အပိုင်း၃၂၉
Viewers 67k

🍵Chapter 329




ကျိုးရန် ဆို့နင်ကာ သေလုနီးပါးပင်။ 


" ရှောင်းယွင် ဘာတွေစဉ်းစားနေတာလဲ ။ ကိုယ်က မင်းနဲ့ ကလေးကို လွမ်းနေလို့ အထူးတလည် ခေါ်လိုက်ရုံပါ။ ဘာလို့ မင်းက အရမ်းစိတ်ကူးယဉ်မဆန်ရတာလဲ  "


၀မ်ရှောင်းယွင်သည် သူမ ရင်ဘတ်ထဲမှ အော့အန်လိုမှုကို တောင့်ခံရင်း ပြောလိုက်သည်။ " စိတ်ကူးယဉ်ဆန်တာက စားလို့ရလား။ ဒါပဲဆို ကျွန်မ ဖုန်းချလိုက်တော့မယ် "


ကျိုးရန် : " ဇနီးလေး မင်းကိုယ့်ကို လွမ်းလား၊ မလွမ်းဘူးလား ပြန်မဖြေရသေး "


" ဝေါ့..."


ကျိုးရန်၏စကားဆုံးသည်နှင့် တစ်ဖက်မှ ဆက်တိုက်ဆိုသလို အော့အန်သံများဖြင့် အဖြေပေးလာသည်။


ကျိုးရန် : "....."


၀မ်ရှောင်းယွင်သည် ဖုန်းပြန်‌မဖြေခင် အတန်ကြာ အော့အန်နေခဲ့သည်။ " ကျွန်မရဲ့ မနက်ခင်းပျို့အန်မှုက ပြင်းထန်နေတယ် ။ ဒါ့ကြောင့်မို့ ရှင်နဲ့  ဆက်ပြီး ဖုန်းမပြောနိုင်တော့ဘူး "


ကျိုးရန်က ချက်ချင်း စိတ်ပူသွားကာ မခွဲရက်မခွာရက်ဖြစ်သည့် လေသံဖြင့်ပြောလိုက်သည်။ " ကိုယ့်ဇနီးလေး ကောင်းကောင်းအနားယူနော်၊ စားချင်တာရှိရင် အမေ့ကိုပြောချေ။ ဇနီးလေးဘက်က အရင်ဖုန်းချလိုက်နော် "


သူစကားဆုံးသည်နှင့် ဖုန်း၏ အခြားတစ်ဖက်မှ ကလစ်ဟူသော အသံကိုကြားလိုက်ရပြီး ထို့‌နောက်တွင် " တီ တီ " ဟူသည့်အသံသာလျှင် ကြားရသည်။


ကျိုးရန် : "...."


၀မ်ရူကွေ့နဲ့ သူ့မိန်းမက ဘာလို့ ဒီ လောက် ချစ်ခင်ကြပြီး သူ့အလှည့်ကျတော့ ဘာလို့ ဒီလိုမျိုးကြီးလဲ။


🍵


နှစ်ရက်ကြာသည့်နောက် ဖူကျန့်ယိထံမှ သတင်းရရှိလာလေသည်။


ဗျူရိုတွင် ဤကိစ္စများကို ဆွေးနွေးရန် အခက်အခဲရှိပြီး ထုံရွှယ်လူသည်လည်း ကိုယ်၀န်ရှိနေသဖြင့် သူက ဖိုင်များကို ၀မ်မိသားစုထံသို့ ကိုယ်တိုင်ပို့ဆောင်လာသည်။


အဘိုး၀မ်က သူ လာသည်ကို မြင်သည့်အခါ ထူးဆန်းစွာဖြင့် မေးမြန်း၏။


" ကျန့်ယိ မင်း အလုပ်မသွားရဘူးလား။ ဘာလို့ ဒီအချိန် ဒီမှာရှိနေတာလဲ "


