🍵Chapter 331
ယာဉ်မောင်းက ဖိနပ်နှင့်တင်ပါးတစ်သားတည်းကျအောင် ထွက်ပြေးသွားသည့်အခါ ချန်ရှို့ယွင်မှာ ကြောင်အသွားလေသည်။ သူမ အသိပြန်၀င်လာသည့်အခါတွင် သူမ၏ နှလုံးသားထဲ၌ ဒေါသများဖြင့် ပြည့်သွားတော့သည်။
" အယုတ်တမာကောင် ဒီကိုပြန်လာခဲ့ "
ယာဉ်မောင်းသည် မည်သို့ ပြန်လာနိုင်လိမ့်မည်နည်း။ ထိုသူသည် သည်းကြီးမည်းကြီးပြေးသွားခဲ့ကာ ဖိနပ်များကျွတ်ကျခဲ့သည့်တိုင် ကောက်ယူရန် ပြန်မလာဝံ့ဘဲ ခေတ္တမျှ နှောင့်နှေးနေလျှင် အသက်ဆုံးရှုံးမည့်အလား ကြောက်ရွံ့နေပေသည်။
လူတစ်စုက ကားဆီသို့ ချဉ်းကပ်လာကြပြီး ခေါင်းဆောင်ဖြစ်ဟန်တူသည့် သူက ချန်ရှို့ယွင်အား ကြည့်လိုက်သည်။
" ဒီအဘွားကြီးကို ဆွဲထုတ်ပြီး ပါးစပ်ကို ဆို့ထားလိုက်။ အဲဒါကမှ အလုပ်လုပ်နေတဲ့အချိန် ဆူဆူညံညံတွေမထွက်မှာ "
အဘွားကြီးတဲ့လား။
ချန်ရှို့ယွင်မှာ ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ယင်နေပေသည်။ သူမက ထိုသူတို့ကို လက်ညှိုးထိုးကာ ကျယ်လောင်စွာ ကျိန်ဆဲသည်။ " နင်တို့တွေတကယ်ပဲ နေ့ခင်းကြောင်တောင်ကြီးမှာ ဒီလို ဥပဒေမဲ့တဲ့ လုပ်ရပ်တွေ လုပ်ရဲကြတယ်။ နင်တို့ အခု ထွက်သွားကြဖို့ သတိပေးလိုက်မယ်။ မဟုတ်ရင် နင်တို့ အားလုံးကို ထောင်ထဲပို့ပစ်မယ်"
ဤကဲ့သို့ လူဆိုးများနှင့် ရင်ဆိုင်ရသည့်အခါ သူမသည် အသက်အား ကယ်တင်ခြင်းမှာ အရေးကြီးဆုံးဖြစ်သည်ကို သူမက မည်သို့ မသိရှိဘဲ နေမည်နည်း။
သူမ ကျိန်းသေ သိရှိနားလည်ပေသည်။
သို့သော် သူမ၌ လွတ်လမ်းမရှိချေ။ ဤကားထဲတွင် သူမတို့ မိသားစု၏ စည်းစိမ်ဥစ္စာအားလုံး ပါ၀င်နေသည်။ အကယ်၍ ယူဆောင်သွားခြင်းခံရပါက သူမတို့ အဆုံးသတ်သွားမည်ဖြစ်သည်။
ထို့ကြောင့် သူမ ဤအသုတ် ကုန်ပစ္စည်းများကို မည်သို့ပင်ဖြစ်ပါစေ ထိန်းသိမ်းရမည်ပင်။
" ရဲခေါ်မယ် ဟုတ်လား။ ဟားဟား။ ကျုပ် ခင်များကို သတ်ပစ်လိုက်မယ်ဆိုရင် ခင်များ ဘယ်လိုရဲခေါ်အုံးမလဲ "
ခေါင်းဆောင်က နှာခေါင်းရှုံ့လိုက်ပြီးနောက် လူငယ်နှစ်ယောက်အား ကားထဲသို့၀င်ကာ ချန်ရှို့ယွင်အား ဆွဲထုတ်စေသည်။
ချန်ရှို့ယွင်က ရုန်းကန်ရင်းဖြင့် အော်ဟစ်သည်။ " ငါ့ကိုလွှတ်၊ ငါ့ကိုလွှတ်စမ်း။ ငါ့ယောက္ခထီးက လေတပ်ရဲ့ ဗိုလ်မှူး၊ ငါ့ချွေးမရဲ့ အဘိုးကလည်း စစ်တပ် ဗိုလ်မှူးနော်။ နင်တို့တွေ ဘယ်အရာက နင်တို့ဖို့ ကောင်းတယ်ဆိုတာသိရင် အခု ထွက်သွားလိုက်ကြတော့ "
