🍵Chapter 330
သူမ ဆိုလိုသည်မှာ အကယ်၍ ထုံရွှယ်လူစည် သူမကို ဖော်ထုတ်ဝံ့လျှင် သူမသည်လည်း ၀မ်ရူကွေ့မှ ရှစ်ရှုးနန်အား ဖျားယောင်းရန် သူမအား ငွေပေး၍ စေခိုင်းခဲ့ခြင်းကို ဖော်ထုတ်မည်ဖြစ်ပြီး အားလုံး အတူတူ သေဆုံးကြမည်ဟု ဖြစ်သည်။
ထုံရွှယ်လူက နူးညံ့စွာ ပြုံးလိုက်သည်။ " စိတ်လျော့ပါ။ အရမ်းစိတ်မလှုပ်ရှားပါနဲ့။ ကျွန်မက ရှင့်ကို ထောင်ထဲပို့ဖို့ ဒီမှာ ရှိနေတာ မဟုတ်ပါဘူး "
" ဒါဆို ရှင်က ဘာလုပ်ချင်တာလဲ "
" ကျွန်မမှာ ရှင့်ကို မေးချင်တဲ့ မေးခွန်းတွေရှိတယ် " ထုံရွှယ်လူသည် သူမ သဘောတူလာမည်ကို မစောင့်ဆိုင်းဘဲ မေးမြန်းသည်။ " ကျွန်မ ခင်ပွန်းက ရှင့်ကို ရှစ်ရှိုးနန်အနား ချဉ်းကပ်ခိုင်းတာကို တခြားသူကို ပြောပြခဲ့ဖူးလား "
လီကျွမ်းကျွမ်းက ခေါင်းယမ်းလိုက်သည်။ " မပြောဖူးဘူး "
ထုံရွှယ်လူက " ရှင် လိမ်မပြောတာ ပိုကောင်းမယ်။ ဒီကိစ္စကို တခြားလူတစ်ယောက်ယောက်သိတယ်ဆိုတာ ကျွန်မ ရှာတွေ့ရင် ကျွန်မ ရှင့်ကို ယဉ်ကျေးနေမှာ မဟုတ်ဘူး "
လီကျွမ်းကျွမ်းက " ကျွန်မ မပြောခဲ့ဖူးဘူးလို့ ပြောပြီးပြီလေ။ ရှင် ကျွန်မကို မယုံရင် ရှင့်ဘာသာ ကိုယ်တိုင်သွားစုံစမ်းကြည့်လိုက် "
" စိတ်မပူပါနဲ့။ ကျွန်မ ကျိန်းသေစုံစမ်းမှာပါ " ထုံရွှယ်လူက သူမအား အေးစက်စွာ ကြည့်သည်။
" ဒုတိယမေးခွန်း၊ ရှစ်ရှိုးနန်က ရှင့်ကို ၀မ်ရူကွေ့က ဒီပို့ခဲ့တယ်ဆိုတာကို သိလား "
ဤအကြိမ်၌ လီကျွမ်းကျွမ်းသည် သူမ၏ခေါင်းကို လျင်မြန်စွာ ခါသည်။ " မသိဘူး။ အကယ်၍ သူသာ သိရင် ကျွန်မကို သေချာပေါက် လွယ်လွယ်နဲ့ အလွတ်ပေးမှာ မဟုတ်ဘူး "
" တကယ်လား။ ကျွန်မ ကြားတာတော့ သူက ရှင့်ကို လက်ထပ်ချင်တယ်ဆို။ ကြည့်ရတာတော့ တော်တော်ဆွဲဆောင်ခံနေရတဲ့ပုံပါ။ ရှင်က ဒါတောင်မှ သူ့ကို စိတ်မယိုင်ဘူးလား "
လီကျွမ်းကျွမ်း၏ မျက်လုံးတွင် အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့သည်။ " မယိုင်ဘူး "
" လိမ်နေတယ် " ထုံရွှယ်လူက စားပွဲခုံအား ပြင်းထန်စွာရိုက်ကာ ခက်ထန်စွာ အော်လိုက်သည်။
" အကယ်၍ ရှင်သာ စိတ်မယိုင်ခဲ့ရင် ဘာလို့ ကျွန်မခင်ပွန်းကို စုံစမ်းခဲ့မှာလဲ။ ကျွန်မ ဘယ်သူဆိုတာကိုလည်း သိနေတယ်၊ ရှင့်မှာ သိသိသာသာ တခြားရည်ရွယ်ချက်တွေ ရှိနေတယ် "
