🍵Chapter 342
အမျိုးမျိုးသော ထင်ကြေးများကို မနှိုးဆော်မိရန်နှင့် ၀မ်ရူကွေ့၏ ဂုဏ်သတင်းအား မထိခိုက်စေရန် အခြေစိုက်စခန်းသည် ၀မ်ရူကွေ့မှာ ရုပ်ပိုင်းဆိုင်ရာ ပင်းပန်းလွန်းသဖြင့် ဆရာ၀န်မှ သူ့အား အနားယူရန် ညွှန်ကြားခဲ့သည်ဟု ကြေညာချက်ထုတ်ပြန်ခဲ့သည်။ သူ၏ အခြေအနေအား ထည့်သွင်းစားပြီး နောက် အခြေစိုက်စခန်းမှ သု့အား တစ်နှစ်အနားယူခွင့်ပြုလိုက်သည်။
ညွှန်ကြားရေးမှူးရာထူးကိုမူ အခြားသူများက ယာယီတာ၀န်ယူကြလေမည်။ နေပြန်ကောင်းလာသည့်အခါ သူ၏ ညွှန်ကြားရေးမှူးတာ၀န်ကို ဆက်လက်ထမ်းဆောင်နိုင်ပေသည်။
အခြေစိုက်စခန်းမှသူများသည် ဤသတင်းအား ကြားသည့်အခါ အလွန်ထိတ်လန့်သွားကြပြီးနောက် ၀မ်ရူကွေ့ထံ သတင်းမေးသွားရန် ဆွေးနွေးကြသော်လည်း ခေါင်းဆောင်ကျွမ်းမှ ဟန့်တားလိုက်သည်။
သူက ၀မ်ရူကွေ့သည် အနားယူမှုလိုအပ်နေပြီး အားလုံး၏ သူ့အတွက် စိတ်ပူပန်များကို နောင်အခါ ပြောပြပေးလိုက်မည်ဟု ပြောလေသည်။
ထိုသို့ကြားပြီးနောက် လူတိုင်းသည် ခေါင်းဆောင်ကျွမ်းနှင့်အတူ ထည့်ပေးရန် ဖြည့်စွက်စာများ၀ယ်ယူခြင်း၌ သူတို့၏ ပိုက်ဆံများနှင့် လက်မှတ်များကို သုံးစွဲလိုက်ကြသည်။ ၎င်းတို့သည် ၀မ်ရူကွေ့အား ခွန်အားပေးသည့် စာများ ရေးသားကာ မြန်မြန်သက်သာလာပါစေဟု ဆုမွန်ကောင်း တောင်းပေးကြသည်။
ကျိုးရန်နှင့် ဟွမ်ချီမင်တို့သာ ခေါင်းဆောင်ကျွမ်း၏ စကားများကို မယုံကြည်ကြချေ။
အထူးသဖြင့် ကျိုးရန်ပင်။ အဘယ့်ကြောင့်ဆိုသော် သူသည် ထိုနေ့က ၀မ်ရူကွေ့ကို ရှာဖွေခဲ့ပြီး ကြားခဲ့ရသည့်သတင်းများက သူ့အား ထိတ်လန့်စေခဲ့သည်။ ထို့နောက် ၀မ်ရူကွေ့သည် အခြေစိုက်စခန်းသို့ ပြန်ရောက်မလာတော့ချေ။
သူက စိတ်ထဲ၌ တစ်စုံတစ်ရာကို ခန့်မှန်းမိသော်လည်း အခြားသူအား မပြောပြပေ။
ခေါင်းဆောင်ကျွမ်း ၀မ်မိသားစုအိမ်သို့ သွားသည့်အခါ သူတို့နှစ်ယောက်သည်လည်း ထွက်ခွာခွင့်များ လျင်မြန်စွာ တောင်းဆိုကာ နောက်မှ လိုက်သွားကြသည်။
၀မ်မိသားစုအိမ်သို့ ရောက်ရှိသည့်အခါ နောက်ဆုံး၌ ကျိုးရန်သည် မည်သည်က မှားယွင်းနေကြောင်း သိရှိသွားတော့သည်။
၀မ်ရူကွေ့၏ စိတ်အခြေအနေသည် ယခင်နေ့ရက်ကထက် ပို၍ တည်ငြိမ်နေသော်လည်း နှိုင်းယှဉ်ချက်အရ စကားပြောရုံမျှသာဖြစ်သည်။
