🍵Chapter 327
ပထမအချက်အနေဖြင့် အမျိုးသမီးသည် သူမအတွက် ဝမ်းနည်းသလို ခံစားရပြီး ဒုတိယအချက် သူမသည် လီကျွမ်းကျွမ်းနှင့် ရန်ဖြစ်ခဲ့သည်။ တတိယအချက်မှာ သူမက ရုပ်ရှင်ကြည့်(စပ်စု)ရသည်ကို နှစ်သက်သည်။
အမျိုးသမီးက ဟိုဟိုဒီဒီ ကြည့်လိုက်ပြီး အသံကို လျှော့ကာ ပြောလာသည်။ " ညီမလေး နင် အဲဒီမြေခွေးမကို ကိုင်တွယ်ဖြေရှင်းချင်လား "
ထုံရွှယ်လူက မျက်ရည်များ၀ဲရင်း သနားစရာကောင်းစွာ မော့ကြည့်လာသည်။ " အစ်မကြီး ရှင့်မှာ နည်းလမ်းရှိတာလား "
အမျိုးသမီးက သူမ၏ဖြူဖွေးနူးညံ့သိမ်မွေ့သည့်မျက်နှာကို အားကျခြင်းတစ်၀က်၊မနာလိုခြင်းတဝက်နှင့် ကြည့်လိုက်သည်။ " ငါ့ညီမ၊ နင်က အရမ်းလှတာတောင်မှ နင့်ယောက်ျားက အပြင်မှာ ခြေရှုပ်နေတုန်းပဲ။ထင်တဲ့အတိုင်း ယောက်ျားတွေအားလုံးက အတူတူတွေချည်းပဲ။ ဒါပေမဲ့ အဆိုးဆုံးကတော့ နေရာတကာမှာ ယောက်ျားတွေကို ဆွဲဆောင်နေတဲ့ ၊အရှက်မရှိတဲ့ လီကျွမ်းကျွမ်းပဲ "
ထုံရွှယ်လူက စကားလမ်းကြောင်းလွဲသွားသည်ကို မြင်သည့်အခါ သူမကို မြန်မြန်ဆွဲလိုက်သည်။ " အစ်မကြီး၊ စောစောက အစ်မ ကျွန်မကို လီကျွမ်းကျွမ်းနဲ့ ကိစ္စ ဖြေရှင်းချင်လားလို့ မေးခဲ့တယ်။ အစ်မကြီး တစ်ခုခုသိထားတာလား "
သူမသည် လွယ်အိတ်ထဲမှ ယုန်ဖြူသကြားလုံးကြီးကြီးတစ်ခုကို ထုတ်ယူပြီး ပေးသည်။
အမျိုးသမီးက သကြားလုံးကို တွန်းဖယ်လိုက်သည်။ " အဲဒါတွေမလိုပါဘူး။ပြန်ယူလိုက် "
ထုံရွှယ်လူက သူမ၏ ပေါင်ပေါ် တင် ပေးလိုက်သည်။ " အစ်မကြီး အားမနာပါနဲ့၊ နောက်ကျ အစ်မကြီးရဲ့ ကလေးတွေကို ကျွေးလိုက်ပါ "
လွန်ခဲ့သည့်နှစ်နှစ်များအတွင်း လူအများ၏ လူနေမှုအဆင့်အတန်း တိုးတက်လာသော်လည်း အများစုသည် ယုန်ဖြူသကြားလုံးကြီးများကို မတတ်နိုင်ကြသေးပေ။ ထိုအမျိုးသမီးသည် အမှန်တကယ် ငြင်းဆိုနေခြင်းမဟုတ်သဖြင့် ထုံရွှယ်လူပေးလာသည့်အခါ လက်ခံလိုက်သည်။
သူတစ်ပါး၏ အားနည်းချက်ကို အခွင့်ကောင်းယူခြင်းပင်။
အမျိုးသမီးက သကြားလုံးကို ယူလိုက်ပြီး ပဲစေ့များလောင်းချသကဲ့သို့ သူမသိရှိသည့်အရာများကို ထုတ်ပြောလာသည်။
