🍵Chapter 308
ချန်ရှို့ယွင်နှင့် ရှစ်ရှိုးနန်တို့မှာ အိမ်ထဲသို့ ခိုးဝင်ခဲ့သော်ငြား အစိုးရဘက်မှ ထိုအပြုအမူအတွက် ရှင်းလင်းသည့် ပြစ်ဒဏ်မရှိပေ။ ထို့အပြင် ချန်ရှို့ယွင်က ရူကွေ့၏ မွေးမိခင် ဖြစ်နေသေးသည်။ သူမသာ ဆွေမျိုးတစ်ယောက်ဟု ပြောနေသရွေ့ ဆွေမျိုးတစ်ယောက်သာ ဖြစ်နေသေးသည်။ ခွင့်ပြုချက်မရဘဲ အိမ်ထဲသို့ ခိုးဝင်ရန် မဖြစ်နိုင်ပေ။
ရှောင်းမျန်မျန်ကို တိုက်ခိုက်သည့် ကိစ္စမှာလည်း ရှောင်းမျန်မျန်၏ ကိုယ်ပေါ်မှ ဒဏ်ရာများမှာ ထိုနှစ်ယောက်လောက် မပြင်းထန်လှပေ။ သူတို့လက်ထဲမှ အဆက်အသွယ်များအားလုံး သုံးလျှင်ပင် အများဆုံး ဆယ်ရက်သာ အချုပ်ကျမည် ဖြစ်သည်။
သို့သော်လည်း သူမတို့ဘက်တွင် ဆိုးကျိုးများစွာ ရှိလာနိုင်သည်။
ချန်ရှို့ယွင်သာ ဝမ်ရူကွေ့၏ အမေဟူသော အထောက်အထား ပေါ်သွားပါက သူမနှင့် ဝမ်ရူကွေ့တို့ နှစ်ယောက်လုံး၏ ဂုဏ်သတင်း ဆိုးရွားသွားနိုင်သည်။ အထူးသဖြင့် သူမအတွက် ဘွဲ့မရနိုင်လောက်သည်အထိ ဖြစ်သွားနိူင်သည်။
ချန်ရှို့ယွင်အတွက် လမ်းခင်းပေးသလို ဖြစ်မသွားဘူးလား...
ထိုစဥ်ကလည်း ဝမ်မိသားစုဘက်က ဘာကိုမှ မလုပ်ခဲ့သဖြင့် ယခုတွင်လည်း သူမ လုပ်နိုင်မည် မဟုတ်ပေ။ သူမသာ ထိုသို့ လုပ်လိုက်ပါက ရန်သူတစ်ထောင်ကို သတ်မိနိုင်ရန်အတွက် သူမဘက်က လူရှစ်ရာ အန္တရာယ် ကျသွားနိုင်သည်။
ထို့အပြင် နှစ်ပေါင်းများစွာ ကုန်လွန်သွားပြီ ဖြစ်၍ ယခုမှ ထုတ်ပြောလိုက်ပါက ချန်ရှို့ယွင်အတွက် လမ်းခင်းပေးရုံသာ ဖြစ်မည်။ အလွန် နောက်ကျသွားလေပြီ ဖြစ်၍ သူတို့ကို အသရေဖျက် အပုပ်ချသည်ဟု ဆိုကာ အလွယ်တကူ အကိုက်ခံရနိုင်သည်။
သူတို့သာ ရဲမခေါ်ဘဲ ချန်ရှို့ယွင်နှင့် ရှစ်ရှိုးနန်တို့နှင့်အတူ ရှင်သန်လိုပါက တစ်ခုတည်းသော နည်းလမ်းမှာ...