သူ၏ စိတ်ပိုင်းဆိုင်ရာ ပြိုကျပြီးကတည်းက 'ရှောင်ရွှိ'သည် သူ့ရှေ့တွင် နေ့စဥ် နေ့တိုင်း အရိပ်တစ်ခုပမာ ရှိနေခဲ့သည်။ သူအရင်က အဆင်မပြေမှန်း မသိပေမယ့် ယခုအခါ 'ရှောင်ရွှိ'သည် စိတ်ကူးယဉ်ဆန် ပုံရိပ်ယောင်တစ်ခုဖြစ်နေမှန်း သိသွားပြီး ထိုသိရှိမှုက သူ့ကို ထပ်တလဲလဲ ပြိုလဲသွားစေသည်။
ခေါင်းဆောင်ကျွမ်း၊ကျိုးရန်နှင့် ဟွမ်ချီမင်တို့လာသည့်အခါ ပတ်၀န်းကျင်ရှိ မည်သည်ကိုမှ တုံ့ပြန်ခြင်းမရှိသော ၀မ်ရူကွေ့ကို မြင်လိုက်ရသည်။
အရာအားလုံးကို မတုံ့ပြန်ဟု၍ မပြောနိုင်ချေ။ ထိုအစား ထုံရွှယ်လူမှလွဲ၍ အခြားလူများ အားလုံးကို မျက်ကွယ်ပြုထားသည်ဟု ဆိုရမည်။
ထိုကဲ့သို့၀မ်ရူကွေ့အား တွေ့လိုက်ရသည့်အခါ သူတို့ သုံးယောက်လုံး စိတ်မချမ်းမသာ ဖြစ်သွားကြရသည်။
အထူးသဖြင့် ကျိုးရန်နှင့် ဟွမ်ချီမင်ပင်။ သူတို့သုံးယောက်သည် အခြေစိုက်စခန်းတွင် အကောင်းဆုံးဆက်ဆံရေးတစ်ခုရှိကြလေသည်။ ပုံမှန်အားဖြင့် အချင်းချင်း၏ ပိုင်ဆိုင်သည့်အရာများကို နှိုင်းယှဥ်ကာ သို့မဟုတ် အချင်းချင်း ကဲ့ရဲ့လှောင်ပြောင်ခြင်းတို့ကို နှစ်သက်ကြသော်လည်း တစ်ဦးနှင့်တစ်ဦး စိုးရိမ်ပူပန်မှု နှင့် ညီရင်းအစ်ကိုသဖွယ် ချစ်မေတ္တာသည် အတုအယောင်မဟုတ်ခဲ့ပေ။
အပြန်လမ်းတွင် နှစ်ယောက်သား စကားမပြောဘဲ အချိန်အတော်ကြာ ငြိမ်သက်နေမိကြသည်။
အချိန်အတော်ကြာပြီးသည့်နောက်
ကျိုးရန်က ပြောလာသည်။ " သူ့ဇနီးကို ကူပြီး လျှပ်စစ်မီးဖိုးလို့ခေါ်တဲ့ အိမ်သုံးပစ္စည်း တီထွင်မယ်လို့ ယခင်က ရူကွေ့ပြောခဲ့ဖူးတယ်မလား။ ငါတိုပြန်သွားပြီး သူ့ကို ကူလုပ်ပေးကြရင်ရော ။ မင်းဘယ်လိုထင်လဲ "
ဟွမ်ချီမင်သည် ခေါင်းကိုမော့လိုက်ကာ မျက်လုံးများ တောက်ပသွားသည်။
" မင်းက များသောအားဖြင့် သိပ်အားကိုးလို့မရပေမယ့် ဒီတစ်ခါ မင်းစကားတွေက အရမ်းဆီလျော်တယ်လို့ ငါထင်တယ်။ အဲဒီလို ဖြစ်နိုင်မယ်လို့ ငါ ထင်တယ် "
ကျိုးရန်က သူ၏လက်ကိုမြှောက်ကာ ထိုးလိုက်သည်။ " ခွေးပါးစပ်က ဆင်စွယ်မထွက်တဲ့ကောင် "
[T/N - မကောင်းတဲ့သူက စကားကောင်း မပြောဆိုတဲ့ အဓိပ္ပာယ်ပါ]
ဟုတ်ပေသည်။ လျှပ်စစ်မီးဖိုးတီထွင်ရန် ၎င်းတို့သည် ၎င်းကို သီးသန့် မဆောင်ရွက်နိုင်ချေ။ အခြေစိုက်စခန်းသို့ ပြန်ရောက်ပြီးနောက် ၎င်းတို့နှစ်ဦးသည် ခေါင်းဆောင်ကျွမ်းနှင့်အတူ ပြောဆိုတိုင်ပင်လိုက်ကြသည်။