ခေါင်းဆောင်က သူမအား စိုက်ကြည့်လိုက်သည်။ " ခင်များပြောတာတွေအကုန် တကယ်လား "
ချန်ရှို့ယွင်သည် တစ်ဖက်သူ၏ စူးရှသည့် အကြည့်ကို မြင်လိုက်ရပြီး သူမ နှလုံးက ခုန်သွားကာ ရုတ်တရက် သွားများ တုန်သွားလေသည်။ " မဟုတ်ဘူး ။ ကျွန်မ လိမ်ပြောနေတာ။ ကျွန်မက ရှင့်ကို ခြောက်လန့်ချင်ရုံပါ။ ကျွန်မ ဒီပစ္စည်းတွေကို တခြားသူဆီက ချေးငှားပြီး ၀ယ်ခဲ့ရတာပါ။ ကျေးဇူးပြုပြီး၊ ကျေးဇူးပြုပြီး ယူမသွားကြပါနဲ့ "
သို့သော် ထိုသူက သူမ၏စကားများကို မယုံကြည်တော့ပေ။ " တစ်ယောက်ယောက် သူမကို ဟိုနားခေါ်သွားပြီး သတ်ပစ်လိုက် "
ချန်ရှို့ယွင်သည် ကြောက်ရွံ့မှုကြောင့် ဖြူဖျော့သွားပြီး ခြေထောက်များက ပျော့ခွေသွားသည်။
" အစ်ကိုကြီး ကျွန်မ မှားသွားပါတယ်။ ပစ္စည်းတွေအားလုံးပေးပါ့မယ်။ ကျေးဇူးပြုပြီ ကျွန်မ အသက်ကို ချမ်းသာပေးပါ "
ခေါင်းဆောင်က သူမအား အာရုံမစိုက်တော့ချေ။ " သူမပါးစပ်ကို ပိတ်ကြစမ်း။ ပြဿနာမရှာစေနဲ့။ အခြားသူတွေ မြန်မြန်လုပ်ကြ "
ချန်ရှို့ယွင်အား ကိုင်ဆောင်ထားသည့် သူက သူ၏ ခြေအိတ်များကို ချွတ်လိုက်ပြီး ချန်ရှို့ယွင်၏ ပါးစပ်ထဲသို့ ထိုးထည့်လိုက်သည်။
၎င်းခြေအိတ်များသည် မသိနိုင်သည့်အချိန်ပမဏ တစ်ခုကြာ လျှော်ဖွတ်ထားခြင်းမရှိချေ။ ၎င်းတို့သည် ငါးခြောက်များ သို့မဟုတ် အပုပ်ကောင်ကဲ့သို့ အနံ့အသက်များထွက်နေပြီး ၎င်းတို့သည် ချန်ရှို့ယွင်အား သေလုနီးပါး အသက်ရှုကြပ်စေသည်။
သူမရင်ဘတ်ထဲတွင် ပျို့အန်ချင်စိတ်ဖြစ်လာပြီး အော့အန်လိုက်သော်လည်း သူမ၏ပါးစပ်မှာ ပိတ်ဆို့ထားခြင်းခံရသောကြောင့် နောက်ဆုံးတွင် ၎င်းတို့အား ပြန်လည်မျိုချလိုက်ရသည်။
၎င်းအနံ့အသက်နှင့် အာရုံခံစားရမှုတို့သည် သေသည်ထက်ပင် အမှန်တကယ် ဆိုးရွားပေသည်။
သို့သော် ၎င်းတို့သည် အဓိကအချက် မဟုတ်ကြပေ။ အဓိကမှာ ထိုလူနှစ်ယောက်က သူမအား မလှမ်းမကမ်းနေရာရှိ သစ်ပင်အုပ်အုပ်ဆီသို့ တိုက်ရိုက်ဆွဲခေါ်သွားနေခြင်းဖြစ်သည်။၎င်းတို့က သူမအား သတ်ပစ်လိုနေပြီး ထိုနေရာ၌ သူမ၏ ရုပ်အလောင်းအား စွန့်ပစ်လိုပုံရနေသည်။
