🍵Chapter 322
၀မ်ရှောင်းယွင်သည်လည်း အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာဌာနသို့ ညွှန်းဆိုခံရသည်။
မကြာခင်မှာ ထုံရွှယ်လူ၏ အလှည့်ဆီသို့ ရောက်လာသည်။ ဆရာဝန်က " ဒီလိုမဖြစ်ခင် မသန့်ရှင်းတဲ့တစ်ခုခု စားခဲ့မိသေးလား " ဟု မေးသည်။
ထုံရွှယ်လူက " ကျွန်မတို့ ဘတ်စ်ကားပြောင်းစီးတဲ့အခါ လယ်သမားတစ်ယောက်ဆီက ပန်းသီးနည်းနည်းဝယ်ခဲ့တယ်။ ကျွန်မနဲ့ အပြင်ဘက်တခြားအမျိုးသမီး တစ်လုံးစီစားခဲ့ပြီး သူမက ကျွန်မထက် အရင်အန်ခဲ့တယ် "
" အန်တာအပြင် ဗိုက်နာတာရှိလား။ ဝမ်းလျှောချင်တာရော "
ထုံရွှယ်လူက ခေါင်းယမ်းလိုက်သည်။ " မရှိဘူး၊ တကယ်တော့ ကျွန်မ မကောင်းတာတစ်ခုခုစားမိသလို မခံစားရဘူး၊ ပန်းသီးတွေက လတ်ဆတ်ပုံပေါ်ပါတယ် "
ဆရာဝန်က သူမကို အနီးနားရှိ ကုတင်ပေါ်တွင် လှဲအိပ်ခိုင်းပြီး ဝမ်းဗိုက်ကို ညင်သာစွာ ဖိကာ နာကျင်ခြင်းရှိမရှိ မေးသည်။ ထုံရွှယ်လူက မရှိဟူ၍ ပြန်ဖြေသည်။
ဆရာဝန်က သူမကို ထခိုင်းလိုက်သည်။ သို့သော် သူမ မည်သည့်စကားကိုမှ ပြန်မပြောခင်မှာ ၀မ်ရှောင်းယွင်အပြင်ဘက်၌ အန်နေသည်ကို ကြားလိုက်ရပြီး ထုံရွှယ်လူသည်လည်း သူမနှင့် အတူ အန်မိသွားပြန်သည်။
၀မ်ရူကွေ့က သူမကို အမြန်ပြန်လှဲနေစေရန် ကူပေးလိုက်ပြီး ဆရာဝန်ကို စိုးရိမ်တကြီးနှင့် မေးသည်။
" ဒေါက်တာ၊ ကျွန်တော့်ဇနီး ဘာဖြစ်နေတာလဲ " ပြင်းထန်သည့်တစ်ခုခုဖြစ်မည်ဟု သူ ခံစားရသည်။
ဆရာဝန်က သူတို့ကို တစ်ချက်ကြည့်လိုက်ပြီး ပြောသည်။ "မင်းတို့ အိမ်ထောင်သက် ဘယ်လောက်ကြာပြီလဲ။ ကလေးရှိလား "
၀မ်ရူကွေ့ အံ့အားသင့်သွားသည်။ " ကျွန်တော်တို့လက်ထက်ပြီးတာတစ်လကျော်ရှိပါပြီ။ ကလေး မရှိပါဘူး "
ထို့နောက် ဆရာဝန်သည် ထုံရွှယ်လူ ကို ကြည့်ရှုသည်။ " ဒီလ ဓမ္မတာလာပြီလား "
" မလာသေးပါဘူး၊ ပုံမှန်ထက်စာရင် နှစ်ရက်သုံးရက်လောက် နောက်ကျနေပါတယ်။ ဒေါက်တာ ကျွန်မ ကိုယ်ဝန်ရှိနေတယ်လို့တော့ မထင်ပါဘူးနော် ဟုတ်တယ်မလား "
သူမ၏ ရာသီစက်ဝန်းသည် ပုံမှန်အားဖြင့် ပုံမှန်ဖြစ်သော်လည်း ရံဖန်ရံခါ ရက်အနည်းငယ် နှောင့်နှေးတတ်သည်။ ထို့ကြောင့် ဤတစ်ခါ ရာသီလာချိန် ရက်အနည်းငယ် နှောင့်နှေးသည့်အခါ များများစားစားမစဉ်းစားမိပေ။
