🍵Chapter 328
အိမ်ပြန်ရောက်သည့်အခါ ထုံရွှယ်လူက အချိန်မဖြုန်းဘဲ ဖုန်းကိုကောက်ကိုင်ကာ စုယွဲ့ရှန်းကို ဖုန်းဆက်သည်။
" ရဲဘော်စု၊ ကျွန်မ လူနှစ်ယောက်ကိုသတ်ဖို့ ရှင့် အကူအညီလိုတယ် "
စုယွဲ့ရှန်း : ...
ထုံရွှယ်လူ၏စကားကို ကြားသည့်အခါ စုယွဲ့ရှန်းမှာ ဖုန်းလွတ်ကျလုမတတ်ဖြစ်သွားလေသည်။
သူ၏အိမ် နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရကာ နွားခြံသို့ ပို့ခံရသည့်အချိန်ကပင် မထိတ်လန့်ခဲ့သော်လည်း ယခုအခါ သူ၏နှလုံးသားမှာ ခုန်ပေါက်သွားခဲ့သည်။
ဤမျှခန့် တရားမ၀င်သည့်အရာများ ပြုလုပ်ရန် တကယ်ပင် လိုအပ်နေသည့် ထုံရွှယ်လူတွင် မည်သည်များ ဖြစ်ပျက်ခဲ့သည်ကို သူ မသိချေ။
သူမ၏ ဉာဏ်ရည်ဉာဏ်သွေး၊ ၀မ်ရှောင်းမိသားစုနောက်ခံများနှင့်တောင်မှ သူမအား ဤနည်းလမ်းကို အတင်းအကြပ် အသုံးပြုစေသည်။ ယင်းကိစ္စမှာ အလွန်အမင်းခက်ခဲနေမည်ကို သူ ကြောက်မိနေလေသည်။ အဘယ့်ကြောင့်ဆိုသော် သူမသည် မဖြစ်မနေပြောရမည့် အခြေအနေမှလွဲ၍ သေချာပေါက် ထုတ်ပြောလာမည့် သူ မဟုတ်သောကြောင့်ဖြစ်သည်။
ထိုစဉ်က သူမ၏ အကူအညီကြောင့်သာ မဟုတ်လျှင် ရှောင်ကျိုးသည် ပြန်ပေးဆွဲခံရကာ တောတောင်များထဲမှ လူသူကင်းမဲ့သောနေရာများဆီသို့ လူကုန်ကူးခံရမည်ဖြစ်သည်။ အကယ်၍ သူမသာ ရန်ရုံအန်း၏ သူ့ဇနီးသည်အား သတ်ဖြတ်မှုကို ဖော်ထုတ်ကာ ကုရိလန်၏ သေကြောင်းကြံစည်လိုမှုကို အချိန်မီ မတွေ့ရှိခဲ့လျှင် စုမိသားစုမှာ ယခုချိန်တွင် တကွဲတပြားဖြစ်နေပြီဖြစ်သည်။
မေ့လိုက်တော့။ တစ်ယောက်ယောက်ကို သတ်တာပဲဟာ။ သူမရဲ့ အရင်က ကြင်နာမှုတွေကို ပြန်ပေးဆပ်တယ်လို့ပဲ သဘောထားလိုက်မယ်။
စက္ကန့်အနည်းငယ်အတွင်း၌ စုယွဲ့ရှန်းသည် အလွန်စဉ်းစားတွေးတောခဲ့ပြီး သူ သေဆုံးပြီးနောက် သူ့မိသားစု၏ကိစ္စရပ်များကို မည်သို့ စီစဉ်ခဲ့ရမည်အထိပင် ဖြစ်သည်။
သူက အသက်ပြင်းပြင်းရှုလိုက်ပြီး ပြောသည်။ " ရဲဘော်ထုံ၊ ကျွန်တော့်ကိုပြောပါ။ ခင်များ ကျွန်တော့်ကို သတ်ပေးစေချင်တာ ဘယ်သူလဲဆိုတာ "
ဤအချိန်က ထုံရွှယ်လူ ထိတ်လန့်သွားရသည့် အလှည့်ပင်။ " ကျွန်မ ရှင့်ကို ဘယ်သူ့ကိုမှ သတ်ပေးဖို့ မပြောခဲ့ပါဘူး "
