အပိုင်း၃၂၁
Viewers 67k

🍵Chapter 321



အပြင်ဘက်တွင် လုပ်စရာ ကိစ္စရပ်များရှိသောကြောင့် ကျန်းပိုင်ဟွေ့၏ မိခင်က မိန်းကလေးအုပ်စုကို ကူညီရန် ခေါ်သွားသည်။ အခန်းထဲ၌ ထုံရွှယ်လူနှင့် ကျန်းပိုင်ဟွေ့သည်သာ ကျန်ရှိတော့သည်။


ကျန်းပိုင်ဟွေ့က ထုံရွှယ်လူ၏လက်ကိုကိုင်လိုက်ပြီး " ငါတို့နိုင်ငံခြားကိုအတူတူသွားလို့ရရင်ကောင်းမှာပဲ၊ ဒါပေမဲ့ နင်ကစီးပွားရေးနယ်ပယ်ထဲ ၀င်လိုက်တယ် "


ထုံရွှယ်လူက ပြုံးပြီး ပြန်‌ဖြေသည်။ " လူတိုင်းမှာ သူ့ရည်မှန်းချက်ကိုယ်စီရှိကြပြီး ငါ့အခြေအနေက နိုင်ငံခြားသွားဖို့ အဆင်မပြေဘူး " 


ကျန်းပိုင်ဟွေ့က သူမ၏အခြေအနေကို သိသဖြင့် ဆက်မပြောချေ။ သူမက ခေါင်းစဉ်ပြောင်းလိုက်ပြီး မေးမြန်းသည်။ " ငါ့ဝမ်းကွဲကို နင်ဘယ်လိုထင်လဲ။ နင့်ဘေးမှာ ခုနက ရပ်နေခဲ့တဲ့တစ်ယောက်လေ "


ထုံရွှယ်လူက ခဏလောက်စဉ်းစားပြီးနောက် မေးသည်။  " မျက်နှာဝိုင်းဝိုင်းနဲ့ တစ်ယောက်လား "


ကျန်းပိုင်ဟွေ့ က ခေါင်းညိတ်သည်။ " ဟုတ်တယ် သူမပဲ၊ ငါ့ဝမ်းကွဲက ဒီနှစ်မှာ အသက် ဆယ့်ကိုးနှစ်ရှိပြီ။ အထက်တန်းကျောင်းအောင်ပြီးသွားပြီ။ အရင်က ကောလိပ်ဝင်ခွင့် စာမေးပွဲလည်း ဖြေခဲ့ပေမယ့် ကံမကောင်းစွာနဲ့ မအောင်မြင်ခဲ့ဘူး "



ထုံရွှယ်လူက " သူမ  စာမေးပွဲကို ဆက်ဖြေလို့ရပါတယ် "


ကျန်းပိုင်ဟွေ့က ခေါင်းခါလိုက်ပြီး " သူမက  စာကျက်ချင်စိတ်မရှိဘူး။ သူမရည်မှန်းချက်က မိသားစုကောင်းတစ်ခုစီ လက်ထပ်၀င်‌ရောက်ပြီး ခင်ပွန်းနဲ့ကလေးတွေရှိဖို့ပဲ "


ထုံရွှယ်လူ : "....."


ကျန်းပိုင်ဟွေ့ က ရုတ်တရက် သူမ၏အသံကို လျှော့ချလိုက်သည်။ 


" ငါ့ဝမ်းကွဲမှာ အရမ်းနူးညံ့သိမ်မွေ့တဲ့ ကိုယ်ရည်ကိုယ်သွေးရှိပြီး အိမ်မှာ အစ်ကို သုံးယောက်ရှိတယ်။ သူမက အိမ်မှာ အငယ်ဆုံးဖြစ်လို့ မိသားစုက အရမ်းအလိုလိုက်တယ်။ သူမ လက်ထပ်တဲ့အခါ ခန်း၀င်ပစ္စည်း ရက်ရက်ရောရောပြင်ဆင်ပေးမယ်လို့  ငါ့ဦးလေးနဲ့ အဒေါ်က ပြောခဲ့ဖူးတယ် "


ထုံရွှယ်လူက သူမကို စကားစမြည်ပြောနေရုံဟုထင်သည့်အတွက် ပြောလိုက်သည်။ " ဒီလိုပါပဲ၊ လူတိုင်းမှာ သူတို့ရဲ့ ရည်မှန်းချက်တွေ ကိုယ်စီရှိကြပါတယ်။ ဥပဒေကို မချိုးဖောက်သေးသရွေ့တော့ သူမ ကြိုက်နှစ်သက်တဲ့ဘ၀ကို ရွေးချယ်နိုင်ပါတယ် "