နာရီဝက်အကြာ အခန်းထဲမှ "ချပ်ချပ်ချပ်" ဟူသော ကင်မရာရိုက်သံများ ထွက်ပေါ်လာသည်။
ထိုအခိုက် ချန်ရှို့ယွင်က ရင်ပြတ်အင်္ကျီလေး တစ်ခုသာ ဝတ်ထားပြီး အတွင်းခံသာ ဝတ်ထားသည့် ရှစ်ရှိုးနန်၏ ရင်ခွင်ထဲတွင် မျက်လုံးများ မှိတ်ထားသည်။ ထုံရွှယ်လူက ရိုက်ချက်ထောင့်များစွာ ရွေးချယ်ခဲ့ပြီး ချန်ရှို့ယွင်၏ မျက်နှာကိုသာ အသားပေးထားကာ ရှစ်ရှိုးနန်၏ မျက်နှာကို တမင်သက်သက် မရိုက်ခဲ့ပေ။
ရှန်ဝမ်ရုန်က ထုံရွှယ်လူတစ်ယောက် ထိုလူနှစ်ယောက်အား တည်တည်ငြိမ်ငြိမ် ဓါတ်ပုံရိုက်နေသည်ကို ကြည့်နေပြီး သူမ၏ အဘွားကြီးမျက်နှာမှာ သွေးများပေါက်ထွက်လုနီးပါး ပူနွေးနေခဲ့သည်။
ဓါတ်ပုံအချို့ ရိုက်ပြီးနောက် ထုံရွှယ်လူက ကင်မရာကို ဘေးပို့ကာ ပြောလိုက်သည်။ "ဘွားဘွားရှန် ကျွန်မကို လာကူပေးပါဦး"
ထိုစကားကို ကြားသောအခါ ရှန်ဝမ်ရုန်က အလောတကြီး ရှေ့တိုးလာပြီး ထုံရွှယ်လူကို ကူ၍ ချန်ရှို့ယွင်ကို အပေါ်ဝတ်အင်္ကျီ ဝတ်ပေးလိုက်ပြီး ဘောင်းဘီချွတ်ကာ အတွင်းခံသာ ချန်ထားလိုက်ပြီး မျက်နှာကို ဖုံးထားရန်အတွက် ဆံပင်ချည်ပေးလိုက်သည်။
ချန်ရှို့ယွင် ဝတ်ထားသော အဝတ်များမှာ သူမ အဝတ်များ မဟုတ်ဘဲ ထုံရွှယ်လူ၏ အဝတ်များ ဖြစ်သည်။ ချန်ရှို့ယွင်မှာ အသက်ငါးဆယ်နားနီးနေပြီ ဖြစ်သော်လည်း အလွန် ပိန်သွယ်သည်။ ထုံရွှယ်လူ၏ အဝတ်များ ဝတ်ထားသောအခါ နောက်မှ ကြည့်လျှင် အသက်နှစ်ဆယ် အရွယ်မိန်းမပျိုလေးဟုသာ ထင်ရနိုင်လောက်သည်။
သူတို့ကို အဝတ်ဝတ်ပေးပြီးနောက် သူတို့၏ အနေအထားကို ရွှေ့ကာ ရိုက်ကွင်းကိုလည်း ပြောင်းလဲလိုက်သည်။ ထို့နောက် ထုံရွှယ်လူတစ်ယောက် ကင်မရာ ပြန်ကိုင်ကာ ဓါတ်ပုံများ ဆက်ရိုက်လေတော့သည်။
သူမက ဤတစ်ကြိမ်တွင် ရှစ်ရှိုးနန်၏ မျက်နှာကို အဓိကထားပြီး ချန်ရှို့ယွင်၏ မျက်နှာကိုမူ တမင်တကာ ကွယ်ထားသည်။
လွန်ခဲ့သည့် နှစ်နှစ်ဆယ်ကျော်က သူတို့ ဖောက်ပြန်ခဲ့သည့် သက်သေ မရှိသဖြင့် သူမက သူတို့အတွက် သက်သေဖန်တီးပေးရပေတော့မည်။