စုယွဲ့ရှန်း အလွန်စိတ်ရှုပ်သွားလေသည်။ " ခင်များ ကျွန်တော့်ကို ခုနကပဲ လူနှစ် ယောက်ကို သတ်ပေးစေချင်တယ်လို့ မပြောခဲ့ဘူးလား "
သတ်ပေးဆိုသည်မှာ လူသတ်ပေးဆိုသည်ကို ဆိုလိုသည်မဟုတ်ဘူးလား။ သူ၏နားလည်နိုင်စွမ်းမှာ ပြဿနာမရှိသင့်ချေ။
[T/N- သတ်တယ်ဆိုတဲ့စကားလုံးနဲ့ သေစေတယ်၊ဒုက္ခရောက်စေတယ်ဆိုတဲ့ အဓိပ္ပာယ်ရတဲ့ စကားလုံးကို သုံးထားတာပါ ]
ထိုအချိန်မှသာ ထုံရွှယ်လူသည် သူမပြောခဲ့သည့်စကားကို နားလည်မှုလွဲနေကြောင်း သဘောပေါက်သွားသည်။ ဖြစ်နိုင်သည်က သူမ၏ ကိုယ်၀န်နှင့် သက်ဆိုင်လိမ့်မည်။ သူမ၏ စိတ်ခံစားချက်များသည် ခါတိုင်းထက် ပို၍ အတက်အကျဖြစ်နေခဲ့သည်။
" ကျွန်မပြောတာ လူသတ်ပေးဖို့ မဟုတ်ပါဘူး။ ကျွန်မက ရှင့်ကို ကုန်ပစ္စည်းထောက်ပံ့တဲ့နေရာမှာ ကြိုးကိုင်ခြယ်လှယ်ဖို့ နည်းလမ်းရှိလားမေးချင်တာပါ။ ကျွန်မ ချန်ရှို့ယွင်နဲ့ ရှစ်ရှိုးနန်တို့ကို ဒေဝါလီခံစေချင်တယ်။ ပြီးတော့ ရာဇ၀တ်မှုကျူးလွန်းဖို့ ပဏမာခြေလှမ်းမှာ ပါ၀င်စေချင်တယ် "
ထိုသူတို့ တရားမ၀င်သည့် တစ်စုံတစ်ရာပြုလုပ်မှသာလျှင် သူမက ရဲများအား အကြောင်းကြားကာ ဖမ်းဆီးနိုင်မည်ဖြစ်သည်။
သူမအတွက် တခြားသူများအား လူသတ်စေရန် နေနေသာသာ တရားမ၀င်သည်များကိုပင် လုပ်စေမည်မဟုတ်ချေ။
သူမသည် စုယွဲ့ရှန်းက ဤမျှရယ်စရာကောင်းမည်ဟု မမျှော်လင့်ခဲ့ချေ။ သူက သူမ တစ်ယောက်ယောက်အား သတ်ချင်သည်ဟု အထင်လွဲသွားခဲ့သည်မှာ ရယ်စရာကောင်းသော်လည်း ရင်ထဲသို့ ထိစေသည်မှာ သူက တုံ့ဆိုင်းမှုမရှိ အမှန်တကယ် သဘောတူလာခဲ့ခြင်းဖြစ်သည်။
စုယွဲ့ရှန်းသည် သူမ၏ရှင်းပြချက်ကို သေသေချာချာ နားထောင်ခဲ့ပြီးနောက် အလွန်စိတ်သက်သာရာရစွာ ပြောလာသည်။ " လတ်စသတ်တော့ ကိစ္စတွေက ဒီလိုကိုး။ ဒီလိုဆိုရင်တော့ ကိုင်တွယ်ဖို့ ပိုပြီးလွယ်ကူပါတယ် "
