🍵Chapter 324
ကျန်းကျွင်းလိသည် ကျန်းပိုင်ဟွေ့ ၏ သွေးဝေးဆွေမျိုးတစ်ယောက်ဖြစ်သည်။ ဝါစဥ်ကြီးငယ်အဖြစ်ဆိုရလျှင် သူက ကျန်းပိုင်ဟွေ့၏ ၀မ်းကွဲအစ်ကို တော်စပ်လိမ့်မည်။
ထုံရွှယ်လူက မျက်ခုံးများကို ပင့်လိုက်ပြီး မေးလိုက်သည်။
" အိုး၊ သူ ဘာလုပ်ခဲ့လို့လဲ "
ကောင်းချွန်းယွီက ပြောပြသည်။
" အဲဒီနေ့က ကျောင်းသားတစ်ယောက် ရောက်လာပြီး ကျွန်မတို့ချက်ထားတဲ့ အစားအစာက မလတ်ဆတ်လို့ သူ့ကို ဝမ်းလျှောစေတယ်လို့ ပြောတယ်။ သူက ကျွန်မတို့ကို လူသိရှင်ကြားတောင်းပန်၊လျော်ကြေးပေးပြီး ဆိုင်ကို အပြီးတိုင် ပိတ်သိမ်းစေချင်တယ် "
" အဲဒီတုန်းက ကျွန်မက အပြင်မှာရှိနေခဲ့တာ၊ သူနဲ့ ကျွန်မ မောင် နှစ်ယောက်တည်းပဲ ရှိနေခဲ့တာ၊ ဝေ့ဖျင်က အရမ်းထိတ်လန့်သွားပြီး စကားမပြောနိုင်ပေမယ့် ကျန်းကျွင်းလိကတော့ တည်တည်ငြိမ်ငြိမ်နဲ့ ကိုင်တွယ်နိုင်ခဲ့တယ်။ သူက အဲဒီသူကို ချက်ချင်းပဲ ဆေးစစ်ဖို့ ဆေးရုံကို သွားဖို့ ကမ်းလှမ်းခဲ့ပြီး အဲဒီနောက် အမှုကိစ္စကို ပြည်သူ့လုံခြုံရေးဗျူရိုကို သတင်းပို့ခဲ့တယ်။ ဆေးရုံနဲ့ ပြည်သူ့လုံခြုံရေးဗျူရိုဆီ သွားရမယ်ကြားရော အဲဒီလူက ကြောက်လန့်ပြီး ထွက်သွားပါလေရော "
ထုံရွှယ်လူက မေးမြန်းသည်။ " အဲဒီသူက ကျောင်းသားတစ်ယောက်ဆိုတာ သေချာလား " တစ်စုံတစ်ယောက်သည် သူမ၏ စီးစွားရေးလုပ်ငန်း ကောင်းမွန်နေသည်ကို မြင်ပြီး တမင်တကာ ပြဿနာရှာသည်ဟု သူမ သံသယရှိမိသည်။
သံသယရှိသူအဖြစ်ကတော့ သူမ ချန်ချိုက်ရှင်းကို စဉ်းစားမိသည်။
ကောင်းချွန်းယွီက ခေါင်းခါလိုက်သည်။ " ကျွန်မ ပြန်လာတော့ အဲဒီလူက လူအုပ်ထဲ တိုး၀င်ပြီး ထွက်ပြေးသွားတယ်။ အခြေအနေ ပိုဆိုးသွားမှာကို ကြောက်လို့ ကျွန်မတို့ သူ့ကို မလိုက်ခဲ့ဘူး။ မန်နေဂျာထုံ၊ ကျွန်မတို့ အမှားလုပ်ခဲ့မိသွားလား "
ထုံရွှယ်လူက သူမအား စိတ်အေးစေသည်။ " ရပါတယ်၊ ရှင်တို့တွေ ကောင်းကောင်းလုပ်ခဲ့ပါတယ်။ တစ်ခုခုဖြစ်ရင် မကြောက်နဲ့၊ ရှင် သူတို့နဲ့ ကျိုးကြောင်းဆီလျော်နေဖို့ မလိုဘူး။ ရဲဌာနဆီကိုသာ တိုက်ရိုက်သတင်းပို့လိုက်ပါ "
