🍵Chapter 307
ချန်ရှို့ယွင်တစ်ယောက် ရှစ်ရှိုးနန် ခွေးတစ်ကောင်ထံမှ တွန်းလှဲခံလိုက်ရပြီး ခြေသလုံး သွေးစက်စက် ကျသည်အထိ ကိုက်ဖြဲခံလိုက်ရသည်ကို မြင်သောအခါ ထိတ်လန့်ဖြူလျော်သွားလေသည်။
ရုတ်တရက်ဆိုသလို သူမက အိမ်ထောင့်မှ တံမြက်စည်းကို ကောက်ကိုင်ကာ လမုန့်လေးကို ရိုက်ပစ်လိုက်သည်။
လမုန့်လေးမှာ ခေါင်းကို အရိုက်ခံလိုက်ရပြီးနောက် ရှစ်ရှိုးနန်၏ ခြေသလုံးမှာလည်း အသံကျယ်ကျယ်ဖြင့် ပြေလျော့သွားလေသည်။
"ဂရူး"
လမုန့်လေးက သူမကို လှမ်းဟောင်လိုက်ပြီး သူမကို ခုန်အုပ်ရန် ပြင်သည်။
ချန်ရှို့ယွင်က ကြောက်လန့်တကြားဖြင့် နောက်ပြန်ဆုတ်သွားပြီး သူ့နောက်မှ ရှောင်းမျန်မျန်အား တွေ့လိုက်ရချိန်တွင် သူမကို ကြက်ကလေး ငှက်ကလေးကဲ့သို့ အလောတကြီး ကောက်မလိုက်သည်။
လမုန့်လေးမှာ ရှောင်းမျန်မျန် အဖမ်းခံလိုက်ရသည်ကို တွေ့လိုက်ရသောအခါ ခုန်မဝင်ရဲတော့ပေ။
ရှောင်းမျန်မျန်၏ လည်ပင်းက ကော်လာရာများဖြင့် ရဲတွတ်လာပြီး ရုန်းကန်လျက်ဖြင့် အော်ငိုလေတော့သည်။
"အန်တီတို့ အားလုံး လူဆိုးကြီးတွေပဲ... သမီး ဘိုးဘိုးကို လာသတ်ခိုင်းမယ်"
ချန်ရှို့ယွင် သူမကို ချော့မော့လိုက်သည်။ "သမီးက မျန်မျန်မို့လား... အန်တီနဲ့ ဦးလေးက လူဆိုးတွေ မဟုတ်ပါဘူးကွယ်... မငိုနဲ့တော့နော်... ဟုတ်ပြီလား"
ရှောင်းမျန်မျန်က ငိုရလွန်း၍ မျက်လုံးများ နီရဲလာသည်။ "လိမ်နေတာ အန်တီတို့က လူဆိုးတွေ"
တံခါးနှင့် မီးဖိုချောင်းက အတော်လေး ကွာလှမ်းလှ၏။ ထုံရွှယ်လူမှာ လက်ရှိတွင် အိုးထဲသို့ ပိန်းဥပြားကြော်အချိုကို ကြော်လှော်နေခြင်း ဖြစ်သည်။ ယောင်းမဖြင့် လှော်နေသည့် အသံနှင့် အိုးအောက်ခြေမှ တရှဲရှဲ မီးသံတို့က အပြင်ဘက်မှ အသံများကို တားဆီးထားသလို ဖြစ်နေ၍ လမုန့်လေး၏ ဟောင်သံသဲ့သဲ့ကို ကြားလိုက်ရချိန်မှသာ တစ်ခုခု မှားနေကြာင်း သဘောပေါက်သွားလေသည်။
သူမက ယောင်းမနှင့် ဒယ်အိုးကို ကောက်ယူကာ ပြေးထွက်လာခဲ့သည်။