လီကျွမ်းကျွမ်းသည် သူမကြောင့် ထိတ်လန့်ကြောင်အသွားပြီး စိတ်ငြိမ်စေရန် ကြိုးစားကာ ငြင်းခုံသည်။
" ကျွန်မ မစုံစမ်းခဲ့ပါဘူးလို့ ပြောပြီးပြီလေ။ ကျွန်မ ရှင့်ကို လမ်းမှာ ၀င်တိုက်ခဲ့မိတာ..... "
" မဟုတ်တာတွေ မပြောနဲ့ " ထုံရွှယ်လူက စကားဖြတ်ပြောလိုက်သည်။ " ရှင်ပြောတဲ့စကားတွေရဲ့ ပုဒ်ဖြတ်ပုဒ်ရပ်သင်္ကေတကိုတောင် ကျွန်မ မယုံကြည်ဘူး "
" ကျွန်မ ဒီနေ့ ဒီကိုလာတာက ရှင်နဲ့ အပေးအယူတစ်ခုလုပ်ဖို့။ အပေးအယူကိစ္စပြီးတာနဲ့ ရှင် ဒီမြို့ကနေ ထွက်သွားဖို့ စီစဉ်ပေးမယ်။ ရှင် မေးစရာမလိုဘူး။ ဒီကိစ္စမှာ ရှင့်ဖို့ ရွေးချယ်မှုမရှိဘူး။ ဒါမှမဟုတ်ရင် ကျွန်မ ရှင့်ကို ထောင်ထဲ ပို့လိုက်နိုင်တယ် "
" ရှင်ပြောခဲ့တဲ့ အားလုံးအတူတူ အဆုံးသတ်ဖို့ကတော့ ဒီအတိုင်း သိမ်းထားလိုက်ဖို့ အကြံပေးချင်တယ်။ ရှင် ကျွန်မတို့ရဲ့ အထောက်အထားတွေကို စုံစမ်းပြီးပြီဆိုတော့ ကျွန်မတို့ရဲ့ နောက်ခံတွေက ဘယ်လောက်အင်အားကြီးတယ်ဆိုတာ သိသင့်တယ်။ ရှင်က အမျိုးသားတွေနဲ့ရှုပ်တဲ့ မုဆိုးမတစ်ယောက်။ လူတွေက ရှင်နဲ့ကျွန်မ ဘယ်သူ့ကို ယုံကြည်မယ်ထင်လဲ "
လီကျွမ်းကျွမ်းသည် ဒေါသများဖြင့် တောက်လောင်နေသောမျက်၀န်းများနှင့် သူမအား စိုက်ကြည့်သည်။
" ဒါဆို ရှင်က ကျွန်မကို ဘယ်လိုလုပ်စေချင်တာလဲ။ ကျွန်မ ရှင့်ကို ပြောထားမယ်။ ကျွန်မ ဥပဒေချိုးဖောက်တဲ့ကိစ္စတွေ ဘယ်တစ်ခုမှ မလုပ်နိုင်ဘူး "
ထုံရွှယ်လူက နှာခေါင်းရှုံ့လိုက်သည်။ " ရှင်က ဥပဒေချိုးဖောက်တဲ့ကိစ္စကို လုပ်ခဲ့ပြီးပြီလေ။ ဒါကြောင့် ကျွန်မ ရှေ့မှာ ဖြူစင်ရိုးသားတဲ့သူတစ်ယောက်လို ဟန်ဆောင်နေတာ ရပ်နိုင်ပြီ။ ဒါပေမဲ့ စိတ်မပူပါနဲ့။ ကျွန်မ ရှင့်ကို ရှစ်ရှိုးနန်ကို သတ်ဖို့ မခိုင်းပါဘူး။ ရာဇ၀တ်မှုမြောက်တဲ့ ကိစ္စတွေ မခိုင်းဘူး "
လီကျွမ်းကျွမ်း၏ မျက်နှာသည် သူမ ထိုကဲ့သို့ပြောလာသည့်အခါ နီတစ်လှည့်ဖြူတစ်လှည့် ဖြစ်သွားလေသည်။
ထုံရွှယ်လူက " ကျွန်မ ရှင့်ကို လုပ်စေချင်တဲ့ဟာက အရမ်းရိုးရှင်းပါတယ်။ရှင့် ယောက္ခထီးကို ရှင် သတ်ခဲ့ပါတယ်ဆိုပြီး ၀န်ခံတဲ့ ၀န်ခံချက်စာတစ်စောင်ရေး၊ပြီးတော့ လက်မှတ်ထိုးပြီး အဲ့ဒီအပေါ်မှာ လက်ဗွေရာနှိပ်..."