ခေါင်းဆောင်ကျွမ်းက ချက်ချင်း ခွင့်ပြုလိုက်သော်လည်း အခြေစိုက်စခန်း၏ လုပ်ငန်းတာ၀န်များကို မပျက်ကွက်စေရန် ပြောခဲ့သည်။
၀မ်ရူကွေ့ ဤကဲ့သို့ ဖြစ်လာသည်ကိုမြင်တော့ အလွန်စိတ်မကောင်းဖြစ်သွားခဲ့ရသဖြင့် သူ မြန်မြန်ပြန်ကောင်းလာနိုင်လျှင် ၀မ်းသာမိမည်ပင်။
🍵
ထုံရွှယ်လူသည် ကျောင်းပေါရှန်းအား ဝမ်ရူကွေ့၏ကျန်းမာရေးအတွက် သူမကို ကူညီရန် အကူအညီတောင်းခဲ့သော်လည်း ကြက်ဥများကို ခြင်းတောင်းတစ်ခုတည်းထဲ မထည့်သင့်သောကြောင့် သူမ၏ မျှော်လင့်ချက်အားလုံးကို သူ တစ်ယောက်တည်းအပေါ် မထားဝံ့ချေ။
[T/N- အောင်မြင်ဖို့ တစ်ခုတည်း၊တစ်ဦးတည်းအပေါ်မှာပဲ မမှီခိုသင့်ဘူးလို့ဆိုလိုပါတယ်]
အဘိုး၀မ်နှင့် ဆွေးနွေးတိုင်ပင်ပြီးသည့်နောက် သူမ စုယွဲ့ရှန်းကို အကူအညီတောင်းရန် ဆုံးဖြတ်လိုက်သည်။
စုယွဲ့ရှန်းသည် တောင်ဘက်တွင် အခိုင်အမာ ခြေကုပ်ယူထားလျက်ရှိသည်။ ပြုပြင်ပြောင်းလဲရေးနှင့်အထူးစီးပွားရေးဇုန်များတည်ထောင်ခြင်းနှင့်အတူ ၎င်း၏လုပ်ငန်းသည် ပိုမိုကြီးမားလာကာ သူ၏အဆက်အသွယ်များလည်း ပိုမိုကျယ်ပြန့်လာခဲ့သည်။
သူက ရှန်းကျန်းမှ စိတ်ရောဂါကုဆရာ၀န်တစ်ဦးအား ရှာဖွေရန် ကူညီပေးနိုင်လောက်မည်ဖြစ်သည်။
ဤဆုံးဖြတ်ချက်သည် အပြည့်အ၀ မှန်ကန်လေသည်။
စုယွဲ့ရှန်းသည် ၀မ်ရူကွေ့၏ အခြေအနေအကြောင်း သိရှိသွားပြီးနောက် ချက်ချင်းပင် သဘောတူညီခဲ့သည်။
ထို့နောက် သူသည် ကွမ်တုံးပြည်နယ်မှ စျေးကြီးသော ဖြည့်စွက်စာအများအပြားကို ပေးပို့ခဲ့ပြီး သုံးရက်အကြာတွင် ရှန်းကျန်းရှိ နာမည်ကြီး စိတ်ရောဂါကုဆရာဝန်ထံ ဆက်သွယ်ခဲ့ပြီးကြောင်း လူတိုင်းထံသို့ သတင်းကောင်း ယူလာသည်။
ပြည်မကြီးနှင့် ရှန်းကျန်းမှာ လမ်းကြောင်း ဖွင့်လှစ်ခြင်းမရှိသေးသည့်အပြင် ၀မ်ရူကွေ့သည် သူ၏ အထူးအဆင့်အတန်းအရ လွယ်လွယ်ကူကူ ထွက်ခွာ၍မရချေ။ တစ်ဖက်သူသည်လည်း ၀င်ရောက်လာရန် မလွယ်ကူသဖြင့် အချိန်အတိုင်းအတာတစ်ခု လိုအပ်နေပေသည်။
သို့သော် ဤသတင်းက လူတိုင်းကို စိတ်လှုပ်ရှားသွားစေခဲ့သည်။
အဘိုး၀မ်သည် ဦးလေးဇုန်း၏ လက်ကိုပင် ဆုပ်ကိုင်ရင်း စိတ်လှုပ်ရှားလွန်းသဖြင့် မျက်ရည်များပင် ကျဆင်းခဲ့လေသည်။