အိမ်ရှေ့သို့ ရောက်လာသောအခါ ရှောင်းမျန်မျန်က ချန်ရှို့ယွင်ထံမှ အဆွဲခံထားရပြီး မျက်နှာများ နီလာသည်အထိ ငိုကြွေးနေသည်ကို မြင်သောအခါ ခေါင်းတစ်ခုလုံး ချာချာလည်သွားသည်။
ချန်ရှို့ယွင် သူမကို တွေ့သောအခါ ရန်သူအကြီးစားနှင့် ရင်ဆိုင်နေရသည့်အလား ခံစားလိုက်ရပြီး ရှောင်မျန်မျန်ကို သူမဘက်သို့ ပိုပို၍ ဆွဲယူလိုက်လေသည်။
"ရွှယ်လူ အထင်မလွဲနဲ့နော်... နင်ထင်နေသလို မဟုတ်ဘူး... ငါတို့က နင်နဲ့ ရူကွေ့ဆီ လာလည်ရုံလေးပါ... ရုတ်တရက်ကြီး ခွေးရူးတစ်ကောင်က လူတွေကို ရူးရူးနှမ်းနှမ်း လိုက်ကိုက်နေလို့ သူ့ကို ကိုက်မိမှာစိုးလို့ ထိန်းပေးထားရုံလေး"
ရှောင်းမျန်မျန်က စကားပြောချင်နေသော်လည်း ချန်ရှို့ယွင်က သူမ၏ ပါးစပ်ကို အုပ်ထားသဖြင့် မျက်ရည်များသာ တစ်လုံးပြီး တစ်လုံး ကျဆင်းနေလေရာ ထုံရွှယ်လူကို များစွာ စိတ်သောက ရောက်သွားစေသည်။
"ဒီကို ပြဿနာ လာရှာတာ မဟုတ်ရင် အခုချက်ချင်း လွှတ်ပေးလိုက်"
ချန်ရှို့ယွင် ခေါင်းယမ်းပြလိုက်သည်။
"ရွှယ်လူ... နင် ခွေးရူးကို မြန်မြန် ချည်လိုက်ဦး... ခွေးကို ချည်ပေးရင် လွှတ်ပေးမယ်"
လမုန့်လေးက ဆက်ပြီး မခုန်အုပ်တော့သော်လည်း သူက ရှစ်ရှိုးနန်၏ ခြေလှမ်းတိုင်းကို အဆက်မပြတ် တားဆီးထားသည်။ ရှစ်ရှိုးနန်သာ လှုပ်ရှားရဲပါက သူသည်လည်း ချက်ချင်းခုန်အုပ်ကာ ကိုက်ပစ်ရန် အသင့်ပြင်ထားသည်။
ထုံရွှယ်လူက ရှောင်းမျန်မျန်ကို ကြည့်ကာ နှစ်သိမ့်ပေးလိုက်သည်။ "မျန်မျန်...မငိုနဲ့နော်... မမရှိတယ်... မကြောက်နဲ့"
ရှောင်းမျန်မျန်က သူမ အစ်မ၏ စကားကို ကြားသောအခါ ရုန်းကန်နေခြင်းကို ရပ်လိုက်သော်လည်း မျက်ရည်များက ကျဆင်းနေဆဲဖြစ်သည်။
ထုံရွှယ်လူက ရှောင်းမျန်မျန်ကို နှစ်သိမ့်ပေးနေရင်း လမုန့်လေးကို အော်ခေါ်လိုက်သည်။ "လမုန့်လေး ဒီကိုလာ"
လမုန့်လေးက တစ်ခဏမျှ တုံ့ဆိုင်းသွားသော်ငြား အဆုံးတွင် ရှစ်ရှိုးနန်ကို လက်လွှတ်ကာ ပြန်ပြေးလာခဲ့သည်။
ထုံရွှယ်လူက ကော်ရစ်ဒါတစ်ဖက်မှ ကြိုးတစ်ချောင်း ရှာလိုက်ပြီး ချန်ရှိုးယွင်ကို ကြည့်ကာ ပြောလိုက်သည်။ "ခွေးကို ချည်လိုက်မယ်... ရှင် မျန်မျန်ကို လွှတ်ပေးပြီး စကားပြောတာ ကောင်းမယ်"
