အပိုင်း၃၄၀
Viewers 67k

🍵Chapter 340




နောက်ဆုံးတွင် ၀မ်ရူကွေ့  မတ်တပ်ရပ်လိုက်နိုင်သည်။


သူက ဘေးနားရှိစားပွဲခုံကို ကိုင်လိုက်ပြီး မှင်ကဲ့သို့ မျက်၀န်းများဖြင့် ရှောင်ရွှိအား ကြည့်လိုက်သည်။ 


" မင်းပြောတာကို ငါမယုံဘူး။ ဒီကမ္ဘာပေါ်က တခြားသူတွေငါ့ကို မုန်းကြရင်တောင် သူမက ငါ့ကို မုန်းမှာ မဟုတ်ဘူး။ ပြီးတော့ သူမက အတုအယောင်ဆိုရင်တောင် သူမနဲ့ပဲ အတူရှိချင်တယ်။ ငါ့ဆီကို ထပ်မလာခဲ့နဲ့တော့ "


" ရှောင်ရွှိ"က တစ်ခုခုဖြင့် အရိုက်ခံလိုက်ရသကဲ့သို့  ထိတ်လန့်သွားခဲ့ပြီး ၀မ်ရူကွေ့  တံခါးဆီသို့ တစ်လှမ်းချင်း ‌လှမ်းနေသည်ကို ကြည့်နေသည်။


အပြင်ဘက်တွင် တဖြည်းဖြည်း မှောင်ရီပျိုးလာနေသော်လည်း ခြံ၀န်းထဲရှိ မည်သူမှ မလှုပ်ရှားကြချေ။


ဦးလေးဇုန်းသည် ကုတ်အင်္ကျီနှစ်ထည် ယူလာသည်။ 


" ဗိုလ်မှူး၊ ရွှယ်လူ၊ ကုတ်အင်္ကျီ၀တ်ကြဦး။ အအေးမ‌မိစေနဲ့။ ကျွန်တော် ညစာပြင်လိုက်မယ် "


အဘိုး၀မ်သည် မစားချင်ဟု ပြောလိုသော်လည်း သူ့ဘေးရှိ ရုပ်ထုတစ်ခုကဲ့သို့ဖြစ်နေသော ထုံရွှယ်လူအားမြင်လိုက်သည့်အခါ စကားလုံးများကို နှုတ်ခမ်း၀၌ ပြန်လည်မျိုချလိုက်သည်။


" ကောင်းပြီ။ ပူတဲ့ဟာတစ်ခုခု စားကြရအောင် "


အကယ်၍ ၀မ်ရူကွေ့က ထွက်မလာခဲ့လျှင် သူက တံခါးအား ဖျက်၍ ၀င်ရောက်ရန် စီစဉ်ထားသော်လည်း ထိုကဲ့သို့ပြုမူလျှင် အကျိုးဆက်က ၀မ်ရူကွေ့၏ ‌ရောဂါအား ပို၍ ဆိုးသွားစေလိမ့်မည်။


အဘယ့်ကြော့်ဆိုသော် ၀မ်ရူကွေ့ ကလေးဘ၀တွင် သူ ထိုကဲ့သို့ လုပ်ခဲ့သောကြောင့်ဖြစ်သည်။


ထိုအချိန်က သူ့ကိုယ်သူ အခန်းထဲ၌ ပိတ်လှောင်နေခဲ့ပြီး လူများက မည်မျှပင် အော်ခေါ်ပါစေ မတုံ့ပြန်ခဲ့ချေ။ ထို့နောက် သူက တံခါးအား ချိုးဖျက်ကာ ၀င်ရောက်ခဲ့ပြီး ၀မ်ရူကွေ့မှာ အလွန်ကြောက်ရွံ့သွားခဲ့ပြီး သူ့နဖူး‌အား နံရံသို့ ၀င်ဆောင့်သွားခဲ့သည်။


ဦးလေးဇုန်းက နှုတ်ဆက်ကာ မျက်ရည်များဖြင့် မီးဖိုချောင်ဆီသို့ ထွက်သွားလေသည်။


ဗိုလ်မှူးရှောင်းသည် သူ့မြေးမအား ကြည့်လိုက်ပြီးနောက် အဘိုး၀မ်အား ကြည့်ကာ နှလုံးသားထဲ၌ ပူလောင်မှုကို ခံစားနေရသည်။


