အပိုင်း၃၁၇
Viewers 67k

🍵Chapter 317



ထိုအချိန်တွင် ​​ကျောင်းထဲ၌ ရှောင်းမျန်မျန်နှင့် ​ဝေ့ကျူးကျူးတို့က ကုပ်​ချောင်းကုပ်​ချောင်းဖြင့် ​ထောင့်​လေးတွင် ပုန်း​နေခဲ့ကြသည်။


​ဝေ့ကျူးကျူးက ရုတ်တရက်ဆိုသလို အိတ်ထဲမှ ဖန်ဘူး​လေး ထုတ်လာခဲ့ပြီး ​နေ​ရောင်​အောက်တွင် ထုတ်ကြည့်၍ ​ပြောလိုက်သည်။ "မျန်မျန်... ကြည့်" 


​ရှောင်းမျန်မျန် ကြည့်လိုက်ရာ ဖန်ဘူး​လေးထဲတွင် ပိုး​ကောင် ​လေးငါး​ကောင် ခုန်​ပေါက်​နေသည်ကို ​တွေ့လိုက်ရသည်။ "မမကျူးကျူး... ဒါ သန်း​တွေလား"


​ဝေ့ကျူးကျူး ​ခေါင်းငြိမ့်ပြလိုက်သည်။ "ဟုတ်တယ်.. ငါတို့အတန်းထဲက သန်းဘုရင်မရဲ့ ဆံပင်​ပေါ်က ယူလာတာ"


​ရှောင်းမျန်မျန်က သူမကို ​လေးစားမှုအပြည့်ဖြင့် ကြည့်လိုက်သည်။ "သမီးတို့ အဲ့ဒီတစ်​ယောက်ရဲ့ ဆံပင်ထဲကို သန်း​တွေ တကယ် ထည့်လိုက်မလို့လား... ဆရာမ​တွေ သိရင် သမီးတို့ကို ​သေချာ​ပေါက် ဆူမှာ"


​​ဝေ့ကျူးကျူးက သူမ၏ ရင်ဘတ်ကို ပုတ်လိုက်သည်။ "မပူနဲ့... ငါနင့်ကို ကာထား​ပေးမယ်"


​ရှောင်းမျန်မျန် ချက်ချင်းဆိုသလို စိတ်​အေးသွားသည်။ "ဟုတ်ပြီ​လေ.. ဒါဆို သွားကြမယ်"


နှစ်​ယောက်သားက ​ထောင့်​လေးတွင် ပုန်း​နေကြပြီး အ​တော်​ကြာကြာ ​စောင့်ဆိုင်း​နေပြီးမှ ဆယ်​ကျော်သက်အရွယ် ​ကောင်မ​လေးတစ်​ယောက် စာသင်ခန်းထဲမှ ထွက်လာသည်ကို ​တွေ့လိုက်ရသည်။ 


သူမက ​လျှောက်လာ​နေရင်း ဂုဏ်ယူဝံ့ကြွားစွာ ​ပြောလိုက်သည်။ "အဲ့ဒီ​ရှောင်းမျန်မျန်က အနိုင်ကျင့်ရလွယ်ပါတယ်လို့ ငါ​ပြောသားပဲ... ငါ သူ့ကို တွန်းလိုက်တာ​တောင် ​မော့မကြည့်ရဲဘူး... မနက်ဖြန်ကျရင်လည်း ငါနင့်ကို ​ခေါ်ပြီး သူ့ကို သွားဆူဦးမယ်"


"ရှင်း​ရွေ့... နင်က တကယ်မိုက်လိုက်တာ" မိန်းက​လေးတစ်​ယောက်က ​မြှောက်ပင့်လာသည်။ 


ရှစ်ရှင်း​ရွေ့မှာ ကြက်ဖကြီးတစ်​ကောင်လိုပင် ဂုဏ်ယူဝံ့ကြွားစွာဖြင့် ရင်​ကော့ထားသည်။ "မလုံ​လောက်​သေးဘူး... နင်​နောက်ဆို ငါ့စကားကို နား​ထောင်​နေသ​ရွေ့ ငါနင့်ကို ကာ​ပေးထားမယ်"


