🍵Chapter 336
သွယ်လျသောခြေတစ်စုံဖြင့် ခပ်မှန်မှန်လျှောက်လှမ်းလာသည့် ဝမ်ရူကွေ့ကိုမြင်သည့်အခါတွင် ချန်ရှိူ့ယွင် ရုတ်တရက် အနည်းငယ် မိန်းမောတွေဝေသွားသလို ခံစားလိုက်ရသည်။
စစ်တပ်မှပြန်လာသည့် ဝမ်ယွမ်ရှင်း၏ အသွင်အပြင်ကို သူမ မြင်လိုက်ရသကဲ့သို့ပင် ဖြစ်နေသည်။ သူသည် အရပ်ရှည်ကာ ချောမောပြီး ချောမောလွန်းသဖြင့် သူ့ပတ်ဝန်းကျင်ရှိ ရှုခင်းအားလုံး၏တောက်ပမှုသည်ပင် ပျောက်ကွယ်သွားရသည်။
အစပိုင်းတွင် သူမသည် ၀မ်ယွမ်ရှင်းကို နှစ်သက်ခဲ့သော်လည်း ၎င်းတို့နှစ်ဦး သည် အတူတကွ ကုန်ဆုံးချိန်နည်းပါးပြီး ခွဲခွာမှုက ပိုများကာ အခက်အခဲများကို ရင်ဆိုင်ရန် သူ၏နောက် စစ်တပ်ဆီသို့ မလိုက်လိုခဲ့ပေ။ ရှစ်ရှိုးနန်သည် ထိုအချိန်တွင် သူမ ဘ၀၌ ပေါ် ပေါက်လာခဲ့သည် ။
သူမ ကောလိပ်တက်သည့်အချိန်တွင် သူမနှင့် ရှစ်ရှိူးနန် တို့သည် တိတ်တဆိတ် တွဲနေခဲ့ကြသည်။ တိတ်တဆိတ်ဟု သူမ ပြောရသည့် အကြောင်းရင်းမှာ ရှစ်ရှိူးနန်သည် ယခင်ကတည်းက စေ့စပ်ထားခဲ့ပြီးဖြစ်သောကြောင့် ထိုစဉ်က သူမတို့နှစ်ယောက် တိတ်တဆိတ် တွဲခဲ့ကြရသည်။
ရှစ်ရှိူးနန်သည် ငယ်စဉ်က အလွန်ချောမောသူဖြစ်သည်။အဓိကအချက်မှာ သူသည် အမျိုးသမီးများကို အလွန်ဂရုတစိုက် ဆက်ဆံတတ်ပြီး သူ့ပါးစပ်သည် ပျားရည်ကဲ့သို့ပင်။ သစ်ပင်ကဲ့သို့ ထုံထိုင်းသော ၀မ်ယွမ်ရှင်းနှင့်မတူဘဲ အချိန်တိုင်း သူမကို ပျော်ရွှင်စေသည်။
တဖြည်းဖြည်းနှင့် သူမ၏နှလုံးသားကို မထိန်းချုပ်နိုင်တော့ချေ။ အထူးသဖြင့် ရှစ်ရှိူးနန်နှင့် အိပ်ပြီးသည့်နောက် သူမ သူ့ကို လုံးလုံး ချစ်မိသွားခဲ့သည်။ သူ့အတွက် သူမ၏ ကလေးကို အန္တရာယ်ပြုရန်ပင် တုံ့ဆိုင်းမနေခဲ့ချေ။
ချန်ရှိူ့ယွင်မှိန်းမောတွေဝေနေချိန်တွင် ၀မ်ရူကွေ့သည် သူမထံသို့ လှမ်းလာပြီး သူမကို ကြည့်လိုက်သည်။
သူ့မျက်လုံးများက အေးစက်နေကာ ခံစားချက်မဲ့နေသည်။ ခံစားချက်တစ်ခုခုရှိလျှင်ပင် အနည်းငယ် အံ့သြမိလေမည်။
ယနေ့မတိုင်မီတွင် ၀မ်ရူကွေ့ သည် ချန်ရှိူ့ယွင်၏ ပုံသဏ္ဍာန်ကို မမှတ်မိပေ။ ယခု သူမမျက်နှာကို မြင်လိုက်ရသည့်အခါ မှတ်ဉာဏ်အပိုင်းအစ တစ်ခု၊နှစ်ခုက ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
