောလေသည်။
“ပါမောက္ခဝမ် ရူပပုစ္ဆာလေးတွေမေးချင်တာတွေရှိရင် ကျွန်မရှင့်ကိုမေးလို့ရအောင် ဆက်သွယ်လို့ရမယ့် အချက်အလက်လေးပြောပြခဲ့ပါလား အဲ့လိုဆိုအဆင်ပြေလားဟင် ”
ဝမ်ရူကွေ့က ငြင်းလိုက်သည်။
“အဆင်မပြေဘူး၊ တကယ်လို့မင်းမေးချင်တာရှိရင် ဒီကဆရာမတွေ၊ပါမောက္ခတွေကိုဘဲ မေးလိုက်ပါ၊ သူတို့ရဲ့အသိပညာနဲ့ ပညာရေးဆိုင်ရာအရည်အချင်းတွေက မင်းရဲ့ပုစ္ဆာတွေအားလုံးကိုဖြေရှင်းပေးနိုင်တဲ့အထိ လုံလောက်ပါတယ်”
ထိုသို့ပြောကာ သူကလှည့်ထွက်သွားရန်လုပ်လိုက်သည်။သို့သော်မတော်တဆတစ်ခုဖြစ်လာ၏။ချမ်ရုန်ရုန်ကသူထွက်သွားမှာကြောက်သဖြင့် အမြန်ပြေးလိုက်ရာ ခြေထောက်ခေါက်ပြီးလဲကျသွားလေသည်။
“ကျွန်မခြေထောက်က အရမ်းနာလိုက်တာ.....”
ချမ်ရုန်ရုန်က မြေကြီးပေါ်တွင်ထိုင်ကာ ခြေထောက်ကိုဖိနေပြီး သူမမျက်လုံးများကနီရဲနေ၏။
“ပါမောက္ခဝမ် ကျွန်မကိုထူပေးပါလား”
ဝမ်ရူကွေ့က သူမကိုမျက်မှောင်ကြုတ်ကာကြည့်လိုက်သည်။
တိုက်ဆိုင်စွာဖြင့် အဆောက်အဦးတစ်ခုတည်းမှာဘဲ အတန်းတက်နေသည့် ထုံရွှယ်လူသည် အခန်းထဲမှထွက်လာလာချင်းပင် ချမ်ချိုက်ရှင်းတားသည်ကို ခံလိုက်ရ၏။
“အတန်းဖော်ထုံ နင့်ရဲ့ခင်ပွန်းလောင်းက ကျောင်းမှာဧည့်ပါမောက္ခလုပ်နေတဲ့ ပါမောက္ခဝမ်ဆိုတာကို ငါဒီနေ့မှသိလိုက်ရတယ်၊ ပြီးခဲ့တဲ့သုံးနှစ်မှာ ဘာလို့ငါတို့ကိုမပြောပြခဲ့တာလဲ”
ချမ်ချိုက်ရှင်းထိုသို့ပြောလိုက်သောအခါ လူတိုင်းကတအံ့တဩဖြစ်သွားကြသည်။
“ဘာပြောတယ် အတန်းဖော်ထုံရဲ့ခင်ပွန်းလောင်းက ပါမောက္ခဝမ် ဟုတ်လား”
“ဘုရားရေ ငါဒီလောက်ကိစ္စကြီးကို ဒီနေ့မှသိရတယ်လို့ဟာ၊ တကယ်လို့ငါ့မှာသာ ခန့်ညားပြီးအရည်အချင်းရှိတဲ့ ခင်ပွန်းလောင်းရှိမယ်ဆိုရင် နေ့တိုင်းထုတ်ကြွားနေတော့မှာ”
“ငါရောဘဲ၊ အတန်းဖော်ထုံက တကယ်ကိုအရည်အချင်းရှိတာဘဲနော်၊ ကိုယ်ရဲ့အခြေအနေကိုကောင်းကောင်းထိန်းသိမ်းနိုင်ရင် သေချာပေါက်ကိစ္စကြီးတွေကိုလုပ်နိုင်မှာဘဲ”
