အပိုင်း၃၃၄
Viewers 67k

🍵Chapter 334




ချန်ရှို့ယွင်သည်လည်း သန်းများ ကူးဆက်ခံခဲ့ရသောကြောင့် ဆံပင် အတိုညှပ်ပစ်လိုက်ရသည်။ သူမမှာ အကုန်ရိတ်ပစ်ရန် သတ္တိမရှိသောကြောင့် ဆံပင်တိုပုံစံကိုသာ ညှပ်လိုက်သည်။


သူမ၏ မျက်နှာပုံစံသည် ဆံပင်ရှည်နှင့် ပို၍ သင့်တော်ပြီး ယခု ဆံပင်အတို ညှပ်လိုက်သည့်အခါ မလိုက်ဖက်တော့ချေ။ ထို့အပြင် သူမသည် မကြာသေးခင်က အလွန်ပိန်လာခဲ့ပြီး ပါးများချိုင့်၀င်ကာ ဆံပင်ဖြူများလည်း အများအပြားရှိနေသည်။ မှန်ထဲမှ အမျိုးသမီးသည် အသက်ငါးဆယ်၊ခြောက်ဆယ်အရွယ် အဘွားကြီးကဲ့သို့ ဖြစ်နေပေသည်။


ချန်ရှို့ယွင်သည် မှန်ထဲမှ သူမကို မြင်လိုက်သည့်အခါ ထိတ်လန့်သွားခဲ့ပြီး မယုံကြည်မှုဖြင့် မျက်လုံးများ ပြူးကျယ်သွားသည်။


သူမက သူမမျက်နှာကို ထိလိုက်သည်။ အရေးအကြောင်းများစွာရှိနေပြီး အလွန်ဝါညစ်ကာ ကြမ်းတမ်းနေပြီး သူမကိုယ်သူမ မှတ်မိရန်ပင် ခက်ခဲသည်။


မည်သည့်အချိန်မှစ၍ သူမ ဤကဲ့သို့ ဖြစ်လာခဲ့သနည်း။


သူမ မလှုပ်ရှားသည့်ကို မြင်သော် ဆံပင်ညှပ်ဆိုင်မှ ဆံသဆရာက ခက်ထန်သည့်လေသံဖြင့် ပြောသည်။ " အားလုံးပေါင်း တစ်ယွမ်ကျတယ် "


ချန်ရှို့ယွင်သည် မိမိကိုယ်ကို သနားနေရာမှ သတိပြန်၀င်ကာ မျက်မှောင်ကြုတ်လိုက်သည်။ " ဘာလို့အရမ်းဈေးကြီးတာလဲ။ ကလေးတွေအတွက် သုံးဆင့်နဲ့ လူကြီးတွေအတွက် လေးဆင့် မဟုတ်ဘူးလား "


ဆံသဆရာက ပြောသည်။ " အဲဒါတွေက မနှစ်က ဈေးနှုန်းတွေ။ ဒီ‌နှစ်က ဈေးတက်သွားပြီ။ လူကြီးတွေဖို့ ခြောက်ဆယ်ဆင့်နဲ့ ကလေးတွေဖို့ လေးဆယ်ဆင့် "


ချန်ရှို့ယွင်သည် ရုတ်တရက် နာကျင်မှုခံစားလိုက်ရပြီး သူမ ပိုက်ဆံအိတ်ထဲမှာ 

တစ်ဆင့်တန်အကြွေစေ့၊ နှစ်ဆင့်တန်အကြွေစေ့၊ ဆယ်ဆင့်တန် အကြွေစေ့နှင့် ဆင့်နှစ်ဆယ်တန်အကြွေစေ့တို့ကို ထုတ်ယူလိုက်ပြီးနောက် သုံးဆင့်လိုနေသေးပေသည်။


ဆံသဆရာက သူ၏လက်ကို ဝေ့ယမ်းလိုက်သည်။ " ထားလိုက်တော့ ။ ခင်များရဲ့ သုံးဆင့်ကို မယူတော့ဘူး "


ထိုသို့ဖြစ်သော်လည်း ချန်ရှို့ယွင်က ကျေးဇူးမတင်ဘဲ အလွန်အမင်း ရှက်သွားလေသည်။


သူမသည် တစ်ချိန်က ချန်မိသားစု၏ အလိုလိုက်ခံရ‌ဆုံး ၊ ချစ်သည်းညှာ မမလေး (၇)ဖြစ်ခဲ့ပြီး ပိုက်ဆံနှင့်ပက်သက်၍ စိတ်မပူခဲ့ရချေ။


