Chapter 305
ရယ်သံကိုကြားသောအခါ စာသင်ခန်းထဲမှ ဝမ်ရူကွေ့နှင့်ချမ်ရုန်ရုန်နှစ်ယောက်လုံး ကြောင်သွားကာ သတိပြန်ဝင်လာကြသည်။
ချမ်ရုန်ရုန်၏မျက်နှာက သွေးမရှိတော့ပုံပေါ်ကာ သရဲတစ်ကောင်လိုဖြူဖျော့သွားလေသည်။
သူမက လူအုပ်ထဲမှချမ်ချိုက်ရှင်းကို မယုံနိုင်စွာကြည့်လိုက်သည်။ တစ်ဖက်လူက မျက်နှာကိုတစ်ဖက်လှည့်ကာ မသိချင်ယောင်ဆောင်နေ၏။
အခြားကျောင်းသားများကလည်း သတိပြန်ဝင်လာပြီး သူမကိုလက်ညှိုးထိုးကာပြောလာကြသည်။
“ဒါ ပထမနှစ်ကဂျူနီယာညီမလေးမလား၊ ဘယ်လိုလုပ်ပြီး ပါမောက္ခဝမ်ရှေ့မှာတင် သူ့ဇနီးလောင်းကိုသိက္ခာချရဲရတာလဲ”
“ဟုတ်ပါ့ အရမ်းကိုအရှက်မရှိတာဘဲ”
ချမ်ရုန်ရုန်က ကြမ်းပြင်ပေါ်မှကုန်းရုန်းထကာ ဝူးခနဲငိုသံဖြင့်ထွက်ပြေးသွားလေသည်။
ဝမ်ရူကွေ့က အခြားဘယ်သူ့ကိုမှမမြင်ဘဲ ထုံရွှယ်လူဆီတည့်တည့်လျှောက်လာ၏။
“ဘယ်တုန်းကရောက်လာတာလဲ”
ထုံရွှယ်လူ: “ဟိုပါးစပ်အနံ့ဆိုးတဲ့မိန်းကလေး လဲကျနေကတည်းက”
ဝမ်ရူကွေ့ : "..."
လူတိုင်း: "..."
ထိုမိန်းကလေးက တကယ်ကိုသနားစရာကောင်းလိုက်တာဟု လူတိုင်းကခံစားမိသွားသည်။ပါမောက္ခဝမ်က သူ့ရှေ့မှာကို အာပုတ်စော်နံတယ်ဆိုပြီးပြောလိုက်တာ၊ သူမနေရာမှာ သူတို့သာဆိုရင် ရှက်လွန်းလို့ မြေကျင်းတစ်ကျင်းတူးပြီး ကိုယ့်ကိုကိုယ်မြုပ်လိုက်မိမှာဘဲ။
ချမ်ချိုက်ရှင်းက သူမလက်များကိုဖျစ်ညှစ်နေကာ သူမမျက်လုံးများက စိတ်ရှုပ်သည့်အရိပ်အယောင်ပေါ်နေ၏။
ချမ်ရုန်ရုန်က သူမ၏သွေးဝေးသည့်အမျိုးဖြစ်သည်။ သူတို့မိသားစုကဒုက္ခရောက်နေသဖြင့် သူမ(ချမ်ချိုက်ရှင်း)က ချမ်ရုန်ရုန်ကို အကျိုးအမြတ်များကမ်းလှမ်းလိုက်ပြီး ထိုအထဲတွင် ဘွဲ့ရပြီးပါက နိုင်ငံခြားရေးရာဌာနတွင်အလုပ်ရအောင်လုပ်ပေးမည်ဟုလည်းပါ၏။ ထိုအခါမှသာ ချမ်ရုန်ရုန်က ပါမောက္ခဝမ်ကိုမြူဆွယ်ရန်သဘောတူခဲ့သည်။
သူမနားမလည်သည်မှာ သူမကချမ်ရုန်ရုန်နှင့်အကြိမ်အနည်းငယ်တွေ့ဆုံဖူးကာ ပါးစပ်နံ့နံသည်ကိုမခံစားရပေ။ ဒီနေ့မှကြက်သွန်ဖြူစားခဲ့လို့များလား။
ဒီလောက်လွယ်ကူနေတာကို ကျရှုံးအောင်လုပ်တာ ဘယ်လိုအရူးလဲ။