**
၀မ်၊ရှောင်းမိသားစု၏ အတွေးများသည် ၀မ်ရူကွေ့အပေါ်၌ ရှိနေသော်လည်း ၎င်းတို့သည် ထိုကိစ္စကြောင့် ချန်ရှို့ယွင်အား လွှတ်မထားခဲ့ချေ။
လတ်တလော ချန်ရှို့ယွင်၏ဘ၀က အလွန်ဆိုးဝါးနေလျက်ရှိပေသည်။
ဆေးရုံကို ပို့ခံရပြီးနောက်မှာ သူမသည် ဆေးရုံတွင် တစ်ယောက်တည်း နေခဲ့ရလေသည်။ မည်သူမျှ သူမကို လာကြည့်ကာ ဂရုမစိုက်ကြပေ။ သူမသည် အစားအသောက်နှင့် အပေါ့အပါးသွားခြင်းကို သူမဘာသာသူမ လုပ်ဆောင်ခဲ့ရသည်။
သူမ နဖူးမှာ ပြင်းပြင်းထန်ထန် ဆောင့်တိုက်ခဲ့မိသဖြင့် မကြာခဏ ခေါင်းကိုက်ခြင်းကို ခံစားရပြီး တခါတရံ ခေါင်းကိုက်သည့်အခါ သူမ ခေါင်းကို နံရံနှင့်ပင် ၀င်ဆောင့်လိုလေသည်။
ဆရာဝန်က သူမကို စစ်ဆေးခဲ့ပြီး ခေါင်းနှင့် လဲကျခြင်း၏ နောက်ဆက်တွဲဟု ပြောခဲ့ပြီး သူ လုပ်ပေးနိုင်မည့်အရာ မရှိဟု ပြောကြားလေသည်။
သူမ ဒေါသအလွန်ထွက်သွားပြီး ဆေးရုံမှ ဆင်းပြီးသည်နှင့် ၀မ်ရူကွေ့ကို တိုင်ကြားချင်သွားသည်။
သို့သော် သူမ အကောင်အထည် မဖော်နိုင်ခင်တွင် သူမ အစ်ကိုအကြီးဆုံးသည် ကျင်းရှစ်မြို့မှ ပေကျင်းဆေးရုံသို့ အမြန်ပြေးလားပြီး သူမကို တွေ့သည့်အခါ၌ ပြင်းပြင်းထန်ထန် ပါးရိုက်လေသည်။
" ဝမ်မိသားစုကို ထပ်မလွန်ဆန်ဖို့ ငါ ပြောခဲ့တယ်။ မင်းမရပ်တန့်ခင် ငါတို့ချန်မိသားစုကို သေစေချင်တာလား "
၀မ်မိသားစုကို ပထမဆုံးရင်ဆိုင်ရသည့်အချိန်က သူမသည် ၀မ်မိသားစုကို နိမ့်ကျစေပြီး ချန်မိသားစုကို အုပ်စိုးစေချင်ခဲ့သည်။ ထိုအချိန်က အကြီးအကဲများသည် ချန်ရှို့ယွင်ကို ချစ်ကြသောကြောင့် အားလုံးက ဝမ်မိသားစုကို တိုက်ခိုက်ရန် စည်းလုံးခဲ့ကြသည်။
သို့သော် လွန်ခဲ့သည့် အနှစ် နှစ်ဆယ်အတွင်း ချန်မိသားစုသည် မည်သည့်အကျိုးအမြတ်မှ မရရှိခဲ့ချေ။ ထိုအစား ခေါင်းမထောင်နိုင်သည်အထိ ဖိနှိပ်ခံခဲ့ရသည်။
သူ၏သားသည် ကောလိပ်ဝင်ခွင့် စာမေးပွဲရလဒ်ကို အတုလုပ်မှုဖြင့် ထောင်ကျသွားခဲ့ပြီး သူကမူ အလုပ်မှ ထုတ်ပယ်ခံခဲ့ရသည်။ ချန်မိသားစုသည် ကျင်းရှစ်မြို့မှ လမ်းဘေးကြွက်တစ်ကောင်လိုပင်ဖြစ်နေခဲ့သည်။
သူတို့သည် အလွန်အင်တင်တင် ခံစားရသော်လည်း နာကျင်စရာသင်ခန်းစာမှတစ်ဆင့် ဝမ်မိသားစုအား အနိုင်မယူနိုင်ကြောင်း သိလာစေသည်။ အကယ်၍ ဆက်လက်တိုက်ခိုက်နေလျှင် သူတို့၏မိသားစု ပျက်စီးသွားချေမည်။
