🍵Chapter 338
ထုံရွှယ်လူက ရုတ်တရက်ထထိုင်လိုက်သည်။ သူမ၏နှလုံးခုန်နှုန်းမှာ အလွန်မြန်ဆန်နေလေသည်။
သူမ၏ကိုယ်ဝန်ကြောင့် အလွန်စိတ်ထိခိုက်လွယ်နေသည် ဟုတ်မဟုတ်ကို အသေအချာ မသိသော်လည်း နှလုံးသားထဲတွင် ထူးဆန်းသောသတိပေးချက်တစ်ခုရှိနေသည်။
အပြင်မှ လမုန့်လေး နှင့် လျိုရှားပေါင် တို့၏အော်သံကို ကြားနိုင်နေပေသည်။ လမုန့်လေးနှင့် နှိုင်းယှဉ်ပါက မူဂာမာယာများလွန်းသည့် လျိုရှားပေါင်သည် အနည်းငယ် တုံးအသည့်ပုံရနေသည်။ အိမ်သာသွားခြင်းအတွက် လမုန့်လေးက သူ့ကို သင်ကြားရသည်မှာ လ၀က်ခန့် ကြာမြင့်ခဲ့သည်။
မကြာသေးခင်က လမုန့်လေးသည် လျိုရှားပေါင်အား ပိုင်ရှင်နှင့်မိသားစုအား ကာကွယ်သည့်အလုပ်ကို လျင်မြန်စွာ ယူနိုင်ရန် အနံ့ခံခြင်းအား သင်ကြားပေးနေသည်။ သို့သော်ငြား ဤတာ၀န်မှာ သိသိသာသာ ခက်ခဲနေပြီး လျိုရှားပေါင်သည် လမုန့်လေးအား ဒေါသတကြီး အော်ဟစ်စေသည်။
ပြတင်းပေါက်မှနေရောင်သည် ကြမ်းပြင်တစ်ပြင်လုံးတွင် ရွှေဝါရောင်အဖြစ် ဖြာကျနေပြီး လေအေးများတိုက်ခတ်လာသဖြင့် လိုက်ကာများကလည်း လွင့်ပျံနေသည်။
အချိန်ကြာလာသည်နှင့်အမျှ ငြိမ်သက် အေးချမ်းသည့် ဤခံစားချက်က သူမနှလုံးသားကို အနည်းငယ် ငြိမ်သက်သွားစေသည်။
သူမသည် ကုတင်ပေါ်မှ ဆင်းလိုက်ပြီး တံခါးမှ အပြင်ကို ထွက်လာသည့်နှင့် ဦးလေးဇုန်း မီးဖိုချောင်ထဲမှ ထွက်လာသည်ကို တွေ့ရသည်။ " ရွှယ်လူ နိုးပြီလား။ ဗိုက်ဆာနေပြီလား။ မီးဖိုချောင်ထဲမှာ ခိုစွပ်ပြုတ်ကျိုနေတယ်။ အခုစားတော့မလား "
ထုံရွှယ်လူ၏ နှုတ်ခမ်းများ ကွေးတက်သွားသည့် " ကျေးဇူးတင်ပါတယ် ဦးလေးဇုန်း။ သမီး နည်းနည်း ဗိုက်ဆာနေပြီမို့ အခုချက်ချင်း သွားယူလိုက်မယ် ""
ဦးလေးဇုန်းက သူ့လက်ကို အမြန် ဝှေ့ယမ်းလိုက်ပြီး " မဟုတ်ဘူး၊ မဟုတ်ဘူး၊ ဒီကိစ္စလေးကို ဦးလေးပဲလုပ်မယ် "
"စကားမစပ်၊ အဘိုး ဘယ်သွားတာလဲ "
" သမီးပန်းကြိုက်တယ်လို့ ရူကွေ့ အရင်က ပြောခဲ့ဖူးတယ်။ ဒီနေ့ဈေးမှာ ပန်းရောင်းနေတဲ့သူတစ်ယောက်ရှိတယ်။ ဗိုလ်မှူးက သူ့ကိုတွေ့ဖို့ လိုက်သွားတော့ ဦးလေးလည်း ဗိုလ်မှူးကို သွားရှာတော့မလို့ ""
ဦးလေးဇုန်း က ဟင်းချိုကို ခပ်ထည့်လိုက်ပြီး ဧည့်ခန်းသို့ သွားသည်။
ထုံရွှယ်လူကသူမ၏လက်များကို ဆေးကြောကာ လမ်းလျှောက်၀င်လာသည်။ " ဦးလေးဇုန်း၊ မြန်မြန်သွားချေ။ အကြာကြီးစောင့်ရရင် အဘိုးက စိတ်မရှည်ဖြစ်နေလိမ့်မယ် "
ဦးလေးဇုန်းက နှုတ်ဆက်လိုက်ပြီး ဟင်းသီးဟင်းရွက်ခြင်းတောင်းကို ယူကာ ထွက်သွားသည်။