သူမနှင့် ၀မ်ရူကွေ့တို့သည် ဘေးကင်းသောကာလတွင် အတူနေခဲ့ကြပြီး နောက်ပိုင်းတွင် ဝမ်ရူ ကွေ့သည် အလုပ်ရှုပ်နေခဲ့သောကြောင့် အိမ်ပြန်မလာနိုင်သဖြင့် သူမတို့ အတူတူနေခြင်း မရှိတော့ပေ။ သူမအတွက် ကိုယ်ဝန်ရရှိရန် ဤမျှလွယ်ကူမည်ဟု မထင်ထားခဲ့ချေ။
ဆရာဝန်က ပြောသည်။ " ဒါက ဖြစ်နိုင်ချေရှိပါတယ်။ မင်းရဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းက ကောင်းပုံရတယ်။ မင်းတို့ သားဖွားမီးယပ်ဌာနကို သွားစစ်ဆေးသင့်တယ် "
ထို့ကြောင့် သူတို့နှစ်ယောက် သားဖွားမီးယပ်ဌာနကို အမြန်သွားကြပြီး စာရင်းသွင်းကာ တန်းစီစောင့်ဆိုင်းသည်။
ခဏအကြာတွင် ကျိုးရန်နှင့်၀မ်ရှောင်းယွင်တို့လည်း ရောက်လာကြပြီး ယခင်ကနှင့် မတူစွာ နှစ်ယောက်လုံး၌ နီမြန်းနေသောမျက်နှာများရှိနေကြပြီး မျက်နှာအမူအရာများမှာ အနည်းငယ် မိန်းမောတွေဝေနေကြသည်။
၀မ်ရူကွေ့ကိုမြင်တော့ ကျိုးရန်က ရုတ်တရက် ပြောလာသည်။ " ရူကွေ့၊ ဆရာဝန်က ငါ့မိန်းမမှာ ကိုယ်ဝန်ရှိကောင်းရှိနိုင်တယ်လို့ ပြောတယ်၊ အိပ်မက်မက်နေတာလားဆိုတာ သိဖို့ ငါ့ကို ရိုက်လိုက်စမ်းပါ "
၀မ်ရူကွေ့က သူ့ကို လိုလိုလားလား ရိုက် ပေးလိုက်ပြီး ကျိုးရန်မှာ နာကျင်မှုကြောင့် ရှုံ့တွသွားသည်။
" မင်းကိုရိုက်ခွင့်ပေးတာ ဒီလောက်ထိ အရမ်းရိုက်စရာမလိုပါဘူး။ ဒါပေမဲ့ နာကျင်တယ်ဆိုရင် ငါ အိပ်မက်မက်နေတာမဟုတ်ဘူးလို့ဆိုလိုတာပဲ။ တကယ်ပဲ ငါ့မိန်းမ ကိုယ်ဝန်ရှိနေပြီလား "
၀မ်ရှောင်းယွင်သည် သူမ၏လက်များကို ဆုပ်ကိုင်ထားကာ တစ်ကိုယ်လုံးက အနည်းငယ် တုန်ယင်နေသည်။
ထုံရွှယ်လူနှင့်၀မ်ရူကွေ့တို့သည် ၎င်းတို့၏ စိတ်လှုပ်ရှားမှုကို နားလည်နိုင်သည်။ ၎င်းတို့သည် အိမ်ထောင်သက် သုံးနှစ်နီးပါးရှိပြီး သားသမီးမရှိသည့်အတွက် ဖိအားများ စွာရှိနေခဲ့သည်။
၀မ်ရူကွေ့က လှည့်လာ၍ သူမ၏လက်ကို ဆုပ်ကိုင်ပြီး သူမ၏ ၀မ်းဗိုက်ချပ်ချပ်လေးကို စိုက်ကြည့်သည်။ " မင်း တကယ်ပဲ ကိုယ်ဝန်ရှိနေတာများလား "
ထုံရွှယ်လူက သူ့ကို ခေါင်းမော့ကြည့်လိုက်သည်။ " ကျွန်မကို ကိုယ်ဝန်ရှိစေချင်လား၊ မရှိစေချင်လား "
၀မ်ရူကွေ့က သူမလက်ကို ပို၍ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။ " ကိုယ် မင်းကို ကျန်းမာပြီး ဘေးကင်းစေချင်တယ် "
" ကျွန်မလည်း အတူတူပဲ။ ကျွန်မတို့နှစ်ယောက်စလုံး ကျန်းမာပြီး ဘေးကင်းလုံခြုံနေသရွေ့ ကလေးကိစ္စကို သဘာ၀တရားက တာ၀န်ယူပါစေ "