ဤတီးတိုးသံများကိုကြားသောအခါ သူမထင်သလိုမဖြစ်သွားသည့်အတွက် ချမ်ချိုက်ရှင်းကဒေါသထွက်လာပြီး သွေးအန်မတတ်ဖြစ်သွားသည်။
သူမကအသက်ပြင်းပြင်းရှူပြီး ရိုးသားဟန်ဆောင်လိုက်သည်။
“ငါကအရမ်းထူးဆန်းတယ်လို့ထင်မိလို့ပါ၊ အတန်းဖော်ထုံက ဒီလိုကိစ္စမျိုးကိုဘာလို့လျှို့ဝှက်ထားရတာလဲ”
ထုံရွှယ်လူက ခပ်ယောင်ယောင်လေးပြုံးကာ ပြန်ပြောလိုက်သည်။
“ငါကဘာလို့ပြောပြရမှာလဲ နင်ငါ့ကိုမေးဖူးလား”
သူမကဝမ်ရူကွေ့နှင့်ဆက်ဆံရေးကို လူသိရှင်ကြားမကြေညာထားသော်လည်း ဖုံးကွယ်ထားတာမျိုးလည်းမလုပ်ပေ။ အဆောင်မှလူအားလုံး ဤအကြောင်းကိုသိ၏။ မသိသောသူများကမူ သူတို့သိစရာမလိုသောကြောင့်ဖြစ်သည်။
ချမ်ချိုက်ရှင်း :“အတန်းဖော်ထုံ ဒေါသမထွက်ပါနဲ့ ကျွန်မကဒီအတိုင်းထူးဆန်းလို့ပါ၊ ကျောင်းတစ်ခုတည်းမဟုတ်ရင်တော့ ဘာမှမဖြစ်ဘူး၊ဒါပေမယ့် တစ်ကျောင်းထဲအတူရှိနေတာ သုံးနှစ်ရှိသွားပေမယ့် ဘာမှမသိရဘူးလေ၊ ထူးဆန်းတယ်၊ မသိရင် ပါမောက္ခဝမ်က နင့်ကိုအရမ်းကိုသဘောမကျလို့ ဆက်ဆံရေးကိုလူသိရှင်ကြားမဖြစ်စေချင်သလိုကြီးဘဲ”
ထိုစကားကိုကြားလိုက်ရသောအခါ လူတိုင်းကထုံရွှယ်လူကိုကြည့်လာကြသည်။
ဒါကြည့်ရတာ ဟုတ်တော့ဟုတ်နေသလိုဘဲ။
သူတို့စေ့စပ်ထားတာ သုံးနှစ်ကျော်ပြီဆိုပေမယ့် အခုထိလက်မထပ်ရသေးဘူး၊ ပါမောက္ခဝမ်က တကယ်ဘဲ ထုံရွှယ်လူကိုမကြိုက်လို့များလား။
လူတိုင်းက ရင်ထဲတွင်သာသံသယဝင်နေပြီး ထုတ်မပြောကြပေ။ထုံရွှယ်လူက အလွန်ထူးချွန်ကာ မိသားစုနောက်ခံလည်းကောင်း၏။ ဒီလိုလူမျိုးကိုမှမကြိုက်ရင် သာမာန်လူတွေကအသက်ရှင်နေနိုင်ဦးပါ့မလား။
ထုံရွှယ်လူကပြုံးလိုက်သည်။
“ငါကဒေါသထွက်နေတဲ့ ပုံစံပေါက်လို့လား၊ နင်ဒါတွေကိုပြောတာက ငါ့ကိုဒေါသထွက်လာအောင် ဒါမှမဟုတ်အရှက်ကွဲအောင်လုပ်နေတယ်လို့ဘဲ ငါထင်တယ်၊ ဘယ်လိုဘဲဖြစ်ဖြစ် နင်ငါ့ကိုပစ်မှတ်ထားဖူးတာက တစ်ခါတောင်မကဘူးလေ”
လေထုက စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွားသည်။
