🍵Chapter 319
ထိုအဆင့်တွင် လူ ငါးယောက်ခြောက်ယောက်မျှ အထုတ်ခံလိုက်ကြရပြီး လူဆယ့်ငါးယောက်သာ ကျန်ရှိနေလေတော့သည်။
ယခင်အလုပ်အတွေ့အကြုံများအကြောင်း မေးမြန်းသည့်အပြင် သူတို့၏ အမူအကျင့်များကိုလည်း စစ်ဆေးသေးသည်။ ဂဏာမငြိမ်သော မျက်လုံးများဖြင့် မကြည့်ရ၊ ရှေ့ပြန်နောက်ပြန် စကားလျှောက်မပြောရ၊ ချွဲပစ်မနေရ... အသေးအဖွဲ့ သဘောမထားရ...
ထို့ကြောင့် ဤနည်းဖြင့် လူ သုံးလေးယောက် ပြုတ်သွားပြန်သည်။
အနံ့ခံသည့်အချိန်တွင်လည်း ကိုယ်နံ့ဆိုးများ ရှိမရှိ၊ မနှစ်မြို့ဖွယ်အနံ့များ ရှိမရှိနှင့် ဖျားနာခြင်း ရှိမရှိအတွက် အကြိုစစ်ဆေးမှုများ လုပ်ရန် ဖြစ်ကာ သူမက သူတို့ အလုပ်မဝင်ခင် ကျန်းမာရေးစစ်ဆေးမှုလုပ်ခိုင်းထားသေးသည်။
ထိုအခိုက် နှစ်ယောက်ပြုတ်သွားပြန်သည်။
နောက်ဆုံးအဆင့်မှာ တရုတ်ဆေးဝါးစစ်ဆေးမှုနှင့် မတူလေဘဲ အသီးအရွက်များ လှီးဖြတ်ခိုင်းခြင်းဖြစ်သည်။
အစားအသောက်လောကတွင် မီးဖိုချောင်ဓါးကို မကိုင်တွယ်နိုင်ပါက အစကတည်းကပင် သူတို့ကို သင်ယူခိုင်းရန် သူမတွင် စိတ်ရှည်သည်းခံမှု မရှိပေ။
အဆုံးတွင် လူငါးယောက်သာ ကျန်ရစ်လေတော့သည်။
လူငါးယောက်အကြား တစ်ယောက်က ကျန်းပိုင်ဟွေ့၏ ဆွေမျိူးဖြစ်ကာ ကျန်သည့် လေးယောက်က အခြားမေဂျာမှ အတန်းဖော်များ၏ ဆွေမျိုးများ ဖြစ်သည်။
ကျန်းပိုင်ဟွေ့၏ ဆွေမျိုးက အသက်နှစ်ဆယ်အရွယ် လူငယ်လေးတစ်ယောက် ဖြစ်ပြီး ကြည့်ကောင်းကာ သန့်သန့်ရှင်းရှင်း နေတတ်သူ ဖြစ်သည်။ ကျန်းပိုင်ဟွေ့၏ ဆွေမျိုးဖြစ်နေသည့်အတွက် ထောင်လွှားနေခြင်းလည်း မရှိပေ။
ထုံရွှယ်လူ အတော်လေး ကျေနပ်သွားလေသည်။
ကောင်းချွန်းယွီက သူမကို ယခုထက်ထိ အကြောင်းမပြန်လာသေးသဖြင့် လူငါးယောက်အပေါ် တိကျသော စီစဥ်မှုများ မလုပ်သေးသော်လည်း ဆက်သွယ်ရန် အချက်အလက်များ ချန်ထားခိုင်းလိုက်ပြီး မကြာခင် ဆက်သွယ်မည် ဖြစ်ကြောင်း ပြောလိုက်သည်။
အင်တာဗျူးမှ အိမ်ပြန်လာသည်နှင့် ကောင်းချွန်းယွီနှင့် ကောင်းဝေ့ဖျင်တို့ ဧည်ခန်းတွင် ထိုင်စောင့်နေကြသည်ကို တွေ့လိုက်ရသည်။