ခြံဝန်းသည် တစ်ဖန် တိတ်ဆိတ်သွားကာ ထုံရွှယ်လူသည် ဇွန်းကို ကောက်ယူလိုက်ပြီး ဟင်းရည်တစ်ငုံ သောက်လိုက်သည်။ ၎င်းသည် အရသာပေါ့ကာ အရသာရှိပြီး သူမ၏ လက်ရှိစားချင်စိတ်အတွက် အလွန်သင့်လျော်သည်။
ကိုယ်ဝန်ရှိစကတည်းက သူမ ခံတွင်းတွေ့သည်များမှာ ထူးဆန်းလာခဲ့သည်။ တခြားသူများသည် ချဉ်ချဉ်စပ်စပ်အစားအစာများကို စားချင်ကြပေမယ့် သူမကမူ ရုတ်တရက် ခပ်ပေါ့ပေါ့အရသာများကို တောင့်တနေသည်။
ဟင်းရည်သောက်ပြီးသည်နှင့် သူမမက်ခဲ့သည့် အိပ်မက်ကို ရုတ်တရက် သတိရသွားသည် ။အိပ်မက်သည် အမှန်တကယ်ကဲ့သို့ ဖြစ်လွန်းနေပေသည်။အရေးကြီးဆုံးမှာ ၀မ်ရူကွေ့ပြိုလဲသွားသည်ကို သူမ တစ်ခါမှ မမြင်တွေ့ခဲ့ဖူးချေ။
မသက်မသာ ခံစားချက်က သူမအပေါ်ကို ထပ်ရောက်လာပြန်သည်။
ထုံရွှယ်လူသည် ဟင်းချိုခွက်ကို မီးဖိုချောင်သို့ယူကာ ရေဆေးလိုက်သည်။ သူမ ပြန်ရောက်သောအခါ အခြေစိုက်စခန်းသို့ ဖုန်းဆက်လိုက်သည်။ တယ်လီဖုန်းက အကြိမ်ကြိမ် မြည်သော်လည်း မည်သူမျှ ဖြေကြားခြင်းမရှိပေ။
မသက်မသာဖြစ်သည့် စိတ်ခံစားချက်များ ပိုပြင်းထန်လာသော်လည်း ၀မ်ရူကွေ့မှာ ယခုချိန်အလုပ်ရှုပ်နေသောကြောင့် သို့မဟုတ် ရုံးခန်းတွင် ရှိမနေသောကြောင့် ဖုန်းမကိုင်ဖြစ်သည်ဟု သူမကိုယ်သူမ နှစ်သိမ့်လိုက်သည်။
ဖုန်းချပြီးနောက်တွင် သူမ ခါးကိုထောက်ကာ ဧည့်ခန်းထဲတွင် စက်ဝိုင်းပုံစံလှည့်ပတ်ပြီး သူမကိုယ်သူမ အာရုံပြောင်း၍ စိုးရိမ်စိတ်နည်းပါးရန် ကြိုးစားသည်။
သို့သော်ငြား များသောအားဖြင့် ကောင်းကောင်းအလုပ်လုပ်ဖြစ်သည့် နည်းလမ်းမှာ ဤအကြိမ်၌ အကျိုးသက်ရောက်မှု မရှိပေ။
ထုံရွှယ်လူက ဆယ့်ငါးမိနစ်ခန့်စောင့်ပြီး နောက် အခြေစိုက်စခန်းရုံးခန်းသို့ ထပ်မံ မခေါ်ဆိုဘဲ မနေနိုင်တော့ချေ။
မည်သူမှ မဖြေကြားလာပေ။
ဖုန်းချသွားပြီးနောက် သူမသည် ခဏလောက် စဉ်းစားလိုက်ပြီး ဖုန်းကိုပြန်ကောက်ကာ ဧည့်ကြိုကောင်တာအား ဖုန်းခေါ်လိုက်သည်။ "ဟဲလို၊ ကျွန်မ ၀မ်ရူကွေ့နဲ့ စကားပြောချင်ပါတယ်"
အော်ပရေတာ၀န်ထမ်း အန်းယွဲ့မိန်မှ သည် ထုံရွှယ်လူ၏အသံကို ချက်ချင်းမှတ်မိလိုက်သည်။ " ရှင်က ညွှန်ကြရေးမှူး၀မ်ရဲ့ ဇနီး မဟုတ်လား "
" ဟုတ်ပါတယ်၊ သူ့ရုံးခန်းကို ခေါ်ခဲ့ပေမဲ့ ဘယ်သူမှ ဖုန်းမဖြေခဲ့ဘူး။ ကျွန်မ အလျင်လိုနေပြီး သူ့ကို တွေ့ချင်နေလို့ပါ။ လောလောဆယ် သူ အလုပ်များနေတာလား သိချင်လို့ပါ"
" ဆယ်မိနစ်နေရင် ရှင် ဖုန်းပြန်ခေါ်လို့ရ ပါပြီ။ ကျွန်မ ရှင့်ကို ကူရှာပေးမယ် "
" ကောင်းပါပြီ။ ကျေးဇူးတင်ပါတယ် "
" ရပါတယ် "