ကျန်းကျွင်းလိ၏ တည်တည်ငြိမ်ငြိမ်ဖြင့် အခြေအနေကို ကိုင်တွယ်မှုသည် သူမအား အံ့အားသင့်စေသည်။ သူမ ထိုသူကို ပို၍ သတိထား စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ အရာအားလုံးအဆင်ပြေလျှင် သူ့အား အဓိက ကျောရိုး၀န်ထမ်းအဖြစ် လေ့ကျင့်ပေးနိုင်သည်။
ကောင်းချွန်းယွီက ခေါင်းညိတ်သည်။ " ဒါနဲ့ စကားမစပ်၊ မန်နေဂျာထုံ၊ ရာသီဥတုက တစ်နေ့ထက်တစ်နေ့ ပိုအေးလာတယ်၊ ကျွန်မတို့ရဲ့ စီးပွားရေးက အဲဒီ့အချိန်ကျ ကျဆင်းသွားလိမ့်မယ် "
မာလာထန်းသည် ပူပူနွေးနွေးရှိပြီး ရာသီဥတုအေးလေလေ လုပ်ငန်းပိုကောင်းလေဖြစ်သော်လည်း ဟင်းလျာများသာ ရေခဲချောင်းကဲ့သို့ အေးခဲသွားလျှင် မည်သူမျှ ဝယ်ယူလိုကြမည်မဟုတ်ချေ။
ထုံရွှယ်လူက ချီးမွန်းလိုက်သည်။ " ရှင် အရမ်းကောင်းတဲ့ အကြံပြုချက်တစ်ခု ပေးလိုက်တာပဲ ။ ရာသီဥတုပိုအေးလာတဲ့အခါ ကျွန်မ ဟင်းပွဲအသစ်တွေ ထုတ်မှာမို့ အဲ့ဒီကိစ္စကို စိတ်ပူစရာ မလိုဘူး "
ထိုအချိန်တွင် အိုးဖြင့်နှပ်ကာချက်ပြုတ်ထားသည့်ဟင်းလျာများကို လျော့ချပြီး ထိုအစား အသားကင်များကို စတင်ရောင်းချမည်။ ရာသီဥတု အေးလာသောအခါတွင် အခြားဆိုင်များကလည်း လုပ်ငန်းစကြမည်ဖြစ်သည်။ ထိုအချိန်ရောက်လျှင် ဤလမ်းတွင် အရသာရှိသောအစားအစာများ ရောင်းချသည်ကို လူများစွာက သိရှိသွားမည်ဖြစ်သည်။
ကောင်းချွန်းယွီသည် ထုံရွှယ်လူ၏ ယုံကြည်မှုအပြည့်ရှိသော အသွင်အပြင်ကို မြင်လိုက်ရသောအခါတွင် လေးစားမှုများဖြင့် ပြည့်နှက်သွားသည်။
တကယ်ပင် လူအများကြားက ကွဲပြားခြားနားမှုများမှာ ကြီးမားလှပေသည်။ မန်နေဂျာထုံသည် ငယ်ရွယ်သော်လည်း အရည်အချင်းရှိကာ ထိပ်တန်းစားဖိုမှူးတစ်ဦးဖြစ်ရုံသာမက လူအများနှင့်ဆက်ဆံရာတွင် အတွေ့အကြုံအလွန်ရှိပြီး မြို့တော်ရှိ စာဖတ်စာမေးပွဲတွင် ပထမရသည့် ကျောင်းသူတစ်ဦးဖြစ်သည်။
နှိုင်းယှဉ်၍ပင် မရနိုင်ချေ။
"လူဝေ့ကျိုက်"ဆိုင်မှ ထွက်ခွာပြီးနောက် ထုံရွှယ်လူသည် တန့်ဟုန် အလုပ်လုပ်သည့် အစိုးရပိုင်ဟိုတယ်သို့ သွားသည်။ သူမနှင့် မိတ်ဆက်ပေးလိုသောစားဖိုမှူး နှစ်ယောက်ရှိကြောင်း တန့်ဟုန်က ပြောကြားခဲ့သည်။
အစိုးရပိုင်ဟိုတယ်သို့ သူမ ရောက်သည့်အခါ ကျန်းတန့်ဟုန်သည်လည်း ထိုနေရာ၌ ရှိနေသည်။