သူမ ပြန်လာသည်ကို မြင်သောအခါ ကောင်းချွန်းယွီ ပြုံး၍ ထရပ်လာသည်။ "မန်နေဂျာထုံ... ပြန်လာပြီလား"
ထုံရွှယ်လူ သူတို့အား တွေ့လိုက်သောအခါ သူတို့၏ လာရင်း ရည်ရွယ်ချက်ကို ခန့်မှန်းမိသွားပြီး တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။ "အစ်မချွန်းယွီ ဒီနေ့ ရောက်လာတာ ဆုံးဖြတ်ချက် ချပြီးသွားပြီမို့လို့ ထင်တယ်"
ကောင်းချွန်းယွီ ထုံရွှယ်လူအား သဘောအကျရဆုံးမှာ သူမ၏ သေသပ်သည့် ပုံပန်းသွင်ပြင်ကြောင့် ဖြစ်သည်။
သူမ ဤဆုံးဖြတ်ချက်ကို ချရသည့်အကြောင်းမှာလည်း စားသောက်ဆိုင်မန်နေဂျာ၏ အကျင့်စရိုက်နှင့်လည်း ဆက်စပ်နေသည်။
အရှေ့လေပြေစားသောက်ဆိုင်၏ လက်ရှိ မန်နေဂျာက လူဆိုးတစ်ယောက် မဟုတ်သော်ငြား စရိုက်ကမူ အလွန်ပင် ယောက္ခမဆန်လှသည်။ သူက အချို့အရာများကို ထပ်ကာထပ်ကာ လုပ်ရန် တုံ့ဆိုင်းနေတတ်သည်။ အရှေ့လေပြေစားသောက်ဆိုင်၏ စီးပွားရေး တဖြည်းဖြည်း ကျဆင်းလာသည်မှာ အံ့သြစရာ မဟုတ်ပေ။
အရှေ့လေပြေစားသောက်ဆိုင်က ထုံရွှယ်လူ မန်နေဂျာ လုပ်ခဲ့စဥ်က အလွန် စီးပွားတက်ခဲ့သည်ဟု သူမ အမြဲတမ်း တွေးနေမိသည်။
လွန်ခဲ့သည့် နှစ်ရက်အတွင်း သူမက အတော်လေး တွေးတောခဲ့သည်။ သူမ၏ မိသားစုကမူ ထုံရွှယ်လူအတွက် အလုပ်လုပ်ပေးရန် အလုပ်ထွက်မည်ကို သဘောမတူကြပေ။
သူတို့က အရှေ့လေပြေစားသောက်ဆိုင်တွင် တည်ငြိမ်နေပြီဟု တွေးခဲ့ကြသော်လည်း အဆုံးတွင် သူမက အရှေ့လေပြေစားသောက်ဆိုင်၏ အလုပ်နေရာကို ရောင်းချလိုက်သည်။
သူမက ထုံရွှယ်လူ၏ လုပ်ရည်ကိုင်ရည်ကို အသိဆုံးပင်။ သူမလက်ထက်တွင် အရှေ့လေပြေစားသောက်ဆိုင် ပြန်လည်ဦးမော့လာသည်ကို မျက်မြင်တွေ့ခဲ့ရပြီး စားပွဲထိုးအဖြစ်မှ ပထမတန်းစား စားသောက်ဆိုင်၏ မန်နေဂျာ ဖြစ်လာခဲ့သည်ကိုလည်း မျက်မြင်တွေ့ခဲ့ရသည်။
လုပ်ရည်ကိုင်ရည် ရှိသည့် မန်နေဂျာနောက်သို့ လိုက်ပါက သူတို့၏ အနာဂါတ်သည်လည်း သေချာပေါက် ဆိုးဝါးမည် မဟုတ်ပေ။
ထိုအကြောင်း တွေးမိသွားသောအခါ ကောင်းချွန်းယွီ ခေါင်းငြိမ့်ပြလိုက်သည်။ "ဟုတ်... ကျွန်မနဲ့ ဝေ့ဖျင်က လာပြီး ကူညီပေးဖို့ ဆုံးဖြတ်လိုက်တယ်... ဒါပေမယ့် ဆရာမုန့်ကတော့ စားသောက်ဆိုင်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ထားတယ်... ဒါကြောင့် ရှင့်ကို တောင်းပန်စကား ပြောခိုင်းလိုက်ပါသေးတယ်"
