🍵Chapter 343
ချန်ရှို့ယွင်သည် ပြန်ရောက်လာပြီးနောက် ဖျားနာသွားခဲ့သည်။ သူမသည် အဖျားကြီးကာ အိပ်ရာထဲမှပင် မထွက်နိုင်ချေ။ အဆုံး၌ သူမ ရှစ်ရှိုးနန်အား မတွေ့နိုင်လိုက်သဖြင့် သဘော၀ကျစွာဖြင့် ကွာရှင်းပြတ်ဆဲခြင်းကို မလုပ်နိုင်ခဲ့ပေ။
သူမ ဖျားနာရာမှ ပြန်လည်ကောင်းမွန်လာချိန်တွင် ရှစ်ရှိုးနန်သည် ပြန်လည်ပြုပြင်ရေးရေးတွင်ပါဝင်ရန် အနောက်မြောက်စခန်းတွင် ထိန်းသိမ်းခံလိုက်ရပြီးဖြစ်၏။
ရှစ်ရှိုးနန်သည် ချန်ရှို့ယွင်က သူ့အား မချစ်တော့ဟု ခံစားရသည်။ သူ အဖမ်းခံရစဉ်အချိန်မှစ၍ သူမသည် သူ့ထံသို့ မလာရောက်ခဲ့ချေ။ သူက ပို့ဆောင်မခံရခင်အချိန်အထိ စောင့်ပြီးရင်း စောင့်ခဲ့သော်ငြား မည်သူမှ သူ့အား လာရောက်မတွေ့ကြပေ။
လင်နှင့်မယားသည် တောအုပ်တစ်ခုတည်းမှ ငှက်များ ဖြစ်ကြသော်ငြား ဘေးကပ်ဆိုးကျရောက်သောအခါ သီးခြားပျံသန်းသွားကြပြီး ထိုသည်က ချန်ရှို့ယွင်အား သူ့ စိတ်ထဲတွင် မုန်းတီးစေသည်။
🍵
စုယွဲ့ရှန်းသည် နောက်ဆုံးတွင် ၀င်ရောက်ခွင့်လက်မှတ်ကို ရရှိခဲ့ပြီး စိတ်ရောဂါဆရာ၀န် ဒေါက်တာချန်အား ပေကျင်းသို့ ကိုယ်တိုင် ခေါ် ဆောင်လာပေးသည်။
သူသည် ၀မ်ရူကွေ့ကို မတွေ့ရသည်မှာ နှစ်အတော်ကြာခဲ့ပြီဖြစ်သော်လည်း ၀မ်ရူကွေ့ကဲ့သို့ ဆွဲဆောင်မှုရှိကာ အရည်အချင်းရှိသည့် လူတစ်ယောက်ကို တစ်ကြိမ်မျှသာ တွေ့ဖူးလျှင်တောင် ဘယ်သောအခါမှ မေ့ပျောက်နိုင်မည်မဟုတ်ချေ။
စုယွဲ့ရှန်းသည် ယခင်က ၀မ်ရူကွေ့၏ စိတ်ဓာတ်မြင့်မားပြီး နူးညံ့သိမ်မွေ့သော အသွင်အပြင်ကို မှတ်မိနေသေးသော်လည်း ဤအကြိမ် သူ့အား တွေ့ရသည့်အခါ စိတ်ပိုင်းဆိုင်ရာ အဆင်သင့်ပြင်ထားသော်လည်း မတုန်လှုပ်ဘဲ မနေနိုင်ချေ။
၀မ်ရူကွေ့၏ ပါးပြင်များသည် ချောင်ကျနေပြီး သူ၏ မျက်လုံးများက တောက်ပနေသော်လည်း မျက်လုံးအောက်တွင် မျက်ကွင်းများက မဲနေသည်။ သူသည် ထုံရွှယ်လူမှလွဲ၍ ပြင်ပကမ္ဘာမှတုံ့ပြန်မှုများကို ဂရုမစိုက်ပေ။
ထိုကဲ့သို့ မြင်ကွင်းသည် သူ့အား သက်ပြင်းမချစေရန် မပြုလုပ်နိုင်ချေ။
စုယွဲ့ရှန်းသည် ကားပေါ်မှ ဆင်းပြီးနောက် သူ၏နောက်မှ လိုက်ပါလာသူသည် ဒေါက်တာချန်မဟုတ်ဘဲ သူ့နောက်သို့ အတင်းအကျပ်လိုက်ခဲ့သည့် ရှောင်ကျိုးဖြစ်ပေသည်။
