🍵Chapter 326
ထုံရွှယ်လူသည် သတိပြန်၀င်လာပြီး သူက စိတ်အာရုံထွေပြားကာ ဝေဒနာခံစားနေသည်ကို တွေ့လိုက်ရသည်။ သူမက သူ့လက်ကို အမြန်ကိုင်လိုက်သည်။ " ရှောင်ရွှိနဲ့ သူ့အဖေကို ဘယ်လိုကျေးဇူးတင်ရမလဲဆိုတာကို ကျွန်မ စဉ်းစားနေတာပါ။ နောက်ဆုံးတော့ သူတို့က ကျွန်မတို့ကို ကူညီခဲ့တာလေ "
၀မ်ရူကွေ့ က သူမကို စိုက်ကြည့်သည်။ " ဒါဆို ကိုယ်က စက်ဆုပ်စရာကောင်းတယ်လို့ မထင်ဘူးလား "
ထုံရွှယ်လူက ခေါင်းယမ်းလိုက်သည်။ " ရှင်လုပ်တာမှန်တယ်။ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး။ ချန်ရှို့ယွင် သစ္စာဖောက်ခံရတာကို မြည်းစမ်းကြည့်သင့်တယ် "
ထိုစကားကိုကြားလိုက်သည့်နှင့် ၀မ်ရူကွေ့၏တင်းမာနေသည့် အာရုံကြောများ ပြေလျော့သွားသည်။
" ရှစ်ရှိုးနန်ရဲ့ ဖောက်ပြန်မှုကို သူမ မသိသေးပေမယ့် အဲဒါက အချိန်တစ်ခုပါပဲ။ ရှစ်ရှိုးနန် က သူတို့ရဲ့လုပ်ငန်း စတင်တာနဲ့ ကွာရှင်းမယ်လို့ ပြောခဲ့တယ် "
ထုံရွှယ်လူသည် သူ့ကို ပွေ့ဖက်လိုက်သည်။ " ရူကွေ့၊ ကျန်တာကို ကျွန်မနဲ့ အဘိုးကို အပ်လိုက်ပါ။ ရှင်က ရှင့်ရဲ့ သုတေသနကိုပဲ အာရုံစိုက်၊ ဟုတ်ပြီလား "
၀မ်ရူကွေ့သည် သူ့စိတ်ထဲတွင် အနည်းငယ် မကျေမနပ်ဖြစ်ကာ ခါးသီးမှု ခံစားနေရသည်။
" မင်းကိုယ့်ကို ဘာမှ သိခွင့်မပြုဘဲ ပိတ်ထားချင်နေတာမလား။ ရွှယ်လူ ကိုယ်က မင်းရဲ့ခင်ပွန်းပါ။ မင်းနဲ့ ကိုယ်တို့ကလေးကို ကာကွယ်နိုင်တဲ့ အရည်အချင်းရှိပါတယ် "
ထုံရွှယ်လူက သူ့ကို ပို၍ တင်းကျပ်စွာ ပွေ့ဖက်လိုက်ပြီး မျက်နှာကို နမ်းလိုက်သည်။
" ကျွန်မသိတယ်၊ ကျွန်မသိပါတယ်။ အခု ကျွန်မမှာ တခြားပြဿနာ လေးတွေရှိသေးလို့ပါ။ ရှင် ကျွန်မကို ကူညီနိုင်မယ်လို့ မျှော်လင့်တယ်။ ရှင်သာ ချန်ရှို့ယွင်ရဲ့ကိစ္စတွေကို ဆက်လုပ်နေရင် ကျွန်မကို ကူညီဖို့ ဘယ်လိုလုပ် အချိန်ရှိနိုင်ပါ့မလဲ "
၀မ်ရူကွေ့ အံ့အားသင့်သွားသည်။ " ကိုယ့်ကို ဘာကူညီပေးစေချင်တာလဲ "
ထုံရွှယ်လူက ပြောသည်။ " ရာသီဥတုအေးလာတဲ့အခါ စားသောက်ဆိုင်မှာ မာလာထန်းလုပ်ချင်ပေမယ့် ရိုးရာကိရိယာတွေက သိပ်ပြီးအန္တရာယ်မကင်းဘူး။ သတိမထားမိဘူးဆိုရင် ကျောက်မီးသွေးသုံးတာက အဆိပ်သင့်နိုင်သလို အရက်ကိုသုံးတာကလည်း လုံလုံလောက်လောက် အပူမပေးနိုင်တဲ့အပြင် မီးလောင်လွယ်လို့ အန္တရာယ်လည်း မကင်းဘူး။ နိုင်ငံခြားမှာ လျှပ်စစ်မီးဖိုလို့ခေါ်တဲ့ အိမ်သုံးပစ္စည်းတစ်မျိုးရှိတယ်လို့ ကြားတယ်။ ကျွန်မ မူလက ရဲဘော်ရှဲ့ကို နိုင်ငံခြားကနေ တစ်ခုလောက် ပြန်ယူလာစေချင်ခဲ့တာ "