ထုံရွှယ်လူက ထိုစကားများကို တဲ့တိုးပြောလိုက်မည်ဟု ဘယ်သူမှမထင်ထားကြပေ။ သူမကတကယ်ဘဲ မျက်နှာဖုံးကို ခွာတော့မှာလား။
လူတိုင်း : ရန်ဖြစ်ကြ ရန်ဖြစ်ကြရအောင်။
နိုင်ငံခြားဘာသာစကားဌာနတွင် အလှလေးနှစ်ယောက်ရှိကာ ထုံရွှယ်လူနှင့်ချမ်ချိုက်ရှင်းတို့ဖြစ်သည်။ နှစ်ယောက်ကလှပကာ အရည်အချင်းရှိပြီး မိသားစုနောက်ခံလည်းတောင့်တင်း၏။ သူတို့နှစ်ယောက်လုံးက ကျောင်းတွင်နာမည်ကြီးသူများဖြစ်သည်။
သို့သော် သူတို့နှစ်ယောက်က ဆက်ဆံရေးမကောင်းပေ။ အတန်းဖော်ဖြစ်ကတည်းက အငြင်းပွားခဲ့ကြ၏။နောက်ပိုင်းတွင် ထုံရွှယ်လူကအတန်းကျော်တက်နိုင်သွားသဖြင့် နှစ်ယောက်သားအတန်းမတူတော့ပေ။ သို့သော် အငြင်းပွားမှုကမပျောက်ကွယ်သွားရုံသာမက ပို၍ပြင်းထန်လာခဲ့သည်။
ပြောရမည်ဆိုလျှင် ချမ်ချိုက်ရှင်းကလည်း အတော်လေးသနားစရာကောင်း၏။သူမရုပ်ရည်က ထုံရွှယ်လူအောက်အနည်းငယ်နိမ့်ကာ အဆင့်များကလည်း ထုံရွှယ်လူထက်နိမ့်သည်။ လူများကထိုအကြောင်းပြောသောအခါ ‘အလှထိပ်ခေါင်ရှိနေမှတော့ ဘယ်လိုများတောက်ပနိုင်ပါ့မလဲ’ဟုစနောက်လေ့ရှိသည်။
ချမ်ချိုက်ရှင်းက ကျိုးယွီဆိုလျှင် ထုံရွှယ်လူက သူမအထက်တွင်ရှိသည့် ကျူးကောလျန်ဖြစ်ရာ တွေးကြည့်ရုံဖြင့်တင် ခံစားရခက်ပေသည်။
ချမ်ချိုက်ရှင်းသည်လည်း ထုံရွှယ်လူက တုတ်ထိုးအိုးပေါက်ပြောလာမည်ဟု မမျှော်လင့်ထားခဲ့ရာ သူမမျက်နှာကဒေါသဖြင့်နီရဲလာသည်။
“အတန်းဖော်ထုံ နင်ကဘာလို့ငါစေတနာနဲ့ပြောတာကို အထင်လွဲနေတာလဲ၊ ပါမောက္ခဝမ်ကနင့်ခင်ပွန်းလောင်းဆိုတာကို ငါဒီနေ့မှကြားခဲ့တာ၊ နင်ကဘယ်သူ့ကိုမှမပြောပြဖူးလို့ ငါအရမ်းအံ့ဩသွားလို့ပါ၊ ဒါနဲ့ အခုချိန်ဆိုပါမောက္ခဝမ်ရဲ့စာသင်ချိန်ကပြီးနေလောက်ပြီ နေမြင့်တာကိုစောင့်မနေဘဲ အခုသွားပြီး ပါမောက္ခဝမ်ကို အားလုံးနဲ့မိတ်ဆက်ပေးပါလား”
လူတိုင်းကချမ်ချိုက်ရှင်း၏အကြံကိုကြားလိုက်ရသောအခါ စိတ်လှုပ်ရှားလာကြသည်။