ထိုလျှပ်တစ်ပြက် ရုပ်ပုံထဲတွင် သူမသည် နုပျိုလှပနေပုံရပြီး သူ၏ရှေ့ရှိ ပိန်ပိန်ပါးပါး၊ အိုမင်းရင့်ရော်သော အမျိုးသမီးနှင့် လုံးဝ မတူပေ။
ချန်ရှိူ့ယွင်က သတိပြန်ကပ်လာပြီး မျက်နှာပေါ်တွင် နူးညံ့သည့် မျက်နှာအမူအရာဖြင့် " ရူကွေ့၊ အမေ့ကို မှတ်မိလား "
ချန်ရှိူ့ယွင်၏ မျက်နှာသွင်ပြင်သည် လှပသည်။ သို့မဟုတ်ပါက ရှစ်ရှိူးနန်သည် လက်ထပ်ပြီးသည့် သူမနှင့် ဖောက်ပြန်ခဲ့မည်မဟုတ်ပေ။ ယခုမူ သူမ၏ ပါးပြင်များမှာ ချောင်ကျနေပြီး သူမ၏ မျက်နှာသည် ဝါကြင့်ကြင့်ဖြစ်နေသည်။
၀မ်ရူကွေ့ က ပြောသည်။ " ကျွန်တော် မမှတ်မိဘူး။ ခင်များ ကျွန်တော့်ဆီက ဘာလိုချင်တာလဲ"
သူ့အသံက အေးစက်နေပြီး အချိန်အတော်ကြာ ခွဲခွာပြီးနောက် ပြန်တွေ့ရသည့် ဝမ်းသာမှုမျိုး မတွေ့ရချေ။
ချန်ရှိူ့ယွင်၏ နှလုံးသားမှာ တောက်လောင်သွားပေမယ့် သူမက ဒေါသကို အမြန်မျိုချလိုက်ပြီး " ဒါက စကားပြောစရာနေရာ မဟုတ်ဘူး၊ သားရဲ့ရုံးခန်း ဒါမှမဟုတ် အိပ်ဆောင်ကို အမေတို့ ဘာလို့ မသွားကြတာလဲ "
စခန်းထဲသို့ဝင်သည်နှင့် သူမ၏ တောင်းဆိုချက်ကို သဘောမတူလျှင် စခန်း၌ ပြဿနာတစ်ခု ဖန်တီးမည်ဖြစ်သည်။
၀မ်ရူကွေ့က ပြတ်ပြတ်သားသား ငြင်းဆိုသည်။ " ဘယ်သူမဆို စခန်းထဲဝင်လို့ရတာ မဟုတ်ဘူး "
ချန်ရှိူ့ယွင်သည် သူမ၏ လက်သည်းများကို လက်ဖဝါးထဲသို့ ထိုးစိုက်သည်။ သူမသည် သူ့အမေ ဖြစ်ပြီး ထုံရွှယ်လူက ဝင်နိုင်လျှင် အဘယ်ကြောင့် သူမ ၀င်၍ မရနိုင်သနည်း။
သို့သော် သူ့ထံ မေးစရာများရှိသေးသဖြင့် ချန်ရှိူ့ယွင်က နားလည်သဘောပေါက်စွာ ခေါင်းညိတ်ပြသည်။
" ဒါဆို အနီးနားမှာရှိတဲ့ အစိုးရပိုင်စားသောက်ဆိုင်ကို သွားကြရအောင်။ အမေ မင်းနဲ့ ညစာမစားရတာ နှစ်တော်တော်ကြာပြီ "
၀မ်ရူကွေ့သည် မယုတ်မလွန်ဖြင့် လှည့်ထွက်လိုက်ပြီး ခြေတံရှည်များဖြင့်ခြေလှမ်းကျဲများလှမ်းကာ အစိုးရပိုင် စားသောက်ဆိုင်ဆီသို့ ဦးတည်သွားလေသည်။
ချန်ရှိူ့ယွင်သည် ဝမ်းသာအားရဖြင့် အလျင်အမြန် လိုက်လာလေသည်။
သူတို့နှစ်ဦး ထွက်သွားပြီးနောက်တွင် အစောင့်သည် မယုံကြည်နိုင်သည့် အကြည့်ဖြင့် သူ့မေးစေ့ကို ထိလိုက်သည်။
🍵