ထုံရွှယ်လူသည် သူမ၏နာရီကို ကြည့် နေပြီး အချိန်က တဖြည်းဖြည်း ကုန်လွန်သွားခဲ့သည်။ ဆယ်မိနစ်ပြည့်သည့်နှင့် သူမ ချက်ချင်းပင် ဖုန်းပြန်ဆက်လိုက်သည်။
အန်းယွဲ့မိန်သည် ဖုန်းဖြေရန် ပြေးလာပုံရပြီး သူမ၏ အသံသည် အနည်းငယ် မောဟိုက်နေပုံရသည်။
" ရဲဘော်ထုံ၊ ကျွန်မ သူ့ကို သွားရှာပြီးပြီ။ ညွှန်ကြားရေးမှူး၀မ်က သူ့ရုံးခန်းနဲ့ ဓာတ်ခွဲခန်းမှာ မရှိဘူး။ တချို့က သူ့ကို လွန်ခဲ့တဲ့ နှစ်နာရီခွဲလောက်က ထွက်သွားတာကို တွေ့ခဲ့တယ်လို့ ပြောကြတယ်။ ဒါပေမဲ့ ဘယ်ကို ထွက်သွားလဲဆိုတာ မသိဘူး "
ထုံရွှယ်လူ၏ နှလုံးသားသည် အကြောင်းရင်းမရှိ လျင်မြန်စွာခုန်နေသည်။ "ဒါဆို ရဲဘော် ကျိုးရန်နဲ့ဖုန်းပြောဖို့ ကျေးဇူးပြုပြီး ကူညီပေးနိုင်မလား"
" ကောင်းပြီ ခဏစောင့်ပါ "
ဤတစ်ခါ၌ အန်းယွဲ့မိန်သည် ဖုန်းချလိုက်ပြီး နှစ်မိနစ်မပြည့်ခင် ပြန် ခေါ်လာသည်။
ကျိုးရန်က သူ့ကို ထုံရွှယ်လူ ဖုန်းခေါ်သည်ကို ကြားတော့ သူက စိတ်ရှုပ်သွားသည်။" ဟယ်လို ။ ကျိုးယန်ပါ"
" ရဲဘော် ကျိုး၊ ကျွန်မ ရွှယ်လူပါ။ ရဲဘော်အန်းက ရူကွေ့အပြင် ထွက်သွားတယ်လို့ ကြားခဲ့တယ်။ ကျွန်မ ရှင့်ကို ဒုက္ခပေးချင်တယ် ။ သူ ဘယ်ကိုသွားလဲဆိုတာ ရှင် ကျွန်မကို ကူညီပြိီး ရှာပေးနိုင်မလား "
ကျိုးရန်က ခဏလောက် ကြောင်အသွားပြီး ခေါင်းညိတ်သည်။ " ကောင်းပြီ ၊ ကျွန်တော် သွားမေးလိုက်မယ်။ သတင်းရရင် ကျွန်တော် ပြန်ခေါ်လိုက်ပါ့မယ်"
" ကျေးဇူးတင်ပါတယ်၊ ရဲဘော်ကျိုး"
ဖုန်းချသွားပြီးနောက် ကျိုးရန်က သူ့မေးစေ့ကို ကိုင်လိုက်ပြီး ၀မ်ရူကွေ့၏ဇနီးသည်က အလွန်တွယ်ကပ်လွန်းသည်ဟု သူ့ဘာသာသူ တိုးတိုးပြောလိုက်သည်။
သို့သော် အကြောင်းတစ်ခုခုကြောင့် သူ့စိတ်ထဲမှာ မနာလိုမှုကို အနည်းငယ် ခံစားလိုက်ရသည်။သူ့မိန်းမသည် ကိုယ်ဝန်ရှိကတည်းက သူမ၏ အတွေးများသည် ကလေးအပေါ်၌သာ အာရုံစိုက်ထားပြီး အဖေဖြစ်သူ သူ့အား လုံးလုံး ဂရုမစိုက်ချေ။
အရမ်းလွန်လွန်းပေသည်။
ကျိုးရန်က ဂိတ်စောင့်ကိုရှာရန် အပြင်ကို တိုက်ရိုက်ထွက်လာသည်။ ဂိတ်စောင့်သည် ၀မ်ရူကွေ့တစ်ယောက် စခန်းမှ ထွက်သွားသည်၊မထွက်သွားသည်ကို ကျိန်းသေသိပေမည်။
သို့သော် ဂိတ်စောင့်ကို လာမမေးခင်က အချက်အလက် အများအပြားရရှိလိမ့်မည်ဟု သူ မထင်မိခဲ့ချေ။ ၀မ်ရူကွေ့၏အမေက သူ့ကို ရှာရန် ရောက်လာခဲ့ပြီး ထွက်သွားကြသည် မှာ နာရီဝက်ကျော်ကြာနေပြီ ဖြစ်သည့် အတွက် တစ်ခုခုမှားယွင်းနေသည်ကို ယောင်ဝါးဝါး ခံစားမိသွားသည်။