ဖူကျန့်ယိက ပြောသည်။ " ကျွန်တော် ဒီနားလေးမှာ တစ်ခုခုလုပ်ဖို့ ရှိလို့ပါ။ အဲဒါကြောင့် အဘိုးဆီကို ၀င်လာခဲ့တာ။ အဘိုးက ဘိုးဘိုးကြီးဖြစ်သွားပြီလို့ ကျွန်တော်ကြားတယ်။ အဘိုးကို ဂုဏ်ပြုပါတယ် "


အဘိုး၀မ်သည် လူများက သူ ဘိုးဘိုးကြီးဖြစ်လာသည့်အကြောင်း ပြောကြသည်ကို ကြားရသည်အား သဘောကျလေသည်။ သူက မျက်လုံးထောင့်‌တွင် အရေးအကြောင်းများပေါ်လာသည်အထိ အလွန်ပြုံးရယ်လိုက်သည်။


" ကလေး မင်းက အရမ်းရည်မှန်းချက်ကြီးတယ်။ ဒါပေမဲ့ မင်းလည်း မငယ်တော့ဘူး။ ရူကွေ့က ကလေးတောင် ရနေပြီ။ မင်းလည်းပင် မြန်မြန်လုပ်သင့်ပြီ။ ဒီအတိုင်းသာဆို မင်း လူပျိုကြီး ဖြစ်သွားလိမ့်မယ် "


မမျှော်လင့်ဘဲ ဓားထိုးခံလိုက်ရသည့် ဖူကျန့်ယိ : "....."


အဘိုး၀မ် : " အရမ်းအတည်ကြီးမမှတ်ပါနဲ့။ ဒါပေမဲ့ မင်းမျက်နှာကိုကြည့်ဦး။ မင်းက ရူကွေ့ထက် နှစ်၀က်လောက်ငယ်ပေမဲ့ မင်းက ပိုကြီးတဲ့ပုံပေါ်ပြီး ရူကွေ့ရဲ့ဦးလေးလို ဖြစ်နေတယ်။ မင်း မြန်မြန် အိမ်ထောင်မပြုဘူးဆိုရင် ကလေးရတာလဲ နောက်ကျလိမ့်မယ်။ မင်းမှာ ကလေးရလာရင် ကလေးက မင်းကို သူ့အဘိုးလို့ ထင်နေလိမ့်မယ် "


နောက်တစ်ကြိမ် ရင်ဘတ်၌ ဓားထိုးခံလိုက်ရသည့် ဖူကျန့်ယိ : "....."


ထုံရွှယ်လူသည် အခန်းထဲမှ ထွက်လာသည့်အခါ အဘိုး၀မ်၏ စကားများကို ကြားလိုက်ရသည်။သူမသည် လူယုတ်မာတစ်ယောက်ကဲ့သို့ ရယ်မောမိလေ၏။


 "ဟား ဟား ဟား "


ထုံရွှယ်လူ၏ ရယ်သံကို ကြားသော် ဖူကျန့်ယိသည် ပို၍ပင် ရင်နာသွားကာ သူမကို လျင်မြန်စွာ ကြည့်လိုက်ပြီး အဘိုး၀မ်အား အဝေးသို့ သွားစေရန်အတွက် သူမအား အချက်ပြလိုက်သည်။


ထုံရွှယ်လူက သူမ မျက်လုံးများထောင့်မှ မျက်ရည်များကို သုတ်လိုက်သည်။ " အဘိုး သမီး ဘေးလမ်းကြားကပဲနီလေးကိတ်စားချင်တယ်။ အဲဒါ သမီးဖို့ ဦးလေးဇုန်းကို သွား၀ယ်ပေးခိုင်းနိုင်မလားဟင် "


အဘိုး၀မ် : " ရှောင်ဇုန်းက ဈေး၀ယ်သွားတယ်။ အဘိုး သမီးအတွက် အခုချက်ချင်း သွား၀ယ်ပေးမယ် "


ထုံရွှယ်လူ : " အဲဒီလို ဘယ်လိုဖြစ်ပါ့မလဲ။ သမီးဘာသာပဲ သွား၀ယ်လိုက်ပါ့မယ် "