" ကျွန်တော် မနေ့ကတောင် ကျွန်တော့်သူငယ်ချင်းဆီမှာ ချန်ရှို့ယွင်ကို တွေခဲ့သေးတယ်။ သူမက အထည်တွေ ထပ်လာ၀ယ်နေတာ။ ဒီတစ်ခေါက်က အရင်အခေါက်တွေထက် အဆပေါင်းများစွာ ပိုများတယ်။ သူမ ပိုက်ဆံအတော်များများ ရင်းနှီးထားတာဖြစ်ရမယ်။ ဒါပေမဲ့ ဒီတစ်ခေါက်တော့ တစ်ယောက်တည်း ရောက်လာခဲ့တာ။ သူမ အပြန်ကိုစောင့်ပြီး လမ်းမှာ အထည်တွေ အခိုးခံရအောင်လုပ်ပြီး ငွေတွေ ဆုံးရှုံးသွားအောင် စီစဉ်လို့ရတယ် "
ထိုအစီအစဉ်အား ကြားသည့်အခါ ထုံရွှယ်လူသည် စုယွဲ့ရှန်း၏ ဖြတ်ထိုးဉာဏ်ကောင်းမှုကို လေးစားမိသည်။ " ဒီနည်းလမ်းကအရမ်းကောင်းတယ်လို့ ကျွန်မထင်တယ်။ ဒါပေမဲ့ လူအင်အားကိုရော ရှင် စီစဉ်နိုင်ပါ့မလား "
ချန်ရှို့ယွင်သည် ယခုအခါ ရှန်းကျန့်မြို့၌ ရှိနေပြီး သူမ လက်လှမ်းမီသည်ထက် ကျော်လွန်နေသည်။ သူမ လုပ်ချင်စိတ်ရှိလျှင်ပင် မလှုပ်ရှားနိုင်ပေ။
သူမ ပေကျင်းသို့ ပြန်ရောက်လာလျှင် သူမအတွက် အကောင်အထည်ဖော်ရန် ခက်ခဲသွားမည်။ နောက်ဆုံးတော့ ဤနေရာသည် မြို့တော်ဖြစ်နေပြီး တစ်ခုခုလှုပ်ရှားမိလျှင် သူမ ဖမ်းခံရနိုင်သည်။
စုယွဲ့ရှန်းက အနည်းငယ် ရယ်လိုက်သည်။ " ဒီကိစ္စကို စိတ်မပူပါနဲ့၊ ကျွန်တော်က ဒီအကြံကို ပြောခဲ့သူဆိုတော့ သဘော၀ကျစွာနဲ့ ကျွန်တော့်မှာ လုပ်နိုင်စွမ်းရှိပါတယ် "
ယခုခေတ်တွင် ရှန်းကျန့်မြို့သည် အထူးစီးပွားရေးဇုန်အဖြစ် သတ်မှတ်ခံထားရသည်။ မြို့သည် သေရေးရှင်ရေးတမျှ ဖွံ့ဖြိုးတိုးတက်မှုများ လိုအပ်နေပြီး ကန့်သတ်ချက်များနှင့် စနစ်များသည်လည်း ပြီးပြည့်စုံခြင်းမရှိသေးသဖြင့် ရာဇ၀တ်မှု အများအပြား ဖြစ်ပွားနေလျက်ရှိသည်။
သူက ချန်ရှို့ယွင်၏ ကုန်ပစ္စည်းများအား လုယက်ခံရစေလိုပြီး ထိုကိစ္စမှာ သူကိုယ်တိုင် ဆောင်ရွက်ရန်ပင် မလိုအပ်ချေ။ သူက ထိုအကြောင်း သတင်းအနည်းငယ် ဖြန့်ဖြူးရန်သာ လိုအပ်ပြီး တစ်စုံတစ်ယောက်က အကောင်အထည် ဖော်လိမ့်မည်ဖြစ်သည်။
ထုံရွှယ်လူက စိတ်ရင်းနှင့် ပြောလိုက်သည်။
" ကျေးဇူးတင်ပါတယ်။ ရဲဘော်စု။ ဒီလိုတောင်းဆိုချက်မျိုးက အမှန်တော့ နည်းနည်း ဒုက္ခပေးသလို ဖြစ်တယ်။ ကျေးဇူးပြုပြီး ဂရုစိုက်ပါ။ အခြားလူတွေ ရှင့်ကို အခွင့်အရေး မယူစေနဲ့ "
စုယွဲ့ရှန်းက " ကိစ္စမရှိပါဘူး ရဲဘော်ထုံ။ အဲဒီအချိန်က မင်း စုမိသားစုကိုပေးခဲ့တဲ့ အကူအညီရဲ့ တစ်ထောင်ပုံတစ်ပုံလောက်ကိုပဲ ပြန်ပေးရတာပါ။ ဒါပေမဲ့ ခင်များ ဒီလိုလုပ်တာ ရဲဘော်၀မ် သိသလား "