ချန်ရှို့ယွင်က ထိုစကားကို ခပ်ပေါ့ပေါ့ မမှတ်ယူလိုက်ပေ။ အဆုံးတွင် သူမက ထုံရွှယ်လူ၏ လက်ထဲ၌ အသေအလဲ ခံစားခဲ့ရသည်ပင်။
"ငါ့ကို အရူးလာမလုပ်နဲ့...ခွေးကို တင်းတင်းချည်ထား"
ရှစ်ရှိုးနန်၏ ခြေသလုံး၌ သွေးများ တစိမ့်စိမ့်ထွက်နေပြီး နာကျင်မှုကြောင့် မျက်နှာတစ်ခုလုံး ရှုံ့တွနေလေသည်။ "ချည်ထားပြီးရင် ဒီလိုတိရစ္တာန်မျိုးကို သတ်စားမှပဲ ဖြစ်မယ်"
"ဝုတ်"
လမုန့်လေးက ရှစ်ရှိုးနန်၏ စကားလုံးများကို နားလည်နေသဖြင့် သွားများ ဖြဲပြကာ ဟိန်းဟောက်လာသည်။
ထုံရွှယ်လူက သူတို့အား အေးတိအေးစက် ကြည့်လိုက်သည်။
"ကျွန်မ သေသေချာချာ ချည်ပေးမယ်... ဒါပေမယ့် ရှင်တို့ကို သတိပေးထားမယ်နော်... ရှင်က ဗိုလ်မှူးတစ်ယောက်ရဲ့မြေးကို ဖမ်းထားတာ... ချန်ရှို့ယွင် ရှင်လူကို ပြန်ပေးဆွဲဖို့ စိတ်မကူးတာ ကောင်းမယ်... မဟုတ်ရင် မနက်ဖြန်ကျရင် ရှင်အသက်မရှိတော့မှာ စိုးရတယ်"
အဘိုးက အလုပ်သွားနေပြီး အဘိုးဝမ်နှင့် ဦးလေးဇုန်းတို့က မနက်ပိုင်းလေ့ကျင့်ခန်းလုပ်ရန် ပန်းခြံသို့ သွားနေကြကာ ရှောင်းကျားမင်နှင့် ထုံကျားရှင်းတို့ကလည်း ကျောင်းတွင်းလှုပ်ရှားမှုများ လုပ်ဆောင်ရန် သွားကြသဖြင့် သူမနှင့် ရှောင်းမျန်မျန်တို့သာ အိမ်မှာ ကျန်ရစ်နေခဲ့သည်။
ယခုလက်ရှိတွင် အရေးအကြီးဆုံးမှာ ဖက်ထုပ်လေး၏ လုံခြုံရေးသာ ဖြစ်ရာ ကျန်သည့်ကိစ္စများကို နောက်ပိုင်းမှသာ ဆွေးနွေးရပေတော့မည်။
ချန်ရှို့ယွင်က သူမ၏ ခေါင်းကို ယမ်းကာ နှုတ်ခမ်းကိုက်လိုက်သည်။
"မပူပါနဲ့... ငါတို့က နင့်ဆီ လာလည်ရုံပဲ... ပြဿနာရှာဖို့ လာတာ မဟုတ်ဘူး... ခွေးကို မြန်မြန် ချည်လိုက်ဦး"
ချန်ရှို့ယွင်သည်လည်း ထိုအခိုက်တွင် နောင်တများစွာ ရမိပါ၏။ ရှစ်ရှိုးနန်မှာ အားကိုး၍ ရနိုင်သူ မဟုတ်ကြောင်း သိထားလျက်နှင့် သူ့ကိုပါ လာခွင့်မပြုလိုက်သင့်ပေ။ ကိစ္စများက ထိုသို့ ဖြစ်လာလေရာ အဆုံးတွင် ခက်ခဲသွားမည်ကို စိုးရိမ်ရပေသည်။