ထုံရွှယ်လူက သူမနောက်မှအတန်းဖော်များကိုမိတ်ဆက်ပေးလိုက်သည်။
“သူတို့က ကျွန်မရဲ့အတန်းဖော်တွေလေ၊ ရှင်ကကျွန်မခင်ပွန်းလောင်းဆိုတာသိသွားတော့ လာပြီးနှုတ်ဆက်ချင်နေကြတာ”
ဝမ်ရူကွေ့ကခေါင်းညိတ်ပြလိုက်သည်။
“တွေ့ရတာဝမ်းသာပါတယ်၊ ရွှယ်လူကိုဂရုစိုက်ပေးလို့ကျေးဇူးပါဘဲ”
လူတိုင်းကသတိပြန်ဝင်လာကာ စိတ်လှုပ်ရှားပြီးမျက်နှာများကနီရဲလာသည်။
“မင်္ဂလာပါ ပါမောက္ခဝမ် ကျွန်မက ရှင့်ကို အရမ်းလေးစားနေခဲ့တာပါ”
“ကျွန်မလည်းအတူတူပါဘဲ ပါမောက္ခဝမ် နောက်ပိုင်းကျရင် ကျောင်းခေါင်းဆောင်တွေကိုပြောပြီး ကျွန်မတို့ဌာနမှာ သင်ခန်းစာပို့ချပေးပါလား”
“ဟုတ်ပါတယ် ကျွန်မတို့ ရူပဗေဒကို နားမလည်မှာကြောက်ရင် အခြားသင်ခန်းစာသင်လည်းရပါတယ်”
“အဲ့ဒါကအကြံကောင်းဘဲ၊ ပါမောက္ခဝမ်ကအရမ်းအရည်အချင်းရှိတာ သူစာသင်တာကို တစ်ခေါက်လောက်နားထောင်လိုက်ရရင် အရမ်းကိုအကျိုးကျေးဇူးဖြစ်လိမ့်မယ်”
ဝမ်ရူကွေ့က တည်ငြိမ်စွာငြင်းဆန်လိုက်သည်။
“ကျွန်တော်တောင်းပန်ပါတယ်၊ မင်းတို့ရဲ့တောင်းဆိုတာကိုမဖြည့်ဆည်းနိုင်မှာစိုးတယ်”
သူက သိပ္ပံအထူးပြုယူထားကာ ရူပဗေဒတွင်ထူးချွန်၏။ထို့ကြောင့် အခြားနယ်ပယ်တွင် သူလုပ်နိုင်တာမရှိပေ။ ထို့အပြင်ကျောင်း၏အရင်းမြစ်များသည် လျှောက်ချင်တိုင်းလျှောက်လို့ရသည်များမဟုတ်ပေ။ သူက ဤလျှောက်လွှာတင်ခြင်းကိုအလွယ်တကူလက်ခံလိုက်ပါက အနာဂတ်တွင်ရှုပ်ထွေးလာနိုင်သည်။
ဤအဖြေကိုကြားသောအခါ လူတိုင်းကအနည်းငယ်စိတ်ပျက်သွားသော်လည်း သူတို့ရင်ထဲတွင်နားလည်ကြသည်။
ဤအချိန်တွင် နားဝင်မချိုသောအသံထွက်လာ၏။
“ပါမောက္ခဝမ် ရှင်ကပေကျင်းတက္ကသိုလ်မှာ ဧည့်ပါမောက္ခဆိုတော့ ကျွန်မတို့ရဲ့ဆရာပါဘဲ၊ ရှင်ကဒီကျောင်းကကျောင်းသူနဲ့ ချစ်ကြိုက်နေတာ အများသိသွားရင် မကောင်းဖြစ်မသွားဘူးလား”
ထိုလူက လက်မလျှော့လိုသည့် ချမ်ချိုက်ရှင်းမှလွဲ၍ အခြားမဟုတ်ပေ။
ဝမ်ရူကွေ့က လူတိုင်းကိုတစ်ချက်ကြည့်လိုက်ပြီးမှ ချမ်ချိုက်ရှင်းအပေါ်အကြည့်ရောက်သွားသည်။
