🍵Chapter 341
အဘိုး၀မ်သည် ဤမြင်ကွင်းကို ပြတင်းပေါက်မှ ကြည့်နေပြီး မျက်လုံးများကို သုတ်ရန် သူ့လက်များကို မြှောက်လိုက်သည်။ ထို့နောက် အဘိုး၀မ်အား ဦးလေးဇုန်းမှ ထောက်ကူပေးရင်း ရှောင်းမိသားစုထံသို့ သွားလေသည်။
ဗိုလ်မှူးရှောင်းသည် ၀မ်ရူကွေ့၏ အခြေအနေအား ယခင်က ဖုံးကွယ်ထားခဲ့သည့်အတွက် အလွန်စိတ်ဆိုးနေခဲ့သည်။ သို့သော် သူ့အား ဤကဲ့သို့ မြင်ရသည့်အခါ သူက ရန်မစရက်တော့ပေ။
အဘိုး၀မ်မှာ အလွန်စိတ်ဓာတ်ကျနေသဖြင့် သူက ပါးစပ်ပိတ်ကာ မည်သည်ကိုမှ မပြောရန်မှတပါး ရွေးချယ်စရာမရှိတော့ချေ။
အဘိုး၀မ်က သူ့အား ကြည့်လိုက်ပြီးနောက် သက်ပြင်းချသည်။
" လူအိုကြီး။ ရွှယ်လူနဲ့ မင်းတို့ မိသားစုကို ငါ တောင်းပန်ပါတယ်။ မင်း အော်ငေါက်ချင်ရင်လဲ မင်း သဘော။ ထိန်းမထားနဲ့ "
ဗိုလ်မှူးရှောင်းက နှာခေါင်းမှ လေမှုတ်ထုတ်လိုက်သည်။ " မင်းက ငါမင်းကို မငေါက်ရဲဘူး ထင်နေတာမလား။ ခေါင်းကြောမာတဲ့ အဘိုးကြီး၊ မင်းက ဒီလို တစ်ကိုယ်ကောင်းဆန်တဲ့လူဆိုတာ သိခဲ့ရင် ရွှယ်လူကို မင်းတို့ ၀မ်မိသားစုထဲ လက်ထပ်မ၀င်အောင် ငါ့ဘ၀ကိုတောင် စွန့်စားပြီး ကာကွယ်ခဲ့မှာကွ "
ဗိုလ်မှူးရှောင်းသည် သူ၏မြေးမလေးအတွက် တိုက်ပွဲ၀င်ရန် စိတ်ပိုင်းဖြတ်ထားသည်။ အကယ်၍ သူက ထုံရွှယ်လူသည် အစောပိုင်းကတည်းက ၀မ်ရူကွေ့၏အခြေအနေကို သိရှိခဲ့ပြီး လက်ထပ်မည်ဟု ခိုင်ခိုင်မာမာ ပြောဆိုဆဲဖြစ်သည်ကိုသာသိလျှင် သူက သွေးများပင် အန်နိုင်လေသည်။
အဘိုး၀မ်က ခေါင်းငုံ့လိုက်ပြီး နှစ်ပေါင်းများစွာ အသက်ကြီးရင့်သွားသကဲ့သို့ ဖြစ်နေသည်။ " မင်း ငါ့ကို ကြိုက်သလို ကြိမ်းမောင်းနိုင်ပါတယ်။ ငါ ပြန်မငြင်းခုံဘူး "
အဘိုး၀မ်သည် ဤကိစ္စ၌ သူ့ထံတွင် အပြစ်ရှိသည်ဟု ခံစားရသည်။ နောက်ဆုံးတွင် ၀မ်ရူကွေ့၏ရောဂါသည် အနှစ် နှစ်ဆယ်ကျော် ပြန်၍မပေါ်လာသဖြင့် သူက ပျောက်ကင်းသွားပြီဟုထင်ကာ ဖုံးကွယ်ခဲ့ခြင်းဖြစ်သည်။
ကိစ္စများမှာ ဤကဲ့သို့ ဖြစ်သွားလိမ့်မည်ဟု မည်သူ ထင်ခဲ့မည်နည်း။ အရာအားလုံးမှာ ချန်ရှို့ယွင်ဟူသည့် ထိုမိန်းမကြောင့် ဖြစ်ပေသည်။