" ဒီနေ့ အတန်းမရှိဘူးလား " ထုံရွှယ်လူက မေးလိုက်သည်။
" ဒီနေ့က အတန်းမရှိဘူး၊ စားဖိုမှူး ငှားနေတယ်ကြားလို့ တစ်ချက်ကြည့်ဖို့ လာခဲ့တာ "
တန့်ဟုန်က ထိုသို့ပြောရင်း ကျောက်ဖရုံသီးခြောက်ဖြင့် ပြုလုပ်ထားသည့်လက်ဖက်ရည်ကို ထည့်ပေးသည်။
ထုံရွှယ်လူက ပြောလိုက်သည်။ " ရိုးရိုးရေနွေးလေးပဲ သောက်မယ် "
ထုံရွှယ်လူက သူမ စေတနာကို ကောင်းကောင်း နားလည်သည်။ ယောက်ျားသားများနှင့် ပြည့်နေသောအခန်းထဲတွင် သူမက တစ်ဦးတည်းသော အမျိုးသမီးဖြစ်လျှင် အတင်းအဖျင်းများစွာ ပြောကြပေမည်။
ကျန်းတန့်ဟုန်က နားမလည်စွာ မေးသည်။ "ပုံမှန်ဆို ကျောက်ဖရုံသီးခြောက်လက်ဖက်ရည်ကို ကြိုက်တယ်မဟုတ်ဘူးလား။ ဒီနေ့ ဘာလို့ မသောက်တာလဲ "
ထုံရွှယ်လူသည် သူမ၏ဗိုက်ကို ငုံ့ကြည့်ကာ မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် ပြောသည်။ " ညီမ ကိုယ်ဝန်ရှိနေပြီ "
ကျန်းတန့်ဟုန် ခေတ္တ အံ့အားသင့်သွားသည်။ " တကယ်လား။ ဒီလောက်မြန်မြန်။ ဂုဏ်ပြုပါတယ်နော် "
ထုံရွှယ်လူက ပြန်ဖြေသည်။ " အင်း။ ဒီလို မြန်မြန်ဖြစ်လာဖို့ ညီမလည်း မမျှော်လင့်ထားဘူး "
" ဒါက တစ်လလောက် ရှိလောက်ပြီ ၊ဟုတ်တယ် မဟုတ်လား "
" အင်း၊ တစ်လတိတိရှိပြီ။ ကျောက်ဖရုံသီးခြောက်နဲ့ စိမ်ထားတဲ့ လက်ဖက်ခြောက်က အေးတဲ့သဘာ၀ရှိတယ်။ ဓမ္မတာလာတဲ့အခါ မသောက်တာ အကောင်းဆုံးပဲ။ အလွန်အကျွံသောက်တာက ခန္ဓာကိုယ်ကို အအေးမိစေပြီး ဓမ္မတာလာရင် နာကျင်စေတယ် "
ကျန်းတန့်ဟုန်က တုန်လှုပ်သွားသည်။ " အဲဒါမျိုးရှိတယ်လား။ အစ်မက အဲဒါသောက်ရတာကို ကြိုက်တယ်။ အထူးသဖြင့် ဒေါသထွက်လွယ်တဲ့နွေရာသီမှာ နေ့တိုင်းလိုလို သောက်ဖြစ်တယ်။ နွေရာသီမှာ လစဉ်ဓမ္မတာလာတဲ့အခါ အရမ်းနာတာ မဆန်းတော့ပါဘူး။ နောက်ကျရင် လျှော့သောက်ရမယ်နဲ့တူတယ် "
နှစ်ယောက်သား စကားစမြည်ပြောနေကြစဉ် တန့်ဟုန်သည် လူလတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦးကို ဦးဆောင်ကာ အပြင်ဘက်မှ ဝင်လာသည်။
တန့်ဟုန်သည် ထုံရွှယ်လူ ကိုမြင်သောအခါ အပြုံးဖြင့် လျင်မြန်စွာ နှုတ်ဆက်သည်။ " ရဲဘော်ထုံ စောစောရောက်နေတာလား "