သူမ စကားမဆုံးခင်မှာ လီကျွမ်းကျွမ်းက အော်လိုက်သည်။ " ရှင် အိပ်မက်မက်နေတာပဲ။ ကျွန်မကို အရူးလို့ ထင်နေတာလား။ အဲ့ဒီအရာသာ ရှင့်လက်ထဲရှိနေမယ်ဆိုရင် ကျွန်မ ကျန်တဲ့ဘ၀တစ်သက်လုံး ရှင် ထိန်းချုပ်တာ မခံရဘူးလား "
ထုံရွှယ်လူက " ကျွန်မ အဲဒီ၀န်ခံချက်ကို ရှင် မြို့တော်ကနေ ထွက်ခွာသွားတဲ့နေ့ကျရင် ပြန်ပေးမယ်။ ဒါပေမဲ့ အဲ့ဒီမတိုင်ခင်မှာ ကျွန်မခင်ပွန်းက ရှင့်ကို ခိုင်းခဲ့တဲ့ အကြောင်းတွေ ဘယ်သူ့ကိုမှ မပြောရဘူး။ ပြီးတော့ ချန်ရှို့ယွင်ကိုလည်း ရှင့်ရဲ့ တည်ရှိမှုအကြောင်း အသိပေးရမယ်။ သူတို့နှစ်ယောက် ရန်ပွဲတွေဖြစ်တာနဲ့ ရှင့်တာ၀န်ပြီးဆုံးပြီ "
လီကျွမ်းကျွမ်း မျက်မှောင်ကြုတ်သွားလေသည်။ " အဲဒါပဲလား "
ထုံရွှယ်လူက ခေါင်းညိတ်လိုက်သည်။
" အဲဒါပဲ။ ကိစ္စတွေအားလုံးပြီးသွားရင် ကျွန်မ ရှင့်ကို ရှန်းကျန့်မြို့ဆီ ပို့ပေးမယ်။ ရှင် အဲဒီမှာ အလုပ်ရဖို့အတွက် ကူညီပေးမယ်။ ဒါပေမဲ့ ဒီတစ်ဘ၀လုံး ပေကျင်းကို ပြန်လာလို့မရဘူး "
အလုပ်ရှာပေးမည်ဆိုသည်မှာ သေချာပေါက် သူမအား မျက်စိ ဒေါက်ထောက်ကြည့်ရန်သာဖြစ်သည်။
လီကျွမ်းကျွမ်း၏ ဖွံ့ထွားသည့် ရင်သားများမှာ ပြင်းထန်စွာဖြင့် မြင့်ချည်နိမ့်ချည်ဖြစ်နေပြီး သူမ နှလုံးတွင် ယခုအချိန်၌ ကြီးမားသည့် အတက်အကျများ ဖြစ်နေသည်ကို ဖော်ပြနေသည်။
ထုံရွှယ်လူသည် အကယ်၍ သူမ၌သာ ဩဇာအရှိန်အဝါမရှိလျှင်၊ အကယ်၍ သူမ၌ အင်အားကြီးသည့် နောက်ခံမရှိလျှင် လီကျွမ်းကျွမ်းသည် ကျိန်းသေ သူမအား တိုက်ခိုက်ကာ အပိုင်းပိုင်း စုတ်ဖြဲပစ်မည်ပင်။
လီကျွမ်းကျွမ်းက သူမအား အချိန်အတန်ကြာသည်အထိ ငေးကြည့်နေခဲ့ပြီး သက်ပြင်းရှည်တစ်ခုချကာ ပြောလာသည်။ " ရှင် ပြောတဲ့အတိုင်းဆို ကျွန်မမှာ ဘာရွေးချယ်စရာရှိလို့လဲ။ ရှင် ကျွန်မကို ဘယ်အချိန် စတင်စေချင်လဲ "
