အပိုင်း၃၂၃
Viewers 67k

🍵Chapter 323



ညနေခင်းတွင် ဗိုလ်မှူးရှောင်းနှင့် သူမ၏ မောင်နှမသုံးယောက်တို့ သိသွားကြပြီးလွန်စွာ စိတ်လှုပ်ရှားသွားကြသည်။


ဗိုလ်မှူးရှောင်းက ထုံရွှယ်လူကို အိမ်မှာ ပြုစုစောင့်ရှောက်ရန်အတွက် တစ်ယောက်ယောက်ရှာရန်ကို အကြံပြုလာသော်လည်း ထုံရွှယ်လူက ငြင်းဆိုသည်။


" အဘိုး၊ ဆရာဝန်က သမီးရဲ့ကျန်းမာရေးကောင်းတယ်လို့ ပြောတယ်။ သမီး အခု အဆင်မပြေတာမျိုး မရှိပါဘူး။ ကလေးမွေးဖို့ အချိန်နီးလာရင် မီးတွင်းထဲမှာနေတဲ့အချိန် သမီးကို ဂရုစိုက်ပေးဖို့ တစ်ယောက်ယောက် ရှာရင်ရပါပြီ "


ဤမိသားစု၌ လူလွတ်အမျိုးသားများသာရှိသည်ဖြစ်ရာ တစ်လကြာ မီးတွင်းနေရစဉ်အချိန်တွင် ကူညီရန် တစ်စုံတစ်ယောက်ကို ရှာဖွေရုံသာရှိလေသည်။ သို့သော် ဤခေတ်၌ ဆေးရုံများက မီးတွင်းနေထိုင်ခြင်းအတွက် ဝန်ဆောင်ခြင်းများ ပေးသည်၊မပေးသည်ကို သူမ မသိချေ။


သူမ နောက်မှ မေးကြည့်ရ‌ပေမည်။


ရှောင်းမျန်မျန်က ပြေးလာပြီး သူ့မမကြီး၏ဗိုက်ကို ညင်သာစွာ ကိုင်လိုက်သည်။ " မမကြီး အထဲမှာ ကလေး တကယ်ရှိတာလား၊ သမီးဘာလို့မမြင်ရတာလဲ "


ထုံရွှယ်လူက ပြုံးလိုက်ပြီး ပြောသည်။  " ကလေးလေးက အခု သေးသေးလေးပဲ ရှိ‌သေးတယ် ။ သူ မထွက်လာခင် ကိုးလလောက် စောင့်ရဦးမယ် "


ရှောင်းမျန်မျန်၏ ပါးစပ်မှာ ကျယ်သွားလေသည်။ " ကိုးလ၊ အဲဒါက အကြာကြီးမဟုတ်လား၊ ကလေးလေးက  အထဲမှာ မပျင်းဘူးလား "


ထုံရွှယ်လူက " ဖြစ်နိုင်ပါတယ်၊ ဒါမှမဟုတ် နောက်ကျရင် မျန်မျန်က အချိန်ရတဲ့အခါ လာပြီး ကလေးလေးကို စကားပြောရင်း အဖော်ပြုပေးမလား "


ရှောင်းမျန်မျန်က သူမ၏ခေါင်းလေးအား ပြင်းပြင်းထန်ထန် ညိတ်ပြလိုက်ပြီး " ဟုတ် သမီး သီချင်းတွေဆိုပြမယ်။ နောက်ကျရင် ကလေးလေးအတွက် သီချင်းကောင်းကောင်းလေးတွေဆိုပြမယ်၊ အဲဒါဆိုရင် သူ ပျင်းမှာမဟုတ်တော့ဘူး "


သူမမှာ ကိုယ်ဝန်ရှိမှန်းသိကတည်းက ထုံရွှယ်လူသည် ပြန်လမ်းမရှိသည့် ငါးဆားနူလမ်းစပေါ်ရောက်နေသလို ခံစားရသည်။ သူမ ချက်ပြုတ်ချင်သော်လည်း အားလုံးက သူမကို တားမြစ်ကြသည်။ သူမ ရေသောက်လိုလျှင် ၀မ်ရူကွေ့က ချက်ချင်းပင် အပူချိန် အသင့်အတင့်ရှိသည် ရေကို ယူဆောင်လာပေးသည်။