ထုံရွှယ်လူက မေးသည်။ " အင်း၊ ဒီပုဂ္ဂိုလ်နှစ်ယောက်က ရှင် မိတ်ဆက်ပေးချင်တဲ့စားဖိုးမှုးတွေလား "
တန့်ဟုန်က ခေါင်းညိတ်ပြကာ ဆံပင်တိုနှင့်လူကို ညွှန်ပြပြီး ပြောသည်။ " ဒီဘက်က ပုဂ္ဂိုလ်က အတွေ့အကြုံ ဆယ့်ငါးနှစ်ရှိတဲ့ ဆရာကြီးဟွမ်တခိုင် "
ထို့နောက် အရပ်မြင့်မြင့်ရှိကာ ပိန်သော သက်လတ်ပိုင်း အမျိုးသားကို ညွှန်ပြပြီး " ဒီဘက်က ဆရာကြီးစုန့်ဝေကျွင်း။ ဟင်းချက်အတွေ့အကြုံ ဆယ့်ခုနစ်နှစ် ရှိတယ်။ သူတို့ နှစ်ယောက်စလုံးက တခြားပြည်နယ်တွေက အစိုးရပိုင်ဟိုတယ်တွေမှာ အလုပ်လုပ်ဖူးကြတယ်။ မကြာသေးခင်က သူတို့မိသားစုတွေနဲ့အတူ ပေကျင်းမှာ အသက်မွေး၀မ်းကြောင်းပြုဖို့ လာခဲ့ကြတာ၊ ဒါပေမဲ့ အခုထိ အလုပ်ရှာမရသေးဘူး "
စကားပြောပြီးနောက် သူက ဆရာကြီးနှစ်ယောက်အား ပြောပြန်သည်။ " ဒီဘက်က အမျိုးသမီးက စားသောက်ပိုင်ရှင်ပါ "
စားဖိုမှူးနှစ်ယောက်က လျင်မြန်စွာ ပြောသည်ာ " မင်္ဂလာပါ။ မန်နေဂျာထုံ "
ထုံရွှယ်လူက ပြုံးပြီးပြောသည်။ " ဆရာကြီးတို့နှစ်ယောက် အရမ်းယဉ်ကျေးဖို့မလိုပါဘူး။ ဆရာကြီးတို့နှစ်ယောက်လုံးက ဘယ်ဟင်းလျာတွေကို အကောင်းဆုံးချက်နိုင်လဲဆိုတာ ပြောပြပေးနိုင်မလား "
ဟွမ်တခိုင်က မန်ဒရင်း လေသံဖြင့် ပြောလာသည်။
" ကျုပ်က ကွမ်းတုံပြည်နယ်သားမို့ ကန်တုံဟင်းလျာကို အထူးကျွမ်းကျွင်းကျင်ကျင် ချက်တတ်တယ်၊ ဒင်းဆမ်းကိုလည်း ကောင်းကောင်းပြုလုပ်တတ်တယ် "
စုန့်ဝေကျွင်း၏ စကားများသည် တိုတိုတုတ်တုတ်ဖြစ်ပြီး လိုရင်းတိုရှင်းဖြစ်သည်။ " ကျုပ်က စီချွမ်းသား ၊ စီချွမ်းဟင်းလျာကို ကျွမ်းကျင်တယ် "
တန့်ဟုန်က ပြုံးကာ ပြောသည်။ " စားဖိုမှုးနှစ်ယောက်ရှိတာ ပိုပြီးကောင်းတယ်။ လူတိုင်းစမ်းစားကြည့်ဖို့ ဆရာကြီးတို့ နှစ်ဦးရဲ့ အထူးသီးသန့်ဟင်းပွဲတွေကို နေရာတင်ပဲ ချက်ပြုတ်ပြသရင် ဘယ်လိုလဲ "
ထုံရွှယ်လူက သဘောတူလိုက်သည်။
ထို့ကြောင့် တန့်ဟုန်က စားဖိုမှူးနှစ်ယောက်ကို ချက်ပြုတ်ရန်အတွက် မီးဖိုချောင်သို့ ခေါ်သွားသည်။
" အစ်မ တန့်ဟုန်၊ အစ်မ ဘွဲ့ရပြီးရင် ဘာလုပ်ဖို့ စီစဉ်ထားလဲ "
