🍵Chapter 316
ပြည်သူ့ရေးရာဗျူရိုသို့ ရောက်လာသောအခါ အားလပ်ရက်မဟုတ်သဖြင့် လက်ထပ်မှတ်ပုံတင် လာယူသူ များစွာ မရှိကြပေ။ သူတို့က တစ်ခဏမျှ တန်းစီလိုက်ရပြီးနောက် အလှည့်ကျလာခဲ့သည်။
နာရီဝက်အတွင်းမှာပင် သူတို့က စာအုပ်နီများ ကိုင်လျက် ပြည်သူ့ရေးရာဗျူရိုထဲမှ ထွက်လာခဲ့ကြသည်။
လက်ထပ်မှတ်ပုံတင်ကို ကြည့်နေရင်းဖြင့် ထုံရွှယ်လူ ရုတ်တရက် သက်ပြင်းချလိုက်သည်။ "ဒီနေ့ကစပြီး ကျွန်မက အိမ်ထောင်ရှိတဲ့ အမျိုးသမီး ဖြစ်သွားပြီ"
အိမ်ထောင်ရှိတဲ့ အမျိုးသမီးလား...
ဝမ်ရူကွေ့က သူမနှုတ်မှ ထူးဆန်းနေသော လေသံကို ကြားသောအခါ ရပ်သွားပြီး သူမကို ကြည့်၍ မေးလာခဲ့သည်။ "လက်ထပ်ရတာ အဆင်မပြေဘူးလား... မင်း သဘောမကျလို့လား"
ထုံရွှယ်လူ နှုတ်ခမ်းဆူလိုက်သည်။ "ကျွန်မက လက်ထပ်ရတာ စောလွန်းတယ်လို့ပဲ တွေးနေတာပါနော်"
သူမက ဤနှစ်တွင် 21နှစ်သာ ရှိသေးပြီး စာအုပ်ထဲသို့ ရောက်လာသည့်အတွက် နှစ်ပေါင်းများစွာ ရှင်သန်ရပေဦးမည်။
ဝမ်ရူကွေ့က တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် အသံတိုးတိုးဖြင့် ပြောလိုက်သည်။ "ကိုယ့်ခန္ဓါကိုယ်ကို မင်းဆီပေးပြီးသွားပြီ... ဗလောင်းဗလဲတွေ လာလုပ်လို့ မရဘူးနော်"
"..."
ဤတစ်ကြိမ်၌ ထုံရွှယ်လူ အေးခဲသွားရသည့် အလှည့်ဖြစ်ပြီး မနေနိုင်ဘဲ ရယ်ချမိသွားလေသည်။
"ဒါရိုက်တာဝမ်က ချောလည်းချော အရသာလည်း ရှိတာကို... ကျွန်မက ဘယ်လိုလုပ်ပြီး ဗလောင်းဗလဲတွေ လုပ်နိုင်ပါ့မလဲ"
"..."
ထို့နောက် ဒါရိုက်တာဝမ်တစ်ယောက် ရှက်သွေးဖြာသွားလေသည်။
🍵
အထွေထွေထောက်ပံ့ပို့ဆောင်ရေးအိမ်ယာတွင်...