ငါးဟင်းစားသည့်အချိန်မှာတောင် သူမ၏ပန်းကန်ထဲ မထည့်ခင် အရိုးများကို ဖယ်ထုတ်ပေးသည်။


၀မ်ရူကွေ့က သူမကို မင်းသမီးလေးတစ်ယောက်လို ဆက်ဆံပြီး လမ်းလျှောက်ခြင်းအပါအ၀င် အရာအားလုံးကို သူမအတွက် လုပ်ပေးလိုသည်။


ယခုကဲ့သို့ တစ်စုံတစ်ယောက်၏ ဖူးဖူးမှုတ်ထားခြင်းခံရသည်မှာ အမှန်တကယ် ကောင်းမွန်လှသည်။


🍵

နှစ်ရက်အကြာတွင် ကျန်းပိုင်ဟွေ့ သည် သူမအိမ်သို့ ရောက်လာသည်။


ပြီးခဲ့သောတစ်ကြိမ်တွင် သူမ၏ဝမ်းကွဲကိစ္စကြောင့် သူမတို့နှစ်ယောက်  အနည်းငယ် ကတောက်ကစဖြစ်ခဲ့ သည်။


ထုံရွှယ်လူသည် ကျန်းပိုင်ဟွေ့ ၏ စရိုက်မှာ အနည်းငယ်ထူးဆန်းလာသည်ဟု ခံစားမိသော်လည်း သူမက တိတ်ဆိတ်စွာ ခံစားနေမည့် အမျိုးအစားမဟုတ်ပေ။ သူမတို့နှစ်ယောက်ပေါင်းသင်း၍ မရတော့သည့်အခါ ခပ်ခွာခွာနေရန် ရွေးချယ်လိုက်မည်ဖြစ်သည်။


ထုံရွှယ်လူ၏ သူမအပေါ် အေးစက်ခြင်းကို မြင်လိုက်ရသည့်အခါ ကျန်းပိုင်ဟွေ့ သည် သူမ အနည်းငယ် တွန်းအားပေးခဲ့မှန်း သဘောပေါက်သွားသည်။ ထို့ကြောင့် သူမက  ချစ်ကြည်မှုယူရန် မုန့်များနှင့် သစ်သီးတချို့ ယူလာသည်။


ကျန်းပိုင်ဟွေ့က " ရွှယ်လူ၊ ငါနောက်ဆုံးအကြိမ်ဖြစ်ခဲ့တာက တစ်ကိုယ်ကောင်းဆန်လွန်းသွားခဲ့တာပါ။ နင်က ငါ့ကို အဘွားရှန်ကို မေးတဲ့နေရာမှာ ကူညီခဲ့ပြီးပြီ။ ငါ နင့်ကို စိတ်ဆိုးစရာအကြောင်းမရှိသင့်ဘူး။ ငါ တောင်းပန်ပါတယ်၊ ငါ့ကို ခွင့်လွှတ်ပေးပါ "


အစပိုင်းတွင် ကျန်းပိုင်ဟွေ့သည် ဖန်ကျင်းယွမ်နှင့် ပိုမိုကောင်းမွန်သောဆက်ဆံရေးရှိခဲ့သည်။ သူမတို့၏  ပင်ကိုယ်စရိုက်များက ဆင်တူသည့်အတွက် လိုက်ဖက်ညီခဲ့ကြသည်။ သို့သော် သူမတို့သည် ကျောင်းတစ်ခုတည်းတွင် မရှိသောကြောင့် ထုံရွှယ်လူ နှင့်ကျန်းပိုင်ဟွေ့တို့၏ ဆက်ဆံရေးမှာ အချိန်ကြာလာသည်နှင့်အမျှ ပိုမိုရင်းနှီးလာခဲ့သည်။