ချန်ရှို့ယွင်သည် အလွန်ကြောက်လန့်သွားခဲ့ပြီး မျက်လုံးများက ပြူးကျယ်ကာ နှလုံးက မိုးကြိုးများကဲ့သို့ မြည်ဟိန်းနေသည်။
သူမ မသေလိုပေ။ မည်သို့ဖြစ်ပါစေ သူမ မသေလိုပေ။
သူမက " ဝူး၊ဝူး" ဟူသည့် တောင်းပန်သံများလုပ်လိုက်ကာ သူမအား လွှတ်ပေးရန် ထိုလူနှစ်ယောက်အား မျက်လုံးများဖြင့် အသနားခံလိုက်သည်။
ထိုလူက သူ၏ ခြေအိတ်များကို ဆွဲထုတ်လိုက်ပြီး သူမအား ကန်လိုက်သည်း " ရိုးသားစမ်းပါ။ ခင်များက ကိုယ့်သေလမ်းကိုယ် ရှာနေတာပဲ။ ခင်များယောက္ခထီးနဲ့ ခင်များချွေးမရဲ့ အဘိုးက ဗိုလ်မှူးတွေဆိုတာကို မပြောခဲ့ဘူးဆိုရင် ဘယ်လိုလုပ် ဘော့စ်က ခင်များအသက်ကို လိုချင်ပါ့မလဲ "
" မဟုတ်ဘူး။ အဲဒါမမှန်ဘူး "
အခြားလူတစ်ယောက်က နှာခေါင်းရှုံ့လိုက်သည်။ " ခင်များလိုနောက်ခံနဲ့လူတစ်ယောက်က ကျုပ်တို့တွေ တစ်ကြိမ်လွှတ်ပေးလိုက်တာနဲ့ ကံဆိုးတဲ့သူတွေက ကျုပ်တို့တွေ ဖြစ်သွားလိမ့်မယ် "
ပုံမှန်အားဖြင့် သူတိူ့သည် ပိုက်ဆံများနှင့် ကုန်ပစ္စည်းများကိုသာ လုယက်ကြပြီး လုယူခံရသူက ပူးပေါင်းနေသရွေ့ သူတို့က လွယ်လွယ်ကူကူ မသတ်ကြချေ။
သို့သော် ဤအမျိုးသမီး၏ နောက်ခံမှာ အလွန်အင်အားကြီးမားနေသည်။ သူမ အမှန်ကို ပြောသည်ဖြစ်စေ သို့မဟုတ် လူများအား ခြောက်လန့်ရန် ကြိုးစားသည်ဖြစ်စေ သူမအား ဤအတိုင်း လွှတ်မပေးနိုင်ပေ။
ချန်ရှို့ယွင်သည် နှလုံးသားထဲ၌ အကြိမ်ပေါင်းထောင်ချီ နောင်တရနေလေသည်။ အကယ်၍ သူမသာ သိခဲ့လျှင် သူမသည်လည်း အစောကတည်းက ယာဉ်မောင်းနှင့်အတူ ထွက်ပြေးသွားခဲ့မည်။ အကယ်၍ သူမသာ သိခဲ့လျှင် ၎င်းတို့ကို ခြောက်လန့်ရန်အတွင် ထိုစကားများကို ပြောခဲ့မည်မဟုတ်ချေ။
သို့သော် ယခု၌ အလွန်နောက်ကျသွားလေပြီ။ ချန်ရှို့ယွင်သည် ကြောက်လန့်လွန်းသဖြင့် ဘောင်းဘီထဲ၌ ရှူးပေါက်ချခဲ့ပြီး စိုရွှဲသွားလေသည်။ တစ်ခဏမျှကြာသည့်အခါ လေထုထဲ၌ ရွံစရာကောင်းသည့်အနံ့များ ပျံ့နှံ့သွားတော့သည်။
သူမအား ကိုင်ထားသည့် လူနှစ်ယောက်မှာ အလွန်ရွံရှာသွားကြပြီး သူတို့၏ မျက်နှာများကို တစ်ဖက်သို့လှည့်ကာ ပျို့အန်လိုက်ကြသဖြင့် အလွန်တင်းကြပ်စွာ ချုပ်ကိုင်မထားကြချေ။
နေမကောင်းသည့်အချိန်၌ လှုပ်ရှားရမည်ပင်။
[တရုတ်idiomပါ]
ချန်ရှို့ယွင်သည် အရှက်ရမှုကို လျစ်လျူရှုကာ အတင်းရုန်းကန်လိုက်ပြီး လူနှစ်ယောက်၏ လက်များကို ခါချ၍ အသည်းအသန် ပြေးတော့သည်။