ကျန်းပိုင်ဟွေ့ က ခေါင်းညိတ်ပြပြန်သည်။ "ငါသိပါတယ်၊ ဒါပေမဲ့ နင့်ကို မေးချင်တာရှိလို့ ငါ့ဝမ်းကွဲအ‌ ကြောင်း စကားစခဲ့တာ ၊ ငါ့၀မ်းကွဲနဲ့ကျူးကျူးအစ်ကိုကို နင်ဘယ်လိုထင်လဲ၊ သူမ အစ်ကိုနဲ့ သင့်တော်လား "


ထုံရွှယ်လူမှာ ဆွံ့အသွားလေသည်။ သူမကို  အောင်သွယ်တော်လုပ်စေချင် သောကြောင့် ဤမျှလောက်စကားအများကြီးပြောနေခဲ့ခြင်း ဖြစ်နေလေသည်။


သူမက တွန့်ဆုတ်မနေဘဲ ငြင်းဆန်လိုက်သည်။  " နင် ငါ့ရဲ့ စိတ်ကို သိသင့်တယ်။ ငါ ဒီလိုကိစ္စတွေမှာ ပါ၀င်ပက်သက်ရတာကို မကြိုက်ဘူး "


ကျန်းပိုင်ဟွေ့က ခေတ္တရပ်လိုက်ပြီး ထို့‌ နောက် ထုံရွှယ်လူ၏လက်ကို ခါယမ်းလိုက်ပြီး တောင်းဆိုသည်။

 "ဒါပေမဲ့ ငါက တခြားသူမဟုတ်ဘူးလေ။ ငါတို့မှာ ထူးခြားတဲ့ခင်မင်ရင်းနှီးမှု ရှိတယ်၊ ငါ့ဝမ်းကွဲနဲ့ ဝေ့ရန်က တော်တော်လိုက်ဖက်တယ်လို့ ငါထင်တယ်၊ ဒါကြောင့် နင်က မိတ်ဆက်ပေးပြီး  ကူညီပေးလို့မရဘူးလား " 


" ပြီးတော့ နင် အခြေစိုက်စခန်းမှရှိတဲ့ အမျိုးသမီးကောလိပ်ကျောင်းသူတွေနဲ့ ကျောင်းသားတွေကို အရင်က ကူညီပေးခဲ့တယ်မဟုတ်လား "


ထုံရွှယ်လူက " အခြေခံစိုက်စခန်းနဲ့ကျောင်းကြားက ခင်မင်ရင်းနှီးမှုက ငါက စကားတွေကို ဖြန့်ပေးရုံပါ၊ ကျောင်းက ထိန်းချုပ်မှုနဲ့ အဖွဲ့အစည်းအတွက် တာဝန်ရှိခဲ့တာ၊ ငါ မပါဝင်ခဲ့ဘူး "


" အင်းပါ ၊ ဒီတစ်ခါကလည်း နင့်ကို  စကားတစ်ခွန်းပါးပေးစေချင်ရုံပါပဲ။  ငါ့၀မ်းကွဲအကြောင်း အဖွားရှန်ကို ပြောပြပေးပြီး နောက် သူတို့ ကြင်ယာဖက် တွေ့ဖို့အတွက်စီစဉ်ပေးပါ ။ အခြားကိစ္စတွေနဲ့ နင့်ကို မနှောင့်ယှက်ပါဘူး "


" ကျေးဇူးပြုပြီး၊ ရွှယ်လူ ၊နော် ၊ ငါ့ကိုကူညီပါ။ ဒီနေ့က ငါ့ရဲ့မင်္ဂလာဆောင်နေ့၊ နင် ငါ့ကို ငြင်းလို့မရဘူး "


ထုံရွှယ်လူသည် စိတ်ထဲတွင် အနည်းငယ် အဆင်မပြေသလို ခံစားလိုက်ရသော်လည်း သူမက ထုတ်မပြလိုက်ချေ။ 


" အဘွားရှန်ကို နောက်ကျ မေးကြည့်လိုက်မယ် "