ရှောင်ကျိုးသည် ယခုနှစ်တွင် ရှစ်နှစ်ရှိပြီဖြစ်ပြီး ယခင်ကထက် အရပ်ပိုမြင့်လာသော်လည်း ယခင်ကကဲ့သို့ ချောမောနေဆဲဖြစ်သည်။ ကျဉ်းမြောင်းသော မျက်လုံးများနှင့် ဖြောင့်စင်းသော နှာတံတို့ဖြင့် ကြီးပြင်းလာသောအခါတွင် မိန်းကလေးမည်မျှ စွဲလန်းကြမည်ကို စိတ်ကူးကြည့်နိုင်သည်။
ဤအရွယ်ဆိုးသွမ်းတတ်သည့် ကလေးများနှင့်မတူဘဲ ထုံရွှယ်လူကိုမြင်သောအခါ သူ့မျက်နှာသည် ရှက်ရွံ့မှုအရိပ်အမြွက် ပြသနေသည်။ " မင်္ဂလာပါ မမရွှယ်လူ၊ မင်္ဂလာပါ ရူကွေ့ကိုကို၊ မင်္ဂလာပါ ဘိုးဘိုးဝမ်၊ ဘိုးဘိုးဇုန်း မင်္ဂလာပါ"
ထုံရွှယ်လူသည် ရှောင်ကျိုးက နောက်မှ လိုက်လာမည်ကို မမျှော်လင့်ထားခဲ့ချေ။ သူမသည် သူ၏ခေါင်းကို ပွတ်သပ်ရရန်လက်ဆန့်ထုတ်လိုက်သည်။ " မင်္ဂလာပါ ရှောင်ကျိုး၊ မတွေ့ရတာ ကြာပြီနော်။ တော်တော် အရပ်ရှည်လာတာပဲ "
ရှောင်ကျိုးသည် ထိုစကားကိုကြားသောအခါ သူ၏ပါးစပ်ထောင့်မှာ ကော့တက်သွားသည်။ တစ်ယောက်နှင့် တစ်ယောက် အချိန်အကြာကြီး မတွေ့ရသဖြင့်ရှိနေခဲ့သော အတားအဆီးသည်လည်း အများအပြား ပျောက်ကွယ်သွား သောကြောင့် သူ့အပြုံးမှာ ပို၍ သိသာလာလေသည်။
ထိုအချိန်တွင် ရှောင်းမျန်မျန်သည် အိမ်ထဲမှ ပြေးထွက်လာပြီး ရှောင်ကျိုးကို မြင်သောအခါ ကြောင်အသွားသည်။
သို့သော် မကြာခင်မှာပဲ သူမက မှတ်မိသွားတော့သည်။" မောင်လေး ရှောင်ကျိုး "
ထုံရွှယ်လူမှာ မရယ်မောဘဲ မနေနိုင်။" ကြည့်၊ သမီးက ရှောင်ကျိုးထက် ခေါင်းတစ်၀က် ပိုပုတယ်၊ သူ့ကို မောင်လေးလို့ ဘယ်လိုလုပ် ခေါ်ရဲသေးတာလဲ "
ရှောင်းမျန်မျန်က သူမလက်ဖြင့် တိုင်းတာကြည့်သည်။ မျှော်လင့်ထားသည့်အတိုင်း သူမနှင့် ရှောင်ကျိုး၏ အရပ်သည် တူညီလုနီးပါး ဖြစ်သည်။ သူမက နှုတ်ခမ်းစူပြီး " မောင်လေးရှောင်ကျိုး ၊ နင်က ဘာလို့ ဒီလောက် အရပ်မြင့်နေတာလဲ။ နင် ငါ့ကို စောင့်သင့်တယ် "
ရှောင်ကျိုးသည် ရှောင်းမျန်မျန်၏ စကားကိုကြားသည့်အခါ စိတ်မဆိုးဘဲ သဘောတူလေသည်။ " နင်ပြောတာ မှန်တယ်။ တောင်းပန်ပါတယ် ငါ ကြီးပြင်းလာတာ အရမ်းမြန်သွားတယ် "