" ဒါပေမဲ့ ကိစ္စတွေက နည်းနည်း ခက်ခဲနေတယ်၊ ဒါကြောင့် ရှင် ဒါမှမဟုတ် ရှင့်ရဲ့သူငယ်ချင်းတွေက လျှပ်စစ်မီးဖို တီထွင်နိုင်မလားလို့ ကျွန်မသိချင်တာ။ ကျွန်မတို့ ကိုယ်တိုင်ထုတ်လုပ်မှုမှာ ရင်းနှီးမြှုပ်နှံလို့ရနိုင်မလား "
ရဲဘော်ရှဲ့ကွမ်းခွန်(အရင်က ပါခဲ့ဖူးတဲ့ရှောင်ကျယ်ပါ mtl ကနေကျနာမည်ကလွဲနေလို့ တော်တော်စဥ်းစားလိုက်ရ🥺)အား ထည့်ပြောလာသည်ကို ကြားသည့်အခါ ၀မ်ရူကွေ့သည် ပြင်းထန်သည့် မနာလိုစိတ် ခံစားလိုက်ရသည်။
" မင်း ရဲဘော်ရှဲ့ ကို မေးနေစရာ မလိုပါဘူး။ ကိုယ် မင်းကို ကူညီနိုင်ပါတယ်။ ဒါပေမဲ့ မင်း လျှပ်စစ်မီးဖိုရဲ့ ဓာတ်ပုံကို ပေးနိုင်ရင် ဒါမှမဟုတ် အဲဒီအရာရဲ့ပုံသဏ္ဍာန်ကို ပြောပြနိုင်ရင် အကောင်းဆုံးပဲ "
ထုံရွှယ်လူသည် သူ့အတွေးများမှာ လျှပ်စစ်မီးဖိုသို့ အောင်မြင်စွာ ကူးပြောင်းသွားသည်ကို မြင်ပြီး ပြုံးလိုက်သည်။ " ကျွန်မမှာ လျှပ်စစ်မီးဖို ပုံ တစ်ပုံမှ မရှိဘူး၊ ဒါပေမဲ့ အခြေခံတည်ဆောက်ပုံတွေနဲ့ လည်ပတ်ပုံတွေနဲ့အတူ မနက်ဖြန်မှာ ပုံတစ်ပုံလောက် ဆွဲပေးနိုင်ပါတယ် "
၀မ်ရူကွေ့က ခေါင်းညိတ်သည်။ " အဲဒါဆို လုံလောက်ပါပြီ "
ဒုံးကျည်များနှင့် ဒုံးပျံများကို သုတေသနပြုလုပ်နိုင်လျှင် ၎င်းတို့သည် သေးငယ်သောလျှပ်စစ်မီးဖိုကို တီထွင်နိုင်မည်ဖြစ်သည်။
အခွင့်အလမ်းကို အမိအရယူကာ ထုံရွှယ်လူက မေးလိုက်သည်။ " လျှပ်စစ်မီးဖိုကိစ္စကို ကူညီပေးမယ်လို့ ကတိပေးလိုက်ပြီဆိုတော့ ရှစ်ရှိုးနန်နဲ့ချန်ရှို့ယွင်တို့ အရေးကိစ္စတွေကို မေ့လိုက်တော့နော် ဟုတ်ပြီလား "
၀မ်ရူကွေ့သည် သူမ၏ မျှော်လင့်နေသောမျက်လုံးများနှင့် တွေ့ဆုံပြီး သူမ၏ မျက်ခွံများကို ညင်သာစွာ နမ်းလိုက်သည်။ " ကောင်းပါပြီ "
သူက သူမ လိုချင်သည်မှန်သမျှကို ပေးအပ်မည်။
ထုံရွှယ်လူက သမ်းလိုက်သည်။ " နောက်ကျနေပြီ အိပ်ကြရအောင် "
၀မ်ရူကွေ့က သဘောတူလိုက်ပြီး သူမကို လဲလျောင်းအိပ်ရန် ကူညီပေးသည်။
အခန်းတွင်းရှိ မီးသီးများပိတ်သွားပြီး အမှောင်ထုက ၎င်းတို့ကို ဖုံးအုပ်ထားသည်။