အမှန်တကယ်မူ မေးမြန်းနေစရာပင် မလိုအပ်‌ချေ။ ဝေ့မိသားစု၏ မိသားစုနောက်ခံသည် ကျန်းမိသားစုထက် သာလွန်ကောင်းမွန်ပြီး သူတို့၏ အဆင့်အတန်းများက မကိုက်ညီချေ။ထို့အပြင် မောင်နှမနှစ်ယောက်ဖြစ်သော ဝေ့ရန်နှင့်‌ ဝေ့ကျူးကျူးတို့၏ မိဘများသည် ကွယ်လွန်သွားခဲ့ကြပြီး ရှန်၀မ်ရုန်သည် အိမ်ကို ကောင်းမွန်စွာ စီမံခန့်ခွဲလုပ်ကိုင်နိုင်သည့် ဇနီးဖြစ်သူကို ဝေ့ရန်အတွက် ရှာဖွေလိုသည်။


ကျန်းပိုင်ဟွေ့ ၏ဝမ်းကွဲသည် အလွန်ကလေးဆန်၍ ရှက်ကြောက်တတ်ပြီး   ရှန်၀မ်ရုန်၏ ချွေးမ ရွေးချယ်သည့် စံနှုန်းများနှင့် မကိုက်ညီပေ။


သို့သော်ငြား ယခု ကျန်းပိုင်ဟွေ့က သူမကို ဤအ‌ခြေအနေတွင် ရှိစေပြီး ငြင်းပယ်ရန် ခက်ခဲစေသဖြင့် သူမ အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားသည်။


ကျန်းပိုင်ဟွေ့က ရယ်သည်။ 


" ကောင်းတယ်။ အဖွားရှန်က နင့်ကို အရမ်းသဘောကျတယ်။ နင် မိတ်ဆက်ပေးသူဖြစ်သရွေ့ ငါ့ဝမ်းကွဲကို ချစ်မိသွားမှာ သေချာတယ် "


ထုံရွှယ်လူက မှတ်ချက်မပေးဘဲ သူမကို ကြည့်လိုက်သည်။


မကြာခင်မှာ သတို့သားက ကျန်းပိုင်‌ ဟွေ့ကို ခေါ်ဆောင်ရန်  ရောက်ရှိလာပြီး အခန်းနှင့် ပတ်၀န်းကျင်က ပြန်လည်အသက်ဝင်လာသည်။


လူတိုင်းမျှော်လင့်ထားသည့်အတိုင်း လျန်ထျန်းယိသည် မိတ်ကပ်လိမ်းထားသည့် ကျန်းပိုင်ဟွေ့ကို မြင်သောအခါ အံ့အားသင့်သွားလေသည်။


အားလုံးက အံ့အားသင့်၍ မှင်တက်နေသောသူ့ကို ကြည့်ပြီး ရယ်မောကြသည်။


ကျန်းပိုင်ဟွေ့က သူ့ကို ခေါင်းမော့ကြည့်လိုက်ပြီး ပြောသည်။ " ကျွန်မကိုပွေ့ချီ "


သူမ၏ လေသံနှင့် မျက်နှာအမူအရာသည် ထုံရွှယ်လူ၏ မင်္ဂလာဆောင်စဥ်ကနှင့် ဆင်တူသည်ဟူ ‌ပြော၍မရသော်လည်း တစ်ထပ်တည်းတူညီလုနီးပါး ဖြစ်နေသည်ဟုတော့ ပြောနိုင်ပေသည်။


ရှဲ့ရှောင်ယန့်၊ထျန်ဖုန်းကျစ်နှင့် အခြားသူများသည်  ကြောင်အသွားသော်လည်း လူတိုင်းက လျန်ထျန်းယိအား သူမကို ပွေ့ချီရန် စနောက်နေသောကြောင့် ထူးဆန်းသောခံစားချက်ကို ဖယ်ထုတ်လိုက်ကြသည်။


လျန်ထျန်းယိ၏မျက်နှာသည် စိတ်လှုပ်ရှားကာ နီရဲ‌နေပြီး ကျန်းပိုင်ဟွေ့ကို ပွေ့ချီရန် လျှောက်လှမ်းလာသည်။ သို့သော် စိတ်လှုပ်ရှားလွန်းသောကြောင့် သို့မဟုတ် ကျန်းပိုင်ဟွေ့ ၏ အရပ်နှင့် အလေးချိန်သည် သူ စွမ်းဆောင်ရည်ထက် ကျော်လွန်နေသောကြောင့် ဖြစ်သည်မသိချေ။  သူက ကျန်းပိုင်ဟွေ့ကို နှစ်ကြိမ်တိုင်တိုင် ချီရန် ‌ကြိုးစားသော်လည်း ကျရှုံးခဲ့လေသည်။ 