" လီကျွမ်းကျွမ်းရဲ့ ယောင်္ကျားက နေမကောင်းဖြစ်ပြီး ဆုံးပါးသွားတာ ခုနစ်နှစ်ရှိပြီ။ အဲ့ဒီအချိန်က သူတို့လက်ထပ်ထားတာ တစ်နှစ်ခွဲတောင်မရှိသေးဘူး။ သူ့ ယောင်္ကျားက ကျန်းမာရေးမကောင်းလို့ ကလေးမရနိုင်ဘူး။ သူ့ယောင်္ကျားဆုံးသွားတဲ့အခါ သူနဲ့ သူ့ယောက္ခထီး နှစ်ယောက်ပဲ အိမ်မှာကျန်ခဲ့တယ် "
လီကျွမ်းကျွမ်း၏ ယောက္ခမအကြောင်း ပြောသည့်အခါ အမျိုးသမီး၏မျက်နှာသည် အဓိပ္ပါယ်ရှိသည့် မျက်နှာထားကိုပြသနေသည်။ " အဲဒီအချိန်တုန်းက လီကျွမ်းကျွမ်းက ငယ်ရွယ်ပြီး ချောမွေ့တဲ့အသားအရည်ရှိခဲ့တယ်။ လမ်းလျှောက်တဲ့အခါ သူမ ခါးက မြွေတစ်ကောင်လို ယိမ်းနွဲ့ပြီး ရင်ဘတ်ကလည်း ရှိတယ်။ တခြားယောင်္ကျားတွေမပြောနဲ့ သူ့ယောက္ခထီးကတောင် အကြည့်မလွှဲနိုင်ဘူး "
ထုံရွှယ်လူသည် ရွံရှာသော်လည်း ထိတ်လန့်သလို ဟန်ဆောင်လိုက်သည်။ " အစ်မကြီး သေချာရဲ့လား "
ထိုမိန်းမက နှာခေါင်းရှုံ့လိုက်သည်။ " ယောက္ခထီးက အဲ့တုန်းက အသက်ငါးဆယ်တောင်မပြည့်သေးဘူး၊ သန်တုန်းမာတုန်းပဲ။ သူ့မိန်းမက စောစောစီးစီး ဆုံးပါးသွားခဲ့တာမို့ နှစ်ပေါင်းများစွာ တစ်ကိုယ်တည်းဖြစ်နေခဲ့တယ်။ သားဖြစ်သူ ဆုံးသွားပြီး မြေးခွေးမလို ချွေးမတစ်ယောက်ကျန်ခဲ့တာ သူ ခံနိုင်ရည်ရှိမယ်လို့ထင်လား "
ထုံရွှယ်လူက မျက်မှောင်ကြုတ်ပြီး " သူ လုပ်..."
အမျိုးသမီးက ခေါင်းညိတ်သည်။ " ညီမ ထင်သလိုပဲ၊ လီကျွမ်းကျွမ်းက သူ့ယောက္ခထီး အခွင့်ကောင်းယူတာခံခဲ့ရတယ် "
ထုံရွှယ်လူသည် ပျို့အန်ချင်သလို မအီမသာဖြစ်ကာ စက်ဆုပ်ရွံရှာမိသည်။ တစ်ချိန်တည်းမှာပင် သူမ စိတ်ထဲ၌ သက်ပြင်းချမိသည်။ ဤသည်မှာ သူမပြောသည့် ကိုင်တွယ်နည်းဟုခေါ်သည်ဆိုလျှင် သူမသည် ၎င်းကို ဘယ်သောအခါမှ အသုံးပြုမည်မဟုတ်ပေ။
ဤကိစ္စတွင် လီကျွမ်းကျွမ်းသည် သားကောင်ဖြစ်ခဲ့ပြီး သူမသည် လီကျွမ်းကျွမ်းကို ခြိမ်းခြောက်ရန်အတွက် ၎င်းကို အသုံးပြုပါက တိရိစ္ဆာန်နှင့်သူမအကြား မည်သည့် ကွာခြားချက်ရှိတော့မည်နည်း။
ထုံရွှယ်လူ လက်လျော့ခါနီးမှာ အမျိုးသမီးက သူမ၏အသံကို ပိုတိုးပြီး တိတ်တဆိတ် ပတ်၀န်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။
" နောက် ဘာဖြစ်သွားလဲ သိလား "