ထုံရွှယ်လူသည် မျက်လုံးများကိုမှိတ်ထား၍ အသက်ရှုခြင်းကို လျော့ချလိုက်သည်။ သူမဘေးမှ တည်ငြိမ်သောအသက်ရှုသံကို ကြားရသည့်အခါ မည်မျှ အချိန်ကုန်ဆုံးသွားပြီးသည်ကို မသိပေ။ ထိုအချိန်မှသာ သူမက မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။
၀မ်ရူကွေ့၏ အခြေအနေမလဲပြိုသည်မှာ အချိန်အတော်ကြာပြီဖြစ်သော်လည်း ယခုအခါ ကောင်းနေရာမှ ရုတ်တရက် ပြိုလဲသွားခဲ့သည်ဟု သူမပြောခဲ့သည်။ အကြောင်းရင်းမှာမူ ထိုမိန်းမ ၊ချန်ရှို့ယွင် ဖြစ်နေပေသည်။
အလွန်ကောင်းလေသည်။
သူမသည် မူလက ၎င်းတို့အား နှစ်အနည်းငယ် ပို၍ပျော်ရွှင်စွာ နေထိုင်ခွင့်ပေးပြီး ၁၉၈၃ ခုနှစ်တွင် ဖြိုခွင်းမှုစတင်သောအခါ ရာဇ၀တ်မှုလမ်းကြောင်းပေါ်သို့ ဦးဆောင်လိုခဲ့သည်။ ယခုတော့ အစီအစဥ်မှာ ရှေ့တိုးရမည့်ပုံဖြစ်သည်။
ဤအမျိုးသမီးသည် ၀မ်ရူကွေ့ထံ စာရေးရန် မည်မျှတောင် သတ္တိရှိနေရသနည်း။ အကယ်၍ ထိုအမျိုးသမီးသည် ယခုအချိန်တွင် သူမ ရှေ့၌ ရှိနေလျှင် သူမအား ကြိမ်ဖန်များစွာ ပြင်းပြင်းထန်ထန် ရိုက်မိမည်မှာ သေချာသည်။
ချန်ရှို့ယွင်သည် ဆိုးဆိုးရွားရွားသေလိုသည်ဖြစ်သောကြောင့် သူမ၏ဆန္ဒကို ဖြည့်ဆည်းပေးလိုက်မည်။
ဤဘ၀မှာ ဘယ်လိုပင်ဖြစ်ပါစေ ချန်ရှို့ယွင်ကို ၀မ်ရူကွေ့အား အသက်သေဆုံးသည်အထိ တွန်းထုတ်ခွင့်ပေးမည်မဟုတ်။
ညအချိန်သည် ရေကဲ့သို့ နက်ရှိုင်းလာသည်။
ထုံရွှယ်လူသည် တစ်ဖက်လှည့်ကာ သူ့ရင်ခွင်ထဲသို့ တိုးဝင်လိုက်ပြီး ၀မ်ရူကွေ့ သည် မသိစိတ်ဖြင့် သူမကို ပို၍ တင်းကျပ်စွာဖက်တွယ်လိုက်သည်။
🍵
နောက်တစ်နေ့တွင် သူမ အိပ်ရာထ နောက်ကျပြန်သည်။
ရယ်မောသံနှင့် လမုန့်လေး၏အသံများ က ခြံဝင်းထဲမှ ထွက်ပေါ်လာသည်။
သူမသည် အဝတ်အစားလဲပြီး အပြင်ထွက်လာသည့်အခါ လမုန့်လေးက ဆီးသွားရန်အတွက် သတ်မှတ်ထားသောနေရာသို့ ပြေးသွားကာ ခြေထောက်တစ်ဖက်ကို မြှောက်၍ ဆီးသွားခြင်းပုံစံကို လုပ်ပြနေသည်။ ထို့နောက် လျိုရှားပေါင်ထံသို့ ပြေးသွားကာ သူ၏နှာခေါင်းဖြင့် အသာအယာတို့သည်။
လျိုရှားပေါင်သည် သူ၏ အရည်လဲ့နေသော မျက်လုံးများကိုဖွင့်ရင်း လမုန့်လေးက သူ့အား မည်သည်ကို လုပ်ဆောင်စေလိုနေမှန်း နားမလည်စွာ ငေးကြောင်ကြောင် ကြည့်နေ၏။