ထုံရွှယ်လူ ခေတ္တရပ်သွားသည်။ " သူ မသိဘူး။ ဒါပေမဲ့ သူသိရင်တောင် ကျွန်မကို အပြစ်တင်မှာ မဟုတ်ဘူး "
အကြောင်းရင်းကိုတော့ သူမက စုယွဲ့ရှန်းအား ပြောပြမည် မဟုတ်။
သူမသည် ဖူကျန့်ယိအား ၀မ်ရူကွေ့၏ ရောဂါအကြောင်းပြောပြခဲ့သည့်အကြောင်းရင်းမှာ ပထမအချက်အနေနှင့် သူမ သူ့ကို မပြောပြလျှင် ဖူကျန့်ယိသည် သူမအား ဖိုင်ကိစ္စများ၌ ကူညီမည်မဟုတ်ချေ။ ဒုတိယအချက်မှာ ဖူကျန့်ယိသည် အနည်းငယ် အပြောဆိုးသော်လည်း သူနှင့် ၀မ်ရူကွေ့၏ ညီနောင်ရင်းချာ ဆက်ဆံရေးမှာ အလွန်ခိုင်မာသောကြောင့် ဖြစ်သည်။
ဖူကျန့်ယိသည် ယခင်က သူမအားအကြိမ်ပေါင်းများစွာ ၀မ်ရူကွေ့ကြောင့် ကူညီပေးခဲ့ဖူးသည်။ နောက်ဆုံးအချက်မှာ ယခုအခါ သူမသည် ကိုယ်၀န်ရှိနေပြီး သူမ မဖြေရှင်းနိုင်သည့် တစ်စုံတစ်ရာရှိမည်ကို စိုးရိမ်သဖြင့် ကူညီသူ တစ်ယောက် လိုအပ် သောကြောင့် ဖြစ်သည်။
ထို့အပြင်သူမသည် ၀မ်ရူကွေ့၏ရောဂါအကြောင်း အဘိုးနှစ်ယောက်၊ အထူးသဖြင့် အဘိုး၀မ်အား ပြောပြရန်မှာ မဖြစ်နိုင်ချေ။ ၎င်းတို့သည် ထိုအရာများ ခံနိုင်ရည်ရှိကြမည်မဟုတ်ကြချေ။
ထို့ကြောင့် စဉ်းစားပြီးနောက် ဖူကျန့်ယိသည်သာ အသင့်တော်ဆုံးသူဖြစ်ကြောင်း သူမ ခံစားခဲ့ရသည်။ ဖူကျင့်ယိ၏ အကျင့်စရိုက်အရ တခြားသူအား ပြန်ပြောမည်ကို သူမ စိုးရိမ်စရာမလိုချေ။
စုယွဲ့ရှန်းသည် ဉာဏ်ကောင်းသူတစ်ယောက်ဖြစ်သည်။ ထုံရွှယ်လူက ဤကဲ့သို့ ပြောလာသည့်အခါ သူမ ပြောပြရန် ခက်ခဲသည့်အကြောင်းအရင်းရှိ ကြောင်း နားလည်လိုက်သည်။
သူက စကားခေါင်းစဉ်ကို ချက်ချင်းရပ်တန့်လိုက်သည်။ " ရဲဘော်ထုံ ကျွန်တော် အခု သွားပြီး စီစဉ်စရာကိစ္စလေးတွေ ရှိနေတယ်။ သတင်းတစ်ခုခုရှိတဲ့အခါ ကျွန်တော် ခင်များကို ဆက်သွယ်လိုက်ပါမယ် "
" ကောင်းပါပြီ။ ကျေးဇူးတင်ပါတယ် "
ဖုန်းချပြီးနောက် ထုံရွှယ်လူက ၀မ်ရူကွေ့ထံ ခေါ်ဆိုသည်။
၀မ်ရူကွေ့သည် ညွှန်ကြားရေးမှူးအဖြစ် ရာထူးတိုးခံရပြီးသည့်နောက် သူ၏ရုံးခန်းထဲတွင် တယ်လီဖုန်းတစ်လုံး တပ်ဆင်ခဲ့သည်။