သူ့အထင်အမြင်အရ ၀မ်ရူကွေ့၏မိဘများသည် ငယ်စဉ်ကပင် ကွာရှင်းပြတ်စဲခဲ့ကြသည်။ သူ့အမေသည် ဤနှစ်များစွာတွင် တစ်ကြိမ်တစ်ခါမျှ ပေါ်မလာခဲ့သလို ၀မ်ရူကွေ့သည်လည်း တစ်ဖက်လူအကြောင်း ပြောပြဖူးခြင်းမရှိခဲ့ချေ။
အဘယ့်ကြောင့် ရုတ်တရက်ပေါ်လာခဲ့သနည်း။
ကျိုးစန်က မနှောင့်နှေးဝံ့ဘဲ ထုံရွှယ်လူကို ဖုန်းခေါ်ဆိုရန် ချက်ချင်း ပြေးသွားသည် ။
ချန်ရှို့ယွင်က အခြေစိုက်စခန်းသို့သွားခဲ့ကြောင်း သူမ ကြားလိုက်ရသောအခါ ထုံရွှယ်လူ၏လက်ထဲတွင်ရှိသော ကြွေအိုးသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး အိုးထဲမှရေများသည် ကြမ်းပြင်ပေါ် နေရာအနှံ့ ဖိတ်စင်သွားလေသည်။
လမုန့်လေးသည် အပြင်မှ ဆူညံသံကြားလိုက်ရသဖြင့် သူမ အန္တရာယ် ကျရောက်နေပြီဟု ထင်ကာ အမြန်ပြေးလာသည်။ သူက ဧည့်ခန်းထဲတွင် တရှုံ့ရှုံ့အနံ့ခံသော်လည်း မည်သည်ကိုမျှ ရှာမတွေ့ချေ။
အရည်လဲ့နေသောမျက်လုံးများသည်စိတ်ရှုပ်ထွေးသော အမူအရာများကို ပြသနေပေသည်။
ခေါင်းကို စောင်းငဲ့နေပြီး အလွန် အူကြောင်ကြောင်ဖြစ်ကာ ချစ်စရာကောင်းနေသည်။
သို့သော် ယခုအချိန်တွင် ထုံရွှယ်လူသည် ၎င်းကိုထည့်သွင်းစဉ်းစားလိုစိတ်မရှိပေ။ သူမ၏နှလုံးသည် လျင်မြန်စွာခုန် ပေါက်နေသည်။
" ရဲဘော်ကျိုး၊ ရူကွေ့တစ်ခုခုဖြစ်သွားမှာကို ကျွန်မ စိုးရိမ်တယ်။ ကျေးဇူးပြုပြီး ရှင် အပြင်ထွက်သွားပြီး သူ့ကိုရှာပေးနိုင်မလား။ ကျွန်မ အခြေစိုက်စခန်းကို လာခဲ့ပါမယ် "
ကျိုးရန်က သူမသည် ရေကြီးခွင်ကျယ်လုပ်နေသည်ဟု တွေးမိလိုက်သည်။ ယခုအချိန်သည် နေ့ခင်းကြောင်တောင်ဖြစ်ပြီး ၀မ်ရူကွေ့ က အရွယ်ရောက်နေသည့် လူကြီးတစ်ယောက်ဖြစ်သည်။ ၀မ်ရူကွေ့၏အမေက ၀မ်ရူကွေ့ကို ပြန်ပေးဆွဲနိုင်မည်နည်း။
သို့သော် သူမ၏အသံမှာ စိုးရိမ်ပူပန်နေပုံရပြီး သာမန်အချိန် တည်ငြိမ်သောပုံစံနှင့် ကွာခြားလွန်းသဖြင့် သူက မငြင်းဆိုနိုင်ပေ။
" ကောင်းပြီ။ ကျွန်တော်အခု သွားရှာပေးမယ် "
" တောင်းပန်ပါတယ်နော်။ ရှင့် အလုပ်ကို နှောင့်နှေးစေမိပြီ "
" ကိစ္စမရှိပါဘူး။ ကျွန်တော်လည်း အခုလောလောဆယ် အားနေလို့ပါ။ ဒါဆို ဖုန်းချလိုက်တော့မယ်နော် "
ဖုန်းချလိုက်ပြီးနောက်မှသာ ထုံရွှယ်လူ သည် သူမ၏ လက်ဖဝါးက လက်သည်းဖြင့်ထိုးမှုကြောင့် သွေးများထွက်နေမှန်း သိလိုက်ရသည်။ သူမ တုန်ယင်စွာဖြင့် ဖုန်းကိုင်ကာ ဖူကျန့်ယိဆီ ခေါ်ဆိုလိုက်သည်။
ဖူကျန့်ယိထိုအရာကိုကြားသည့်အခါ သူက ချက်ချင်းပဲ တုံ့ပြန်သည်။ "စိတ်မပူပါနဲ့။ ရူကွေ့တစ်ခုခုကြောင့် နောက်ကျနေတာ ဖြစ်နိုင်ပါတယ်။ အခု မင်းကို ကျွန်တော် လာခေါ်မယ် "