ယခုအချိန်၌ သူမသည် ကိုယ်ဝန်မရှိနိုင်ဟု ခံစားမိနေသည်။
၀မ်ရူကွေ့သည်လည်း သူမတွင် ဤမျှခန့် ကလေးမြန်မြန်ရရန် မဖြစ်နိုင်ကြောင်း ခံစားနေရသည်။ နောက်ဆုံးတွင် သူတို့သည် အိမ်ထောင်သက် တစ်လကျော်သာရှိသေးပြီး ခုနစ်ရက်သာလျှင် အတူတူရှိခဲ့လေသည်။ သူမသည် မည်ကဲ့သို့ ဤမျှ လွယ်လွယ်ကူကူ ကိုယ်ဝန်ရနိုင်မည်နည်း။
ကျိုးရန်နှင့် သူ့ဇနီးကိုပင် ကြည့်နိုင်သည်။ ၎င်းတို့အိမ်ထောင်ကျသည်မှာ နှစ်နှစ်ကျော်ခဲ့ပြီဖြစ်ပြီး ယခုထိ ကိုယ်ဝန်မရနိုင်ခဲ့ချေ။
မကြာခင် သူတို့၏ အလှည့်သို့ ရောက်ရှိလာသည်။ ထုံရွှယ်လူနှင့်၀မ်ရှောင်းယွင် တို့ နှစ်ယောက်စလုံး ဆီးစစ်ရန် သွားကြပြီး ထို့နောက် ကြာရှည်စွာစောင့်ဆိုင်းရသည်။
ကျိုးရန်နှင့်၀မ်ရှောင်းယွင်တို့သည် အလွန်စိတ်လှုပ်ရှားနေကြပြီး ၀မ်ရူကွေ့ မှာလည်း ကူးစက်ခံရကာ ဒယ်အိုးပူပေါ်ရှိ ပုရွက်ဆိတ်များကဲ့သို့ ခံစားရပြီး စိုးရိမ်ပူပန်နေပေသည်။
တစ်နာရီကြာပြီးနောက် စစ်ဆေးမှုရလဒ်များ ထွက်ပေါ်လာသည်။
ထုံရွှယ်လူနှင့် ၀မ်ရှောင်းယွင်တို့ နှစ်ဦးစလုံး ကိုယ်ဝန်ရှိနေပြီဖြစ်လေသည်။ ထုံရွှယ်လူသည် ကိုယ်ဝန်တစ်လသာရှိသေးသော်လည်း ၀မ်ရှောင်းယွင်မှာ တစ်လခွဲရှိနေပြီဖြစ်သည်။
ထုံရွှယ်လူ အံ့အားသင့်သွားလေသည်။
သူမသည် သူမ၏ဗိုက်ချပ်ချပ်လေးကို မသိစိတ်ဖြင့် ငုံ့ကြည့်ကာ အလွန်အံ့သြ နေသည်။ သူမ မည်သို့ လွယ်ကူစွာ ကိုယ်၀န်ရခဲ့သနည်း။
ကိုယ်ဝန်ရရန်မှာ အနည်းငယ် ခက်ခဲသည် မဟုတ်ပေလော။
၀မ်ရူကွေ့က သူမကို တင်းတင်းကြပ်ကြပ်ဖက်လိုက်သည်။ " ကိုယ်တို့မှာ ကလေးလေးရှိပြီ "
ထုံရွှယ်လူသည် သူ၏ တုန်ယင်ခြင်းကို ခံစားမိသည်။ " ကျွန်မတို့မှာ ကလေးရှိပြီ ၊ ရှင် အဖေဖြစ်တော့မယ် "
အဖေ။
ဤစကားလုံးနှစ်လုံးသည် ၀မ်ရူကွေ့ ၏နှလုံးသားကို ပေါင်ချိန်ထောင်ပေါင်းများစွာကဲ့သို့ လေးလံစေကာ သူ တစ်ခါမျှ မခံစားခဲ့ဖူးသော ခံစားချက်များကို လှုံ့ဆော်ပေးသည်။ သူ့အဖေက စောစောစီးစီး ဆုံးပါးသွားခဲ့ပြီး သူ့ထံ၌ မှိန်ပျပျ အမှတ်တရများသာလျှင် ကျန်ရှိသည်။ ဖခင်တစ်ယောက်၏အခန်းကဏ္ဍမှာ သူ့ဘ၀၌ အမြဲတမ်း ပျောက်ဆုံးနေခဲ့သည်။
ထုံရွှယ်လူနှင့် မတွေ့ဆုံခင်တွင် ဖခင်တစ်ယောက်ဖြစ်လာရန် နေနေသာသာ ဤဘဝတွင် အိမ်ထောင်ပြုဖြစ်မည်ဟုပင် သူက မထင်ခဲ့ချေ။