ဖန်ကျင်းယွမ်တစ်ယောက် ရှောင်ချန်ဖျင်ထံမှ အတားခံလိုက်ရသည်။ သူမ ရှက်သွားပြီးနောက် ပြောလိုက်သည်။ "ရှောင်ချန်ဖျင်... ရှင်ဘာလုပ်တာလဲ... ကျွန်မ ကျောင်းကို ပြန်သွားရဦးမှာ... လမ်းမှာ ပိတ်ရပ်မနေနဲ့"
ရှောင်ချန်ဖျင်က သူမကို မျက်လုံးမှေးမှေးလေးများဖြင့် ကြည့်လိုက်သည်။ "ကျင်းယွမ်... မနေ့ညက ကိုယ်တို့ဘာလုပ်ခဲ့ကြတာလဲဆိုတာ မမှတ်မိတော့ဘူးလား"
ဖန်ကျင်းယွမ်၏ မျက်နှာက ပို၍ပင် ရဲတွတ်လာပြီး သူ့ကို မကြည့်ရဲတော့ဘဲ ကောင်းကင်နှင့် မြေကြီးပေါ်ကိုသာ ကြည့်နေခဲ့သည်။ "မဟုတ်တာတွေ ပြောမနေနဲ့... မနေ့ညက ရွှယ်လူရဲ့ မင်္ဂလာပွဲကို သွားခဲ့တာ... ရှင်နဲ့ ဘာလုပ်ရမှာလဲ... ကျွန်မရဲ့ ဂုဏ်သိက္ခါကို ဖျက်ဆီးချင်နေတာလား"
ရှောင်ချန်ဖျင်က ရှေ့သို့ ခြေနှစ်လှမ်းတိုးလာပြီး သူမကို နံရံထောင့်တွင် ပိတ်ကာ လက်တစ်ဖက်ဖြင့် နံရံကို ထောက်ထားလိုက်သည်။ "တကယ်လား... ကြည့်ရတာ မင်းရဲ့ မှတ်ဥာဏ်က သိပ်မကောင်းဘူးထင်တယ်... ကိုယ်ကပဲ သဘောထားကြီးကြီးနဲ့ သတိပေးရသေးတာပေါ့"
"မနေ့ညက မင်းအရက်မူးသွားတယ်... ကိုယ်မင်းကို အိမ်လိုက်ပို့ပေးတော့ အိမ်ပြန်လာတဲ့လမ်းမှာ ပူတယ်ဆိုပြီး ဆူဆူညံညံတွေ လုပ်တော့တာပဲ... ပြီးတော့ မင်းက စပြီး မူးကြောင်ရူးကြောင်တွေ လုပ်တော့တာ... ကိုယ်မင်းကို လှမ်တားလိုက်တော့ မင်းက ကိုယ့်ကို နံရံမှာ ကပ်ပြီး နမ်းလိုက်တာပဲ... အခုရော မှတ်မိသေးရဲ့လား"
ဖန်ကျင်းယွမ်: "..."
အမှန်မှာ လူတိုင်းက ထိုမျှလောက် ကံမကောင်းနိုင်ကြပေ။
မနေ့ညက သူမ အရက်မူးသွားခဲ့သော်လည်း ရှောင်ချန်ဖျင်အား နံရံသို့ ဖိကပ်ကာ ထိုသူ့နှုတ်ခမ်းအား ကိုက်ဝါးခဲ့သည့် အဖြစ်အပျက် အပါအဝင် မှတ်မိသင့်သည့် အရာများနှင့် မမှတ်မိသင့်သော အရာများအားလုံးကို မှတ်မိနေသည်။
"မှတ်မိပြီလား"
သူမ တိတ်ဆိတ်နေသည်ကို မြင်သောအခါ ရှောင်ချန်ဖျင်က နှစ်ယောက်သားအကြား ဆက်ဆံရေးကို အတည်ပြုရန်အတွက် စိတ်ပြင်ဆင်ထားသည့်အလား ရှေ့တစ်လှမ်း ထပ်တိုးလိုက်သည်။
ဖန်ကျင်းယွမ်က နံရံထောင့်သို့ ရောက်အောင် တွန်းအားပေးခံရပြီး နောက်မဆုတ်နိုင် ဖြစ်နေကာ သူမ၏ ခေါင်းလေးကို ခပ်လေးလေး မော့ကာ ကြည့်လိုက်သည်။ "ရှင်ဘာတွေ စဥ်းစားနေတာလဲ... ကျွန်မ မမှတ်မိရင်ရော"