"တောင်းပန်စရာ မလိုပါဘူး... အစ်မတို့ မလာချင်ရင်တောင် အပြစ်မတင်ပါဘူး... ဒါပေမယ့် အစ်မတို့ လာပြီး ကူညီပေးမယ်ဆိုတော့ ကျွန်မ အရမ်းပျော်တယ်"
ထုံရွှယ်လူ လက်ကမ်းပေးလိုက်သည်။ "ကြိုဆိုပါတယ်... ကျွန်မတို့ ကုမ္ပဏီ တိုးတက်လာရင် အစ်မတို့က ကုမ္ပဏီရဲ့ သူရဲကောင်းကြီးတွေ ဖြစ်လာမှာပါ"
ထိုစကားကို ကြားသောအခါ ကောင်းချွန်းယွီတစ်ယောက် စိတ်လှုပ်ရှားမှုတို့ကြောင့် ရှက်သွေးဖြာသွားသည်။ "ကျေးဇူးပါ မန်နေဂျာထုံ... ကျွန်မတို့ သေချာပေါက် အလုပ်ကြိုးစားမှာပါ"
စဥ်းစားပြီးသွားသောအခါ ထုံရွှယ်လူ ကောင်းချွန်းယွီနှင့် ကောင်းဝေ့ဖျင်တို့အား ကျောင်းနောက်မှ ဟော့ပေါ့ဆိုင် ဖွင့်လှစ်ရာ၌ ကူညီစေရန် ဆုံးဖြတ်လိုက်သည်။
အခြားသော လူငါးယောက်က သူမနှင့်အတူ စားသောက်ဆိုင်စီးပွားရေးကို လည်ပတ်ကြမည် ဖြစ်သည်။
သူမက ကောင်းဝေ့ဖျင်နှင့် ကောင်းချွန်းယွီတို့၏ အကျင့်စရိုက်ကို ယုံကြည်နေဆဲ ဖြစ်ပြီး လူသစ်ငါးယောက်ကိုမူ လေ့လာရန် လိုအပ်နေဆဲ ဖြစ်သည်။
စားပွဲထိုးနေရာက လူလုံလောက်သွားပြီ ဖြစ်၍ သူမက စားဖိုမှူးတစ်ယောက်နှင့် မန်နေဂျာတစ်ယောက် ထပ်ခေါ်လိုပါသော်ငြား ထိုနေရာနှစ်ခုက လူရနိုင်ရန် မလွယ်ကူပေ။
စားဖိုမှူးနေရာကို တဖြည်းဖြည်း ရှာနိုင်ပါသေးသည်။ အကြောင်းမှာ သူမက ပထမတွင် သူမကိုယ်တိုင် ထွက်လုပ်ကာ စားသောက်ဆိုင်ကို လူသိများလာစေရန် ရည်ရွယ်ထားသောကြောင့် ဖြစ်သည်။
မန်နေဂျာနေရာအတွက်မူ လူအရေးတကြီး လိုအပ်နေသည်။
ထိုအခိုက် ကျန်းတန့်ဟုန်နှင့် သူ့အမျိုးသား တန့်ဟုန်တို့က သူမကို လာတွေ့ခဲ့ကြသည်။
တန့်ဟုန်က တဲ့တိုးပြောလိုက်သည်။ "ရဲဘော်ထုံ... စားသောက်ဆိုင်မန်နေဂျာနေရာ ခန့်ဖို့ လူရှာနေတယ်ဆို"
ထုံရွှယ်လူ ခေါင်းငြိမ့်ပြလိုက်သည်။ "တစ်ယောက်ယောက်ကို မိတ်ဆက်ပေးမလို့လား"
တန့်ဟုန်: "ရဲဘော်ထုံ ကျွန်တော်ဆိုရင်ရော ဘယ်လို သဘောရလဲ... မင်းရဲ့ စားသောက်ဆိုင်မှာ မန်နေဂျာ ဖြစ်ဖို့ အရည်အချင်း ပြည့်မှီရဲ့လား"
