အပိုင်း၃၂၅
Viewers 67k

🍵Chapter 325




ထုံရွှယ်လူသည် လန့်နိုးလာပြီး အပြည့်အဝ နိုးကြားသွားသည်။


သူမ၏ အကြည့်များသည် အမှန်တကယ် လူတစ်ယောက်ရှိနေသကဲ့သို့ ၀မ်ရူကွေ့စကားပြောဆိုနေသည့် ကုလားထိုင်အလွတ်ဆီသို့ ရောက်ရှိသွား၏။


လေထုက ထူးဆန်းနေပြီး သူမကို ကြက်သီးများထကာ တုန်လှုပ်ချောက်ချားစေသည်။


ထုံရွှယ်လူသည် ကုတင်ပေါ်တွင် လဲလျောင်းလျက်သားရှိပြီး လှုပ်ရှားရန် သို့မဟုတ် အသံထွက်ရန် ကြောက်ရွံ့ကာ အသက်ရှုခြင်းကို နှေးကွေးထားသည် ။  ထို့နောက် ၀မ်ရူကွေ့က စကားထပ်ပြောလာပြန်သည်။ 


" မင်း ငါ့အတွက်ကြောင့် ဒီလိုလုပ်တာ ငါသိပါတယ်။ အဲဒီအမျိုးသမီးက ငါ့အဖေကို အရှက်ခွဲခဲ့ပြီး သူ မကွယ်လွန်ခင်ထိ ပြင်းပြင်းထန်ထန် နာကျင်စေခဲ့တယ်။ မင်းလုပ်နေတာက တစ်ဖက်သူက သူမလုပ်ခဲ့တဲ့အတိုင်း လက်စားချေတာဖြစ်ပြီး သူမနဲ့ ထိုက်တန်ပါတယ် "


စကားအဆုံးသတ်ပြီးနောက် ကုလားထိုင်ပေါ်မှ တစ်စုံတစ်ယောက် စကားပြောနေသည်ကို နားထောင်သကဲ့သို့ ငြိမ်သက်သွားပြန်သည်။


ခဏအကြာတွင် သူက ရုတ်တရက် မျက်ခုံးများကို တွန့်လိုက်သည်။ " ဟင့်အင်း၊ မင်းအဖေကို တားဖို့ မလိုဘူး။ အဲဒီမိန်းမကို ရှစ်ရှိုးနန်ကို ဆက်ပြီး သွေးဆောင်ဖျားယောင်ခိုင်းထား။ သူမ ဒုက္ခရောက်နေမှ တခြားသူတွေကို ဒုက္ခပေးဖို့ အချိန်မရှိဖြစ်မှာ "


" ငါ့ဇနီးနဲ့ ကလေးကို ထိခိုက်အောင်လုပ်ခွင့်မပြုနိုင်ဘူး " 


သူက မျက်နှာအမူအရာပျော့ပျောင်းသွားပြီး နှုတ်ခမ်းများက အပေါ်သို့ပင့်တက်သွားသည်။ 


 " မင်းမသိလောက်သေးပေမယ့် ရွှယ်လူက ကိုယ်ဝန်ရှိနေပြီ၊ မကြာခင် ငါအဖေဖြစ်တော့မယ် "


ထုံရွှယ်လူသည် သူ၏နောက်ဆုံးစာကြောင်းကို မကြားမချင်း ကြောက်ရွံ့ထိတ်လန့်စွာ အသက်အောင့်ထားခဲ့သည်။


ထိုအချိန်တွင် သူမ၏ ကြောက်ရွံ့မှု ပျောက်ကွယ်သွားပြီး မျက်ရည်များက ဝဲတက်လာကာ သူမ၏ အမြင်အာရုံကို မှုန်ဝါးစေသည်။