"စဥ်းစားကြည့်လိုက်ရင် မင်းကိုယ့်ကို ဖြေရှင်းချက် ပေးသင့်တာ မဟုတ်ဘူးလား"
ဖန်ကျင်းယွမ် နှုတ်ခမ်းကိုက်ထားလိုက်သည်။ "မနေ့ညက မတော်တဆမှုတစ်ခုပဲ"
ရှောင်ချန်ဖျင်က သူ့နှုတ်ခမ်းကို ထိုးပြ၍ ပြောလိုက်သည်။ "မတော်တဆလား... ကိုယ့်နှုတ်ခမ်းကို ဒီလိုဖြစ်အောင် ကိုက်ဖြဲထားတာ မတော်တဆတဲ့လား"
မတိုင်မီနေ့ကပင် ထိုအမျိုးသမီးက သူ့ကို တဖြည်းဖြည်းဖက်တွယ်လာကာ သူ့လည်ပင်းကို အကြိမ်များစွာ ကုတ်ခြစ်ခဲ့သဖြင့် ယခုတွင် သူ့ကို အလုံးစုံ စားသုံးပြီးသွားသည့်အတွက် တာဝန်ယူသင့်ပေသည်။
ဖန်ကျင်းယွမ် အပြစ်ရှိစိတ်များဖြင့် ပြန်ဖြေလိုက်သည်။ "ရှင်ရော ကျွန်မကို မကိုက်ခဲ့လို့လား... ကျွန်မနှုတ်ခမ်းတွေလည်း ပေါက်ပြဲနေတာပဲ"
ပြောပြီးနောက် မျက်နှာတစ်ခုလုံး ပန်းသီးတစ်လုံးနှယ် ရဲတွက်သွားပြီး သူ့ကို လုံးဝ မကြည့်ရဲတော့ပေ။
ရှောင်ချန်ဖျင်၏ မျက်နှာသည်လည်း ပူနွေးလာသော်ငြား ဤအချိန်တွင် ရှက်စိတ်များကို တွန်းလှန်ကာ လွှမ်းမိုးခြယ်လှယ်နိုင်စွမ်း ရှိသည့် အသံအနေအထားဖြင့် ဆိုလိုက်သည်။ "ဖန်ကျင်းယွမ်... ဘာပဲဖြစ်ဖြစ် မင်းကိုယ့်ကို တာဝန်ယူရမယ်... မဟုတ်င် မင်းကျောင်းကို လာရှာပြီးတော့ မင်းက ကိုယ့်ရဲ့ ခံစားချက်တွေကို ကစားခဲ့ပါတယ်ဆိုပြီး မင်းရဲ့ ဆရာတွေကို လာပြောလိုက်မှာ"
ဖန်ကျင်းယွမ်၏ မျက်နှာတစ်ခုလုံး ရှုံ့တွသွားလေသည်: "..."
သူမ ကြက်သေသေနေဆဲမှာပင် ရှောင်ချန်ဖျင်က သူမ၏ လက်ကို ရုတ်တရက် ဆွဲလာခဲ့သည်။ "ကျင်းယွမ်... ကိုယ်တို့ နှစ်နှစ်ကျော်လောက် မရေမရာအခြေအနေ ဖြစ်နေရတာ... အခုလောက်ဆို အခြေတကျ ဖြစ်သင့်နေပြီမလား"
ဘယ်သူတွေက သူ့လို ကောင်မလေးကို လိုက်ပိုးဖို့ နောက်ကနေ တကောက်ကောက် လိုက်နေရလို့လဲ...
သူ့ဝမ်းကွဲများက သူ့ကို ဟာသတစ်ခုလို မြင်နေကြပြီး မိသားစုတွေ့ဆုံပွဲများ ရှိသည့်အခါတိုင်း တွင်းကြီးကြီးတူးကာ ဝင်ပုန်းနေချင်လေတော့သည်။
အဲ့ဒီခွေးကောင်လေးတွေက သူ့ကို လောင်းကစားလိုတောင် သုံးနေကြသေးတယ်... သူတို့အားလုံးက ဒီနှစ် သူအဖြေရမရကို လောင်းကြေးထပ်နေကြတာ....