ထုံရွှယ်လူထင်ထားသကဲ့သို့ ယခူအချိန်တွင် သူမသည် ပြေးသွားကာ အပိုင်းပိုင်း ချေမွလိုသော်လည်း ထိုကဲ့သို့ မပြုလုပ်နိုင်ချေ။ သို့မဟုတ်လျှင် သူမတို့အားလုံး အမှန်တကယ် အဆုံးသတ်သွားမည်ဖြစ်သည်။ သူမကသည် အခြားသူများထက် ပို၍ပင် ရှင်သန်လိုသည်။ ထိုအမျိုးသမီး ၏ ခန့်မှန်းမှုက အမှန်ပင် မှန်ကန်လေသည်။ သူမသည် ၀မ်ရူကွေ့၏ အထောက်အထားကို စုံစမ်းခဲ့ပြီး သူနှင့် ရှစ်ရှိုးနန်အကြားရှိ ဆက်ဆံရေးအား သိရှိလိုက်ရသည့်အချိန်တွင် သူတို့နှစ်ယောက်ကြား အတော်ကြာ တုံ့ဆိုင်းနေခဲ့သည်။
၀မ်ရူကွေ့၌ အင်အားကြီးမားသည့် နောက်ခံရှိပြီး အလွန့်အလွန် ချောမောခန့်ညားသော်ငြား ထိုကဲ့သို့သူမျိုးသည် သူမ အစွမ်းကုန် ကြိုးစားလျှင်တောင်မှ မမြူဆွယ်နိုင်ချေ။
တစ်ဖက်တွင်မူ ရှစ်ရှိုးနန်သည် သူမ၏ ညှို့ယူမှုကို ခံခဲ့ရပြီး သူမအတွက် သူ့ဇနီးကိုပင် ကွာရှင်းရန် ဆန္ဒရှိနေသည်။ ရှစ်ရှိုးနန်၏ စီးပွားရေးလုပ်ငန်းသည်လည်း လက်ရှိတွင် အခြေအနေကောင်းမွန်နေလေသည်။ အကယ်၍ သူမသာ ရှစ်ရှိုးနန်ကို ကူညီ၍ ၀မ်ရူကွေ့အား ထိခိုက်စေလျှင် ရှစ်ရှိုးနန်က သူမအား အသေအချာ အလွန်ကျေးဇူးတင်ပေလိမ့်မည်။
ဤနည်းအားဖြင့် သူမသည် သူဌေး၏ ဇနီးမယားနေရာကို ရယူနိုင်မည်ဖြစ်သော်လည်း သူမ စိတ်ပိုင်းမဖြတ်ရသေးမီတွင် ထုံရွှယ်လူက သူမ တံခါး၀ဆီသို့ ရောက်ရှိလာခဲ့သည်။
ထုံရွှယ်လူက " ရှင် ချန်ရှို့ယွင် ပြန်လာတဲ့အခါ စပြီး လှုပ်ရှားရမယ် "
ထိုကဲ့သို့ဆိုရင်း အိတ်ထဲမှာ ဘောပင်နှင့် စာရွက်အား ထုတ်ယူကာ လီကျွမ်ကျွမ်းထံ တွန်းပို့လိုက်သည်။ " ရှင့်ကို ချရေးဖို့ ပြောခဲ့တယ်လေ "
လီကျွမ်းကျွမ်း၌ အခြားရွေးချယ်စရာမရှိချေ။ သူမသည် ဘောပင်ကို ကောင်ကိုင်၍ ပြောခဲ့သည်များကို ချရေးသည်။ ထို့နောက်တွင် သူမ၏နာမည်အား လက်မှတ်ထိုး၍ လက်ညှိုးအား လက်ဗွေရာနှိပ်လေသည်။
