🍵Chapter 332
လူဝေ့ကျိုက်နှင့် ပက်သက်သည့် ကိစ္စရပ်များအား ဖြေရှင်းပြီးနောက် ၀မ်ရူကွေ့အား ရှာရန် ကားဖြင့် အခြေစိုက်စခန်းသို့ သွားလိုက်သည်။
သူ၏ စိတ်ကစဉ့်ကလျားရောဂါကို တွေ့ရှိခဲ့သည့် ထိုညမှစတင်၍ ဤရက်ပိုင်း၌ သူမသည် ကောင်းကောင်းမွန်မွန် မစားနိုင်၊မအိပ်နိုင်ဖြစ်နေသည်။ သူမက သူနှင့် ပိုမိုအချိန်ကုန်ဆုံးခြင်းသည် သူ၏အခြေအနေကို တည်ငြိမ်စေလိမ့်မည်ဟု ထင်မြင်ခဲ့သည်။
၀မ်ရူကွေ့သည် သူမ အခြေစိုက်စခန်းသို့ ရောက်လာသည့်အခါ အလွန်အံ့ဩသွားလေသည်။ သူက သူမကို ထောက်ကူပြီး ပြောသည်။ " မင်းလာမယ်လို့ ကိုယ့်ကို ဘာလို့ ကြိုမပြောတာလဲ။ ကိုယ် မင်းကို လာကြိုမှာပေါ့ "
ထုံရွှယ်လူက သူ၏ မျက်နှာအမူအရာကို အကဲခတ်လိုက်သည်။
" ကျွန်မ ရှင် အရမ်းအလုပ်ရှုပ်နေတာကို သိတယ်။ ဒါကြောင့် ရှင့်ကို မပြောခဲ့တာ။ ပြီးတော့ ရှင့်ကို စပရိုက်ဖြစ်စေချင်လို့။ ကျွန်မကို တွေ့ရတာ ရှင် မပျော်ဘူးလား "
၀မ်ရူကွေ့က သူမ၏လက်လေးကို ကိုင်လိုက်ပြီး ချစ်ခြင်းများဖြင့် ပြည့်နက်နေသည့် မျက်၀န်းများဖြင့် " ပျော်တယ်။ မင်းကိုတွေ့ရတာ ပျော်တယ် "
ထုံရွှယ်လူက သူ၏လက်ဖဝါးနှင့် သူမ၏လက်ချောင်းများကို ချိတ်ဆက်လိုက်ပြီး မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။ " ရှင် မှန်မှန်ကန်ကန် ဖြေရင် ရှင့်ကို ပြင်သစ်အနမ်းဆုချမယ် "
၀မ်ရူကွေ့၏ လက်ဖဝါးများ ယားယံသွားပြီး သူ၏နှလုံးသားသည်လည်း ထိုနည်းလည်းကောင်း ဖြစ်သည်။ " ပြင်သစ်အနမ်းကဘာလဲ "
ထုံရွှယ်လူ၏ နှုတ်ခမ်းရဲရဲများ အထက်သို့ ကော့တက်သွားသည်။ " နောက်ကျ ရှင် သိပါလိမ့်မယ် "
၀မ်ရူကွေ့သည် သူမ၏ နှုတ်ခမ်းရဲရဲများကို ကြည့်ရင်း သူ့နှလုံးသားက မိုးကြိုးများကဲ့သို့ မြည်နေကာ ပြင်သစ်အနမ်းက မည်သည်ဖြစ်သည်ကို သိရှိရန် သူမအား ချက်ချင်းပင် အဆောင်ထဲသို့ ဆွဲသွင်းလိုသည်။
သူသည် ပြင်သစ်အနမ်းက မည်သည်ဖြစ်သည်ကို မသိသော်လည်း " အနမ်း"ဟူသော စကားလုံးကို ကြားလိုက်ရသည့်အခါ ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးများက မျက်နှာဆီသို့ တက်လာကာ နားရွက်ထိပ်များက ချက်ချင်း အနီရောင်သို့ ပြောင်းလဲသွားသည်။