အကယ်၍ ၀မ်ရူကွေ့၌ ထိုကဲ့သို့ ရောဂါရှိသည်ကို သိခဲ့လျှင် သူ့မြေးမအား သူနှင့် လက်ထပ်ခွင့်ပြုခဲ့မည်မဟုတ်ချေ။


သူက မျက်မှောင်ကြုတ်ကာ ပြောသည်။ " သူ တစ်နာရီအတွင်း တံခါးဖွင့်မလာဘူးဆိုရင် ကျုပ် တံခါးကို ဖျက်ပစ်မယ် "


အဘိုး၀မ်က ခါတိုင်းကဲ့သို့ သူနှင့် စကားမများဘဲ နှာခေါင်းသံဖြင့် " ကောင်းပြီ" ဟုသာ ပြောလာသည်။


ယခုကဲ့သို့ စောင့်ဆိုင်းနေခြင်းသည် ရွေးစရာတစ်ခုမဟုတ်ချေ။ အထူးသဖြင့် ထုံရွှယ်လူသည် ကိုယ်၀န်ရှိနေပြီး သူမအား တစ်ညခင်းလုံး အပြင်ဘက်၌ မတ်တပ်ရပ်နေခွင့် မပြုနိုင်ပေ။ အဆိုးဆုံးမှာ တံခါးဖျက်၍၀င်ကာ သူ့အားကြိုးဖြင့် ချည်ထားနိုင်ရုံသာဖြစ်သည်။


ထိုမြင်ကွင်းကို တွေးလိုက်ရုံဖြင့် ခါးသီးမှုထဲ နစ်မြုပ်သွားသလို ခံစားလိုက်ရသည်။


အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့ပြီး ဗိုလ်မှူးရှောင်းက တံခါးကို ဖျက်ရန် ကိရိယာများ သွားယူမည့်အချိန်တွင် အထဲမှ ရုတ်တရက် အသံထွက်လာသည်။


လူတိုင်းက အသက်အောင့်လိုက်ကြပြီး အထဲမှ ၀မ်ရူကွေ့အား ခြောက်လန့်မိမည်ကို စိုးရိမ်သောကြောင့် မည်သူကမှ အသက်မရှုထုတ်ဝံ့ကြချေ။


တစ်ခဏမျှ ကြာပြီးသည့်နောက် တံခါးသည် အထဲမှ တဖြည်းဖြည်းပွင့်လာပြီး တံခါးနောက်မှ ၀မ်ရူကွေ့၏ မျက်နှာပေါ်လာသည်။


သူမျက်နှာသည် ဖြူဖျော့နေပြီး သွေးရောင်မရှိသည့်အပြင် နဖူးပေါ်၌ ချွေးများထွက်နေပြီး လက်များနှင့် ခြေထောက်များက အကြောဆွဲသကဲ့သို့ လိမ်ဖယ်နေသည်။


သို့သော် ထုံရွှယ်လူအား မြင်လိုက်ရသည့်အခိုက်အတန့်တွင် သူ၏ တောင့်တင်းနေသည့်မျက်နှာ၌ အပြုံးတစ်ခု ဖြည်းညင်းစွာ ပေါ်ပေါက်လာသည်။


" ရွှယ်လူ၊ ကိုယ် နောက်ဆုံးတော့ သူတို့ကို အနိုင်ယူပြီး မင်းကို လာတွေ့ပြီ" 


ထုံရွှယ်လူသည် မျက်ရည်များကို ထိန်းမထားနိုင်တော့ချေ။ သူမက ပြေးသွားကာ သူ့ကို တင်းကြပ်စွာ ဖက်လိုက်သည်။


သူ့တစ်ကိုယ်လုံးမှာ ချွေးစေးများဖြင့် စိုရွှဲနေပြီး အရေပြားမှာ ရေခဲများကဲ့သို့ အေးစက်နေသည်။


" သူတို့အားလုံးက မင်းက အတုအယောင်ဆိုပြီး ကိုယ့်ကို ထွက်မတွေ့ဖို့ ပြောကြတယ် " ၀မ်ရူကွေ့ကို သူမက ပွေ့ဖက်ထားပြီး သူ့အသံသည် အလွန်တိုးလျကာ နှေးကွေးနေသည်။


" ဒါပေမဲ့ ကိုယ်ပြောလိုက်တယ်။ တကယ်လို့ မင်းက အတုအယောင်ဆိုရင်တောင် ကိုယ်က မင်းနဲ့အတူရှိဖို့ မင်းနောက်ကို လိုက်သွားအုံးမယ်လို့လေ "


မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ သူ့ကမ္ဘာတွင် သူမ၏တည်ရှိမှုသည် သူ့အား ရှင်သန်ရခြင်း၏ အဓိပ္ပာယ်ကို ပေးခဲ့သည်။


ထုံရွှယ်လူမှာ ထိန်းချုပ်၍မရစွာ ငိုကြွေးမိတော့သည်။


" ကျွန်မက အစစ်ပါ။ ကျွန်မတို့ရဲ့ ကလေးလဲ အစစ်အမှန်ပဲ။ ရှင့်ကိုယ်ရှင့် လက်မလျော့သရွေ့ ကျွန်မ ဘယ်တော့မှ ရှင့်ကို ထားမသွားပါဘူး "


၀မ်ရူကွေ့၏ နှုတ်ခမ်းထောင့်မှာ ရှုံ့တွသွားပြီး အလွန်ထူးဆန်းသည့် အပြုံးကို ဖော်ပြနေသည်။


ရှောင်းမျန်မျန်သည် ကြောက်ရွံ့နေပြီး သူမ အဘိုး၏ လက်မောင်းများကြားထဲတွင် ပုန်းကွယ်ကာ သူမ၏ ဦးခေါင်းအား ထုတ်မပြဝံ့ချေ။


ဗိုလ်မှူးရှောင်း ပို၍ပင် မျက်မှောင်ကြုတ်သွားမိသည်။


ဖူကျန့်ယိသည်လည်း သူ့အရှေ့ရှိ ၀မ်ရူကွေ့ကြောင့် ထိတ်လန့်သွားခဲ့သည်။


သူသည် ဤကဲ့သို့ ၀မ်ရူကွေ့အား ယခင်က မြင်ဖူးခြင်းမရှိခဲ့ပေ။ ယခု ၀မ်ရူကွေ့သည် အလွန်‌မကျန်းမာသည့်ပုံဖြစ်နေသည်။


အဘိုး၀မ်သည် မျက်ရည်များကျနေပြီး ဦးလေးဇုန်းမှ ထောက်ကန်ပေးသောကြောင့်သာ မတ်တပ်ရပ်နိုင်လေသည်။


ထုံရွှယ်လူသည်သာ သူ၏ ထူးဆန်းမှုများကို သတိပြုမိပုံမရသည့်သူ ဖြစ်ပုံရပြီး သူမက သူ့အား မှီကာ မေးစေ့အား နမ်းလိုက်သည်။


" ကျွန်မက အစစ်အမှန်ပါ "


ထို့နောက် သူမက သူ့နှုတ်ခမ်းများအား ထပ်မံနမ်းလိုက်သည်။ " ကျွန်မ ရှင့်ကို ထားမသွားဘူး "


ထို့နောက်သူမသည် နှာခေါင်းမှ မျက်လုံးများသို့ နမ်းလိုက်ပြီး သူမ၏အနမ်းများမှာ နူးညံ့၍ နွေးထွေးနေပြီး သူမခန္ဓာကိုယ်၏အပူချိန်အား သူ့မျက်နှာဆီ သယ်ဆောင်လာခဲ့သည်။


ယခုလက်ရှိ သူ့ပုံစံသည် စိတ်ပညာအရ စိတ်‌ပိုင်းဆိုင်ရာ အကြောဆွဲမှုကြောင့် ဖြစ်ပေသည်။


စိတ်ကစဉ့်ကလျားရောဂါ၊အစွဲလမ်းလွန်စိတ်ရောဂါနှင့် စိတ်ဓာတ်ကျရောဂါကဲ့သို့ စိတ်ရောဂါများခံစားရသည့်လူများသည် ထူးဆန်းသည့် လက္ခဏာမျိုးစုံရှိတတ်ကြသည်။ တချို့သူများသည် ရုတ်ချည်း အစားအသောက်မူမမှန်ရောဂါရှိသွားကြပြီး အစားမစားနိုင်ဖြစ်ကြပြီး တချို့သူများသည် သူတို့၌ ပန်းနာရင်ကျပ်ရှိသည်ဟု ထင်ကာ အသက်မရှုနိုင်ကြချေ။


ဤရောဂါအားလုံးသည် စိတ်ကြောင့်ဖြစ်သည့် ရောဂါများဖြစ်ကြသည်။ ၎င်းတို့၌ အမှန်တကယ် ထိုရောဂါများမရှိကြသော်လည်း ထိုရောဂါသည်များကဲ့သို့ အမှန်တကယ် တုံ့ပြန်မှုရှိကြသည်။