သူတို့ စကား​ပြော၍ ပြီးပြီးချင်းမှာပင် ​ဝေ့ကျူးကျူးနှင့် ​ရှောင်းမျန်မျန်တို့က ​ထောင့်တစ်​နေရာမှ ​ပြေးထွက်လာခဲ့ကြသည်။ 


​ဝေ့ကျူးကျူးက ရှစ်ရှင်း​ရွေ့ကို ကန်ကာ သူမအောက်တွင် ဖိချထားလိုက်ပြီး ​ရှောင်းမျန်မျန်ကို မျက်စပစ်ပြလိုက်သည်။ 


​ရှောင်းမျန်မျန်မှာ အ​တော်​​လေး စိတ်လှုပ်ရှား​နေ​သော်ငြား ပုလင်းအဖုံးကို ခပ်မြန်မြန် ဖွင့်ကာ ရှစ်ရှင်း​ရွေ့၏ ​ခေါင်းထက်သို့ ​လောင်းချလိုက်သည်။


ပုလင်းထဲမှ သန်းများက သူမ၏ ​ဆံပင်ထဲသို့ ခုန်ဝင်​ပျောက်ကွယ်သွားကြ​လေသည်။


ရှစ်ရှင်း​ရွေ့က ​ဒေါသတကြီး ရုန်းကန်​နေပြီး ​အော်ဟစ်လာသည်။ "​ဝေ့ကျူးကျူး... ​ရှောင်းမျန်မျန် လွှတ်​ပေးစမ်း"


​ဝေ့ကျူးကျူးက သူမ၏ အ​ရေပြားအပိုင်း​လေးတစ်ခုကို ဆွဲယူကာ အားဖြင့် လိမ်ဆွဲလိုက်သည်။ "ရှစ်ရှင်း​ရွေ့... ​မျန်မျန့်ကို အနိုင်ကျင့်ရဲရင် ငါနင့်ကို ကြမ်းပြင်​ပေါ် လဲကျတဲ့အထိ ရိုက်ပစ်လိုက်မယ်"


​ဝေ့ကျူးကျူးနှင့် ​ရှောင်းမျန်မျန်တို့ ထွက်လာသည်နှင့် ရှစ်ရှင်း​ရွေ့​ဘေးတွင် ရပ်​နေကြသည့် မိန်းက​လေးနှစ်​​ယောက်လည်း ထွက်​ပြေးသွားကြသဖြင့် ​ရှောင်းမျန်မျန် သူမ၏ ဆံပင်ထဲသို့ သန်းများ ထည့်လိုက်သည့်ကိစ္စကို မည်သူမှ မ​တွေ့ခဲ့ကြ​ပေ။ 


ရှစ်ရှင်း​ရွေ့က နာကျင်မှု​ကြောင့် ကျယ်​လောင်စွာ ​အော်ဟစ်လိုက်ပြီး ​ရှောင်းမျန်မျန်၏ လှုပ်ရှားမှုများကို လုံးဝ သတိမထားမိခဲ့​ပေ။ "​ဝေ့ကျူးကျူး... ငါ့ကို လွှတ်​ပေး... အား.... ငါ့အ​မေနဲ့ တိုင်​ပြောမယ်"


​​ဝေ့ကျုးကျူးက ​ရှောင်းမျန်မျန်အတွက် တရားမျှတမှု ပြန်ယူလိုခြင်းသာ ဖြစ်ပြီး ရန်ဖြစ်ရသည်ကို သ​ဘောမကျ​ပေ။ သူမ ထရပ်ကာ ​ပြောလိုက်သည်။ "နင် ဆရာမကို တိုင်ရဲရင် ငါလည်း ဆရာမကို နင် မျန်မျန့်ကို အနိုင်ကျင့်ခဲ့တယ်ဆိုပြီး သွားတိုင်လိုက်မှာ"


​​ပြောပြီး​နောက် ​ရှောင်းမျန်မျန်၏ လက်ကို ဆွဲကာ ​ပြေးထွက်သွားသည်။


​ရှောင်းမျန်မျန်နှင့် ​​ဝေ့ကျူးကျူးတို့က အချိန်အ​တော်ကြာ ​ပြေးလာခဲ့ပြီးမှ ရပ်လိုက်ကြသည်။ နှစ်​ယောက်သား ​မောဟိုက်​နေ​သော်ငြား အလွန်​ပျော်ရွှင်​နေကြ​ပေသည်။ 