ထုံရွှယ်လူ ခေါင်းယမ်းလိုက်သည်။
" လဝက်မရှိသေးခင်မှာပဲ လီကျွမ်းကျွမ်းရဲ့ယောက္ခထီးက ရုတ်တရက် အပြင်းအထန်နေမကောင်းဖြစ်ပြီး သေသွားတယ် "
အမျိုးသမီးက မျက်လုံးများကို တစ်၀က်မှေးလိုက်သည်။ " လီကျွမ်းကျွမ်းရဲ့ ယောက္ခထီးက အရင်က အရမ်းကျန်းမာတယ်။ သူက ဘယ်တုန်းကမှ နေမကောင်းဖြစ်ဖူးတာမဟုတ်ဘူး။ အဲလိုလူက ဘယ်လိုလုပ် ရုတ်တရက် အပြင်းအထန်နေမကောင်းဖြစ်ပြီး သေသွားနိုင်မှာလဲ "
ထုံရွှယ်လူသည် သူမ၏ပါးစပ်ကို အုပ်လိုက်ပြီး မျက်လုံးများက ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားသည် ။
" အစ်မကြီး ၊ အစ်မကြီး ဘာကိုဆိုလိုချင်တာလဲ "
အမျိုးသမီးက လှောင်ပြုံး ပြုံးသည်။
" ဘာဖြစ်နိုင်ဦးမှာတုန်း။ လီကျွမ်းကျွမ်း က သူ့ယောက္ခထီးကို သတ်လိုက်တယ်လို့ ငါ သံသယရှိတယ်။ ဒါပေမဲ့ ငါ့မှာ သက်သေအထောက်အထားမရှိဘူး၊ နင် အဲဒီမြေခွေးမကို ကိုင်တွယ်ဖြေရှင်းချင်ရင် ဒီအဖြစ်အပျက်ကို သုံးလို့ရတယ် "
ထုံရွှယ်လူက ကြောက်ရွံ့ဟန်ဆောင်ကာ ခေါင်းယမ်းလိုက်သည်။ " အစ်မကြီး သက်သေမရှိဘဲ ဒီလိုမျိုးပြောလို့ မရဘူး။ မဟုတ်ရင် လွယ်လွယ်ကူကူ မှားယွင်းစွပ်စွဲမိနိုင်တယ်။ ကျွန်မပြန်တာပဲကောင်းလိမ့်မယ်ထင်တယ်၊ ကျေးဇူးတင်ပါတယ် အစ်မကြီး "
ထို့နောက် သူမက ကြောက်လန့်တကြား ဖြစ်သကဲ့သို့ ပြေးထွက်လာသည်။
အမျိုးသမီးက မျက်လုံးများကို လှန်လိုက်ပြီး ညည်းတွားပြောဆိုသည်။ " အသုံးမကျတဲ့ပုဇွန်မ ။ ရုပ်အရမ်းလှပေမယ့် လီကျွမ်းကျွမ်းကို ရှုံးတာ မဆန်းပါဘူး "
သူမ အိတ်ကပ်ထဲမှ ယုန်ဖြူသကြားလုံးအား ထုတ်ယူကာ အကျိုးရလဒ်ကြီးတစ်ခုကို ရယူနိုင်လိုက်သလို ပြုံးလိုက်သည်။
ထုံရွှယ်လူသည် မရပ်မနား ခပ်ဝေးဝေး ဆီသို့ လမ်းလျှောက်လာခဲ့သည်။
သူမ ဤနေရာကိုလာရသည့် ရည်ရွယ်ချက်မှာ လီကျွမ်းကျွမ်းကို ဆန့်ကျင် ကိုင်တွယ်နိုင်မည့် နည်းလမ်းရှာရန် ရည်ရွယ်ထားခဲ့ခြင်းဖြစ်သည်။ ၀မ်ရူကွေ့နှင့် သူမတို့သည် အပေးအယူလုပ်ခဲ့ကြခဲ့ပြီး နောင်တွင် ဤအမျိုးသမီးက ထိုကိစ္စကို အသုံးချကာ ၀မ်ရူကွေ့အား အန္တရာယ်ပေးလာမည်ကို သူမ စိုးရိမ်မိသည်။