“ရွှယ်လူ ဂျူနီယာညီမအကြံက ကောင်းတယ်လို့ငါထင်တယ်၊ လူတိုင်းက ပါမောက္ခဝမ်ကိုသိချင်နေကြတာ၊ သူ့ကို ဒီနေ့ဘဲငါတို့နဲ့မိတ်ဆက်ပေးလိုက်ပါလား”
“ဟုတ်တယ် သူပြောတာမှန်တယ်၊ ငါတို့သာပါမောက္ခဝမ်က နင့်ခင်ပွန်းလောင်းဆိုတာသိထားခဲ့ရင် အခြားဌာနကကျောင်းသားတွေနဲ့ ဖျစ်ညှစ်တိုးနေစရာဘယ်လိုတော့မှာလဲ”
လူတိုင်းက ပါမောက္ခဝမ်၏ဂုဏ်သတင်းအကြောင်းကို အချိန်အတော်ကြာကတည်းကသိထားကြကာ သူတို့အားလုံးက ပါမောက္ခဝမ်ကိုမြင်ဖူးချင်ကြသည်။သို့သော်သူတို့က ရူပမေဂျာမှကျောင်းသားမဟုတ်သဖြင့် ပါမောက္ခဝမ်လာသည်ကို အဝေးကဘဲကြည့်ရကာ တစ်ခါမှအနီးကပ်မမြင်ဖူးပေ။
အကယ်၍ထုံရွှယ်လူသာ ပါမောက္ခဝမ်နှင့် တကယ်မိတ်ဆက်ပေးနိုင်ပါက သူတို့သည် ပါမောက္ခဝမ်ကိုအနီးကပ်မြင်ရရုံသာမက စကားပါပြောနိုင်ဦးမှာဖြစ်သည်။ အနာဂတ်တွင် အခြားဌာနမှကျောင်းသားများသည် သူတို့ကိုမနာလိုဖြစ်နေကြလိမ့်မည်။
အတန်းဖော်များ၏မျှော်လင့်တကြီးအကြည့်များကို ရင်ဆိုင်လိုက်ရသောအခါ ထုံရွှယ်လူကပြုံးပြီးခေါင်းညိတ်လိုက်သည်။
“ဟုတ်ပါပြီး အခုဘဲအဲ့ဒီကိုသွားကြတာပေါ့”
ချမ်ချိုက်ရှင်းက စကားအများကြီးပြောခဲ့ရာ သူမ(ထုံရွှယ်လူ)ကိုအရှက်ခွဲလိုခြင်းက သူမ၏အဓိကရည်ရွယ်ချက်မဟုတ်နိုင်ပေ။ သူမအဓိကလိုချင်သည်မှာ ထုံရွှယ်လူကိုယ်တိုင်ဦးဆောင်ပြီး ဝမ်ရူကွေ့ဆီသွားရန်ဖြစ်နိုင်သည်။
သူမရဲ့ဘူးသီးခွံထဲမှာ ဘယ်လိုဆေးများထည့်ထားလဲသိချင်မိတယ်။
ဒီလိုဆိုမှတော့ သူမအနေနဲ့ တစ်ချက်လောက်သွားကြည့်ပေးရမှာပေါ့။
လူတိုင်းက ထုံရွှယ်လူသဘောတူသည်ကိုမြင်သောအခါ ပျော်သွားကြ၏။
“ကောင်းတယ် အခုဘဲသွားကြရအောင် ငါစိတ်လှုပ်ရှားလွန်းလို့ တစ်ကိုယ်လုံးကြက်သီးထနေပြီ”
“ရွှယ်လူ ငါတို့ကိုပြောပြစမ်းပါ၊ ဒီလိုအရည်အချင်းရှိတဲ့ ခင်ပွန်းလောင်းရှိတာ ဖိအားများလား”
“နင့်ကိုယ်နင်လဲပြန်ကြည့်ပါဦးး ငါတို့ရွှယ်လူကလဲ အရည်အချင်းရှိတာဘဲလေ သူတို့ကလုံးဝကိုလိုက်ဖက်တယ်”