ယခုအခါ သူမသည် ယခင်ကထက်ပို၍ အိုမင်းလာခဲ့ပြီး လူမဟုတ် တစ္ဆေမဟုတ်သကဲ့သို့ ဖြစ်နေသည့်အပြင်ငွေ သုံးဆင့်အတွက်လည်း စော်ကားခံရသည်။ သူမ မည်သို့ ဤအခြေအနေအထိ နိမ့်ကျသွားခဲ့သနည်း။


သူမ ရှစ်ရှိုးနန်ကို မဟုတ်ဘဲ ၀မ်ရူကွေ့၏အဖေ၊ ၀မ်ယွမ်ရှင်းအား လက်ထပ်ခါစ နေ့ရက်များကို သတိရမိသည်။


၀မ်ယွမ်ရှင်းသည် လူကြမ်းတစ်ယောက်ဖြစ်သော်လည်း သူမအား အလွန်ကြင်နာကာ လစာအားလုံးကို ပေးခဲ့သည်။ သူမ ၀ယ်ချင်သည့် မည်သည့်အရာကိုမဆို ကန့်ကွက်ခြင်းမရှိခဲ့ချေ။


ထိုအချိန်၌ သူမသည် ရှစ်ရှိုးနန်နှင့် အတူတူရှိရန်  ကိုယ့်ကိုယ်ကိုယ် သေကြောင်း မကြံစည်ခဲ့လျှင် ယခုအချိန်၌ သူမမှာ ဗိုလ်မှူးကတော်ဖြစ်ကာ လူတိုင်း အားကျရသည့်ဘ၀အား နေထိုင်နေရနိုင်သည်။ 


ဤအခိုက်အတန့်၌ နောက်ဆုံးတွင် ချန်ရှို့ယွင် လုံးလုံး နောင်တရသွားတော့သည်။


သူမသည် ထိုနုံချာလှသည့် အငှားအိမ်သို့ ရုတ်တရက် ပြန်မသွားလိုတော့ချေ။  ရှစ်ရှိုးနန်၏ ထိပ်ပြောင်ကာ ဖောင်းကားနေသောမျက်နှာနှင့် ရှစ်ရှင်းရွေ့၏ ပုန်ကန်သောင်းကျန်းနေသောသွင်ပြင်ကိုလည်း မမြင်လိုချေ။


သူမသည် လမ်းပေါ်၌ ဦးတည်ရာမဲ့ လျှောက်သွားလိုက်သည်။ ကောင်းကင်ကြီးသည် အလွန်ကြီးမားသော်လည်း  မည်သည့်နေရာ၌ သွားရမည်ကို မသိဘဲ သူမအတွက် နေရာတစ်ခုရှိမနေချေ။


မသိလိုက်စွာဖြင့် သူမ စစ်တပ်အိမ်ရာ၀န်းသို့ ရောက်လာသည်။ 


လုံခြုံရေးက သူမကို မမှတ်မိသဖြင့် ဟန့်တားလိုက်သည်။ " ဘယ်သူ့ကို ရှာနေတာလဲ "


ချန်ရှို့ယွင်‌သည် နောက်ဆုံး၌ သတိပြန်၀င်လာလေသည်။ မမျှော်လင့်စွာဖြင့် ယခင်က သူမနှင် ၀မ်ယွမ်ရှင်းတို့ နေထိုင်ခဲ့ကြသည့်နေရာသို့ ပြန်ရောက်လာမိသည်။ သူမက ၀မ်ရူကွေ့၏ အထောက်အထားနှင့် နာမည်‌တို့ကို ပြောမည့်အချိန်တွင် အသက်ကြီးကြီးအမျိုးသမီးနှစ်ယောက် လမ်းလျှောက်ထွက်လာသည်ကို မြင်လိုက်ရသည်။ 


သူမ၏မျက်နှာ ရုတ်တရက် ပြောင်းလဲသွားလေသည်။ " မဟုတ်ဘူး။ ကျွန်မ ဘယ်သူ့ကိုမှ မရှာပါဘူး။ နေရာမှားသွားခဲ့တာ "