ဆောင်းဦးလေပြေက သူမ၏ မျက်နှာဆီသို့ ဓားသွားတစ်ခုအလား ဖြတ်တိုက်သွားခဲ့ပြီး ချန်ရှို့ယွင်သည် အားအကုန်သုံးကာ ရှေ့သို့ ပြေးလွှားနေသည်။
လူနှစ်ယောက်သည် တုံ့ပြန်လိုက်ကြပြီး သူမ၏နောက်သို့ လျင်မြန်စွာ လိုက်ကြသည်။
" သေစမ်း၊ အဘွားကြီး ရပ်လိုက်စမ်း "
ချန်ရှို့ယွင်သည် မြစ်ဆီသို့ အားကုန်သုံး၍ ပြေးသွားခဲ့ပြီး အဖမ်းခံရလုနီးပါးဖြစ်နေလေသည်။
ရုတ်တရက် ကျောက်တုံးတစ်ခုပေါ် ခြေချော်သွားခဲ့ပြီး "ဘုန်း" ဟူသည့် အသံဖြင့် သူမ တစ်ကိုယ်လုံး မြေပြင်ပါ်သို့ လဲကျသွားကာ နဖူးပေါ်၌ ချက်ချင်းပင် ဒဏ်ရာကြီးတစ်ခု ဖြစ်သွားတော့သည်။
ဒဏ်ရာဆီမှ သွေးများယိုစိမ့်ထွက်လာပြီး မကြာခင်မှာပင် မြေပြင်အား နီမြန်းသွားစေသည်။
လူနှစ်ယာက်သည် ပြေးလာကြပြီး ထိုမြင်ကွင်းကို မြင်သည့်အခါ အလောတကြီး မဖြစ်ကြချေ။ သူတို့က ချန်ရှို့ယွင်အား ဆွဲထူလိုက်ကြပြီး မြစ်နံဘေးသို့ ဆွဲသွားကာ ပစ်ချလိုက်သည်။
"ဗွမ်း"ဟူသည့်အသံဖြင့် ချန်ရှို့ယွင် သည် မြစ်ပြင်ထဲသို့ အမှိုက်တစ်ထုတ်အလား ပစ်ချခံလိုက်ရသည်။ သူမ နှစ်ကြိမ်သာလျှင် ရုန်းကန်နိုင်ခဲ့ပြီး ထို့နောက် လှုပ်ရှားမှုများ ရုတ်တရက် ရပ်တန့်သွားလေသည်။
ထိုသူနှစ်ယောက်သည် သူမ နစ်မြုပ်သွားသည်ကို ကြည့်နေခဲ့ကြပြီး လက်ခုက်များတီးပြီးသည့်နောက် လှည့်ထွက်သွားကြသည်။
ထိုသူတို့ ခပ်လှမ်းလှမ်းသို့ ရောက်ရှိသွားကြသည့်အခါ မြက်ခင်းများထဲမှ လူနှစ်ယောက်ထွက်ပေါ်လာခဲ့ပြီး မြစ်ဘေးတစ်လျှောက် ပြေးလွှားသွားကြသည်။ ထို့နောက် ၎င်းတို့က ချန်ရှို့ယွင်အား ကယ်ဆယ်ရန် မြစ်ထဲသို့ တစ်ယောက်ပြီးတစ်ယောက် ခုန်ချလိုက်ကြသည်။
ထိုလူနှစ်ယောက်မှာ ချန်ရှို့ယွင် မတော်တဆဖြစ်ကာ အသက်ဆုံးရှုံးခြင်းမှ ကာကွယ်ရန် စုယွဲ့ရှန်း စီစဉ်ထားခဲ့သူများ ဖြစ်ကြသည်။
ချန်ရှို့ယွင်နိုးလာသည့်အခါ ဆေးရုံ၌ ဖြစ်လေသည်။
သူနာပြုက ကြင်နာသည့်လူအချို့သည် သူမအား မြစ်ထဲမှ ကယ်ဆယ်ပေးခဲ့သည်ဟု ပြောသည်။ သူမ၏အသက်ကို ကယ်တင်နိုင်ခဲ့သော်ငြား သူမတွင် ပြင်းထန်သည့် ခေါင်းကိုက်ဝေဒနာရှိနေပြီး နံရံကိုပင် ၀င်တိုက်လိုက်ချင်သည်အထိ ဖြစ်နေစေသည်။
ခေါင်းကိုက်ခြင်းအပြင် သူမ၏ခြေလက်များသည် နေရာတိုင်း၌ ကိုက်ခဲနေပေသည်။