သူမက ဓါတ်ပုံ အတွဲ နှစ်တွဲကို ရိုက်ယူခဲ့ပြီး တစ်ခုမှာ ချန်ရှို့ယွင်က လက်ပြတ်အင်္ကျီ ဝတ်ကာ မျက်နှာမပေါ်သည့် ယောကျ်ားတစ်ယောက်နှင့် အိပ်နေပုံဖြစ်ပြီး အခြားတစ်ခုမှာ ရှစ်ရှိုးနန်က အတွင်းခံသာ ဝတ်ထားပြီး မျက်နှာမပေါ်သည့် မိန်းမငယ်လေးတစ်ယောက်နှင့် အိပ်စက်နေပုံဖြစ်သည်။
ရိုက်ကူးရေး ပြီးဆုံးသွားသောအခါ ထုံရွှယ်လူက ဝေ့ရန်ကို ဝင်လာခိုင်းလိုက်ပြီး ထိုနှစ်ယောက်ကို မြေပြင်ပေါ်သို့ အတူ ဆွဲချကာ ရေတစ်ပုံး လောင်းချလိုက်သည်။
ရေအေးများက သူတို့၏ မျက်နှာထက်သို့ ရိုက်ခတ်လာသည့်အတွက် ချန်ရှို့ယွင်နှင့် ရှစ်ရှိုးနန်တို့ လန့်ဖျတ်သွားကြပြီး သတိမေ့နေရာမှ နိုးလာကြသည်။
ချန်ရှို့ယွင်က မျက်တောင်တဖျတ်ဖျတ် ခတ်ကာ မိုးလာပြီးနောက် သူမ၏ တစ်ကိုယ်လုံး နာကျင်မှု မရှိသည်ကိုသာ ခံစားနေရသည်။
သူမက မည်သည့်နေရာတွင် ရောက်နေသည်ကို တစ်ခဏလောက်ထိ သတိမထားမိဘဲ ခြေထောက်များထက် အေးစိမ့်စိမ့် ဖြစ်လာမှသာ တုန်ယင်သွားမိသည်။
နောက်ထပ် အခိုက်အတန့်တွင် သူမ၏ ကိုယ်ထက် ဘောင်းဘီများ မရှိတော့ကြောင်း သတိပြုမိသွားသဖြင့် အော်ဟစ်လိုက်လေသည်။ သူမက အတွင်းခံများ ဝတ်ထားဆဲ ဖြစ်သော်ငြား တွင်းကြီးကြီး တူးကာ ဝင်ပုန်းလိုက်ချင်သည်အထိ ရှက်ရွံ့သွားလေသည်။
ရှစ်ရှိုးနန်ကမူ အဆက်မပြတ် ကျိန်ဆဲနေသည်။ "မင်းတို့တွေ ဘာသောက်လုပ်တွေ လုပ်နေတာလဲ"
ရှစ်ရှိုးနန် သတိရလာသည့်အချိန်မှာပင် ဝေ့ကျူးကျူး၊ ရှောင်းမျန်မျန်နှင့် ဝေ့ရန်တို့က သူ့ကို ကန်ကျောက်ရိုက်နှက်ထားသဖြင့် သူ့တစ်ကိုယ်လုံး ကြွေမွနေသည့်အတိုင်းပင်။
ထုံရွှယ်လူ အေးတိအေးစက် ပြောလိုက်သည်။
"ရှင်တို့တွေ နိုးလာကြပြီဆိုရင် ကျွန်မပြောမဲ့ စကားတွေကို မှတ်ထားတာ အကောင်းဆုံးပဲ"
ပြောပြီးနောက် သူမက တစ်ဖက်မှ ကင်မရာကို ကောက်ယူကာ ထိုနှစ်ယောက်ထံ လျှောက်လာနေသည်။ "ရှင်တို့ သတိမေ့နေတုန်းက ဓါတ်ပုံတွေ အများကြီး ရိုက်ထားလိုက်သေးတယ်... အစစ်နဲ့တူအောင် ရှင့်ကို မိန်းမငယ်လေးလို ပြင်ဆင်ပေးထားသေးတယ်... ကြည့်လိုက်ပါဦး... ရှင်တို့ နှစ်ယောက် ဖောက်ပြန်နေတယ်လို့ မခံစားရဘူးလား"