တွေးကြည့်လိုက်တိုင်း စိတ်တိုစရာပဲ...
ဖန်ကျင်းယွမ်က သူမ၏ လက်ကို ဆွဲထုတ်ချင်နေသော်ငြား အကြိမ်များစွာ ကြိုးစားကြည့်တိုင် မအောင်မြင်နိုင်ခဲ့ပေ။ "ရှင်လွှတ်ပေး... တစ်ယောက်ယောက် မြင်သွားရင် မကောင်းဘူး"
ရှောင်ချန်ဖျင်ကမူ လွှတ်မပေးပေ။ "ကိုယ့်ကို တာဝန်ယူမယ်လို့ ကတိပေးမှ လွှတ်ပေးမယ်"
သူ့နှုတ်ခမ်းတွေတောင် ကိုက်ခဲနေပြီ... ဒီလိုအခွင့်အရေးမျိုးကို လွှတ်ပေးလိုက်ရမှာလား...
ဖန်ကျင်းယွမ်မှာ မျက်နှာတစ်ခုလုံး နီရဲလာခဲ့လေသည်။ ကောင်းပြီလေ... ကျွန်မတို့ တွဲကြတာပေါ့"
အမှန်မှာ လွန်ခဲ့သည့်နှစ်နှစ်အတွင်း သူမကို လိုက်ပိုးနေကြသည့် အခြားသော ယောကျ်ားလေးအတန်းဖော်များ ရှိခဲ့သည်။
သူမက ထိုနှစ်များအတွင်း ပညာသင်ကြားသည့်နေရာမှာသာ အာရုံစိုက်ထားချင်ခဲ့သဖြင့် အချစ်ရေးကိစ္စများအပေါ် ကွဲပြားသော အမြင်တစ်ခု ရှိနေသည်။ သို့သော်ငြား ယခုတွင် ကိစ္စများက ထိုသို့ ဖြစ်လာလေရာ တွဲရန် သဘောတူရပေတော့မည်။
ရှောင်ချန်ဖျင်မှာ ထိုစကားကို ကြားလိုက်ရချိန်တွင် ကြက်သေသေသွားပြီး တစ်ခဏလောက်ထိ မတုံ့ပြန်နိုင်ခဲ့ပေ။
ဖန်ကျင်းယွမ်က သူ့ကို တွန်းထုတ်ကာ ပြေးထွက်သွားလေသည်။ "အရူးကောင်"
ရှောင်ချန်ဖျင် အသိပြန်ဝင်လာပြီးနောက် သူမနောက်သို့ မြန်မြန် လိုက်ဖမ်းလိုက်သည်။ "ကိုယ်မင်းကို ကျောင်းလိုက်ပို့ပေးမယ်"
"မလိုပါဘူး"
"ဘာလို့ မလိုရမှာလဲ... ကိုယ်က မင်းရဲ့ ချစ်သူ ဖြစ်နေပြီပဲကို ကျောင်းလိုက်ပို့ပေးချင်တာပေါ့"
"ချစ်သူဆိုတာကြီးကို ဖိမပြောစမ်းနဲ့"
"ကိုယ်က ဒါကို အလေးပေးပြီး ပြောချင်လို့လေ... ကိုယ် ရှောင်ချန်ဖျင်က ဖန်ကျင်းယွမ်ရဲ့ ချစ်သူပဲ... ကိုယ်တို့က ချစ်သူတွေ"
"တိတ်စမ်း"
🍵
နှစ်ရက်တာစောင့်ဆိုင်းပြီးနောက် ထုံရွှယ်လူတစ်ယောက် ရှောင်ချန်ဖျင်နှင့် ဖန်ကျင်းယွမ်တို့ကြား ဆက်ဆံရေး အတည်တကျ ဖြစ်သွားကြောင်း သိလိုက်ရသောအခါ မနေနိုင်ဘဲ ပြုံးမိသွားခဲ့သေးသည်။