" ကလေးလေး ဖေဖေ ၊ ဒီနေ့ အလုပ်များနေလား "
၀မ်ရူကွေ့သည် ထိုဂုဏ်ပုဒ်အသစ်အား ကြားလိုက်သည့်အခါ နှုတ်ခမ်းထောင့်များက အပေါ်သို့ မြင့်တက်သွားသည်။
" တကယ်ကို အလုပ်များနေတယ်။ ကိုယ် ထွက်သွားပြီးတော့ မင်းဘာလုပ်နေလဲ။ ကလေးက မင်းကို နှိပ်စက်သေးလား "
ထုံရွှယ်လူက " ကလေးက အခုမှ တစ်လကျော်ပဲ ရှိသေးတယ်။ ပဲစေ့လောက်တောင် မကြီးသေးဘူး။ သူက ကျွန်မကို နှိပ်စက်ချင်ရင်တောင် အဲဒီလို မလုပ်နိုင်မှာ စိုးတယ်။ ရှင်ထွက်သွားပြီးတော့ ကျွန်မ ကုန်တိုက်စတိုးဆိုင်ဆီ သွားခဲ့တယ်။ ဒါပေမဲ့ ဘာမှတော့ မ၀ယ်ခဲ့ဘူး"
" ဘာလို့ ဘာမှမ၀ယ်ခဲ့တာလဲ။ လက်မှတ်တွေမရှိတော့လို့လား "
၀မ်ရူကွေ့သည် ထိုကဲ့သို့ပြောရင်း အံဆွဲအား ဖွင့်ကာ အထဲမှ လက်မှတ်များကို ကြည့်လိုက်သည်။ သူက အိမ်ပြန်သည့်အခါ ထိုလက်မှတ်များကို ယူသွားရန် မေ့လျော့ခဲ့ပြီး ယခု နောင်တရနေမိသည်။
" အဲဒါကြောင့် မဟုတ်ပါဘူး။ ကျွန်မ ရှင် အိမ်ကို ယူလာတဲ့ လက်မှတ်တွေနဲ့ အဘိုးနှစ်ယောက်ပေးခဲ့တဲ့ လက်မှတ်တွေ အားလုံး သုံးမကုန်နိုင်ဘူး။ ကျွန်မ ဒီအတိုင်း ဘာမှ ၀ယ်ချင်စိတ်မရှိလို့ပါ "
၀မ်ရူကွေ့သည် သူမ၏ ရှေ့နောက်မညီသည့် ပြောဆိုချက်ကို ကြားသည့်အခါ သူ၏နှုတ်ခမ်းရှိ အပြုံးများက ပို၍ ကြီးမားလာသည်။ " ဘာမှ၀ယ်ချင်စိတ်မရှိဘဲ ဘာလို့ ကုန်တိုက်စတိုးဆီ သွားခဲ့တာလဲ "
ထုံရွှယ်လူက နှုတ်ခမ်းစူကာ ချိုမြိန်သည့် အသံဖြင့် ပြောသည်။ " ကျွန်မပျင်းလို့လေ မရဘူးလား။ ရှင် ထွက်သွားတာနဲ့ ရှင့်ကို လွမ်းမိနေတာ။ ကလေးလေးဖေဖေကရော ကျွန်မကို လွမ်းလား "
၀မ်ရူကွေ့၏ နားရွက်ထိပ်ဖျား ရုတ်တရက် နီရဲသွားသည်။ သူမ၏အသံက တိုးလျကာ ချိုမြိန်နေသည်။
" အင်း ကိုယ် စမ်းသပ်ချက်တွေလုပ်နေတဲ့အချိန်ကလွဲလို့ မင်းအကြောင်းပဲ စဉ်းစားနေတာ "
ထုံရွှယ်လူ၏ နှုတ်ခမ်းထောင့်များက အပေါ်သို့ ကွေးတက်သွားသည်။ သူ့အတွက် ဤကဲ့သို့ ချစ်စကားများ ပြောရန်မှာ တကယ်ခက်ခဲပေသည်။
သို့သော် ၀မ်ရူကွေ့သည်တော့ ကောင်းမွန်သည်ဟု မခံစားရချေ။ သူ့စကားဆုံးသည်နှင့် တံခါးဆီမှ ထူးဆန်းသည့် အသံနှစ်ခု ထွက်ပေါ်လာသည်။