ဤသုံးနှစ်အတွင်း ကျန်းပိုင်ဟွေ့သည် သူမအား အကြိမ်ပေါင်းများစွာ ကူညီပေးခဲ့သောကြောင့် နောက်ဆုံးတွင် ထုံရွှယ်လူသည် သူမ၏ သတိရှိရှိပြုမူခြင်း ကို စွန့်လွှတ်ကာ လက်ခံခဲ့ခြင်းဖြသ်သည်။


ယခုတစ်ကြိမ်မှာတော့ ကျန်းပိုင်ဟွေ့သည် စည်းအနည်းငယ် ကျော်သွားခဲ့ပေမယ့် မည်သူမှ ပြီးပြည့်စုံသည်မဟုတ်ချေ။ တစ်ဖက်လူက သူမအား တောင်းပန်လာပြီးဖြစ်သဖြင့် ထုံရွှယ်လူ က ထိုကိစ္စအား ဆက်လက်ပြော‌ဆိုနေမည်မဟုတ်တော့ပေ။


ထုံရွှယ်လူက " မြန်မြန်ထိုင်လေ။ နင် ဘာသောက်ချင်တာလဲ၊ ငါ နင့်အတွက် လုပ်ပေးမယ် "


ကျန်းပိုင်ဟွေ့ စကားမပြောခင်မှာ ဦးလေးဇုန်းက တံခါးဝမှာ ပေါ်လာပြီး " ရွှယ်လူ၊ မလှုပ်နဲ့။ သမီးတစ်ခုခုလိုချင်တာရှိရန် ဦးလေးကိုပြောသင့်တယ်။ သမီးခန္ဓာကိုယ်က အရင်ကနဲ့မတူဘူး "


ကျန်းပိုင်ဟွေ့က နားမလည်သည့်ပုံပေါ်နေလေသည်။ "ရွှယ်လူ နင့်ခန္ဓာကိုယ်က  ဘာဖြစ်တာလဲ "


ထုံရွှယ်လူက ပြုံးကာ ပြောလိုက်သည်။  " ဘာမှမဟုတ်ပါဘူး၊ ငါ့မှာ ကိုယ်ဝန်ရှိ‌နေရုံပါ။  ဦးလေးဇုန်းနဲ့ တခြားသူတွေက ငါ့ကို အရမ်းစိတ်ပူနေကြတာ၊ အဲဒါမို့ အရမ်းရေကြီးခွင်ကျယ် လုပ်နေကြတာ "


ဤတစ်ခါတော့ ကျန်းပိုင်ဟွေ့ အံ့အားသင့်သွားရမယ့်အလှည့်ပင်ဖြစ်သည်။ " နင် ကိုယ်ဝန်ရှိနေပြီလား။ အရမ်းမြန်လွန်းတယ် မဟုတ်ဘူးလား "


ထုံရွှယ်လူသည် သူမ၏ဗိုက်ချပ်ချပ်လေးကိုထိလိုက်သည်။ " နည်းနည်းမြန်တယ်လို့ ငါလည်း ထင်ပါတယ် "


ကျန်းပိုင်ဟွေ့က သူမ၏ဝမ်းဗိုက်ကိုကြည့်သည်။ " တချို့စုံတွဲတွေက အိမ်ထောင်ကျတာ တစ်နှစ် နှစ်နှစ်လောက်ရှိပေမဲ့ ကိုယ်ဝန်မရနိုင်ကြဘူး။ ယောက္ခမတွေရဲ့ နေ့တိုင်းဖိအားပေးခံရပြီး စိတ်ဖိစီးမှုတွေများရတယ်။ နင်က တစ်လအတွင်း ကိုယ်ဝန်ရသွားတယ်၊ နင့်ထက် ကံကောင်းတဲ့သူမျိုးကို မတွေ့ဖူးသေးဘူး "


ထုံရွှယ်လူ : "….."