သူတို့နှစ်ယောက်သားက ရန်ဖြစ်ရင်း ပျော်ရွှင်နေခဲ့ကြသူများပင်။ နှစ်နှစ်တာ ရန်ဖြစ်ကြပြီးနောက် အခြေတကျ ဖြစ်သင့်နေလေပြီ။
ရှောင်ချန်ဖျင်က လူကောင်းတစ်ယောက်ဖြစ်ပြီး လုပ်ရည်ကိုင်ရည်လည်း ရှိသည်။ မိသားစုနှစ်ခုကလည်း နာမည်ကောင်းသူများ ဖြစ်၍ လိုက်ဖက်ညီလှပေသည်။
ယနေ့တွင် ရှန်းကျန့်မှ ဖုန်းခေါ်ဆိုမှုတစ်ခု ရရှိခဲ့သည်။
ထိုခေါ်ဆိုမှုကို ရှောင်ကျိုး၏ ဖခင် စုယွဲ့ရှန်းထံမှ ရရှိခဲ့ခြင်းဖြစ်လေသည်။
"ရဲဘော်ထုံ... မင်းနဲ့ ရဲဘော်ဝမ်ရဲ့ မင်္ဂလာပွဲကို လာဖို့ အချိန်မရှိလိုက်လို့ တောင်းပန်ပါတယ်နော်"
ထုံရွှယ်လူ: "ကိစ္စမရှိပါဘူး... ရှင် ကျွန်မတို့ကို တန်ဖိုးကြီးလက်ဆောင် ပေးပြီးပြီပဲ... ဒါတောင် ကျေးဇူးမတင်ရသေးဘူး"
စုယွဲ့ရှန်းက အလေးအနက် ပြောလိုက်သည်။ "ဒါက လုပ်သင့်တဲ့အရာပါပဲ... အဲ့ဒီအချိန်တုန်းကသာ မင်း ငါတို့ကို မကူညီခဲ့ရင် အခုချိန် စုမိသားစုရဲ့ ဇနီးလည်း အသက်ရှိတော့မှာ မဟုတ်ဘူး"
သူက အစိုးရအလုပ်မှ ထွက်ခဲ့ရသော်ငြား မိသားစုအတူတကွ ရှိနေသရွေ့ အိမ်ဟူသည်မှာ ရှိစမြဲပင်။
လွန်ခဲ့သည့် နှစ်များအတွင်း သူက ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ကွမ်းတုံ စီရင်စုသို့ ပြောင်းရွှေ့လာခဲ့ပြီး အောင်မြင်မှု အနည်းငယ် ရရှိခဲ့သည်။ သို့သော်ငြား မနှစ်က စတင်ကာ အစိုးရဘက်မှ ရှန်းကျန့် စျေးကွက် ဖွံ့ဖြိုးတိုးတက်လာစေရန် အားတက်သရော ကြိုးစားအားထုတ်ခဲ့သဖြင့် ရှန်းကျန့်သို့ ပြတ်ပြတ်သားသား ပြောင်းရွှေ့လာခဲ့သည်။
သူက နိုင်ငံရေး လောကထဲသို့ ထပ်ဝင်ရန် အစီအစဥ် မရှိပေ။ ပင်လယ်ဘက်သို့ သွား၍ စီးပွားရေးလုပ်ရန်မှာ အနာဂါတ်အတွက် တိုးတက်ရေး အစီအစဥ် ဖြစ်သည်။
ထုံရွှယ်လူက ဤနှစ်များအတွင်း စုမိသားစုနှင့် အဆက်အသွယ် မရှိခဲ့ဘဲ ရံဖန်ရံခါမှသာ တစ်ကြိမ် နှစ်ကြိမ် ဆက်သွယ်ခဲ့ခြင်းဖြစ်၍ စုယွဲ့ရှန်းဘက်မှ ရုတ်တရက် ဆက်သွယ်လာခဲ့လေရာ တစ်ခုခု ရှိနေ၍သာ ဖြစ်ရပေမည်။