ရှောင်းမျန်မျန်သည် ခြေဖျားထောက် ကာ သူ၏ခေါင်းကို ပုတ်သည်။ " နင့်အမှားတွေကိုသိရင် ပြင်လို့ရပါတယ် ။ ဒါဆို နောက်ကျရင် နင့် ငါ့ကို စောင့်ရမယ်နော် "
ရှောင်ကျိုးက ရှက်ရွံ့စွာပြုံးလိုက်ပြီး " အင်း "
နှစ်ယောက်သည် တစ်ယောက်နှင့် တစ်ယောက် မတွေ့ဖြစ်သည်မှာ နှစ်အတော်ကြာပြီဖြစ်သော်လည်း မကြာခဏ စာများရေးကြပြီး တစ်ယောက်နှင့်တစ်ယောက် ဖုန်းခေါ်တတ်သည့်အတွက် တွေ့ဆုံကြသည့်အခါ စိမ်းသက်မနေကြချေ။
ထို့နောက် ဒေါက်တာချန်သည် ကားပေါ်မှ ဆင်းလာရာအားလုံး၏ အာရုံစိုက်မှုသည် ဒေါက်တာချန်ထံ ရောက်သွားသည်။
ဒေါက်တာချန်သည် တရုတ်အမေရိကန်လူမျိုးဖြစ်သည်။ သူက အမေရိကန်တွင် ကြီးပြင်းခဲ့ပြီး အမေရိကန်၌ပင် စိတ်ပညာကို လေ့လာခဲ့သည်။ လွန်ခဲ့သည့် နှစ်နှစ်ခန့်ကမှ ရှန်းကျန်းကို ပြန်လာခဲ့ပြီး ရှန်းကျန်းတွင် အလွန်နာမည်ကြီးလာသည်။ နာမည်ကြီးကျော်ကြားသူအများအပြားသည် သူနှင့် ရက်ချိန်းယူလိုကြသည်။
ဤတစ်ကြိမ်မှာတော့ စုယွဲ့ရှန်းသည် သူ့ကို မြို့တော်သို့ ခေါ်ယူနိုင်ရန် အများကြီး အားထုတ်ခဲ့ရသည်။
ဒေါက်တာချန်ကိုတွေ့သည့်အခါ ထုံရွှယ်လူသည် ၀မ်မိသားစုဝင်များကိုယ်စား နှုတ်ဆက်ရန် အစပြုသည်။ ဒေါက်တာ ချန်၏ တရုတ်စကားသည် ကောင်းလှသည် မဟုတ်ချေ။ သို့မဟုတ် အလွန်ဆိုးသည်ဟုပင် ပြောနိုင်သည်။
သူက ကန်တုံနှင့် အင်္ဂလိပ်စကားကိုသာ ပြောတတ်ပြီး ထုံရွှယ်လူ၏ အင်္ဂလိပ်စကားသည် ယခုအချိန်တွင် အဆင်ပြေလာသည်။
ထိုသည်ကိုမြင်လိုက်ရသည့်အခါ လူတိုင်းက စိတ်သက်သာစွာ သက်ပြင်းချလိုက်ကြသည်။။ ဒေါက်တာချန်သည်ပင် သက်ပြင်းချကာ အင်္ဂလိပ်စကား အလွန်ကောင်းမွန်သည့်အတွက် ထုံရွှယ်လူအား ချီးကျူးလိုက်သည် သူမ၏ လေယူလေသိမ်းသည် အလွန်စံနှုန်းမှီလေသည်။
နှုတ်ဆက်ခြင်းများအပြီးတွင် လူတိုင်း အခန်းထဲသို့ ဝင်ကြပြီး လူနာနှင့် စကားပြောရန် တိတ်ဆိတ်သော အခန်းတစ်ခု လိုအပ်သည်ဟု ဒေါက်တာချန်မှ ပြောလာသည်။
အခန်းများရှိသော်လည်း ဤကဲ့သို့သော စိတ်ပိုင်းဆိုင်ရာ စကားပြောဆိုမှုသည် ပတ်ဝန်းကျင်တွင် အခြားလူများမရှိသည်မှာ အကောင်းဆုံးဖြစ်သည်။