ဖူကျန့်ယိ၏ လှုပ်ရှားမှုများက အလွန်မြန်ဆန်ပြီး ကားမောင်း၍ နာရီဝက်ပင် မကြာမြင့်သည့်အချိန်ဖြင့် ရောက်ရှိလာခဲ့သည်။ သို့သော် ထုံရွှယ်လူ အတွက်မူ ဤနာရီဝက်သည် အဆုံးမရှိသော နာကျင်မှုတစ်ခုဖြစ်သည်။
ကျိုးရန်ထံမှ သတင်းမရရှိသဖြင့် ၀မ်ရူကွေ့ သည် အခြေစိုက်စခန်းသို့ ပြန်မလာသေးကြောင်းသိသာနေသည်။ သူမသည် စိတ်အဆင်မပြေဖြစ်နေသောကြောင့် ချန်ရှို့ယွင်ကို ချက်ချင်း ရှာဖွေကာ သတ်ပစ်လိုသည်။
၀မ်ရူကွေ့သည် ယခုအချိန်တွင် ပြိုလဲနေမည် သို့မဟုတ် ကူကယ်ရာမဲ့ဖြစ်နေမည်၊ သို့မဟုတ် ကမ္ဘာကြီးကို စိတ်ပျက်အားငယ်နေမည်လား သူမ မသိချေ။
စိတ်ကစဥ့်ကလျားရောဂါရှိသူများတွင် ၎င်းတို့နာမကျန်းဖြစ်ခြင်း၏ ပြင်းထန်မှု က မည်သို့ပင်ရှိစေကာမူ တူညီသောအရာတစ်ခုရှိပြီး ၎င်းမှာ သူတို့သည် ဖျားနာနေသည် သို့မဟုတ် ပုံမှန်မဟုတ်သည်ဟု မခံစားကြပေ။
၎င်းတို့သည် ယင်းအား သဘောပေါက်သွားကြသည်နှင့် နောက်ဆက်တွဲဖြစ်လာသည်က သူတို့ကိုယ်သူတို့ ရွံ့ရှာကြခြင်း၊ သံသယဖြစ်ခြင်းနှင့် ကမ္ဘာကြီးတစ်ခုလုံးအား ထိတ်လန့်ခြင်းတို့ဖြစ်ကြသည်။
သူမသည် ၀မ်ရူကွေ့ကို အမြန်ဆုံး ရှာဖွေလိုပြီး ယခုချက်ချင်း သူရှိရာဆီသို့ ပျံသန်းသွားလိုမိသည်။
ဖူကျန့်ယိရောက်လာသည့်အခါ သူမသည် ဧည့်ခန်းထဲမှာ စာရေးသားထားခဲ့ပြီး ကားပေါ်တက်ကာ အခြေစိုက်စခန်းဆီသို့ မောင်းထွက်သွားလိုက်ကြသည်။
ဖူကျန့်ယိသည် ခေါင်းလှည့်ကာ သူမအား ကြည့်လိုက်ပြီးနောက် နှစ်သိမ့်သည်။ " မင်းကိုယ်မင်း မခြောက်လန့်ပါနဲ့။ အဆင်ပြေသွားမှာပါ "
ထုံရွှယ်လူသည် သူမ၏လက်ချောင်းများကို လက်သီးကျစ်ကျစ်ဆုတ်ထားသည်။ " အားလုံး ကျွန်မ အမှားပါ။ ရူကွေ့ဆီမှာ တစ်ခုခုဖြစ်မှာကို ကျွန်မသိနေခဲ့တယ်။ ကျွန်မ ချန်ရှို့ယွင်ကို ပိုပြီး သတိထားခဲ့သင့်တယ်။ မနေ့က အခြေစိုက်စခန်းကို ကျွန်မ သွားခဲ့သင့်တယ် "
သူမသည် မူလက ယမန်နေ့တွင် အခြေစိုက်စခန်းသို့ သွားလိုခဲ့သည်။သို့သော် သူမ၏အဘိုးမှာ နေမကောင်းဖြစ်ချင်သလိုဖြစ်နေပြီး ရှောင်းကျားမင်နှင့် ကလေးများသာ အိမ်၌ ရှိနေကြသည်။ အဘိုး၀မ်မှာ အသက်ကြီးနေပြီဖြစ်သဖြင့် သူမ ထိုအချိန်၌ ထွက်ခွာရန် စိတ်မဖြောင့်ခဲ့ချေ။
မမျှော်လင့်စွာဖြင့် သူမ သတိမထားလိုက်သည့်အချိန်လေး၌ ချန်ရှို့ယွင်သည် အခြေစိုက်စခန်းသို့ လျင်မြန်စွာ ရောက်ရှိသွားသည်။
ဖူကျန့်ယိ : " မင်းကို ဘယ်လိုအပြင်တင်ရက်ပါ့မလဲ့။ ချန်ရှို့ယွင်က ရူကွေ့ဆီ ရုတ်တရက်ကြီး သွားလိမ့်မယ်လို့ မင်း မထင်ခဲ့ဘူးလေ။ ဒါပေမဲ့ ကြိုသာသိထားခဲ့ရင် အစောင့်ကို ကြိုတင်မိတ်ဖွဲ့ထားသင့်တယ် ..."