သူမနှင့်ရှစ်ရှိုးနန်တို့သည် ၀မ်ရူကွေ့
ကို ရင်ဆိုင်ရန် လက်တွဲကြမည်ကို သူမ စိုးရိမ်နေမိပြီး ထိုသို့ဖြစ်လာလျှင် အခြေအနေမှာ အလွန်ရှုပ်ထွေးသွားလိမ့်မည်။
အကယ်၍ စက်မှုပညာအဖွဲ့အစည်းတစ်ခုမှ ဒါရိုက်တာသည် ၎င်း၏ပထွေးကို သွေးဆောင်ရန် မုဆိုးမတစ်ဦးအား ငွေပေးခိုင်းစေခဲ့သည်ဟု သတင်းထွက်သွားခယလျှင် အတိတ်၌ ချန်ရှို့ယွင်သည် မည်သို့ပင် အမှားမျိုးလုပ်ခဲ့သည်ဖြစ်စေ၊ မည်မျှပင် မှားယွင်းခဲ့သည်ဖြစ်စေ လူတိုင်းက ၀မ်ရူကွေ့သည် ကိုယ်ကျင့်တရားများ ယိုယွင်းကာ သားသမီး၀တ္တရားမရှိသူတစ်ဦးအဖြစ်သာ ထင်မြင်ကြမည်ဖြစ်သည်။ ထိုအခြေအနေတွင် ၀မ်ရူကွေ့၏ ဘ၀ ပျက်စီးသွားပေမည်။
ထို့ကြောင့် သူမသည် လက်ဦးမှုရယူလိုခဲ့ပြီး လီကျွမ်းကျွမ်းကို အသုံးချနိုင်မည့် အချက်ကို ရှာဖွေကာ သူမအား အလှည့်ကျ ထိန်းချုပ်လိုသည်။
သူမသည် ဤခရီးစဉ်မှ များများစားစားရရှိမည်ဟု မမျှော်လင့်ထားသော်လည်း သူမ ရရှိသည့်အချက်အလက်များသည် မျှော်လင့်ထားသည်ထက် ကျော်လွန်သွားခဲ့သည်။
ဘတ်စ်ကားမှတ်တိုင်သို့ရောက်သောအခါ သူမသည် ပြည်သူ့လုံခြုံရေးဗျူရိုသို့ ဦးတည်သောဘတ်စ်ကားတစ်စီးပေါ်သို့ တက်လိုက်သည်။
ဘတ်စ်ကားမှာ လူပြည့်နေသဖြင့် ထိုင်ခုံရှာ၍မရသောကြောင့် သူမ မတ်တပ်ရပ်ရသည်။
သူမသည် နာကျင်နေသောခါးကို ညင်သာစွာနှိပ်နယ်ကာ ငွေအလုံအလောက်ရှာပြီးသောအခါ ကားတစ်စီးကျိန်းသေဝယ်မည်ဟု စိတ်ထဲတွင် ထပ်မံကျိန်ဆိုလိုက်သည်။
မြို့တော်၏တောင်ပိုင်းရှိ ပြည်သူ့လုံခြုံရေးဗျူရိုသို့ ရောက်သောအခါ သူမက ဖူကျန့်ယိအား တိုက်ရိုက်သွားရှာသည်။
ထိုအချိန်တွင် ဖူကျန့်ယိသည် စာရွက်စာတမ်းများနှင့် အလုပ်ရှုပ်နေသည်။ သူမ လာနေသည်ကို မြင်သောအခါ သိချင်စိတ်မဖြစ်ဘဲ မနေနိုင်စွာ မေးသည်။
" ရှားရှားပါးပါး ဧည့်သည်ပါလား၊ ဘာက မင်းကို ဒီခေါ်လာတာလဲ "
ထုံရွှယ်လူက စားပွဲကို ကြည့်လိုက်သည်။ " ရှင် အခု အလုပ်ရှုပ်နေတာလား "
ဖူကျန့်ယိက ဖိုင်ကို ပိတ်လိုက်သည်။ " အလုပ်ရှုပ်နေတယ်လို့တော့ မဟုတ်ပါဘူး ။ မင်း ကျွန်တော့်ကို ပြောချင်တာ တစ်ခုခုရှိလို့လား "