အထူးသဖြင့် ဤကဲ့သို့ စိတ်ပိုင်းဆိုင်ရာရောဂါမျိုးမှာ အပြင်လူရှိနေလျှင် သူ၏ဖြေဆိုမှုများအပေါ် သက်ရောက်မှုရှိနိုင်ပြီး ဆရာ၀န်အား တိကျသည့် ကောက်ချက်ချမှု မပြုလုပ်နိုင်ဖြစ်စေသည်။
ထုံရွှယ်လူက ပြောသည်။ " ကျွန်မပါ အထဲဝင်ပြီး ဘာသာပြန်လုပ်ရင်ရော။ ကျွန်မက သူ့ဇနီးပါ။ သူ ကျွန်မကို အရမ်းယုံကြည်တယ်။ ကျွန်မ အထဲကိုလိုက်ဝင်တာက ကြီးကြီးမားမား ပြဿနာ မဖြစ်လောက်ဘူး "
ဒေါက်တာချန်က မျက်မှောင်ကြုတ်လိုက်သည်။
" ပုံမှန်ဆို ဒီလိုမလုပ်တာ က အကောင်းဆုံးပဲ၊ ဒါပေမယ့် ဒါက အခုအခြေအနေမှာ တစ်ခုတည်းသောနည်းလမ်းဖြစ်ပုံရတယ် "
မထင်မှတ်ဘဲ ဆရာ၀န်က ထိုသို့ ပြောပြီးသည်နှင့် ၀မ်ရူကွေ့သည် အင်္ဂလိပ် လို ကျွမ်းကျင်စွာ ပြောလာသည်။
" မဟုတ်ဘူး၊ ကျွန်တော် တစ်ယောက်တည်း ၀င်နိုင်တယ် "
လူတိုင်းသည် နေရာ၌ ထိတ်လန့်သွားကြပြီး မျက်လုံးများမှာ မြေပြင်ပေါ်သို့ လဲကျလုနီးပါ ဖြစ်သည်။
၀မ်ရူကွေ့သည် အင်္ဂလိပ်ဘာသာစကားကို သဘာ၀အလျောက် တတ်မြောက်ထားသော်လည်း လူတိုင်းသည် အရေး၌ ကန့်သတ်မှုရှိကြပြီး ပါးစပ်နှင့် ပြောဆိုဆက်သွယ်မှုတွင် ကောင်းမွန်မည်မဟုတ်ဟု ထင်ကြသည်။ မထင်မှတ်ပဲသူသည် ဤနယ်ပယ်တွင် ထုံရွှယ်လူ ကဲ့သို့ ကောင်းမွန်နေသည်။
ထုံရွှယ်လူသည်ပင် အလွန်အံ့ဩသွားခဲ့သည်။
" ဘယ်တုန်းက ရှင့်အင်္ဂလိပ်က အရမ်းကောင်းလာခဲ့တာလဲ "
၀မ်ရူကွေ့သည် သူမအား နက်မှောင်သည့် မျက်လုံးများနှင့် ကြည့်လိုက်သည်။ " မင်း ကောလိပ်စတက်ကတည်းက "
သူ့ဆရာသည်အမေရိကန်လူမျိုးဖြစ်ခဲ့ပြီး အင်္ဂလိပ်စာနှင့် ထိတွေ့ခွင့်ရခဲ့သည်။ အချို့သော ပစ္စည်းများနှင့် စာအုပ်များသည် နိုင်ငံခြားဘာသာစကားဖြစ်သောကြောင့် သူ၏ အင်္ဂလိပ်စာသည် အမြဲတမ်း ကောင်းမွန်နေခဲ့သည်။
သို့သော် သူမသည် အင်္ဂလိပ်မေဂျာသို့ ဝင်ခွင့်ရပြီးသောအခါတွင် ကျူရှင်ဆရာ လိုအပ်နိုင်သည်ဟု သူက ယူဆသောကြောင့် အင်္ဂလိပ်စာကို ပြန်လည်လေ့လာပြီး သူ၏ အင်္ဂလိပ်ဘာသာစကား အပြောစွမ်းရည်၌ တိုးတက်ရန် အာရုံစိုက်ခဲ့သည်။
ထုံရွှယ်လူ၏ အင်္ဂလိပ်စာ ရမှတ်များသည် အလွန်ကောင်းမွန်ခဲ့ပြီး သူသည်လည်း အများအားဖြင့် အလွန်အလုပ်များနေခဲ့သည်။ မထင်မှတ်စွာဖြင့် သူသည် သူမ ဘွဲ့ရသည့်တိုင် လေ့ကျင့်ဖော်မဖြစ်ပေးခဲ့ဖူးချေ။