ထိုသည်ကိုမြင်တော့ လူတိုင်းက ပိုပိုပြီးရယ်မောကြသည်။


" သတို့သား အဆင်ပြေရဲ့လား "


" ခုနက အိပ်ထမတင် ဆယ်ကြိမ်လောက်ပဲ လုပ်ခဲ့တာ၊ အခု သတို့သမီးကိုတောင် မမြှောက်နိုင်ဘူး။ သူ အဆင်ပြေမယ် မထင်ဘူး "


လျန်ထျန်းယိသည် ခရမ်းချဉ်သီးတစ်လုံးကဲ့သို့ နီရဲကာ ရှက်သွေးဖြာသွားပြီး ထိုအချိန်တွင် ကျန်းပိုင်ဟွေ့၏ ရှက်ရွံ့မှုသည် ခြေရာမရှိ ပျောက်ကွယ်သွားသည်။


နောက်ဆုံး၌ နှစ်ယောက်သား လက်တွဲလိုက်ကြသည်။


သူတို့နှစ်ယောက် လက်ထပ်ပြီး တစ်ပတ်အကြာမှာ လျန်ထျန်းယိသည်  နိုင်ငံခြားသို့ ကျောင်းတက်ရန် ထွက်ခွာသွားသည်။


ထုံရွှယ်လူသည် နောက်ပိုင်းတွင် ကျန်းပိုင်ဟွေ့ ၏ဝမ်းကွဲအကြောင်း ရှန်၀မ်ရုန်အား ပြောပြလိုက်သော်လည်း သူမ ထင်ထားခဲ့သည့်အတိုင်း ငြင်းပယ်ခံရသည်။


ကျန်းပိုင်ဟွေ့သည် ထိုအကြောင်းသိလိုက်ရသည့်အခါ အချိန်အတော်ကြာအောင် စိတ်မချမ်းမသာဖြစ်သွားခဲ့သည်။


တစ်နေ့မှာ ထုံရွှယ်လူသည် ၀မ်ရူကွေ့ ဆီသို့ အလည်အပတ်သွားရန် အခြေစိုက်စခန်းသို့ သွားခဲ့ပြီး သူမကဲ့သို့ အခြေစိုက်စခန်းဆီ သွားမည့် ၀မ်ရှောင်ယွင်နှင့် တွေ့ဆုံသည်။


နှစ်ယောက်သား တစ်ယောက်စီ၏ မည်သူမည်ဝါဖြစ်သည်ကို သိရှိလိုက်ကြပြီးနောက် စကားစမြည်ပြောကြသည်။


စခန်းအဝင်ဝသို့ရောက်သောအခါ ဝမ်ရူကွေ့နှင့် ကျိုးရန်တို့ နှစ်ဦးစလုံးက လက်ထဲတွင် ပန်းစည်းများကိုင်ဆောင်ကာ အထဲမှ ပြေးထွက်လာကြသည်။


သူတို့၏ အသီးသီးသောဇနီးများကို တွေ့သည့်အခါ နှစ်ယောက်လုံးက  ပန်းစည်းများကို လှမ်းပေးလိုက်ကြသည်။


၀မ်ရူကွေ့ ၏မျက်လုံးများသည် နူးညံ့သိမ်မွေ့မှများဖြင့် ပြည့်နှက်နေသည်။ " ဒီပန်းတွေကို ကိုယ် ကိုယ်တိုင်စိုက်ပျိုးခဲ့တာ "


ထုံရွှယ်လူက ပန်းများကို ကိုင်ထားပြီး တောက်ပစွာပြုံးပြလိုက်သည်။ " ပန်းတွေက အရမ်းမွှေးတယ်။ ကျွန်မ အရမ်းကြိုက်တယ် "


ထိုသည်ကိုမြင်တော့ ကျိုးရန်က ခေါင်းကုတ်လိုက်ပြီး အမြန်ပြောသည်။


" ရှောင်ယွင်၊ ကိုယ်လည်း ဒီပန်းတွေကို ကိုယ်တိုင်စိုက်ခဲ့တာ "


၀မ်ရှောင်ယွင်က သူ့ကို သံသယမဝင်ဘဲ အနံ့ခံလိုက်သည်။ သို့သော် နောက်အခိုက်အတန့်မှာ သူမ၏မျက်နှာက အစိမ်းရောင်ဖြစ်သွားပြီး " ဘာလို့ သေးနံ့ရနေတာလဲ "


ထုံရွှယ်လူ : " ....."