“ဟုတ်တယ် ယောက်ျားကခန့်ညားပြီး မိန်းမကလှပတယ်၊ နှစ်ယောက်လုံးကအရမ်းတော်ပြီးအရည်အချင်းရှိတယ် ဘုရားရေ သူတို့က အရမ်းမနာလိုစရာကောင်းတာဘဲ”
ချမ်ချိုက်ရှင်းသည် ထုံရွှယ်လူကဝမ်ရူကွေ့နှင့်မိတ်ဆက်ပေးရန်သဘောတူလိုက်သည့်အတွက်ပျော်နေသော်လည်း လူတိုင်းကထုံရွှယ်လူအားချီးမြှောက်နေသည်ကိုမြင်သောအခါ သူမရင်ထဲတွင်မုန်းတီးလာ၏။
သို့သော် ခနနေလျှင် ထုံရွှယ်လူက သူ့ကိုယ်သူအရူးလုပ်မိသလိုဖြစ်သွားမည့်အကြောင်းတွေးကြည့်လိုက်သောအခါ သူမကပြန်ပြုံးလိုက်သည်။
ထုံရွှယ်လူက အတန်းဖော်များ၏မေးခွန်းကိုဖြေနေရင် ချမ်ချိုက်ရှင်းပြုံးလိုက်သည်ကိုမြင်သွားကာ သူမလည်းသိချင်စိတ်များဖြစ်လာသည်။
ချမ်ချိုက်ရှင်း၏ခေါင်းကို မီးပန်းဆိုင်းဖြင့်ရိုက်ခံလိုက်ရပြီးနောက် သူမကဘယ်သူဆိုသည်ကိုမမှတ်မိတော့ပေ။ နှစ်ဝက်လောက်ကြာပြီးကျောင်းပြန်ရောက်လာမှသာ အရာအားလုံးကိုမှတ်မိသွားခဲ့သည်။ သူမဆေးရုံတက်ဖူးသည်က အတိတ်တွင်ရှိခဲ့သလိုပင် ပြီးခဲ့သည့်သုံးနှစ်အတွင်းတွင် သူမက ပွင့်လင်းပြီးရိုးသားလာ၏။
သူမ၏ဦးတည်ချက်ကလည်း မတူတော့ပေ။သူမက အလှအပ၊ နာမည်ကျော်ကြားမှု၊အဆင့်စသည့် အရာအားလုံးတွင် ထုံရွှယ်လူနှင့်ယှဉ်ချင်လာ၏။ အတိုချုံးလိုက်ရလျှင် သူမကကိုယ့်ကိုကိုယ်အရှက်ခွဲနေခြင်းသာ။
ဒီသုံးနှစ်အတွင်းမအောင်မြင်ခဲ့တာ သနားစရာဘဲ၊ အခုဆို ထုံရွှယ်လူကဘွဲ့ရတော့မှာ၊ ချမ်ချိုက်ရှင်း အကွက်ကြီးရွှေ့တော့မလို့လား။
ထုံရွှယ်လူက သူမစိတ်ထဲတွင်တွေးရင်း လူတိုင်းနှင့်အတူ စာသင်ခန်းကြီးဆီသို့ရောက်လာခဲ့သည်။
စာသင်ခန်းကြီးကို သင်ခန်းစာပို့ချရာနှင့် အစည်းအဝေးလုပ်ရာတွင်အသုံးပြုကာ အဆောက်အဦး၏ပထမထပ်တွင်တည်ရှိသည်။
အခန်းတံခါးနားသို့ရောက်သောအခါ သူတို့ဘာမှမပြောရသေးခင်မှာဘဲ အထဲမှနူးညံ့သည့်အသံကိုကြားလိုက်ရ၏။
“ကျွန်မခြေထောက်က အရမ်းနာတာဘဲ....ပါမောက္ခဝမ် ကျွန်မကိုကူပြီးထူပေးပါလား”