သူ၏ ရောဂါနှင့် ထိုအတုအယောင်လူများအား မည်ကဲ့သို့တွန်းလှန်ခဲ့ပြီး  သူမကို တွေ့ရန် ခြေတစ်လှမ်းချင်း မည်ကဲ့သို့ ရုန်းကန်ခဲ့သည်ကို သူမ တွေးမကြည့်နိုင်ချေ။


အချစ်ကြောင့်မဟုတ်လျှင် သူက ဤကဲ့သို့ လုပ်ရန် မည်သို့ သတ္တိရှိလိမ့်မည်နည်း။


၀မ်ရူကွေ့၏ ခန္ဓာကိုယ်ပေါ်မှ အကြောဆွဲခြင်းများသည် သူမ၏ အနမ်းများကြောင့် တဖြည်းဖြည်း သက်သာလာပြီး လိမ်‌ဖယ်နေသည့် ခြေလက်များမှာ ကြည့်ရမဆိုးတော့ချေ။


" ရွှယ်လူ ဒီလိုပုံစံဖြစ်နေတဲ့ ကိုယ့်ကို မကြောက်ဘူးလား "


ထုံရွှယ်လူသည် သူ့နှုတ်ခမ်းနှင့် သူမနှုတ်ခမ်းတို့အား ထပ်မံထိကပ်လိုက်သည်။ " မကြောက်ဘူး။ ရှင် ဘယ်လိုပဲဖြစ်လာပါစေ ရှင်က ကျွန်မ အမြဲတမ်း အချစ်ရဆုံးသူဖြစ်နေမှာပါ "


၀မ်ရူကွေ့၏ နှုတ်ခမ်းမှာ မဲ့သွားခဲ့ပြီး ကို့ယို့ကားယားနိုင်သည့် အပြုံးတစ်ခု ပြုံးပြလာသည်။  " ဒါဆို မင်း ကိုယ့်ကို လိုချင်သေးတယ်မလား "


" ဟုတ်တယ်။ ကျွန်မ ရှင့်ကို လိုချင်တယ် " ထုံရွှယ်လူက သူ့မျက်နှာကို ကိုင်လိုက်သည်။ " ကျွန်မအတွက်တော့ ရှင်က ကျွန်မရဲ့ ကမ္ဘာကြီးတစ်ခုလုံးပဲ "


၀မ်ရူကွေ့သည် သူမအား တုန်ယင်နေသည့် လက်များဖြင့် ပွေ့ဖက်သည်။ " မင်းကလည်း ကိုယ့်ရဲ့ ကမ္ဘာကြီးတစ်ခုလုံးပါ "


စိတ်ပျက်အားငယ်မှု၏ ထောင့်တစ်နေရာတွင် သူ့နှလုံးသားက တောက်ပသည့်အလင်းရောင်အား တောင့်တနေခဲ့သည်။


သူမသည် သူ၏ ကွန်းခိုရာဖြစ်ပေသည်။


၀မ်ရူကွေ့၏ အဖြစ်အပျက်ကြောင့် ၀မ်နှင့်ရှောင်းမိသားစုကြားရှိ လေထုမှာ အလွန်လေးလံနေသည်။


ဖူကျန့်ယိသည် ပြည်သူ့လုံခြုံရေးဗျူရိုသို့ ကားပြန်ထားပြီးနောက် ၀မ်အိမ်ဆီသို့ အမြန်ပြန်လာသည်။


၀မ်၊ရှောင်းမိသားစုတွင် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များနှင့် တစ်‌ ယောက်မှာ ကိုယ်၀န်ဆောင်ဖြစ်နေသဖြင့် သူက ဤအချိန်၌ မထွက်သွားနိုင်ချေ။


၀မ်ရူကွေ့သည် သူ့ရောဂါကို တွန်းလှန်ရန် အစွမ်းကုန်ကြိုးစားပါသော်လည်း ထိုကဲ့‌သို့ ရောဂါသည် တစ်ကြိမ်တစ်ခါမျှနှင့် ပျောက်ကင်းနိုင်သည်မဟုတ်ချေ။သူက မည်မျှပင် ခုခံတွန်းလှန်နေပါစေ ရှောင်ရွှိက ထွက်သွားမည်မဟုတ်ပေ။