ချန်ရှို့ယွင်နှင့် ရှစ်ရှိုးနန်တို့ မျက်လုံးများ ပြူးကျယ်သွားပြီး ယခုလေးတင် ဖြစ်ခဲ့သမျှကို ခပ်ရေးရေး နားလည်သွားလေသည်။
ချန်ရှို့ယွင်၏ မျက်လုံးများမှာ ပေါက်ထွက်လုနီးပါး ပြူးကျယ်သွားသည်။ "ထုံရွှယ်လူ... ဓါတ်ပုံချက်ချင်း ဖျက်ပေးစမ်း"
ထုံရွှယ်လူ၏ နှုတ်ခမ်းများ တွန့်ကွေးသွားလေသည်။ "ဘာမဟုတ်တာတွေ လျှောက်ပြောနေတာလဲ... ဘာလို့ ကျွန်မက သက်သေကို ဖျက်ပေးရမှာလဲ... ဒီနေ့ကစပြီး ရှင် ဝမ်မိသားစုနဲ့ ရူကွေ့ရှေ့ကို ပေါ်မလာစေနဲ့... မဟုတ်ရင် ရှင်တို့ နှစ်ယောက်ရဲ့ ပုံကို ဖြန့်ပစ်လိုက်မှာ"
ထိုလူနှစ်ယောက်အား အပြစ်ပေးရန်အတွက် လက်ကို ညစ်ပတ်စေသည် ဖြစ်ဖြစ် ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်ဖြစ် ထုံရွှယ်လူက နည်းလမ်းတစ်ခုကို တွေးထားပြီးသား ဖြစ်သည်။ သို့သော် အကောင်အထည်ဖော်ရန် အချိန်ယူရပေဦးမည်။
ထိုအကြံ မဖြစ်မြောက်ခင် ထိုလူနှစ်ယောက်ကို ဝမ်မိသားစုအိမ်သို့ အချိန်နှင့်အမျှ ရောက်မလာစေရန် သေချာလုပ်ထားရမည်ဖြစ်သည်။ ဝမ်ရူကွေ့အား သွားရှာစေ၍မရပေ။
ထို့ကြောင့် သူမလက်ထဲရှိ ဓါတ်ပုံများမှာ သူတို့ကို ထိန်းချူပ်ရာတွင် အကောင်းဆုံးလက်ကိုင်ပစ္စည်းများ ဖြစ်ကြသည်။
ချန်ရှို့ယွင်၏ မျက်နှာက နီရာမှ ဖြူလျော်လာခဲ့သည်။ "ငါမဖောက်ပြန်ဘူး... နင်ငါတို့ကို အသရေဖျက်နေတာပဲ... နင်ဥပဒေကို ချိုးဖောက်နေတာ"
ထုံရွှယ်လူ ပြုံးလိုက်သည်။ "ရှင်မဖောက်ပြန်ဘူးတဲ့လား... ရှင်က လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်ကတည်းက ဖောက်ပြန်နေခဲ့တာလေ... အဲ့ဒီအချိန်တုန်းက ရခဲ့တဲ့ ကလေးက ရှင်နဲ့ ကြာကူလီကောင်ရဲ့ ကလေးတောင် ဖြစ်နိုင်သေးတယ်... မဟုတ်ဘူးလား"
ထုံရွှယ်လူမှာ ချန်ရှို့ယွင် ကိုယ်ဝန်ရှိနေစဥ်က ဝမ်ရူကွေ့နှင့် တိုက်မိသွားပြီး ပျက်ကျသွားခဲ့ရသည့် ကိစ္စကို အချိန်အတော်ကြာ တွေးထားပြီးသား ဖြစ်သည်။
သာမန်လူသာဆို ဒီလို ထူးဆန်းပြီး ရက်စက်တဲ့ နည်းလမ်းအရာတွေ လုပ်မှာ မဟုတ်ပေမယ့် ချန်ရှို့ယွင်ကတော့ လုပ်လောက်တယ်...