“ဒီကကျောင်းသူ ပထမဆုံးအနေနဲ့ ဧည့်ပါမောက္ခဆိုတာ ဆရာမဟုတ်ဘူး၊ ဒုတိယအချက်ကတော့ ငါကပေကျင်းတက္ကသိုလ်မှာ ဧည့်ပါမောက္ခလာမလုပ်ခင်ကတည်းက ငါ့ဇနီးလောင်းနဲ့စေ့စပ်ထားပြီးသား၊ ဒါကငါဒီတက္ကသိုလ်မှာစာလာသင်တာနောက်ဆုံးအကြိမ်ဘဲ ဒီနေ့ကစပြီး ပေကျင်းတက္ကသိုလ်ရဲ့ ဧည့်ပါမောက္ခမဟုတ်တော့ဘူး”
သူပြောပြီးပြီးချင်းပင် လူတိုင်းကပင့်သက်ရှိုက်လိုက်ကြသည်။
“ဘာကြီး ပါမောက္ခဝမ်က ငါတို့ကိုစာမသင်ပေးတော့ဘူးလား”
“ဝူးးးးးးးဝူးးးးးးး ပါမောက္ခဝမ်ရဲ့သင်ခန်းစာတွေကိုထပ်နားထောင်ဖို့ အခွင့်အရေးမရှိတော့ဘူးလား
“နှမြောစရာကောင်းလိုက်တာ ဒါကပေကျင်းတက္ကသိုလ်တစ်ခုလုံးရဲ့ ဆုံးရှူံးမှုဘဲ”
ချမ်ချိုက်ရှင်းလည်း လန့်သွားပေသည်။ သူမက ဤလှည့်ကွက်ကိုသုံးကာ ထုံရွှယ်လူအားနင်းချေချင်သော်ငြား ဤကဲ့သို့သတင်းကိုကြားလိုက်ရမည်ဟု မထင်ထားခဲ့ပေ။
အဆုံးတွင် သူမ၏အကြံအားလုံးရှူံးနိမ့်သွားကာ ထုံရွှယ်လူကိုရပ်တန့်အောင်မလုပ်နိုင်တော့ပေ။
ရုတ်တရက် သူမစိတ်ထဲတွင် အကြံတစ်ခုပေါ်လာပြီး ထုတ်ပြောလိုက်သည်။
“ကျွန်မကြားတာတော့ ပါမောက္ခဝမ် ပေကျင်းတက္ကသိုလ်မှာ စာလာသင်ပေးတာက သူ့ဇနီးလောင်းကြောင့်တဲ့၊ အခုပါမောက္ခဝမ်က ဧည့်ပါမောက္ခမဟုတ်တော့ဘူးဆိုတော့ အတန်းဖော်ထုံက ဘွဲ့ရတော့မှာမလို့လား”
ထိုစကားကိုကြားသောအခါ ထုံရွှယ်လူကမျက်မှောင်ကြုတ်လိုက်သည်။
Wanna eat octopus🐙:
ဝမ်ရူကွေ့ ပေကျင်းတက္ကသိုလ်တွင်စာလာသင်ပေးသည်မှာ သူမကြောင့်ဖြစ်သည်မှာ မှန်၏။သို့သော်ထိုအကြောင်းသာလူသိသွားပါက ဤနှစ်တွေအတွင်းဝမ်ရူကွေ့၏အောင်မြင်မှုများကို ဖျက်စီးလိုက်သလိုဖြစ်သွားရုံသာမက သူကအချစ်ရေးကိုအလွန်အရေးထားသည်ဟုလည်း ထင်သွားနိုင်သည်။
သူမပြန်မပြောနိုင်သေးခင်မှာပင် ဝမ်ရူကွေ့၏ဩရှရှအားကောင်းသောအသံထွက်လာ၏။
“ကျွန်တော်ဧည့်ပါမောက္ခမလုပ်တော့တာက ကျွန်တော့်ဇနီးလောင်းဘွဲ့ရတော့မှာမလို့မဟုတ်ပါဘူး ဘာကြောင့်လဲဆိုရင် ကျွန်တော်က စက်မှုပညာအဖွဲ့အစည်းရဲ့ ညွှန်ကြားရေးမှူးအဖြစ်ရာထူးတိုးသွားပြီး အနာဂတ်မှာအလုပ်တာဝန်တွေကြီးလာတော့မှာမလို့ပါ၊ ဒီကိစ္စကိုကျောင်းရဲ့တာဝန်ရှိသူတွေကိုပြောပြပြီးသားမလို့ ကျောင်းသူအနေနဲ့ စကားမပြောခင်နှစ်ခါလောက်စဉ်းစားပြီးမှပြောပါ”
"..."