ထိုသို့ပြောပြီးနောက် လှည့်ကာ အလျင်အမြန် ထွက်လာသည်။


အနောက်မှ ထိုအမျိုးသမီးနှစ်ယောက်၏ စကားပြောသံများ ထွက်ပေါ်လာသည်။ " ဘာလို့ ဟိုတစ်ယောကို ရင်းနှီးတယ်လို့ ခံစားနေရတာလဲ။ ရှောင်၀မ်ရဲ့ ကွာရှင်းထားတဲ့ ဇနီးဟောင်းနဲ့ တူသလိုပဲ "


" မဖြစ်နိုင်ဘူး။ အဲဒီအမျိုးသမီးက အသက်ခြောက်ဆယ်အရွယ်လောက်ရှိတယ်။ ရှောင်၀မ်ရဲ့ အရင်ဇနီးဟောင်းက ဒီနှစ်မှာ ငါးဆယ်လောက်ပဲ ရှိဦးမှာ။ ပြီးတော့ မိသားစုနှစ်ခုက အဆက်အသွယ်မရှိကြဘူး။ အဲဒါမို့ ဘယ်လိုလုပ် သူမက ဒီကို လာရဲမှာလဲ "


" နင်ပြောတာမှန်တယ်။ ငါ လူမှားသွားပုံရတယ်။ ချန်ရှို့ယွင်ဆိုတဲ့ အဲ့ဒီမိန်းမကို အခုထိ ‌ပါးရိုက်ချင်တုန်းပဲ။ လူတွေပြောကြတယ်။ ကျားတွေက ကြမ်းကြုတ်ပေမဲ့ သူတို့ကလေးတွေကိုတော့ ပြန်မစားဘူး။ ဒါပေမဲ့ အဲ့ဒီမိန်းမကတော့ ကိုယ့်ကလေးအရင်းကို တကယ်ကြီး နှိပ်စက်ခဲ့တယ် "


" ဟုတ်တယ်မဟုတ်လား. အဲ့ဒီကလေး ၀မ်ရူကွေ့မှာ ခက်ခဲကြမ်းတမ်းတဲ့ အချိန်တွေရှိခဲ့တယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ သူ့အမေရဲ့ အဲဒီလိုရိုက်နှက်တာကို ခံခဲ့ရတယ်။ သူ တော်တော်ကြာအောင် စကားမပြောနိုင်ဖြစ်ခဲ့တာ မှတ်မိသေးတယ် "


" သနားစရာကောင်းလိုက်တာ..."


ချန်ရှို့ယွင်သည် သူမ နောက်မှ ထိုစကားများကို ကြားသည့်အခါ ဖြူဖျော့သွားပြီး သူမ၏ခြေလှမ်းများက ပို၍ ပို၍ မြန်ဆန်သွားကာ သူ‌မနောက်သို့ သရဲတစ္ဆေလိုက်လာနေသကဲ့သို့ပင် ဖြစ်နေသည်။


ထိုအချိန်က သူမသည် ၀မ်ရူကွေ့အား ရိုက်နှက်ခြင်းဖြင့် ရှစ်ရှိုးနန်အား ကျေနပ်စေရန် ကြိုးစားနေခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုအခါ ပြန်လည်စဉ်းစားသည့်အခါ ငယ်ရွယ်စဉ်က သူမသည်  ပြုစားခံခဲ့ရသည်ဖြစ်ပေမည်။


နောင်တ တရားများက သူမ၏ နှလုံးသားထဲ ပြည့်သွားလေသည်။


အကယ်၍ ထိုအချိန်က သူမသာ ၀မ်ရူကွေ့ကို မရိုက်နှက်ခဲ့လျှင် ၀မ်မိသားစုအား ဒေါသထွက်စေမည်မဟုတ်သည့်အပြင် နှစ်‌ နှစ်ဆယ်ကျော် ချန်မိသားစုအား နေရာတိုင်း၌ ပြစ်မှတ်ထားကာ အညှိုးအတေးထားခံရမည် မဟုတ်ချေ။