သို့သော် သူမကို တွေ့ခဲ့ပြီး သူ ကာကွယ်ပေးချင်သည့်သူကို ရှာတွေ့ခဲ့ကာ ယခု သူသည် ဖခင်ပင် ဖြစ်တော့မည်။
၀မ်ရူကွေ့က သူမကို ငုံ့ကြည့်လိုက်ပြီး မျက်လုံးများက မှင်ကဲ့သို့ မည်းနက်နေသည်။ " ကျေးဇူးတင်ပါတယ် "
' ကိုယ့်ဘ၀ထဲကို ၀င်ရောက်လာပြီး နွေးထွေးမှုနဲ့ ပျော်ရွှင်မှုတွေ ယူဆောင်လာပေးလို့ ကျေးဇူးတင်ပါတယ် '
ထုံရွှယ်လူသည် သူ၏လက်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ " ရှင့်ကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်မ အမေတစ်ယောက်ဖြစ်တော့မယ် "
သူမ၌ ကိုယ်၀န်ဆောင်ခြင်းနှင့်ပက်သက်၍ ဖြစ်ရိုးဖြစ်စဉ်ဟုသာ ခံယူထားသည်။ ကိုယ်ဝန်မဆောင်နိုင်လျှင် အတင်းအဓမ္မရယူမည်မဟုတ်ဘဲ အကယ်၍ ကိုယ်ဝန်ရလာလျှင်လည်း ၀မ်းမြောက်၀မ်းသာစွာဖြင့် မွေးဖွားမည်ဖြစ်သည်။
ယခုအခါ ကလေးငယ်သည် သူမ မျှော်မှန်းထားသည်ထက် စော၍ ရောက်လာသည်။ သူမ ဘာလုပ်နိုင်မည်နည်း။
သူ သို့မဟုတ် သူမ၏ ရောက်ရှိလာမှုကို ၀မ်းမြောက်စွာဖြင့် ကြိုဆိုသည်။
သူမတို့နှစ်ယောက် စိတ်ခံစားမှုများ အကြား နစ်မြုပ်နေချိန်တွင် သူမတို့ဘေးမှ အမြင့်သံနှင့် အနိမ့်သံရှိသည့်အော်ငိုသံနှစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။
တစ်ယောက်က တအင့်အင့်ရှိုက်ကာ ငို နေပြီး ကျန်တစ်ယောက်အော်ကာ ငိုကြွေးနေသည်။
ရှိုက်ငိုသံမှာ မျက်ရည်များ စီးကျနေသည့်မျက်နှာကို လက်ချောင်းများဖြင့် ဖုံးကွယ်ထားသည့် ၀မ်ရှောင်းယွင်ထံမှ ထွက်ပေါ်လာခြင်းဖြစ်သည်။
အော်ငိုကြွေးသံမှာ ကျိုးရန်ဆီမှ ထွက်ပေါ်လာခြင်းဖြစ်ပြီး ယောင်္ကျားများသည် လွယ်လွယ်နှင့် မငိုကြဟု ပြောကြသော်လည်း သူကမူ ယခုအချိန်၌ မျက်ရည်များကို ထိန်းမထားနိုင်ချေ။
လွန်ခဲ့သည့် နှစ်နှစ်တာကာလအတွင်း ၎င်းတို့သည် ကလေးမရနိုင်ခြင်းကြောင့် အစာမစားနိုင်ခြင်း၊ ကောင်းစွာအိပ်မပျော်ခြင်းဖြင့် နာကျင်နေခဲ့ရသည်။ တစ်ဖက်တွင် ၎င်းတို့သည် ပတ်ဝန်းကျင်ရှိလူများ၏ ထူးဆန်းသော သို့မဟုတ် ကရုဏာသက်သော မျက်လုံးများနှင့် ရင်ဆိုင်ခဲ့ရပြီး တစ်ဖက်တွင်မူ ဇနီးသည်အား သူမ လိုချင်သည့်အရာကို မပေးနိုင်သည့်အတွက် အပြစ်ရှိသည်ဟု ခံစားခဲ့ရသည်။