အစိုးရပိုင်စားသောက်ဆိုင်၌။
ညစာစားချိန် မဟုတ်သောကြောင့် အစိုးရပိုင်စားေသာက်ဆိုင်တွင် စားသုံးသူများရှိမနေချေ။
၀မ်ရူကွေ့သည် သူ၏ ထိုင်ခုံတွင် ပန်းပုရုပ်ကဲ့သို့ ထိုင်နေပြီး မည်သည်ကိုမျှ မမှာပေ။
ချန်ရှိူ့ယွင်က မတ်ပဲဟင်းချို နှစ်ပန်းကန်၊ စွံကလွံသီးကိတ်မုန့်နှစ်စိတ်နှင့် ဖက်ထုပ်ပေါင်းတစ်ပွဲကို မှာယူရန်မှတပါး ရွေးချယ်စရာမရှိပေ။
စားပွဲထိုးက အစားအသောက်များကို လျင်မြန်စွာ ယူလာပေးသည်။
" လာ၊ ရူကွေ့၊ များများစား။ သားကြည့်ရတာ ပိန်နေသလိုပဲ "
ချန်ရှိူ့ယွင်သည် အလွန်စိတ်အားထက်သန်နေပြီး တူတစ်စုံကိုယူကာ ၀မ်ရူကွေ့ အား ပေးလိုက်သည်။
၀မ်ရူကွေ့က " ကျွန်တော် ဗိုက်မဆာဘူး။ ခင်များ ကျွန်တော့်ဆီက ဘာလိုချင်တာလဲ။ ဆယ်မိနစ်ပဲ အချိန်ပေးမယ်။ အလုပ်လုပ်ဖို့ အခြေစိုက်စခန်းကို ပြန်သွားမှဖြစ်မယ် "
ချန်ရှိူ့ယွင်သည် ရုတ်တရက် အသက်ရှုကြပ်ကာ ရင်ဘတ်သည်ပင် ပိတ်ဆို့ကာ နင်သွားသည်။
သူမသည် သူမ၏ တူများကို ချလိုက်ပြီး သက်ပြင်းချကာ ပြောသည်။ " ရူကွေ့၊ မင်းစိတ်ထဲ အမေ့ကို နာကြည်းနေတာကို အမေသိပါတယ် "
"အမေ မင်းနဲ့တွေ့ခွင့်ရဖို့ ဒီနှစ်တွေမှာ မင်းဆီကို အဝတ်အစားနဲ့ လက်ဆောင်တွေ ပို့ပေးနေခဲ့တယ်။ မင်းအဘိုးက မင်းကို ဘယ်တော့မှ မပြောပြခဲ့ဘူး ၊ဘယ်လိုပဲဖြစ်ဖြစ် အဲဒါက သေးငယ်တဲ့ အရုပ်တွေပါပဲ ။ အမေ မှားခဲ့မှန်း အမေသိနေပါပြီ ။ ရူကွေ့ ၊ သား အမေ့ကို ခွင့်လွှတ်ပေးနိုင်မလား "
၀မ်ရူကွေ့က " ကျွန်တော့်အဖေ လွန်ခဲ့တဲ့ နှစ်ဆယ့်သုံးနှစ်ကတည်းက ဆုံးပါးသွားခဲ့တယ်။ တောင်းပန်တာ အရမ်းမနောက်ကျဘူးလား "
၀မ်ရူကွေ့သည် သူမက ရှစ်ရှိူးနန်နှင့် ဖောက်ပြန်ကာ သူ့အဖေနှင့် ၀မ်မိသားစုထံ သူမ ပြုလုပ်ခဲ့သည့်အရာများကြောင့် တောင်းပန်သည်ဟု ထင်နေသည်။
ချန်ရှိူ့ယွင်က ရှက်သွားခဲ့ပြီး စားပွဲပေါ်ရှိ လက်ကို လက်သီးဆုပ်ပြန်သည်။
" ဟုတ်ပါတယ်၊ မင်းအဖေကိုလည်း တောင်းပန်ပါတယ်။ နှစ်တွေကြာလာတာနဲ့အမျှ အမေ လိပ်ပြာမလုံသလိုခံစားနေခဲ့ရပါတယ်။ နောင်နှစ်တစ်ရာကျော်ရင် မင်းအဖေကို အမေ လူကိုယ်တိုင် သွားတောင်းပန်မယ် "
" ဒါပေမယ့် သားကရော ၊ သား အမေ့ကို ခွင့်လွှတ်နိုင်မလား "