ချမ်ချိုက်ရှင်း၏မျက်နှာက ဖြူတစ်လှည့်နီတစ်လှည့်ဖြစ်လာပြီး ဆိုးဆေးပေထားသလိုဖြစ်နေရာ အလွန်စိတ်လှုပ်ရှားစရာကောင်းလှသည်။
အခြားကျောင်းသားများကလည်း အံ့ဩသွားကြလေသည်။
“ဘုရားရေ ပါမောက္ခဝမ်ကအရမ်းအံ့ဩဖို့ကောင်းတာဘဲ အသက်ငယ်ငယ်လေးနဲ့ စက်မှုပညာအဖွဲ့အစည်းရဲ့ညွှန်ကြားရေးမှူးအဖြစ်ရာထူးတိုးခံလိုက်ရပြီ”
“ဟုတ်ပါ့ ငါကပါမောက္ခဝမ်ထက်နှစ်နှစ်သုံးနှစ်လောက်ဘဲငယ်တာပါ၊ ဒါပေမယ့်အခုထိဘာမှဖြစ်ဖြစ်မြောက်မြောက်မရှိသေးဘူး တကယ်ကိုအံ့ဩဖို့ကောင်းတာဘဲ ငါ့ကိုယ်ငါတောင်အရမ်းရှက်မိတယ်”
“လူအချင်းချင်းတောင်မှ ဒီလောက်ကွာခြားနေတာ အရမ်းမုန်းဖို့ကောင်းတာဘဲ၊ ဒါပေမယ့်ပါမောက္ခဝမ်က တစ်သန်းမှာတစ်ယောက်ဘဲရှိတဲ့ ဉာဏ်ကြီးရှင်မျိုး၊ အဲ့ဒါကြောင့် ငါတို့လိုသေမျိုးတွေက ကိုယ့်ကိုကိုယ်အရမ်းသိမ်ငယ်နေစရာမလိုပါဘူး”
“ပါမောက္ခဝမ်က စက်မှုပညာအဖွဲ့အစည်းရဲ့ညွှန်ကြားရေးမှူးဆိုတော့ ရွှယ်လူကအနာဂတ်မှာ ညွှန်ကြားရေးမှူးကတော်ဖြစ်တော့မှာပေါ့ ငါတော့အရမ်းတွေမနာလိုဖြစ်နေပါပြီနော်”
ထုံရွှယ်လူက ထိုအကြောင်းကိုသိလိုက်ရသောအခါ ထိတ်လန့်သွားသော်လည်း ထုတ်မပြလိုက်ပေ။
ဝမ်ရူကွေ့က လူတိုင်း၏ချီးကျူးမှုများကြောင့် မမြှောက်သွားပေ။သူက ထုံရွှယ်လူကိုညင်သာစွာကြည့်လာ၏။
“နောက်ထပ်အတန်းတက်စရာတွေရှိသေးလား ကိုယ်မင်းကိုပြောစရာရှိလို့”
ထုံရွှယ်လူကခေါင်းခါပြလိုက်သည်။
“မရှိတော့ပါဘူး၊ နေ့လယ်တောင်ရောက်တော့မှာ ကျွန်မဗိုက်ဆာလာပြီ”
သူက သဘာဝကျကျပင် သူမပုခုံးပေါ်မှကျောင်းလွယ်အိတ်ကိုယူပြီး ကျောင်းစာအုပ်များကိုလည်း သူဘဲကိုင်ထားလိုက်သည်။
“ဒါဆိုလည်း အခုဘဲနေ့လယ်စာသွားစားရအောင်”
ထုံရွှယ်လူက သူမအတန်းဖော်များကိုနှုတ်ဆက်ပြီးနောက် နှစ်ယောက်သားဘေးချင်းယှဉ်ကာ အတူတူထွက်သွားကြသည်။