သူမ လုယက်ခံခဲ့ရသည်ကို မှတ်မိရန် အချိန်အတော်ကြာခဲ့ပြီးသည့်နောက် သူနာပြုအား ရဲများထံ ဖုန်းခေါ်ဆိုပေးရန် လျင်မြန်စွာ အကူအညီတောင်းလိုက်သည်။
ရဲ၀န်ထမ်းများက လျင်မြန်စွာ ရောက်ရှိလာကြပြီး သူမထံမှ မှတ်တမ်းများ ယူကြသည်။ သို့သော် လူဆိုးအဖွဲ့များမှာ သဲလွန်စမရှိ လွတ်မြောက်သွားခဲ့ကြပြီး ဖြစ်သည်။ရဲများက ထိုလူများကို မည်သည့်အချိန်မှ ဖမ်းဆီးနိုင်လိမ့်မည်မှာ မသိနိုင်ပေ။ ရဲများသည် ချန်ရှို့ယွင်အား သူမကို ဆက်သွယ်ရမည့်အချက်အလက်များကို ချန်ရစ်ထားခဲ့ရန်သာ ပြောလိုက်ပြီး လူအား ဖမ်းမိပါက အကြောင်းကြားပေးမည်ဟုသာ ပြောသည်။
ထိုကဲ့သို့ စကားများက ချန်ရှို့ယွင်အား မနှစ်သိမ့်နိုင်သည့်အပြင် ယင်းအစား သူမကို ပို၍ ယူကြုံးမရဖြစ်စေကာ စိုးရိမ်ကြောင့်ကြစေသည်။
ယွမ်လေးထောင်သည် ဤကဲ့သို့ ဖြုန်းတီးခံလိုက်ရသည်။ သူမ ပြန်ရောက်သည့်အချိန်၌ ရှစ်ရှိုးနန်အား မည်သို့ ပြောပြရမည်နည်း။
သူမက နှောင့်နှေးမနေဝံ့သဖြင့် သူမ၏ကျန်းမာရေး အနည်းငယ် တိုးတက်လာသည်နှင့် ဆေးရုံမှ ဆင်းလိုက်သည်။ သူမထံတွင် ပိုက်ဆံမရှိသောကြောင့် ပြည်သူ့လုံခြုံရေးဗျူရိုသည် သူမအစား ငွေပေးချေပေးခဲ့ပြီး ပေကျင်းသို့ပြန်ရန် လက်မှတ်ကိုလည်း ၀ယ်ယူပေးခဲ့သည်။
သူမ ပေကျင်းသို့ ပြန်ရောက်သည့်အချိန်တွင် နှစ်ရက်ခန့် နောက်ကျခဲ့ပြီးဖြစ်သည်။
လွန်ခဲ့သည့်နှစ်ရက်တွင် သူမသည် အခိုက်အတန့်တိုင်း၌ အလွန်အမင်း စိတ်ဆင်းရဲနေခဲ့ရသည်။ ထို့အပြင် သူမ ကျန်းမာရေးသည်လည်း မကောင်းမွန်သေးဖြင့် ဝိတ်အနည်းငယ် လျော့ကျကာ ဆံပင်များပင် အဖြူရောင်သို့ ပြောင်းလာနေသည်။ သူမ၏ ရှိရင်းစွဲအသက်ထက် ဆယ်နှစ်ကျော်ပိုကြီးသကဲ့သို့ ဖြစ်နေလေသည်။
ရှစ်ရှိုးနန်သည် သူမအား တွေ့သည့်အခါ ထိတ်လန့်သွားသည်။ "ရှို့ယွင်၊ မင်း ဘယ်လိုလုပ် ဒီပုံစံဖြစ်သွားတာလဲ။ ပြီးတော့ မင်း လွန်ခဲ့တဲ့ နှစ်ရက်ကတည်းက ပြန်ရောက်ရမှာ မဟုတ်ဘူးလား။ ဘယ်တွေရောက်နေခဲ့တာလဲ "
ချန်ရှို့ယွင်က သူ့လက်ကို ကိုင်၍ ငိုကြွေးသည်။ " ရှိုးနန်။ ကျွန်မ ရှင့်ကို ထပ်မတွေ့ရတော့လုနီးပါးပဲ။ ကျွန်မ လမ်းမှာ လုယက်ခံခဲ့ရတယ်။ သူတို့က ကျွန်မကို မြစ်ထဲ ပစ်ချခဲ့ကြတယ်။ ကျွန်မ ပြန်မလာနိုင်တော့လုနီးပါးဖြစ် ..."