သူသည် ကလေးရနိုင်ရန်အတွက် ထမင်းစားသည့် ပမာဏခန့်မျှရှိသည့် တရုတ်တိုင်းရင်းဆေးအများအပြား သောက်သုံးခဲ့သည်။ ထိုတရုတ်တိုင်းရင်းဆေးရည်များသည် ဟွမ်းလျန်နှင့်ယှဉ်လျှင် ပို၍ခါးသီးပြီး သူက မျက်တောင်ပင် မခတ်ဘဲ ကြိတ်မှိတ်ကာ မျိုချခဲ့သည်။
သို့သော် သူ့ဇနီးသည်၏ ၀မ်းဗိုက်က ပြောင်းလဲလာခြင်းမရှိဘဲ ယခုမှာ သာ ကိုယ်ဝန်ရှိလာသည်။
သူကား စိတ်မလှုပ်ရှားဘဲ မည်သို့ နေနိုင်လိမ့်မည်နည်း။
သူက ၀မ်ရှောင်းယွင်ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်သည်။ " မိန်းမ၊ ကိုယ်တို့ မှာ နောက်ဆုံးတော့ ကလေးရှိလာပြီ၊ နောက်ဆုံးတော့ ကိုယ်တို့က မိဘတွေဖြစ်နိုင်ပြီ "
၀မ်ရှောင်းယွင်သည် ငိုရင်းနှင့် ခေါင်းညိတ်လိုက်သည်။ " အင်း၊ ကျွန်မတို့မှာ ကလေးရှိပြီ။ နောက်ဆုံးတော့ မိဘတွေဖြစ်လာနိုင်ပြီ "
၀မ်ရှောင်းယွင်သည် ပြောပြီးသည်နှင့် ချိုမြိန်သည့် သို့မဟုတ် နှစ်သိမ့်သည့် စကားတစ်ခုခုပြောမည်ဟု မျှော်လင့်ကာ သူ့ဘက်ကို ချစ်မြတ်နိုးစွာ ကြည့်လိုက်သည်။
ကျိုးရန်က သူမကို တစ်ခဏတာ ပွေ့ဖက်ပြီးနောက် လျင်မြန်စွာ လွှတ်လိုက်ပြီး တစ်ဖက်လှည့်၍ ၀မ်ရူကွေ့ထံ သွားလေသည်။
" ရူကွေ့၊ ကျေးဇူးတင်ပါတယ်၊ မင်း ကြောင့်သာမဟုတ်ရင် ငါ့မိန်းမက ကိုယ်ဝန်ရနိုင်မှာမဟုတ်ဘူး "
"....."
ထိုစကားကိုပြောသောအခါတွင် ပတ်၀န်းကျင်ရှိ လူများ၏အကြည့်များသည် သူတို့နှစ်ဦးကြား ဝေ့၀ိုက်ပြီး နောက် အဓိပ္ပါယ်နက်နဲသည့် မျက်နှာများဖြင်း ၀မ်ရှောင်းယွင်ပေါ်သို့ ကျရောက်လာသည်။
၀မ်ရှောင်းယွင်မှာ နီမြန်းသွားပြီး ယခုတစ်ကြိမ်မှာတော့ စိတ်လှုပ်ရှားသောကြောင့်မဟုတ်ဘဲ ဒေါသများကြောင့် ဖြစ်ပေသည်။
" ကျိုးရန် ရှင် ဘာတွေလျှောက်ပြောနေတာလဲ "
သူမ၏ကိုယ်ဝန်မှာ ၀မ်ရူကွေ့ နှင့် မည်သို့ ပတ်သက်မှုရှိရမည်နည်း။ ဤသို့ပြောခြင်းသည် သူမနှင့် ၀မ်ရူကွေ့ တို့မှာ မသင့်လျော်သောဆက်ဆံရေးရှိပုံပေါ်စေသည်။
၀မ်ရူကွေ့၏ နှုတ်ခမ်းထောင့်မှာ ရှုံ့မဲ့သွားပြီး ကျိုးရန်၏ စိတ်လှုပ်ရှားနေသည့်လက်ကို ဆွဲဖယ်လိုက်သည်။
" စကားကိုသေချာပြော။ လူစကားပြော "
ကျိုးရန်က ဝမ်းသာပီတိဖြစ်မှုများဖြင့် ဖုံးလွှမ်းနေပြီး သူ၏ခေါင်းကို ကုတ်လိုက်သည်။ " ငါဆိုလိုတာက ငါတို့လင်မယား ကိုယ်၀န်ရတာက မင်းတို့ ဇနီးမောင်နှံရဲ့လက်ထပ်မှုကနေ ပျော်ရွှင်ခြင်းတွေ စုပ်ယူလိုက်လို့ ပြောချင်တာ "