သူမက သူမ၏ သားအရင်းဖြစ်သည့် ဝမ်ရူကွေ့အပေါ် ရက်စက်ခဲ့သည်သာမက သူမကိုယ်သူမလည်း ရက်စက်စွာ ပြုမူခဲ့သည်။ သူမသာ ခြောက်လသား ကလေးကို ပျက်ကျစေချင်လျှင် ထိုသို့ ပြုလုပ်နိုင်သေးသည်။
ဤခေတ်၏ ဆေးပညာအဆင့်အတန်းက နိမ့်ကျနေသေးလေရာ သူမသာ ဂရုမစိုက်ပါက အချိန်မရွေး သေသွားစေနိုင်သည်။ ထိုမိန်းမက အမှန်ပင် ရက်စက်လွန်းလှပေသည်။
ချန်ရှို့ယွင်၏မျက်နှာ ဖြူလျော်သွားသည်။
"နင် ဘာမဟုတ်တာတွေ ပြောနေတာလဲ... ကလေးက ရူကွေ့ရဲ့ ညီလေးပဲ... သူသာ ငါ့ဆီကို ပစ်ဝင်မလာရင် ကလေးက ဘယ်လိုလုပ် ပျက်ကျသွားရမှာလဲ... ငါတောင် သေမလို ဖြစ်သွားခဲ့တာ"
ရှန်ဝမ်ရုန်နှင့် ဝေ့ရန်မှာ သူတို့နှစ်ယောက်၏ စကားများကို ကြားသောအခါ ထိတ်လန့်သွားကြပြန်သည်။
မထင်မှတ်ထားစွာပင် ဝမ်ရူကွေ့၏ မိဘများ ကွာရှင်းကြသောအခါ ဖုံးကွယ်ထားသော ကိစ္စများ ရှိနေခဲ့သဖြင့် ဆယ်စုနှစ် နှစ်စုလောက်ထိ အဆက်အသွယ် မရှိကြခြင်း ဖြစ်နေသည်။
ထုံရွှယ်လူ ပြောလိုက်သည်။
"အဲ့ဒီအချိန်တုန်းက ဖြစ်ခဲ့တဲ့ကိစ္စတွေကို ရှင်နဲ့ ပြိုင်ငြင်းမနေတော့ဘူး... ကျွန်မ ပြောခဲ့တဲ့ စကားတွေကိုပဲ မှတ်ထား... နောက်ဆို ကျွန်မတို့ရှေ့ကို ပေါ်မလာနဲ့... မဟုတ်ရင် ရှင့်ကို ဂုဏ်သတင်း ပျက်အောင် လုပ်ပြီး လမ်းဘေးကြွက်တွေထက် ပိုဆိုးတဲ့ဘဝမှာ နေအောင် လုပ်ပေးလိုက်မယ်"
ရှစ်ရှိုးနန်က အံတင်းတင်းကြိတ်ကာ ထုံရွှယ်လူကို စိုက်ကြည့်လိုက်ပြီးနောက် ရုတ်တရက် ထရပ်၍ ထုံရွှယ်လူထံ ပြေးလာခဲ့သည်။ ထုံရွှယ်လူက သူနှင့် ပတ်သက်၍ သတိကြီးကြီး ထားနေသဖြင့် ခြေထောက်ကို မြှောက်ကာ မျိုးဆက်ပွားသည့်နေရာကို ကန်လိုက်သည်။
"အု--"
ရှစ်ရှိုးနန်၏ မျက်နှာက ချက်ချင်းဆိုသလို ရဲတွက်လာခဲ့ပြီး မကြာခင် စာရွက်ဖြူတစ်ခုလို ဖြူဆုတ်သွားသည်။ သူ့မျက်လုံးများက သူမကို စိုက်ကြည့်နေပြီး ကုန်းကုန်းကွကွဖြင့် နာကျင်စွာ အော်ဟစ်နေလေသည်။
"ရှိုးနန်... အဆင်ပြေရဲ့လား"
ချန်ရှို့ယွင်မှာ သူမကိုယ်သူမပင် ဂရုမစိုက်နိုင်ဘဲ ရှစ်ရှိုးနန်ဆီသို့ အပြေးသွားလေသည်။ ရှစ်ရှိုးနန်မှာ နာကျင်ရလွန်း၍ စကားတစ်ခွန်းမှ မပြောနိုင်တော့ပေ။
ထုံရွှယ်လူက အဝတ်များကို မြေပေါ်သို့ ကန်ထုတ်လိုက်ပြီးနောက် ပြောလိုက်သည်။
"အဝတ်အစားတွေ ဝတ်ပြီး မြန်မြန် ထွက်သွားတော့... တစ်မိနစ်အတွင်း ထွက်မသွားရင် ထပ်ရိုက်ပေးမယ်"
ချန်ရှို့ယွင်: "..."