၀မ်ရူကွေသည် သူမ၏ ပါးလွှာသော နှုတ်ခမ်းများကို မျဉ်းကြောင်းကဲ့သို့ ဖြောင့်တန်းထားပြီး မည်သည်ကိုမှ မပြောပေ။
ချန်ရှိူ့ယွင်သည် သူ၏ခွင့်လွှတ်မှုကို ရရှိရန် လွယ်ကူမည်မဟုတ်ကြောင်း သိထားသောကြောင့် ယခုကဲ့သို့ သူ့အား မြင်ရခြင်းကို မအံ့သြပေ။
သို့သော် ရှစ်ရှိူးနန်ကို ကယ်တင်ရန် သူမအား ကူညီပေးစေလိုလျှင် သူ သူမအား ခွင့်လွှတ်ပေးမှ ဖြစ်ပေမည်။
ထို့ကြောင့် သူမ အသက်ပြင်းပြင်းရှူပြီး မိသားစုကတ်ကို အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။
၀မ်ရူကွေ့သည် ကလေးဘဝတွင် မိခင်အား အထူးတလှယ် တွယ်တာခဲ့သည်။ သူမ မည်သို့ပင် သူ့အား ဆက်ဆံပါစေ သူမအား အလွန်ချစ်ခဲ့သည်။ သူသည် မိခင်မေတ္တာကို အမြဲတောင့်တနေလိမ့်မည်ဟု သူမစိတ်ထဲတွင် ယုံကြည်သည်။
ယခု သူမက ပြန်လာခဲ့ပြီး သူ့အား မိခင်တစ်ယောက်၏ ချစ်မေတ္တာများ ပေးလို နေသည်။ ကောင်းမွန်သည့် စကားများထပ်မံပြောဆိုကာ သူမဘက်မှ တစ်လှမ်းဆုတ်ပေးလိုက်သည်နှင့် သူက သူမကို ခွင့်လွှတ်ကာ လက်ခံမည်မှာ သေချာသည်။
ထိုကဲ့သို့တွေးမိပြီး ချန်ရှိူ့ယွင်က ယုံကြည်မှုအပြည့် ရှိသွားလေသည်။
" သား ငယ်ငယ်တုန်းက ဖက်ထုပ်ပေါင်း ကြိုက်တာ အမေ မှတ်မိတယ်။ တစ်ခုလုံးကို တစ်ကိုက်တည်းနဲ့ စားတတ်လို့ အစာနင်သွားမှာကို အမြဲစိုးရိမ်ခဲ့ရတယ်။ သားအမေ့ကို ပြောလေ့ရှိတယ်။ ' သား မြန်မြန်အရွယ် ရောက်ချင်ပြီ။သားသာ အရွယ်ရောက်ရင် အမေ့ကို ကွာကွယ်ပေးနိုင်မှာ။ အမေ အလုပ်ကနေ သားအတွက် အရသာရှိတာတွေ အများကြီး ဝယ်ပေးခဲ့တာကို မှတ်မိလား "
၀မ်ရူကွေ့က ခံစားချက်မဲ့စွာ ပြောသည်။ "မမှတ်မိဘူး"
ချန်ရှိူ့ယွင်၏ ချစ်ခင်သောအမူအရာသည် ခဏတာ အံ့အားသင့်သွားသည်။ " သား မမှတ်မိရင်လဲ ကိစ္စမရှိပါဘူး။ အမေက မင်းကို နောက်နောင် ထပ်ပြီးပြောပြလို့ရပါတယ်။ အဲဒီအခါ သား မှတ်မိသွားနိုင်မှာပါ "
" သားက တကယ် ကြီးပြင်းလာခဲ့ပြီ။ အဝေးကနေ သားကို တိတ်တဆိတ် လာ တွေ့ပြီး လမ်းမှာသာ မတွေ့ခဲ့ဖူးရင် သားကို မမှတ်မိမှာကိုတောင် အမေ စိုးရိမ်မိတယ် "
ထိုအကြောင်းပြောရင်း ပါးစပ်ထောင့်တွင် အပြုံးမမည်သည့် အပြုံးတစ်ခုပေါ်လာသည်။