" မင်းသိပါတယ်။ ရှောင်းယွင်နဲ့ငါက အိမ်ထောင်သက် သုံးနှစ်နီးပါးရှိနေပြီ။ မရေမတွက်နိုင်တဲ့ ဆရာဝန်အများကြီးနဲ့ ပြဖူးပြီး ဆေးတွေလည်း သောက်ဖူးတယ်။ ဒါပေမဲ့ သူမ ကိုယ်ဝန်မရခဲ့ဘူး။ ဒါပေမဲ့ မင်းနဲ့ မင်းမိန်းမ လက်ထပ်ပြီးတာနဲ့ ငါတို့က မင်းတို့နဲ့အတူ ကိုယ်ဝန်ရလာတယ်။ မင်းတို့ပျော်ရွှင်မှုတချို့ကို စုပ်ယူခဲ့သလို ခံစားရတယ် "
၀မ်ရူကွေ့ : "..…"
ထုံရွှယ်လူ : "..…"
"ရဲဘော်ကျိုး၊ မင်းက သိပ္ပံပညာရှင်နော်။ ကျေးဇူးပြု၍ စကားတွေကို ဂရုစိုက်ပါ "
ကျိုးရန်၏စကားကို ကြားသောအခါ ၀မ်ရှောင်းယွင်သည်လည်း အဓိပ္ပါယ်ရှိသည်ဟု ခံစားလိုက်ရသည်။
ထို့နောက် သူတို့သည် ဆရာဝန်နှင့် ဆွေးနွေးကာ အကြံဉာဏ်တောင်းသည်။
ဆရာ၀န်က ထုံရွှယ်လူမှာ ကျန်းမာရေးကောင်းမွန်သော်လည်း ၀မ်ရှောင်းယွင်မှာမူ လွန်ခဲ့သော တစ်လခွဲခန့်၊ ကိုယ်၀န်ရှိသည်ဟု မသိသေးသည့် အချိန်၊ ဓမ္မတာလာချိန်တွင် သွေးအနည်းငယ်ဆင်းခဲ့သောကြောင့် ဂရုတစိုက် အနားယူရန် လိုအပ်သည်ဟု ပြောလေသည်။
ဆရာဝန်က ကိုယ်ဝန်ပျက်ကျနိုင်သည့် အလားအလာရှိသည်ဟု ပြောခဲ့ပြီး များများ အနားယူရန်နှင့် သူမ၏စိတ်ခံစားချက်များကို တည်ငြိမ်အောင်ထားရန် အကြံပြုသည်။
" ကိုယ်ဝန်ပျက်ကျနိုင်ချေရှိသည်" ဟူသည့် စကားလုံးကို ကြားလိုက်ရသည့်အခါ ကျိုးရန်နှင့်၀မ်ရှောင်းယွင်တို့၏ မျက်နှာများ ဖြူဖပ်ဖြူရော်ဖြစ်သွားသည်။ သူတို့ ပြန်ရောက်သည်နှင့် ဝမ်ရှောင်းယွင်အား စက်ရုံမှ အလုပ်နားခွင့်ယူကာ အလုပ်မဆင်းစေရန် ချက်ချင်း ဆုံးဖြတ်လိုက်သည်။
ဆေးရုံမှထွက်လာပြီးနောက် ၎င်းတို့သည် ဌာနမှူးအား ဖြစ်ပျက်ခဲ့သမျှကို အသိပေးရန် အခြေစိုက်စခန်းသို့ ပြန်သွားလိုက်ပြီး ၀မ်ရှောင်းယွင်နှင့်ထုံရွှယ်လူတို့အား မြို့တော်သို့ ပြန်ပို့ရန် ခွင့်တောင်းသည်။
ဌာနမှူးက သူတို့နှစ်ယောက်အတွက် အလွန်၀မ်းသာလေသည်။
ကျိုးရန်၏ဇနီးမှာ ကိုယ်ဝန်ရှိနေကြောင်းကြားသိရသည့်အခါ ဟွမ်ချီမင် က အံ့အားသင့်သွားပြီး သူ့ဇနီးသည် ကိုယ်ဝန်ရှိစဥ်အချိန်ထက်ပင် ပိုမိုထိတ်လန့်သွားသည်။
" ကျိုးရန် ငါက ရူကွေ့တို့ မင်းထက် အရင်ကလေးရသွားပြီး မင်းက မရနိုင်သေးမှာကို စိတ်ပူနေခဲ့တာ။ မင်းနဲ့ ရူကွေ့တို့ နှစ်ယောက်လုံး တစ်ချိန်တည်းမှာ ကလေးရကြလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ ကံကောင်းစွာနဲ့ပဲ နောက်ဆုံးမှာ ရှက်စရာမလိုတော့ဘူး "