အကယ်၍ သူမသာ ၀မ်ရူကွေ့ဖခင်နှင့် မကင်းကွာခဲ့လျှင် ယခု သူမ သူ့အား ရှာသည့်အခါ ထိုကလေး၏ ကြင်နာကာ လိမ်မာသည့် အကျင့်စရိုက်ဖြင့် သူမအား လျစ်လျူရှမည်မဟုတ်ချေ။


ချန်ရှို့ယွင်၏ နှလုံးသားသည် ခါးသီးမှုထဲ နှစ်မြုပ်ကာ နောင်တများဖြင့် ပြည့်နေသည်။


ဤကမ္ဘာ၌ နောင်တရခြင်းများအတွက် ဆေးမရှိသည်မှာ နှမြောစရာဖြစ်သည်။


ထို့အပြင် နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာပြီးသည့်နောက် သူမ၏ ကံဆိုးမိုး‌ မှောင်ကျမှုများကြောင့်သာ နောင်တရခဲ့သည်ဖြစ်သဖြင့် လူများအား အော်ဂလီဆန်စေ‌ပေမည်။


နောက်ဆုံး၌ ငှားရမ်‌းထားသည့်အိမ်သို့ ပြန်လာခဲ့သည်။ မမျှော်လင့်စွာ သူမ ခြံ၀င်းထဲသို့ ၀င်လာသည်နှင့် ချက်ချင်း လူတိုင်းက သူမအား ထူးဆန်းသည့် အကြည့်များဖြင့် ကြည့်ကာ စကားပြောရန် တွန့်ဆုတ်နေကြသည်။


သူမသည် ကနဦးတွင် အလွန်ထူး‌ဆန်းသည်ဟု ခံစားမိသော်လည်း သူမ၏ ဆံပင်ပုံစံနှင့် အိုမင်းနေသည့် မျက်နှာကြောင့် လှောင်နေကြသည်ဟု ထင်ကာ သူမ၏မျက်နှာက ရုတ်ချည်း မည်းမှောင်သွားတော့သည်။


သူမက မည်းမှောင်နေသော မျက်နှာဖြင့် တံခါးဖွင့်လိုက်ပြီး အခန်းအတွင်းမှ ‌ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက်တို့၏ ရင်းရင်းနှီးနှီးရှိသည့် အသက်ရှုသံလှိုင်းများပေါ်ထွက်လာသည်။


ထိုအသံသည် သူမနှင့် မရင်းနှီးသည်မဟုတ်ပေ။


သို့သော် အဘယ့်ကြောင့် အိမ်အတွင်း၌ ထိုအသံများ ရှိနေရသနည်း။


ချန်ရှို့ယွင်သည် အနည်းငယ် ကြောင်အနေပြီး ထို့နောက် နှလုံးတစ်ချက်ခုန်သွားက အိပ်ခန်းဆီသို့ လျင်မြန်စွာ သွားသည်။


အခန်းတံခါးကို လော့ချမထားသဖြင့် သူမက တွန်းဖွင့်လိုက်လေသည်။


အမျိုးသားနှင့် အမျိုးသမီးတစ်ယောက်တို့သည် အတွင်းထဲရှိ အိပ်ယာပေါ်တွင် လဲလျောင်းနေကြပြီး သူတို့၏ ခန္ဓာကိုယ်များသည် မြွေများကဲ့သို့ ရစ်ပတ်နေကြသည်။


သွေးများက သူမ၏ခေါင်းထဲသို့ တလိပ်လိပ်တက်လာပြီး ချန်ရှို့ယွင်၏ အမြင်အာရုံသည် မည်းမှောင်ကာ မေ့မျောလုနီးပါးဖြစ်သွားသည်။


တံခါးအား အမှီအခိုပြုလိုက်ပြီး သူမ ခန္ဓာကိုယ်အား ဟန်ချက်ညီရန် အချိန်တစ်ခု ယူလိုက်ရသည်။ သူမက အိပ်ယာပေါ်ရှိ စုံတွဲအား ပြူးကျယ်နေသော မျက်လုံးများဖြင့် စိုက်ကြည့်ကာ ကျိန်ဆဲသည်။ 


" ရှစ်ရှိုးနန်၊ နင် ၊  တိရစ္ဆာန်ကောင် "