သူ့ကိုယ်သူ လူဆိုးလူမိုက်အဖြစ် ထင်မြင်ခြင်းမှ ရှောင်ရှားရန် စကားခေါင်းစဉ်ကို ပြောင်းလဲကာမေးလိုက်သည်။ " မင်း ပြီးခဲ့တဲ့နှစ်ရက်မှာ မနက်ခင်းပျို့အန်တာတွေ ခံစားရသေးလား "
ထုံရွှယ်လူက ပြောလာသည်။" အဘွားရှန်က အဲဒါကိုကုသဖို့ ကျွန်မကို ဟင်းချက်နည်းတစ်ခုပေးခဲ့တယ်။ အဲဒါကိုစားပြီးတော့ မနက်ခင်းပျို့အန်တာတွေ မခံစားရတော့ဘူး ။ ကြည့် ကျွန်မ ဗိုက်က ပိုပြီးဖောင်းလာတယ် "
ထိုသည်ကို ကြသည့်အခါ ၀မ်ရူကွေ့စ မျက်လုံးများက သူမ ၀မ်းဗိုက်ပေါ်သို့ ကျရောက်သွားကာ အနည်းငယ် ဖောင်းလာသည်ကို တွေ့လိုက်ရသည်။
ထိုအနည်းမျှ ဖောင်းလာမှုသည် သူမ၏ ယခင် အလွန်ပြားချပ်သော ၀မ်းဗိုက်နှင့် နှိုင်းယှဉ်ပါက သိသာပေသည်။
ထုံရွှယ်လူသည် သူမ၏ ၀မ်းဗိုက်ကို ထိပြီးနောက် ပြောသည်။ "အဘွားရှန်ဗိုက်က တချို့လက္ခဏာတွေပြလာဖို့ ပုံမှန်ဆို သုံးလကျော်ကြာတယ်ပြောတယ်။ တချို့သူတွေဆို လေး၊ငါးလအထိတောင်ကြာတတ်တယ်တဲ့။ ကျွန်မ ဗိုက်က လွန်ခဲ့တဲ့ သုံးလလောက်ကတည်းက ထွက်လာခဲ့တာ။ အဘွားရှန်က ဒါက အမွှာကိုယ်၀န်ဖြစ်နိုင်တယ်လို့ ပြောခဲ့တယ် "
၀မ်ရူကွေ့ ထိတ်လန့်သွားလေသည်။ " အမွှာတွေလား "
ထုံရွှယ်လူက သူ့အား ကြည့်လိုက်သည်။ " အင်း မနေ့က အဘွားရှန်က ကျွန်မကို ဘီ-အာထရာစောင်းရိုက်ဖို့ အဖော်လိုက်ပေးခဲ့တယ်။ ဆရာ၀န်က သန္ဓေသားနှစ်ခု တကယ် တွေ့ရှိခဲ့ပြီး အမွှာကိုယ်၀န်ဆောင်ထားရတယ်ဆိုတာကို အတည်ပြုပေးခဲ့တယ် "
၀မ်ရူကွေ့မှာ ထိတ်လန့်သွားခဲ့သည်။ ထို့နောက် သူ၏ အသိစိတ်များ ပြန်လည်ရောက်ရှိလာကာ ပီတိဖြစ်လေသည်။
သူက ပိုင်မုန့်ကြီးတစ်ခု ကောင်းကင်ပေါ်မှ ပြုတ်ကျလာကာ သူ့အား ထိမှန်သကဲ့သို့ ခံစားလိုက်ရသည်။
သူသည် လက်ထပ်ပြီးနောက် တစ်လခန့်တွင် ဖခင်တစ်ယောက်ဖြစ်လိမ့်မည်ဟု မျှော်လင့်ခဲ့ခြင်းမရှိခဲ့သော်လည်း ယခုမူ တစ်ကြိမ်တည်းနှင့် ကလေးနှစ်ယောက်ရရှိသွားပြန်သည်။