တခါတရံ သူသည် ၀မ်ရူကွေ့အား အခြားသူများကို မယုံကြည်ရန် ဖျောင်းဖျပြီး အချို့အချိန်များ၌ သူက ၀မ်ရူကွေ့ကို အရူးဟု ပြောကာ ရိုက်ခဲ့ဖူးပြီး ထိုသည်က ၀မ်ရူကွေ့အား အလွန်မတည်မငြိမ် ဖြစ်စေသည်။


ထို့အပြင် သူသည် ယခုအချိန်၌ သူ့မျက်လုံးထဲတွင် တခြားသူများ မရှိချေ။ ထုံရွှယ်လူက သူ၏ မျက်‌စိအောက်မှာ‌ထွက်ခွာသွားသည်နှင့် စိုးရမ်သောကများကာ စိတ်ဆိုးမာန်ဆိုးဖြစ်လာလေသည်။


ထိုကဲ့သို့ဖြစ်နေသည့် သူ့အား ထုံရွှယ်လူမှာ ခြေလှမ်းတစ်၀က်ခန့်ပင် မချန်ထားခဲ့နိုင်ချေ။


ဦးလေးဇုန်းသည် အသားဆန်ပြုတ် ကို ယူဆောင်လာခဲ့ပြီး မျက်လုံးများက နီရဲနေသည်။ " ဆန်ပြုတ်က မပူတော့ဘူး။ မြန်မြန်စားချေ "


သူက ထိုကဲ့သို့ ပြောပြီးသည့်အခါ ၀မ်ရူကွေ့မှ သူ့အား ကြည့်၍ တုံ့ပြန်လာရန် မျှော်လင့်နေသည်။


သို့သော် တစ်ဖက်သူကမူ သူ့အား မမြင်တွေ့နိုင်သည့်အလား ထုံရွှယ်လူကိုသာ မျက်တောင်မခတ်ဘဲ ကြည့်နေသည်။


ဦးလေးဇုန်း၏ နှာခေါင်းမှာ တရှုံ့ရှုံ့ဖြစ်နေပြီး တစ်ဖက်သို့ လျင်မြန်စွာ လှည့်ကာ ထွက်သွားလေသည်။


ထုံရွှယ်လူသည် အသားဆန်ပြုတ်ကို ၀မ်ရူကွေ့၏ ရှေ့သို့ ပို့လိုက်သည်။

" ဗိုက်ဆာနေပြီလား။ မြန်မြန်စားလိုက်လေ "


၀မ်ရူကွေ့သည် သူမကို ‌နက်မှောင်သည့် မျက်၀န်းများဖြင့် ကြည့်နေကာ သူ၏ခေါင်းကို ‌ဖြည်းညင်းစွာ ခါလိုက်သည်။ " မစားချင်ဘူး "


သူက ဗိုက်ဆာသည်ဟု လုံး၀ မခံစားရချေ။ ထိုအစား  အစားအသောက်အနံ့ရသည့်အခါ  မအီမသာခံစားရသည်။


ထုံရွှယ်လူက သူမ၏ဗိုက်ကို ထိလိုက်သည်။ " ဒါ‌ပေမဲ့ ကျွန်မနဲ့ ကလေးလေးတွေက အရမ်းဗိုက်ဆာနေပြီ။ ကျွန်မတို့က မိသားစုလေ။ ရှင် မစားဘူးဆိုမှတော့ ကျွန်မနဲ့ ကလေးတွေကလည်း ရှင့်ကို အဖော်ပြုပြီး မစားတော့ဘူး "


၀မ်ရူကွေ့က မျက်မှောင်ကြုတ်သွားပြီး အသားဆန်ပြုတ်ပန်းကန်ကို သူမ၏ရှေ့သို့ တွန်းပို့လိုက်သည်။


" မင်းနဲ့ ကလေးတွေက စား "


ထုံရွှယ်လူက ပြုံးလိုက်ပြီး ခေါင်းခါသည်ယ။ " ဒီနေ့ကစပြီး ကလေးတွေနဲ့ ကျွန်မက ရှင့်ဘက်မှာ ရပ်တည်မယ်။ ကျွန်မတို့ ရှင့်ကို ထောက်ခံပေးမယ်။ ရှင် ဘာပဲလုပ်ပါ‌‌စေ အဖော်ပြုပေးပြီး ထာ၀ရ ရှင့်ကို ဘယ်တော့မှ ချန်ရစ်မထားခဲ့ဘူး "


၀မ်ရူကွေ့ မျက်မှောင်ကြုတ်သွားသည်။ ထိူ့နောက် သူက ဘေးဘက်ရှိ ဇွန်းကို ကောက်ယူလိုက်ပြီး အသားဆန်ပြုတ်အား တစ်ဇွန်းခပ်ကာ သူ့ပါးစပ်ထဲ ထည့်လိုက်သည်။