ထုံရွှယ်လူ သူမကို တစ်ချက်ကြည့်လိုက်ပြီး ပြန်လှည့်ကာ လမုန့်လေးကို ချည်တော့မည်အပြုတွင် တံခါးဝ၌ ဝေ့ကျူးကျူး၏ နှစ်လိုဖွယ်ရာအသံလေး ထွက်ပေါ်လာလေသည်။
"မမရွှယ်လူရေ မျန်မျန်ရေ... သမီး မနက်စာ လာစားတာ"
ဝေ့ကျူးကျုး ဝင်လာပြီးနောက် ကြက်သေသေသွားသည်။ "မမရွှယ်လူ... ဘာတွေ ဖြစ်နေတာလဲ"
ထုံရွှယ်လူ တည်ငြိမ်စွာ ပြောလိုက်သည်။
"အိမ်ကို ဆွေမျိုးတွေ လာကြတာလေ... လမုန့်လေးက လူတွေကို မမှတ်မိတော့ မတော်တဆ ကိုက်မိသွားတာ... မကြောက်နဲ့နော်... ခဏလောက် ဘေးမှာ ထိုင်နေဦး"
ဝေ့ကျူးကျူး: "မမရွှယ်လူ... သမီးအိမ်ပြန်ပြီး ဘိုးဘိုးကို သွားခေါ်လိုက်ရမလား"
ထုံရွှယ်လူ အလျင်စလို ပြောလိုက်သည်။ "ရတယ်... ခဏနေကျမှ မမ သူတို့ကို ဆေးရုံခေါ်သွားပေးလိုက်မယ်"
ချန်ရှို့ယွင်မှာ ထုံရွှယ်လူဘက်က သူမကို အသိအကျွမ်းဟု ပြောလာပြီး ဝေ့ကျူးကျူးကလည်း ဆယ်ကျော်သက်အရွယ်သာ ရှိသေးသည်ကို တွေ့လိုက်ရသဖြင့် ရှစ်ရှိုးနန်အား သူမကို ဖမ်းထားလိုက်ရန် မပြောခဲ့ပေ။
သူမက နိုးနိုးကြားကြား ဖြစ်နေသော အသိစိတ်ကို ဖြေလျော့မိလိုက်သည့် အချိန်မှာပင် ထုံရွှယ်လူက ရုတ်တရက် လက်ထဲမှ ကြိုးကို ဖြေပေးလိုက်ပြီး အေးတိအေးစက် အော်လိုက်သည်။
"ပဲပေါက်လေး... အဲ့ဒီမိန်းမရဲ့ ဖင်ကိုကိုက်... လမုန့်လေး သွားတော့"
ချန်ရှို့ယွင်: ? ? ?
နောက်ကျသွားလေပြီဟု ဆိုရမည့်အချိန်တွင် ပဲပင်ပေါက်လေး၏ ပုံရိပ်လေးက တံခါးဝမှ လှစ်ကနဲ ပြေးလာပြီး ချန်ရှို့ယွင်ထံသို့ အပြေးဝင်လုံးလာသည်။ သူမ ပြန်မတုံ့ပြန်လာခင်မှာပင် ပဲပင်ပေါက်လေးက သူမ၏ ပါးစပ်ကို ဟကာ အားရပါးရကိုက်ခဲလာခဲ့သည်။
"အား..."
ချန်ရှို့ယွင်၏ တင်ပါးကို ပဲပင်ပေါက်လေးက ကိုက်လိုက်သဖြင့် သူမ၏ မျက်နှာတစ်ခုလုံး ရှုံ့တွသွားပြီး ခွေးကို ခြောက်လှန့်ရန်အတွက် ရှောင်းမျန်မျန်ကို အမှတ်တမဲ့ လက်လွှတ်ပေးလိုက်မိသွားသည်။
တစ်ချိန်တည်းမှာပင် လမုန့်လေးက တစ်ဟုန်ထိုး ပြေးလာပြီး ပြန်ထရန် ကြိုးစားနေသည့် ရှစ်ရှိုးနန်ကို ကိုက်ခဲလိုက်သည်။
"အား..."