အကယ်၍ ကျိုးရန်သာ သိရှိသွားလျှင် မည်မျှ မနာလိုဖြစ်လိမ့်မည်နည်း ။
" ရှင် ဘာလို့ မပျော်တာလဲ "
၀မ်ရူကွေ့သည် အသိစိတ်များ ပြန်၀င်လာပြီး လျင်မြန်စွာ ခေါင်းညိတ်သည်။" ကိုယ်အရမ်းပျော်တယ်။ ကျေးဇူးတင်ပါတယ် ရွှယ်လူ "
သူမကြောင့်သာ မဟုတ်လျှင် သူသည် ယောင်္ကျားလေးနှင့် မိန်းကလေးကြားရှိ ချစ်ခြင်းတရားကို ခံစားနိုင်မည်မဟုတ်ပေ။ သူမကြောင့်သာ မဟုတ်လျှင် သူ့တစ်ဘ၀လုံး ဖခင်ဖြစ်မည့်အခွင့်အရေးတစ်ခု ရရှိမည်မဟုတ်ချေ။
သူမသည် သူ၏ ကွန်းခိုရာဖြစ်ပေသည်။
၀မ်ရူကွေ့သည် သူတို့နှစ်ယောက်၏ လက်များကို ဖျစ်ညစ်လိုက်ပြီး နွေးထွေးသည့် စီးကြောင်းတစ်ခုက သူ့နှလုံးသားအား ဖြတ်သန်းသွားလေသည်။
" ဒါပေမဲ့ ကိုယ့်ကို ဘာလို့ မနေ့က မပြောခဲ့တာလဲ "
သူ၏အသံသည် မကျေမနပ်ဖြစ်ဖြစ်မှုနှင့် နောင်တတရားများပါ၀င်နေပြီး သူမအား ကူကယ်ရာမဲ့စွာ ကြည့်နေကာ သနားဖွယ်ကောင်းသည့် ပါပီလေးတစ်ကောင်ကဲ့သို့ ဖြစ်နေပေသည်။
ထုံရွှယ်လူက ရပ်တန့်လိုက်ပြီး ဘေးပတ်၀န်းကျင်၌ မည်သူမျှ မရှိသည်ကို မြင်သည့်အခါ ခြေဖျားထောက်၍ သူ၏မျက်နှာအား အနမ်းပေးလိုက်သည်။ " ကျွန်မ ရှင့်ကို အံ့ဩစေချင်လို့ပါ။ စိတ်မဆိုးပါနဲ့နော် "
ထိုကိစ္စသည် မသေချာသည့် အရာတစ်ခုဖြစ်ပြီး သူက ဓာတ်ခွဲခန်း၌ အလွန်အလုပ်ရှုပ်နေခဲ့သဖြင့် ဆေးရုံသို့ အာထရာစောင်းရိုက်ရန် သူ့အား ခေါ်ရမည်က မလိုအပ်ဘဲ ရေးကြီးခွင်ကျယ်လုပ်သကဲ့သို့ ဖြစ်ပေလိမ့်မည်။
အဓိကမှာ သူမ အမွှာကိုယ်၀န်ရလိမ့်မည်ဟု မည်သည့်အချိန်ကမှ မတွေးခဲ့ဖူးသောကြောင့် ဖြစ်သည်။
ထိုနူးညံ့သည့် အနမ်းလေးဖြင့် ၀မ်ရူကွေ့၏စိတ်ထဲမှ ၀မ်းနည်းမှုမှာ ချက်ချင်း ပျောက်ကွယ်သွားလေသည်။
အနီးအနား၌ မည်သူတစ်ဦးတစ်ယောက်မှ မရှိသည်ကို မြင်သည့်အခါ သူ၏ လက်မောင်းများကို သူမ၏ခါး ပေါ်သို့ တင်လိုက်ကာ နှုတ်ခမ်းများကို နမ်းလိုက်သည်။
" ကိုယ် ဒေါသမထွက်ပါဘူး။ ကိုယ် အရမ်းပျော်ရွှင်နေပါတယ် "
နှစ်ယောက်သည် မခွဲခွာခင် အချိန်အတော်ကြာ နမ်းရှိုက်နေခဲ့ကြသည်။