" သား မထင်ထားခဲ့ဘူး မဟုတ်လား။ အမေ ပေကျင်းကို ပြန်ရောက်ပြီးတာနဲ့ သားကို အဝေးကနေဖြစ်ဖြစ် တစ်ခါလောက်တွေ့နိုင်ဖို့ သားရဲ့အိမ်ကို လာခဲ့တယ်။ သား မင်္ဂလာဆောင်တဲ့နေ့မှာ သားရဲ့အိမ်နားမှာ အချိန်အတော်ကြာတဲ့အထိ အမေ မတ်တပ်ရပ်နေခဲ့တယ်။ သား လက်ထပ်တာကို လူကိုယ်တိုင် သေချာ မတွေ့နိုင်ခဲ့လို့ စိတ်မကောင်းဖြစ်ခဲ့ရတယ် "
ထိုစကားကို ပြောပြီးနောက် သူမ မျက်နှာကို အုပ်ကာ တိုးတိုးလေး ငိုရင်း ပခုံးများ တုန်ယင်နေသည်။
၀မ်ရူကွေ့သည် သူမအား ခံစားချက်မဲ့စွာ ကြည့်နေဆဲဖြစ်ပြီး မည်သည်ကိုမှ မပြောပေ။
သူမတို့ဘေးရှိ စားပွဲထိုးသည် အတင်းအဖျင်းအကြည့်များဖြင့် သူမတို့အား ကြည့်နေသည်။
ချန်ရှိူ့ယွင်က သူမ အချိန်အကြာကြီး ငိုနေသည်ကို ကြည့်နေခဲ့ပြီး လျစ်လျူနေလျက် ရှိပေသည်။ သူမသည် ရှက်ရွံ့ကာ ဒေါသထွက်နေသည်။ " ရူကွေ့၊ သား အမေ ဘယ်လိုလုပ်မှ အမေ့ ခွင့်လွှတ်နိုင်မှာလဲ "
၀မ်ရူကွေ့သည် ဤတစ်ကြိမ်တွင် လှုပ်ရှားမှုအချို့ ပြုလုပ်လိုက်သည်။ သူက ခေါင်းငုံ့ကာ ဘယ်ဘက်လက်ကောက်ဝတ်ရှိ သူ့နာရီကို ကြည့်လိုက်သည်။
" ခင်များမှာ လေးမိနစ်ကျန်သေးတယ် "
ချန်ရှိူ့ယွင်သည် အံကြိတ်လိုက်ပြီး သူ့အား ကျိန်ဆဲလုနီးပါးပင်ဖြစ်သွားလေသည်။
သူမသည် နောက်ထပ် အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် ခေါင်းကိုငုံ့ကာ အဝတ်ဖြင့် ထုပ်ထားသော သေတ္တာတစ်လုံးကို ထုတ်ယူရန် သူမ၏ အိတ်ဆီသို့ လက်လှမ်းလိုက်သည်။
သူမ အ၀တ်စကို ဖြေလိုက်သည့်အခါ အထဲ၌ နောက်ထပ်အ၀တ်စအလွှာတစ်ခု ရှိနေပြီး သူမ အလွန်တန်ဖိုးထားရသည့်အရာကဲ့သို့ ဖြစ်နေလေသည်။
ဒုတိယအ၀တ်စအား ဖြေချလိုက်ပြီး အထဲမှ သစ်သားသေတ္တာတစ်ခုကို ထုတ်ဖော်ပြသသည်။
သူမက သစ်သားသေတ္တာကို ဖွင့်လိုက်ကာ အထဲမှ တစ်ဝက်စုတ်ဖြဲခံထားရသည့် ဓာတ်ပုံတစ်ပုံကို ထုတ်ယူသည်။ " ဒါက သား ကလေးဘဝတုန်းက အမေနဲ့ရိုက်ခဲ့တဲ့ ဓာတ်ပုံလေ။ သား အဘိုးက ဒီပုံကို အပိုင်းပိုင်း စုတ်ဖြဲခဲ့တာ။ အမေ နောက်ဆုံးမှ ပြန်လုယူနိုင်ခဲ့တာ ။
" ဒါ အမေ့ရဲ့ကလေးလေး၊ အမေ သားကို လွမ်းတိုင်း ဒီဓာတ်ပုံကို ကြည့်ပြီး သားက အမေ့ အနားမှာ ရှိနေသလို ခံစားရတယ် "