" အမလေး ။ ငါ့တစ်ကိုယ်လုံး ကြက်သီးတွေထနေပြီ။ ဘယ်သူထင်မှာလဲ ငါတို့ရဲ့ ညွှန်ကြားရေးမှူး၀မ်က ပုံမှန်ချိန်ဆို ဒီလိုမျိုး ဖြစ်လိမ့်မယ်လို့ "
" စမ်းသပ်ချက်တွေလုပ်ချိန်ကလွဲလို့ မင်းကို အချိန်တိုင်းလွမ်းနေတယ်။ ဟားဟားဟား.... အချစ်ရေးသူတော်စင်ကြိီးက အိမ်မှာကျ အရမ်းနူးညံ့နေပါလားနော် "
"....."
၀မ်ရူကွေ့သည် သူ့သူငယ်ချင်းနှစ်ယောက်ဖြစ်သည့် ကျိုးရန်နှင့် ဟွမ်ချီမင်တို့၏ အသံများကို နောက်တစ်ကြိမ်နားထောင်ရန်ပင် မလိုအပ်ချေ။ သူ၏မျက်နှာမှာ ပူအိုက်လာနေသည်။
" ကျိုးရန်နဲ့ ဟွမ်ချီမင် ကိုယ့်ဆီလာတယ်။ မင်းကို နောက်မှ ပြန်ခေါ်လိုက်မယ်နော် "
ထုံရွှယ်လူသည် သူက သူ့သူငယ်ချင်းများနှင့် ပလဲပနံသင့်နေခြင်းအတွက် ၀မ်းသာမိသည်။ တစ်ချိန်လုံး တစ်ယောက်တည်းဖြစ်နေခြင်းသည် သူ့အခြေအနေအတွက် မကောင်းမွန်ပေ။
" အင်း။ ဒါဆို အရင်ဖုန်းချလိုက်တော့ "
၀မ်ရူကွေ့က ဖုန်းကိုင်ထားရင်း တိုးလျစွာပြောသည်။ " အရင်ချ "
အတိတ်၌ သူတို့ ဖုန်းပြောသည့်အခါ သူက သူမဖုန်းချသည်ကို အမြဲတမ်း စောင့်ခဲ့သည်။
သူမတို့နှစ်ယောက်သည် "အရင်ဖုန်းချလိုက်" ခေါင်းစဉ်နောက် အပြန်အလှန်ပြောနေကြကာ တံခါး၌ မတ်တပ်ရပ်နေသည့် ကျိုးစန်နှင့် ဟွမ်ချီမင်တို့မှာ သတိမမူစွာ ခွေးစာများ ပါးစပ်အပြည့်ကျွေးခံလိုက်ရသည်။
ဖုန်းချပြီးသည့်အခါ ၀မ်ရူကွေ့က သူတို့နှစ်ယောက်အား ရှက်ရွံ့စွာ ကြည့်လိုက်သည်။ " ဘာလို့ ငါ့ဆီလာကြတာလဲ "
ကျိုးရန်က အရိုက်ခံလိုသည့် မျက်နှာဖြင့် ပြောသည်။ " ကိစ္စမရှိဘဲ လာလို့မရဘူးလား။ ငါတို့မလာရင် မင်းဒီလို စကားချိုချိုလေးတွေပြောတာကို ကြားနိုင်မှာမဟုတ်ဘူး "
ဟွမ်ချီမင်က သူ၏လျှာကို နှစ်ကြိမ်ယက်လိုက်သည်။ " ငါ မထင်ထားဘူး။ ရူကွေ့ ၊ မင်းက တခြားသူတွေထက် သာတာပဲ။ အရင်ကတော့ အမျိုးသမီးတစ်ယောက်ရဲ့ မျက်နှာကိုတောင် မမှတ်မိနိုင်ခဲ့ဘူး။ ဒါပေမဲ့ အခုတော့ ချစ်စကားတွေကို လွယ်လွယ်ကူကူ ပြောနိုင်နေပြီ။ သုံးရက်ခွဲခွာပြီးတော့ တစ်ယောက်ကို တစ်ယောက် တွေ့ရတာက အသစ်အဆန်းဖြစ်သွားတော့တာပဲ "
၀မ်ရူကွေ့ : "......"