ကျိုးရန်သည် ပါးစပ်က နားရွက်သို့ တက်ချိတ်လုမတတ် ရယ်မောနေသည်။ " မင်းကသာ ရှက်ရမည့်လူ ။ မြန်မြန် စာအိတ်အနီ ပြင်ဆင်ထား "
ဟွမ်ချီမင်သည် ကျိုးရန်၏ ရူးကြောင်ကြောင် အသွင်အပြင်ကို သည်းမခံနိုင်တော့ပေ။ " မင်းတို့နှစ်ယောက်လုံး ၏ မိန်းမတွေ တစ်ချိန်တည်း ကိုယ်ဝန်ရကြလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူး၊ တကယ့်ကို တိုက်ဆိုင်မှုတစ်ခုပဲ "
ကျိုးရန်က ခေါင်းညိတ်သည်။ " ရူကွေ့ နဲ့သူ့ဇနီး သယ်ဆောင်လာပေးတဲ့ ကောင်းချီးမင်္ဂလာတွေကြောင့်လို့ ငါ ထင်တယ်။ အခုကစပြီး ရူကွေ့က ငါ့ရဲ့ အကောင်းဆုံးညီအစ်ကိုပဲ "
ဟွမ်ချီမင် :"....."
သူကကော ဘယ်လိုလဲ။
ကျိုးရန်သည် ဟွမ်ချီမင်၏အကြည့်ကို လျစ်လျူရှုလိုက်ပြီး ရယ်မောကာ ၀မ်ရူကွေ့နှင့်အတူ သူတို့၏ ဇနီးမယားများကို ပြန်ပို့ရန် ထွက်သွားသည်။
🍵
၀မ်ရူကွေ့သည် အခြေစိုက်စခန်းမှ ကားငှားခဲ့ပြီး ကျိုးရန်နှင့် သူ့ဇနီးကို အိမ်သို့ အရင်လိုက်ပို့ခဲ့ပြီး ထို့နောက်မှ ခြံဝင်းသို့ ပြန်လာသည်။
အဘိုး၀မ်သည် သူတို့နှစ်ယောက် အတူတူပြန်လာသည်ကိုမြင်တော့ အံ့သြသွားပြီး " ရွှယ်လူ သမီး အခြေစိုက်စခန်းမှာ ညအိပ်မယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား၊ ဘာလို့ အတူတူပြန်လာကြတာလဲ၊ တစ်ခုခုဖြစ်လို့လား "
ထုံရွှယ်လူက ပြုံးလိုက်ပြီး " တစ်ခုခုတော့ တကယ် ဖြစ်ခဲ့တယ် ဒါပေမဲ့ ကောင်းတဲ့ကိစ္စတစ်ခုပါ။ အဘိုး အရင်ထိုင်လိုက်ပါဦး။ ဘာသတင်းပဲ ကြားပါစေ အရမ်းစိတ်မလှုပ်ရှားနဲ့နော် "
အဘိုး၀မ်သည် ထိုစကားများကြောင့် ပို၍ပင် ရှုပ်ထွေးသွားကာ သူမကို ကြည့်ပြီးနောက် ဝမ်ရူကွေ့ကို ကြည့်လိုက်သည်။ " မင်းတို့ ဘာဖြစ်ခဲ့တယ်ဆိုတာ ငါ့ကို မြန်မြန်ပြောပြကြစမ်းပါ "
၀မ်ရူကွေ့က ပြောလိုက်သည်။ " အဘိုး၊ ရွှယ်လူမှာ ကိုယ်ဝန်ရှိနေပြီ၊ အဘိုးက ဘိုးဘိုးကြီးဖြစ်တော့မယ် "
အဘိုး၀မ်၏ တုတ်ကောက်သည် ' ဘုတ်' မြည်သံနှင့်အတူ မြေပေါ်သို့ပြုတ်ကျသွားပြီး သူက ခုန်လိုက်သည်။ " ဘာ၊ ရွှယ်လူမှာ ကိုယ်ဝန်ရှိနေတယ်လို့ ပြောလိုက်တာလား "
ထုံရွှယ်လူက " ဟုတ်ကဲ့ အဘိုး။ သမီး ခုနက အရမ်းစိတ်မလှုပ်ရှားဖို့ မပြောခဲ့ဘူးလား "