အဘိုး၀မ်က သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ " ဘာလို့ မရ ရမှာလဲ။ အဘိုးက အရမ်းသန်မာပါတယ်။ အိမ်မှာ ခဏစောင့်နေချေ။ အဘိုး၀ယ်ပြီး သိပ်မကြာခင် ပြန်လာမယ် "


ထိုသို့ပြောပြီးနောက် သူ့အခန်းဆီသို့သွားကာ ပိုက်ဆံနှင့် လက်မှတ်များကို ယူလိုက်ပြီး ထွက်ခွာသွားလေသည်။


အဘိုး၀မ်ထွက်သွားသည်နှင့် ချက်ချင်း ဆိုသလိုပင် ထုံရွှယ်လူ၏ အကြည့်များက  ဖူကျန့်ယိ၏ လက်ဆီသို့ ကျရောက်သွားသည်။ " ကျွန်မ ရှင့်ကို အပ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်တဲ့ သတင်းရှိတာလား "


ဖူကျန့်ယိက ဧည့်ခန်းထဲအတွင်းသို့ လမ်းလျှောက်၀င်လာရင်း ခေါင်းညိတ်သည်။ " အင်း "


ထုံရွှယ်လူက သူ့အတွက် လက်ဖက်ရည် ငှဲ့ပေးလိုက်ကာ မုန့်များ ထုတ်ယူလာပေးသည်။ " စာရွက်စာတမ်းတွေက ဘယ်မှာလဲ "


သူမ အလွန်စိတ်စောနေသည်ကို မြင်သည့်အခါ ဖူကျန့်ယိက စာရွက်စာတမ်းများကို ထုတ်ယူကာ ရေတစ်ငုံပင် ‌မသောက်ဘဲ သူမအား လှမ်းပေးလိုက်သည်။ 


" လီကျွမ်းကျွမ်းရဲ့ယောက္ခထီးက ရုတ်တရက် ဆုံးသွားခဲ့တယ်။ ကျွန်တော်ကြားတာတော့ သူ သေဆုံးတဲ့ အခြေအနေက နည်းနည်းထူးဆန်းနေတယ်။ အဲ့အချိန်က လီကျွမ်းကျွမ်းက လက်ထောက်ညွှန်ကြားရေးမှူးနဲ့လည်း ညိနေခဲ့တယ်။ ဒါကြောင့် ဒီအမှုက သဘော၀အလျောက် သေဆုံးတယ်ဆိုပြီး အဆုံးသတ်သွားခဲ့တာ  "


ထုံရွှယ်လူသည် ဖိုင်များကို ဖွင့်လိုက်ကာ လျင်မြန်စွာ လှန်လှောကြည့်လိုက်သည်။ ဖူကျန့်ယိပြောခဲ့သည့်အတိုင်း အမှုမှတ်တမ်းမှာ လီကျွမ်းကျွမ်း၏ ယောက္ခထီးက ဖျားနာခြင်းကြောင့် သေဆုံးသွားခဲ့ပြီး သံသယဖြစ်ဖွယ်မရှိဟု အလွန်ရိုးစင်းနေလေသည်။


သူက ဖိုင်များကို အောက်ချလိုက်ပြီး သူမ၏ မျက်ခုံးများကို အနည်းငယ် ပင့်လိုက်သည်။ " ရှင် ဘာလို့ အဲဒီသေဆုံးမှုက တစ်ခုခုထူးဆန်းတာ ရှိတယ်လို့  ပြောခဲ့တာလဲ။ တစ်ယောက်ယောက်က ရုပ်အလောင်းကို တွေ့တဲ့အခါ တစ်ခုခုထူးဆန်းတယ်လို့ ခံစားမိကြလို့လား "