ရှစ်ရှိုးနန်: "..."
သူတို့နှစ်ယောက်က ထုံရွှယ်လူကို စိုက်ကြည့်လိုက်ပြီး သူတို့၏ မျက်လုံးများမှာ ပေါက်ထွက်လုနီးပါး ဖြစ်နေကာ သူမကို ထိုးနှက်၍ အရိုးများ ချိုးပစ်ရန် မစောင့်နိုင်တော့သကဲ့သို့ ဖြစ်နေလေသည်။
သို့သော်လည်း နှစ်ယောက်သားမှာ စိတ်မကျေမနပ်ဖြစ်ပြီး ဒေါသထွက်နေရုံသာ တတ်နိုင်လေတော့သည်။
အဝတ်များကို သာမန်ကာလျှံကာ ဝတ်ဆင်လိုက်ပြီး ရှောင်းအိမ်မှ ထွက်သွားလေကြသည်။
ရှန်ဝမ်ရုန်က ထိုနှစ်ယောက်၏ နောက်ကျောကို ကြည့်ကာ စိုးရိမ်တကြီး ပြောလိုက်သည်။ "ရွှယ်လူ... သူတို့တွေ ပြည်သူ့လုံခြုံရေးဌာနကို သွာပြီးရင် ရဲခေါ်နေကြရင်ရော"
ထုံရွှယ်လူ ခေါင်းယမ်းပြလိုက်သည်။ "ဘွားဘွားရှန်... မပူပါနဲ့... သူတို့တွေ မလုပ်ရဲပါဘူး"
သူမသာ ထိုဓါတ်ပုံများ မရှိခဲ့လျှင် သူတို့ကို ရိုက်နှက်သည့်အတွက် ရဲသွားတိုင်ကြပေလိမ့်မည်။ သို့သော်လည်း ယခုတွင်မူ တိုင်ရဲကြလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ဓါတ်ပုံမရှိလျှင်ပင် သူတို့ ရဲသွားတိုင်ရမည့် အလှည့်မဟုတ်သေးပေ။
ရှန်ဝမ်ရုန် သက်ပြင်းချလိုက်သည်။ "အဘွားလည်း ဝမ်မိသားစုက ရူကွေ့ အမေအကြောင်း ဘာလို့ မပြောကြတာလဲ လို့ တွေးနေသေးတာ... ဒီလို လူမျိုး ဖြစ်နေမယ်လို့ မထင်ထားဘူး"
ထုံရွှယ်လူ နှလုံးသားထဲတွင် လှောင်ရယ်လိုက်သည်။ "အဘွား မတွေးနိုင်လောက်တဲ့ အရာတွေ အများကြီး ရှိသေးတယ်... စကားမစပ် ဒီနေ့ဖြစ်ခဲ့တာတွေကို ဘယ်သူမှ မပြောပါနဲ့နော်"
ရှန်ဝမ်ရုန် သူမ၏ ရင်ဘတ်ကို ပုတ်ပြလိုက်သည်။ "ငါက ဘယ်သူမို့လဲ... ဒါနဲ့ ပတ်သက်ပြီး မစိုးရိမ်နဲ့"