ထုံရွှယ်လူသည် သူမ၏ လွယ်အိတ်ထဲမှ အဆာပြေမုန့်များကို ထုတ်ယူပြီး ကျန်းတန့်ဟုန်နှင့်အတူ စားသည်။
ဤရက်ပိုင်းများ၌ သူမ၏ အစာစားချင်စိတ်မှာ အလွန်ကောင်းလာပြီး အမြဲတမ်း ဗိုက်ဆာလွယ်နေသည်။
ကျန်းတန့်ဟုန်က ဖြေသည်။ " အစ်မ ဘွဲ့လွန် စာမေးပွဲကို ဖြေချင်တယ်။ ဖြစ်နိုင်ရင် တက္ကသိုလ်မှာ ဆရာမဖြစ်ချင်တယ် "
" ဖြစ်နိုင်ပါတယ်၊ မူလတန်းကျောင်းဆရာထက် တက္ကသိုလ်ဆရာလုပ်ရတာက ပိုလွယ်ကူတယ် "
အဓိကမှာ ဆက်ဆံပုံနှင့် လူမှုအဆင့်အတန်း ကွာခြားသောကြောင့် ဖြစ်ပြီး ကျန်းတန့်ဟုန်၏ အကျင့်စရိုက်အရ ကျောင်းတွင်ရှိသည်က ပို၍ သင့်လျော်သည်။
တစ်နာရီကျော်ကြာပြီးနောက် စားဖိုမှူးနှစ်ယောက်က သူတို့၏ အထူးလက်ရာဟင်းပွဲများနှင့် ထွက်လာသည်။
စားဖိုမှူးဟွမ်တခိုင်သည် ဝက်သားအကြွပ်ကင်နှင့် အချိုပွဲအတွက် ဒင်းဆမ်း ပူတင်းပေါက်စီကို ပြုလုပ်ခဲ့သည်။
ဝက်သားကင်သည် အပြင်ဘက်တွင် ကြွပ်ရွပြီး အတွင်းပိုင်းတွင် နူးညံ့သည်။ အရသာက သိပ်ပြီး မပြင်းထန်ဘဲ ချိုမြသည့်အရသာသည် ပါးစပ်ထဲမှာ ကျန်နေခဲ့ပြီး ကန်တုံစတိုင်ဟင်းလျာစစ်စစ်ပင်ဖြစ်သည်။
ထုံရွှယ်လူက အသားတစ်ဖက်ကို တူနှင့်ညှပ်ကာ စားကြည့်လိုက်ပြီး မှတ်ချက်ပေးသည်။ " စားဖိုမှူးဟွမ်ရဲ့ ဝက်သားကင်က အရမ်းကောင်းတယ်၊ ဒါပေမဲ့ အသားကင်က နည်းနည်း ရွှေရောင်ဖြစ်သွားရင် ပိုကောင်းလိမ့်မယ်"
စားဖိုမှူးဟွမ်တခိုင်က အားတက်သရော ခေါင်းညိတ်သည်။
" မန်နေဂျာထုံက တကယ်ပဲ ပထမတန်းစား စားဖိုမှူးဖြစ်ဖို့ ထိုက်တန်ပါတယ်။ ကျုပ်ထက် ဒီအသားကင်ကို ပိုပြီးအရသာရှိအောင် လုပ်နိုင်တဲ့သူ သိပ်ရှိမည်မထင်ဘူး။ ဒါ ပေမဲ့ အမြဲတမ်းအခေါက်ကို မထိန်းညှိနိုင်ဘဲ မည်းမည်းသွားတတ်တယ် "
ထုံရွှယ်လူက ပြောသည်။ " ဒါက ရှင်ကြောင့်မဟုတ်ပါဘူး။ အပူပေးတဲ့ အချိန်နဲ့သက်ဆိုင်တယ်။ နောက်မှ ရှင့်အတွက် ကျွန်မ လက်တွေ့ပြပေးမယ် "
စားဖိုမှူးဟွမ်တခိုင်က တခဏခန့် ထိတ်လန့်သွားပြီး ဝမ်းသာအားရ ပြုံးလိုက်သည်။ " မန်နေဂျာထုံ၊ ဒါက ကျွန်တော့်ကို လက်ခံလိုက်ပြီလို့ ဆိုလိုတာလား "
ထုံရွှယ်လူက ခေါင်းညိတ်လိုက်ပြီးနောက် သူ ပြုလုပ်ထားသည့် ပူတင်းပေါက်စီကို ကောက်ယူလိုက်သည်။