ဖူကျန့်ယိသည် ရေတစ်ငုံသောက်လိုက်ပြီး ဆီးနှင်းပွင့်မုန့်ကြွပ်တစ်စိပ်ကို ယူကာ တစ်ကိုက် ကိုက်လိုက်သည်။ " ဟုတ်တယ်။ ကျွန်တော့်၀န်ထမ်းရဲ့ ဦးလေးက ဒီအမှုအတွက် တာ၀န်ယူခဲ့တဲ့သူတွေထဲက တစ်ယောက်။ ဒါပေမဲ့ သူ့ဦးလေးရဲ့ရာထူးက နိမ့်တော့ အဲဒါကို  တွေ့တဲ့အခါ တစ်ခုခုလွဲမှားနေတယ်လို့ မပြောရဲခဲ့ဘူး ။ ချန်တယိမှာ သူ့ကိုခုခံပေးမယ့် အခြားဆွေမျိုးတစ်ယောက်မှ မရှိခဲ့ဘူး။ သူက  သေးငယ်တဲ့ ပြောင်းလဲမှုတွေက ကြီးမားတဲ့သက်ရောက်မှုကို ဖြစ်စေတယ်ဆိုတဲ့ နိယာမကို လိုက်နာပြီး စကား‌ပြောဆိုဆက်သွယ်တာ‌တွေ မလုပ်ခဲ့ဘူး "


ထုံရွှယ်လူက " ကျွန်မ ဒီအမှုကို အယူခံ၀င်ချင်တယ်ဆိုရင် အဲဒီလူက ရှေ့ထွက်ပြီး  သက်သေခံပေးမှာလား "


ဖူကျန့်ယိက ဆီးနှင်းပွင့်မုန့်ကို နှစ်ကိုက် ကိုက်‌လိုက်သည်။ " အိုခေ။ လီကျွမ်းကျွမ်းကို ကူညီခဲ့တဲ့ လက်ထောက်ညွှန်ကြားရေးမှုးက လွန်ခဲ့တဲ့နှစ်အနည်းငယ်ကည်းက ထုတ်ပယ်ခံလိုက်ရပြီ။ သူမရဲ့ နောက်ခံက ဟိုးအရင်ကတည်းက မရှိတော့ဘူး။ ဒါပေမဲ့ မင်းတကယ်ပဲ ဒီအမှုကို အယူခံ၀င်ချင်တာလား "


ထုံရွှယ်လူက ခေါင်းယမ်းလိုက်သည်။ " မဟုတ်ဘူး။ ကျွန်မ ဒီဟာကို လီကျွမ်းကျွမ်းကို ခြိမ်းခြောက်ပြီး ထိန်းချုပ်ဖို့ အသုံးပြုချင်ရုံပါ။ ဒါပေမဲ့ နောက်ဆုံးမှာ ဖြစ်လာနိုင်ဖွယ်ရှိတဲ့အခြေအနေတစ်ခုဆိုတာက အမြဲရှိတယ်လေ။ ကျွန်မ သေချာပြင်ဆင်ထားမှဖြစ်မယ် "


ဖူကျန့်ယိသည်  ခြေတစ်လှမ်း လှမ်းသည့်အခါတိုင်း သုံးလှမ်းစာ ကြိုတင်ကြည့်တတ်သည့်  သူမ၏ အသေးစိတ်ကျသည့် ကာရိုက်တာကို သဘောကျသည်။


" ကျွန်တော် အစကတည်းကပြောခဲ့ဖူးတယ်။ မင်းက ကျွန်တော်တို့ ရာဇ၀တ်မှုစုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ ကိုက်ညီတယ်‌ဆိုပြီး‌တော့လေ။ ဒါပေမဲ့ မင်းက စိတ်မ၀င်စားတာတော့ နှမြောစရာပါပဲ "


ထုံရွက်လူသည် စာရွက်စာတမ်းများကို သိမ်းဆည်းလိုက်သည်။ " ကျွန်မ ဒီစာရွက်စာတမ်းတွေကို တစ်ရက်လောက် ငှားရမ်းချင်တယ်။ ရှင့်ကို နောက်ကျပြန်ပေးမှာပါ။ အဆင်ပြေလား "


" ကိစ္စမရှိဘူး။ ဒါပေမဲ့ မင်း အဲဒါကို ပျောက်သွားလို့ မဖြစ်ဘူး "


" စိတ်ချပါ "