ထို့ကြောင့် ကျင်းရှစ်မြို့သို့ ပြန်ရောက်ပြီးနောက် ချန်မိသားစု ညီအစ်ကိုများသည် ထိုင်ကာ ဆွေးနွေးခဲ့ကြပြီး နောက်ဆုံးတွင် ဝမ်မိသားစုနှင့် ၎င်းတို့၏ မကျေမနပ်မှုများကို စွန့်လွှတ်ကာ ယခုမှစ၍ ခြေထောက်ကြားထဲ အမြီး၀ှက်ထားရန် ဆုံးဖြတ်ခဲ့သည်။
[T/N-အရှုံးကို၀န်ခံ၊ကျိုးနွံ၊နှိမ့်ချတာပါ]
၎င်းတို့သည် ရှစ်ကျားယွင်ကိုလည်း ဖျောင်းဖျရန် ကြိုးစားခဲ့သော်ငြား ရှစ်ကျားယွင်က လုံးဝနားမထောင်သည့် အတွက် သူတို့နှင့် ပြတ်ပြတ်သားသား စည်းတားရန်မှလွဲ၍ ရွေးချယ်စရာ မရှိခဲ့ချေ။
ရှစ်မိသားစုသည် မဆင်မခြင်ပြုမူလိုပြီး သူတို့က ၎င်းတို့အား မထိန်းချုပ်နိုင်သလို ထိန်းလည်းမထိန်းချုပ်ချင်ခဲ့ ချေ။ သို့သော် ယခုတစ်ကြိမ်တွင် ချန်ရှို့ယွင်ကြောင့် သူ၏ တူသုံးဦးစလုံး အလုပ်မှ ထုတ်ပယ်ခံခဲ့ရသည်။
အနည်းငယ် စုံစမ်းပြီးသည့်နောက် ချန်ရှို့ယွင်သည် ၀မ်မိသားစုကို ထပ်မံ ရန်စခဲ့ကြောင်း တွေ့ရှိလိုက်ရသည်။
၀မ်မိသားစုမှ တစ်ယောက်သည် ၎င်းတို့ထံ စကားပါးလာပြီး ချန်ရှို့ယွင်အား တိုင်ကြားခြင်းကို လက်လျော့ရန်အတွက် ဖျောင်းဖျရန် ပြောခဲ့သည်။ အကယ်၍ ထိုသို့ မလုပ်နိုင်လျှင် နောက်ဆက်တွဲ လက်တုံ့ပြန်မှုသည် ပိုမိုပြင်းထန်လာမည်ဟူ၍ဖြစ်သည်။
အစ်ကိုကြီးချန်သည် သတင်းစကားကို လက်ခံပြီးနောက် မရပ်မနား အပူတပြင်း ရောက်လာခဲ့သည်။ သူမကို ဆုံတွေ့သည့်အခါ သူ့ကိုယ်သူ မထိန်းချုပ်နိုင်ဘဲ သူမအား ပါးရိုက်လိုက်ခဲ့သည်။
ချန်ရှို့ယွင်၏ ပါးတစ်ခြမ်းမှာ အရိုက်ခံလိုက်ရပြီး နားရွက်များထဲတွင် အူသံများကြားလိုက်ရသည်။
" အစ်ကိုကြီး၊ နင် နေမကောင်းဘူးလား။ နင်က ဒီကိုလာတိုင်း လက်လွယ်စပယ် ငါ့ကို ရိုက်တယ်။ ဒီတစ်ခါတော့ ငါ ဝမ်မိသားစုရဲ့ အားနည်ချက်ကို ကိုင်ထားတယ်။ သူတို့တစ်ခုခုလုပ်မှာကို ဘာလို့ ကြောက်နေရတာလဲ "
အစ်ကိုအကြီးဆုံးဖြစ်သူက သူမအား လက်ညှိုးထိုးကာ ဆဲဆိုသည်။
" နင့်အကြံအစည်ကို ချက်ချင်းစွန့်လွှတ်လိုက်တာ ပိုကောင်းတယ်၊ မဟုတ်ရင် ငါတို့ချန်မိသားစုက နင်နဲ့ ဆက်ဆံရေးဖြတ်တောက်ပစ်ပြီး နင် ငါ့ကို နင့်အစ်ကိုအကြီးဆုံးအဖြစ် နောင် ဘယ်တော့မှ အသိအမှတ် မပြုရတော့ဘူး "
ချန်ရှို့ယွင်သည် ဒေါသအလွန်ထွက်လွန်းသဖြင့် သွေးအ်လုနီးပါးပင်။ " အစ်ကိုကြီး..."