နေ့ခင်းကြောင်တောင် မိုးကြိုးပစ်ခတ်ခြင်းပင်။
ရှစ်ရှိုးနန်၏ မျက်လုံးများ ပြူးကျယ်သွားလေသည်။
" ဓားပြတွေ့ခဲ့တယ် ဟုတ်လား။ အ၀တ်အထည်တွေကရော။ အ၀တ်အထည်တွေအကုန်လုံး ယူသွားခံလိုက်ရတာလား "
ချန်ရှို့ယွင်သည် သူက အထည်များကိုသာ ဂရုစိုက်ပြီး သူမ၏ ကံဆိုးမိုးမှောင်ကြမှုကို လျစ်လျူနေသည်ကို မြင်လိုက်ရကာ သူမ၏နှလုံးသား ဆို့နစ်သွားလေသည်။ " အထည်တွေက လုယူခံလိုက်ရတယ်။ ဒါကြောင့် ကျွန်မ ရဲတွေကို အကြောင်းကြားထားခဲ့ပြိီးပြီ။ သူတို့က ဓားပြတိုက်သူတွေကို ဖမ်းဆီးနိုင်ဖို့ အကောင်းဆုံးကြိုးစားမယ်လို့ ပြောခဲ့တယ် "
ရှစ်ရှိုးနန်က သူမ၏လက်ကို ခါချကာ ပြောလိုက်သည်။ " အကောင်းဆုံးကြိုးစားမယ်တဲ့လား။ အဲဒါက အထည်တွေ ပြန်ရမယ်လို့ မဆိုလိုဘူးကွ။ မင်း ဘာတွေများလုပ်နေခဲ့တာလဲ။ ဘာလို့ ရထားနဲ့ပဲ ပြန်မလာခဲ့တာလဲ။ မင်းသာ ရထားနဲ့ပြန်လာခဲ့ရင် အထည်တွေက ဘယ်လိုလုပ် လုယက်ဓားပြတိုက်ခံရမှာလဲ "
ချန်ရှို့ယွင်၏ နှလုံးသားမှာ နောက်တစ်ကြိမ် ထိုးစိုက်ခံလိုက်ရလေသည်။ " ရှင် ကျွန်မကို အပြစ်တင်နေတာလား ။ ကျွန်မက အထည်တွေအများကြီးကို သယ်လာရတဲ့ မိန်းမသားတစ်ယောက်လေ။ ရထားနဲ့ပြန်လာဖို့ ရှင် ဘယ်လိုတောင် မေးနိုင်ရတာလဲ"
" မင်း ပြန်သယ်မလာနိုင်ရင် ဘာလို့ ငါ့ဆီ ဖုန်းမခေါ်ခဲ့တာလဲ။ တိုတိုပြောရရင် အားလုံး မင်းအမှားပဲ "
ယွမ်လေးထောင်သည် ဤကဲ့သို့ ပျောက်ကွယ်သွားသည်ကို သတိရလိုက်မိတဲ့အခါ ရှစ်ရှိုးနန်၏ နှလုံးသားမှာနာကျင်သွားရပြန်သည်။
သူက သူမကိုသာလျှင် အပြစ်တင်နေသည်ကို တွေ့သည့်အခါ ချန်ရှို့ယွင် ကျောချမ်းသွားလေသည်။ " ရှင်က အစကတည်းက ကျွန်မနဲ့မလိုက်ခဲ့တာလေ။ ဒီမှာ ဆိုင်ခန်းရှာဖို့ နေခဲ့မယ်လို့ ပြောခဲ့တာလေ။ ကျွန်မရှင့်ကို အတူလိုက်ဖို့ခေါ်ခဲ့ပေမဲ့ ရှင်က မလိုက်ခဲ့တာ။ အခု ကျွန်မကို အပြစ်တင်ဖို့ ရှင်မှာ အရည်အချင်းရှိလို့လား "
ရှစ်ရှိုးနန်သည် အလွန်ဒေါသထွက်သွားကာ သူမကို ပါးရိုက်လိုက်လေသည်။" မင်းအမှားမဟုတ်ရင် ငါ့အမှားလား။ ငါ့ပိုင်ဆိုင်မှုတွေအားလုံး မင်းကြောင့် ဆုံးရှုံးလိုက်ရပြီ။ မင်းက ငါ့ကိုတောင် အော်ရဲသေးတယ်လား "
ချန်ရှို့ယွင်သည် ပါးရိုက်ခံလိုက်ရကာ ရုတ်တရက် မျက်လုံးထဲ၌ ကြယ်များကို မြင်လိုက်ရသည်။ သူမ ဟန်ချက်ပျက်သွားပြီး သူမနောက်ရှိ ဗီရိုနှင့် ဆောင့်မိသွားသဖြင့် လက်ကောက်၀တ်သည်လည်း နာကျင်သွားတော့သည်။
သို့သော် သူမ စကားမဆိုခင်တွင် တံခါးဆီမှ ရှစ်ရှင်းရွေ့၏ငိုသံ ထွက်ပေါ်လာသည်။ " ဝူး..."