ထုံရွှယ်လူ ထိုစကားကို ကြားချိန်တွင် အံ့အားသင့်သွားသည်။ "ရှင်က အစိုးရပိုင် စားသောက်ဆိုင်ကနေ နှုတ်ထွက်မလို့လား"
တန့်ဟုန် ခေါင်းငြိမ့်ပြလိုက်သည်။ "ရဲဘော်ထုံသာ ကျွန်တော့်ကို ခန့်ဖို့ ဆန္ဒရှိရင်... လာပြီး အလုပ်လုပ်ပါ့မယ်... ကျွန်တော်က မသင့်တော်ဘူးဆိုရင်တော့ အခြား အစီအစဥ်တစ်ခု လုပ်ရမှာပေါ့"
ဆိုလိုသည်မှာ သူ့အနေဖြင့် အစိုးရပိုင်စားသောက်ဆိုင်မှ အလုပ်ထွက်ရန် ဆုံးဖြတ်ထားသည်ဟုပင်။
ထုံရွှယ်လူ ကျန်းတန့်ဟုန်ကို တစ်ချက်ကြည့်လိုက်သည်။ "အစ်မတန့်ဟုန်ရော ဘယ်လို စဥ်းစားလဲ"
ကျန်းတန့်ဟုန်က သိမ်သိမ်မွေ့မွေ့ ပြုံးပြလိုက်သည်။ "ငါကတော့ သူ့ဆုံးဖြတ်ချက်ကို လေးစားမှာပါ"
ထုံရွှယ်လူ ခေါင်းငြိမ့်ကာ တန့်ဟုန်ကို ပြန်ကြည့်လိုက်သည်။ "မန်နေဂျာတန့်ကရော ဘာလို့ အစိုးရပိုင်စားသောက်ဆိုင်ကနေ အလုပ်ထွက်ချင်တာလဲဆိုတာ ပြောပြလို့ ရမလား"
တန့်ဟုန် ပြောလိုက်သည်။ "လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း လူတွေက အပြင်ဘက်မှာ တိတ်တိတ်လေး စီးပွားရေး လုပ်ကြတာ ပိုများလာတာကို သတိထားမိတယ်... ဘူတာရုံနဲ့ စက်ရုံရှေ့တွေမှာတောင် မနက်စာ နေ့လည်စာတွေကို တိတ်တဆိတ် ရောင်းချနေတဲ့ ဆိုင်လေးတွေ ရှိလာနေတယ်... ဒါတွေက အစိုးရပိုင်စားသောက်ဆိုင်လုပ်ငန်းအပေါ် သက်ရောက်မှုတွေ ရှိလာတယ်"
"အခု အစိုးရဘက်က စီးပွားရေး ဖွံ့ဖြိုးဖို့ တွန်းအားပေးနေတယ်... ကျွန်တော်ကတော့ ဒီအတိုင်းဆက်သွားရင် အနာဂါတ်မှာ စီးပွားရေး လုပ်တဲ့သူတွေ ပိုပိုများလာနိုင်တယ်လို့ တွေးမိတာပဲ... ဒီလိုဆိုရင် အစိုးရပိုင်စားသောက်ဆိုင်လုပ်ငန်းက တဖြည်းဖြည်း ကျဆင်းလာတော့မှာ... အခုအချိန်က ခုန်ထွက်ဖို့ အကောင်းဆုံးအချိန်လို့ တွေးမိလို့ပါ"
ထုံရွှယ်လူကိုယ်တိုင်ကပင် အစိုးရပိုင်စားသောက်ဆိုင်၌ တန့်ဟုန်၏ လုပ်ရည်ကိုင်ရည်က သိပ်မဆိုးဟု ခံစားရသည်။ ယခုတွင် သူ့စကားကို ကြားလိုက်ရသည့်အတွက် တန့်ဟုန်၏ လုပ်ရည်ကိုင်ရည်အပေါ် ပိုပို၍ သေချာလာခဲ့သည်။