ပူတင်းပေါက်စီ၏ အပြင်ဘက်သားက နူးညံ့ပြီသည့် အလွှာရှိပြီး ကိုက်လိုက်သည့်အခါ အတွင်း၌ သွပ်သွင်းထားသည့် ရွှေရောင်အနှစ်များက ထွက်လာသည်။ အနှစ်များ၏အရသာမှာ ချိုချို၊ငန်ငန်ရှိပြီး နူးညံ့ကာ လတ်ဆတ်သည်။
ထုံရွှယ်လူသည် ပေါက်စီတစ်ခုလုံးကို စားသုံးလိုက်သည်။ သူမသည် ယခုကဲ့သို့ မူလလက်ရာစစ်စစ် ပူတင်းပေါက်စီကို မစားရသည်မှာ ကြာခဲ့လှပြီဖြစ်ကာ အတော်လေးလွမ်းဆွတ်နေခဲ့သည်။
စားဖိုမှူးစုန့်ဝေကျွင်းသည် မာပိုတို့ဟူးဟင်းနှင့် ကြက်ကုန်းဘောင်ကို ပြုလုပ်ခဲ့သည်။
မာပိုတို့ဟူး၏အရသာမှာ အစပ်ဖြစ်ကာ နူးညံ့ပြီး ကြက်ကုန်းဘောင်းသည်လည်း နူးညံ့ကာ အစပ်အရသာရှိပြီး ဝါးလေလေ အရသာပိုရှိလေပင်။
ထုံရွှယ်လူသည် စားဖိုမှူးစုန့်ဝေကျွင်း၏ ဟင်းချက်ကျွမ်းကျင်မှုကိုလည်း ချီးမွမ်းခဲ့ပြီး သူ၏ မာပိုတို့ဟူးသည် အနည်းငယ် အကျက်လွန်နေသည်ဟု ထောက်ပြခဲ့သော်လည်း အဆုံးတွင် သူ့ကို ငှားရမ်းကြောင်း ပြောသည်။
သို့သော် သူမ၏စားသောက်ဆိုင်သည် နောင်တစ်လခွဲအတွင်း ဖွင့်လှစ်နိုင်မည်မဟုတ်သေးသောကြောင့် ထုံရွှယ်လူက ၎င်းတို့နှစ်ဦးကို အချိန်ကျသည့်အခါမှသာလျှင် စားသောက်ဆိုင်သို့ လာရောက်ရန် အကြောင်းကြားမည်ဟု ပြောလိုက်သည်။
အစိုးရပိုင်ဟိုတယ်မှ ထွက်လာပြီးနောက် တစ်ခုခုဝယ်ရန် ကုန်တိုက်သို့ သွားလိုသော်လည်း ကိုယ်ဝန်ကြောင့်လားမသိ ပင်ပန်းသည်ဟု ခံစားရနေသည်။ ပုံမှန်အားဖြင့် သူမသည် အားအင်အများအပြားရှိသော်လည်း ယခုအခါတွင် အနည်းငယ် ပင်ပန်းနေလေသည်။
ထို့ကြောင့် သူမသည် ကုန်တိုက်စတိုးဆိုင်သို့ သွားမည့်စိတ်ကူးကို စွန့်လွှတ်လိုက်ပြီး ဘတ်စ်ကားနှင့် အိမ်ပြန်လာသည်။
ဘတ်စ်ကားမရောက်ခင် နာရီဝက်ကြာ စောင့်ဆိုင်းခဲ့ရပြီးနောက် ထုံရွှယ်လူသည် သူမ စတင်ငွေရှာနိုင်သည်နှင့် ပထမဆုံးလုပ်ရမည့်အရာမှာ ကားဝယ်ရန်ဟု ဆုံးဖြတ်လိုက်သည်။
သူမ အိမ်ထဲဝင်လိုက်သည်နှင့် လမုန့်လေးက သူမပေါ်သို့ ခုန်တက်လာသော်လည်း လမ်းတ၀က်၌ ရုတ်တရက် ရပ်တန့်ပြီး ၀မ်းဗိုက်တစ်ဝိုက်ကို အနံ့ခံနေသည်။