ထိုသို့ စဉ်းစားလိုက်ရင်း အဘိုး၀မ်၏ မျက်လုံးများ၌ သတ်ဖြတ်လိုသည့် အရိပ်အယောင်များ လင်းလက်သွားခဲ့သည်။ " သူက ရူကွေ့ရဲ့ အမေဖြစ်နေလို့ တချို့အရာတွေကို ငါ မလုပ်ချင်ခဲ့ဘူး။ ဒါပေမဲ့ တချို့ခွေးတွေက ချီးစားတာကို မရပ်တန့်နိုင်ကြဘူး "
[T/N - ဗန်းစကားပါ။ အကျင့်ကို မပြောင်းလဲနိုင်လို့ စိတ်တိုတိုနဲ့ပြောတဲ့အခါ သုံးတာပါ]
ဤအကြိမ်တွင် သူက ချန်ရှို့ယွင်အား ပြန်လည်ပေးဆပ်စေမည်ဖြစ်သည်။
ဗိုလ်မှူးရှောင်းက ထိုအချက်အား ခိုင်ခိုင်မာမာ သဘောတူလေသည်။ " ခေါင်းမာတဲ့အဘိုးကြီး၊ မင်းက အရင်က အဲ့ဒီမိန်းမကို အရမ်းကြင်နာခဲ့တာပဲ။ ငါသာဆိုရင် ဟိုးအရင်ကတည်းက သူမအပေါ် ပေါက်ကွဲခဲ့ပြီးပြီကွ "
အဘိုး၀မ်က ဒေါသတကြီးဖြင့် စားပွဲခုံကို လက်သီးဖြင့် ထိုးလိုက်သည်။
ဖူကျန့်ယိသည် ၎င်းတို့နှစ်ယောက် ဥပဒေနှင့်ဆန့်ကျင်သည့်အရာများ ပြုလုပ်ကြမည်ကို စိုးရိမ်သဖြင့် လျင်လျင်မြန်မြန် ပြောလိုက်သည်။
" လူကြီးမင်းနှစ်ယောက်ရဲ့ ခံစားချက်ကို ကျွန်တော်နားလည်ပါတယ်။ ဒါပေမဲ့ အဘိုးတို့နှစ်ယောက် ပြဿနာရှာလို့ မဖြစ်ဘူး "
သူတို့ကဲ့သို့သော မိသားစုကြီးများတွင် နိုင်ငံရေးဆိုင်ရာရန်ဘက်များ ရှိကြပြီး အသေးငယ်ဆုံးသော အဖြစ်အပျက်တစ်ခုသည် နောက်ဆက်တွဲ အကျိုးဆက်များစွာကို ဖြစ်ပေါ်စေသည်။ တစ်စုံတစ်ယောက်က အားနည်းချက်ကို ဖမ်းဆုပ်မိသွားသည်နှင့် အကျိုးဆက်များမှာ မှန်းဆ၍ပင် မရနိုင်ချေ။
အဘိုး၀မ်၏ မျက်လုံးများ ဖောင်းထွက်လာသည်။ " အဲ့ဒီမိန်းမကို လွှတ်ပေးဖို့ မင်း ငါ့ကို ဖျောင်းဖျချင်နေတယ်ဆိုရင် ခုချက်ချင်း ပါးစပ်ပိတ်လိုက်တော့ "
ဖူကျန့်ယိက ပြောသည်။" ကျွန်တော် အဲ့ဒီအမျိုးသမီးကို လွှတ်ပေးဖို့ အဘိုးကို မဖျောင်းဖျချင်ပါဘူး။ ကျွန်တော်က ဒီကိစ္စက ဒီထက်ပိုကြီးလာလို့ မဖြစ်ဘူးလို့ တွေးမိရုံပါ။ အခုအချိန်မှာ အရေးကြီးဆုံးအရာက ရူကွေ့ကို တိုင်ကြားမဲ့ အဲ့ဒီအမျိုးသမီးရဲ့ အကြံအစည်ကို လက်လျော့အောင် လုပ်ဖို့ပါ "
နောက်ပိုင်းတွင် သူတို့သည် အနီးအနား၌ သက်သေခံအမြောက်အမြားကို ရှာဖွေတွေ့ရှိခဲ့ပြီး နောက်ဆုံးတွင် ချန်ရှို့ယွင်သည် ၀မ်ရူကွေ့၏ တွန်းထုတ်မှုကြောင့် မဟုတ်ဘဲ သူမဘာသာသူမ လဲကျသွားခဲ့သည်ဖြစ်သည်။ သို့သော်ငြား ၀မ်ရူကွေ့သည် ချန်ရှို့ယွင်၏ လည်ပင်းကို ဖျစ်ညှစ်ခဲ့ ပေသည်။