လူတိုင်းကအချင်းချင်းကြည့်ကာ ထုံရွှယ်လူကိုကြည့်လာကြသည်။
ချမ်ချိုက်ရှင်းက ပိုလို့တောင်ထိတ်လန့်သွားသည့်ပုံပေါ်ကာ ပါးစပ်ကိုအုပ်ပြီးပြောလာ၏။
“ဒါ....ကျွန်မတို့တွေအချိန်မှားပြီးများ လာမိသွားလား”
ထုံရွှယ်လူကပြုံးလိုက်မိသည်။
ဒါကချမ်ချိုက်ရှင်းရဲ့အကြံလား။
ဝမ်ရူကွေ့ကိုဆွဲဆောင်ဖို့ တစ်ယောက်ယောက်ကိုသုံးပြီး သူမကိုနေရာမှာကိုယ်တိုင်ဖမ်းမိစေချင်တယ်ပေါ့၊ သူမကိုငိုယိုပြီး မိန်းမယုတ်လိုပြသနာရှာစေချင်တာလား။
ဒါသာသူမ(ချမ်ချိုက်ရှင်း)လိုချင်တာဆိုရင်တော့ မျှော်လင့်တဲ့အတိုင်းမဖြစ်နိုင်တော့ဘူး
ထို့ကြောင့် သူမကခပ်ဖျော့ဖျော့ပြုံးပြလိုက်သည်။
“ဘာလို့အဲ့လိုဖြစ်ရမှာလဲ၊ ကျွန်မတို့ကအချိန်မှန်ကိုရောက်လာတာပါ၊ နောက်ကျရင် ပြပွဲကောင်းကိုကြည့်ရတော့မှာမဟုတ်ဘူး”
လူတိုင်း: "..."
ချမ်ချိုက်ရှင်းက သံသယဝင်သွားကာ အသံတိုးတိုးဖြင့်ပြောလာ၏။
“အတန်းသူထုံ ငါနင်အခုဒေါသထွက်နေတာကိုသိပါတယ်၊ ဒါပေမယ့်စိတ်ကိုငြိမ်ငြိမ်ထားပါ၊ နင်ထင်သလိုမဖြစ်နေတာလည်း ဖြစ်နိုင်တယ်လေ”
“ငါကဘာထင်နေလို့လဲ၊ ဒါဆိုလည်းငါ့ကိုပြောပြလေ ငါကဘာလို့ထင်နေမိလို့လဲ”
"..."
ချမ်ချိုက်ရှင်းက ခနလောက်ကြောင်သွားပြီးမှ သူမရင်ထဲတွင် ခါးသီးစွာဆိုလိုက်သည်။
ဟန်ဆောင်နေ၊ ဆက်ပြီးဟန်ဆောင်နေလိုက် နောက်မှနင်ဘယ်လိုငိုမလဲကြည့်ကြတာပေါ့။
ဤအချိန်တွင် ဝမ်ရူကွေ့၏အသံထွက်လာ၏။
“ကျောင်းသူ မင်းတကယ်မထနိုင်ရင် ငါကျောင်းကဆရာဝန်ကိုအသိပေးလိုက်မယ်”
ချမ်ရုန်ရုန် :“ဒုက္ခအဖြစ်မခံပါနဲ့ ပါမောက္ခဝမ် ကျွန်မက နည်းနည်းလေးဘဲနာသွားတာပါ၊ ဒီနားလာပြီးကျွန်မကိုကူပေးပါလား”
ဝမ်ရူကွေ့ကမျက်မှောင်ကြုတ်လိုက်သည်။
“အမျိုးသားနဲ့ အမျိုးသမီးက တရင်းတနှီးမဆက်ဆံသင့်ဘူး အဲ့ဒါကြောင့်ကျွန်တော်မင်းကိုမကူညီနိုင်ပါဘူး”
ချမ်ရုန်ရုန်ကအဆင်မပြေသည့်ပုံပေါ်နေ၏။
“ပါမောက္ခဝမ်က စေ့စပ်ထားတယ်လို့ကျွန်မကြားပါတယ်၊ ရှင့်ဇနီးလောင်းကခွင့်မပြုလို့ မိန်းကလေးကျောင်းသူတွေကို ဒီလိုရှောင်နေတာလား”