ရေးသားပြီးသည့်အခါ ထူံရွှယ်လူက ၀န်ခံချက်အား ယူလိုက်ကာ ဂရုတစိုက် စစ်ဆေးသည်။ အမှားအယွင်း တစ်စုံတစ်ရာမရှိသည့်ကို မြင်သည့်အခါမှသာ ဘေးဖယ်ထားလိုက်သည်။
" ချန်ရှို့ယွင်က လေးရက်လောက်နေရင် ပေကျင်းကို ပြန်ရောက်လာလိမ့်မယ်။ အဲဒီအခါကျရင် ရှင်က လှုပ်ရှားလိုက် နောက်ရက် ရှင့်ကို ရှန်းကျန့်မြို့ကို ပို့ပေးမယ် ။ လှည့်ကွက်တွေ မကစားဖို့ မမေ့နဲ့။ မဟုတ်ရင်... ရှင် နောင်တရလိမ့်မယ် "
ထိုစကားများအား ပြောပြီးသည့်နောက် မတ်တပ်ထရပ်ကာ အဝေးသို့ လမ်းလျှောက်ထွက်သွားသည်။
လီကျွမ်းကျွမ်းသည် သူမ နောက်ကျောအား ကြည့်နေပြီး ဒေါသထွက်လွန်းသဖြင့် စားပွဲခုံအား ရိုက်ချိုးလိုက်သည်။
သူမ လီကျွမ်းကျွမ်း၏ အိမ်မှ ထွက်လာပြီးသည့်နောက် ယခင်အကြိမ်က အမျိုးသမီးနှင့်ဆုံလေသည်။
ထိုအမျိုးသမီးက လက်ထဲတွင် ဟင်းသီးဟင်းရွက်များကို ကိုင်ထားပြီး သူမ ပါးစပ်ကို ကျယ်ကျယ်ဟထားသည်။ " ညီမလေး ဘာလို့ ဒီမှာရှိနေတာလဲ။ အခုကလေးတင် အဲဒီမိန်းမပျက် လီကျွမ်းကျွမ်း အိမ်ထဲကနေ ထွက်လာခဲ့တာလား "
ထုံရွှယ်လူက ရှက်ရွံ့သည့် မျက်နှာအမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။ " ကျွန်မ ပြန်သွားပြီး တွေးကြည့်လိုက်တဲ့အခါ ကျွန်မ စိတ်မလျှော့နိုင်ခဲ့ဘူး။ ဒါကြောင့် ကျွန်မ ဒီနေ့ ဒီကို တစ်ချက်လာကြည့်ခဲ့တာ။ ဘယ်သူသိမလဲ။ သူ့ကို မြင်လိုက်ရတဲ့အခါ ကျွန်မ အရမ်း လန့်သွားခဲ့ရတယ်။ ဘာဖြစ်ခဲ့တယ်ဆိုတာ အစ်မ သိလား "
အမျိုးသမီးက ထိုစကားကို ကြားသည့်အခါ ရုတ်တရက် စိတ်ရှုပ်သွားလေသည်။ " ဘာဖြစ်ခဲ့တာလဲ "
ထုံရွှယ်လူက " ကျွန်မ လူမှားသွားခဲ့တာလေ။ အဲဒီနေ့က ကျွန်မ ခင်ပွန်းနဲ့ ရှိနေခဲ့တဲ့သူက လီကျွမ်းကျွမ်း မဟုတ်ဘဲ ကျွန်မ မသိတဲ့ သတ်လတ်ပိုင်းလူတစ်ယောက်ဖြစ်နေတယ် "
အမျိုးသမီး : "....."