နေ့ခင်းကြောင်တောင်၌ အိမ်သို့ အခြားအမျိုးသမီးတစ်ယောက်အား အမှန်တကယ် ခေါ်လာခဲ့သည်။ သူက ဤကဲ့သို့ အပြုအမူကို သူမ၏ အိပ်ယာပေါ်တွင်ပင် ပြုလုပ်ခဲ့သည်။  အသေအချာကို ယုတ်မာနေခြင်းဖြစ်သည်။


လီကျွမ်းကျွမ်းက သူမ ပြန်ရောက်လာသည်ကို သိရှိသွားပြီး ရှစ်ရှိုးနန်အား အဝေးသို့ တွန်းထုတ်ကာ ကြောက်လန့်တကြား ကြည့်လိုက်သည်။


 " အကိုကြီးနန်၊ အကိုကြီးရဲ့ဇနီး ပြန်လာပြီ။ သူက ညီမကို ရိုက်မှာလား "


ရှစ်ရှိုးနန်က သူမဆီမှ ထွက်ခွာကာ မတ်တပ်ရပ်ရင်း ဖြေးညင်းစွာ အ၀တ်များ ကို ၀တ်ဆင်လိုက်သည်။


 " စိတ်မပူနဲ့။ အကိုကြီး ဒီမှာရှိနေသရွေ့ သူ မင်းရဲ့ ဆံပင်တစ်မျှင်ကိုတောင် မထိရဲဘူး။"


ချန်ရှို့ယွင်သည် အသက်အောင့်ထားမိသောကြောင့် သူမရင်ဘတ်မှာ မြင့်ချည်နိမ့်ချည် ဖြစ်မနေသော်လည်း သူမ ဒေါသကြောင့် အသက်ထွက်လုနီးပါးဖြစ်နေလေသည်။ 


" နင်တို့က ခွေးထီးနဲ့ခွေးမတွေပဲ။ နင်တို့ကို သေတဲ့အထိရိုက်ပစ်မယ် "


သူမသည် ငယ်စဉ်ကကဲ့သို့ ရှစ်ရှိုးနန်အတွက် အချစ်များမရှိတော့သော်လည်း သူမတို့သည် လင်နှင့်မယားဖြစ်နေကြဆဲပင်။ အကယ်၍ သူက အခြားမိန်းမတစ်ယောက်၏ ရှေ့တွင် ဤကဲ့သို့ ပြောလာလျှင် သူမ မျက်နှာအား မည်သည့်နေရာသို့ သွား၍ ထားရမည်နည်း။


ချန်ရှို့ယွင်က သူ့အား ကျိန်ဆဲကာ ရိုက်ပုတ်လိုသည်။ သို့သော်သူမ ရှစ်စ်ရှိုးနန်အား မနိုင်သည်ကို သိရှိပြီး ရှစ်ရှိုးနန်အား ကွာရှင်းလိုသည့် ရည်ရွယ်ချက်မရှိသောကြောင့် လီကျွမ်းကျွမ်းကိုသာ ရိုက်ပုတ်တော့သည်။


လီကျွမ်းကျွမ်းသည် အလွန်ကြောက်လန့်သွားခဲ့ပြီး ကျယ်လောင်စွာ အော်ဟစ်လေသည်။


 " အကိုကြီးနန် ညီမကို ကယ်ပါဦး "


လီကျွမ်းကျွမ်းသည် ရှစ်ရှိုးနန်၏ နောက်တွင် ပုန်းအောင်းလိုက်ပြီးနောက် ရှစ်ရှိုးနန်က ချန်ရှို့ယွင်၏ လက်မောင်းအား ဆွဲကာ ဘေးသို့ လွှင့်ပစ်လိုက်သည်။


ချန်ရှို့ယွင်၏ ဦးခေါင်းက အ၀တ်ဗီရိုနှင့် ရိုက်မိသွားပြီး သူမအား နာကျင်မှုဖြင့် ရှုံ့မဲ့သွားစေသည်။ သူမက လက်ဆန့်ထုတ်ကာ နဖူးကို ထိလိုက်သည့်အခါ သူမလက်၌  စေးကပ်ကပ်အရာ တချို့အား ခံစားမိလိုက်သည်။


သူမ သွေးထွက်နေသည်လား။


ချန်ရှို့ယွင် ဒေါသထွက်၍ ထိတ်လန့်ကာ မသက်မသာဖြစ်နေသည်။ သူမက ခေါင်းမော့ကာ ရှစ်ရှိုးနန်အား စိုက်ကြည့်လိုက်သည်။