သူမ၏မျက်ရည်များကို သုတ်ချင်သော်လည်း သူ့အား အနှောင့်အယှက်ဖြစ်စေမည်ကို စိုးရိမ်သောကြောင့် မျက်တောင်ခတ်ကာ မျက်ရည်များကို  ပါးပြင်ပေါ်သို့ တိတ်တဆိတ် စီးကျစေသည်။


ရုတ်တရက် ဝမ်ရူကွေ့သည် သူမဘက်သို့ လှည့်လာရာ သူမက  မျက်လုံးကို ပိတ်ရန် အချိန်မမီလိုက်သဖြင့် မျက်လုံးများက လေထဲမှာ အကြည့်ချင်းဆုံတွေ့သွားကြသည်။


ထုံရွှယ်လူသည် အသက်အောင့်ထားပြီး စောင်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ အသက်ပင် မရှူထုတ်ဝံ့ပေ။


၀မ်ရူကွေ့သည် ယောင်နေသည်ဖြစ်စေ နိုးနေသည်ဖြစ်စေ ယခုအချိန်တွင် သူမကို တွေ့နိုင်၊မတွေ့နိုင်ကို သူမ မသိချေ။


စိတ်ကစဉ့်ကလျားရောဂါ၏ အခြေအနေမှာ အလွန်ရှုပ်ထွေးလှသည်။  အိပ်ပျော်နေသည့်အခါ သတိမရှိဘဲ တစ်စုံတစ်ရာပြုလုပ်တတ်သည့် စိတ်ရောဂါဝေဒနာရှင်တစ်ဦးအဖြစ် ကျန်းကောရုန် သရုပ်ဆောင်ခဲ့သည့် ရုပ်ရှင်တစ်ကားကို သူမ သတိရမိသည်။  သို့သော် "စိတ်ထားလှလှတစ်ခု " ရုပ်ရှင်ကားတွင် ဇာတ်ဆောင်သည် မတည်ရှိသည့်လူများနှင့် စကားပြောဆိုဆက်သွယ်သည့် စိတ်အာရုံချောက်ချားခြင်းကို ခံစားနေရသည်။


၀မ်ရူကွေ့  တွေ့ကြုံနေရသည်မှာ မည်သည်ဖြစ်သည်ကို သူမ မသိပေ။


၀မ်ရူကွေ့၏အကြည့်သည် သူမ မျက်နှာပေါ်ရှိ မျက်ရည်စက်များပေါ်တွင် ကျရောက်သွားကာ သူ့နှလုံးသားက တင်းကြပ်သွားသည်။  " တောင်းပန်ပါတယ်၊ ကိုယ့်ကြောင့်နိုးလာတာလား၊ မင်းဘာလို့ ငိုနေရတာလဲ "


သူ၏ အေးစက်သော လက်ချောင်းများက သူမ ပါးပြင်ကို ညင်သာစွာထိလိုက်ပြီး ထုံရွှယ်လူအား ကျောရိုးတစ် လျှောက် တုန်လှုပ်သွားစေသည် ။


" မဟုတ်ပါဘူး၊ ရှင်ကြောင့်မဟုတ်ပါဘူး။ ကျွန်မမှာ အိပ်မက်ဆိုးတစ်ခုမက်ခဲ့လို့ပါ "  သူမ၏ လက်ဖဝါးများတွင် စိတ်လှုပ်ရှားမှုများကြောင့်  ချွေးများထွက်နေချိန်မှာ သဘာ၀ကျကျဖြစ်စေရန် ကြိုးစားကာ ပြန်ဖြေလိုက်သည်။


၀မ်ရူကွေ့သည် သူမမျက်နှာမှ မျက်ရည်များကို သုတ်လိုက်ပြီး သူမကို ပွေ့ဖက်လိုက်သည်။  " တောင်းပန်ပါတယ် ကိုယ့်သူငယ်ချင်းက ကိုယ့်ကိုတွေ့ဖို့ရောက်လာပြီး ကိုယ်တို့ စကားပြောနေကြတာနဲ့  မင်းကို သတိမထားမိလိုက်ဘူး "