လျိုရှားပေါင်နားမလည်သည်ကိုမြင်သည့်အခါ လမုန့်လေးသည် စိတ်သောကရောက်နေပြီး ကျင်းဆီသို့ ဆီးသွားခြင်းလုပ်ဆောင်ချက်ကို တစ်ဖန် ပြသရန် သွားပြန်သည်။ ထို့နောက် လျိုရှားပေါင်ထံသို့ ပြေးကာ နှာခေါင်းနှင့် တို့ပြန်သည်။
သို့သော် လျိုရှားပေါင်မှာ ယခုတိုင် နားမလည်သေးသည့်အတွက် လမုန့်လေးက ကြိမ်းမောင်းသလို ဟောင်လေသည်။ လျိုရှားပေါင်သည် သူ့မျက်နှာကို ရှေ့လက်နှစ်ဖက်ဖြင့် ဖုံးကွယ်ကာ အမှားတစ်ခုခုလုပ်မိပုံဖြင့် ရင်မဆိုင်ဝံ့ဟန် ဖြစ်နေသည်။
မောင်နှမနှစ်ယောက်ဖြစ်သည့် ထုံကျားရှင်းနှင့် ရှောင်းမျန်မျန်တို့သည် ဤမြင်ကွင်းကိုမြင်သည့်အခါ မရယ်ဘဲ မနေနိုင်ကြချေ။
" လျိုရှားပေါင်ကိုကြည့်ပါဦး။ ဘယ်လောက်ရယ်စရာကောင်းလိုက်လဲ။ လမုန့်လေးက ဆီးသွားနည်းကို သင်ပေးဖို့ကြိုးစားနေတာ "
၀မ်ရူကွေ့သည် နေရောင်အောက်တွင် ရပ်နေပြီး နေရောင်များက သူ၏ဆံပင်ပေါ်တွင် ဖြာကျသဖြင့် ဆံသားများက ရွှေရောင်တောက်ပနေစေသည်။
သူသည် လျိုရှားပေါင်ကို ကောက်ချီပြီး ကျင်းထဲသို့ ထည့်လိုက်သည်။ " လျိုရှားပေါင်က ငယ်သေးတယ်၊ အကြိမ်အနည်းငယ်ကြိုးစားပြီးရင် လုပ်တတ်သွားလိမ့်မယ် "
သူက စကားပြောပြီးသည်နှင့် ထုံရွှယ်လူတံခါးဝတွင်ရပ်နေသည်ကို မြင်လိုက်ပြီး မျက်လုံးများက တောက်ပလာသည်။ သူက မတ်တပ်ထရပ်ပြီး သူမဆီသို့မသွားမီ လက်ဆေးရန် ရေပိုက်ခေါင်းဆီသို့ သွားလိုက်သည်။
" နိုးပြီလား ဗိုက်ဆာပြီလား "
ထုံရွှယ်လူသည် သူမ၏ဗိုက်ကိုထိကာ ခေါင်းညိတ်လိုက်သည်။ " နည်းနည်း "
၀မ်ရူကွေ့က သူမခေါင်းကို ပွတ်သပ်လိုက်သည်။ " ကိုယ် မင်းအတွက် ခေါက်ဆွဲလုပ်ပေးမယ် "
ထုံရွှယ်လူက ခေါင်းညိတ်ပြပြီး ရေချိုးသန့်စင်ပြီးနောက် သူမ၏ ပုံကြမ်းစာအုပ်ကို ကောက်ယူကာ စတင်ရေးဆွဲသည်။
ကံကောင်းထောက်မစွာ သူမမှာ ပုံဆွဲခြင်း၌ အရည်အချင်းတချို့ ရှိနေသည်။ လျှပ်စစ်မီးဖိုကဲ့သို့ ရိုးရှင်းသောပုံစံကို ရေးဆွဲခြင်းမှာ သူမ၏ အစွမ်းအစအကန့်အသတ်ထဲတွင် ရှိနေဆဲဖြစ်သည်။ သို့သော် ၎င်းမှာ အလွန်ကြည့်ကောင်းနေဆဲဖြစ်သည်။
ပုံသဏ္ဍာန်ကို ရေးဆွဲပြီးနောက် လည်ပတ်မှုနိယာမနှင့် ဖွဲ့စည်းပုံအသေးစိတ်များကို သူမ တတ်နိုင်သမျှ ရေးချသည်။