အမှုကိစ္စအ‌ကြောင်းပြောပြီးသည့်နောက် ဖူကျန့်ယိသည် မတ်တပ်ထရပ်လိုက်ပြီး ထွက်ခွာရန်လုပ်သည်။ သို့သော် မမျှော်လင့်စွာဖြင့် သူ လှည့်လိုက်သည့်အချိန်၌ ဈေး၀ယ်ပြီးပြန်လာသည့် အဘိုး၀မ်ကို မြင်လိုက်ရသည်။


" ရွှယ်လူ ၊ အဘိုး ပဲနီလေးကိတ်မုန့်၀ယ်လာခဲ့ပြီ။ ပူတုန်းလေး စားလိုက် "


ထုံရွှယ်လူ၏ စိတ်ထဲ၌ နွေးထွသွားလေသည်။


 " ကျေးဇူးတင်ပါတယ် အဘိုး။ ဒါက အဘိုးက ကလေးလေးအတွက် ၀ယ်လာပေးတာမို့ ကလေးလေးကိုယ်စား  အဘိုးကို ကျေးဇူးတင်ချင်ပါတယ် "


ထိုစကားကို ကြားသည့်အခါ အဘိုး၀မ်မှာ သူ၏ မုတ်ဆိတ်မွေးများ ထောင်လုမတတ် အလွန်ပျော်ရွှင်သွားသည်။" မြန်မြန်စားချေ။ သမီး နောက်ထပ် စားချင်တဲ့ဟာရှိရင် အဘိုးကိုပြော။ အဘိုးက သမီးဖို့ ၀ယ်ပေးမယ်  "


စကားဆိုပြီးသည့်နောက် သူက ဖူကျန့်ယိကို ကြည့်ကာ ပြောသည်။ " ကျန့်ယိ မင်း တကယ် အိမ်ထောင်မြန်မြန်ပြုပြီး တတ်နိုင်သမျှ ကလေးမြန်မြန်ယူမှဖြစ်မယ်။ အဘိုးပြောခဲ့တာတွေကို ‌မင်းကို ခြောက်လန့်ချင်ရုံသပ်သပ်ဆိုပြီး မတွေးနဲ့ ။ မင်းမျက်နှာက တကယ်ကို အရွယ်ကျနေပြီ "


ဖူကျန့်ယိ၏ နှုတ်ခမ်းထောင့်မှာ နှစ်ကြိမ်ခန့် ရှုံ့မဲ့သွားလေသည်။ " ကျွန်တော် နားလည်ပါပြီ။ အဘိုး ကျွန်တော့်မှာ လုပ်စရာလေးရှိသေးလို့ ပြန်ပါတော့မယ် "


အကယ်၍ မပြန်လျှင် သူ့ရင်ဘတ်မှာ အဘိုး၀မ်ကြောင့် ပျားတူအုံနှင့်  ထိုးစိုက်ခံရတော့မည်ဖြစ်သည်။

[T/N - အဘိုး၀မ်စကားတွေကြောင့် အန္တရာယ်နဲ့ရင်ဆိုင်ရဖွယ်ရှိတယ်လို့ပြောတာပါ]


ဖူကျန့်ယိ၏ ပြေးထွက်သွားသည့် ပုံရိပ်ကို ကြည့်ရင်း ထုံရွှယ်လူသည် မရယ်မောဘဲ မနေနိုင်ချေ။


နောက်တစ်နေ့၌ သူမသည်  လီကျွမ်းကျွမ်းအား စာရွက်စာတမ်းများနှင့်အတူ သွားရောက်တွေ့ဆုံသည်။


သူမသည် ယင်းအချိန်၌ လီကျွမ်းကျွမ်း၏အိမ်တွင် ရှစ်ရှိုးနန် ရှိမနေသည်ကို သေချာအောင်လုပ်သည်။ ထို့နောက် ယခင်အခေါက်က တွေ့ခဲ့သည့် အမျိုးသမီးကို ရှောင်ရှားကာ လီကျွမ်းကျွမ်း၏ အိမ်တံခါးကို တံခါးခေါက်လိုက်သည်။