သူမ စကားမဆုံးခင်မှာ အစ်ကိုကြီးချန်က သူမကို လက်ဝှေ့ယမ်းပြကာ စကားဖြတ်ပြောသည်။ " နင် ဘာမှပြောစရာ မလိုဘူး။ နင် ဒီတိုင်ကြားမှုကို လက်လျော့မှာလား၊လက်မလျော့ဘူးလားပဲ ပြော "
ချန်ရှို့ယွင်က ဒေါသအလွန်ထွက်နေပြီး ရင်ဘတ်မှာ ပြင်းပြင်းထန်ထန် နိမ့်ချည်မြင့်ချည်ဖြစ်နေသည်။
သူမ လက်မလျှော့ချင်သော်လည်း ယခုအခါ ရှစ်ရှိုးနန်သည် ထောင်ထဲရောက်နေပြီး သူမ၏ မိဘဘက်မှမိသားစုနှင့် အမှန်တကယ် အဆက်အသွယ်ဖြတ်လိုက်လျှင် နောက်နောင်မှာ တစ်ခုခုဖြစ်ပွားလျှင် သူမကို မည်သူကမှ ကူညီနိုင်မည် မဟုတ်တော့ပေ။
ထို့ကြောင့် သူမ တိုင်ကြားမှုကို လက်လျော့လိုက်ရသည်။
သူမသည် လဲကျခဲ့သော်လည်း ၀မ်ရူကွေ့ ကို တိုင်ကြားရန် ကျရှုံးသွားရသည်။ အမှန်တကယ် မယားလည်းဆုံး စစ်သားလည်းဆုံး ဖြစ်သွားပေသည်။
သူမ အလွန်ဒေါသေထွက်လေသည်။
ရှစ်ရှိုးနန်ဘက်မှ စီရင်ချက်မှာ နောက်ဆုံးတွင် ပြစ်ဒဏ် ချမှတ်ချိန်ရောက်လာခဲ့သည်။
သူသည် ကြိုးကိုင်သူမဟုတ်သည့်အပြင် ရာဇ၀တ်မှု နှစ်ခုတွင်သာ ပါဝင်ခဲ့ခြင်းကြောင့် ပစ်မိန့်ပေးခြင်း မခံရသော်လည်း ထောင်ဒဏ်တစ်သက် တစ်ကျွန်း ချမှတ်ခံရသည်။
ရှစ်ရှိုးနန်၏တူဖြစ်သူ ရှစ်ကျွင်းသည် သေဒဏ်ချမှတ်ခံရပြီး ဖခင်ဖြစ်သူ ဒုတိယအကိုရှစ်သည် ၎င်းကို သိရှိပြီးနောက် လေဖြတ်သွားပြီး အိပ်ရာထဲလဲသွားလေသည်။
သားနှစ်ယောက်စလုံး ပစ်သတ်ခံရခြင်းမှာ အပြင်လူများ၏အမြင်၌ အလွန်ဝမ်းနည်းစရာကောင်းပေသည်။
သို့သော်လည်း ရှစ်မိသားစုအားလုံးသည် ရာဇ၀တ်သားများဖြစ်ကြပြီး ရှစ်မိသားစုသည် ကျင်းရှစ်မြို့တွင် လမ်းဘေးကြွက်များဖြစ်လာပြီး ဆွေမျိုးများနှင့် သူငယ်ချင်းများက ၎င်းတို့နှင့် ပြတ်ပြတ်သားသား စည်းတားထားကြသည်။
နှစ်ရက်အကြာတွင် ရှစ်ရှိုးနန်သည် လုပ်သားပြုပြင်ပြောင်းလဲမှုအတွက် အနောက်မြောက်ပိုင်းရှိ အခက်ခဲဆုံးစခန်းသို့ ပို့ဆောင်ခံရမည်ဖြစ်ပြီး၊ သူမတို့နှစ်ယောက်ကို နောက်တစ်ကြိမ် မတွေ့ဆုံနိုင်တော့ပေ။
ချန်ရှို့ယွင်သည် သူ့အား တွေ့ဆုံကာ ကွာရှင်းပြတ်ဆဲလိုသည်။
ရှစ်ရှင်းရွေ့သည် ယခုအခါ ဖြူကောင်တစ်ကောင်လို ဖြစ်နေပြီး သူမ စကားကို လုံးလုံး နားမထောင်တော့ပေ။ ချန်ရှို့ယွင်က သူမကို ရှစ်ရှိုးနန်အား တွေ့ရန် ခေါ်သွားမည့် ရည်ရွယ်ချက်မရှိသဖြင့် သူမ တစ်ယောက်တည်း ထောင်သို့ တိုက်ရိုက်သွားသည်။
သို့သော် အိမ်မှထွက်ခွာပြီး ဆယ်မိနစ်မျှမပြည့်ခင်မှာပဲ အမျိုးသမီးတစ်ယောက်က သူမအား ပိတ်ဆို့လာသည်။
ထိုမိန်းမသည် တောင်ကုန်းကဲ့သို့ မြင့်မားကာ သန်မာသူဖြစ်သည်။
ချန်ရှို့ယွင်က သူမကို လှည့်ပတ်သွားချင်သော်လည်း အမျိုးသမီးက ရွှေ့လိုက်ပြီး သူမလမ်းကို ပိတ်ဆို့သည်။
သူမ မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ " နင် ဘာလုပ်ချင်နေတာလဲ "