ထိုအကြောင်းပြောရလျှင် လျှပ်စစ်ပစ္စည်းများတစ်စစီဖြုတ်၍ ပြန်တပ်ဆင်ရသည်ကို ကြိုက်နှစ်သက်သည့် သူမ သူငယ်ချင်း၏ကျေးဇူးဖြစ်သည်ကို သတိရမိသည်။ သူမသည် သူငယ်ချင်း၏ လျှပ်စစ်မီးဖိုများကို တစ်စစီဖြုတ်ကာ ပြန်လည်တပ်ဆင်သခြင်းကို ကြည့်ဖူးလေ့ရှိသည့်အတွက် ယခုအချိန်မှာ အသေးစိတ်အချက်အလက်များစွာကို မှတ်မိနေသည်။
၀မ်ရူကွေ့က ခေါက်ဆွဲများချက်၍ ယူလာပြီးနောက် သူမ ဆွဲထားသည့်ပုံကို တစ်ချက်ကြည့်လိုက်ပြီး ပြောသည်။
" လျှပ်စစ်မီးဖို အလုပ်လုပ်ဖို့က မခက်ပါဘူး၊ ဒါပေမဲ့ အစိတ်အပိုင်းတွေကတော့ ရှာရခက်တယ် "
ထုံရွှယ်လူက ခေါက်ဆွဲပြုတ် တစ်ငုံသောက်လိုက်သည်။ " ရှင်ပြောတာ မှန်ပါတယ်။ ဒီအကာခွံတွေကို ပြည်တွင်းမှာ မထုတ်လုပ်သေးဘူး။ ဒါပေမဲ့ အဲဒါကို တီထွင်နိုင်ရင် နောက်ပိုင်းမှာ ထုတ်လုပ်မှုအတွက် စက်ရုံရှာဖွေဖို့ မခက်ခဲတော့ဘူး "
စက်ပစ္စည်းအပေါ်ခွံများကို ထုတ်လုပ်ရန်အတွက် ပြည်တွင်းဈေးကွက်တွင် ယခုအချိန်၌ မရရှိနိုင်သေးသော ပုံစံခွက်တစ်ခု လိုအပ်သည်။ သူမတို့ က နောက်ပိုင်းတွင် စက်ရုံတစ်ရုံကို ရှာတွေ့ခဲ့လျှင်တောင်မှ ပုံစံခွက်အတွက် သူမတို့ကိုယ်တိုင် ကုန်ကျခံကာ ပေးဆောင်ရမည် ဖြစ်သည်။
သို့သော် သူမတို့က လျှပ်စစ်မီးဖိုကို ထုတ်လုပ်နိုင်ပြီး ထုတ်လုပ်မှုစတင်သည်နှင့် ပုံစံခွက်ကုန်ကျစရိတ်ကို အလွယ်တကူ ပြန်လည်ရရှိနိုင်မည်ဖြစ်သည်။
သူမ ဤကိစ္စကို စိတ်မပူချေ။
၀မ်ရူကွေ့သည် ခဏလောက်စဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။ " ကိုယ် ပြန်သွားပြီး ကျိုးယန်ရယ် တခြားသူတွေနဲ့ ဆွေးနွေးလိုက်မယ် "
ထုံရွှယ်လူက ပါးစပ်တစ်ဝိုက်တွင် ခေါက်ဆွဲမှဆီများဖြင့် ၀မ်ရူကွေ့၏ ပါးပြင် နမ်းလိုက်သည်။
" ကျေးဇူးတင်ပါတယ် အချစ်လေး "
အချစ်လေး။
ထိုစကားကို သူ သဘောကျသည်။
၀မ်ရူကွေ့သည် သူမ၏ ပါးစပ်ထောင့်မှ ဆီများကို ညင်သာစွာ သုတ်လိုက်ရင်း သူ၏နားရွက်များက အနည်းငယ် နီရဲနေသည်။
ထုံကျားရှင်းနှင့် ရှောင်းမျန်မျန်တို့ မောင်နှမနှစ်ယောက်သည် တံခါးဆီသို့ လျှောက်လာကာ သူတို့၏ အစ်မဖြစ်သူက ခဲအိုအား နမ်းနေသည်ကို တွေ့လိုက်ရပြီး တောင့်တင်းသွားကြသည်။
နောက်အခိုက်အတန့်မှာ ထုံကျားရှင်း က သူ့မျက်လုံးများကို ဖုံးကွယ်လိုက်ပြီး ပြောသည်။ " ငါ့မျက်လုံးတွေ၊ ငါ့မျက်လုံးတွေ စွံတော့မယ် "