သူမ ထိုကဲ့သို့ ပြောနေရင်း ဓာတ်ပုံကို ၀မ်ရူကွေ့၏ရှေ့သို့ တွန်းထုတ်လိုက်သည်။
၀မ်ရူကွေ့သည် သူမ၏စကားများကို ဂရုမစိုက်ဘဲ သူမအား သူစိမ်းတစ်ယောက်ကဲ့သို့ ကြည့်နေလျက်ရှိသည်။
သူ၏ရှေ့သို့ ဓာတ်ပုံကို တွန်းပို့သည်ကို မြင်သည့်အခါ မသိလိုက်စွာဖြင့် အောက်သို့ငုံ့ကြည့်လိုက်မိသည်။
ထို့နောက်သူ့ ခန္ဓာကိုယ်မှာ ရုတ်တရက် အေးခဲသွားတော့သည်
စားပွဲပေါ်ရှိ အဝါရောင်ဓာတ်ပုံဟောင်းကို သူ့မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။ ဓာတ်ပုံထဲမှ ကလေးငယ်သည် အသက် လေး၊ငါးနှစ်ခန့်ရှိပြီး ဝတ်စုံပြည့်ကို ဝတ်ဆင်ထားကာ ရှက်ရွံ့စွာ ပြုံးနေသည်။
သူက မလှုပ်မယှက်ဖြင့် ဓာတ်ပုံအား စိုက်ကြည့်နေသည်ကို မြင်သည့်အခါ သူ့ရင်ထဲ ထိမိသွားပြီဟု ချန်ရှိူ့ယွင်သည် ထင်သွားလေသည်။ သူမက ပါးစပ်ထောင့်ကို မြှင့်လိုက်ပြီးနောက် ပြောသည်။
" ဒီဓာတ်ပုံကို မှတ်မိလား "
၀မ်ရူကွေ့သည် ဓာတ်ပုံကို မလှုပ်မယှက်စိုက်ကြည့်နေသည့် ပုံစံကို ထိန်းသိမ်းထားလျက်ရှိသော်လည်း သူမအား ပြန်လည်ဖြေကြားခြင်းမရှိပေ။
ချန်ရှိူ့ယွင်ကမူ ဂရုမစိုက်ဘဲ သူမဘာသာ ဆက်ပြောသည်။ " အဲဒါ သားရဲ့ လေးနှစ်မြောက် မွေးနေ့လေ။ သား အဖေက စစ်တပ်ထဲရောက်နေလို့ ပြန်မလာနိုင်ခဲ့လို့ သား အရမ်းဝမ်းနည်းသွားခဲ့တာ။ အမေက သားကို တစ်ခု တောင်းဆိုခွင့်ပေးခဲ့တယ်။ အဲ့ဒီတုန်းက သားက အမေနဲ့ ဓာတ်ပုံရိုက်ချင်တယ်လို့ ပြောခဲ့တာလေ။
" ဒါနဲ့ အမေက မင်းကို အဘိုးဝယ်တဲ့ ဝတ်စုံပြည့်လေး ဝတ်ပေးပြီး ဓာတ်ပုံရိုက်ဖို့ စတူဒီယိုကို ခေါ်သွားခဲ့တာ။ ဓာတ်ပုံစတူဒီယိုက ဓာတ်ပုံဆရာက သားက အရမ်းချစ်စရာကောင်းပြီး လိမ်မာလို့ သားရဲ့ဓာတ်ပုံကို သူတို့ဓာတ်ပုံစတူဒီယိုအတွက် ပရိုမိုးရှင်းဓာတ်ပုံအဖြစ် သုံးချင်ခဲ့ပေမယ့် အမေ သဘောမတူခဲ့ဘူး။ သား မှတ်မိလား "
၀မ်ရူကွေ့သည် ရုတ်တရက် ခေါင်းမော့လာပြီး မျက်လုံးများက ထူးဆန်းနေသည်။ သူက ဓာတ်ပုံထဲမှ ကလေးလေးကို လက်ညှိုးထိုးပြပြီး " သူက ဘယ်သူလဲ "
ချန်ရှိူ့ယွင်သည် ဤမေးခွန်းကိုကြားသောအခါ ကြောင်အသွားသော်လည်း သူမမျက်နှာပေါ်တွင် နူးညံ့သိမ်မွေ့သည့် ပုံစံဖြင့် တုံ့ပြန်ခဲ့သည်။