"မန်နေဂျာတန့်က ကိုယ်တိုင် စီးပွားရေး စလုပ်ဖို့ မတွေးမိဘူးလား"
တန့်ဟုန် ပြုံး၍ ဆက်ပြောလိုက်သည်။ "ကျွန်တော်လည်း တွေးမိပါတယ်... ဒါပေမယ့် အရင်းအနှီး အများကြီး မရှိတာရော စွန့်စားမှု ကြီးတာရောကြောင့် ပါ... ကျွန်တော်သာ ငွေဆုံးရှုံးသွားရင် ကျွန်တော့်မိသားစုကပါ ကျွန်တော်နဲ့အတူ အနောက်တောင်လေကို သောက်နေရမှာစိုးလို့"
ထုံရွှယ်လူ ထရပ်ကာ လက်ဆန့်ထုတ်၍ ပြောလိုက်သည်။ "ကြိုဆိုပါတယ် မန်နေဂျာတန့်... လာမဲ့ရက်တွေမှာ အဆင်ပြေပြေ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ မျှော်လင့်ပါတယ်"
တန့်ဟုန်တွင် ကာလဒေသနှင့် လိုက်လျောညီသည့် လုပ်ရည်ကိုင်ရည်ရှိသည်။ သူမ၏ စားသောက်ဆိုင်တွင် အလုပ်လုပ်ကိုင်ရန် ကိုယ်တိုင် လာရောက်ကမ်းလှမ်းလာလေရာ သူမအတွက် အင်အားအကြီးကြီး ရခြင်းပင် ဖြစ်လေသည်။ အနာဂါတ်တွင် သူမ၏ စားသောက်ဆိုင်ကို သူ့လက်ထဲသို့ စိတ်ချလက်ချ ထားနိုင်ပေတော့မည်။
တန့်ဟုန်လည်း အလျင်အမြန် ထလာကာ သူမ၏ လက်ကို ဆွဲ၍ ဆိုလိုက်သည်။ "အတူတူ ပူးပေါင်းဆောင်ရွက်ကြတာပေါ့"
ထုံရွှယ်လူ လူများ ခန့်အပ်နေစဥ်မှာပင် ချန်ရှို့ယွင်နှင့် ရှစ်ရှိုးနန်တို့သည်လည်း အဝတ်အစားတစ်သုတ်ကို သယ်ယူကာ ရှန်းကျန့်မှ ပြန်လာခဲ့ကြလေသည်။
ချန်ရှို့ယွင်နှင့်ရှစ်ရှိုးနန်တို့သည် ရှန်းကျန့်မှ အထည်အမြောက်အများကို ပြန်သယ်လာကြပြီး ရှိသမျှပိုက်ဆံကုန်ခဲ့ကြကာ အလွန်ပင်ပန်းနေကြသည်။
အိမ်ပြန်ရောက်သည်နှင့် ရှစ်ရှိုးနန်က ကုတင်ပေါ် ပြိုလဲကျသွားပြီး မထနိုင်တော့ချေ။
သူက အဝတ်အစားများကို မြေပြင်ပေါ် ပစ်ချလိုက်သည်ကိုမြင်သည့်အခါ ချန်ရှို့ယွင်မှာ အလွန်ဒေါသထွက်သွားကာ နဖူး၌ သွေးကြောများပင် ထောင်လာသော်လည်း နောက်ဆုံး၌ အ၀တ်အစားများကို ကောက်ယူကာ သပ်သပ်ရပ်ရပ်ပြုလုပ်သည်။
သူမ ရှင်းလင်းရေးမပြီးခင်မှာ ရှစ်ရှင်းရွေ့က မီးရှူးမီးပန်းများကဲ့သို့ အပြင်မှ တရှိန်ထိုး ပြေးဝင်လာပြီး " မေမေ၊ မေမေနဲ့ဖေဖေတို့ နောက်ဆုံးတော့ ပြန်လာပြီ။ မေမေတို့သာ ပြန်မလာဘူးဆိုရင် သမီးတော့ ဆိုးဆိုးရွားရွားအနိုင်ကျင့်ခံရမှာ..."