အမျိုးသမီးက သူမ၏ နှာခေါင်းကို လက်ညှိုးကာ ဆဲဆိုသည်။
" ခွေးမ၊ ငါက နင် အရမ်းကြည့်ကောင်းမယ်လို့ ထင်ခဲ့တာ၊ ဒါပေမယ့် နင် အဘွားကြီးတစ်ယောက်လိုဖြစ်လိမ့်မယ်လို့ မထင်မှတ်ထားဘူး။ နင် ငါ့လူကို ဘယ်လို ဖြားယောင်းရဲရတာလဲ "
ချန်ရှို့ယွင်က မျက်မှောင်ကြုတ်သည်။ " နင် ဘာတွေပြောနေတာလဲ၊ နင့် ယောာက်ျားကို ငါ မသိဘူး၊ ဘယ်ယောက်ျားကို ငါ မဖြားယောင်းဘူး "
အမျိုးသမီးက မျက်လုံးများကို ပြူးလိုက်သည်။ " နင်က ကျင်းရှစ်မြို့က ချန်ရှို့ယွင်။ နင့်မှာ ဆယ်နှစ်အရွယ် သမီးတစ်ယောက်ရှိတယ်မလား "
ချန်ရှို့ယွင်က ခေါင်းညိတ်သည်။ " မှန်တယ်၊ ဒါပေမယ့် နင့် ယောကျာ်းကို ငါ မဖြားယောင်းဘူး ။ နင့် ယောက်ျားက ဘယ်သူလဲဆိုတာ ငါ တကယ်မသိဘူး "
အမျိူသမီးက နှာခေါင်းရှုံ့လိုက်သည်။
" နင်က အခုထိ ကတ်သီးကတ်ဖဲ့ ပြောရဲနေတုန်းပဲ။ ခွေးမ၊ နင့်ကို အသေရိုက်ပစ်မယ် "
ထိုသို့ပြောရင်း သူမသည် ရှေ့သို့ လှမ်းလာကာ ဆံပင်များကို ဆုပ်ကိုင်ပြီး ယပ်တောင်ကဲ့သို့လက်ဖဝါးဖြင့် သူမ မျက်နှာအား "ဖြန်း ဖြန်း ဖြန်း" မြည်အောင် ရိုက်လိုက်သည်။
အမျိုးသမီး၏လက်မှာ အလွန်အားပါပြီး ချန်ရှို့ယွင်၏မျက်နှာက ရုတ်တရက် ယောင်ကိုင်းသွားတော့သည်။
" အား အား အား ၊ လာကြပါဦး၊ ကယ်ကြပါဦး၊ ကယ်..."
သူမ ရူးသွားတော့မည့်အလား ခံစားလိုက်ရသည်။ ဤရူးသွပ်သည့်မိန်းမက မည်သည့်နေရာမှ ထွက်ပြေးလာမှန်း သူမ မသိချေ။
သူမ ထိုလင်မယားနှစ်ယောက်အား လုံးလုံး မသိပေ။
လမ်းမပေါ်ရှိ လမ်းသွားလမ်းလာများ သည် ဝိုင်းရံကာ ကြည့်ရှုကြသည်။
မည်သူကမှ ဖျောင်းဖျရန် မစတင်မီတွင် အမျိုးသမီးက ဦးစွာ မကျေမနပ်ပြောဆိုသည်။
" အားလုံးပဲ လာကြည့်ကြပါ။ ကျွန်မက ကျွန်မယောက်ျားကို ကလေးငါးယောက်မွေးပေးခဲ့ပြီး ယောက္ခမတွေကို အသက်ကြီးတဲ့အထိ ပြုစုစောင့်ရှောက်ခဲ့ပေမယ့် ဒီမိန်းမက ကျွန်မ ယောက်ျားကို လမ်းတစ်၀က်မှာသွေးဆောင်ဖို့ ရောက်လာခဲ့တယ်။ အခု ကျွန်မယောက်ျားက ကျွန်မကို ကွာရှင်းချင်နေတယ်။ ကျွန်မ သူမကို ရိုက်သင့်တယ်လို့ ထင်ကြလား "
လူတိုင်းသည် တစ်ယောက်ယောက်က တစ်ပါးသူအား ရိုက်နှက်နေသည်ကိုတွေ့သည့်အခါ ရဲစခန်းသို့ တိုင်ကြားလိုကြသော်လည်း ထိုစကားအား ကြားသိရသည့်အခါမှာ ချန်ရှို့ယွင်ကို ချက်ချင်းလက်ညှိုးထိုးကြကာ ကျိန်ဆဲကြသည်။
" တခြားသူတွေရဲ့ ယောက်ျားနဲ့ ပေါင်းသင်းနေတဲ့မိန်းမ။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကဆိုရင် သူမကို ဖမ်းဆီးပြီး လမ်းပေါ်မှ လူသိရှင်ကြား ဝေဖန်ခံရမှာ သေချာတယ် "
" ဟုတ်တယ်၊ တခြားသူတွေရဲ့ ယောက်ျားတွေကို ဖြားယောင်းသွေးဆောင်တဲ့မြေခွေးမတွေကို အမုန်းဆုံးပဲ။ သူမကို နာနာလေး ရိုက်သင့်တယ် "
ချန်ရှို့ယွင်မှာ အလွန်ဒေါသထွက်နေသည်။ " မဟုတ်ဘူး..."