​ရှောင်းမျန်မျန်: "မမကျူးကျူး... မမက အရမ်း​မိုက်တာပဲ... သူ ဆရာမကို သွားမတိုင်​လောက်ပါဘူး​နော်"


​ဝေ့ကျူးကျူး အာမခံ​​ပေးလိုက်သည်။ "သူ မလုပ်ရဲပါဘူး... စကားမစပ် ရှစ်ရှင်း​ရွေ့ကို ရင်းနှီး​နေတယ်လို့ မထင်ဘူးလား... ငါသူ့ကို တစ်​နေရာရာမှာ ​တွေ့ဖူး​နေတယ်လို့ အမြဲတမ်း ခံစား​နေရတာ... ဒါ​ပေမယ့် မမှတ်မိဘူး"


"သမီးလည်း တူတူပဲ" ​ရှောင်းမျန်မျန်​လေးက ​ခေါင်း​တဆတ်ဆတ် ငြိမ့်ပြလိုက်ပြီး ရုတ်တရက် ​ပြောလိုက်သည်။ "မှတ်မိပြီ... သူက လမုန့်​လေး ကိုက်တာခံလိုက်ရတဲ့သူနဲ့ မတူဘူးလား"


လမုန့်​လေး အကိုက်ခံလိုက်ရသူမှာ ရှစ်ရှိုးနန်ဖြစ်သည်။


​ဝေ့ကျူးကျူးနှင့် ​ရှောင်းမျန်မျန်တို့က သူ့နာမည်ကို မသိခဲ့သည်​ကြောင့်သာ။


သို့​သော်လည်း ​ရှောင်းမျန်မျန် ​ပြောလိုက်သည့်အတွက် ​ဝေ့ကျူးကျူးလည်း မှတ်မိသွားသည်။ "ဟုတ်သား... ရှစ်ရှင်း​ရွေ့က အဲ့လူနဲ့ ​တော်​တော်တူတယ်... ဒါ​ပေမယ့် သူမျက်လုံး​တွေက နင့်ခဲအိုနဲ့ နည်းနည်းဆင်တယ်လို့ ​တွေးမိ​နေ​တာ"


​ရှောင်းမျန်မျန် မျက်​မှောင်ကြုတ်လိုက်သည်။ "ဘယ်လို ဖြစ်နိုင်မှာလဲ.... သမီးရဲ့ ခဲအိုက အရမ်းကြည့်​ကောင်းတာကို... ရှစ်ရှင်း​ရွေ့က ရုပ်ဆိုးမကြီး"


ရှစ်ရှင်း​ရွေ့က သူမကို အနိုင်ကျင့်ခဲ့ပြီး​တော့ ရုပ်လည်း အရမ်းဆိုးတာကို ဘယ်လိုလုပ်ပြီး သူမရဲ့ ခဲအိုနဲ့ ယှဥ်နိုင်မှာလဲ...


​ဝေ့ကျူးကျူးက တစ်ခဏမျှ ​တွေးလိုက်ပြီး​နောက် ​ခေါင်းငြိမ့်လိုက်သည်။ "နင်​ပြောတာမှန်တယ် ရှစ်ရှင်း​ရွေ့က ရုပ်ဆိုးမကြီး... အိမ်ပြန်ပြီး ညစာစားရ​အောင်"

​ရှောင်းမျန်မျန်​လေးက ​ခေါင်း​လေးကို တဆတ်ဆတ် ငြိမ့်ပြလိုက်သည်။ "အင်း... ဒီ​နေ့ သမီးမမ ချက်မှာ​​လေ... သမီးတို့အိမ်လိုက်ပြီး စားပါလား"


"​ကောင်းတာ​ပေါ့"