အခြေစိုက်စခန်းရှိ ချန်ရှို့ယွင်၏ အဆင့်အတန်းအရ ၀မ်ရူကွေ့၌ မည်သည့်အကြောင်းပြချက်များရှိ စေကာမူ ကမ္ဘာပေါ်ရှိ လူအများစုက သူမဘက်တွင် ကျိန်းသေ ရပ်တည်ကြမည်မဟုတ်ပေ။
အဘိုး၀မ်က နှာခေါင်းရှုံ့လိုက်သည်။ " စိတ်မပူနဲ့။ အဲ့ကိစ္စကို ငါ ဂရုစိုက်လိုက်မယ် "
သူက ချန်ရှို့ယွင်ကို တစ်ချက်တည်းနှင့် မရှင်းပစ်နိုင်သော်လည်း တိုင်ကြားမည့်အရာ၌ လက်လျော့စေရန် လုပ်ဆောင်နိုင်သေးသည်။
ယခုအချိန်၌ လူတိုင်းတွင် တူညီသည့် အတွေးတစ်ခုသာရှိကြပြီး ထိုအရာမှာ ဤကိစ္စအား တတ်နိုင်သမျှ မြန်မြန်ဆန်ဆန် ကိုင်တွယ်ဖြေရှင်းသင့်ပြီး ထုံရွှယ်လူအား ယခုထက် ပို၍ ခက်ခဲသည့်အခြေအနေသို့ မရောက်ရှိစေရ ဟူ၍ ဖြစ်သည်။
သူမသည် ၀မ်ရူကွေ့ကို ဂရုစိုက်ခြင်းဖြင့် ပင်ပန်းနေပြီဖြစ်သဖြင့် ကျန်ရှိသည့်အရာအားလုံးကို သူတို့က လွှဲယူရမည်ပင်။
ထုံရွှယ်လူသည် စားသောက်ပြီးသည့်နောက် ၀မ်ရူကွေ့၏လက်ကို ကိုင်ကာ ဧည့်ခန်းထဲ၌ စကားပြောနေသည်။
အများစုမှာ သူမက စကားပြောနေခြင်းဖြစ်ပြီး ၀မ်ရူကွေ့က သူမအား ငေးကြောင်ကြောင်ကြည့်နေသည်။ တခါတရံ ဘေးဘက်သို့ ကြည့်တတ်ပြီး သူ၏မျက်နှာအမူအရာက ချက်ချင်း ပြောင်းလဲသွားတတ်သည်။
ထုံရွှယ်လူသည် "ရှောင်ရွှိ"က မကြာခင် အတောအတွင်း ထွက်သွားဦးမည်မဟုတ်သည်ကို သိသည်။ ဤရောဂါအား ကုသရန် အားထားရဆုံးသော နည်းလမ်းမှာ ဆေးသောက်ဆေးစားပြုရန်သာဖြစ်သည်။
သို့သော် ဤရောဂါအတွက် တရုတ်နိုင်ငံ၌ ကုသမှုမရှိသေးချေ။ အကယ်၍ သူမသာ ၀မ်ရူကွေ့ကို ဆေးရုံသို့ ခေါ်ဆောင်သွားလျှင် ဆရာ၀န်သည် မိနစ်ပိုင်းအတွင် သူ့အား စိတ်မနှံ့သူအဖြစ် အသေအချာ ကောက်ချက်ချပေမည်။
သူမသည် သူ၏ ဆရာဖြစ်သည့် ကျောင်းပေါရှန်းနှင့် စုယွဲ့ရှန်းကို တွေးလိုက်မိသည်။
ကျောင်းပေါရှန်း၏ အခြားမိသားစု၀င်များအားလုံးမှာ အမေရိကန်နိုင်ငံ၌ နေထိုင်ကြလျက်ရှိကြသည်။ သူသည် သက်ဆိုင်သည့် အချက်အလက်များ ထောက်ပံ့၊ကူညီပေးကောင်းပေးနိုင် လေသည်။
သို့သော် ဤနည်းအားဖြင့် ၀မ်ရူကွေ့၏ အခြေအနေမှာ ဖုံးကွယ်ထား၍ရတော့မည် မဟုတ်ချေ။