သူ၏ စကားတစ်၀က်တစ်ပျက်တွင် ထုံရွှယ်လူက သူ့အား ချေပရန်ပင် မလိုဘဲ သူ့စကားမှားယွင်းသွားမှန် သူကိုယ်တိုင် သဘောပေါက်သွားသည်။
သိပ္ပံသုတေသနအခြေစိုက်စခန်းသည် ရိုးရိုးသာမန်နေရာတစ်ခုမဟုတ်ချေ။အခြေစိုက်စခန်းအကြောင်း မည်သူ့မဆို စောင့်ကြည့်ခြင်း သို့မဟုတ် မေးမြန်းခြင်း မပြုလုပ်နိုင်ပေ။ မိသားစု၀င်များသည်တောင် အစောင့်များ သို့မဟုတ် အခြားသူများနှင့် လျှို့ဝှက်စွာ ဆက်သွယ်ခြင်း မပြုနိုင်ချေ။
အကယ်၍ ထုံရွှယ်လူက ဂိတ်စောင့်အား မိတ်ဆွေဖွဲ့ထားခဲ့ပြီး အခြားသူများသာ တွေ့ရှိသွားလျှင် ၎င်းတို့သည် သူမက နိုင်ငံတော်လျှို့ဝှက်ချက်များကို ခိုးယူလိုသည်ဟု တွေးကြမည်ဖြစ်ပြီး ပြဿနာများဖြစ်သွားပေမည်။
ထုံရွှယ်လူက သူ၏ တုံ့ပြန်မှုကို မြင်သည့်အခါ မည်သည့်စကားကိုမျှ မပြောဆိုဘဲ ပြတင်းပေါက်အပြင်ဘက်သို့သာ ကြည့်နေလိုက်သည်။
ဆောင်းရာသီသို့ ရောက်ရှိလာနေပြီး လမ်းဘေးရှိ အပင်များ၏ သစ်ရွက်များမှာ အ၀ါရောင်သို့ ပြောင်းလဲနေလျက်ရှိကြသည်။ အေးမြသည့်လေ တိုက်ခတ်သွားချိန်တွင် သစ်ကိုင်းများက တစ်ခုပြီးတစ်ခုပြုတ်ကျလာကြပြီး သစ်ကိုင်းကင်းမဲ့ကာ ပျက်စီးခြောက်ကပ်နေပေသည်။
ထိုကဲ့သို့ မြင်ကွင်းသည် သူမအားပို၍ပင် စိတ်မသက်မသာဖြစ်စေသည်။
ဖူကျန့်ယိသည် သူမ၏မျက်နှာ ဖြူဖျော့နေသည်ကိုမြင်သည့်အခါ သူမ သူနှင့်အတူတူရှိစဉ် တစ်ခုခုဖြစ်သွားမည်ကို စိုးရိမ်နေပြီး ထိုအခါ သူက ၀မ်မိသားစုအား ရှင်းပြနိုင်မည်မဟုတ်သဖြင့် သူမအား ထူးဆန်းသည့် အကြောင်းအရာများပြောရန် ဦးနှောက်ခြောက်အောင် စဉ်းစားလိုက်သည်။
သို့သော် ထုံရွှယ်လူက ယခုအချိန်တွင် မည်သည့်စကားကိုမှ နားမထောင်နိုင်ချေ။
" ရဲဘော်ဖူ။ ကျွန်မ ခဏလောက် တိတ်တဆိတ်ရှိချင်တယ် "
ဖူကျန့်ယိသည် ထိုစကားကို ကြားသည့်အခါ ချက်ချင်း ပါးစပ်ပိတ်လိုက်ရသည်။
ကားထဲမှ အခြေအနေသည် တိတ်ဆိတ်သွားကာ လေထုက အနည်းငယ် လေးလံနေပေသည်။
တဖြည်းဖြည်း အရှိန်မြင့်ကာ မောင်းနှင်လာခဲ့ပြီး တစ်နာရီကျော်ကြာမြင့်ပြီးသည့်နောက် အခြေစိုက်စခန်းသို့ ရောက်သွားကြသည်။
မည်သူမှ လာရောက်မခေါ်သဖြင့် သူတို့က စခန်းထဲသို့ မ၀င်နိုင်ကြချေ။ ဂိတ်စောင့်သည် ၀မ်ရူကွေ့ ပြန်ရောက်မလာသေးဟု ပြောသည့်အခါ အခြေအနေက ပို၍ ဆိုးရွားသွားတော့သည်။
" အဲဒီ ညွှန်ကြားရေးမှူး၀မ်ရဲ့ အမေဆိုတဲ့ အမျိုးသမီးကို အစက မယုံကြည်ခဲ့ဘူး။ သူမ ပုံစံက ပိုပြီးအသက်ကြီးတဲ့ပုံပေါက်နေပြီး အကျင့်စရိုက်ကလည်းဆိုးသေးတယ်။ ဒါပေမဲ့ နောက်တော့ ညွှန်ကြားရေးမှူး၀မ်က ထွက်လာပြီး အဲဒါကို မငြင်းဆိုခဲ့ဘူး။ သူတို့ ကိစ္စတစ်ခုခုကို ဟိုးက အစိုးရပိုင်စားသောက်ဆိုင်မှာ ဆွေးနွေးကြမယ်ပြောခဲ့တယ် ထင်တာပဲ "