ရှောင်းမျန်မျန် စိတ်ရှုပ်သွားသည် ။ " အစ်ကို၊ ဘာလို့ နင်ကမျက်စိစွံမှာလဲ "
ထုံကျားရှင်းက ပြောသည်။ " တခြားလူတွေကို နမ်းတာကြည့်ရင် မျက်စိစွံလိမ့်မယ်၊ အဲဒါက အရမ်းနာတယ် "
ရှောင်းမျန်မျန်လည်း ထိတ်လန့်တကြားဖြစ်မှုကြောင့် ဖြူဖျော့သွားသည်။ သူမသည် သူမ၏အစ်မကြီးနှင့် ခဲအိုတို့ နမ်းနေသည်ကို မြင်ခဲ့ရသည်။
သူမ မျက်စိစွံတော့မှာလား ။ ဘယ်လိုလုပ်ရမလဲ။
၀မ်ရူကွေ့ : "....."
ထုံရွှယ်လူ : "....."
ရူးကြောင်ကြောင် မောင်နှမ နှစ်ယောက်ပင်။
ယခုအခါ ၀မ်ရူကွေ့သည် ညွှန်ကြားရေးမှူးဖြစ်သောကြောင့် စခန်းမှ အချိန်အတော်ကြာအောင် ကင်းကွာ၍မရသဖြင့် နေ့ခင်း၌ ပြန်သွားရသည်။
၀မ်ရူကွေ့ထွက်သွားပြီးနောက် ထုံရွှယ်လူလည်း ထွက်လာသည်။
သူမ ကြီးကြီးမားမား လှုပ်ရှားမှုတစ်ခု ပြုလုပ်တော့ပေမည်။
🍵
ထွက်ခွာလာပြီးနောက် ထုံရွှယ်လူသည် မုဆိုးမလီ၏ အိမ်အနီးတစ်ဝိုက်သို့ တိုက်ရိုက်သွားလိုက်သည်။
မုဆိုးမအိမ်၏ တံခါးအပြင်ဘက်တွင် ကောလာဟလများစွာထွက်ပေါ်တတ်ပြီး သာမန်လူတစ်ဦးအကြောင်းထက် မုဆိုးမတစ်ယောက်၏ ကိစ္စများကို မေးမြန်းရန်မှာ ပို၍လွယ်ကူသည်။
ထုံရွှယ်လူက ဧရိယာတဝိုက် လှည့်လည်သွားလာပြီးနောက် တံခါးဝတွင် သူမ၏ ဖိနပ်အောက်ခံပြားများစုဆောင်းနေသောအမျိုးသမီးတစ်ဦးကို ရွေးချယ်လိုက်သည်။ အမျိုးသမီးသည် အသက်သုံးဆယ်ကျော်ခန့်ဖြစ်ပြီး နှုတ်ခမ်းပါးပါး၊ ပါးရိုးမောက်မောက်ရှိသည်။ တစ်ချက်ကြည့်ရုံမျှဖြင့် အတင်းအဖျင်းပြောခြင်းကို နှစ်သက်သူဖြစ်ကြောင်း ထင်ရှားသည်။
ထုံရွှယ်လူသည် ထိတ်လန့်သောအမူအရာဖြင့် သူမအနားသို့ ချဉ်းကပ်ကာ မေးသည်။ " တစ်ဆိတ်လောက်ပါရှင့်၊ လီကျွမ်းကျွမ်းလို့ခေါ်တဲ့ လူတစ်ယောက်ကို သိသလားရှင့် "
အမျိုးသမီးသည် မျက်ခုံးပင့်ကာ ထုံရွှယ်လူကို ခေါင်းမှ ခြေဖျားအထိ ဆန်းစစ်အကဲခတ်သည်။ " နင်က လီကျွမ်းကျွမ်းကို ရှာနေတာလား။ သူနဲ့ ဆက်ဆံရေးကဘာလဲ "
ထုံရွှယ်လူက သူ့အဝတ်အစားများကို လိမ်လိုက်ပြီး နှုတ်ခမ်းကို ဖြူသွားသည်အထိ ကိုက်လိုက်သည်။
" အစ်မကြီး လီကျွမ်းကျွမ်းကို သိလား။ ကျွန်မက သူမဘယ်လောက်လှလဲ သိချင်ရုံပါ။ သူမက ကောင်းကင်ဘုံ နတ်သမီးလောက်တောင် လှတယ်ဆိုတာ ကျွန်မ မယုံနိုင်ဘူး။ ဘာလို့ ကျွန်မယောက်ျားက..."