အမှန်တကယ်၌ သူမသည် ထိုအရာကို ဖုံးကွယ်လိုလျှင်ပင် ယခု အခြေအနေအရာ ထိုသို့ မလုပ်နိုင်တော့ချေ။ ၀မ်ရူကွေ့သည် အခြေစိုက်စခန်းသို့ အချိန်တိုအတွင်း ပြန်နိုင်မည့် အလားအလာမရှိပေ။
ဤရောဂါအား တိုက်ခိုက်ရသည့် လုပ်ငန်းစဉ်သည် လွယ်ကူမည်မဟုတ်သည်သော်လည်း ၀မ်ရူကွေ့သည် သူ့ကိုယ်သူ လက်မလျော့သေးသလို သူမတို့၏ မိသားစုနှင့် သူငယ်ချင်းများသည်လည်း ထိုနည်းလည်းကောင်းဖြစ်ပေသည်။ အဘယ့်ကြောင့် သူမ မသန်မာနိုင်မည်နည်း။
ထိုသို့စဉ်းစားလိုက်ရင်း သူမနှလုံးထဲမှ ၀မ်းနည်းမှုကို လွင့်ပြယ်စေလိုက်ပြီး သူ့အား အပြုံးတစ်ပွင့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။ "ရူကွေ့ ရေသွားချိုးကြရအောင်"
ထိုသို့ပြောပြီးနောက် သူမက ခန္ဓာကိုယ်
ကို တိမ်းစောင်းလာပြီး သူ၏နားထဲသို့ တိုးတိုးလေးပြောလိုက်သည်။
" မန်ဒရင်းဘဲတွေလို ရေချိုးကြမယ်"
၀မ်ရူကွေ့၏ မျက်နှာမှာ ချက်ချင်း နီရဲသွားခဲ့ပြီး နောက်ဆုံး၌ အရောင်အဆင်းပြန်ရှိလာခဲ့သည်။
သူမသည် ယခင်က သတိမပြုခဲ့မိသော်လည်း ယခုအခါ ထုံရွှယ်လူသည် သူ၏ ရှက်သွေးဖြာသည့်ပုံစံကို မည်မျှ လွမ်းဆွတ်နေခဲ့သည်ကို သဘောပေါက်သွားတော့သည်။
သူမက မတ်တပ်ရပ်လ်ုက်ပြီး သူ့လက်ကို ယူကာ ပြောသည်။ " သွားကြစို့၊ကျွန်မ ကနေ့ လမ်းအများကြီးလျှောက်ခဲ့ရလို့ ခြေကုန်လက်ပမ်းကြလုနီးပါးဖြစ်နေတယ်။ ခဏနေရင် ရှင် ကျွန်မကို နှိပ်နယ်ပေးရမယ် "
၀မ်ရူကွေ့သည် သူ့အား ရေချိုးခန်းဆီသို့ ဆွဲသွားခွင့်ပြုလိုက်ပြီး လမ်းတစ်လျှောက် စကားသံမရှိပေ။
ရေချိုးအခန်း၀ဆီသို့ ရောက်သည့်အခါမှသာ သူ့ အရှေ့ရှိလေထုကို ခက်ထန်စွာ ကြည့်လိုက်ပြီးနောက် တံခါးကို အကြမ်းပတမ်းပိတ်လိုက်ကာ "ရှောင်ရွှိ'ကို ရေချိုးခန်းအပြင်၌ ချန်ထား လိုက်သည်။
သု့ဇနီး၏ ခန္ဓာကိုယ်အား တခြားယောက်ျားများကို တွေ့မြင်ခွင့် မပြုပေ။
ထုံရွှယ်လူသည် သူ၏ လှုပ်ရှားမှုများကို သတိမပြုမိသယောင် ဟန်ဆောင်လိုက်ပြီး သူ၏ အ၀တ်အစားများကို ဖြည်းညင်းစွာ ကူညီချွတ်ပေးသည်။ ထို့နောက် သူမ၏အ၀တ်အစားများကို ချွတ်လိုက်သည်။
ယခုအချိန်သည် သူမတို့နှစ်ယောက် ဤကဲ့သို့ "ပွင့်ပွင့်လင်းလင်း" တွေ့သည့်အကြိမ်မှာ ပထမဆုံးအကြိမ် မဟုတ်ချေ။ သို့သော် ဤအကြိမ်၌ သူမတို့၏ မျက်၀န်းထဲတွင် တပ်မက်ခြင်းများမရှိကြပေ။