ထုံရွှယ်လူမှာ မည်သို့  တုံ့ပြန်ရမှန်းမသိ တော့ချေ။ တစ်လအတွင်း ကိုယ်ဝန်ရသွားသည်ကို ကံကောင်းသည်ဟု ယူဆကြသည်လား။


ကျန်းပိုင်ဟွေ့ သည် ရုတ်တရက် သက်ပြင်းချလိုက်ပြီး သူမ၏ဝမ်းဗိုက်ကို ထိလိုက်သည်။ " ငါ နင့်ကို အားကျမိတယ်။ ငါနဲ့ ထျန်းယိ ရဲ့ အခြေအနေကို နင်သိပါတယ်။ လောလောဆယ် ငါတို့ ကလေးယူလို့မရဘူး "


လျန်ထျန်းယိသည် နိုင်ငံခြားတွင် ပညာသင်ကြားနေပြီး ကျန်းပိုင်ဟွေ့ သည် နိုင်ငံခြားရေးဝန်ကြီးဌာနတွင် အလုပ်သင်သံအမတ်အဖြစ် လျှောက်ထားရန် စီစဉ်နေသည်။ သူမတို့နှစ်ယောက်လုံးက အသက်မွေးဝမ်းကြောင်းအလုပ်ကို အာရုံစိုက်ချင်ကြပြီး နောင် သုံး၊လေးနှစ်ကြာသည်အထိ  ကလေးယူနိုင်မည်မဟုတ်‌ပေ။


ထုံရွှယ်လူက သူမကို နှစ်သိမ့်ပေးသည်။ " နင်တို့ နှစ်ယောက်လုံး ငယ်သေးတယ်။ ထျန်းယိ ဘွဲ့ရပြီး တရုတ်ပြည်ကို ပြန်လာတဲ့အထိ စောင့်လိုက်ပါ။ အဲဒီနောက်မှ ကိုယ်ဝန်ယူရင်လည်း နောက်မကျသေးပါဘူး "


ကျန်းပိုင်ဟွေ့က  ယဲ့ယဲ့မျှသာ ပြုံးလာသဖြင့် ထုံရွှယ်လူ၏နှစ်သိမ့်မှုအား စိတ်ထဲ မထည့်သည်မှာ သိသာနေသည်။


ထုံရွှယ်လူက အခြားမည်သည်ကိုမှ ထပ်မပြောတော့ပေ။


ထုံရွှယ်လူကိုယ်ဝန်ဆောင်နေချိန်တွင်  ချန်ရှို့ယွင်၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းမှာ တိုးတက်နေလေသည်။


" ဒီတစ်​ခါ ပစ္စည်းတွေ ကျွန်မဘာသာသွားဝယ်​လိုက်​မယ်​။ ရှင်က ဒီမှာ​နေပြီး ဆိုင်​ကိစ္စတွေကို စီမံချေ "


ရှစ်ရှိုးနန်က သမ်းလိုက်သည်။ " ငါ သိပြီ "


ချန်ရှို့ယွင်သည် ရှစ်ရှိုးနန်အား  အနည်းငယ် စိတ်မရှည်လာသည်အထိ အကြိမ်ကြိမ် သတိပေးလိုက်ပြီး‌‌  ရထားပေါ်သို့ တက်သွားသည်။


ရှစ်ရှိုးနန်သည် သူမ ရထားပေါ်တက်သည်ကို ကြည့်ပြီးနောက် ကားထဲ၀င်ကာ မောင်းထွက်သွားသည်။


ချန်ရှို့ယွင်သည် ရထားပေါ်တက်ပြီးသည့်အခါ ပြတင်းပေါက်မှ သူ့ကို နှုတ်ဆက်မည်ပြုသော်လည်း အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည့်အခါ မည်သူမျှ မရှိတော့ချေ။


သူမ ချက်ချင်း ဒေါသထွက်သွားလေသည်။


ရှစ်ရှိုးနန်သည် အိမ်မပြန်ဘဲ လမ်းကြားတစ်ခုသို့ လျှောက်သွားကာ ဘန်ဂလိုတစ်ခုထဲသို့ ၀င်သွားသည်။