အပြင်ဘက်၌ နမ်းရှိုက်ခြင်းသည် ၀မ်ရူကွေ့အတွက် အရင်က မရှိခဲ့ဖူးသည့် အတွေ့အကြုံ အသစ်တစ်ခုဖြစ်ပြီး သူ့မျက်နှာပေါ်ရှိ အပူများမှာ အတန်ကြာသည်အထိ လျော့ကျမသွားခဲ့ပေ။
ထုံရွှယ်လူသည် ကိုယ်၀န်ရှိသဖြင့် ၀မ်ရူကွေ့က သူမအား ဟင်းချက်ခွင့်ပြုရန် တွန့်ဆုတ်နေခဲ့ကာ စားသောက်ရန် ကန်တင်းသို့သာ သွားလိုက်ကြသည်။
ကျိုးရန်နှင့် ဟွမ်ချီမင်တို့သည်လည်း မီးလုံးများအဖြစ် ကန်တင်းသို့ လာရောက်ကြသည်။
[T/N - မီးလုံးက third wheelပါ]
၀မ်ရူကွေ့က မစားသောက်ဘဲ ထုံရွှယ်လူအတွက်သာ ဟင်းများထည့်ပေးနေလေသည်။" ဒီတို့ဟူးကြော်အရသာက တကယ်စားကောင်းတယ်။ မြည်းကြည့် "
ထုံရွှယ်လူက တို့ဟူးကြော်တစ်ခုအား ညှပ်ယူကာ သူမပါးစပ်ထဲသို့ ထည့်လိုက်သည်။ " အဲဒါက ပါးစပ်ထဲမှာ ပျော်၀င်သွားတယ်။ အရသာ တကယ်ကောင်းတာပဲ "
ထို့နောက်တွင် ၀မ်ရူကွေ့က သူမအား နံရိုးသားတစ်ခု ထည့်ပေးသည်။" ၀က်နံရိုးတွေက ပေါင်းထားလို့ အရမ်းနူးညံ့ပြီး အရသာရှိတယ်"
ထုံရွှယ်လူက တစ်ခုယူလိုက်ပြီး ပြုံးကာ စားလိုက်ရင် လေါင်းညိတ်သည်။ " တကယ်အရသာရှိတယ်။ ဒါပေမဲ့ ကျွန်မအတွက်ချည်းပဲ ထည့်မပေးပါနဲ့။ ရှင်လည်း မြန်မြန်စားသင့်တယ် "
ထိုသို့ပြောပြီးနောက် သူမက အသားကြော်တစ်ခုအား ၀မ်ရူကွေ့အား ပေးလိုက်သည်။ ၀မ်ရူကွေ့သည် သူမအား နူးညံ့သည့် မျက်၀န်းများဖြင့် ကြည့်လိုက်ပြီး သူမတို့နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် ပြုံးပြလိုက်ကြသည်။
ကျိုးရန် : "....."
ဟွမ်ချီမင် : "....."
ဒီလိုဖြစ်မယ်မှန်းသိရင် မလာခဲ့ပါဘူးကွာ။ အခုတော့ သူတို့ အချစ်တွေကို ကြွားဝါနေတဲ့ဟာကို ထိုင်ကြည့်ရင်း ခွေးစားကျွေးခံနေရတယ်။
ဟွမ်ချီမင်က သူ၏မျက်လုံးများကို လှန်လိုက်ပြီးနောက် ပြောလာသည်။ " ငါ့ဇနီးက နှစ်လနေရင် မွေးတော့မယ်။ မင်းတို့ရဲ့ ဇနီးနှစ်ယောက်လုံးက ကိုယ်၀န်ရှိနေကြပေမဲ့ မင်းတို့ ငါ့ကို မမှီဘူး ။ ငါက ကလေးနှစ်ယောက်ရဲ့ အဖေ လေ "
ကျိုးရန်က သူ ကြွားဝါနေသည်ကို ကြည့်လိုက်ပြီးနောက် မျက်လုံးများကို မလှန်ကြည့်ဘဲ မနေနိုင်ချေ။