မတော်တဆ တစ်ခုခုကို ထုတ်ဖော်မိလိုက်သလိုမျိုး သူမ၏ပါးစပ်ကို ရုတ်တရက် ဖုံးအုပ်လိုက်ရင်း မျက်လုံးများက အမျိုးသမီး၏ အကြည့်ကို ရှောင်ရှားလိုက်သည်။
သူမ စကားကိုကြားသည့်အခါ အမျိုးသမီး၏မျက်လုံးများက တောက်ပလာပြီး ဖိနပ် အောက်ခံပြားကို ချလိုက်သည်။
" ညီမလေး၊ မြန်မြန်ထိုင်။ အဲဒီမြေခွေးမ လီကျွမ်းကျွမ်းကို ငါသိတယ်။ နင် သူမနဲ့ တစ်ခုခု အငြင်းပွားခဲ့တာလား "
ထုံရွှယ်လူက တုံ့ဆိုင်းသွားပြီး အနီးနားရှိ ထိုင်ခုံတွင် ထိုင်လိုက်သည်။ " သူမနဲ့ ဘာမှ အငြင်းအခုံ မရှိပါဘူး၊ သူမက ကျွန်မထက် ပိုလှလားဆိုတာ သိချင်လို့ လာကြည့်ရုံပါ "
ထိုစကားပြောသည့်အခါ သူမသည် မယုံကြည်နိုင်ဖြစ်နေသည့် မျက်နှာ အရိပ်အယောင်ကို ဆင်မြန်းထားသည်။
အမျိုးသမီးက ထုံရွှယ်လူ၏မျက်နှာကို စိုက်ကြည့်ရင်း ရယ်မောလိုက်သည်။ " ဝေးဝေးကကြည့်ရင်တောင် သူ့ရဲ့မျက်နှာနဲ့ ညီမ မျက်နှာကို ဘယ်လိုယှဉ်နိုင်မှာလဲ။ ဒါပေမဲ့ အဲဒီမြေခွေးမမှာ ယောက်ျားတွေ နှစ်သက်တဲ့ အရှေ့ဘက်ခြမ်းပိုင်ဆိုင်မှုက ရှစ်အောင်စလောက် ရှိတယ် "
ထုံရွှယ်လူသည် သူမ၏ ရင်ဘတ်ကို ငုံ့ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ " ညီမက လေးအောင်စလောက်ပဲ ရှိတယ်၊ သူမရဲ့ ရှစ်အောင်စနဲ့ မယှဉ်နိုင်ဘူး။ မဆန်းပါဘူး ၊ ညီမ ခင်ပွန်းက...."