“ကျွန်မကတော့ ရှင့်ဇနီးလောင်းက ပိုလွန်းတယ်လို့ထင်တယ်၊ ကျွန်မတို့အားလုံး ခေတ်သစ်တစ်ခုကိုစတင်နေတဲ့လူငယ်တွေပါ မြေရှင်ပဒေသရာဇ်ခေတ်မဟုတ်တော့ဘူး၊ အမျိုးသားနဲ့အမျိုးသမီးကရင်းနှီးရုံနဲ့ လိင်ပိုင်းဆိုင်ရာဆက်ဆံရေးရှိတယ်လို့ထင်နေကြဦးမှာလား၊ ရှင်က အရည်အချင်းမြင့်မားတဲ့ ပါမောက္ခတစ်ယောက်ပါ သူမကဘာလို့ရှင့်ကိုမယုံပေးတာလဲ”
“တော်လောက်ပြီ၊ မင်းမှာငါ့ဇနီးလောင်းကို အဲ့လိုအမည်ဖျက်ခွင့်မရှိဘူး”
ဝမ်ရူကွေ့၏မျက်နှာက မဲမှောင်လာသည်။
“ပြီးတော့ မင်းက ပဒေသရာဇ်ခေတ် ဟုတ်မဟုတ်ကို ထည့်ပြောနေစရာမလိုဘူး၊ စေ့စပ်ထားတဲ့ ယောက်ျားတစ်ယောက်က အခြားမိန်းမတွေနဲ့ အကွာအဝေးတစ်ခုထားရမှာ လုပ်သင့်တဲ့အရာဘဲ အဲ့ဒါက သံသယအဝင်မခံရအောင်နေတယ်လို့ခေါ်တယ်”
ချမ်ရုန်ရုန်က ဝမ်ရူကွေ့ဒေါသထွက်သည်ကိုတစ်ခါမှမမြင်ဖူးပေ။ သူမဆီသို့ရောက်လာသည့်ဖိအားကိုခံစားမိနေရာ ချက်ချင်းပင်ကြောက်လန့်သွားသည်။
“ဟုတ်ပါတယ်.....ကျွန်မတောင်းပန်ပါတယ် ပါမောက္ခဝမ် ကျွန်မကအဲ့လိုပြောချင်တာမဟုတ်ပါဘူး ဒီအတိုင်းပါမောက္ခဝမ်က အရမ်းသတိကြီးတယ်လို့ထင်မိလို့ပါ၊ ကျွန်မလဲကျသွားတာတောင်မှ ရှင်ကမကူပေးချင်ဘူး.....”
ဝမ်ရူကွေ့က အေးစက်စွာဖြတ်ပြောလိုက်သည်။
“ငါမင်းကိုမကူညီချင်ရတဲ့ အကြောင်းရင်းနှစ်ချက်ရှိတယ်၊ ပထမတစ်ချက်က ယောက်ျားလေးနဲ့မိန်းကလေးက တရင်းတနှီးမနေသင့်လို့ နောက်တစ်ချက်ကတော့ မင်းပါးစပ်က အရမ်းကိုနံလွန်းပြီး အဲ့အနံ့က မသတီစရာကောင်းလွန်းလို့ဘဲ မင်းတတ်နိုင်သမျှမြန်မြန် ဆရာဝန်နဲ့သွားပြသင့်တယ်”
ချမ်ရုန်ရုန်:"..."
ချမ်ချိုက်ရှင်း : "..."
အပြင်မှလူများ : "..."
“ခွီ——”
ထုံရွှယ်လူက ခနလောက်ကြောင်သွားပြီးမှ မထိန်းနိုင်ဘဲရယ်လိုက်မိတော့သည်။
ဒီမိန်းကလေးက ဝမ်ရူကွေ့ရဲ့အဆိပ်ရှိတဲ့လျှာကို ရင်ဆိုင်လိုက်ရတဲ့အထိ အရမ်းကိုကံကောင်းတာဘဲ။