" အရူးလေး။ အဲဒါ သားပဲလေ။ သား လေးနှစ်သားတုန်းက သားရဲ့ဓာတ်ပုံတစ်ပုံ။ သားရဲ့အိမ်မှာ သား ကလေးတုန်းက ဓာတ်ပုံကို မမြင်ခဲ့ဖူးဘူးလား "
၀မ်ရူကွေ့ က သူ့ခေါင်းကို တစ်စုံတစ်ခု ထိမှန်သွားပုံရပြီး ဦးနှောက်က တ၀ီ၀ီမြည်နေပြီး သူ့မျက်နှာပေါ်ရှိ သွေးများဆုတ်ယုတ်သွားလေသည်။
ဓာတ်ပုံထဲမှ ကောင်လေးသည် သူဖြစ်လျှင် ရှောင်ရွှိက ဘာကြောင့် သူနှင့် ရုပ်တူ နေရတာလဲ။
မှားနေပြီ။
တစ်ခုခုတော့ လွဲမှားနေလေပြီ။
သူ့လက်များက စားပွဲခုံအစွန်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်ကာ လက်ဖမိုးရှိ သွေးကြောများသည် ဖိအားများလွန်းသောကြောင့် ဖောင်းပွလာသည်။ ဤအချိန်မှာ သူ၏နှလုံးခုန်နှုန်း မည်မျှဖြစ်နေမည်ကို မှန်းဆကြည့်နိုင်ပေသည်။
ချန်ရှိူ့ယွင်သည်လည်း သူတစ်ခုခုဖြစ်နေသည်ကို သတိပြုမိသွားပြီး သတိထားလျက် မေးမြန်းသည်။
" ရူကွေ့၊ သား ဘာဖြစ်နေတာလဲ၊ မျက်နှာက ဘာလို့ ရုတ်တရက်ကြီး ကြောက်စရာကောင်းသွားရတာလဲ။ တစ်နေရာရာက အဆင်မပြေလို့လား "
ဝမ်ရူကွေ့၏ မျက်လုံးများမှာ နီရဲလာပြီး တစ်စုံတစ်ယောက်ကို စားချင်နေသကဲ့သို့ ဖြစ်လေသည်။ သူမအား သာမန်ကာလျှံကာ ကြည့်လိုက်ပြီး "ရှောင်ရွှိကို သိလား "
" ရှောင်ရွှိကိုလား " ချန်ရှိူ့ယွင်သည် ခဏလောက်စဉ်းစားပြီး ခေါင်းယမ်းလိုက်သည်။
" အမေ သူ့ကိုမသိဘူး၊ သားမှာ အိမ်ရာ၀န်းထဲက သူငယ်ချင်း နှစ်ယောက်ရှိတာ မှတ်မိတယ်။ တစ်ယောက်က ရှောင်ဖန့် နဲ့ ကျန်တစ်ယောက်က ဖူကျန့်ယိ လို့ခေါ်တယ်၊ ရှောင်ရွှိလို့ နာမည်ရှိတဲ့သူ တစ်ယောက်မှမရှိဘူး "
၀မ်ရူကွေ့သည် ဆောင်းရာသီတွင် တစ်စုံတစ်ယောက်က သူ့ခေါင်းပေါ်ရေအေးများလောင်းချလိုက်သလို ခံစားလိုက်ရပြီး သူ့တစ်ကိုယ်လုံး ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွားတော့သည်။
နောက်ဆုံး၌ တစ်ခုခုလွဲမှားနေပြီဆိုသည်ကို သူ သိရှိသွားတော့သည်။
ရှောင်ရွှိသည် သူ ငါးနှစ်သားအရွယ်တွင် ပေါ်လာခဲ့သည်။ သူက သူ့ကို သိလာသည်မှာ အနှစ်နှစ်ဆယ်ကျော်ခဲ့ပြီဖြစ်သည်။ သူက အရွယ်ရောက်လာကာ အိမ်ထောင်ကျပြီး ကလေးရှိလာခဲ့ပြီး ဖူကျန့်ယိသည်လည်း ကြီးပြင်းလာကာ အရွယ်ရောက်လာသည်။ ရှောင်ရွှိတစ်ယောက်သည်သာ လေး၊ငါးနှစ် အရွယ်ဖြစ်နေသည်။