ထိုယောကျ်ားနှင့် မိန်းမတို့မှာ အိမ်ဝင်းထဲတွင် သံပြိုင်အော်ဟစ်လိုက်ကြလေသည်။
ရှောင်းမျန်မျန်က ထိုအခွင့်အရေးကို ယူကာ ချန်ရှို့ယွင်၏ လက်ထဲမှ ရုန်းထွက်လိုက်ပြီး ငိုရင်းဖြင့် ပြေးလာခဲ့သည်။
ထုံရွှယ်လူက ဘေးနားမှ ယောက်မကို ကောက်ယူကာ ပြေးလာခဲ့သည်။
"ကျူးကျုးရေ... မမကို ကူပြီး မျန်မျန့်ကို တွဲပေးထားပါဦး"
ဝေ့ကျူးကျူးက ထိုအပြောင်းအလဲများကြောင့် လွန်စွာ အံ့အားသင့်သွားပြီး ပါးစပ်ကိုပင် မပိတ်နိုင်တော့ပေ။ ကံအားလျော်စွာဖြင့် ကလေးမလေးက ဥာဏ်ရှိရှိ တုန့်ပြန်နိူင်ခဲ့ပြီး မျက်ရည်အပြည့်ဖြစ်နေသည့် ရှောင်းမျန်မျန်ကို သွားရောက်ဆွဲခေါ်လိုက်သည်။ "သွားစို့... ငါ့အဘိုးနဲ့ အဘွားကို သွားခေါ်ကြမယ်"
ရှောင်းမျန်မျန်က အစ်မဖြစ်သူကို စိုးရိမ်နေသဖြင့် ထွက်မသွားချင်ပေ။
ထုံရွှယ်လူက နောက်ထပ်အခိုက်အတန့်တွင် ချန်ရှို့ယွင်ကို ရှင်းလင်းတော့မည်ဖြစ်၍ နောက်လာမည့် မြင်ကွင်းများကို ကလေးမလေးနှစ်ယောက် မမြင်သွားစေချင်ခဲ့ပေ။
သူမက ဖက်ထုပ်လေးဆီသို့ သွားကာ ဖက်လိုက်ပြီးနောက် မျက်ရည်များကို သုတ်ပေးကာ ပြောလိုက်သည်။ "မျန်မျန်... ဒီမှာ လမုန့်လေးနဲ့ ပဲပင်ပေါက်လေးတို့ ရှိနေတာပဲ.... သူတို့တွေ မမကို ထိခိုက်အောင် လုပ်လို့မရဘူး... မမကျူးကျူးနဲ့ လိုက်သွားပြီး လူကြီးတွေကို လာပေးဖို့ ပြောလိုက်နော်"
ရှောင်းမျန်မျန်၏ မျက်တောင်ရှည်များထက်၌ မျက်ရည်ဥကြီးများ တွဲလွဲခိုနေဆဲ ဖြစ်သည်။ "ဟုတ်... မမကျူးကျုူးနဲ့ အတူတူသွားပြီး လူကြီးတွေကို သွားခေါ်လိုက်မယ်နော်"
ကလေးမလေး နှစ်ယောက် ထွက်သွားသောအခါ ထုံရွှယ်လူက မီးဖိုချောင်ထဲသို့ ပြန်ဝင်သွားပြီး ပန်းကန်လုံးနှစ်ခုကို ယူလာ၍ ပစ်ပေါက်ခွဲလိုက်ရာ မြေပေါ်တွင် အပိုင်းပိုင်းအစစ ကွဲကြေသွားခဲ့လေသည်။ ထို့နောက် ပဲပင်ပေါက်လေး ကိုက်ခံထားရဆဲ ဖြစ်သည့် ချန်ရှို့ယွင်၏ အနောက်သို့ သွားကာ ဒူးဆစ်ကို ကန်ချလိုက်သည်။
ချန်ရှို့ယွင်၏ ခြေထောက်များ ပျော့ခွေသွားပြီး ပန်းကန်ကွဲများပေါ်တွင် ဒူးထောက်ကျသွားလေသည်။
ဒူးထက်တွင် စူးရှနာကျင်သွားပြီး ထိုနာကျင်မှုက ချန်ရှို့ယွင်ကို အသက်ရှူမှားသွားစေသည်။
"ထုံရွှယ်လူ... ငါက နင့်ယောက္ခမ ဖြစ်လာမဲ့သူနော်... ငါ့ကို ဒီလိုဆက်ဆံရင် မိုးကြိုးပစ်မှာ မကြောက်ဘူးလား"
ထုံရွှယ်လူက သူမ မထနိုင်စေရန် သူမ၏ ပုခုံးကို ဖိချလိုက်သည်။
"အဲ့ဒီအချိန်တုန်းက... ရူကွေ့က လေးနှစ်ပဲ ရှိသေးတာ... ရှင်တောင် မိုးကြိုးပစ်ခံရမှာ မကြောက်ဘဲ ကိုယ့်သားအရင်းကို နှိပ်စက်ခဲ့သေးတာပဲ... ကျွန်မက ဘာလို့ ကြောက်ရမှာလဲ"
ချန်ရှို့ယွင်က သူမကို မီးဝင်းဝင်းတောက်မတတ် စိုက်ကြည့်လိုက်သည်။
"..."