သူ့သမီး၏ ငိုသံကို ကြားလိုက်ဪသည့်အခါ ရှစ်ရှိုးနန်သည် အသိစိတ်တစ်ချို့ ပြန်၀င်သွားသည်။ " ဘာလို့ ငိုနေတာလဲ "
ရှစ်ရှင်းရွေ့က ငိုယိုရင်း ဦးရေပြားကို ကုတ်နေသည်။ " သမီး ခေါင်းမှာ သန်းတွေအများကြီး ရှိနေတယ်။ သမီးအတန်းဖော်တွေက သမီးနဲ့ မကစားကြတော့ဘူး။ သမီးကို သန်းတွေနဲ့ ကောင်မလေးဆိုပြီး လှောင်ရယ်ကြတယ်။ ဆရာမက သန်းတွေ ပျောက်တဲ့အထိ ကျောင်းမလာဖို့ ပြောလိုက်တယ် "
ရှစ်ရှင်းရွေ့သည် သူမ၏အဖေ သေဆုံးသွားသကဲ့သို့ ငိုယိုနေလေသည်။
ရှစ်ရှိုးနန်က လမ်းလျှောက်သွားပြီး သူ့သမီး၏ ဆံပင်များကို တစ်ချက် ကြည့်လိုက်ကာ ချက်ချင်းပင် လက်မောင်းများ၌ ကြက်သီးများထလာလေသည်။
ဆံပင်က သန်းဥများ၊သန်းများနှင့် ရှုပ်ထွေးနေပြီး လူများအား ခိုက်ခိုက်တုန်စေသည်။
သူက သူ့သမီး၏ ဦးခေါင်းကို အဝေးသို့ တွန်းပို့လိုက်ပြီး သူ၏လက်များကို သူမ ခန္ဓာကိုယ်နှင့် အားပါပါ သုတ်လိုက်သည်။
ရှစ်ရှင်းရွေ့သည် သူမ အဖေ၏ တွန်းထုတ်မှုကို ခံရပြီး မြေပေါ်သို့ လဲကျသွားကာ ပို၍ပင် ကျယ်လောင်စွာ ငိုယိုတော့သည်။
ရှစ်ရှိုးနန်က ချန်ရှို့ယွင်အား လှည့်ကြည့်ကာ အော်သည်။ " မင်းက အဲဒီမှာ ဘာလို့ မတ်တပ်ရပ်နေသေးတာလဲ။ မင်းက ရှောင်ရွေ့ကို လျစ်လျူရှုထားခဲ့လို့ ရှေုာင်ရွေ့ခေါင်းက သန်းတွေက ဒီလိုဖြစ်နေတာ။ သူမမှာ ဒီလောက်ထိ သန်းအများကြီးရှိနေတာတောင် မင်း သတိမထားမိဘူး။ မင်းက ဘယ်လိုအမေမျိူးလဲ "
ချန်ရှို့ယွင်သည် အလွန်ဒေါသထွက်သွားပြီး နေရာတင်ပင် သွေးတစ်ဗွက် အန်ထွက်လုနီးဖြစ်နေသည်။ " ကျွန်မက နေ့တိုင်း အထည်တွေရောင်းရတယ်။ရှန်းကျန့်ကို သွားပြီး အထည်တွေ၀ယ်ရတယ်။ ရှောင်ရွေ့ကို ဂရုစိုက်ဖို့ ကျွန်မ မှာ အချိန်ရှိမနေဘူးလေ။ ရှင်က အိမ်မှာနေ နေတာတောင်မှ သတိမပြုခဲ့ဘူး။ ကလေးဖို့ ရှင့်မှာလဲ တာ၀န်ရှိတယ်လို့မထင်ဘူးလား။ ဘာလို့ အကုန်လုံးကို ကျွန်မအပေါ် ပုံချနေရတာလဲ "