အနှစ်နှစ်ဆယ်ကျော်အတွင်း မပြောင်းလဲခဲ့ပေ။
သို့သော် သူသည် ယခင်က သတိမထားမိခဲ့ဘဲ တစ်ခုခု မှားယွင်းသည်ဟုလည်း မခံစားခဲ့ရချေ။
ရှောင်ရွှိက အမှန်တကယ် တည်ရှိပါရဲ့လား။
သူ အမှန် တကယ် ရှိသည်ဆိုလျှင် ငယ်စဥ်ကနှင့် အဘယ့်ကြောင့် တူညီနေရသနည်း။ အနှစ် ၂၀ ကျော်အတွင်း သူ အဘယ့်ကြောင့် ကြီးပြင်းမလာခဲ့သနည်း။
၀မ်ရူကွေ့၏ ဦးခေါင်းသည် အလွန်နာကျင်ပြီး စိတ်ရှုပ်ထွေးသွားကာ ရေခဲခန်းထဲသို့ ကျသွားသလို ခံစားလိုက်ရကာ သူ့သွားများသည် အေးစက်သွားကာ တုန်ယင်နေကြသည်။
အကယ်၍ ရှောင်ရွှိက မရှိခဲ့လျှင် လွန်ခဲ့သည့် အနှစ်နှစ်ဆယ်လုံး သူ့အား အဘယ့်ကြောင့် အမြဲတွေ့နေခဲ့ရသနည်း။ သူသည် စကားပြောရန် သူ့အား အဖော်ပြုပေးခဲ့သူဖြစ်ပြီး နောက်ဆုံးအကြိမ်တွင် ရှစ်ရှိုးနန်အား ကိုင်တွယ်ရန် ကူညီခဲ့သူဖြစ်သည်။
ရှစ်ရှိူးနန်။
ရှောင်ရွှိမှာ ရှိကောင်းရှိနိုင်ပေသည်။ ထုံရွှယ်လူသည်လည်း ထိုနေ့တွင် သူ့ကို နှုတ်ဆက်ခဲ့ပြီး ရှောင်ရွှိက သူမကို လှပသည်ဟုပင် ချီးကျူးခဲ့သည်။
သို့သော် ထိုသည်က သူ့အား လက်ခံမယုံကြည်နိုင်စေသေးချေ။ ယခင်က တစ်ခုမှ လွဲမှားနေခဲ့သည်ကို သတိမထားမိစဉ်က အဆင်ပြေနေခဲ့သော်လည်း ယခု အခါ သူ့ကိုယ်သူ မည်မျှပင် အယုံသွင်းပါစေ အခြေအနေအား ယုတ္တိရှိသည်ဟု မထင်နိုင်တော့ချေ။
ကမ္ဘာပေါ်တွင် တူညီသောသစ်ရွက်နှစ်ရွက်မရှိ၊ အတိအကျ တူညီသည့် ရုပ်ရည်ရှိသော လူနှစ်ဦးလည်းမရှိချေ။ ဤပုဂ္ဂိုလ်သည် အနှစ် နှစ်ဆယ်ကျော် လေး၊ငါးနှစ်အရွယ်၌ ရှိနေသည်ကို ပြောစရာပင် မလိုချေ။
၀မ်ရူကွေ့သည် ပေါက်ကွဲတော့မည့်အလား ခေါင်းကိုက်နေလေသည်။
သူက စားပွဲကို ကိုင်ကာ မတ်တပ်ထရပ်လိုက်ပြီး ဒယိမ်းဒယိုင် ပြေးထွက်သွားလေသည်။
သူ့စိတ်ထဲ၌ အတွေးတစ်ခုသာလျှင် ရှိတော့ပြီး ရှောင်ရွှိကိုရှာကာ အဘယ့်ကြောင့် အရွယ်ရောက်မလာခဲ့သနည်းဟူ၍သာ မေးလိုနေသည်။
သို့သော် သူ အပြင်သို့ ပြေးလွှားထွက်လာသည့်အခါ ရှောင်ရွှိ၏မိသားစု မည်သည့်နေရာ၌ နေထိုင်သည်ကို မသိသောကြောင့် အံ့အားသင့်သွားတော့သည်။
(Poor baby 🥺🥹)