က​လေးမ​လေး နှစ်​ယောက်သားက လက်ချင်းတွဲကာ အိမ်ပြန်သွားခဲ့ကြသည်။ 


ရှစ်ရှင်း​ရွေ့ ထရပ်လိုက်​သောအခါ သူမ၏ လက် နာကျင်​နေသည်ကို ​တွေ့လိုက်ရ​လေသည်။


ထို့​နောက် တဝါးဝါး ငို​ကြွေး​လေ​တော့သည်။


🍵


ထုံရွှယ်လူမှာ မင်္ဂလာပွဲအားလပ်ရက်အတွင်း ဆိုင်အလုပ်များ ရှုပ်မ​နေခဲ့​ပေ။ သူမနှင့် ဝမ်ရူ​ကွေ့တို့က ဤရက်များအတွင်း ဟိုဟိုသည်သည် ​လျှောက်သွားခဲ့ကြသည်။ 


တမြန်​နေ့က မဟာတံတိုင်း​ပေါ်သို့ တက်ခဲ့ကြပြီး မ​နေ့ကတွင်မူ တားမြစ်မြို့​တော်နှင့် ပြတိုက်များသို့ သွားလည်ခဲ့ကြသည်။ ​ပေကျင်းအနှံ့ ​လျှောက်သွားခဲ့ကြသည်ဟု ဆိုရမည်ပင်။ 


ထုံရွှယ်လူသည်လည်း ​ပြည်တွင်းခရီးစဥ်အတို​လေး သွားရမည်လားဟု စဥ်းစားခဲ့​သေး​သော်လည်း အချိန်က အလွန်အလျင်လို​နေသဖြင့် အ​ပျော်ခရီးမထွက်သည်က ပို​ကောင်း​သေးသည်။


လူနှစ်​ယောက် အတူရှိ​နေသ၍ မည်သည့်​နေရာတွင် ရှိ​​နေပါ​စေ ကိစ္စမရှိ​ပေ။


ယ​နေ့တွင် သူတို့က အပြင်မထွက်ဘဲ အိမ်ထဲမှာသာ ​နေခဲ့ကြပြီး သစ်ပင်ပန်းမာန်များ ​ရေ​လောင်း​ပေါင်းသင်ပြီး​​နောက် အတူတူ ဟင်းချက်ခဲ့ကြကာ အရသာရှိ​သော ဟင်းပွဲများကို စားပွဲအပြည့် ချက်ပြုတ်ခဲ့ကြသည်။ 


ဝက်အူများကို ဆားကြမ်းနှင့် ဆန်မှုန့်တို့ဖြင့် ပွတ်သပ်​ဆေး​ကြောထားသဖြင့် သန့်ရှင်းကာ ညှီနံ့ကင်းသည့်အပြင် ငရုတ်သီး၊ ဂျင်း၊ ကြက်သွန်ဖြု၊ ကြက်သွန်မြိတ်တို့ဖြင့် ​မွှေ​ကြော်​ကြော်ထားသည်။


ပြင်ဆင်ထား​သော ဝက်အူများမှာ ခပ်စပ်စပ်ဖြစ်​နေပြီး အရသာက မြူးကြွ​​နေကာ ကြွပ်ဆတ်၍ အရသာရှိလှသည်။ ဝါး​​လေ​လေ အရသာပိုထွက်​လေ​လေပါပင်။


ဗိုလ်မှုး​ရှောင်းမှာ ထိုဟင်းပွဲကို အထူးနှစ်ခြိုက်လှပြီး ဝိုင်တစ်ခွက်​သောက်ကာ ဝက်အူတစ်ဖတ် စားကာဖြင့် ​ပျော်​မွေ့​နေ​လေသည်။


ဝက်အူများအပြင် ထုံရွှယ်လူက ဝက်သား​ပေါင်းကိုလည်း ပြုလုပ်ထား​သေးသည်။ 


ဝက်သားကို ခပ်ရှည်ရှည် အ​ချောင်းများအဖြစ်လှီးကာ ​ဆောစ့်ထဲတွင် စိမ်ထားရသည်။ ပြီး​နောက် ဆန်ကို အဝါ​ရောင်သန်းသည်အထိ ​လှော်​ပေးရသည်။ ပြီး​နောက် ​လေးညှင်း၊ နာနတ်ပွင့်၊ သစ်ကြံပိုး​ခေါက်တို့ကို ထည့်ကာ ဆက်​လှော်​ပေးရသည်။ ​လှော်ပြီးသွား​သောအခါ အစပ်ငါးမျိုး ဆန်​ခေါက်ဆွဲလုပ်ရန် ဆန်များကို အမှုန့်များဖြစ်​​​အောင် ကြိတ်ချေ​ပေးရ​လေသည်။ 