၀မ်ရူကွေ့ : "....."


ကျိုးရန် : "....."


၀မ်ရူကွေ့သည် ထုံရွှယ်လူ၏ ဇဝေဇဝါဖြစ်နေသောမျက်နှာကို မြင်လိုက်ပြီး ငုံ့ကာ တိုးတိုးလေးပြောပြသည်။


 " ဒီပန်းတွေကို ခေါင်းဆောင်ရဲ့ ပန်းဥယျာဥ်က တိတ်တိတ်လေး ခိုးလာခဲ့တာ။ ကြည့်ရတာ ခေါင်းဆောင်ရဲ့မြေးက ပန်းဥယျာဥ်ထဲ သေးပေါက်ခဲ့ပုံရတယ် "


ထုံရွှယ်လူ : "......"


၀မ်ရှောင်ယွင်က သူမ လှည့်စားခံရကြောင်း ရုတ်တရက် နားလည်လိုက်သည်။ ဤပန်းပွင့်များမှာ သူကိုယ်တိုင် စိုက်ပျိုးခဲ့သည်မှာ မဖြစ်နိုင်ချေ။


သူမ ဒေါသအလွန်ထွက်သွားပြီး ကျိုးရန်ကို ပန်းများနှင့်ပစ်ပေါက်ကာ ကျိန်ဆဲလိုသော်လည်း စကားမပြောနိုင်ဘဲ စတင်ပျို့ကာ အော့အန်တော့သည်။


ကျိုးရန်သည် ထိတ်ထိတ်ပျာပျာဖြစ်ကာ လက်မောင်းကိုကိုင်၍ တုန်လှုပ်စွာ မေးသည်။ " ရှောင်ယွင် ဘာဖြစ်တာလဲ "


၀မ်ရှောင်ယွင်မှာ အော့အန်ချင်လွန်းသဖြင့် စကားမပြောနိုင်ပေ။ 


ကျိုးရန်သည်  ထိတ်လန့်ကြောက်ရွံ့ခြင်းနှင့်အတူ ဖြူဖျော့သွားသည် ။


ထုံရွှယ်လူသည် ဆရာ၀န်ခေါ်ရန် အကြံပြုတော့မည့်ဆဲဆဲဖြစ်သော်ငြား   စကားမပြောမီအချိန်တွင် ပျို့အန်လိုသည့်ခံစားချက်က သူမ ရင်ဘတ်ထဲ တိုး၀င်လာခဲ့သည်။


သူမသည်လည်း ပျို့တက်ကာ အော့အန်တော့သည်။


ထုံရွှယ်လူ၏ ပျို့တက်ခြင်းက ၀မ်ရူကွေ့အား ကြီးကြီးမားမား ထိတ်လန့်စေသည်။


 "ရွှယ်လူ ဘာဖြစ်နေတာလဲ "


ယခုလေးတင် အ‌ဆင်ပြေနေသည့်သူက ရုတ်တရတ် အဘယ့်ကြောင့် ပျို့အန်ရသနည်း။ အော့အန်ခြင်းမှာ ကူးစက်နိုင်နိုင်လေသနည်း။


ထုံရွှယ်လူ အကြိမ်အနည်းငယ် ပျို့တက်သော်လည်း မည်သည်ကိုမှ မအန်‌ ပေ။ ဘေးနားရှိ ၀မ်ရှောင်းယွင်သည် အဆက်မပြတ် အန်နေသဖြင့် သူမအား မအီမသာ ဖြစ်စေသည်။


လုံခြုံရေးအစောင့်က နှစ်ယောက်လုံး တယောက်ပြီး တယောက် အန်နေသည်ကို မြင်သည့်အခါ မြန်မြန်ပြောလာသည်။ " ဒါက တစ်ခုခု အစားမှားတာဖြစ်နိုင်တယ်၊ ဆေးစစ်ဖို့ ဆေးရုံကို မြန်မြန်သွားသင့်တယ် " 


သူပြောပြီးသည်နှင့် ထုံရွှယ်လူသည် သူမ၏ခြေထောက်များ မြေပြင်မှ လွတ်ထွက်သွားသလို ခံစားလိုက်ရသည်။


၀မ်ရူကွေ့က သူမကို အလျင်အမြန် ပွေ့ချီလိုက်သည်။  " ဆေးရုံကို အခုချက်ချင်း သွားရအောင် "


"....."