ထုံရွှယ်လူက ခေါင်းညိတ်လိုက်သည်။ " အမှုကိစ္စတစ်ခု သိချင်လို့ပါ။ ဖိုင်တွေကို ကြည့်ဖို့ ကူညီပေးနိုင်မလား "
" အမှုလား၊ မင်းဘာလုပ်ချင်တာလဲ "
" လီကျွမ်းကျွမ်းလို့ အမည်ရှိတဲ့ အမျိုးသမီးတစ်ဦး မြို့မြောက်ဘက် ချွေ့ခုံလမ်းကြားမှာ နေထိုင်တယ်။ သူ့ယောက္ခထီးက လွန်ခဲ့တဲ့ခြောက်နှစ်က ကွယ်လွန်သွားတယ်။ သူ့သေဆုံးမှုက နည်းနည်းသံသယဖြစ်စရာ ရှိတယ်လို့ ကျွန်မ ကြားခဲ့ရတယ်။ ပြည်သူ့လုံခြုံရေးဗျူရိုမှာ မှတ်တမ်းကျန်ဦးမလားသိချင်လို့ "
ဖူကျန့်ယိက သူမကိုကြည့်ရင်း မျက်မှောင်ကြုတ်သည်။ " ကျွန်တော့်ကို အရင်ပြောပြ၊ ဘာကြောင့် ဒီလူကို ရုတ်တရက် စုံစမ်းနေတာလဲ၊ မင်း ဘာလုပ်ချင်တာလဲ "
ထုံရွှယ်လူသည် သူမ၏လက်သူကြွယ်ပေါ်ရှိ လက်စွပ်ကို ငုံ့ကြည့်နေမိသည်။ ဤလက်စွပ်ကို ၀မ်ရူကွေ့ မှ ကိုယ်တိုင်ကိုယ်ကျ ဒီဇိုင်းထုတ်ထားပြီး အတွင်းတွင် သူမတို့၏ နာမည်အစ စကလုံး၏အတိုကောက်ကို ရေးထိုးထားသည်။
ဤခေတ်ရှိ လက်ဝတ်ရတနာ နည်းစနစ် တော်တော်များများသည် အဆင့်မမီသေးဘဲ လက်စွပ်ပေါ်မှာ သူမတို့၏ နာမည်အတိုကောက်ကို ရေးထိုးရန် တတ်ကျွမ်းသူများအား ခက်ခက်ခဲခဲ ကြိုးစားရှာခဲ့ရသည်။
သူမအပေါ် ထားရှိသည့် သူ၏ချစ်ခြင်းမေတ္တာများမှာ သူမစိတ်ကူးထားသည်ထက် ကျော်လွန်သွားခဲ့သည်။
ထုံရွှယ်လူသည် မည်သည့်စကားကိုမှ မပြောဘဲ တိတ်ဆိတ်နေရာ ရုံးခန်းသည်လည်း ထူးဆန်းစွာ ငြိမ်သက်နေသည်။
ဖူကျန့်ယိ၏ မျက်လုံးများ မှိတ်တုတ်မှိတ်တုတ်ဖြစ်သွားပြီး ရုတ်တရက် မဝံ့မရဲ မေးလိုက်သည်။ " ဒါက ရူကွေ့ နဲ့ ပတ်သတ်နေတာလား။ သူ နေမကောင်းတာလား "
ထုံရွှယ်လူက အသက်ပြင်းပြင်းရှူပြီး သူမ၏ခေါင်းကို မော့လိုက်သည်။ " ဟုတ်တယ် သူ နေမကောင်းဘူး "
ထို့နောက် သူမသည် ၀မ်ရူကွေ့၏ဖျားနာမှုနှင့် နောက်ပိုင်းတွင် သူ လုပ်ဆောင်ခဲ့သည့်အရာများအကြောင်း ဖူကျန့်ယိ အား ပြောပြလိုက်သည်။
နားထောင်ပြီးနောက် ဖူကျန့်ယိ အံ့အားသင့်သွားကာ သူမကို မယုံနိုင်စွာ ကြည့်သည်။ " မင်းပြောတာ ရူကွေ့က စိတ်မနှံ့ဘူးပေါ့ ဟုတ်လား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ "
သူသည် ၀မ်ရူကွေ့ကို နှစ်အတော်ကြာ သိကျွမ်းခဲ့ပြီး သူက အခြားသူများနှင့် ကွဲပြားမှုမရှိ အမြဲတမ်း ပုံမှန်ဖြစ်နေခဲ့သည်။
ခြားနားချက်တစ်ခုရှိလျှင် ထိုသည်မှာ သူငယ်စဉ်က လူများကို အာရုံမစိုက်သည့်အပြင် စကားမပြောခြင်းသာဖြစ်ပြီး နောက်ပိုင်းတွင် အဆင်ပြေလာခဲ့သည်။ သူ အရွယ်ရောက်လာသောအခါတွင် သူက လူများ၏ မျက်နှာများကို မမှတ်မိနိုင်ရုံသာ ဖြစ်ပြီး ၎င်းက စိတ်မနှံ့သည်နှင့် မည်သို့ဆက်စပ်သနည်း။
ထုံရွှယ်လူက မျက်ခုံးများကိုတွန့်ပြီး အမှန်ပြင်ပေးလိုက်သည်။ " စိတ်ရောဂါက စိတ်မနှံ့သူနဲ့ မတူညီဘူး။ ကျေးဇူးပြုပြီး ရှင့်စကားတွေကို ဂရုစိုက်ပေးပါ "
ဖူကျန့်ယိက ခေါင်းကုတ်လိုက်သည်။ " ရူကွေ့ မဖျားဘူးလို့ ကျွန်တော်ပြောတာနဲ့ အတူတူပဲ မဟုတ်ဘူးလား။ မင်း ကိုယ်ဝန်ရှိနေပြီမို့ အတွေးလွန်နေတာများလား "
ထုံရွှယ်လူသည် သူမ၏မျက်လုံးများကို ကောင်းကင်ထက်သို့ လှန်ကြည့်လုမတတ်ပင်ဖြစ်သည်။ " ရှင် နည်းနည်းတော့သိသားပဲ ။ ကျေးဇူးတင်ပါတယ်။ ကျွန်မ အတွေးလွန်တာမဟုတ်ဘူး။ အခုချိန်ထိ ကျွန်မက ရူကွေ့ ရဲ့အခြေအနေကို သိတဲ့ တစ်ဦးတည်းသောသူပဲ။ ရှင် ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ ရှင် တခြားဘယ်သူကိုမှ မပြောဘူးလို့ မျှော်လင့်ပါတယ် "
သူမ နောက်ပြောင်နေသည်မဟုတ်သည်ကို သိသည့်အခါ ဖူကျန့်ယိ၏နှလုံးသားက တုန်ခါသွားသည်။ " ရူကွေ့က တကယ်ကဲ လေကို စကားပြောနေခဲ့တာလား ။ သူ့ကို ပျောက်ကင်းအောင် ကုသပေးလို့ရလား။အနာဂတ်မှာ ပိုဆိုးလာမှာလား "
ထုံရွှယ်လူက ပြောသည်။ " သူက လေထဲကို စကားပြောနေတာမဟုတ်ဘူး၊ သူ့စိတ်ကူးထဲမှာ ရှိတဲ့လူတွေနဲ့ စကားပြောနေခဲ့တာ။ သူ့အခြေအနေက အရင်က တော်တော်တည်ငြိမ်သွားပေမယ့် ချန်ရှို့ယွင်ပြန်ပေါ်လာတာက သူ့ကို လှုံ့ဆော်ပေးပြီး အခြေအနေကို ပိုဆိုးသွားစေတာ။ ကျွန်မတို့ ချန်ရှို့ယွင်နဲ့ပက်သက်ပြီး မဖြေရှင်းရင် အကျိုးဆက်က ပြင်းထန်လာလိမ့်မယ် "
" ဘယ်လောက်ပြင်းထန်လဲ "
" စိတ်ပိုင်းဆိုင်ရာယိုယွင်းပျက်စီးပြီး နောက်ဆုံးမှာ စိတ်ရောဂါသည်အဖြစ် ပြောင်းလဲသွားမယ် ဒါမှမဟုတ် ... ကိုယ့်ကိုယ်ကိုယ် သတ်သေမယ် "
"......"