ထုံရွှယ်လူက သူမ၏ ပုခုံးကို အားသုံး၍ ဖိထားဆဲ ဖြစ်သည်။ "နာတယ်မလား... ရူကွေ့တုန်းက ရှင့်ထက် အဆတစ်ရာလောက် ပိုနာခဲ့ရတာနော်"
ကလေးများ၏ အသားအရည်မှာ အနူးညံ့ဆုံးဖြစ်ပြီး ရူကွေ့က လေးနှစ်သားအရွယ်လေးမှာပင် လူမဆန်သော နှိပ်စက်မှုများကို ခံစားခဲ့ရရှာသည်။ ထိုအကြောင်းကို တွေးလိုက်တိုင်း စိတ်သောက ရောက်ရသည်။
ထို့အပြင် သူ့ကို နှိပ်စက်သူမှာ မိခင်အရင်းဖြစ်ပြီး စိတ်ဝိဥာဏ်ကို စိစိညက်ညက်ကြေအောင် ဖိနင်းခဲ့သည့် နည်းလမ်းများဖြင့် နှလုံးသားကို ပို၍ နှိပ်စက်ခဲ့သည်။
သူမက အခု ဒါကို လုပ်လိုက်တယ်... ဒါပေမယ့် ချန်ရှို့ယွင်လည်း သူ့နည်းလမ်းနဲ့သူ ပြန်ခံစားရတာပဲမလား...
အိမ်ဝင်းထဲတွင် အော်သံများ ကြားရသဖြင့် ရှန်ဝမ်ရုန် သူမ၏ မြေး ဝေ့ရန်ကို ခေါ်ကာ ရောက်လာခဲ့ချိန်တွင် ထိုမြင်ကွင်းကို တွေ့လိုက်ရသောအခါ ထိတ်လန့်သွားလေသည်။
အသိ ပြန်ဝင်လာသောအခါ ရှန်ဝမ်ရုန် အပြေးအလွှား မေးလိုက်သည်။
"ရွှယ်လူ ဒါက ဘာဖြစ်နေတာလဲ"
ထုံရွှယ်လူ: "ဘွားဘွားရှန်... ဒီလူနှစ်ယောက်က အိမ်ထဲကို ခိုးဝင်လာကြတာ... ကြိုးနှစ်ချောင်းလောက် သွားယူပေးလို့ ရမလား... သူတို့ကို ချည်ထားမလို့"
ချန်ရှို့ယွင်က နာကျင်ထိတ်လန့်နေပြီး စိုးရိမ်တကြီး ပြောလိုက်သည်။
"ထုံရွှယ်လူ... နင်ငါတို့ကို ဘာလုပ်ချင်နေတာလဲ... ငါတို့ကို ပြည်သူ့လုံခြုံရေးဗျူရိုကို ပို့မလို့လား... ငါနင့်ကို နှစ်ခါပြန်စဥ်းစားဖို့ အကြံပေးမယ်နော်"
ရှန်ဝမ်ရုန်က ဝေ့ရန်ကို ကြိုးသွားရှာခိုင်းလိုက်ပြီးနောက် ချန်ရှို့ယွင်ထံသို့ လျှောက်သွားကာ ပါးရိုက်ချလိုက်သည်။
"အိမ်ထဲကို ခိုးဝင်ခဲ့တာတောင် ရွှယ်လူကို ဘယ်လိုမျက်နှာနဲ့ ရဲမခေါ်ဖို့ ဖြောင်းဖျရဲနေရသေးတာလဲ"
သူမက ယခုလေးတင်ကပင် ရှောင်းမျန်မျန်လေးတစ်ယောက် မျက်နှာများ နီရဲလာသည်အထိ ငိုကြွေးနေသည်ကို တွေ့ခဲ့ရသဖြင့် နှလုံးရောဂါ ရလုနီးပါး ထိတ်လန့်သွားခဲ့သည်။
ချန်ရှို့ယွင်က မျက်ရည်များ တလိမ့်လိမ့် ကျဆင်းလာသည်။
"အစ်မကြီးရယ်... နားလည်မှုလွဲနေတာပါ... ကျွန်မက ရူကွေ့ရဲ့ အမေရင်းပါ... ကျွန်မကို ကျွန်မရဲ့ ကလေးနဲ့ နှစ်နှစ်ဆယ်လောက် ခွဲထားခဲ့ကြတာ... သူ လက်ထပ်တော့မယ်ကြားလို့ လာကြည့်တာပါရှင်... သူခိုးမဟုတ်ရပါဘူး... ယုံပါ"
ရှန်းဝမ်ရုန် ကြက်သေသေသွားလေသည်။ သူမက ရူကွေ့ရဲအမေရင်းတဲ့လား...