အမျိုးသမီးသည် သူမ အတင်းအဖျင်းကြားရမည်ဟု ထင်ခဲ့ပြီး ယခုကဲ့သို့ အံ့ဩဖွယ် အခြေအနေဖြစ်နေမည်ဟု မထင်ခဲ့သဖြင့် ပြောစရာစကား မဲ့သွားလေသည်။
ထုံရွှယ်လူသည် သူမအား တစ်ချက်ကြည့်လိုက်ပြီး ပြုံးရယ်ကာ လမ်းလျှောက်ထွက်လာခဲ့သည်။
🍵
စုယွဲ့ရှန်းသည် ထုံရွှယ်လူ၏ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိသည့် ထိုနေ့ကတည်းက စီစဉ်မှုများအား စတင်ခဲ့သည်။
ယခင်က သူ ထင်ထားခဲ့သည့်အတိုင်း ချန်ရှို့ယွင်၏ ကုန်ပစ္စည်းများကို ခိုးယူလိုလျှင် သူကိုယ်တိုင်ပင် ဆောင်ရွက်ရန် မလိုအပ်ချေ။
ယနေ့ခေတ်၏ ရှန်းကျန့်မြို့သည် အလွန် ဖရိုဖရဲဖြစ်နေပြီး မြောက်များစွာသော လူမိုက်အဖွဲ့များလည်း ရှိကြပေသည်။ ထိုလူများသည် နေရာတိုင်း၌ လုယက်ကာ ရာဇ၀တ်မှုများကို ကျူးလွန်ကြခြင်း သို့မဟုတ် အသစ်ဖွင့်လှစ်သည့် ကုမ္ပဏီများ သို့မဟုတ် စတိုးဆိုင်များသို့ သွားကာ ကာကွယ်ရေးခများ စုဆောင်းကြခြင်းများ ပြုလုပ်ကြသည်။
ရာဇ၀တ်မှုတိုက်ဖျက်ရန် ရဲတပ်ဖွဲ့၏ ကြိုးပမ်းအားထုတ်မှုများသည် အလျဥ်မမီနိုင်ဘဲ ထိုမကောင်းသော အင်အားစုများက ကြီးထွားဖွံ့ဖြိုးလာခဲ့သည်။
စုယွဲ့ရှန်းသည် ဤမကောင်းသောအင်အားစုများကို အမြဲမုန်းတီးနေခဲ့သော်လည်း ယခုတစ်ကြိမ်တွင် ချန်ရှို့ယွင်နှင့် ရင်ဆိုင်ရန် ၎င်းတို့ကို အသုံးချရန် စီစဉ်ခဲ့သည်။
ချန်ရှို့ယွင်သည် ဤအကြိမ်တွင် ယွမ် ၄၀၀၀ တန်ဖိုးရှိသည့် အထည်များကို ၀ယ်ယူခဲ့ပြီး သူမတို့၏ ပိုင်ဆိုင်မှုအားလုံးနီးပါးဖြစ်ပေသည်။ ၎င်းအထည်များကို ပြန်လည်ရောင်းချပြီး ရောင်းကုန်သွားသည်နှင့် သူမတို့က ပိုက်ဆံနှစ်ဆ ပြန်လည်ရရှိမည်ဖြစ်သည်။
ထိုအချိန်၌ သူတို့က ထိုပိုက်ဆံများဖြင့် အိမ်များနှင့်ကားများကို ၀ယ်ယူနိုင်မည်ဖြစ်ပြီး လုပ်ငန်းကိုလည်း ပို၍ ကြီးမားလာစေရန် ချဲ့ထွင်နိုင်မည်ဖြစ်သည်။