ထုံရွှယ်လူက ခက်ခက်ခဲခဲ တံတွေးမျိုချလိုက်သည်။  " သူငယ်ချင်း၊ ဘယ်သူငယ်ချင်းလဲ "


" အရင်ကပြောဖူးတယ်‌လေ၊ ကိုယ့်ရဲ့ငယ်သူငယ်ချင်း ရှောင်ရွှိ " 


၀မ်ရူကွေ့က ထိုသို့ပြောပြီးနောက် ကုလားထိုင်ဘက်သို့ လှည့်ကာ ပြောလိုက်ပြန်သည်။  " ရွှယ်ရွိ၊ ဒါက ငါ့ဇနီး ရွှယ်လူ "


ထုံရွှယ်လူသည် လွတ်နေသော ကုလားထိုင်ကို တောင့်တင်းစွာ ကြည့်လိုက်သည်။  " မင်္ဂလာပါ ရှောင်ရွှိ၊ တွေ့ရတာ ဝမ်းသာပါတယ် "


ထိုင်ခုံအလွတ်က မည်သည်ကိုမှပြန်မဖြေပေ။ သို့သော် နောက်အခိုက်အတန့်မှာတော့ ၀မ်ရူကွေ့က အနည်းငယ် ရှက်သွားမှုကို ပြသသည်။  " ငါလည်း ငါ့ဇနီးက အရမ်းလှတယ်လို့ထင်တယ် "


ထုံရွှယ်လူက သူ့စကားကို ဆက်ပြောလိုက်သည်။ " ချီးမွမ်းမှုအတွက် ကျေးဇူးတင်ပါတယ် ဒါပေမဲ့  အခုက နောက်ကျ‌နေပြီ။ ရှောင်ရွှိ အိမ်ပြန်သင့်ပြီ မဟုတ်လား "


၀မ်ရူကွေ့က ခေါင်းညိတ်လိုက်သည်။  " ရှောင်ရွှိ ငါ မင်းကို လိုက်ပို့ပေးမယ် "


သူက မတ်တတ်ထရပ်၍ တံခါးဆီသွားလိုက်ပြီး တံခါးကိုဖွင့်ကာ ထွက်သွားသည်။


ထုံရွှယ်လူက သူ့နောက်ကျောကို စိုက်ကြည့်ရင်း တစ်‌‌ယောက်ယောက်က သူမနှလုံးကို တင်းတင်းကြပ်ကြပ် ဖျစ်ညှစ်ထားသလို ခံစားရပြီး မျက်လုံးများက စပ်ဖဉ်းဖျဉ်းဖြစ်နေသည် ။


မိနစ်အနည်းငယ်ကြာပြီးနောက် ဝမ်ရူ‌ကွေ့ပြန်ရောက်လာသည်။


" ရှောင်ရွှိ သွားပြီ၊ မင်းကို ကောင်းကောင်းအနားယူဖို့ ပြောလိုက်တယ်" ဟု ပြောကာ ဖိနပ်များကို ချွတ်ပြီးနောက် အိပ်ယာထဲသို့ဝင်ကာ သူမကို တင်းတင်း ပွေ့ဖက်သည်။  " အဲဒါကအိပ်မက်ဆိုးတစ်ခုပါပဲ။ ကိုယ်ဒီမှာရှိနေတယ်၊ မကြောက်နဲ့နော် "


ရာသီဥတုသည် ဆောင်းဦးရာသီသို့ ၀င်လာပြီဖြစ်ပြီး ထုံရွှယ်လူသည် ကုတင်စွန်းတွင် သူ မည်မျှကြာအောင် ထိုင်ခဲ့သည်ကို မသိသော်လည်း ယခု သူမအား မှီလာသည့်အခါ သူ၏ အေးစက်နေမှုက သူမအား ထပ်မံ တုန်လှုပ်စေပြန်သည်။