 " ရှစ်ရှိုးနန်... ကျွန်မ ရှင့်အတွက် ကလေးမွေးပေးခဲ့တယ်။ ရှင့်မိသားစုနဲ့ လူကြီးတွေကို ဂရုစိုက်ပေးခဲ့တယ်။ ဒါက ရှင် ကျွန်မကို ပြန်ဆက်ဆံတဲ့ပုံစံလား။ ရှင့်မှာ အသိစိတ်မရှိတော့ဘူးလား "


ရှစ်ရှိုးနန်က သူမအား စွာကြည့်လိုက်ရင်း နှုတ်ခမ်းထောင့်များက ကွေးညွတ်သွားသည်။ 


" ဘယ်လိုမကောင်းတဲ့အသိတရားမျိုးလဲ။ အဲ့တုန်းက မင်းလဲ ၀မ်ယွမ်ရှင်းကို ဖောက်ပြန်ခဲ့တာမဟုတ်ဘူးလား ။ ဘာလို့ အခုမှ အရမ်းတွေ လန့်နေတာလဲ "


ထိုစကားများက အလွန်ထက်လှသည့်ဓားတစ်လက်အလား ချန်ရှို့ယွင်၏ နှလုံးကို လှီးဖြတ်သွားခဲ့သည်။


ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်ပေသနည်း။ 


ထိုအချိန်က သူမသည် ၀မ်ယွမ်ရှင်းအား ဖောက်ပြန်ခဲ့ပြီး ယခု ရှစ်ရှိုးနန်နှင့် အခြားမိန်းမတစ်ယောက်က တူညီသည့်နည်းလမ်းဖြင့် သူမအား စိတ်သောကရောက်စေသည်။

 

ဤသည်က သူမ၏ ၀ဋ်လည်ခြင်းဖြစ်‌လေသည်။


ချန်ရှို့ယွင်၏ နှလုံးမှာ ဖျစ်ညစ်ခံရသကဲ့သို့ ခံစားနေရပြီး အသက်ရှုရန်ပင် ခက်ခဲနေလေသည်။


လီကျွမ်းကျွမ်းက သူမ၏အ၀တ်အစားများကို ပြန်၀တ်လိုက်ပြီး ချန်ရှို့ယွင်၏ရှေ့တွင် ခြေဖျားထောက်၍ ရှစ်ရှိုးနန်၏ ဖောင်းကားနေသော မျက်နှာအား နမ်းလိုက်သည်။ သူမက ချိုမြိန်စွာ ပြုံးလိုက်သည်။ 


" အစ်ကိုကြီးနန် ကျွန်မ အရင်ပြန်နှင့်ပြီနော် "


ရှစ်ရှိုးနန်က သူမ၏ စိတ်ကြွစေသည့် အစိတ်အပိုင်းများကို ထိလိုက်သည်။ " သွားတော့ မှင်စာမလေး။ ကိုယ် နောက်ကျ မင်းကို လာရှာလှည့်မယ်။ ဒါကြောင့် ဒီကို မလာခဲ့နဲ့ "


လီကျွမ်းကျွမ်း၏ မျက်လုံးမှာ လှောင်ရယ်မှုဖြင့် လင်းလက်သွားခဲ့ပြီး အပေါ်ယံတွင် နူးညံ့စွာ တုံ့ပြန်လိုက်ကာ လှည့်၍ ထွက်လာသည်။


ချန်ရှို့ယွင်မှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ပင်ဖြစ်နေလေသည်။ သူမက မြေပြင်ပေါ်တွင် ထိုင်ကာ သူတို့အား ကြည့်နေသော်လည်း သူတို့အား မမြင်သကဲ့သို့ ဖြစ်နေသည်။


ရှစ်ရှိုးနန်က သူမအား ကြည့်လိုက်သည်။ 


" မင်း ပြဿနာမရှာဖို့ အကြုံပေးလိုက်မယ်။ ရှောင်ရွေ့အတွက်ကြောင့် ငါ မင်းကို မကွာရှင်းဘူး။ ဒါပေမဲ့ မင်းသာ ဒီလိုမျိုး နေ့စဉ်နေ့တိုင်း ပြဿနာရှာနေမယ်ဆိုရင် အခုချက်ချင်း ကွာရှင်းပစ်မယ် "