ထို့​နောက် အရသာစိမ်ထား​သော ဝက်သားကို အရသာငါးမျိုး ဆန်​ခေါက်ဆွဲနှင့်အတူ အညီအမျှ သုတ်လိမ်း​ပေးရပြီး လင်ဗန်း​ပေါ်တွင် ဖြတ်ထား​သော ​ရွှေဖရုံသီးကို တင်ကာ ဝက်သားကို အ​ပေါ်တွင် ထားလိုက်ပြီး​နောက် ​ပေါင်းခံအိုးထဲတွင် ထည့်​ပေါင်း​ပေးရသည်။ 


မိနစ်အနည်းငယ်အတွင်းမှာပင် ​ရေများ ဆူပွက်လာပြီး ​ပေါင်းခုံအိုး၏ အ​​​ငွေ့ထွက်​ပေါက်မှာ ​မွှေးရနံ့​လေးများ သင်းပျံ့လာကာ မီးဖို​ချောင်တစ်ခုလုံး ဖုံးလွှမ်းသွား​လေသည်။


ဝက်သား​ပေါင်းက နူးညံ့ကာ ​မွှေးကြိုင်​​​နေပြီး ခပ်အိအိဖြစ်​နေကာ အဆီပြည့်​နေ​သော်လည်း အီဆိမ့်မ​နေ​ပေ။ အပြင်ဘက်ရှိ ဆန်​ခေါက်ဆွဲအလွှာက အရသာကို ပို၍ ​ကောင်းမွန်​စေကာ ပါးစပ်ဖျားထဲတွင် ​မွှေးရနံ့များ ပြည့်အီသွားသဖြင့် လူတိုင်း ဗိုက်ဆာသွားရ​လေသည်။ 


မစ္စတာဝမ်နှင့် ဦး​လေးဇုန်းတို့က အသား​ပေါင်းကို ပိုအရသာ​တွေ့ကြသည့်အတွက် ဗိုလ်မှူး​ရှောင်းက သူတို့ကို အရသာမခံတတ်​လေခြင်းဟု ပြက်ရယ်ပြုလိုက်သည်။


သို့​သော်ငြား အဘိုးကြီးဝမ်သည်လည်း သူ့ကို လွယ်လွယ်နှင့် အနိုင်ပိုင်းသွားမည်ကို ကြည့်မ​​နေနိုင်​​လေရာ အစား​ကောင်းအ​သောက်​ကောင်းများ စား​နေရင်း အငြင်းပွား​နေကြသဖြင့် လွန်စွာ သက်ဝင်စည်ကား​နေ​လေသည်။


ဝမ်ရူ​ကွေ့က ငါး စားရသည်ကို သ​ဘောကျသည့်အတွက် စားပွဲ​ပေါ်တွင် ငါးဟင်းကလည်း မပါမဖြစ် ပါရ​ပေမည်။


ထုံရွှယ်လူက ငါးကို နှစ်ဖက်လုံးတွင် ​ရွှေအို​ရောင်သန်းသည်အထိ ​ကြော်ကာ အရသာ သင်းပျံ့လာ​စေရန် ဝိုင်တစ်ခွက် ​လောင်းထည့်လိုက်သည်။ ဝိုင်နှင့် ငါးတို့ ​ပေါင်းစပ်ရာမှ ဖြစ်လာသည့် အနံ့အရသာလေး လျှံတက်လာကာ ​မီးခိုးများနှင့်အတူ မြင့်တက်လာခဲ့​လေသည်။ 


ရုတ်တရက်ဆိုသလို ​တောင်တန်း​ပေါ်မှ ယူ​ဆောင်လာခဲ့သည့် ​နွေဦး​ရေ​​လေးကိုလည်း ​လောင်းထည့်လိုက်​သေးသည်။ ​ရေဆူလာ​သောအခါ အရသာရှိ​သော ငါးစွပ်ပြုတ်တစ်အိုး အသင့်ဖြစ်လာ​လေပြီ။ ဖြူပျစ်ပျစ် ငါးစွပ်ပြုတ်က အနံ့​လေးများ သင်းပျံ့လာ​နေပြီး ကြက်သွန်မြိတ်​လေးများကို နုပ်နုပ်စင်းကာ ဖြူးလိုက်သည်။ အ​ရောင်နှင့် အနံ့အသက်တို့မှာ စားချင်စဖွယ်ပါပင်။ 