ထိုအချိန်၌ ၀မ်ရူကွေ့သည် ၎င်း၏ တူများကို ချလိုက်ပြီးနောက် ပြောလာသည်။ " ရွှယ်လူက အမွှာလေးတွေကို ကိုယ်၀န်ဆောင်ထားရတယ်။ ငါက တစ်ကြိမ်တည်းနဲ့ ကလေးနှစ်ယောက်ရသွားပြီ "
တစ်နည်းအားဖြင့် က မင်းရဲ့ မိန်းမက ကလေးနှစ်ယောက်ရဖို့ ကိုယ်၀န်နှစ်ခါဆောင်ခဲ့ရတယ်။ ငါ့မိန်းမက တစ်ကြိမ်တည်းနဲ့ ကလေးနှစ်ယောက်ရတယ်။
ငါနိုင်တယ်။
ကျိုးရန်နှင့် ဟွမ်ချီမင်တို့ နှစ်ယောက်လုံး အံ့ဩသွားကြသည်။ " အမွှာတွေ ဟုတ်လား "
၀မ်ရူကွေ့က တည်ငြိမ်စွာ ပြောသည်။ " အင်း ငါတို့မနေ့က ကျန်းမာရေးစစ်ဆေးဖို့ ဆေးရုံသွားခဲ့တာ ဆရာ၀န်က အတည်ပြုပေးခဲ့ပြီးပြီ "
ကျိုးရန်နှင့် ဟွမ်ချီမင်တို့ ရုတ်တရက် အချဉ်ပေါက်သွားကြလေသည်။
၀မ်ရူကွေ့၏ ကံက အလွန်ကောင်းလွန်းမနေပေဘူးလား။
လက်ထပ်ပြီး တစ်လမရှိသေးခင်မှာ မိန်းမက အမွှာကိုယ်၀န်ရှိသွားသည်။
သူတို့ ရှုံးနိမ့်သွားခဲ့၏။
ထုံရွှယ်လူသည် ၀မ်ရူကွေ့တစ်ယောက် သိသိသာသာ ကြွားဝါနေသည်ကို မြင်သည့်အခါ သူမ၏နှုတ်ခမ်းများကို မကွေးညွှတ်ဘဲ မနေနိုင်သော်လည်း တည်ငြိမ်နေသယောင် ဟန်ဆောင်ရန် အတတ်နိုင်ဆုံး ကြိုးစားလိုက်သည်။
နှစ်ပေါင်းများစွာ ယခုကဲ့သို့ လှပနေရန်သာ သူမ ဆုတောင်းမိသည်။
ကျိုးရန်သည် ဤနေ့လည်စာ၌ ဗိုက်အပြည့် ခွေးစာများ ကျွေးခံလိုက်ရသည်သာမက သူကား အောက်ဆုံး၌ ထပ်မံ ရောက်ရှိနေသည်ကိုလည်း သဘောပေါက်သွားခဲ့သည်။
၀မ်ရူကွေ့သည် တစ်ကြိမ်တည်းဖြင့် ကြက်ဥအဆံနှစ်ခု ရရှိခဲ့သည်။ ဟွမ်ချီမင်တွင် ကလေးနှစ်ယောက်ရှိပြီး သူသည်သာ တစ်ယောက်တည်းဖြစ်လေသည်။
ထိုအကြောင်း တွေးတောခြင်းက သူ့အား ၀မ်းနည်းစေသည်။
၎င်းတို့နှစ်ယောက်နှင့် လမ်းခွဲပြီးသည့်နောက် အိမ်သို့ တိတ်တဆိတ်ဖုန်းခေါ်ဆိုရန် ပြေးသွားခဲ့ပြီး သူ့ဇနီးမှာ ဗိုက်ထဲတွင် အမွှာလေးရှိသလားဟု မေးမြန်းလိုက်သည်။
၀မ်ရှောင်းယွင်သည် ပါးစပ်ဖွင့်လိုက်သည်နှင့် အော်ငေါက်လေတော့သည်။ " ကျွန်မ ကလေးတစ်ယောက်ရဖို့ အရမ်းကြိုးစားခဲ့ရတာ။ မတ်တပ်ရပ်ရင်တောင် ကျောတွေနာနေတယ်။ ရှင် ကျွန်မကို ခြေကုန်လက်ပန်းကျစေချင်တာလား "
" မဟုတ်ဘူး ။ မိန်းမ ကိုယ်က ..."