မကြာမီ ဘန်ဂလိုအတွင်းမှ ရယ်မောသံများ ထွက်ပေါ်လာသည်။ " လူယုတ်မာကြီး၊ နောက်ဆုံးတော့  ကျွန်မကို လာတွေ့ဖို့ ဆုံးဖြတ်ခဲ့ပြီ‌ပေါ့။ ရှင် ကျွန်မကိုမေ့သွားပြီထင်နေတာ "


ရှစ်ရှိုးနန်က ထိုအမျိုးသမီးကို ပွေ့ဖက်လိုက်သည်။


 " ကိုယ့်အချစ်လေး၊ ကိုယ့်ကိုယ်ကိုယ် မေ့သွားရင်တောင် မင်းကို ဘယ်လိုလုပ် မေ့ရက်ပါ့မလဲ "


အမျိုးသမီးက သူ့ကို တွန်းထုတ်လိုက်သည်။ " ရှင့်မိန်းမက ရှန်းကျန့်ကို အဝတ်အစားတွေလက်ကားယူဖို့ သွားပြီလား "


ရှစ်ရှိုးနန်၏လက်များက သူမခန္ဓာကိုယ်ပေါ် ‌ပွတ်သပ်နေသည်။  " အင်း၊ ကိုယ်တို့ အဝတ်အစားရောင်းဖို့ စတိုးဆိုင်တစ်ခုဖွင့်ဖို့ စီစဉ်နေတာ "


ဤတစ်ကြိမ်မှာတော့ အမျိုးသမီးက သူ့ကို မတွန်းထုတ်ပစ်ချေ။ " သူဌေးရှစ်က ချမ်းသာတော့မှာပဲ။ နောက်ကျ ရှင် ကျွန်မကို လာတွေ့အုံးပါ့မလား "


ရှစ်ရှိုးနန်က ရယ်မောကာ သူမ၏ ပါးပြင်ကို နမ်းလိုက်သည်။ " လုပ်ငန်းအောင်မြင်သွားရင် အဲဒီမျက်နှာဝါဝါနဲ့  မိန်းမကို ကွာရှင်းပြီး မင်းကို လက်ထပ်မယ် "

........

T/N - မျက်နှာဝါဝါနဲ့မိန်းမက ဆွဲဆောင်မှုမရှိတာ ၊ မကျန်းမာသလို အသားအရောင်ရှိတာ၊ကြည့်ရှုဖွယ်မကောင်းဘူးဆိုပြီး ဖော်ပြတဲ့အခါ သုံးတဲ့ ယုတ်ညံ့တဲ့စကားလုံးပါ။


🍵


၀မ်ရူကွေ့သည် အခြေစိုက်စခန်းသို့ မပြန်မီ အိမ်တွင် တစ်ရက်သာ နေခဲ့ရပြီး အခြေစိုက်စခန်းသို့ ပြန်ရောက်သည်နှင့် ချက်ချင်းပင် ဖုန်းဆက်သည်။


ထို့နောက်မှာတော့ သူသည် တစ်နေ့လျှင်အနည်းဆုံး နှစ်ကြိမ်မှ သုံးကြိမ်အထိ ဖုန်းခေါ်ဆိုသည်။ ဖုန်းချလိုက်သည့်အခါတိုင်း ဖုန်း၏ တစ်ဖက်စွန်းဆီမှ  သူ၏ တုံ့ဆိုင်းမှုကို သူမ ခံစားမိသည်။

 

ထုံရွှယ်လူသည် သူ၏ ပထမအဆုံးအကြိမ် ဖခင်တစ်ဦးဖြစ်ရခြင်း၏ စိတ်လှုပ်ရှားမှုကို နားလည်သော်လည်း သူသည် အလွန်တွယ်ကပ်လွန်းနေလေသည်။