" ဘာဖြစ်လို့လဲ " ၀မ်ရူကွေ့သည် သူမ၏ စိတ်မသက်မသာဖြစ်မှုကို ခံစားရပြီး  သူမကို ကြည့်ရန် ခေါင်းငုံ့လိုက်သည်။


ထုံရွှယ်လူက ခေါင်းယမ်းလိုက်ပြီး အသံတုန်ယင်စွာဖြင့်  ပြောသည်။ " ဘာမှမဟုတ်ပါဘူး၊ ရှင် ကျွန်မဘေးမှာ ရှိနေရင် လုံခြုံတယ်လို့ ခံစားရရုံပါ "


သူမ ခေါင်းကိုမော့လိုက်ပြီး သူ့မေးစေ့ကို ညင်သာစွာ နမ်းလိုက်သည်။


၀မ်ရူကွေ့၏ မျက်နှာသည် နီမြန်းသွားပြီး သူမ၏နဖူးကို ညင်သာစွာ ပွတ်သပ်လိုက်သည်။  စောစောက ထူးဆန်းသည့် မြင်ကွင်းကြောင့် မဟုတ်လျှင် ဤအခိုက်အတန့်မှာ အလွန်ကြည်နူးဖွယ် ဖြစ်နေလိမ့်မည်။


ထုံရွှယ်လူက သူ့လက်ကို ဆုပ်ကိုင်လိုက်ပြီး သိချင်စွာ မေးသည်။  " ဒါနဲ့ မိန်းမတစ်ယောက်ကို ရှစ်ရှိုးနန်အနား ကပ်စေမယ်ဆိုပြီး  ရှင်ရယ် ရှောင်ရွှိရယ် ဆွေးနွေးနေတာကဘာတွေလဲ။ ရှင် ဘာတွေ စီစဉ်နေတာလဲ "


၀မ်ရူကွေ့က ကြောက်ရွံ့တုန်လှုပ်သွားသကဲ့သို့ တောင့်တင်းသွားသည်။  " အဲ့ဒါ မင်းကြားသွားခဲ့တာလား "


ထုံရွှယ်လူ၏ လက်ဖဝါးများတွင် ချွေးများ ပြန်ထွက်လာသည်။  သူမ လုပ်ခဲ့သည်မှာ မှန်သလား၊မှားသလား သို့မဟုတ် သူ့အား စိတ်ဆိုးဒေါသထွက်စေမည်လား သူမ မသိချေ။


သို့သော်  ယခုတော့ သူမမှာ တခြားရွေးချယ်စရာ မရှိတော့ပေ။


သူမ ခေါင်းညိတ်လိုက်သည်။  " အင်း ၊ ကျွန်မ နိုးလာ‌တော့ ရှင်တို့ စကားပြောတာကို ကြားလိုက်ရတယ်။ ရှစ်ရှိုးနန်နဲ့ အဲဒီမိန်းမကို ဘယ်လိုလုပ်ရမလဲ ဆွေးနွေးနေတာလား "


၀မ်ရူကွေ့၏ နက်မှောင်သော မျက်လုံးများသည် အပြစ်ရှိကာ စိုးရိမ်မှုအပြည့်ဖြင့် သူမကို လေးလေးနက်နက် ကြည့် နေသည်။


အခန်းသည် တိတ်ဆိတ်သွားပြီး သူမ၏ အာရုံကြောများက ပြင်းထန်စွာ တင်းကြပ်လာသည်။


" ကိုယ့်အမေအရင်းကို ကိုင်တွယ်ဖို့ တခြားသူတွေကို ခွင့်ပြုခဲ့တယ်လို့ ကိုယ်ပြောရင် ကိုယ်က စက်ဆုပ်ရွံရှာဖွယ်ကောင်းပြီး သားသမီး၀တ္တရားမသိတတ်သူလို့ မင်း ထင်မှာလား "  သူ့အသံတွင် အပြစ်ရှိစိတ်နှင့် စိူရိမ်ပူပန်မှုအရိပ်အမြွက်များကို သယ်ဆောင်ထားသည်။