သူ၏ အ၀တ်များကို ချွတ်ပေးပြီးသည့်နောက် ထုံရွှယ်လူသည် သူ၏လက်မောင်းများနှင့် ကျောပြင်မှ တချို့နေရာများတွင် ဒဏ်ရာဒဏ်ချက်များရှိနေသည်ကို တွေ့လိုက်ရသည်။ ထိုဒဏ်ရာအနာတရများသည် အသစ်စက်စက်ဖြစ်ပုံပေါ်နေကာ သိသာစွာဖြင့် လောလောလတ်လတ် ရခဲ့သည်များ ဖြစ်ကြသည်။
သူမက သူ့လက်မောင်း၏ အနီရောင်အစင်းကြောင်းကို ပွတ်သပ်လိုက်သည်။
" နာနေလားဟင် "
၀မ်ရူကွေ့၏မျက်လုံးများက အစမှအဆုံး သူမအပေါ်၌ ရှိနေသည်။
" မနာဘူး "
ထိုအချိန်က သူသည် သူ့ကိုယ်သူ စတိုခန်းထဲ၌ ပိတ်ထားခဲ့ပြီး ခေါင်းကွဲမတတ် ခေါင်းကိုက်ကာ ပေါက်ကွဲလုနီးပါးဖြစ်နေခဲ့သဖြင့် သူ့ခန္ဓာကိုယ်နှင့် ဗီရိုများ၊ နံရံများကို ဆောင့်တိုက်ကာ ခေါင်းကိုက်ဝေဒနာအား သက်သာစေခဲ့သည်။
သူ့ခန္ဓာကိုယ်ရှိ နာကျင်မှုသည် ခေါင်းကိုက်ခြင်းအား ဖြေဖျောက်ပေးနိုင်ပြီး ထူးဆန်းသည့် သာယာမှုကိုပင် ယူဆောင်လာပေးသည်။
သို့သော် သူက သူမ၏မျက်၀န်းထဲရှိ စိုးရိမ်မှုများအား မနှစ်သက်ချေ။ " ကိုယ် အဲဒီလို ထပ်မလုပ်တော့ပါဘူး "
ထုံရွှယ်လူ၏ မျက်၀န်းများ လင်းလက်သွားလေသည်။ သူမက သူ့ကို မှီလိုက်ပြီး မျက်နှာပေါ် အနမ်းပေးလိုက်သည်။
" သဘောတူလိုက်ပြီးပြီနော် နောက်နောင် ဘာတွေပဲဖြစ်ပါစေ ကျွန်မ ရှင်နဲ့ အတူတူ ရှိနေသည်ဖြစ်စေ၊ ရှိမနေသည်ဖြစ်စေ ရှင့်ကိုယ်ရှင့် နာကျင်စေလို့မရဘူးနော် "
သူ၏ ပူးပေါင်းဆောင်ရွက်မှုမှာ သူမ မျှော်မှန်းထားသည်ထက် ပို၍သာလွန်ကာ သူမအား ကြီးမားသည့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကို ပေးခဲ့သည်။
စိတ်ရောဂါခံစားရသည့်လူများသည် ကမ္ဘာပေါ်တွင် မျှော်လင့်ချက်နှင့် စိတ်၀င်စားမှုအား ဆုံးရှုံးသွားရမည်နှင့် အခြားအားလုံးကို လျစ်လျူရှုသွားမည်ကို အကြောက်ဆုံးဖြစ်သည်။
သို့သော် သူမက သူ့အား ဂရုစိုက်နေပြီး အခြားလူနာများထက် သာလွန်လေသည်။
၀မ်ရူကွေ့က ဖြည်းညင်းစွာ ခေါင်းညိတ်သည်။ " အင်း "
ရေချိုးပြီးသည့်နောက် သူမတို့နှစ်ယောက်က လူတိုင်းအား နှုတ်ဆက်ရန် ဧည့်ခန်းသို့ မသွားကြဘဲ အိပ်ခန်းသို့ သာ တန်းသွားလိုက်သည်။