သူမက ဝမ်မိသားစုအကြောင်း သိပ်မသိပေ။ ဝမ်ရူကွေ့၏ မိခင်က စောစော ကွာရှင်းသွားသည်ဟူသည့် အကြောင်းမှလွဲ၍ ကွာရှင်းရသည့် အကြောင်းအရင်း အတိအကျကိုလည်း မသိခဲ့ပေ။
သားသမီးဝတ်ကျေပွန်သည်ဟူသော စကားလုံးကို အရင်တွေးကြည့်ပါက သူမသည်သာ မိခင်ရင်းဖြစ်ခဲ့လျှင် ရွှယ်လူ သူမကို ထိုကဲ့သို့ ဆက်ဆံလိုက်ပါက ထိုအကြောင်း အပြင်မှာ ပျံ့သွားခဲ့လျှင် သူမ၏ ဂုဏ်သတင်းကို ထိခိုက်နိုင်ပေသည်။
ရှန်ဝမ်ရုန် ရုတ်တရက် မည်ကဲ့သို့ လုပ်ရမည်ကို မသိတော့သဖြင့် ထုံရွှယ်လူကို လှမ်းကြည့်လိုက်သည်။
ထုံရွှယ်လူက ဤတစ်ကြိမ်တွင်လည်း ချန်ရှို့ယွင်တစ်ယောက် ကြာပန်းဖြူနည်းလမ်းများကို ထုတ်သုံးလာဦးမည်ဟု မထင်ထားသဖြင့် သူမကို ဆက်ပြီး ရပ်မကြည့်နိုင်တော့ပေ။
"အဲ့ဒီအမှိုက်ကောင်တွေကို အတူတူ တွဲချည်ရအောင်"
ချန်ရှို့ယွင်: "..."
ဝေ့ရန်က ကြိုးတစ်ချောင်း ယူလာပြီး ရှစ်ရှိုးနန်ကို ချည်လိုက်သည်။ ရှန်းဝမ်ရုန်နှင့် ထုံရွှယ်လူတို့က အတူတကွ ပူးပေါင်းကာ ချန်ရှို့ယွင်ကို ချည်တုပ်ထားလိုက်ကြသည်။
အဝတ်စုတ်တစ်ခုကိုလည်း သူတို့၏ ပါးစပ်ထဲတွင် ဆို့ပေးထားလိုက်သဖြင့် စကားပြောနိုင်ကြမည် မဟုတ်ပေ။
ရှန်ဝမ်ရုန်က လူနှစ်ယောက်ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။ "ရွှယ်လူ... အခု ဘယ်လိုလုပ်ကြမလဲ... ပြည်သူ့လုံခြုံရေးဗျူရိုကို သွားတိုင်ကြမလား... ဒါမှမဟုတ် သမီးရဲ့ မိသားစုကို ပြန်လာဖို့ အကြောင်းကြားကြမလား"
ထုံရွှယ်လူက တစ်ခဏမျှ တွေးတောကြည့်ပြီးနောက် ဆိုသည်။ "ဘွားဘွားရှန်... ကျွန်မမှာ အကြံတစ်ခု ရှိတယ်"
"ဘယ်လိုလဲ"
ထုံရွှယ်လူက သူမအနားသို့ ကိုင်းကာ စကားအချို့ တီးတိုးပြောလိုက်သည်။
ရှန်ဝမ်ရုန်၏ မျက်နှာထက် ထိတ်လန့်သွားသည့် အမူအယာတစ်ခု ရှိနေပြီး မျက်ခုံးများလည်း စုကြုံ့သွားသည်။ "ဒါ... ဒါမကောင်းလောက်ဘူးမလား"
ထုံရွှယ်လူ: "အဲ့ဒါအပြင် အခြားနည်းလမ်း မစဥ်းစားတတ်တော့ဘူး"