လီကျွမ်းကျွမ်းနှင့် ရှစ်ရှိုးနန်တို့သည် ယမန်နေ့ညက ညဉ့်နက်သည်အထိ အချိန်ဖြုန်းခဲ့ကြသဖြင့် ယခုအချိန်၌ သူမသည် အိပ်မောကျနေသည်။


အိမ်တံခါးခေါက်သံကို ကြားရသည့်အခါ စိတ်မရှည်စွာ ပြောသည်။


" ဘယ်သူလဲ "


" ပြည်သူ့လုံခြုံရေးဗျူရိုကပါ "


လီကျွမ်းကျွမ်းက ထိုသည်ကို ကြားသည့်အခါ စိတ်လှုပ်ရှားလွန်းသဖြင့် အိပ်‌နေရာမှ ချက်ချင်း နိုးသွားသည်။


သူမသည် အိပ်ရာပေါ်မှ လိမ့်ကျလုမတတ်ဖြစ်ပြီး အ၀တ်အစားများ၀တ်ကာ တံခါးပြေးဖွင့်လိုက်သည်။ တံခါးဖွင့်လိုက်သည့်အခါ ထုံရွှယ်လူကို မြင်လိုက်ရပြီး သူမ အံ့ဩသွားလေသည်။


" ဘာလို့ ရှင်လဲ "


ထုံရွှယ်လူက ထိုစကားကို ကြားသည်နှင့်  သူမအား သိနေသည်ကို နားလည်လိုက်သည်။


 " ကြည့်ရတာ ရှင် ကျွန်မကို သိတဲ့ပုံပေါ်တယ်။ ကျွန်မမှာ ရှင့်ကို ပြောစရာရှိတယ်။  ကျွန်မ အထဲကို ၀င်လာလို့ရမလား "


လီကျွမ်းကျွမ်းက သူမအား ခုခံရန် အသင့်အနေအထားဖြင့် ကြည့်သည်။ " ကျွန်မ ရှင့်ကို မသိဘူး။ ကျွန်မ လူမှားသွားတာ။ ရှင်က ရဲတစ်ယောက်အဖြစ်ဟန်ဆောင်‌နေတယ်။ ရှင် မြန်မြန်ထွက်သွားတာ ကောင်းမယ်။ မဟုတ်ရင် ကျွန်မ တစ်ယောက်ယောက်ကို အော်ခေါ်လိုက်မယ် "


ထုံရွှယ်လူ၏ နှုတ်ခမ်းရဲရဲများက ကွေးညွတ်သွားသည်။ " ရှင် ကျွန်မကို မသိရင် ကျွန်မက ရဲမဟုတ်ဘူးဆိုတာ ဘယ်လိုလုပ်သိတာလဲ "


လီကျွမ်းကျွမ်းက သူမ၏ နှုတ်ခမ်းအားကိုက်ကာ ကြည့်သည်။ " ရှင်က ရဲဘော်ချန်ရဲ့ ချစ်သူဆိုတာ ကျွန်မသိတယ်။ ရှင် ကျွန်မဆီက ဘာလိုချင်တာလဲ "


ရဲဘော်ချန်လား။


ရဲဘော်ချန်သည် ရှောင်ရွှိ၏ အဖေဖြစ်ပြီး ၀မ်ရူကွေ့၏ စိတ်ကစဉ့်ကလျားရောဂါမှ ဖန်တီးထားသည့် ဒုတိယကာရိုက်တာဖြစ်သည်။


ထုံရွှယ်လူက သူမအား တောက်လောက်နေသည့် မျက်၀န်းများဖြင့် စိုက်ကြည့်လိုက်သည်။ " ကျွန်မ ခင်ပွန်းက ကျွန်မ‌အကြောင်း ရှင့်ကို တစ်ခွန်းမှ မပြောခဲ့ဘူး။ ကျွန်မက သူ့ဇနီးဆိုတာ ရှင် ဘယ်လိုသိတာလဲ။ ရှင် သူ့အကြောင်း စုံစမ်းခဲ့တာလား "