ယခုအကြိမ်တွင် အထည်အများအပြား ယူဆောင်ခဲ့သည့်အတွက် သူမတစ်ယောက်တည်းဖြင့် အားလုံးကို မယူသွားနိုင်ချေ။ ထို့ကြောင့် သူမ အချစ်ဆုံး သူငယ်ချင်း၏ အကူအညီဖြင့် ပို့ဆောင်ရေးကုမ္ပဏီတစ်ခုအား တွေ့ရှိခဲ့ပြီး အ၀တ်အထည်များကို ပေကျင်းသို့ ပြန်လည်သယ်ဆောင်လာသည်။
တစ်ချိန်တည်းမှာပင် သူမသည်လည်း ကားဖြင့် ပေကျင်းသို့ ပြန်လိုက်လာနိုင်ပြီး ခရီးစရိတ် ချွေတာနိုင်ပေသည်။
ယနေ့တွင် သူမသည် အချစ်ဆုံးသူငယ်ချင်းအား နှုတ်ဆက်ခဲ့ပြီးနောက် ကုန်တင်ကားပေါ်တက်ကာ ပေကျင်းသို့ ပြန်လာသည်။
ကနဦးတွင် လမ်းခရီးမှာ ချောမွေ့နေပြီး ယာဉ်မောင်းသည် စားသောက်ရန်နှင့် သန့်စင်ခန်းသို့ သွားရန်ပင် မရပ်တန့်ချေ။ သို့သော် သူမတို့ ရွာတစ်ရွာအား ဖြတ်သန်းစဉ်တွင် လူအုပ်တစ်ခုက ရှေ့၌ ရုတ်တရက်ပေါ်လာပြီး လမ်းမအား ပိတ်ဆို့လိုက်သည်။
ယာဉ်မောင်းသည် ကြောက်ရွံ့သွားဖြင့် ဘရိတ်အား ရုတ်ချည်း နင်းလိုက်သည်။
ချန်ရှို့ယွင်၏ ခန္ဓာကိုယ်က သူမရှေ့ရှိ ကုလားထိုင်နှင့် ရိုက်မိသွားကာ သူမအား နာကျင်မှုကြောင့် ညည်းတွားစေသည်။ " ဘာလို့ ကားကို ရုတ်တရက် ရပ်လိုက်တာလဲ "
ယာဉ်မောင်း၏ မျက်နှာမှာ ဖြူဖျော့သွားသည်။ " ဒီလူတွေက လုယက်ဖို့ ဒီမှာရှိနေကြတာ "
လုယက်တယ်။
ချန်ရှို့ယွင်သည် ထိုစကားလုံးအား ကြားလိုက်သည့်အခါ အံ့ဩသွားမိသည်။ " ယာဉ်မောင်း အစ်ကိုကြီး၊ ရှင် ကျွန်မကို နောင်ပြောင်နေတာလား။ တစ်ယောက်ယောက်က ဘယ်လိုလုပ် နေ့ခင်းကြောင်တောင်ကြီး လုယက်မှာလဲ "
ယာဉ်မောင်းသည် သူမနှင့် စကားများကာ အချိန်မဖြုန်းချေ။ သူက ကားထဲမှ ထွက်လိုက်ပြီး လက်နှစ်ဖက်ကို မြှောက်၍ ပြောသည်။ " ကားထဲမှာ ရှိတာတွေ အကုန်လုံး ပေးပါ့မယ်။ ကျေးဇူးပြုပြီး ကျွန်တော့်အသက်ကို ချမ်းသာပေးပါ "
လူအုပ်ကြီးက ထိုစကားများကို ကြားသည့်အခါ ရယ်မောကြသည်။ " မင်း ဘယ်လောက်တောင် သူရဲဘောကြောင်သလဲ ကြည့်ဦး။ ဒီကနေ ထွက်သွားလိုက်တော့ "
ယာဉ်မောင်းက ထိုစကားကိုကြားသည့်အခါ လှိမ့်လိုက်ပြီး တွားသွားကာ ထွက်သွားလေတော့သည်။
ချန်ရှို့ယွင် : "......"