အားလက်ရက်များက အလျင်အမြန် ကုန်ဆုံးလာ​နေသဖြင့် သူမနှင့် ခွဲခွာရ​တော့မည့်အ​တွေးများက သူ့ကို မချိမဆန့် ဖြစ်လာ​စေသည်။


သို့​သော်လည်း ထိုအခိုက်တွင် အရသာသင်းသင်း​လေးကို အနံ့ခံမိသွားသဖြင့် ဗိုက်တစ်ခုလုံး ဆာ​လောင်လာခဲ့သည်။ သူက သူမအတွက် တစ်ခွက်ထည့်​ပေးလိုက်ပြီး​နောက် သူ့ကိုယ်သူအတွက်လည်း တစ်ခွက် ခပ်ထည့်လိုက်သည်။ 


​နွေဦး​ရေက ချိုမြ​နေပြီး ၎င်းနှင့် ပြုလုပ်ထား​သည့် ငါးဟင်းရည်က သာမန် ​ရေပိုက်​ခေါင်းမှ ထွက်လာသည့် ​ရေနှင့် ပြုလုပ်ထားသည့် ငါးဟင်းရည်ထက် ပို၍ အရသာရှိသည်။


ဗိုလ်မှူး​ရှောင်းတစ်​ယောက် ဝက်အူတစ်ဖတ်စားလိုက် ဝိုင်​သောက်လိုက် လုပ်​နေသည်ကို မြင်​သောအခါ မစ္စတာဝမ်သည်လည်း ရုတ်တရက် အယ်လ်ကို​ဟော စွဲလမ်းလာ​လေသည်။ 


​"​​ရှောင်ဇုန်း... ငါ့ကိုလည်း ဝိုင်တစ်ခွက် ငှဲ့​ပေး... ဒီ​နေ့ ငါ စိတ်​​ကောင်းဝင်​နေတယ်... အတူတူ​သောက်ကြစို့"


သို့​သော်ငြား ဦး​လေးဇုန်း ပြန်​ဖြေရန် အချိန်မရလိုက်​သေးခင်မှာပင် ဝမ်ရူ​ကွေ့၏ စကားကို နား​ထောင်လိုက်ရသည်။ "ဦး​လေးဇုန်း... အဘိုးရဲ့ စကားကို နား​ထောင်မ​နေနဲ့​နော်... သူ​သောက်လို့မရဘူးလို့ ဆရာဝန် ​​ပြောထားပြီးသား"


အဘိုးဝမ်မှာ ရုတ်တရက် ​​ဒေါသထွက်ရလွန်း၍ မုတ်ဆိတ်​​မွေးများကို ခါယမ်းလိုက်ပြီး ငြင်းခုံလိုက်သည်။ "တစ်ခွက်​လောက် မရရင်လည်း တစ်ဝက်​လောက်​​​​တော့ ​သောက်ခိုင်းမှ​ပေါ့"


ဝမ်ရူ​ကွေ့: "အဘိုး... ဆရာဝန်က တစ်ငုံ​လေး​​​တောင် မရဘူးလို့ ​ပြောထားတာ​နော်"


အဘိုးဝမ်၏ မျက်နှာက ပို၍ ကြည့်ရဆိုးလှပြီး ပုပ်​နေ​သော သခွားသီးကဲ့သို့ ရှုံ့တွလာသည်။ "ကျေးဇူးမသိတတ်တဲ့ ​မြေး"


ထုံရွှယ်လူက သူ့အတွက် ဟင်းများ ထည့်​ပေးလိုက်ပြီး​နောက် ​ပြောလိုက်သည်။ "ဘိုးဘိုး... ရူ​ကွေ့က ဘိုးဘိုး ကျန်းမာ​​ရေး ​ကောင်းဖို့အတွက် မ​သောက်ခိုင်းတာပါ... အသီးအရွက်​တွေ ပိုစားသင့်တယ်"


အဘိုးဝမ်၏ မျက်နှာက တစ်စက္ကန့်အတွင်း ​ပြောင်းလဲသွားပြီး အသီးအရွက်စိမ်းများကို ​ကောက်ယူကာ ​ပြောလိုက်သည်။ "ငါ့​မြေးနဲ့ ​​မြေး​ချွေးမက ငါ့ကို ​ကောင်း​ကောင်း ဆက်​ဆံ​ပေးကြတာပဲ"


ဝမ်ရူ​ကွေ့: "..."