ဖူကျန့်ယိ၏လက်မှာ တုန်ယင်သွားပြီး စားပွဲပေါ်ရှိ ကြွေအိုးကိုတိုက်မိကာ စာရွက်စာတမ်းများပေါ်သို့ ရေများဖိတ်ကျသွားသည်။
သူက လန့်ဖျပ်သွားကာ စာရွက်စာတမ်းများကို အမြန်ကောက်ယူပြီး စားပွဲကို သုတ်ရန် လက်သုတ်ပဝါတစ်ထည်ကို ရှာဖွေသည်။
သုတ်ပြီးသည့်နောက် ထုံရွှယ်လူကို ရှုပ်ထွေးသည့်အမူအရာနှင့် ကြည့်လိုက်သည်။ " ရွှယ်လူ၊ မင်းပြောခဲ့တဲ့စကားက ကျွန်တော့်အတွက် မယုံနိုင်စရာပဲ၊ ဒါပေမဲ့ ရူကွေ့ နဲ့ပက်သက်ပြီး မင်း ဟာသမလုပ်ဘူးလို့ ကျွန်တော်ယုံကြည်တယ်၊ ရူကွေ့ကို ထိခိုက်စေဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ဖိုင်တွေကိစ္စ ကျွန်တော် ကူညီပေးမယ် "
ထုံရွှယ်လူက စိတ်ရင်းနှင့် ပြောလိုက်သည်။ " ကျေးဇူးတင်ပါတယ် ရဲဘော်ဖူ "
ဖူကျန့်ယိက သူ့လက်ကို ဝှေ့ယမ်းပြသည်။ " အရမ်းယဉ်ကျေးနေဖို့ မလိုပါဘူး။ ဒါပေမဲ့ အကျိုးဆက်တွေက တကယ်ပဲ ပြင်းထန်မှာလား။ ကျွန်တော် ဆိုလိုတာက ရူကွေ့က စိတ်ဓာတ်မာတဲ့သူတစ်ယောက်လေ၊ သူ့ကိုယ်သူ သတ်သေလောက်တဲ့အထိ အစွန်းရောက်တာမျိုး မလုပ်လောက်ပါဘူး "
သူမ၏ယခင်ဘဝမှ အဖြစ်အပျက်များကို ပြန်လည်တွေးတောရင်း ထုံရွှယ်လူ ၏နှာခေါင်းများ တုန်ယင်သွားသည်။ " လူတစ်ယောက် စိတ်ပိုင်းဆိုင်ရာချို့ယွင်းလာတဲ့အခါ ဘယ်မှာအကြောင်းပြချက်ရှိလို့လဲ။ ရူကွေ့သာ သူ တစ်လျှောက်လုံး ပြောဆိုဆက်ဆံလာတဲ့သူတွေက စိတ်ကူးထဲလူတွေဆိုတာ သိသွားရင် အဲဒီသဘောပေါက်မှုတစ်ခုတည်းကပဲ စိတ်ဓာတ်ပြိုလဲသွားတဲ့အထိ တွန်းပို့နိုင်တယ်။ ကလေးဘဝက အနိုင်ကျင့်နှိပ်စက်ခံရတာတွေ၊ချန်ရှို့ယွင်ရဲ့ ကိုယ်ဝန်ပျက်ကျမှုစတဲ့ အမှတ်တရတွေတစ်ခုပြီးတစ်ခု ထပ်ပေါင်းထည့်လိုက်ရင် သူ့ကို ချောက်ကမ်းပါးအစွန်းထိရောက်စေလိမ့်မယ် "
သူမ၏ယခင်ဘဝမှ ကူကယ်ရာမဲ့ဖြစ်ခဲ့သော ၀မ်ရူကွေ့ကို တွေးတောရင်း အလွန်ဝမ်းနည်းသဖြင့် သူမ ငိုချင်သွားသည်။