ချန်ရှို့ယွင်မှာ သူမ တစ်ကိုယ်လုံး ပြိုကျလုနီးပါး ပင်ပန်းနေပြီး အထူးသဖြင့် သူမ၏ခါးက အလွန်နာကျင်နေပြီး မတ်မတ်ဆန့်ရန်ပင် ခက်ခဲနေသည်။ ရှစ်ရှင်းရွေ့မှ သူမဆီ တည့်တည့်တိုးဝင်လာသည့်အခါ နောက်သို့ ခြေနှစ်လှမ်းခန့် နောက်ပြန်ဆုတ်သွားပြီး သူမ၏ကျောအောက်ပိုင်းသည် အနောက်မှ စားပွဲနှင့် ရိုက်မိသွားကာ သူမ၏မျက်နှာမှာ နာကျင်မှုကြောင့် ရှုံ့မဲ့သွားသည်။
" ဘာလုပ်နေတာလဲ ကလေးလေး။ အရမ်းနမော်နမဲ့နိုင်လွန်းတယ်။ မေမေ မသင်ပေးခဲ့ဘူးလား။ မိန်းကလေးတစ်ယောက်က နူးညံ့သိမ်မွေ့ရမယ်၊ အခု သမီးပုံစံကို ကြည့်စမ်း "
ရှစ်ရှင်းရွေ့သည် မတိုင်ခင်ကတည်းက ငိုချင်ယောင်ဆောင်နေခဲ့ပြီး သူမ မိခင်ဖြစ်သူသည် သူမကိုချော့ရမည့်အစား ပြန်လာသည်နှင့် ဆူပူကြိမ်းလိမ့်မည်ဟု သူမ မျှော်လင့်ထားခဲ့ချေ။ သူမက မြေပြင်ပေါ်ထိုင်ချလိုက်ပြီး " ဖေဖေ၊ ဖေဖေ့သမီးလေးက သေတဲ့အထိ အရိုက်ခံရတော့မယ်။ ဖေဖေ့... ဝူး..."
ရှစ်ရှင်းရွေ့၏ အသံသည် ၀မ်နည်းပူဆွေးစွာ ငိုကြွေးသံကဲ့သို့ ကျယ်လောင်သည်။ ထိုအသံမှာ ကျောက်စက်ဖောက်သံကဲ့သို့ဖြစ်နေပြီး ချန်ရှို့ယွင်အား ခေါင်းကိုက်စေသည်။
ရှစ်ရှိုးနန်သည် ဆူညံသံကြောင့် နိုးလာပြီး စိတ်မရှည်သည့် အကြည့်နှင့် ဆူပူလိုက်သည်။ " ပြန်ရောက်တာနဲ့ ကလေးကို ဆူနေတယ်။ ဆူဆူညံညံတွေလုပ်မယ်ဆိုရင် ဒီကနေ ထွက်သွား "
ချန်ရှို့ယွင်သည် ဒေါသထွက်လွန်းသဖြင့် သွေးအန်ကာ သေဆုံးလုနီးပါးပင်။
သူမ၏အမေ အဆူခံရသည်ကိုမြင်တော့ ရှစ်ရှင်းရွေ့က အောင်ပွဲခံလိုက်ရသကဲ့သို့ ခံစားရပြီး သွားတွားကာ သူမအဖေ၏ အိပ်ယာဘေးသို့ ပြေးသွားပြီးနောက် လက်ကိုကိုင်လိုက်သည်။ " ဖေဖေ၊ ဖေဖေပြန်လာတဲ့အခါ ဂါ၀န်လှလှလေးတစ်ထည် ယူလာပေးမယ်ဆို၊ ဘယ်မှာလဲ "
ရှစ်ရှိုးနန်သည် အိပ်ငိုက်နေဆဲဖြစ်ပြီး မျက်လုံးများပင် သေချာမဖွင့်နိုင်ချေ။ သူက စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် ပြန်ဖြေသည်။ " မင်းအမေကို မေးလိုက် "
ထို့နောက် တစ်ဖက်သို့ လှိမ့်ကာ အိပ်ပျော်သွားပြန်သည်။
ရှစ်ရှင်းရွေ့သည် သူမ အမေ၏ ဆူပူကြိမ်းမောင်းခြင်းကို ခံခဲ့ရပြီး ယခုအချိန်တွင် သူမ အမေက သူမကို ဂရုမစိုက်ချင်ဟု ခံစားရသောကြောင့် သူမကိုယ်တိုင် ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် ပြေးသွားကာ အဝတ်အစားများကို စတင်လှန်လောရှာဖွေလိုက်ပြီး ချန်ရှို့ယွင် ယခုလေးတင် စနစ်တကျပြုလုပ်ထားသည့် အဝတ်အစားများကို ရှုပ်ပွစေသည်။