ထိုစကားကိုပြောပြီးသည့်နောက်မှာတော့ ခွင့်မလွှတ်နိုင်သည့်အရာတစ်ခုကို ပြုလုပ်မိလိုက်သလို သူမ၏အကြည့်များကို ရှောင်ရှားသည်။

 

သားတစ်ယောက်အနေနှင့် သူ့လုပ်ရပ်များမှာ လက်မခံနိုင်ဖွယ်ဖြစ်သည်ကို သူ သိပေမယ့် ထိုအမျိုးသမီးသည် သူအချစ်ရဆုံးသူကို ထိခိုက်စေခဲ့သည်။  သူကား လျစ်လျူရှု၍ မနေနိုင်ပေ။


ယခုတော့ သူသည် သူ့အမေကို ဤကဲ့သို့ ကိုင်တွယ်ဖြေရှင်းနေမှန်း သူမ သိရှိသွားခဲ့သည်။ သူက ကြောက်စရာကောင်းသောလူတစ်ယောက်ဟု သူမ ထင်သွားလိမ့်မည်နည်း။


ထုံရွှယ်လူက သူ့မျက်နှာကို အုပ်ကိုင်လိုက်ပြီး သူ့အား သူမကို ပြန်ကြည့်‌စေသည်။  " မဟုတ်ဘူး၊ ရှင်ဘာပဲလုပ်လုပ် ရှင်ရဲ့ဘေးမှာ ကျွန်မ ရပ်တည်နေပေးမယ်။ နောက်ပြီး ရှင်တို့စကားပြောတာကို ကျွန်မ စောစောကကြားခဲ့တယ်။ ရှင်က ဒါတွေအားလုံးကို  ကျွန်မနဲ့ ကျွန်မတို့ရဲ့ကလေးကို ကာကွယ်ဖို့ လုပ်ခဲ့တာပါ "


" ကျေးဇူးတင်ပါတယ် ရူကွေ့၊ ကျွန်မက ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးသူလို့ ခံစားရတယ်။ ပြီးတော့ ကျွန်မတို့ရဲ့ကလေးအတွက်လည်း ကျေးဇူးတင်ပါတယ်။ ရှင်က အရဲရင့်ဆုံးဖခင်တစ်ယောက်ပါ " ဟု ထုံရွှယ်လူက ပြောကလိုက်သည်။

 

၀မ်ရူကွေ့၏ မှိန်ပျနေသော မျက်လုံးများသည် ချက်ချင်းပင် တောက်ပလာပြီး သူမလက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။  " မင်း တကယ် အဲဒီလိုထင်တာလား။ ကိုယ်က စက်ဆုပ်စရာ ကောင်းတယ်လို့ မထင်ဘူးလား"


ထုံရွှယ်လူက ခေါင်းယမ်းလိုက်ပြီး သူ၏ နူးညံ့သောနှုတ်ခမ်းများကို နမ်းလိုက်သည်။  " မထင်ဘူး၊ ကျွန်မ ရှင့်ကိုအဲဒီလို ဘယ်တော့မှ မတွေးဘူး "


၀မ်ရူကွေ့သည် သူမအား ချစ်ခြင်းတရားနှင့် ယုံကြည်မှုအပြည့်ရှိသည့် မျက်၀န်းများဖြင့် ကြည့်လိုက်ပြီး သူ၏ ယခင်က စိုးရိမ်ပူပန်မှုများ  ပြေပျောက်သွားသည်။  " ကျေးဇူးတင်ပါတယ် "