"ရဲဘော်စု ဒီတစ်ခေါက် ဖုန်းခေါ်လာတာ ဘာပြောစရာရှိလို့လဲ"
စုယွဲ့ရှန်း: "အင်း... အဝတ်အထည် လက်လီလက်ကားစျေးကွက်မှာ အလုပ်လုပ်နေတဲ့ မိတ်ဆွေတစ်ယောက် ရှိတယ်... သူပြောတာ သူ့ချွေးမရဲ့ သူငယ်ချင်းတွေထဲမှာ လွန်ခဲ့တဲ့နှစ်ရက်က ပေကျင်းကနေ အဝတ်အထည် စီးပွားရေး လာလုပ်တဲ့သူ ရှိတယ်တဲ့... အဲ့ဒီအမျိုးသမီးရဲ့ နာမည်က ချန်ရှို့ယွင်လို့ ပြောတယ်... သူ့ကို ကြည့်ရတာ ရဲဘော်ဝမ်ရဲ့ အမေဖြစ်မဲ့ပုံပဲ"
ထုံရွှယ်လူ ထိုစကားများကို ကြားချိန်တွင် ကြက်သေသေသွားပြီး နှုတ်ခမ်းတွန့်လိုက်သည်။ "ကမ္ဘာကြီးက တကယ်သေးတာပဲ... ဒါကြောင့် ဘယ်နေရာသွားသွား အသိတွေနဲ့ တိုးနိုင်တယ်ဆိုတာ အမှန် ဖြစ်နေတာ... ကြည့်ရတာ သူတို့တကယ် ရှန်းကျန့်ကို သွားကြတဲ့ပုံပဲ"
သူမက ယခင်ကတည်းကပင် ချန်ရှို့ယွင်နှင့် ရှစ်ရှိုးနန်တို့ ရှန်းကျန့်စျေးကွက်ကို စီးပွားရေး သွားလုပ်ကြမည် ဖြစ်ကြောင်း သံသယရှိနေခဲ့သော်လည်း သူမထံမှ ဖမ်းမိသွားမည်ဟု မထင်ထားခဲ့ပေ။
စုယွဲ့ရှန်း: "အကူအညီလိုသေးလား"
သူ မလုပ်ချင်လျှင်ပင် သူ့ထံ၌ လုပ်နိုင်စွမ်းများ ရှိသည်။ သူတို့၏ စီးပွားရေးတွင် လှည့်ကွက်လေးများ ပြုလုပ်ပေးရုံဖြင့် ငွေများ ဆုံးရှူံးသွားစေနိုင်သည်။
ထုံရွှယ်လူ: "မဟုတ်သေးဘူး... သူတို့ လုပ်ချင်တာ လုပ်ခိုင်းထားလိုက်"
ချန်ရှို့ယွင်နှင့် ရှစ်ရှိုးနန်တို့သာ ကံမကောင်းအကြောင်းမလှဖြစ်ပြီး စီးပွားရေးပျက်သွားပါက သေချာပေါက် ပြန်လာကာ ဝမ်မိသားစုနှင့် ဝမ်ရူကွေ့ကို အဆက်မပြတ် နှောက်ယှက်နေပေလိမ့်မည်။
အချို့သော လူများက ဆင်းရဲမှုကို ဝေမျှလိုသော်ငြား ချမ်းသာမှုကိုမူ မဝေမျှလိုကြပေ။
သူမက သူတို့နှစ်ယောက်ကို ကြီးပွားချမ်းသာလာပြီးမှ ဆင်းရဲသွားစေချင်သည်။ ထို့နောက် ရွှံ့အိုင်ကြီး၏ အနက်ဆုံးမှ သူတို့ကို နင်းလျှောက်သွားပေးလိုက်မည်။