လူတိုင်းကမနာလိုအားကျမှုများဖြင့် သူတို့၏နောက်ကျောကိုကြည့်လိုက်ကြသည်။
“နောက်ဆုံးတော့ နတ်သမီးပုံပြင်ထဲက စုံတွဲမျိုးကဘာလဲဆိုတာကို ငါဒီနေ့သိလိုက်ရပြီ၊ ပါမောက္ခဝမ်နဲ့ ရွှယ်လူက နတ်ဖက်တဲ့စုံတွဲဘဲ”
“သူတို့က အချင်းချင်းပြီးပြည့်စုံနေကြတာဘဲ၊ ငါက ပါမောက္ခဝမ်ရဲ့ဇနီးလောင်းဘယ်သူလဲဆိုတာမသိခင်တုန်းက အဲ့ဒီသူကပါမောက္ခဝမ်နဲ့ မထိုက်တန်ဘူးလို့တွေးထားခဲ့တာ၊ မထင်ထားမိဘူး အဲ့ဒါကရွှယ်လူဖြစ်နေတယ် အခုတော့ သူတို့နှစ်ယောက်အတွက် အခြားလိုက်ဖက်နိုင်တဲ့သူမရှိဘူးလို့ ငါခံစားမိသွားပြီ”
လူတိုင်းက မနာလိုအားကျပြီး ချီးကျူးနေကြရာ ဘေးတွင်နားထောင်နေရသည့် ချမ်ချိုက်ရှင်းက အလွန်ဒေါသထွက်ပြီး သွေးအန်မတတ်ဖြစ်သွားသည်။
သူမထွက်သွားတော့မည့်အချိန်တွင် တစ်စုံတစ်ယောက်က သတိထားမိသွားပြီး ချက်ချင်းပင် နှာခေါင်းရှူံ့လိုက်သည်။
“တစ်ချို့သူတွေများ သူတို့ကိုယ်သူတို့ကျိုးယွီလို့ထင်နေတာ တကယ်တော့ကျိုးယွီကိုသိက္ခာချနေတာဘဲ၊ အဲ့လိုကြံစည်တာကိုတွေးကြည့်လိုက်ရုံနဲ့တင် လူကိုနေမကောင်းဖြစ်စေတယ်’
ထိုရှူံ့ချသံကိုကြားသောအခါ လူတိုင်းကချမ်ချိုက်ရှင်းကိုကြည့်လာကြသည်။
“ဂျူနီယာညီမလေးချမ် မင်းကအတော်လေးတော်နေပါပြီ၊ ဘာလို့နေရာတိုင်းမှာ ရွှယ်လူကိုပစ်မှတ်လိုက်ထားနေတာလဲ၊ လူဆိုတာက အမြင်ကျယ်ကျယ်၊စိတ်ကိုမြင့်မြင့်ထားရတယ်၊ မဟုတ်ရင် ဘဝမှာကြီးမားတဲ့အောင်မြင်မှုတွေရယူဖို့ ခက်ခဲလိမ့်မယ်”
“ဟုတ်တယ် လူတိုင်းက ရွှယ်လူကိုပိုသဘောကျကြတာ မထူးဆန်းတော့ဘူး၊ ငါသာအဲ့လိုပစ်မှတ်ထားခံရမယ်ဆိုရင် ဒေါသထွက်လွန်းလို့ နေရာမှာဘဲ ပါးပိတ်ရိုက်လိုက်ပြီ၊ ရွှယ်လူကတကယ်ကိုကောင်းတဲ့မိန်းကလေးဘဲ’