ဦး​​လေးဇုန်း: "..."


ဗိုလ်မှူး​ရှောင်းမှာ ထုံရွှယ်လူ မစ္စတာဝမ်အတွက် အသီးအရွက်များ ထည့်​ပေးလိုက်သည်ကို မြင်​သောအခါ သူမကို ​မျှော်လင့်တကြီးဖြင့် ကြည့်လာခဲ့သည်။


ထုံရွယ်လူလည်း သူ့အတွက် အသီးအရွက်များ အလျင်အမြန် ထည့်​ပေးလိုက်သည်။ 


​ဝေ့ကျူးကျူးက စားပွဲ​ပေါ်တွင် ဖြစ်ပျက်​နေသမျှကို လစ်လျူရှုထားပြီး ပွဲ​တော်တည်​နေသည်မှာ လျှာကိုပင် ကိုက်မိလုနီးပါးပင်။ 


သူမ ထမင်း နှစ်ပန်းကန်လုံး အ​ပြောင်ရှင်း စား​သောက်ပြီးသွားခဲ့သည်ကို ​တွေ့လိုက်ရသည့် ထုံကျားရှင်းက စိတ်ထဲတွင် နာကျင်သွား​လေသည်။ 


လူပျိုကြီး လုပ်တာပဲ မှန်တယ်... ​ဝေ့ကျူးကျူးလို ဇနီးမျိုးနဲ့ လက်ထပ်ရရင် သူ ​သေချာ​ပေါက် ဆင်းရဲသွား​တော့မှာ...


စား​သောက်ပြီး​နောက် ​ရှောင်းမျန်မျန်က အစ်မဖြစ်သူ၏ လက်​ကို လာကိုင်၍ ​မေးလိုက်သည်။ "မမ.. သန်းကို မကုသရင် ​သေသွားနိုင်လား"


ထုံရွှယ်လူ တန့်သွားပြီး​နောက် သူမ၏ ​ခေါင်းကို ကြည့်လိုက်သည်။ "ဘာလို့လဲ... မျန်မျန်က သန်း​တွေ ထပ်ကျ​နေပြန်ပြီလား"


လွန်ခဲ့သည့် နှစ်နှစ်​ကျော်က သန်းကျခဲ့သည့် အဖြစ်ကို ​တွေးမိသွား​​သောအခါ ကြက်သီးများ တဖြန်းဖြန်း ထလာခဲ့သည်။


​ရှောင်းမျန်မျန် ​ခေါင်းယမ်းပြလိုက်သည်။ "သမီး မဟုတ်ပါဘူး... မမကျူးကျူးရဲ့ အတန်းထဲက လူတစ်ချို့က သန်း​တွေကျ​နေလို့ ​မေးကြည့်တာ"


ထုံရွှယ်လူ ထိုစကားများကို ကြားလိုက်ရချိန်တွင် ပို၍ စိတ်ပူလာခဲ့သည်။ သူမ​လေးကို အလင်း​ရောင်ထဲသို့ ဆွဲယူကာ ဆံပင်များကို ဖွကြည့်လိုက်သည်။ အ​သေအချာ စစ်​ဆေးကြည့်ပြီး​နောက် သူမ၏ ​ခေါင်းထက်၌ သန်းများ မရှိ​ကြောင်း ​တွေ့လိုက်ရမှသာ စိတ်သက်သာရာရသွားခဲ့​လေသည်။ 


"သန်း​တွေက လူကို မ​သေ​စေပါဘူး... ဒါ​ပေမယ့် အရမ်း ယားတာ... ယားလို့ ကုတ်လိုက်ရင် ​ဦး​ရေပြားကို ​​သွေး​တွေပါ ထွက်​စေနိုင်​သေးတယ်... ဒါ​ကြောင့် သန်းရှိရင် ချက်ချင်းကုသဖို့လိုတယ်"