ထုံရွှယ်လူသည် ပိုက်ဆံအိတ်၏ သိုင်းကြိုးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး တောင့်တင်းသည့် အပြုံးနှင့် ပြောသည်။
" ညွှန်ကြားရေးမှူး၀မ်ရဲ့ မိဘတွေက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ကွာရှင်းခဲ့ကြတာ ဒီနှစ်တွေအတွင်း အမေနဲ့သားက မတွေ့ခဲ့ကြဘူး။ ဒီကိစ္စက စခန်းမှာ လျှို့ဝှက်ချက်မဟုတ်ပေမယ့် ညွှန်ကြားရေးမှူးဝမ်အတွက် ရှင် လျှို့ဝှက်ထားနိုင်မယ်လို့ ကျွန်မ မျှော်လင့်မိပါတယ် "
ထိုသို့ပြောလိုက်ပြီးနောက် သူမ၏အိတ်ထဲမှ ယုန်ဖြူသကြားလုံးလက်တစ်ဆုပ်စာကို ထုတ်ယူကာ ပေးလိုက်သည်။
ဂိတ်စောင့်က သူ့လက်ကို လျင်မြန်စွာ ဝှေ့ယမ်းသည်။
" ကျွန်တော် ဒါကို လက်မခံနိုင်ပါဘူး။စိတ်မပူပါနဲ့။ ကျွန်တော်က ပါးစပ်လုံပါတယ်။ အခြားသူတွေကို လျှောက်မပြောပါဘူး "
ထုံရွှယ်လူသည် ယုန်ဖြူသကြားလုံးများကို အနီးနားရှိ စားပွဲပေါ်သို့ တင်လိုက်ပြီးနောက် ဖူကျန့်ယိနှင့် ကားထဲသို့၀င်ကာ လူရှာရန် အစိုးရပိုင်စားသောက်ဆိုင်ဆီသို့ မောင်းထွက်သွားသည်။
အစိုးရပိုင်စားသောက်ဆိုင်ဆီသို့ ရောက်သည့်အခါ သူမတို့ အထဲသို့ မ၀င်မီ ကျိုးရန်က တစ်နေရာရာမှ ချွေးများထွက်ကာ ပေါ်လာသည်ကို မြင်လိုက်ရသည်။
" ရဲဘော်ထုံ၊ ရဲဘော်ဖူ ဘယ်လိုလုပ် ဒီလောက်မြန်မြန်ရောက်လာကြတာလဲ "
ထုံရွှယ်လူသည် သူ့အား မြင်သည့်အခါ ရှေ့သို့ ပြေးသွားသည်။ " ရဲဘော်ကျိုး ရူကွေ့ကို ရှာတွေ့လား "
ကျိုးရန်က ခေါင်းရမ်းလိုက်သည်။ " မတွေ့ခဲ့ဘူး။ ဂိတ်စောင့်ဆီကနေ သူတို့ စားသောက်ဆိုင်ကို သွားခဲ့မှန်း သိခဲ့တာ။ ဒါပေမဲ့ ကျွန်တော်ဒီကိုရောက်တော့ အမျိုးသမီးတစ်ယောက်ကို အခြေစိုက်စခန်းက သုတေသနပညာရှင်ဖြစ်တဲ့ သားဖြစ်သူက တွန်းပစ်ခဲ့တယ်လို့ ကြားတယ်။ သူမက သတိလစ်သွားပြီး ဆေးရုံတင်လိုက်ရတယ်။ တချို့က သူမ သေသွားပြီလို့လည်း ပြောနေကြတယ် "
" ကျွန်တော် အဲဒါကိုကြားတာနဲ့ အဲဒီသူတွေက ရူကွေ့နဲ့ သူ့အမေဆိုတာ သိလိုက်တယ်။ ကျွန်တော် ရူကွေ့ကို ရှာလို့မတွေ့ဘူး။ ပြီးတော့ လူတစ်ယောက် တကယ်သေသွားသလားဆိုတာကိုလည်း အရမ်းစိတ်ပူနေမိတယ်။ ဒါကြောင့် ဆေးရုံကို ဘာတွေဖြစ်ခဲ့သလဲသိဖို့ သွားကြည့်မလို့။ ဆေးရုံမှာရှိတဲ့ ချန်ရှို့ယွင်ဆိုတဲ့ အမျိုးသမိီးရဲ့ခေါင်းက ကွဲသွားခဲ့ပြီး သွေးတော်တော်ထွက်ခဲ့တယ်ပြောတယ်။ ဒါပေမဲ့ အသက်အန္တရာယ် မရှိဘူးတဲ့ "
ချန်ရှို့ယွင်ကို ၀မ်ရူကွေ့က တွန်းပစ်ခဲ့သည်လား။
ထုံရွှယ်လူ၏ မျက်နှာသည် ဖြူဖျော့သွားခဲ့ပြီး ချက်ချင်းပင် စိုးထိတ်မှုများက လှိုင်းလုံးများသဖွယ် သူမအား လွှမ်းခြုံသွားသည်။