သူမ ကိုယ်ဝန်ရှိကတည်းက မိသားစုသည် သူမကို အမြဲတမ်းအကာအကွယ်လိုအပ်နေသည့် ကြွေသားနှင့် ပြုလုပ်ထားသလို ဆက်ဆံကြသည်။ သူမကို တစ်နေ့လျှင် (၂၄) နာရီပတ်လုံး အိပ်ရာထဲတွင် မလှုပ်ရှားဘဲ လဲလျောင်းနေစေလိုကြပြီး ၎င်းကြောင့် သူမမှာ ၀မ်းနည်း၀မ်းသာဖြစ်ရသည်။


နောက်ပိုင်းတွင် သူမသည် အဘွားရှန် အား စည်းရုံးရေးမှူးအဖြစ် အကူအညီတောင်းခဲ့ရသည်။ အတွေ့အကြုံမရှိသောအမျိုးသားများကို သင်ကြားမှုများစွာပေးပြီးသည့်နောက် သူမ၏ လွတ်လပ်မှုကို ပြန်လည်ရရှိနိုင်ခဲ့သည်။


ထုံရွှယ်လူသည် သူမ၏ခန္ဓာကိုယ်ကို ကောင်းစွာသိရှိထားပြီး စီစဉ်ထားသည့်အတိုင်း လူဝေ့ကျိုက်နှင့် စားသောက်ဆိုင်ကို ဆက်လက်ဖွင့်လှစ်သွားရန် စီစဉ်ထားသည်။


လူဝေ့ကျိုက်သည် အမြတ်အစွန်းရလာနေပြီဖြစ်ပြီး ကိစ္စတစ်စုံတစ်ရာမဖြစ်သရွေ့ ကျန်ကိစ္စများကို စီမံရန် ကောင်းချွန်းယွီထံ အရာအားလုံး လွှဲအပ်ထားနိုင်သည်။


ထို့နောက် သူမသည် စားသောက်ဆိုင်ကို အာရုံစိုက်မည်ဖြစ်သည်။ သူမ အဆင်မပြေဟုခံစားရပါက ကျန်းမာရေးကို ဦး စားပေးပြီး တန့်ဟုန်ထံ စားသောက်ဆိုင်ကို အပ်ထားနိုင်သည် သို့မဟုတ် လုပ်ငန်းကို ယာယီရပ်ဆိုင်းထားနိုင်သည်။


သူမခန္ဓာကိုယ်၌ ပြဿနာတစ်စုံတစ်ရာမရှိလျှင် ဆက်လုပ်ရန် စီစဉ်ထားသည်။  ကိုယ်၀န်‌ဆောင်ခြင်းမှာ နုနယ်လွန်းသည့် ကိစ္စမဟုတ်ချေ။


သူမ ယနေ့နံနက် အိပ်ရာနိုးလာသည့်အခါ ဦးလေးဇုန်းပြင်ဆင်ပေးထားသည့်  ပဲနို့တစ်ခွက်၊ အသားပေါင်မုန့်နှစ်လုံး၊ ပန်းသီးတစ်လုံးနှင့် အခွံမာသီး အချို့ပါဝင်သည့် မနက်စာကို စားသောက်သည်။

 

အခွံမာသီးများကို သူမတောင်းဆိုခဲ့ခြင်းင်းဖြစ်ပြီး ၎င်းတို့၌ အာဟာရဓာတ်များ ကြွယ်၀စွာပါရှိပြီး မိခင်နှင့် ဗိုက်ထဲရှိ ကလေးအတွက် အကျိုးကျေးဇူးရှိသောကြောင့်ဖြစ်သည်။


မနက်စာစားပြီးနောက် သူမ၏ ဆိုင်ကို စစ်ဆေးရန် သွားရောက်သည်။

 