ထုံရွှယ်လူသည် တိရိစ္ဆာန်များသည် အလွန်နိုးကြားသည့် ခံစားမှုရှိပြီး သူတို့၏ ပိုင်ရှင်များကိုယ်ဝန်ရှိနေပြီဟု ခံစားမိသောအခါ ကိုယ်ပေါ်တက်ခြင်းကို ရပ်တန့်ကြသည်ဟု ထုံရွှယ်လူ ကြားခဲ့ဖူးသည်။
သူမက လမုန့်လေး၏ခေါင်းကို ပွတ်သပ်ရင်း မေးမြန်းသည်။ " လမုန့်လေး ၊ ငါ ကိုယ်ဝန်ရှိနေပြီဆိုတာ နင်သိတာလား "
လမုန့်လေးသည် သူ၏ ခါတိုင်းလို အပြုအမူနှင့် မတူညီဘဲ တိုးညှင်းစွာ ဟောင်လေသည်။
ထိုအခိုက်အတန့်တွင် သစ်သားတံခါးမှာ ရုတ်တရက် တွန်းဖွင့်ခံလိုက်ရပြီး ၀မ်ရူကွေ့က ချွေးများထွက်နေသည့်မျက်နှာနှင့် အပြင်မှ ဝင်လာသည်။ " မင်း ဘယ်သွားခဲ့တာလဲ။ ကိုယ် လူဝေ့ကျိုက်ကိုသွားကြည့်တော့ မင်းကို မတွေ့ဘူး "
ထုံရွှယ်လူက မတ်တပ်ထရပ်ပြီး ထူးဆန်းစွာ မေးသည်။ " ကျွန်မ ဆိုင်ကို အရင်သွားပြီး အဲ့ဒီနောက် မန်နေဂျာတန့်ရှိသည့် အစိုးရပိုင်ဟိုတယ်ကို သွားခဲ့တယ်၊ ရှင်က ဘာလို့ ရုတ်တရက် ပြန်လာတာလဲ "
၀မ်ရူကွေ့က လျှောက်လာပြီး သူမ၏ကိုယ်ကို စစ်ဆေးကြည့်သည်။ သူမ အဆင်ပြေသည်ကို တွေ့ရှိပြီးနောက် ပြန်ဖြေလာသည်။ " မင်းအတွက် အသံသွင်း ကက်ဆက်တိပ်ခွေလေး ဝယ်လာခဲ့တယ်။ ကိုယ့်သူငယ်ချင်းရဲ့ ခွေးက ခွေးပေါက်လေးတွေမွေးတယ်။ တစ်လသားလေးတွေပဲရှိကြသေးတော့ ကိုယ် တစ်ကောင်ယူလာခဲ့တာ "
ထုံရွှယ်လူသည် ခွေးပေါက်ကလေးအကြောင်းကို ကြားသောအခါ သူမက သိချင်စိတ်ဖြင့် မေးသည်။ " ခွေးလေးက ဘယ်မှာလဲ "
၀မ်ရူကွေ့က သူမလက်ကိုဆွဲကာ ခွေးကလေးကို သွားကြည့်သည်။
ခွေးပေါက်လေးသည် ဝံပုလွေနှင့် ခွေးစပ်ဖြစ်သော်လည်း ငယ်ရွယ်သေးသောကြောင့် အနည်းငယ် ရူးကြောင်ကြောင်ပုံဖြစ်နေသည်။ ၎င်းက ထုံရွှယ်လူကို အရည်လဲ့နေသည့် မျက်လုံးကြီးများဖြင့် ကြည့်နေသည်။
ထုံရွှယ်လူက ချက်ချင်းဆိုသလို မြင်မြင်ချင်း ချစ်မိသွားပြီး သူ့ခေါင်းလေးကို ပွတ်သပ်လိုက်သည်။ " မင်းကို နာမည် ဘယ်လိုပေးရမလဲ "
" ဝုတ် ဝုတ် "
ခွေးကလေးက နှစ်ခါဟောင်လိုက်သည်။
ထို့နောက် ၀မ်ရူကွေ့ က အကြံပေးသည်။ " သူ့ကို လူကွေ့လို့ပဲ ခေါ်ရင်ရော "
(လူကွေ့က လိပ်အစိမ်းလို့ အဓိပ္ပယ်ရတယ်)
ထုံရွှယ်လူ၏ ပါးစပ်မှာ နှစ်ကြိမ်တိုင် တွန့်ရှုံ့သွားလေသည်။
"......"