ချန်ရှို့ယွင်သည် သူမ ခေါင်းကို မော့လာပြီး သူ့အား ယခင်က မသိရှိခဲ့သည့်အလား ကြည့်လိုက်ကာ မည်သည့်စကားကိုမျှ မဆိုချေ။


ရှစ်ရှိုးနန်သည် ယခုအချိန်၌ သူမ၏စိတ်ခံစားချက်ကို အာရုံမစိုက်လိုချေ။ 


" ကျွင်းကျွင်း ငါ့ကို ဒီနေ့လာရှာတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူ့သူငယ်ချင်းတွေနဲ့ ပေကျင်းကိုလာခဲ့တာ။ အခု သူတို့ စီးပွားရေးလုပ်နေကြတာ သူတို့အဖွဲ့ကို ၀င်ဖို့ ငါ့ကို လာဖိတ်ခေါ်တယ် "


" သူတို့လုပ်ငန်းက ပိုအကျိုးအမြတ်များပြီး အ၀တ်အထည်ရောင်းတာက‌နေ ရတဲ့ အကျိုးအမြတ်ထက် ပိုများတယ်။ ဘာမှလည်း မကုန်ကျဘူး။ မင်းသာ လိမ်လိမ်မာမာရှိပြီး ငါ့ကိစ္စတွေမှာ ပါ၀င်မပက်သက်ဘူးဆိုရင် ငါ ငွေရှာနိုင်တဲ့အခါ မင်းဖို့ ယူလာပေးမယ်။ အကယ်၍ ပြဿနာရှာချင်တယ်ဆိုရင်တော့ အခုချက်ချင်း ထွက်သွားလိုက်တော့ "


ချန်ရှို့ယွင်သည် သူမ၏နှလုံးသားထဲ၌ အင်အားမဲ့မှုကို ခံစားလိုက်ရပြီး သူမ၏ဒေါသများကို ဖိနှိပ်လိုက်သည်။သူမက ရှစ်ရှိုးနန်အား ဗလာဖြစ်စွာ ကြည့်လိုက်သည်။


 " ဘယ်လိုစီးပွားရေးမျိုးကို ရှင်လုပ်မှာလဲ။ ဒီခေတ်မှာ တစ်ခုခု မကုန်ကျတဲ့ စီးပွားရေးဆိုတာ မရှိဘူး။ ရှင် ပိုက်ဆံရှာနိုင်ပါ့မလား "


ရှစ်ရှိုးနန်သည် သူ၏ နှုတ်ခမ်းထောင့်အား မြှင့်တင်ကာ ပြောသည်။ " အဲ့ကိစ္စကို စိတ်ပူမနေနဲ့။ ငါ ဗိုက်ဆာပြီ။ ဘာလို့ ထပြီး  ငါ စားဖို့ တစ်ခုခုလုပ်မပေးတာလဲ "


ချန်ရှို့ယွင်သည် ငိုယိုကာ သူ့အား ရိုက်ပုတ်၍ မျက်နှာအား ကုတ်ခြစ်ကာ အတူတူ သေလိုသည်။


သို့သော် အဆုံး၌ သူမက မည်သည်ကိုမျှ မပြုလုပ်ခဲ့ချေ။ သူမသည် အ၀တ်ဗီရိုကို အမှီသဟဲပြု၍ မတ်တပ်ရပ်လိုက်ပြီး နဖူးပေါ်ရှိ ဒဏ်ရာအား သာမန်ကာလျှံကာ ပတ်တီးစီးလိုက်ပြီးနောက် ဟင်းချက်ရန် ထွက်သွားလေသည်။


ခြံ၀င်းထဲရှိသူများသည် ဤအကြိမ်တွင် သူမတို့ အသေအချာ ရန်ဖြစ်ကြမည်ဟု ထင်ထားခဲ့ကြသော်လည်း ဟောင်ရုံသာလျှင် ဖြစ်ကာ မကိုက်ကြဘဲ ခိုက်ရန်ဖြစ်ပွားခြင်း မရှိခဲ့ပေ။