လီကျွမ်းကျွမ်းသည် အမှန်ပင် မရိုးသားပုံပေါ်လေသည်။ ကံကောင်းစွာဖြင့် သူမ က လက်ဦးမှုယူနိုင်ခဲ့သည်။


အကယ်၍ အနည်းငယ်မျှ ကြန့်ကြာလျှင် ဤအမျိုးသမီးသည် ၀မ်ရူကွေ့အား ရင်ဆိုင်ရန် ရှစ်ရှိုးနန်နှင့် ပူးပေါင်းသွားနိုင်သည်။


လီကျွမ်းကျွမ်းက သူမ၏ စကား အပြောအဆို မှားယွင်းသွားကြောင်း သိလိုက်ပြီး သူမ၏နှုတ်ခမ်းများကို ခါးသီးစွာ ကိုက်လိုက်သည်။ " ကျွန်မ  စုံစမ်းခဲ့တာ မဟုတ်ဘူး။ ကျွန်မ ရှင့်ကို လမ်းမှာ တစ်ကြိမ် တွေ့ခဲ့ဖူးတာ။ ဒါကြောင့် ရှင့်ကို အခု မှတ်မိနေတာ "


ထုံရွှယ်လူက သူမကို တွန်းဖယ်လိုက်ပြီး အခန်းထဲသို့ လမ်းလျှောက်၀င်ရောက်ကာ လှည့်ပတ်ကြည့်ရှုသည်။


အိမ်ထဲ၌ အခန်းနှစ်ခုရှိပြီး ပရိဘောဂပစ္စည်းများမှာ ဟောင်းသည်ဟု မဆိုနိုင်သလို သစ်သည်ဟူ၍လည်း မဆိုနိုင်ချေ။ သို့သော် ကြွေအိုး၊ ရေနွေးအိုးနှင့် ရေဒီယိုကဲ့သို့သော လိုအပ်သည့်အရာအားလုံး ရှိနေသည်။ သူမသည် သာမန်လူများမတတ်နိုင်သည့် ပစ္စည်းများ အ ချို့တဲ့၍ မနေပေ။


သူမ သိသည့်အတိုင်းဆိုလျှင် လီကျွမ်းကျွမ်းသည် အလုပ်လက်မဲ့တစ်ယောက်ဖြစ်ပြီး သူမ ခင်ပွန်း၏ မိသားစုသည်လည်း ပိုက်ဆံမရှိချေ။ ထို့ကြောင့် သူမ ဤကဲ့သို့ ဘ၀မျိုး နေထိုင်နိုင်ရခြင်းမှာ မကြာသေးခင် နှစ်များအတွင်း အမျိုးသားများအား မှီခိုခဲ့ခြင်းကြောင့် ဖြစ်သည်မှာ သိသာပေသည်။


သူမက တစ်ဖက်သို့ လှည့်လိုက်ပြီး ထိုင်ခုံပေါ်၌ ထိုင်လိုက်သည်။ " ကျွန်မကို အဲဒီလို စိုက်ကြည့်မနေပါနဲ့ ။ ထိုင်ပါ ဦး "


လီကျွမ်းကျွမ်းက မျက်မှောင်ကြုတ်သွားသော်လည်း ထုံရွှယ်လူ၏ အင်အားကြီးသည့် အငွေ့အသက်ကြောင့် သူမ၏လည်မျိုအား တစ်စုံတစ်ယောက်က ဆုပ်ကိုင်ထားသလို ခံစားနေရပြီး အလွန်ရဲရဲတင်းတင်း မနေဝံ့ချေ။


သူမက မျက်နှာချင်းဆိုင် ထိုင်ခုံပေါ် ၀င်ထိုင်လိုက်သည်။ " ကျွန်မဆီက ဘာလိုချင်တာလဲ "


ထုံရွှယ်လူက သူမနှင့် အကြောင်းပြချက်များပြောရန် အလွန်ပျင်းရိသဖြင့် လိုရင်းကိစ္စကိုသာ တိုက်ရိုက်ပြောဆိုသည်။ 