ထို့နောက် သူသည်​ ငုံ့ကာ နှုတ်​ခမ်းများကို ထိကပ်၍ ညင်​သာစွာ နမ်းလိုက်​သည်​။


တန်ဖိုးထားမှုများနှင့်ပြည့်နေသည့် ဤအနမ်းသည် ယခင်ကထက် ပို၍နူးညံ့ပြီး  သူမ၏ နှုတ်ခမ်းများကို ဖြည်းညင်းစွာ နမ်းလိုက်သည်။

 

ခဏအကြာတွင် ထုံရွှယ်လူသည် သူမ၏နီမြန်းနေသောပါးပြင်များကို သူ့ပခုံးပေါ်တင်လိုက်ရင်း သူမ၏အသံက အသက်ရှုမ၀သလို ဖြစ်နေသည်။  " စောစောက ကျွန်မ မေးခွန်းကို ရှင် မဖြေရသေးဘူး "


၀မ်ရူကွေ့ တုံ့ဆိုင်းသွားသည်။  "အဲဒီအမျိုးသမီး၊ ကိုယ့်အမေက လွန်ခဲ့တဲ့ တစ်လလောက်က ကိုယ့်ဆီ စာလေးစောင်ပို့ခဲ့တယ် "


ထုံရွှယ်လူက မျက်မှောင်ကြုတ်လိုက်သည်။  " သူမက စခန်းဆီ စာတွေပို့တာလား "

 

၀မ်ရူကွေ့က ခေါင်းညိတ်သည်။  " အင်း၊ သူမ မုန့်တွေ၊ ဖြည့်စွက်တွေနဲ့အတူ စခန်းကို ပို့ခဲ့တာ။ အနှစ်နှစ်ဆယ်ကျော်လုံး ကိုယ့်ကို သတိရနေခဲ့ပြီး ကိုယ့်ကိုတွေ့ချင်တယ်လို့ပြောတယ်။ သူ့စာထဲမှာ မင်းက သူမကို နာကျင်စေခဲ့တယ်ဆိုတာ  အကြိမ်ကြိမ်ပြောခဲ့ပြီး ကိုယ်တို့ လက်ထပ်တာကို သဘောမတူဘူးလို့ပြောတယ် "

  

ထုံရွှယ်လူသည် ရုတ်တရက် သူ့လက်ကို ခါချလိုက်ပြီး ဒေါသထွက်သကဲ့သို့  ပြုမူသည်။ " ပြီးတော့ ရှင် ကျွန်မကို ဒီအကြောင်း စောစော မပြောခဲ့ဘူး။ ကျွန်မတို့တွေက လင်မယားတွေမို့ တစ်ယောက်နဲ့တစ်ယောက် ဘာမှ ဖုံးကွယ်မထားသင့်ဘူးလို့ ရှင်ပြောနေခဲ့တယ် မဟုတ်ဘူးလား၊ ဘာလို့ဖုံးကွယ်ခဲ့တာလဲ  "

 

သူမ ဒေါသထွက်နေသည်ကိုမြင်တော့ ၀မ်ရူကွေ့ က ထိတ်လန့်တကြားနှင့် သူမအနားသို့ တိုးသွားသည်။


" တောင်းပန်ပါတယ် ရွှယ်လူ။ ကိုယ် မင်းကို ဖုံးကွယ်ထားဖို့ မရည်ရွယ်ပါဘူး။ ကိုယ်က မင်းကို ဒီလိုကိစ္စတွေအတွက် စိတ်မပူစေချင်ရုံပါ "

 

ချန်ရှို့ယွင်ထံမှ စာများလက်ခံရရှိသောအခါတွင် သူမသည် အနှစ်နှစ်ဆယ်ကျော်ကြာအောင် မဆက်သွယ်ခဲ့သဖြင့် အစပိုင်းတွင် အလွန်အံ့အားသင့်ခဲ့သည်။ သို့သော် စာများထဲမှ အကြောင်းအရာများကို မြင်လိုက်ရသည့်အခါ  ဒေါသထွက်သွားခဲ့ပြီး သူမ ပို့ခဲ့သမျှကို မြေကြီးပေါ် ပစ်ချလိုက်သည်။