ဖူကျန့်ယိသည် ထုံရွှယ်လူကို သိလာသည်မှာ ကြာပြီဖြစ်သော်လည်း ဤမျှ အားနည်းလွန်းလှသည့် သူမကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းပင်ဖြစ်ပြီး သူ့အား ကြောက်ရွံ့စေသည်။ " ရဲဘော်ထုံ ၊ ကျေးဇူးပြုပြီး မငိုပါနဲ့၊ ကျွန်တော် မင်းကို ယုံပါတယ်။ မင်းဒီမှာ ငိုတာကို ရူကွေ့ သိသွားရင် သူ ကျွန်တော့်ကို သေချာပေါက် အလွတ်ပေးမှာ မဟုတ်ဘူး "
ထုံရွှယ်လူသည် ခေါင်းကို လှည့်ကာ သူမ၏ မျက်လုံးထောင့်များမှ မျက်ရည်များကို သုတ်လိုက်သည်။ " ကျွန်မ မငိုပါဘူး။ အခု ပြန်တော့မယ်၊ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ရှင့်ကို ဒုက္ခပေးရတော့မှာပဲ "
ဖူကျန့်ယိ မတ်တပ်ထရပ်ပြီး ပြောလိုက်သည်။ " မင်းကို ပြန်မောင်းပို့ပေးစေချင်လား "
ထုံရွှယ်လူက ချက်ချင်း ခေါင်းညိတ်လိုက်သည်။ " အင်း၊ ဒီအခွင့်အရေးကို လက်လွတ်မခံဘူး "
ဖူကျန့်ယိ : "....."
သူသည် ယဉ်ကျေးရုံမျှသာဖြစ်သော်လည်း သူမက ဤမျှ တည့်တိုးဆန်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
သို့သော် သူမကို မည်သူ အပြစ်တင်နိုင်သနည်း။ သူမသည် လက်ရှိအချိန်တွင် ကိုယ်ဝန်ရှိနေပြီး ပိုအရေးကြီးသည်မှာက ၀မ်ရူကွေ့သည် သူ့အနာဂတ် ယောက္ခထီး၏ တန်ဖိုးအထားဆုံးကျောင်းသားဖြစ်သည်။ အကယ်၍ သူသာ သူမကို ပြန်မပို့ပေးသည်ကို ၀မ်ရူကွေ့သိရှိသွားပြီးနောက် သူ့အနာဂတ် ယောက္ခထီးထံ တိုင်ကြားလိုက်လျှင် သူက ငိုစရာနေရာပင် ရှိတော့မည်မဟုတ်ချေ။
ဖူကျန့်ယိ သည် ဗျူရိုမှ ကားငှားရမ်းပြီး ထုံရွှယ်လူအား ပြန်မောင်းပို့ပေးခဲ့သည်။
အိမ်ပြန်ရောက်သည့်အခါ ထုံရွှယ်လူက အချိန်မဖြုန်းဘဲ ဖုန်းကိုကောက်ကိုင်ကာ စုယွဲ့ရှန်းကို ဖုန်းဆက်သည်။
" ရဲဘော်စု၊ ကျွန်မ လူနှစ်ယောက်ကိုသတ်ဖို့ ရှင့် အကူအညီလိုတယ် "
စုယွဲ့ရှန်း : ...