ထုံရွှယ်လူသည် ကုတင်ပေါ်တက်လိုက်ပြီး ၀မ်ရူကွေ့သည် သူ့မျက်လုံးများကို မှတ်လိုက်သည်နှင့် သူမ သူ့၏ရှေ့မှာ ပျောက်ကွယ်သွားမည်ကို စိုးရွံသည့်အလား သူမအား စိုက်ကြည့်နေလေသည်။
ထုံရွှယ်လူက လက်ဆန့်ထုတ်လိုက်ပြီး သူ့လက်အား ကိုင်လိုက်သည်။" စိတ်မပူပါနဲ့ ။ ကျွန်မ ပျောက်ကွယ်မသွားပါဘူး။ ကြည့် ကျွန်မတို့လက်တွေက တစ်ဖက်နှင့်တစ်ဖက် ဆုပ်ကိုင်ထားကြတယ်လေ။ ကျွန်မ လွှတ်လိုက်ရင် ရှင် ခံစားမိမှာမဟုတ်ဘူးလား "
၀မ်ရူကွေ့က ခေါင်းငုံ့ကာ ကြည့်လိုက်သည်။ သူ၏ လက်ချောင်းများနှင့် သူမ၏ လက်ချောင်းများမှာ ရောယှက်နေလေသည်။ ထို့နောက် ခေါင်းပြန်မော့လာကာ သူမအား မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေပြန်သည်။
ဤအကြိမ်တွင် သူက ပူးပေါင်းလိုသည့် ဆန္ဒမရှိနေပေ။
ထုံရွှယ်လူက စိတ်ထဲ၌ သက်ပြင်းချလိုက်သည်။" ဒါဆို ကျွန်မ အိပ်ရာ၀င်တော့မယ်။ ကြည့်ရတာ ပင်ပန်းလာရင် ရှင်လည်း အိပ်ရာ၀င်နိုင်တယ် ""
သူ၏ ရောဂါမှာ အချိန်တိုအတွင်း သက်သာလာမည့်မဟုတ်ချေ။ ဤသည်က ရှည်ကြာသည့် တိုက်ပွဲတစ်ခုဖြစ်သည်။
သူ့အား ဂရုစိုက်ရန်အတွက် သူမသည် ဦးဆုံးအနေဖြင့် သူမကိုယ်သူမနှင့် ကလေးလေးများကို ဂရုစိုက်ရပေဖြစ်သည်။ ထို့ကြောင့် သူမ အိပ်ရာ၀င်ရတော့မည်ဖြစ်သည်။
အပြင်ဘက်တွင် ဦးလေးဇုန်းနှင့် ဖူကျန့်ယိတို့ ရှိနေကြသည်။ အကယ်၍ ညလယ်၌ ၀မ်ရူကွေ့ ရုတ်တရက် ဖောက်လာလျှင် ခြံ၀န်းအပြင်ဘက်သို့ ထွက်ပြေးမလွတ်မြောက်သွားစေရန် ဖြစ်သည်။
ထိုသို့ပြောပြီးနောက်က သူမက မျက်လုံးများကို ပိတ်လိုက်ပြီး တဖြည်းဖြည်း အိပ်မောကျသွားသည်။
ယနေ့ညသည် အိမ်ရေးပျက်သည့်ညတစ်ညအဖြစ် ဦးတည်နေခဲ့ပြီး ၀မ်၊ရှောင်းမိသားစု၌ မည်သူတစ်ဦးတစ်ယောက်မှ ၎င်းတို့၏ မျက်လုံးများကို မပိတ်နိုင်ကြချေ။
နောက်တစ်နေ့တွင် အဘိုး၀မ်အား အခြေစိုက်စခန်းသို့ ဖူကျန့်ယိမှ ကိုယ်တိုင်ကားမောင်းကာ ပို့ဆောင်ပေးပြီး ၀မ်ရူကွေ့၏ အခြေအနေကို ခေါင်းဆောင်ကျွမ်းနှင့် ကျောင်းပေါရှန်းအား ရှင်းပြသည်။
ခေါင်းဆောင်ကျွမ်းမှာ အလွန်အမင်းထိတ်လန့်သွားလေသည်။ " ရဲဘော်၀မ်က ခါတိုင်း တော်တော်လေးပုံမှန်ဖြစ်ပါတယ်။ ဘာလို့ ရုတ်တရက်ကြီး ...."