လူဝေ့ကျိုက်မှာ ကောင်းမွန်စွာ လည်ပတ်နေခြင်းကြောင့် လူအများအပြားသည် စီးပွားရေးအခွင့်အလမ်းများနှင့် ကျောင်းသားများ၏ ဝယ်ယူမှုအားကို မြင်တွေ့ခဲ့ကြပြီး အနီးနားရှိ ဆိုင်အများအပြားမှာ လက်ရှိတွင် ပြုပြင်မွမ်းမံလျက် ရှိကြသည်။


ကောင်းချွန်းယွီသည် သူမကိုမြင်သည့်အခါ လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း လုပ်ငန်းနှင့် ဖောက်သည်များ၏တုံ့ပြန်ချက်အား သူမအား အစီရင်ခံလာသည်။


 " မန်နေဂျာထုံ၊ ကျွန်မ ဒီအကြောင်းကို စုံစမ်းပြီးပါပြီ။ ဘေးပတ်က ဆိုင်တွေအကုန်လုံးက စားသောက်ဆိုင်ဖွင့်မဲ့ဆိုင်တွေချည်းပဲ။ အဲဒီလိုဆို ကျွန်မတို့ရဲ့စီးပွားရေးကိုအနာဂတ်မှာ ထိခိုက်လာမလား "

 

ထုံရွှယ်လူက ပြုံးပြီး ပြောလိုက်သည်။ " အစပိုင်းမှာတော့ သေချာပေါက် သက်ရောက်မှုရှိလိမ့်မယ်၊ ဒါပေမဲ့ ရေရှည်မှာ ဒါက ကောင်းတဲ့ကိစ္စဖြစ်လာလိမ့်မယ်" 

 

ကောင်းချွန်းယွီက စိတ်ရှုပ်သွားပြီး မေးလေသည်။ 


" ဘယ်လိုမျိုးလဲ "


ထုံရွှယ်လူက ရှင်းပြသည်။ " ဒီလမ်းမှာ ကျွန်မတို့ဆိုင်တစ်ဆိုင်ပဲရှိတဲ့အခါ တစ်ယောက်စကား တစ်ယောက်ကြားပြီး ပျံ့နှံ့သွားရင်တောင် ဒီကိုလာတဲ့သူတွေက အကန့်အသတ်ရှိလိမ့်မယ်။ ဒါပေမဲ့ တစ်နေ့ ဒီလမ်းက အစားအသောက်‌ ဈေးတန်းလမ်းကြားတစ်ခုဖြစ်လာပြီး တစ်လမ်းလုံးက အရသာရှိတာ‌တွေရောင်းချရင် များသထက်များတဲ့ လူတွေကို ပိုပိုပြီး ဆွဲဆောင်နိုင်လိမ့်မယ် "


ကောင်းချွန်းယွီက စဉ်းစားလိုက်ပြီး ခေါင်းညိတ်လိုက်သည်။ " မန်နေဂျာထုံက တကယ်ပဲ အမြင်ကျယ်ပါပေတယ်၊ ကျွန်မကတော့ ကိုယ့်ရှေ့မှာ ရှိတာကိုပဲ မြင်နိုင်တယ် "


ထုံရွှယ်လူက ပြုံးသည်။ " ကူညီဖို့လာတဲ့ လူငါးယောက်ကို ရှင်ဘယ်လိုထင်လဲ "


ကောင်းချွန်းယွီက ပြောလာသည်။ " မန်နေဂျာထုံက မျက်စိအမြင်ရှိတယ်။ သူတို့ငါးယောက်လုံးက လုပ်ရည်ကိုင်ရည်ရှိပြီး အလုပ်ကြိုးစားကြတယ်။ ကျွန်မ တာ၀န်ချပေးတဲ့အလုပ်တာ၀န်တွေကို တုံ့ဆိုင်းမှုမရှိ လုပ်ကိုင်ကြတယ်။ ဒါပေမဲ့ သူတို့ထဲက လုပ်ကိုင်ရည်အရှိဆုံးသူကို ရွေးရမယ်ဆိုရင် ကျန်းကျွင်းလိလို့ခေါ်တဲ့ ယောင်္ကျားလေးတစ်ယောက်ဖြစ်လိမ့်မယ် "