၀မ်ရူကွေ့သည် သူ့နား၌ ၀န်းရံနေသည့် နှစ်ယောက်ကြောင့် ရှက်လာသည်။ " မင်းတို့ အဆင်ပြေပြီဆို မြန်မြန်ထွက်သွားကြတော့။ ငါ အလုပ်လုပ်ဖို့ ရှိသေးတယ် "
ဟွမ်ချီမင်က ပြောသည်။ " ဘာအလုပ်လုပ်တာလဲ။ ငါတို့က အလုပ်ဆင်းလာခဲ့ပြီးပြီ ။ အစိုးရပိုင်ဟိုတယ်ဆီ သွားရအောင်။ မင်းက ငါတို့ကို ဒကာခံ "
"....."
၀မ်ရူကွေ့၏ ပါးစပ် မဲ့သွားလေသည်။ " ငါ မသွားဘူး။ နေ့လည်ကမှ စခန်းဆီကို ပြန်လာခဲ့တာ။ မဖြေရှင်းရသေးတဲ့အရာတွေ အများကြီးရှိနေတယ် "
သူ့စကားမဆုံးခင်မှာ ကျိုးရန်က စကားဖြတ်ပြောလာသည်။ " လူတွေက သံတွေလို အစားအစာကတော့ သံမဏိလိုပဲ။ ဘယ်လောက်ပဲ အလုပ်များပါစေ စားသောက်ဖို့တော့ လိုအပ်သေးတယ်။ မင်းမှာ အစိုးရပိုင်ဟိုတယ်ဆီသွားဖို့ အချိန်မရှိဘူးဆိုရင်လဲ ကန်တင်းကိုပဲ သွားကြတာပေါ့ "
၀မ်ရူကွေ့သည် မူလက ဗိုက်မဆာချေ။ သို့သော် ၎င်းတို့နှစ်ယောက်က ဂရုမစိုက်ဘဲ သူ့အား ကန်တင်းဆီသို့ ခေါ်သွားကြသည်။
သူသည် ကန်တင်း၌ ဧည့်သည်များကို ဒကာခံရသည့်သူပင်ဖြစ်ပြီး ထိုနှစ်ယောက်က စားသောက်ရန် စီစဉ်ခဲ့ကြပြီးဖြစ်သည်။
သို့သော် ကန်တင်း၌ ကုန်ကျမည့်ငွေအား တတ်နိုင်သည်ဖြစ်သည့်အတွက် ငြင်းဆိုခြင်းမရှိဘဲ ထိုနှစ်ယောက်အား ဖိတ်ခေါ်ခဲ့သည်။
စားသောက်ပြီးသည့်နောက် ၀မ်ရူကွေ့က အလုပ်လုပ်ရန်အတွက် ရုံးခန်းဆီသို့ ပြန်သွားသည်။ ဟွမ်ချီမင်က ကျိုးရန်ကို နေ့စဉ်သုံးပစ္စည်းများ၀ယ်ရန် အတူသွားမည်နည်းဟု မေးမြန်းသည်။
ကျိုးရန်၏ အကြည့်များက ပျံ့လွင့်နေ ပြီး သူက ပြောသည်။
" ငါ မသွားတော့ဘူး။ ငါ ရုံးခန်းမှာ မပြီးပြတ်သေးတဲ့ ကိစ္စလေးတွေရှိသေးတာကို သတိရမိသွားလို့။ မင်းတစ်ယောက်တည်းသာ သွားလိုက်တော့ "