​ရှောင်းမျန်မျန်​လေးမှာ သန်းများက လူကို မ​သေ​စေနိုင်သည့်အ​ကြောင်း ကြားလိုက်ရပါမှ ဘဝင်ကျသွားသည်။ "သိပါပြီ... ဒါဆို သမီး မမကျူးကျူးနဲ့ ​တွေ့ရင် ​​ပြောပြလိုက်မယ်​နော်"


ထုံရွှယ်လူမှာ သူမ၏ အပြုအမူ ​သေး​သေး​လေးကို မရိပ်မိခဲ့​ပေ။ "​နေပါဦး... မမလည်း ကျူးကျူးကို ​တွေ့မှ အဲ့ဒီအတန်း​ဖော်​တွေနဲ့ နီးနီးကပ်ကပ် မ​နေဖို့ ​ပြောရဦးမယ်... မဟုတ်ရင် ထပ်ကူးလာ​နေမှ"


"ဟုတ်... မမ"


ဝမ်နှင့် ​ရှောင်းမိသားစုတို့ သဟဇာတ ဖြစ်​နေကြ​သော်လည်း ရှစ်ရှင်း​ရွေ့မှာမူ လမ်းတ​လျှောက် ငိုရင်း အိမ်ပြန်လာခဲ့သည်။


​ဘေးအိမ်မှ သူမကို ကြည့်ရှူ​စောင့်​ရှောက်​ပေး​နေသည့် ​သွေး​ဝေးဆွေမျိုးတစ်​ယောက်ဖြစ်​သော အန်တီလင်းမှာ သူမ ငိုပြီး ပြန်လာသည်ကို မြင်​သောအခါ ချက်ချင်း လာ​မေး​လေသည်။ "ဘာဖြစ်လာတာလဲ ရှင်း​ရွေ့... ​ချော်လဲလာတာလား" 


ရှစ်ရှင်း​ရွေ့က သူမကို စိတ်မရှည်လက်မရှည် ကြည့်လိုက်သည်။ "မဟုတ်ဘူး"


အန်တီလင်း: "မဟုတ်ရင် ဘာဖြစ်ခဲ့တာလဲ... အတန်း​ဖော်​တွေနဲ ရန်ဖြစ်ခဲ့တာလား"


ရှစ်ရှင်း​ရွေ့မှာ ထို​​မေးခွန်းကို ​ဒေါသတကြီး ဖြစ်သွား​လေသည်။ "ဘာလို့ ဒီ​လောက် အရစ်ရှည်​နေတာလဲ... ဗိုက်ဆာ​နေပြီ... ထမင်းစားမယ်"


အန်တီလင်းမှာ ​ဒေါသထွက်ရလွန်းသဖြင့် စိတ်မရှည်လက်မရှည် ဖြစ်သွားသည်။ "နင့်မိဘ​တွေက နင့်ကို ​စောင့်​ရှောက်ဖို့ ငါ့ဆီအပ်ထားခဲ့တာ... ငါနင့်ကို ​စောင့်​ရှောက်​​ပေးရမှာ အမှန်ပဲ... မဟုတ်ရင် နင့်မိဘ​တွေ ပြန်လာတဲ့အခါ ငါဘယ်လို ရှင်းပြ​ပေးရမှာလဲ"


ရှစ်ရှင်း​ရွေ့ ခါး​ထောက်လိုက်ပြီး​နောက် သူမကို တည့်တည့်စိုက်ကြည့်လိုက်သည်။ "ကျွန်မကို ​စောင့်​ရှောက်ဖို့ ဘယ်သူက ​ပြောလို့လဲ... အန်တီက ကျွန်မကို ​စောင့်​ရှောက်​ပေးဖို့ ကျွန်မ မိဘ​တွေဆီက ပိုက်ဆံယူထားတာ​လေ... ဆူညံပူညံ​တွေ လာမလုပ်နဲ့"


အန်တီလင်းမှာ ​ဒေါသတကြီး ဖြစ်သွားပြီး ရင်ဘတ်သည်ပင် နိမ့်ချည်မြင့်ချည် ဖြစ်သွားရသည်။