" ဂွက် "
၀မ်ရှောင်းယွင်သည် သူ၏ ရှင်းပြချက်ကို လုံးလုံးနားမထောင်သည့်အပြင် စကားတစ်ခွန်းမျှပင် မပြောဘဲ ဖုန်းချလိုက်လေသည်။
ကျိုးရန်သည် ဖုန်း၏တစ်ဖက်မှ "တီ" ဟူသော အသံမြည်နေသည်ကို နားထောင်ရင်း စိတ်ထဲ၌ အေးစက်မှု ခံစားလိုက်ရသည်။
ရှောင်းယွင်သည် အလွန်နူးညံ့သိမ့်မွေ့ခဲ့သော်လည်း ကိုယ်၀န်ဆောင်သည့်အချိန်၌ အဘယ့်ကြောင့် အပေါက်ဆိုးသည့် အမျိုးသမီးတစ်ယောက် ဖြစ်လာခဲ့သနည်း။
သို့သော် သူမ မည်မျှပင် ကြမ်းတမ်းကာ အပေါ်စီးဖြင့် ပြောဆိုဆက်ဆံစေကာမူ သူမအား အလိုလိုက်ရန်မှတစ်ပါး သူ လုပ်နိုင်သည့် အခြားအရာမရှိချေ။
ထုံရွှယ်လူနှင့် ၀မ်ရူကွေ့တို့သည် စားသောက်ပြီးသည့်အခါ အခြေစိုက်စခန်း၌ လက်တွဲ၍ လမ်းလျှောက်နေကြသည်။
နေဝင်ချိန်သည် ဆိုးဆေးပုံးတစ်ပုံးအား မှောက်ချလိုက်သကဲ့သို့ အနောက်ဘက်တွင် ကောင်းကင်ကို အနီရောင်ဆိုးထားသည်။ မီးခိုးရောင်တိမ်တိုက်အစုအဝေးများမှာ အံ့မခန်းဖြစ်ကာ အလွန်လှပနေသည်။
ညနေလေညင်းတိုက်ခတ်နေသဖြင့် ၀မ်ရူကွေ့သည် ၎င်း၏ အပေါ်အင်္ကျီကိုချွတ်ကာ သူမကိုယ်ပေါ် တင်ပေးလိုက်၏။ သူက သူမ၏လက်ကို ကိုင်လိုက်ပြီး " အေး နေလား ၊ ပြန်ချင်ပြီလား "
အ၀တ်အစားများက သူမ ပတ်ဝန်းကျင်တွင် ၀န်းရံနေသည့် သစ်ပင်နံ့ သင်းသင်းလေးနှင့်အတူ သူ၏နွေးထွေးမှုနှင့် ကိုယ်သင်းနံ့ကို သယ်ဆောင်ထားသည်။
ထုံရွှယ်လူက သူမခေါင်းကို ခါလိုက်ပြီး ခေါင်းစောင်းကာ သူ့အား ချိုမြိန်စွာပြုံး၍ကြည့်လိုက်သည်။ " အ၀တ်အစားတွေမှာ ရှင့်ရဲ့ ခန္ဓာကိုယ်က အနွေးဓာတ်တွေရှိနေတာမို့ မအေးပါဘူး "
ထိုစကားလုံးများက ချိုမြိန်ကာ မရှင်းမလင်းဖြစ်နေပြီး ၀မ်ရူကွေ့၏ နားရွက်ထိပ်ဖျားက အနည်းငယ် အနီရောင်သန်းသွားလေသည်။
" ဒါနဲ့စကားမစပ် ရှင့်သူငယ်ချင်း ရှောင်ရွှိ အခုတလော ရှင့်ဆီကို လာသေးလား "
" မလာဘူး။ ကိုယ် အခုတလော အရမ်းအလုပ်ရှုပ်နေတာမို့ သူလာမယ်ဆိုရင်တောင် သူ့ကို တွေ့ဖို့ အချိန်မရှိဘူး "
၀မ်ရူကွေ့သည် သူမ၏ ခါးကိုထိရင်း ဂရုတစိုက်ဖြေလာသည်။ " မင်းကိုယ့်ကို တီထွင်ခိုင်းတဲ့ လျှပ်စစ်မီးဖိုအကြောင်း ကိုယ့်မှာ အချက်အလက်အနည်းငယ်ပဲရှိတယ်။ စခန်းက အလုပ်တွေ မပြီးဆုံးသေးသရွေ့ ကိုယ် စလုပ်လို့ရမှာမဟုတ်ဘူး။ မင်းအလုပ်ကို နှောင့်နှေးနေမိလို့ ကိုယ်တောင်းပန်ပါတယ် "