“သူတို့ရဲ့ကိုယ်ကျင့်စရိုက်ကိုယှဉ်ကြည့်လိုက်ရင် တကယ်ဘဲကွာခြားလိုက်တာ”
ချမ်ချိုက်ရှင်း၏မျက်နှာက ဒေါသများဖြင့်ပြည့်နှက်လာသည်။
“ကျွန်မကို မဟုတ်တာတွေမပြောပါနဲ့၊ ကျွန်မကထုံရွှယ်လူကို ပစ်မှတ်မထားဘူး”
ထိုသို့ပြောကာ သူမကထွက်ပြေးသွားလေသည်။
လူတိုင်းက အထင်သေးမှုများဖြင့် သူမ၏နောက်ကျောကိုကြည့်လိုက်မိကြသည်။
**
ထုံရွှယ်လူနှင့် ဝမ်ရူကွေ့တို့သည် အပြင်ဘက်မှဆိုင်ငယ်လေးသို့သွားကာ ငါးပေါင်းတစ်ပွဲ၊ ဝက်နံရိုးပေါင်းတစ်ပွဲနှင့် ဂေါ်ဖီကြော်တစ်ပွဲမှာလိုက်သည်။
ဝမ်ရူကွေ့က တူများကို ရေနွေးဖြင့်ပိုးသတ်ပြီးမှ သူမကိုပေးလာ၏။
“မြန်မြန်စားတော့လေ ဗိုက်ဆာနေတာမဟုတ်ဘူးလား”
ထုံရွှယ်လူက တူကိုယူကာ သူ့ကိုကြည့်လိုက်သည်။
“ဒါရိုက်တာဝမ် ရှင်ရာထူးတိုးသွားတာ ကျွန်မလဲမသိရပါလား”
ဝမ်ရူကွေ့၏နားရွက်များကနီရဲလာသည်။
“မနေ့က ကိုယ်တို့ဖုန်းပြောနေတုန်း ခေါင်းဆောင်ကကိုယ့်ကိုခေါ်ပြီးပြောပြလာတာ၊ မင်းကိုတော့ လူချင်းတွေ့မှဘဲပြောပြဖို့စီစဉ်ထားခဲ့တာ”
မမျှော်လင့်ထားစွာဖြင့် တစ်စုံတစ်ယောက်ကသူ့ကိုပြသနာရှာလာကာ ထိုကိစ္စကိုလူသိရှင်ကြားပြောလိုက်ရသည်။
“ဒီတော့ အဲ့လိုကိုး”
ထုံရွှယ်လူက နံရိုးတစ်ပိုင်းကိုကိုက်ကာ မျက်စောင်းထိုးလိုက်သည်။
“ဒါဆိုရင် အဲ့မိန်းကလေးကရောဘာဖြစ်တာလဲ သူကတကယ်ဘဲပါးစပ်အနံ့ဆိုးတာလား”
ထုံရွှယ်လူ၏အမေးကိုကြားသောအခါ ဝမ်ရူကွေ့က နီရဲနေသောမျက်နှာဖြင့်ခေါင်းခါပြလိုက်သည်။
“မဟုတ်ဘူး ကိုယ်က သူမင်းကိုမကောင်းပြောနေတာမကြိုက်လို့ အဲ့လိုပြောလိုက်တာ”
ထိုမိန်းကလေးကအကျင့်မကောင်းပေ။ သူ့အကြောင်းမကောင်းပြောတာဆိုလျှင် လျစ်လျူရှုထားဦးမှာဖြစ်သည်။သို့သော် ထုံရွှယ်လူအားအပြစ်ပြောလာရာ သူသည်းမခံနိုင်သောကိစ္စပင်ဖြစ်သည်။
“ခစ်ခစ်ခစ်.....”