၀မ်ရူကွေ့သည် အချိန်အတော်ကြာပြီးသည့်နောက်ထိ ထိုနာမည်ကို မှတ်မိနေဦးမည်ဟု သူမ မမျှော်လင့်ခဲ့ပေ။ သူမသည် ၎င်းကိုချက်ချင်းငြင်းဆိုလိုက်ပြီး နောက်ဆုံးတွင် ခွေးကလေးကို လျိုရှားပေါင်ဟု အမည်ပေးလိုက်သည်။
[ T/N - လျိုရှားပေါင်က ပူတင်းပေါက်စီနဲ့ စာလုံးပေါင်းအတူတူပါ ]
အဘယ့်ကြောင့်ဆိုသော် သူမ စားခဲ့သော ပူတင်းပေါက်စီသည် အလွန်အရသာရှိပြီး နောက်ထပ် သုံးလေးလုံးလောက် စားနိုင်သည်ဟု သူမထင်သောကြောင့် ခွေးပေါက်လေးကို ဤအမည်ပေးခဲ့ခြင်းဖြစ်သည်။
ခွေးပေါက်လေးကို " လူကွေ့ " ဟု နာမည်မပေးနိုင်ခဲ့သည့်အတွက် ၀မ်ရူကွေ့မှာ ဝမ်းနည်းသွားလေသည်။
ညနေခင်းတွင် ရေချိုးပြီးနောက် သူမသည် ၀မ်ရူကွေ့၏ ရင်ဘတ်ပေါ် မှီနေသည်။
၀မ်ရူကွေ့ သည် သူမ၏ ဗိုက်သားပြားချပ်ချပ်ကို ညင်သာစွာ ပွတ်သပ်ရင်း ပြောသည်။ " အနာဂတ်မှာ ဘယ်ကိုပဲ သွားသွား မိသားစုကို ပြောသွားနော်၊ ဒါမှ သူတို့စိတ်မပူရမှာလေ "
ထုံရွှယ်လူက လည်ပင်းကို လက်ချိတ်ပြီး မေးစေ့ကို ကိုက်လိုက်သည်။ " ကောင်းပါပြီ၊ ကျွန်မ ရှင်ပြောတာကို နားထောင်ပါ့မယ်။ ကျွန်မအပြင်သွားတဲ့အခါ ဦးလေးဇုန်းကို ပြောပြခဲ့မယ် "
၀မ်ရူကွေ့သည် သူမ သူ့အား ကိုက်လိုက်သည့်အခါ တုန်လှုပ်သွားပြီး သူမထံမှ ခပ်ဝေးဝေးသို့ ရွှေ့လိုက်သည်။
" ခဏလောက် သည်းခံထားနော်။ ကိုယ် ဆရာဝန်ကို မေးခဲ့ပြီးပြီ၊ သုံးလေးလလောက်မတိုင်ခင် အဲဒါ..."
ထုံရွှယ်လူ : "....."
' ဘုရားရေ၊ သူ့စကားတွေအရ သူမက အရမ်းတောင့်တနေသလိုဖြစ်မနေဘူးလား '
သူမ စကားပြန်မပြောသည်ကိုမြင်သည့်အခါ ၀မ်ရူကွေ့ က သူမ ဒေါသထွက်နေသည်ဟုထင်ကာ ပြောသည်။ " မင်းနဲ့ကလေးကို အဖော်ပြုဖို့ နောက်ကျရင် ကိုယ် ခဏခဏပြန်လာပါ့မယ် "
ထုံရွှယ်လူသည် သူ မည်မျှ နာခံနေသည်ကို မြင်သောအခါတွင် သူ့ကို မကျီစယ်နိုင်တော့ပေ။
အဓိကအချက်မှာ သူမ၏ စိတ်အခြေအနေက ယခင်ကလောက် မကောင်းတော့သလို ပင်ပန်းသည်ဟုလည်း ခံစားနေရသည်။
သူမ သမ်းဝေသည်ကို မြင်သောအခါ ၀မ်ရူကွေ့က သူမအား လဲလျောင်းစေရန် ကူညီပေးသည်။ " မင်းအိပ်ချင်နေပြီဆိုတော့ အိပ်ကြရအောင်လေ "
သူက ထ၍ မီးပိတ်လိုက်သည်။ ထို့နောက် ထုံရွှယ်လူက သူ၏ခါးကို ပွေ့ဖက်လိုက်ပြီး မကြာမီ အိပ်ပျော်သွားသည်။
အသံများကြောင့် အိပ်ရာနိုးလာခဲ့သည့်အခါ မည်မျှကြာအောင် အိပ်ပျော်သွားသည်ကို သူမ မသိချေ။
သူမ မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ ၀မ်ရူကွေ့က ကုတင်စွန်းမှာထိုင်ကာ မည်သူမျှ မရှိသည့် ကုလားထိုင်အား စကားပြောနေ၏။
" ရှစ်ရှိုးနန်အနားကပ်ခိုင်းဖို့ မိန်းမတစ်ယောက် မင်းတကယ်ပဲ မင်းအဖေကို စီစဉ်ခိုင်းခဲ့တာလား "