သူမ၏ ချစ်သူကောင်လေးသည် သူအတတ်နိုင်ဆုံးကြိုးစားနေခြင်းဖြစ်သော်လည်း အနည်းငယ်ချဲ့ကားလွန်းသည်။


ထုံရွှယ်လူ က သူ့ရင်ဘတ်ကို တို့လိုက်သည်။ " ကျွန်မဘာသာ  လမ်းလျှောက်လို့ရတယ်။ မြန်မြန် အောက်ချပေး၊ ကျွန်မ အဆင်ပြေပါတယ် "


၀မ်ရူကွေ့ က သူမကို လက်မလွှတ်ဘဲ သူ့မျက်ခုံးများက ဖြည်းညင်းစွာ တွန့်သွားသည်။ " မင်းမျက်နှာက ဖြူဖျော့နေတာ ဘယ်လိုလုပ် နေကောင်းတာဖြစ်ပါ့မလဲ။ မင်း နေကောင်းနေရင်တောင် ကိုယ်တို့ဆေးရုံကို ဆေးစစ်သွားသင့်တုန်းပဲ။ မင်းနေကောင်းတယ်ဆိုတာ သေချာအောင်လုပ်ရ‌မယ်  ၊ ဒါမှ ကိုယ်စိတ်ချနိုင်မှာ "


သူသည် အခြေစိုက်စခန်းတွင် အချိန်အများစုကို ကုန်ဆုံးနေရပြီး သူမကို ဂရုစိုက်ရန် သူမ၏အနားတွင် အမြဲရှိမနေနိုင်သောကြောင့် အပြစ်ရှိသည်ဟု ခံစားရသည်။ ထို့ကြောင့် သူ စိတ်မချခင်မှာ သူမ နေကောင်းနေသည်ကို ကိုယ်တိုင်ကိုယ်ကျအတည်ပြုရမည်။


သူမအတွက် သူ မည်မျှစိတ်ပူနေသည်ကိုမြင်သည့်အခါ ထုံရွှယ်လူ သည် သူ၏ စိုးရိမ်မှုကို မငြင်းပယ်နိုင်တော့ချေ။ တွေးကြည့်လျှင် စစ်ဆေးမှု ခံယူခြင်းမှာ ကောင်းမွန်ပြီး ပြဿနာတစ်စုံတစ်ရာ မရှိလျှင် လူတိုင်း စိတ်သက်သာရာရနိုင်လေသည်။


ထိုအတောအတွင်းတွင် ‌နောက်ဘက်တွင် ကျိုးယန်သည် သူ့ဇနီးကို ပွေ့ချီကာ ထွက်သွားသည့်၀မ်ရူကွေ့ကို တွေ့လိုက်ရသည်။ ယခု သူသည်လည်း သူ၏ဇနီးကို မပွေ့ချီလျှင် ယောက်ျားမပီသဟု ထင်မြင်နိုင်သည်။


ထို့ကြောင့် သူက ကုန်းလိုက်ကာ ဇနီးသည်အား မင်းသမီးသဖွယ် ပွေ့ချီရန် ကြိုးပမ်းလိုက်သည်။


သို့သော် မင်းသမီး‌သဖွယ်ပွေ့ချီမှုပုံစံသည် ခွန်အားအချို့လိုအပ်‌လေသည်။ ယောက်ျားတစ်ယောက်သည် သူ့ဇနီးသည်ကို နောက်ကျောပေါ်  လွယ်လွယ်ကူကူ တင်နိုင်‌သော်လည်း ထိုသည်က မင်းသမီးပုံစံ‌အား လွယ်ကူစွာ ပွေ့ချီနိုင်သည်ဟု မဆိုလိုပေ ။ ကျိုးယန်မှာ ထိုကဲ့သို့ မသယ်နိုင်သည့် သူများထဲမှာ တစ်ယောက်ဖြစ်ပေသည်။


သူက အစွမ်းကုန် အားစိုက်ထုတ်ကာ သူ့မျက်နှာပင် ကြက်သွေးရောင်သို့ပြောင်းသွားသော်လည်း နောက်ဆုံးတွင် "ဘူ" ဆိုသည့် အသံသာလျှင် ရှိလေသည်။


သူ အီးပေါက်မိသွားခဲ့သည်။


လုံခြုံရေးအစောင့် : "....."