ထုံရွှယ်လူက ဝမ်ရူကွေ့သည်အမှားကိုအမှန်လုပ်ပြောလိမ့်မည်ဟု မထင်ထားခဲ့ပေ။
“ဒါရိုက်တာဝမ် ရှင်ကဆိုးလာပြီဘဲ”
ဝမ်ရူကွေ့က သူမကို စိတ်လှုပ်ရှားစွာကြည့်လာ၏။
“ရွှယ်လူ ကိုယ်အဲ့လိုလုပ်လိုက်တာက မကောင်းဘူးလို့မင်းထင်လား”
ခုနတုန်းကလူအများကြီးရှိနေရာ သေချာပေါက်သတင်းပြန့်သွားမှာဖြစ်သည်။ အနာဂတ်တွင် ထိုမိန်းကလေးက ပါးစပ်နံ့နံသည့်အမည်းစက်ကြီးရှိသွားမှာကို စိုးရိမ်မိပေသည်။
ထုံရွှယ်လူက သူ့ကိုငါးပေါင်းတစ်ဇွန်းခွံ့ကျွေးလိုက်သည်။
“ဒါကရှင့်အတွက်ဆုဘဲ ဒါရိုက်တာဝမ်လုပ်တာကောင်းတယ်”
ဝမ်ရူကွေ့က သူမ၏ပြုံးနေသောမျက်နှာကိုကြည့်ကာ စိတ်အေးသွားသည်။
“ဒါဆို ကိုယ်လုပ်တာမှားတယ်လို့ မင်းမထင်ဘူးပေါ့”
ထုံရွှယ်လူ :”ဒါရိုက်တာဝမ် လုပ်တာမှန်ပါတယ်၊ တကယ်လို့နောက်ပိုင်းမှာ တစ်ယောက်ယောက်က ရှင့်ကိုမြူဆွယ်ချင်လာရင် သူတို့က ပါးစပ်နံ့ဆိုးတယ်၊ ကိုယ်နံ့ဆိုးတယ်သာပြောလိုက် ဆက်ပြီးမြူဆွယ်ရဲဦးမလား ကြည့်ကြတာပေါ့”
ဝမ်ရူကွေ့: "..."
နေ့လယ်စာစားပြီးသောအခါ သူတို့ကကျောင်းဝင်းထဲ၌ လမ်းခနလျှောက်လိုက်သည်။
ထုံရွှယ်လူက အနားတွင်ဘယ်သူမှမရှိသည်ကို အခွင့်ကောင်းယူကာ ဝမ်ရူကွေ့၏ရင်အုပ်အား ပုတ်လိုက်လေသည်။
“ရှင်က ဒါရိုက်တာဖြစ်သွားပြီဆိုတော့ နောက်ပိုင်းမှာအလုပ်ပိုများလာတော့မှာလား”
ဝမ်ရူကွေ့က သူမ၏လိုက်ရှုပ်နေသောလက်လေးကိုယူကာ သူ့လက်ထဲထည့်လိုက်သည်။
“အစပိုင်းတော့ နည်းနည်းများမှာပေါ့၊ နောက်ပိုင်းရင်းနှီးသွားရင်တော့ ပိုအဆင်ပြေသွားမှာပါ”
ထုံရွှယ်လူက သူ့လက်ဖဝါးကိုထိကာပြောလိုက်သည်။
“ဘယ်လိုလုပ်ရပါ့၊ တကယ်လို့နောက်ပိုင်းမှာရှင့်ကိုမတွေ့ရရင် ကျွန်မတော့အရမ်းလွမ်းနေတော့မှာဘဲ ဒါရိုက်တာဝမ်”
ဒုတ် ဒုတ် ဒုတ်။
ထုံရွှယ်လူ စသည်ကို ရင်ဆိုင်လိုက်ရသောအခါ ဝမ်ရူကွေ့၏အဖြေက မိုးကြိုးပစ်သလို တဒုန်းဒုန်းဖြစ်နေသည့် ရင်ခုန်သံများသာဖြစ်သည်။