ချန်ရှို့ယွင်၏ ရင်ဘတ်သည် ဒေါသအလွန်ထွက်သဖြင့် မောက်တက်လာပြီး " မေမေ အခုလေးတင် သပ်သပ်ရပ်ရပ်လုပ်ထားတာ၊ ရပ်လိုက် "
ရှစ်ရှင်းရွေ့က သူမကို မျက်နှာတိမျက်နှာထားနှင့် ကြည့်လိုက်သည်။ " သမီး အဝတ်အစားအသစ်လိုချင်တယ်၊ မေမေ သမီးကိုမပေးဘူးဆိုရင် ဖေဖေ့ကို နှိုးလိုက်ပြီး မေမေက သမီးကို ရိုက်တယ်လို့ ပြောပစ်မယ် "
ရှစ်ရှိုးနန်တွင် ပြင်းထန်သည့် စိတ်မကြည်မသာဖြစ်မှုရှိပြီး အိပ်ရေးမဝမီ နိုးလာပါက တစ်စုံတစ်ယောက်ကို ဆူပူကြိမ်းမောင်းမည်မှာ သေချာသည် ။ ချန်ရှို့ယွင်သည် သူနှင့် စကားမများလိုပေ။
သို့သော် သူမ သမီး၏ ခြိမ်းခြောက်သည့်စကားများကို ကြားလိုက်ရသည့်အခါ ဒေါသများထွက်လာကာ အသက်ရှူမဝနိုင်အောင်ပင် ဖြစ်သွားသည်။ သူမ ဤကဲ့သို့ စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ကလေးတစ်ယောက် မည်သို့ မွေးခဲ့မိသနည်း။
ငယ်စဉ်က ၀မ်ရူကွေ့ နှင့် နှိုင်းယှဉ်ပါက ရှစ်ရှင်းရွေ့သည် နတ်ဆိုးလေး လူပြန်ဝင်စားခြင်းနှင့် ဆင်တူပြီး အထူးသဖြင့် ရှစ်ရှိုးနန်၏ သူမကို ကျောထောက် နောက်ခံထားမှုကြောင့် သူမ မိခင်၏ စကားကို လုံးလုံး နားမထောင်ချေ။
ချန်ရှို့ယွင်သည် ဂါ၀န်နှစ်ထည်ကို ရှာပြီး သူမအား ပေးရုံမှတပါးရွေးချယ်စရာမရှိပေ။
ရှစ်ရှင်းရွေ့၏ မျက်လုံးများမှာ တောက်ပလာပြီး ဂါ၀န်ကိုယူပြီးနောက် ပြောသည်။ " သမီးကို မုန့်ဖိုးနည်းနည်းပေး၊ မုန့်ဖိုးမရှိတော့ဘူး "
ချန်ရှို့ယွင် မျက်မှောင်ကြုတ်လိုက်သည်။ " မေမေ ထွက်သွားတုန်းက သမီးကို ငါးယွမ် ပေးခဲ့တယ် မဟုတ်လား၊ ဘယ်နှစ်ရက်ရှိသေးလို့ အကုန်လုံး ဒီလောက်မြန်မြန်သုံးကုန်သွားရတာလဲ "
ရှစ်ရှင်းရွေ့က သူမ၏ မျက်လုံးများကို လှန်ကြည့်လိုက်သည်။ " စာရေးကိရိယာဝယ်လိုက်တာ။ မြန်မြန် မုန့်ဖိုးပေး "
ရှစ်ရှိုးနန်သည် တစ်ဖက်တွင် တစ်စုံတစ်ရာကို ညည်းတွားနေပြီး ချန်ရှို့ယွင်က ငွေတစ်ယွမ်ကို တွန့်ဆုတ်စွာထုတ်ပေးလိုက်သည်။ " ပိုက်ဆံကို လျှောက်မသုံးနဲ့၊ သကြားလုံးမဝယ်နဲ့၊ သမီးရဲ့သွားတွေ…"
သို့သော် သူမ စကားမဆုံးခင်မှာ ရှစ်ရှင်းရွေ့က မုန့်ဖိုးနှင့်ဂါ၀န်ကို ဆွဲယူပြီး ခြံထဲတွင် သူမနှင့် ရွယ်တူမျာကို ကြွားဝါရန် ပြေးသွားလေသည်။