ပြောပြီးနောက် သူမသဘ် အဘိုး၀မ်ကို ကူညီရန် သွားသော်လည်း ၀မ်ရူကွေ့က သူမထက် ရှေ့တစ်လှမ်းရှေ့ရောက်သွားပြီး သူမအား ကုလားထိုင်မှာ ထိုင်စေကာ ရေတစ်ခွက်ငှဲ့ပေးသည်။
" မလှုပ်နဲ့၊ မင်းက အခု ကိုယ်ဝန်ရှိနေပြီ။ ဆရာဝန်က မင်းကိုယ်မင်း အပင်ပန်းမခံသင့်ဘူးလို့ပြောခဲ့တယ်လေ "
ထုံရွှယ်လူ : ' အဲဒါမို့ ဖန်ခွက်တစ်ခုလို ဆက်ဆံနေတယ်ပေါ့ '
အဘိုး၀မ်သည် အသိစိတ်ပြန်ဝင်လာကာ မျက်နှာမှာ နီမြန်းနေပြီး လက်နှစ်ဖက်နှင့် ပွတ်သပ်နေသည်။ " ကောင်းလိုက်တာ၊ တကယ် အရမ်းကောင်းတယ်။ မင်းတို့နှစ်ယောက် ဒီလောက်ထိ စွမ်းဆောင်နိုင်မယ်လို့ မထင်ထားဘူး။ လက်ထပ်ပြီး တစ်လပဲရှိသေးတယ် ၊ ကိုယ်ဝန်ရှိနေပြီ "
နောက်ဆုံးတော့ သူက ဘိုးဘိုးကြီးဖြစ်လာတော့မည်။
ဦးလေးဇုန်းသည် ကုန်စုံဆိုင်မှ ဈေး၀ယ်ပြန်လာသောအခါ အဘိုး၀မ်၏ စိတ်လှုပ်ရှားနေသော အသွင်အပြင်ကို တွေ့လိုက်ရပြီး သိချင်စွာဖြင့် မမေးမြန်းဘဲ မနေနိုင်ပေ။ " ဗိုလ်မှူး၊ ဘာလို့ ငိုနေတာလဲ "
အဘိုး၀မ်က မျက်ရည်များဖြင့် စိုရွှဲနေသည့် မျက်လုံးထောင့်များကို လက်နှင့် သုတ်လိုက်ကာ စိုက်ကြည့်သည်။ " မင်း အသက်ကြီးလာလို့ မျက်စိမှုန်လာတာလား၊ ငါ ဘယ်တုန်းက ငိုနေလို့လဲ၊ ရွှယ်လူ ကိုယ်ဝန်ရှိလို့ အရမ်းပျော်နေတာ၊ ဘာလို့ငိုရမှာလဲ "
ဦးလေးဇုန်းလည်း အံ့အားသင့်သွားပြီး ထုံရွှယ်လူ၏ဗိုက်ကိုကြည့်ကာ " ရွှယ်လူ ကိုယ်ဝန်ရှိတာလား၊ တကယ်ပဲလား "
၀မ်ရူကွေ့က ခေါင်းညိတ်သည်။ "တစ်လပဲရှိသေးတယ်၊ ဆရာဝန်က ကိုယ်၀န်လနုသေးလို့ နောက်ထပ်အနားယူဖို့ လိုအပ်တယ်လို့ ပြောတယ်။ အနာဂတ်မှာ ရွှယ်လူကို ဂရုစိုက်ပေးဖို့ ဦးလေးဇုန်းကို အကူအညီတောင်းရတော့မှာပဲ "
ဦးလေးဇုန်းက သွားများပေါ်သည်အထိ ပြုံးလိုက်သည်။ " စိတ်ချပါ၊ ငါ သေချာဂရုစိုက်ပေးမယ်။ နောက်ကျ ကျူးကျူးအဘွားကို အကြံဉာဏ်တောင်းသင့်တယ်။ သူမက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို ဘယ်လိုဂရုစိုက်ရမယ်ဆိုတာ ပိုသိလောက်မယ် "
အဘိုး၀မ်က ထပ်တလဲလဲ ခေါင်းညိတ်သည်။ " မင်း ပြောတာမှန်တယ်၊ ငါတို့ ကျူးကျူးရဲ့အဘွားကို မေးသင့်တယ်။ ငါတို့ အာရုံစိုက်ဖို့ လိုသမျှကို သေချာချရေးထားဖို့ မမေ့နဲ့ "
ထုံရွှယ်လူသည် သူတို့က သူမအတွက် အလုပ်များနေသည်ကိုကြည့်ရင်း ပျော်ရွှင်နေမိသည် ။