ထုံရွှယ်လူက ရပ်တန့်သွားကာ သူမလက်အား မြှောက်ပင့်လိုက်ပြီး သူ၏လက်မောင်းကို အားဖြင့် ဆွဲဆိတ်သည်။
၀မ်ရူကွေ့သည် အသက်ပြင်းပြင်း တစ်ချက်ရှုလိုက်သော်လည်း ခုခံမလာချေ။
သူက သူမအား ဇဝေဇဝါဖြစ်ကာ သောကရောက်နေသည့် အရိပ်အမြွက်ဖြင့် ကြည့်လိုက်သည်။ " ကိုယ် တောင်းပန်ပါတယ်။ မင်း အဲဒီအရာတီထွင်ဖို့အတွက် ကိုယ် ဒီည အချိန်ပိုဆင်းပါ့မယ် "
ထိုစကားကိုကြားသည့်အလါ ထုံရွှယ်လူက သူ့လက်မောင်းအား ယခင်ထက် ပိုသည့်အားဖြင့် ထပ်မံဖိညှပ်လိုက်သည်။
၀မ်ရူကွေ့သည် ဤအခိုက်အတန့်၌ သူမသည် သူ ထိုမီးဖိုအား တီထွင်ပေးရန် အချိန်မရှိခြင်းကြောင့် ဒေါသထွက်နေသည်မဟုတ်မှန်း သဘောပေါက်သွားသည်။
" ဒေါသမထွက်ပါနဲ့။ မင်း သက်သောင့်သက်သာရှိတယ်လို့ မခံစားရရင် ကိုယ့်ကို နောက်ထပ် ဆွဲဆိတ်လဲ ရပါတယ် " ထုံရွှယ်လူသည် သူ၏ နူးညံ့မှုကြောင့် ရိုးရှင်းစွာ စိတ်ထဲထိသွားသည်။
သူမ၏ဒေါသထွက်မှုမှာ ရှုံးနိမ့်သွားလေသည်။ " ကျွန်မက ရှင် ကျွန်မကို ကူညီဖို့ အချိန်မရှိလို့ ဆွဲဆိတ်နေတာမဟုတ်ဘူး။ အမြဲတမ်း ကျွန်မကို တောင်းပန်ပါတယ်လို့ ပြောနေတာကို ကျွန်မ မကြိုက်ဘူး "
" ကျွန်မတို့က ခင်ပွန်းနဲ့ဇနီးတွေလေ။ ကျွန်မတို့က ဒီကမ္ဘာပေါ် အရင်းနှီးဆုံးလူတွေ။ ရှင် ကျွန်မကို ကိစ္စသေးသေးလေးလေးတွေကြောင့် တောင်းပန်ဖို့ မလိုအပ်ပါဘူး "
ထိခိုက်လွယ်သည့်လူများသည် အခြားသူများအကြောင်း အလွန်တွေးတတ်ကြပြီး အလွန်ပင်ပန်းစွာ အသက်ရှင်နေထိုင်ရင်း စိတ်ကျရောဂါဖြစ်ကြသည်။
ဤသည်က ထုံရွှယ်လူ ပြင်ဆင်ပေးလိုသည့်အရာပင်။ တစ်နည်းအားဖြင့် သူ၏ ပြဿနာအား ဖြေရှင်းရမည့် နည်းလမ်းပင်။
" ကောင်းပြီ။ ကိုယ် အခုက စပြီး မတောင်းပန်တော့ပါဘူး။ ကိုယ် မင်းစကားကို နားထောင်မယ် "
သူက ထိုစကားကို အလွန်နာခံစွာ ပြောလာပြီး အရာအားလုံးက သူမစိတ်တိုင်းကျဖြစ်နေသဖြင့် ထုံရွှယ်လူ၏ နှလုံးသားကို ပျော့ပြောင်းသွားစေသည်။
သူမက သူ၏လက်မောင်းကို ပွတ်သပ်ကာ မေးလိုက်သည်။ " နာသွားလား "