ဤလူများသည် စိတ်မမှန်နေကြဟူ၍သာ သူမ ခံစားမိသည်။ သူတို့က ဤမိန်းမပြောသမျှကို အဘယ့်ကြောင့် ယုံကြည်နေကြရသနည်း။
ထိုနေ့တွင် ၀မ်ရူကွေ့တစ်ယောက် လူတိုင်း၏ ဆူပူကြိမ်းမောင်းခြင်းကို ခံနေရသည့် မြင်ကွင်းသည် သူမ၏ စိတ်ထဲတွင် ရုတ်တရက် ပေါ်လာသည်။
သူမ ငြင်းခုံရန် ပါးစပ်ကိုဖွင့်ခါနီးတွင် ထိုအမျိုးသမီးက သူမအား တရစပ် ပါးရိုက်လာပြန်သည်။
ပါးရိုက်ခံရခြင်းကြောင့် မျက်နှာသည် ရောင်ရမ်းနေပြီး နှုတ်ခမ်းများကွဲကာ ဆံပင်များစွာသည် ထိုအမျိုးသမီး၏ ဆွဲနှုတ်ခြင်းကို ခံခဲ့ရသည်။
သူမဘေးရှိ မည်သူကမှ သူမအား မတ်တပ်ရန် ကူညီမပေးကြဘဲ ယင်းအစား လက်ခုပ်များတီးကာ ချီးမွမ်းနေကြသည်။
" တခြားသူရဲ့လူကို ဖျားယောင်းတဲ့ မိန်းမတွေကို ကောင်းကောင်းလေး ဆော်ပေးရမယ် "
ထိုအမျိုးသမီးသည် သူမအား အလွန်ရိုက်နှက်ခဲ့ပြီး မြေပြင်ပေါ်သို့ ပစ်ပေါက်သည်။
ထို့နောက် သူမ၏မျက်နှာပေါ်သို့ တံတွေးထွေးကာ ကျိန်ဆဲသည်။ " ငါ နင့်ကို နောက်နောင် မမြင်ရစေနဲ့။ မဟုတ်ရင် နင့်ကို မြင်တိုင်း ပါးရိုက်ပစ်မယ် "
ထို့နောက် သူမက ရင်ဘတ်ကို ကော့ကော မောက်မာစွာဖြင့် ထွက်သွားသည်။
လမ်းသွားလမ်းလာများသည်
ချန်ရှို့ယွင်အား လက်ညှိုးထိုးကြသည်။
" နင်က အိုပြီး ရုပ်ဆိုးနေပြီ။ ဒါတောင်မှ တခြားယောက်ျားတွေကို မြူဆွယ်ရဲသေးတယ်။ အရှက်မရှိဘူး "
" ဟုတ်ပါ့။ အဲလို ယုံကြည်ချက်မျိုး ဘယ်ကနေရလာတာလဲ မသိဘူး "
" စုန်းမကြီး။ နင့်အနံ့က အရမ်းရွံစရာကောင်းတယ် "
ချန်ရှို့ယွင်သည် အသက်ရှုထုတ်လိုက်ကာ ခွန်းတုံ့မပြန်နိုင်ဘဲ ဒေါသများထွက်သောကြောင့် နေရာတွင်ပင် မေ့လဲသွားတော့သည်။