လူအချို့သည် ချန်ရှို့ယွင်အား အသုံးမကျဟုပင် ထင်မြင်ကြသည်။


ပုံမှန်အားဖြင့် သူမသည် ရန်ဖြစ်သည့်အခါ မီးဖိုချောင်သုံးဓားကိုပင် ထုတ်ယူလာသော်လည်း ယခုအကြိမ် ရှစ်ရှိုးနန်မှ အခြားမိန်းမတစ်ယောက်အား အိမ်ခေါ်လာသည့်အခါ၌မူ ပြဿနာမရှာဝံ့ချေ။


မယုံကြည်နိုင်ဖွယ် ထူးဆန်းလှသည်။


🍵


လီကျွမ်းကျွမ်းသည် ရှစ်ရှိုးနန်၏ အိမ်မှ ထွက်ခွာလာပြီးသည့်နောက် ဆက်သွယ်ရေးရုံးသို့သွားကာ ထုံရွှယ်လူအား ဖုန်းခေါ်လိုက်သည်။


ထုံရွှယ်လူသည် မှောင်ရီပျိုးသည့်အချိန်မတိုင်ခင် သူမအား လာရောက်မတွေ့ဆုံချေ။


ထိုအချိန်တွင် လီကျွမ်းကျွမ်းသည် သူမ၏ အထုတ်အပိုးများကို ထုပ်ပိုးသိမ်းဆည်းခဲ့ပြီးဖြစ်သည်။ သူမက ထုံရွှယ်လူအား ဆွဲဆောင်မှုရှိသည့် မျက်၀န်းများဖြင့် ကြည့်သည်။ " ကျွန်မ ရှန်းကျန့်မြို့ကို သွားရင် ကျွန်မရဲ့ လုံခြုံရေးအတွက် ရှင် အာမခံနိုင်လား "


ထုံရွှယ်လူက ခေါင်းညိတ်သည်။ " အဲ့အတိုင်းပဲ "


" ရှင်က ကျွန်မကို အလုပ်ပါ ရှာပေးဦးမယ် "


ထုံရွှယ်လူက ထပ်မံခေါင်းညိတ်ပြန်သည်။ " အဲဒီမှာ ကျွန်မသူငယ်ချင်းတစ်ယောက်ရှိတယ်။ ရှင် သူရဲ့ စီစဉ်ပေးမှုတွေကို လိုက်နာနေသရွေ့ နှစ်အနည်းငယ်ကြာပြီးတဲ့အခါ ကောလဟာလတွေ ပျောက်ကွယ်သွားတဲ့အချိန် ရှင်ကြိုက်တဲ့နေရာကို သွားနိုင်တယ် ""


သို့သော် နှစ်နှစ်ကာလ၌ သူမ၏ လူများအား စောင့်ကြည့်စေမည်ဖြစ်ပြီး သူမအား ပြန်ကိုက်လာခွင့်ပြုမည် မဟုတ်ချေ။


လီကျွမ်းကျွမ်းသည် နားလည်သွားပုံရပြီး သူမ၏ အပြုအမူမှာ ယခင်ထက် ကောင်းမွန်သွားလေသည်။


 "ကောင်းပြီလေ။ ကျွန်မ ထွက်မသွားခင် ရှင့်ကို သတင်းစကားတစ်ခု အလကားပေးလိုက်မယ်။ ရှစ်ကျွင်းမင်ရဲ့တူက သူ့ဆီလာပြီး စီးပွားရေးလုပ်ငန်းမှာ ပါ၀င်ဖို့ လာကမ်းလှမ်းတယ်  "


ထုံရွှယ်လူက မျက်ခုံးများကို ပင့်လိုက်သည်။ " စီးပွားရေးလုပ်ငန်း ဟုတ်လား။ ဘာလုပ်ငန်းလဲ "


လီကျွမ်းကျွမ်းက ပြောသည်။ " ကလေးတွေကို ပြန်ပေးဆွဲပြီး အဓမ္မခေါ်ဆောင်တဲ့အလုပ် "


ထိုကဲ့သို့ လုပ်ငန်းသည်သာ ငွေကြကုန်ကျမှုမရှိသည့်အပြင် အကျိုးအမြတ်များများ ရနိုင်လေသည်။


ထုံရွှယ်လူက လက်သီးများဆုပ်လိုက်ပြီး တိုးလျစွာ ကျိန်ဆဲလိုက်မိသည်။


 " လူ့တိရစ္ဆာန်တွေ "