ထို့ကြောင့် ၎င်းတို့နှစ်ယောက်သည် အငြင်းပွားမှုတစ်ဖန် စတင်ခဲ့ကြပြီး ရန်ဖြစ်ခြင်းဖြင့် အဆုံးသတ်ခဲ့ကြသည်။
ချန်ရှို့ယွင်သည် နှာခေါင်းသွေးယိုကာ မျက်နှာဖူးရောင်သည်အထိ ရှစ်ရှိုးနန် ၏ ရိုက်နှက်ခြင်းကို ခံရသည်။ ရှစ်ရှိုးနန်သည်လည်း လက်မောင်းတွင် မီးဖိုချောင်သုံးဓားဖြင့် ချန်ရှို့ယွင်၏ တိုက်ခိုက်ခြင်းကို ခံရကာ သွေးများ စိမ့်ထွက်လာလေသည်။
ရှစ်ရှင်းရွေ့သည် အလွန်ထိတ်လန့်ကြောက်ရွံ့နေသဖြင့် ကျယ်ကျယ်လောင်လောင် အော်ဟစ်ကာ ငိုနေသည်။
ထိုသည်များကို သိသည့်အခါ အိမ်နီးချင်းသည် ရန်ပွဲအား ရပ်တန့်ရန် လာရောက်ခဲ့ကြပြီး စုံတွဲသည် နောက်ဆုံး၌ ယာယီပြေငြိမ်းလိုက်ကြသည်။
ချန်ရှို့ယွင်နှင့် ရှစ်ရှိုးနန်တို့၏ အငြင်းပွားမှုမှာ ထုံရွှယ်လူခန့်မှန်းခဲ့သည့်အတိုင်း ဖြစ်ပေသည်။
🍵
ရာသီဥတုက တစ်နေ့ထက် တစ်နေ့ ပို၍ အေးလာခဲ့ပြီး " လူဝေ့ကျိုက်"၏ အထိပ်အထွတ်ကာလသို့ ရောက်ရှိနေလေသည်။
စားသောက်ဆိုင်အသစ်ဖွင့်ရန် အစီအစဉ်မှာ ထုံရွှယ်လူကြောင့် ထပ်မံ ရွှေ့ဆိုင်းရပြန်သည်။ သူမသည် ဆိုင်မဖွင့်မီတွင် ချန်ရှို့ယွင်နှင့် ရှစ်ရှိုးနန်တို့အား ဦးဆုံးဖြေရှင်းရန် စီစဉ်ထားသည်။ ထိုသို့မဟုတ်လျှင် ထိုနှစ်ယောက်သည် စားသောက်ဆိုင်သို့ လာရောက်ကာ ပြဿနာများ ရှာကြလိမ့်မည်။
အလုပ်ခန့်အပ်ခဲ့သည့် ငါးယာက်ထဲမှ သုံးယောက်သည် ထပ်မံမစောင့်ဆိုင်းနိုင်တော့ဟုဆိုကာ နှုတ်ထွက်တော့မည်ဟု ဆိုလာကြသည်။ ထုံရွှယ်လူက သူတို့အား ဆက်၍ ခေါ်မထားဘဲ ဤကာလအတွင်း ၎င်းတို့၏ လုပ်အားခများကို ပေးကာ ထွက်ခွင့်ပြုလိုက်သည်။
တန့်ဟုန်နှင့် အခြားစားဖိုမှူးနှစ်ယောက်အပါအ၀င် အခြားသူအများအပြားမှာ သူတို့ကမူ ဆက်လက်စောင့်ဆိုင်းနိုင်သည်ဟူ၍ ပြောကြသည်။
ထုံရွှယ်လူက စားသောက်ဆိုင်အား တစ်လ နောက်အကျဆုံးထားကာ ဖွင့်လှစ်မည်ဟု ကတိပေးလိုက်သည်။