နွေလေရူးတိုက်လိုက်သောအခါ ကန်ထဲတွင်လှိုင်းကြက်ခွပ်လေးများကိုဖြစ်သွားစေပြီး ပုစဉ်းကောင်လေးကလည်း ကြာပန်းပေါ်တွင်နားနေ၏။
သူတို့က ရေကန်နားသို့ရောက်သောအခါ ဝမ်ရူကွေ့ကသူ့အိတ်ကပ်ထဲမှ လက်ကိုင်ပုဝါကိုထုတ်ပြီး ကျောက်တုံးထိုင်ခုံပေါ်တွင် ခင်းလိုက်သည်။
သူတစ်ယောက်တည်းအလုပ်ရှုပ်နေသည်ကိုကြည့်ကာ ထုံရွှယ်လူကပြုံးလိုက်မိသည်။
“ရှင်လည်းထိုင်လေ ကျွန်မရှင့်ကိုပြောစရာရှိတယ်”
ထို့နောက်သူမက ချန်ရှို့ယွင်တို့မိသားစု ပေကျင်းကိုပြောင်းလာသည့်အကြောင်းပြောပြလိုက်သည်။ဝမ်ရူကွေ့က သူမ၏လက်ချောင်းသွယ်များကို ဆော့ကစားနေ၏။
“ကိုယ်နားလည်ပါတယ် စိတ်မပူနဲ့ ကိုယ်သူ့ကိုတွေ့မှာမဟုတ်ဘူး”
ဤအဖြေက အလွန်ရှင်းလင်းလှသည်။
ထုံရွှယ်လူက မျက်မှောင်ကြုတ်လိုက်သည်။
“ရူကွေ့ အဲ့ဒီအမျိုးသမီးကိုရှင်ဘယ်လိုမြင်လဲ”
ဝမ်ရူကွေ့က ခနလောက်ငြိမ်သွားပြီးမှ ပြန်ဖြေလာသည်။
“ဘယ်လိုမှမမြင်ပါဘူး၊ သူက ကိုယ်မှတ်မိလောက်ကတည်းက ကိုယ့်အဖေနဲ့ကွာရှင်းပြီးသားလေ၊ နှစ်နှစ်ဆယ်ကျော်လောက် ဘာသတင်းမှမကြားခဲ့ရဘူး၊ အဖိုးကလည်း ဦးလေးဇုန်းသူ့အကြောင်းပြောတာကိုသဘောမကျတော့ ကိုယ်လည်းမပြောဖြစ်ဘူး”
သေချာပြီ။
သူတကယ်ဘဲ သူ့ကိုအကြမ်းဖက်ခဲ့တဲ့ချန်ရှို့ယွင်ကိုမေ့သွားတာ၊ ဒါမှမဟုတ် အဲ့ဒီမှတ်ဉာဏ်တွေကိုဖျောက်ပစ်လိုက်တာဘဲ။
တစ်နေ့တွင် ထိုကိစ္စများကိုပြန်တွေးမိအောင် လှုံ့ဆော်ခံလိုက်ရပါက သူ့ကိုထိခိုက်သွားစေမှာလား မသိနိုင်ပေ။
ထုံရွှယ်လူက သူ့ပုခုံးပေါ်တွင်မှီလိုက်သည်။
“ရူကွေ့ ကျွန်မအဲ့မိန်းမကိုသဘောမကျဘူး ကျွန်မတို့လက်ထပ်ရင် သူ့ကိုမဖိတ်ဘဲနေရအောင်လေ အဲ့လိုရလား”
ဝမ်ရူကွေ့က တည်ငြိမ်စွာပြန်ဖြေ၏။
“ရတယ်လေ ကိုယ်လည်းသူ့ကိုဖိတ်ဖို့မစဉ်းစားထားပါဘူး”
အမေဟူသောစကားလုံးသည် သူနှင့်မရင်းနှီးပေ။ပြီးခဲ့သည့်နှစ်နှစ်ဆယ်ကျော်တွင် ဗလာကြီးသာဖြစ်နေခဲ့၏။နောက်ပိုင်းတွင် ရှစ်မိသားစုက သူမအတွက်ခက်ခဲအောင်လုပ်ခဲ့ရာ သူ့ကိုအလွန်စိတ်ပျက်သွားစေ၏။
ဒီလိုအမေမျိုးကို ဘာလို့ဖိတ်ရမှာလဲ။