" ဒါက ရှင့် ယောက္ခထီးဖြစ်တဲ့ ချန်တယိ ရုတ်တရက် နာမကျန်းဖြစ်ပြီး ဆုံးပါးသွားတုန်းက ရှင် အကြောင်းကြားခဲ့တဲ့ မှတ်တမ်း။ ချန်တယိက အဲ့အချိန်တုန်းက သ‌ဘာ၀အလျောက် သေဆုံးသွားခဲ့တာ မဟုတ်ဘဲ ရှင် သတ်တာကို ခံခဲ့ရတာ။ ဒါပေမဲ့ ရှင်က ပြည့်သူလုံခြုံရေးဗျူရိုက လက်ထောက်ညွှန်ကြားရေးမှူးကို မြူဆွယ်ပြီး ရှင်အတွက် ဖုံးကွယ်ခိုင်းခဲ့တယ်။ နောက်တော့ လက်ထောက်ညွှန်ကြားရေးမှူးပစ်သတ်ခံလိုက်ရတယ်။ ရှင် ဒါကို မှတ်မိသေးလား  "

(T/N- အပေါ်မှာတုန်းက ရာထူးကထုတ်ပယ်ခံရတယ်လို့ရေးခဲ့တာ။ ဒီမှာက တကယ် ပစ်သတ်ခံရတယ်ဆိုပြီးရေးထားတာ )


လီကျွမ်းကွမ်း၏ မျက်နှာသည် ရုတ်ချည်း ဖြူဖျော့သွားပြီး သူမက ထုံရွှယ်လူအား သရဲတစ္ဆေမြင်လိုက်ရသကဲ့သို့ စိုက်ကြည့်လိုက်သည်။ " ရှင် မဟုတ်တမ်းတရားတွေ လျှောက်ပြောနေတာပဲ။ ကျိန်းသေ ကျွန်မ ယောက္ခထီးက နာမကျန်းဖြစ်ပြီးဆုံးသွားခဲ့တာ။ ပြည်သူ့လုံခြုံရေးဗျူရိုကလည်း အဲဒါကို အတည်ပြုခဲ့ပြီးပြီ။ ကျွန်မကို အသေရေဖျက်ဖို့ ဒီဟာကို အသုံးပြုလို့ရမယ်မထင်နဲ့ "


ထုံရွှယ်လူက အနည်းငယ်မျှပင် မစိုးရိမ် ချေ။ သူမက သူမ၏ နှုတ်ခမ်းနီနီလေးများကို အနည်းငယ် မြှင့်တင်လိုက်သည်။ " ရှင့်ကို ကူညီခဲ့တဲ့ လက်ထောက်ညွှန်ကြားရေးမှူးက သေသွားပြီဆိုပေမဲ့ ဒီအမှုကို တာ၀န်ယူခဲ့တဲ့ အခြားလူတစ်ယောက်က အခုထိ အသက်ရှင်နေသေးတယ်။ သူက ကျွန်မသာ ဒီကိစ္စကို ပြန်ချေပလိုသရွေ့ သူက သက်သေလုပ်ပေးနိုင်တယ်လို့ ပြောတယ်  "


လီကျွမ်းကျွမ်း၏ နှုတ်ခမ်းများ တုန်ယင်နေပြီး လက်သည်းများက သူမ လက်ဖဝါးထဲသို့ နစ်‌၀င်နေသည်။ " ရှင်ဘာလိုချင်တာလဲ။ ကျွန်မက ရှင့်ယောင်္ကျား လုပ်ချင်တာကို ကူညီလုပ်ပေးခဲ့တယ်။ ရှင်က ကျွန်မကို ခြိမ်းခြောက်ဖို့ ဒီကိစ္စကို အသုံးပြုတယ်ပေါ့။ ကောင်းပြီလေ။ အရမ်းကောင်းတယ်။ ရှင် ကျွန်မကို တိုင်ကြားနိုင်တယ်။ အဆိုးဆုံးမှ အားလုံး အတူတူ သေကြရုံပေါ့ "