၀မ်ရှောင်းယွင် : "....."


ကျိုးရန် : "....."


စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီး လေထုသည် အတော်လေး အဆင်မပြေဖြစ်သွားပေသည်။


၀မ်ရှောင်းယွင်သည် သူ့ကို တွန်းဖယ်ကာ လမ်းလျှောက်ထွက်သွားသည်။ " ကျွန်မနောက်ကို မလိုက်ခဲ့နဲ့ "


အလွန်ရှက်စရာကောင်းလေသည်။


ကျိုးရန်က ကပျာကယာ နောက်ကလိုက်သွားသည်။ 


" ရှောင်းယွင် ၊ ကိုယ့်ကို နောက်တစ်ကြိမ် အခွင့်အရေးပေး ပါ၊ ကိုယ်မင်းကို သေချာပေါက် သယ်သွားနိုင်ပါတယ် "


၀မ်ရှောင်းယွင် မျက်မှောင်ကြုတ်လိုက်သည်။


 " ကျွန်မဘာသာ လမ်းလျှောက်လို့ရတယ်။ ရှင့်အီးနံ့တွေ ကျွန်မ မရှုချင်ဘူး။  ပြီးတော့ ရှင်ကျွန်မကိုရှင်းပြရမယ်၊ အဲဒီပန်းတွေကို ရှင် တကယ်စိုက်ခဲ့တာလား "


ကျိုးရန် : "..…"


ကျိုးရန်သည် မေးခွန်းကို ရှောင်ရန်ကြိုးစားသော်လည်း ၀မ်ရှောင်းယွင်ကို လိမ်ညာရန်မှာ မလွယ်ကူပေ။ ရှောင်လွှဲ၍ မရသည့်အခါ အမှန်အတိုင်းပြောရန်ကလွဲပြီး ရွေးစရာမရှိတော့‌ပေ။


၀မ်ရှောင်းယွင်သည် ဒေါသတကြီးဖြစ်ကာ သူ့ရင်ဘတ်ကို အကြိမ်ပေါင်းများစွာ ရိုက်လိုက်သည်။ " ပြန်ရောက်ရင် အဲဒီပန်းတွေအကုန်လုံး ရှင် စားလိုက် "


ကျိုးရန် : "..…"


ထုံရွှယ်လူနှင့် ၀မ်ရူကွေ့တို့သည် သူတို့နောက်ကွယ်မှ ရုန်းရင်းဆန်ခတ်ဖြစ်မှုကို နားထောင်ရင်း အပြုံးချင်းဖလှယ်နေကြသည်။


သူတို့လေးယောက် ဆေးရုံသို့ ရောက်ရှိသွားကြသည်။ သူနာပြုက ထုံရွှယ်လူ အား ပွေ့ချီလာသည်ကိုမြင်သည့်အခါ  ပြင်းထန်သည့်ရောဂါဟု ထင်သဖြင့်အလျင်စလိုမေးမြန်းလေသည်။ " လူနာရဲ့အခြေအနေဘယ်လိုရှိလဲ" 


၀မ်ရူကွေ့က ရှင်းပြသည်။ " ကျွန်တော့်ဇနီး အကြိမ်အနည်းငယ် အန်ခဲ့တယ် "


သူနာပြုဆရာမမှာ အံ့အားသင့်သွား လေသည်။ " ဒါပဲလား ။ တခြားလက္ခဏာတွေ ရှိသေးလား "


၀မ်ရူကွေ့က သူ၏ခေါင်းကို ယမ်းသည်။ " မရှိတော့ဘူး " 


အနည်းငယ်အန်ရုံမျှကပင် သူ့ကို စိတ်ပူ‌ စေပြီး နောက်ထပ် လက္ခဏာများသာရှိလျှင် သူ့ကို အလွန်အမင်း စိုးရိမ်သောကရောက်စေလိမ့်မည်။


သူနာပြုဆရာမ၏ပါးစပ်က အကြိမ်အနည်းငယ် မဲ့ရွဲ့သွားသည်။ " မကောင်းတာတစ်ခုခုစာမိးတာ ဖြစ်နိုင်တယ်။ ရှင်တို့ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာဌာနကို သွားသင့်တယ် "