အဘိုး၀မ်က သက်ပြင်းချကာ ပြောလိုက်သည်။ " သူ ငယ်ငယ်တုန်းက သူ့မှာ ရောဂါတစ်ခုရှိခဲ့တယ်။ ကျုပ်က ပျောက်ကင်းသွားပြီလို့ ထင်နေခဲ့မိတယ်။ ဒါပေမဲ့ အခု သူက ဒီအခြေအနေဖြစ်နေတာမို့ ညွှန်ကြားရေးမှူးအနေနဲ့ ဆက်လက်တာ၀န်ထမ်းဆောင်ဖို့ မသင့်လျော်တော့ပါဘူး။ အခြေစိုက်စခန်းရဲ့ သုတေသနတွေကို မနှောင့်နှေးစေဖို့ ကျုပ်ကလာရောက်ပြီး သူ့ရဲ့ နှုတ်ထွက်စာကိုပေးတာပါ "
ခေါင်းဆောင်ကျွမ်းက ကမ်းပေးလာသည့် အလုပ်ထွက်စာကို ကြည့်ကာ မျက်မှောင်ကြုတ်သွားသည်။
" ကျွန်တော် ဒီအရေးကိစ္စကို အထက်လူကြီးကို တင်ပြဖို့ လိုတယ်။ ဒါပေမဲ့ ရူကွေ့ရဲ့ လက်ရှိ အခြေအနေက အခြေစိုက်စခန်းကို ပြန်လာဖို့ မသင့်လျော်ဘူး။ အရင်ဆုံး သူ့ကို ခွင့်ရက်ရှည်ပေးလိုက်မယ် "
၀မ်ရူကွေ့သည် ရှားပါးသည့် အရည်အချင်းရှိသူ တစ်ယောက်ဖြစ်သည်။ နှစ်ပေါင်းများစွာ နိုင်ငံတော်သည် သူ့အား ပျိုးထောင်ပေးရာ၌ လူအင်အားနှင့် အရင်းအမြစါများစွာ မြှုပ်နှံပေးခဲ့သည်။ ယခုအချိန်မှာ နိုင်ငံတော်သည် အရည်အချင်းရှိသူများကို အရေးတကြီးလိုအပ်နေပြီး ဤကဲ့သို့ ပါရမီထူးသူတစ်ယောက်ကို သူ တကယ် မဆုံးရှုံးချင်ပေ။
အဘိုး၀မ်က စကားပြောလိုသေးသော်လည်း သူ့အား ခေါင်းဆောင်ကျွမ်းမှ ဖြတ်ပြောလိုက်သည်။
" ဗိုလ်မှူး၀မ်၊ ခင်များပြောချင်တာကို ကျွန်တော်နားလည်ပါတယ်။ အကယ်၍ ရူကွေ့ အဲ့ဒီအချိန်က ပြန်သက်သာလာနိုင်ခဲ့ရင် ဒီအကြိမ်မှာလည်း ပြန်သက်သာလာလိမ့်လို့ ကျွန်တော်ယုံကြည်တယ်။ ကျွန်တော် သူ့အပေါ် ယုံကြည်ချက်ရှိတယ် "
အဘိုး၀မ်က လေးလံစွာဖြင့် ခေါင်းညိတ်လိုက်သည်။ " မင်းပြောတာ မှန်တယ်။ သူ သေချာပေါက် နေပြန်ကောင်းလာမှာ "
ဤကဲ့သို့ ရောဂါများသည် အခြားသူများ၏ အမြင်၌ စိတ်မနှံ့ခြင်းနှင့် တူညီမှုရှိပေသည်။ အဘိုး၀မ်သည် ဤနေရာသို့ မလာမီတွင် စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားခဲ့သည်။ သူက အေးစက်သည့် ဆက်ဆံမှုနှင့် လှောင်ပြောင်မှုကို ကြုံတွေ့ရမည်ဟု ထင်ခဲ့သော်ငြား ခေါင်းဆောင်ကျွမ်း၏ စကားများမှာ ၀မ်ရူကွေ့အတွက်ဖြစ်နေသောကြောင့် စိတ်လှုပ်ရှားသွားရပေသည်။
ခေါင်းဆောင်ကျွမ်း၏ ရုံးခန်းမှာ ထွက်ခွာလာသောအခါ အဘိုး၀မ်နှင့် ဖူကျန့်ယိသည် ကျောင်းပေါရှန်း၏ ဓာတ်ခွဲခန်းသို့ သွားကြသည်။
ကျောင်းပေါရှန်းမှာ ခေါင်းဆောင်ကျွမ်းထက် ပို၍ တည်ငြိမ်ပြီး သက်ပြင်းချ ကာ ပြောလေသည်။
" ကျွန်တော် ငယ်ငယ်တုန်းက အမေရိကမှာ ရူကွေ့ရဲ့ရောဂါကို ကြားခဲ့ဖူးတယ်။ ကျွန်တော် ရူကွေ့ကို တွေ့တဲ့ အချိန်က သူမှာ စိတ်ရောဂါရှိတယ်လို့ သံသယရှိခဲ့တယ် "