ထိုသို့ပြောပြီးနောက် ဟွမ်ချီမင်အား ချန်ရစ်ကာ အလျင်အမြန် ထွက်သွားလေသည်။
သူက ဤကဲ့သို့ ဖြစ်နေသည့်အခါ ဟွမ်ချီမင်မှာ အနည်းငယ် စိတ်ရှုပ်သွားသော်လည်း စေ့စေ့စပ်စပ် မမေးတော့ဘဲ လှည့်ကာ ကုန်တိုက်ဆီသို့ သွားလိုက်သည်။
ကျိုးရန်က ရုံးခန်းဆီသို့ မပြန်ခဲ့ချေ။ ထိုအစား သူက ဖုန်းခေါ်ဆိုခန်းဆီသို့ သွားသည်။ ထိုအချိန်၌ ရုံးစာရေးမှာ အလုပ်ဆင်းသွားခဲ့ပြီဖြစ်ပြီး မည်သူမှ ရှိမနေချေ။
သူက ဖုန်းကို ကိုင်ကာ အိမ်ရာ၀န်းရုံးခန်းဆီသို့ ခေါ်ဆိုသည်။ သူတို့၏ အိမ်ရာ၀န်းရုံးခန်းတွင် လွန်ခဲ့သည့် လအနည်းငယ်က တယ်လီဖုန်းတပ်ဆင်ခဲ့ပြီးဖြစ်သဖြင့် ယခုအခါ သူ၏မိသားစုထံ ဆက်သွယ်ရန် ပို၍ လွယ်ကူသွားခဲ့သည်။
တစ်ခဏမျှ ကြာပြီးသည့်နောက် သူ့ဇနီး ၀မ်ရှောင်းယွင်၏ အသံက ဖုန်းတစ်ဖက်မှ ထွက်ပေါ်လာသည်။ " ကျိုးရန်လား။ ဘာလို့ ကျွန်မကို ဖုန်းခေါ်တာလဲ "
ကျိုးရန်က ၀မ်ရူကွေ့၏ ချစ်စကားများကို သတိရလိုက်ပြီး အသက်ပြင်းပြင်းရှုကာ ပြောသည်။ " အချစ် ထမင်းစားပြီးပြီလား "
၀မ်ရှောင်းယွင် မျက်မှောင်ကြုတ်သွားသော်လည်း စိတ်ရှည်စွာ ပြန်ဖြေလိုက်သည်။ " စားပြီးပြီ။ ဘာလို့ ရှင် ကျွန်မကို ဖုန်းခေါ်တာလဲ "
ကျိုးရန်က ဖုန်းကြိုးများကို ရယ်စရာကောင်းစွာ ရစ်ခွေနေသည်။ " ဘာမှမဟုတ်ပါဘူး။ ဒီအတိုင်း ကိုယ် မင်းကို လွမ်းလို့။ ကလေးရော ဘယ်လိုနေလဲ။ မင်းရော ကိုယ့်ကို လွမ်းလား "
၀မ်ရှောင်းယွင်သည် ဖုန်းကို ဖယ်ကာ တစ်ချက် ကြည့်လိုက်သည်။ " ရှင်တကယ် ကျိုးရန်ဟုတ်ရဲ့လား။ ဘာလို့ ရွံစရာကောင်းတဲ့စကားတွေ ပြောနေရတာလဲ။ ရှင် ကျွန်မကို တောင်းပန်ရမည့် ကိစ္စတစ်ခုခု လုပ်ထားတာလား "
ကျိူရန် : "....."