သူမစိတ်ထဲ၌ သူ တစ်ခုခုဖြစ်နေမည်ဟူသည့် အတွေးတစ်ခုသာလျှင် ရှိနေသည်။
စိတ်ကစဉ့်ကလျားရောဂါသည်များသည် လှုံ့ဆော်ခံရသည့်အခါ အခြားသူများအား သို့မဟုတ် သူတို့ကိုယ်တိုင်အား ထိခိုက်စေခြင်းဖြင့် တုံ့ပြန်တတ်ကြသည်။
သူမသည် အတိတ်ဘ၀၌ ၀မ်ရူကွေ့၏ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုကို သတိရမိလိုက်ပြီး သူမတစ်ကိုယ်လုံးထိန်းချုပ်မရနိုင်အောင် တုန်ယင်သွားသည်။
" ရဲဘော်ထုံ မင်း အဆင်ပြေရဲ့လား "
ကျိုးရန်နှင့် ဖူကျန့်ယိတို့က တစ်ချိန်တည်းတွင် မေးလိုက်ကြသည်။
ထုံရွှယ်လူသည် နှလုံးသားထဲ၌ အင်အားမဲ့မှုအား ခံစားလိုက်ရသည်။ သူမသည် ၀မ်ရူကွေ့၏ ကံကြမ္မာအားပြောင်းလဲရန် အစွမ်းကုန်ကြိုးစားခဲ့ပါသော်လည်း သူ၏ ကံကြမ္မာသည် ဤအခြေအနေထိ တူညီစွာဖြင့် ရောက်ရှိလာသည်။
အကယ်၍ ၀မ်ရူကွေ့ထံ တစ်ခုခုဖြစ်ပွားခဲ့လျှင် သူမ၌ မလွဲမသေ တာ၀န်ရှိပေသည်။
အကယ်၍ သူမသာ ရှစ်ရှိုးနန်တို့အား မတိုက်ခိုက်ခဲ့လျှင် ချန်ရှို့ယွင်သည်လည်းသူ့ထံသို့ စောစီးစွာ ရောက်ရှိလာမည်မဟုတ်သလို ရူကွေ့သည်လည်း ယခုကဲ့သို့ စောစီးစွာ ပေါက်ကွဲသွားခဲ့မည်မဟုတ်ချေ။
ထုံရွှယ်လူသည် သူမကိုယ်သူမ အပြစ်တင်နေမျသည်။
" ရွှယ်လူ၊ မင်း ရူကွေ့ကို စိုးရိမ်နေမှန်း ကျွန်တော်တို့ သိပါတယ် ။ ဒါပေမဲ့ မင်း သန်မာနေမှဖြစ်မယ်။ မင်းတစ်ယောက်သာ ဒီအချိန်မှာ ရူကွေ့ကို ပြန်ခေါ်ပေးနိုင်မှာလေ "
ဖူကျန့်ယိသည် လေးနက်သည့်မျက်နှာ အမူအရာဖြင့် ပြောသည်။
ဤအခြေအနေမတိုင်ခင်က သူသည် ၀မ်ရူကွေ့၏ရောဂါအကြောင်းကို အနည်းငယ် သံသယရှိနေဆဲဖြစ်သည်။နောက်ဆုံးတွင် သူသိရှိသည့် ၀မ်ရူကွေ့သည် သာမန်လူတစ်ယောက်နှင့် ခြားနားမနေခဲ့ပေ။
သို့သော် ၀မ်ရူကွေ့သည် လူတစ်ယောက်ကို တွန်းခဲ့ပြီး ဘယ်စီဘယ်၀ယ်ရှိနေသည်ကို မသိရသည့် ယခုအချိန်၌ သံသယ တစ်စွန်းတစ်စမျှ မကျန်ရှိတော့ချေ။
ထုံရွှယ်လူသည် သူမ၏မျက်လုံးများကို ပိတ်လိုက်သည်။ သူမ ပြန်ဖွင့်လာသည့်အခါ မျက်၀န်းထဲမှ စိတ်ရှုပ်ထွေးမှုနှင့် စိုးရိမ်မှုများကို ဖိနှပ်လိုက်သည်။
" ရှင်ပြောတာမှန်တယ်။ အခုက စိုးရိမ်စိတ်များပြီး အားနည်းနေရမယ့်အချိန်မဟုတ်ဘူး။ ရူကွေ့ကို သွားရှာကြရအောင် "
ရူကွေ့ကို မြန်မြန်ရှာတွေ့လေလေ ဖြစ်ပွားလာနိုင်မည့် အန္တရာယ်ကို လျော့ချနိုင်လေလေဖြစ်သည်။
ကျိုးရန်သည် သူမနှင့် ဖူကျန့်ယိအား ကြည့်လိုက်ပြီး တစ်ခုခုဖြစ်နေသည်ကို ပို၍ ခံစားမိလိုက်သည်။ သို့သော် ထုံရွှယ်လူနှင့် ဖူကျန်ယိတို့ နှစ်ယောက်တွင် မည်သူမှ သူ့အား ၀မ်ရူကွေ့ ဘာဖြစ်နေသည်ကို ရှင်းမပြကြပေ။
**