နောက်ပိုင်းတွင် သူမသည် သူ မသိဘဲ ထုံရွှယ်လူကို သွားတွေ့သွားခဲ့ပြီး သူမတို့ စကားများခဲ့ကြမှန်း သိလိုက်ရကာ သူ့အား ဒေါသထွက်၍ စိုးရိမ်စေခဲ့သည်။

  

သူမသည် ယခင်က သူ့အဖေကို ဒုက္ခ ပေးခဲ့ဖူးပြီး ယခုအခါ ထုံရွှယ်လူကို ပစ်မှတ်ထားနေပြီဖြစ်သည်။ ထုံရွှယ်လူ က သူမစကားကို နားထောင်လိမ့်မည်ဟု အဘယ့်ကြောင့် သူမ ထင်ရသနည်း။


သူ အနားမှာမရှိရင် ချန်ရှို့ယွင်က ထုံရွှယ်လူအား ဒုက္ခပေးမည်ကို ပိုစိုးရိမ်သောကြောင့် ရှောင်ရွှိ သူ့ကို လာရှာသည့်အခါ သူက ရှောင်ရွှိအား ထိုအကြောင်း ပြောပြလိုက်သည်။

 

ထုံရွှယ်လူသည် စိတ်ကောက်နေဟန် နှုတ်ခမ်းစူလိုက်သည်။


" တောင်းပန်ပါတယ်၊ ကိုယ် မင်းကို ဖုံးကွယ်မထားတော့ဘူး။ ကိုယ့်ကို ခွင့်လွှတ်ပေးနိုင်မလား။ ဒါ့အပြင်က မင်း သူမနဲ့တွေ့တာလည်း ကိုယ့်ကို မပြောခဲ့ဘူး "

 

သူ့အသံက မတရားမှုခံရသည့် ကလေးတစ်ယောက်လို မကျေမနပ်ဖြစ်နေသည်။


ထုံရွှယ်လူ၏မျက်‌၀န်းများသည် အပြစ်ရှိစိတ်များဖြင့် လှုပ်ခတ်သွားပြီး သူမက တစ်ဖက်သို့ လှည့်လိုက်သည်။  " အဲဒီတုန်းက ရှင် အလုပ်ရှုပ်နေလို့ ကျွန်မ မပြောပြခဲ့တာ ၊ ရှင့်ကိုစိတ်မပူစေချင်ခဲ့ဘူး။ ထားလိုက်ပါတော့ ၊ ကျွန်မတို့နှစ်ယောက်လုံး တစ်ယောက်ကို တစ်ယောက် မပြောခဲ့ကြဘူး။ ဒီတစ်‌ခါတော့ ချေလိုက်ကြရအောင်ပါ "


၀မ်ရူကွေ့ က သူမလက်ကို ဆုပ်ကိုင်လိုက်သည်။  " ဒါဆို မင်းစိတ်မဆိုးတော့ဘူးပေါ့ "


ထုံရွှယ်လူက ပြန်ဖြေသည်။ " ရှောင်ရွှိ နဲ့ ရှင်လုပ်ထားသမျှကို ကျွန်မကိုပြောပြရင်  ကျွန်မ စိတ်မဆိုးဘူး "


၀မ်ရူကွေ့သည် ပြောပြရန်မှလွဲ၍ ရွေးချယ်စရာမရှိပေ။


ရှောင်ရွှိအကြောင်းကို ပြောပြပြီးနောက် သူ့သူငယ်ချင်း ရှောင်ရွှိသည် သူ့ကိစ္စ စိတ်ပူသည့်အတွက် သူ့အဖေကို ပြောပြခဲ့သည်။  ထို့နောက် ရှောင်ရွှိ၏ဖခင်က ရှစ်ရှိုးနန်ကို သွေးဆောင်ဖြားယောင်းပြီး ချန်ရှို့ယွင်နှင့် ရှစ်ရှိုးနန်၏ ဆက်ဆံရေးကို ဖျက်ဆီးရန် မုဆိုးမတစ်ဦးကို ရှာဖွေခဲ့သည်။