တစ်ကြိမ်တစ်ခါ ရဖူးပြီးမှ ဆုံးရှုံးရခြင်းက ဘယ်တုန်းကမှ မရခဲ့ဖူးသည်ထက် ပို၍ဒေါသထွက်စရာကောင်းပေသည်။
စုယွဲ့ရှန်း တိတ်သွားပြီးနောက် နားလည်သွားလေသည်။ "ကောင်းပြီလေ... ဒါဆို ငါ့မိတ်ဆွေကို ဘာမှ မလုပ်ခိုင်းတော့ဘူး"
"ကျေးဇူးပါ ရဲဘော်စု"
"ယဥ်ကျေးလွန်းနေပြီ... ပျော်ရွှင်စရာ မင်္ဂလာပွဲလေး ဖြစ်ဖို့ ဆုတောင်းပေးလိုက်တယ်နော်"
စုယွဲ့ရှန်း၏ ဖုန်းကို ချထားပြီးနောက် ဝမ်ရူကွေ့တစ်ယောက် လက်ထဲတွင် နံရိုးတစ်ခွက်နှင့် ပြောင်းဖူးစွပ်ပြုတ်တစ်ခွက် ကိုင်ကာ အပြင်မှ ဝင်လာသည်ကို သူမ တွေ့လိုက်ရသည်။
"အရသာမြည်းကြည့်... ပေါ့သေးလားလို့"
ထုံရွှယ်လူ သူ့ကို ပြုံးပြလိုက်ပြီး စွပ်ပြုတ်တစ်ဇွန်း ခပ်သောက်လိုက်သည်။ အရသာက အနေတော်ပဲ ဖြစ်ကာ အပူချိန်ကလည်း အဆင်ပြေသည်။
သူတို့က လွန်ခဲ့သည့် နှစ်ရက်အတွင်း အိမ်ထဲမှာသာ နေခဲ့ကြပြီး ဝမ်ရူကွေ့က သူမအတွက် ကိုယ်တိုင်ကိုယ်ကျ ချက်ပြုတ်ပေးကာ ရေကိုပင် ခပ်တိုက်တတ်သေးသည်။ ထိုသို့ ဆက်သွားနေပါက သူမ မကြာခင် ငါးဆားနယ်တစ်ကောင် ဖြစ်လုနီးပါး ဖြစ်ရပေတော့မည်။
ငါးဆားနယ်ဖြစ်လို့ သူမက ရှက်ရမှာတဲ့လား...
ဒါပေါ့... ဘယ်ရှက်မလဲ... သူမက ကြိုက်တောင် ကြိုက်သေးတယ်...
"အရသာ အရမ်းကောင်းတယ်" ထုံရွှယ်လူက ဇွန်းကို ပြန်ချကာ ယုံကြည်မှုရှိရှိ ပြောလိုက်သည်။ "ကျွန်မကို ခွံ့ကျွေး"
ဝမ်ရူကွေ့၏ မျက်လုံးများ၌ နူးညံ့မှုများ ပြည့်လျှံသွားပြီး ဘေးတွင် ဝင်ထိုင်ကာ ဇွန်းကို ကိုင်၍ သူမ၏ ပါးစပ်ထဲသို့ ခွံ့ကျွေးခဲ့သည်။
ထုံရွှယ်လူက ဇွန်းကို ကိုင်ထားရင်း မျက်တောင်လေးများ တဖျတ်ဖျတ်ခတ်ကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။ "ဒီည အပေါ်မှာ နေမယ်"
ဝမ်ရူကွေ့၏ လက်များမှာ စွပ်ပြုတ်ကိုပင် လောင်းချမိတော့မတတ် တုန်ယင်လာခဲ့သည်။
နားရွက်ဖျားများမှာ ရဲတွတ်လာခဲ့ပြီး လည်စေ့သည်လည်း အထက်အောက် ရွေ့လျားသွားခဲ့သည်။ "အင်း"
**