ဖူကျန့်ယိက မမေးမြန်းဘဲ မနေနိုင်ချေ။ " ရူကွေ့မှာ ဒီလိုမျိုး ရောဂါရှိတာကို သိခဲ့ရင် ဘာလို့ သူ့ကို ကျောင်းသားအဖြစ် လက်ခံဖို့ ဆန္ဒရှိနေသေးခဲ့တာလဲ "
ကျောင်းပေါရှန်းက ပြောသည်။ " ဒီရောဂါရှိတဲ့သူတွေက အချို့သော နယ်ပယ်တွေမှာ သာမာန်ထက် ထူးကဲတဲ့ ပါရမီတွေရှိတတ်ကြတယ်။ အဲ့ဒီအချိန်တုန်းက ရူကွေ့က ကိန်းဂဏန်းတွေမှာ အရမ်းထက်မြက်ပြီး သင်္ချာနဲ့ဆိုင်တဲ့အကြောင်းအရာတွေအများကြီးကို ချက်ချင်း နားလည်နိုင်ခဲ့တယ်။ ကျွန်တော်က ဒီနယ်ပယ်မှာ သူ့ရဲ့အရည်အချင်းတွေကို ဖော်ထုတ်နိုင်မလား သိချင်ခဲ့တယ် ""
" တကယ်ပဲ သူမှာ အရည်အချင်းရှိနေခဲ့တယ်လေ။ နောက်ပိုင်းမှာ သူက တဖြည်းဖြည်း ပိုပြီးထူးချွန်လာခဲ့တယ်။ နှစ်ပေါင်းများစွာ ကြာခဲ့ပြီး ရောဂါဟောင်းပြန်ထလာတယ်လို့တွေးပြီး ၀မ်းမနည်းပါနဲ့ ဗိုလ်မှူး၀မ်။ အမေရိကမှာရှိတဲ့ ကျွန်တော့်အကိုအကြီးဆုံးနဲ့ ဒုတိယအကိုတို့ကို ဒီရောဂါနဲ့ပက်သက်ပြီး ကောင်းမွန်တဲ့ ကုသမှုနဲ့ သုတေသနတွေ ရှိသလားဆိုတာ စာရေးပြီး မေးမြန်းလိုက်ပါ့မယ် "
အဘိုး၀မ်၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုကြောင့် နီရဲနေပေသည်။ သူက လက်ကို လှမ်းကိုင်ကာ ပြောလိုက်သည်။
" ကျေးဇူးတင်ပါတယ်။ ခေါင်းဆောင်ကျောင်း၊ တကယ့်ကို မင်းက ကျုပ်တို့ ၀မ်မိသားစုရဲ့ ကျေးဇူးရှင်ကြီးပါပဲ "
သူသည် တစ်ချိန်က ၀မ်ရူကွေ့ ကိုကယ်တင်ပေးခဲ့သူဖြစ်ပြီး ယခု ၀မ်ရူကွေ့ထံ တစ်စုံတစ်ရာဖြစ်ပျက်လာသည့်အခါ၌လည်း သူ့အပေါ် လက်မလျော့ခဲ့ပေ။
သူဆိုသည့် အဘိုး၀မ်က ဤကျေးဇူးအား စိတ်ထဲ၌ မှတ်သားထားလိုက်သည်။
ကျောင်းပေါရှန်းသည် သိပ္ပံနှင့် နည်းပညာအဖွဲ့အစည်းဥက္ကဌနေရာ၊ နိုင်ငံတော်ကာကွယ်ရေး၀န်ကြီးဌာနလက်အောက်ရှိ ပဥ္စမမြောက်သုတေသနအဖွဲ့အစည်း၏ ညွှန်ကြားရေးမှူးနေရာနှင့် သတ္တမမြောက် စက်မှုဌာန၏ ဒု၀န်ကြီးအဖြစ် ရာထူးနေရာများစွာ ထမ်းဆောင်နေသော်လည်း အားလုံးက တစ်စုတစ်စည်းတည်း သူ့အား ခေါင်းဆောင်ကျောင်းဟူ၍သာ ခေါ်ဆိုကြသည်။
ကျောင်းပေါရှန်းက သူ၏လက်အား လှုပ်ရမ်းလိုက်သည်။ " ဗိုလ်မှူး၀မ်၊ ရပါတယ်ဗျာ။ ရူကွေ့က ကျွန်တော့်ကျောင်းသားပါ။ ဘာတွေဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် သူ့ကို ဘယ်တော့မှ လက်မလျော့ဘူး "
ဒုက္ခကြုံသောအခါ၌ စစ်မှန်သော ခံစားချက်များ ပေါ်လာခြင်းဖြစ်ပြီး လူတိုင်း၏ တုံ့ပြန်မှုက အဘိုး၀မ်၏ လေးလံနေသည့် နှလုံးသားအား ပေါ့ပါးစေခဲဲ့လေသည်။