အမျိုးသမီး၏ မျက်လုံးများက တောက်ပနေသည်။
" နင့်ခင်ပွန်းက ဘာဖြစ်တာလဲ ။ လီကျွမ်းကျွမ်းနဲ့ ပတ်သက်နေတာလား "
ထုံရွှယ်လူက ဖြူဖျော့သွားပြီး လက်ကို များဝှေ့ယမ်းသည်။ " ဟင့်အင်း၊မဟုတ်ဘူး၊ အစ်မကြီး ကျေးဇူးပြုပြီး အဲဒီလိုမပြောပါနဲ့၊ ဒီလို ကောလာဟလတွေ ပျံ့သွားရင် ညီမ ခင်ပွန်း အလုပ်ပြုတ်သွားမှာ သေချာတယ် "
အမျိုးသမီးက လှောင်ပြောင်သည်။
" နင်မပြောရင်တောင် ငါ ခန့်မှန်းနိုင်ပါတယ်။ နင့်ယောက်ျားက လီကျွမ်းကျွမ်းနဲ့ ပတ်သက်နေရမယ်။ နင်ကအဲ့ဒါကို လက်မခံနိုင်ဖြစ်နေတယ်။ အဲဒါကြောင့် အဲဒီမြေခွေးမ ဘယ်လိုဘယ်ပုံဆိုတာသိချင်လို့ ဒီကိုလာရှာတယ်။ ဒါပေမဲ့ နင့်ယောင်္ကျားမျက်နှာပျက်မှာစိုးလို့ နင် သူမကို ထိပ်တိုက်ရင်ဆိုင်ရမှာ စိတ်ပူနေတယ် ဟုတ်တယ်မလား "
ထုံရွှယ်လူက နှုတ်ဆိတ်နေပေမယ့် သူမ၏အမူအရာက အရာအားလုံးကို ပြောပြနေသည်။
အမျိုးသမီးက သူမ မှန်းဆသည်မှာ မှန်သွားသည်ဟုတယ်ထင်ကာ ဘ၀င်ခိုက်နေသည်။ " ငါ့ညီမ နင်က သူ့ကို လာရှာတဲ့ ပထမဆုံးတစ်ယောက်မဟုတ်ဘူး။နင့်အရှေ့မှာ အများကြီး ရောက်လာခဲ့ပြီးပြီ "
ထုံရွှယ်လူက ထိတ်လန့်သွားသလို သူမပါးစပ်ကို ဖုံးအုပ်လိုက်သည်။ " သူမအဲဒီလောက်တောင်အရှက်ကင်းမဲ့တာ ဘာလို့ ဘယ်သူမှ သတင်းမပို့ခဲ့ကြတာလဲ။ အခြေအနေက ပြီးခဲ့တဲ့နှစ်နှစ်အတွင်း ဆိုးရွားလာခဲ့တယ်။ ကျွန်မ သူမကို တိုင်ကြားရင်တောင် ကျွန်မလုပ်နိုင်မယ့်အရာ မရှိဘူး။ ဒါပေမဲ့ အရင်တုန်းကဆိုရင် တိုင်ကြားမှုတစ်ခုတည်းနဲ့ လုံလောက်လိမ့်မယ်လေ"
အမျိုးသမီးက ဖိနပ်အောက်ခံနှင့် သူမခေါင်းကို ကုတ်လိုက်သည်။ " ဘာကြောင့်လို့ထင်လဲ၊ လူတိုင်းက မင်းလိုမျိုး ကိုယ့်ယောက်ျားကို ထိခိုက်မှာကို ကြောက်ကြလို့ပဲမဟုတ်ဘူးလား။ အဲဒါကြောင့်သာ မဟုတ်ရင် ဒီ မြေခွေးမ အခုအချိန်အထိ အေးအေးချမ်းချမ်း အသက်ရှင်နေနိုင်မှာ မဟုတ်ဘူး။ အခုလောက်ဆို အဖမ်းခံရပြီးဝေဖန်ခံနေရလောက်ပြီ "
ထုံရွှယ်လူသည် သက်ပြင်းချလိုက်ပြီး သူမ၏ အရေးအကြောင်းများက ကြက်ဟင်းခါးသီးများကဲ့သို့ တွန့်သွားခဲ့သည်။ " သူမလိုလူတစ်ယောက်ကို ဘယ်သူမှ ဘာမှလုပ်လို့မရဘူး။ ကျွန်မလို ပျော့ညံ့တဲ့အမျိုးသမီးတစ်ယောက်က ဘာလုပ်နိုင်မလဲ။ ကျွန်မ ဒီကိစ္စကိုပြဿနာရှာလို့ ပိုဆိုးသွားခဲ့ရင် သူက ကျွန်မကို ကွာရှင်းပစ်နိုင်တယ်.."
ထိုသို့ပြောပြီးနောက် သူမက မျက်နှာကို ဖုံးကွယ်လိုက်ပြီး အားနည်းသည့် မိန်းကလေးတစ်ယောက်ကဲ့သို့ ပခုံးများတုန်ခါစွာဖြင့် စတင်ငိုယိုလိုက်သည်။
အဖြူရောင်ပန်းလေးများက လူများအား သနားကြင်နာစေမိသည်။