ပျို့အန်လိုသည့် ခံစားချက်က သူ့လည်ချောင်းထဲတွင် မြင့်တက်လာနေသည်။ အော့အန်ခြင်းမှ သူ့ကိုယ်သူ တားဆီးရန် အများအပြား အားစိုက်ထုတ်နေရပြီး ပျို့အန်လိုမှုကို တောင့်ခံရင်း ဆန်ပြုတ်ကို မျိုချလိုက်သည်။


ဤကဲ့သို့ သူ့အား မြင်နေရသည့် ထုံရွှယ်လူမှာ အလွန်၀မ်းနည်းသဖြင့် ငိုချင်မိနေသည်။ သို့သော် သူမက မျက်နှာထက်တွင် အပြုံးတစ်ပွင့် ပန်ဆင်ထားဆဲဖြစ်သည်။ 


" ကလေးလေးတွေ ဖေဖေက အရမ်းလိမ္မာတာပဲ။ ဒါဆို  ဒီတစ်ခါက ကလေးတွေနဲ့ ကျွန်မ အလှည့်ပဲပေါ့ "


စိတ်ရောဂါရှိသည့် အချို့လူများသည် ရုတ်တရက်  မူးဝေတတ်ကြသည်။ အချို့သည် အလွန်အကျွံစားသုံးကြပြီး အချို့မှာ အစားအသောက်အား အလွန်အမင်း ငြင်းပယ်ကြသည်။ ဤ အချိန်၌ သူတို့အား ပတ်၀န်းကျင်မှ အားပေးရန် လို‌အပ်သော်လည်း သူတို့အလိုရှိသည့် မည်သည့်အရာကိုမဆို အလိုလိုက်ပေး၍လည်း မဖြစ်ချေ။


၀မ်ရူကွေ့သည် သူ့အား လိမ္မာသည့်အတွက် ချီးကျူးသည်ကို ကြားသည့်အခါ သူ့နှုတ်ခမ်းထောင့်များက အသာအယာ လှုပ်ရှားသွားသည်။ ထို့နောက် သူက နောက်တစ်ဇွန်းသောက်လိုက်ပြီး ဖြည်းညင်းစွာ စားနေသည်။


ထုံရွှယ်လူသည် တကယ်ပင် ဗိုက်ဆာနေလေသည်။ မတိုင်ခင်က သူမသည် သူမ၏အခြေအနေအား ဂရုမစိုက်ခဲ့သော်ငြား ယခု သူမ စိတ်လျော့လိုက်သည့်အခါ သူမ၏ အစာအိမ်မှာ ဆာလောင်မှုကြောင့် ဗိုက်အောင့်လုနီးပါးပင်။


သူမသည် အငမ်းမရဝါးမျိုလုနီးပါးဖြစ်သွားပြီး လက်ထဲမှ ပန်းကန်လုံးကိုမချမီ သုံးပန်းကန်စာ စားခဲ့သည်။


သူမ မော့ကြည့်လာသည့်အခါ မင်ရည်ကဲ့သို့ မျက်၀န်းများဖြင့် သူမကို ၀မ်ရူကွေ့က ကြည့်နေလေသည်။ သူ့အရှေ့၏ ဆန်ပြုတ်ပန်းကန်ကို တစ်၀က်ခန့် စားခဲ့ပြီး သူက သိသာစွာ ဆက်၍ မစားနိုင်တော့ပေ။


ထုံရွှယ်လူက သူ့အား အတင်းအကြပ် စားရန် ဖိအားမပေးချေ။ သူမက လက်သုတ်ပုဝါတစ်ထည်ထုတ်ယူလာပြီး သူ့နှုတ်ခမ်းထောင့်များအား သုတ်ပေးလိုက်သည်။ 


" ခဏလောက် ထိုင်ကြရအောင်။ ပြီးမှ ရေချိုးပြီး အိပ်ရာ၀င်ကြမယ်။ ဟုတ်ပြီလား ""


၀မ်ရူကွေ့သည် ထုံရွှယ်လူမှ သူ့အား အစားကုန်အောင် မစားသည့်အတွက် ဆူပူ‌ခြင်းမရှိသည်ကို မြင်သည့်အခါ စိတ်သက်သာရာရသွားကာ ခေါင်းညိတ်ပြလာခဲ့သည်။