ထိုစကားများကို ကြားသည့်အခါ ထုံရွှယ်လူသည် အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့ပြီး  သူမ၏ လက်ချောင်းများကို လက်သီးဆုပ်ထားသည်။


တစ်စုံတစ်ယောက်သည် အဘိုးဝမ်ကိုယ်စား ရှစ်ရှိုးနန် နှင့် ချန်ရှို့ယွင်ကို စောင့်ကြည့်နေသော်လည်း လက်တွေ့ဘဝသည် ဝတ္ထုများနှင့်မတူချေ။  အလွန်ဆုံးအနေနှင့် ထိုလူသည် အချက်အလက်များကို ‌တခဏကြာ စုဆောင်းပြီးနောက်  သတင်းအချက်အလက်ကို ပြန်လည်တင်ပြမည်။

 

အချက်အလက်များမှာ နောက်ကျနေသောကြောင့် သူမသည် အခြားအမျိုးသမီးများနှင့် ရှစ်ရှို့နန်၏ ဆက်ဆံရေးအကြောင်း မသိရှိရပေ။  ထို့အပြင် ဤအရာအားလုံးမှာ ၀မ်ရူကွေ့သည် စိတ်ပိုင်းဆိုင်ရာချို့ယွင်းပြီးနောက်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

 

၀မ်ရူကွေ့က သူမ စကားမပြောသည်ကို တွေ့ရသဖြင့် သူမ၏လက်များကို ကိုင်လိုက်သည်။  " ဘာလို့ ဘာမှ မပြောတာလဲ "


ယခု သူ ပြုလုပ်ခဲ့သည်များကို ကြားလိုက်ရသဖြင့် သူမ နောင်တရ‌ သွားသည်လား။  သူသည် စက်ဆုပ်ရွံရှာဖွယ်လူတစ်ယောက်ဟု ထင်ကာ သူမ၏ အ‌မြင်များကို ပြောင်းလဲနေသည်လား။


သူသည် အခြားသူများ၏ထင်မြင်ယူဆချက်များကို လျစ်လျူရှုနိုင်သော်လည်း သူမ၏စိတ်နှလုံးထဲတွင် စက်ဆုပ်ရွံရှာဖွယ်လူတစ်ဦးအဖြစ် ရှုမြင်ခံရခြင်းကို လက်မခံနိုင်ဘဲ ထိုသည်က သူ့အား အလွန်စိတ်ဆင်းရဲသည်။


ထုံရွှယ်လူသည် သတိပြန်၀င်လာပြီး သူက စိတ်အာရုံထွေပြားကာ ဝေဒနာခံစားနေသည်ကို တွေ့လိုက်ရသည်။  သူမက သူ့လက်ကို အမြန်ကိုင်လိုက်သည်။  " ရှောင်ရွှိနဲ့ သူ့အဖေကို ဘယ်လိုကျေးဇူးတင်ရမလဲဆိုတာကို ကျွန်မ စဉ်းစားနေတာပါ။ နောက်ဆုံးတော့ သူတို့က ကျွန်မတို့ကို ကူညီခဲ့တာလေ "

 

၀မ်ရူကွေ့ က သူမကို စိုက်ကြည့်သည်။  " ဒါဆို ကိုယ်က စက်ဆုပ်စရာကောင်းတယ်လို့ မထင်ဘူးလား "


ထုံရွှယ်လူက ခေါင်းယမ်းလိုက်သည်။  " ရှင်လုပ်တာမှန်တယ်။ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး။ ချန်ရှို့ယွင် သစ္စာဖောက်ခံရတာကို မြည်းစမ်းကြည့်သင့်တယ် "