ထုံရွှယ်လူသည် ထိုစကားကိုကြားသောအခါတွင် တစ်စုံတစ်ယောက်က သူမ၏ ပါးစပ်ထဲသို့ ဇီးသီးများထိုးထည့်လိုက်သလို ခံစားလိုက်ရပြီး ချိုချိုချဉ်ချဥ်အရသာက သူမနှလုံးသားကို နာကျင်စေသည်။
သူမ မမြင်နိုင်သောနေရာတွင် သူက သူမအတွက် တိတ်တဆိတ် ပေးဆပ်နေခဲ့သည်။ အကယ်၍ ဤရောဂါမဖြစ်ခဲ့လျှင် သူမအတွက် သုံးနှစ်ကြာ စကားပြောလေ့ကျင့်ခဲ့သည်ကို ဘယ်သောအခါမှ သူမ သိနိုင်လိမ့်မည်မဟုတ်ချေ။
သူမက လက်လှမ်းက သူ၏လက်ကို တင်းတင်းဆုပ်ကိုင်လိုက်သည်။
"ဒါဆို ကျွန်မ အပြင်မှာစောင့်နေမယ်နော် "
၀မ်ရူကွေ့သည် သူတို့နှစ်ယောက်၏ ယှက်နွယ်နေသော လက်များကို ကြည့်ကာ ခေါင်းညိတ်လိုက်သည်။ " အင်း "
ဒေါက်တာချန်က သူတို့နှစ်ယောက်ကြားရှိ ဆက်ဆံရေးကြောင့် စိတ်လှုပ်ရှားသွားသည်ဟု ပြောလာပြီး သူမသည်လည်း ၀မ်ရူကွေ့၏ ပူးပေါင်းဆောင်ရွက်မှုကို အံ့သြမိလေသည်။
သူ သိရှိရသလောက် စိတ်ရောဂါရှိသူများသည် ယေဘူယျအားဖြင့် ဆရာဝန်များကို သိသာစွာ ခုခံမှုရှိကြပြီး လူတော်တော်များများသည် သူတို့က မဖျားနာဟု အခိုင်အမာ ယုံကြည်ကြသည်။
၀မ်ရူကွေ့၏ စိတ်မှာ သာမန်လူများနှင့် အနည်းငယ် ကွဲပြားသော်လည်း သူ့ဇနီးအတွက် သူ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် အာရုံစူးစိုက်မှုတို့က သူ့အား ထူးခြားဆန်းသစ်သော ခံစားမှုကို ဖြစ်စေသည်။
ဘာသာစကားပြဿနာကို ဖြေရှင်းနိုင်ခဲ့ပြီး ၀မ်ရူကွေ့နှင့်နှင့် ဒေါက်တာချန်တို့သည် တစ်ယောက်ပြီးတစ်ယောက် စာကြည့်ခန်းထဲသို့ ဝင်ရောက်သွားကြသည်။
စာကြည့်ခန်းတံခါးကို ပိတ်ထားလိုက်ပြီး အားလုံးက စောင့်ဆိုင်းရန် ခြံဝင်းဆီသို့ ဆုတ်ခွာသွားကြသည်။
🍵
ရာသီဥတုသည် ဆောင်းရာသီသို့ ဝင်လာပြီဖြစ်သောကြောင့် နားနေဆောင်ထဲ၌ ထိုင်နေကြချိန် လေပြည်က အရပ်မျက်နှာ အဘက်ဘက်မှ တိုက်ခတ်နေသည်ကိုခံစားနေရသည်။
ဦးလေးဇုန်းသည် ထုံရွှယ်လူအအေးမိမည်ကို ကြောက်သောကြောင့် နားနေဆောင်ကို နှစ်ဖက်စလုံးတွင် အ၀တ်အထည်များဖြင့် ဝိုင်းရံထားပြီး အတွင်းတွင် မီးဖိုငယ်ကို မီးမွှေးထား၍ အလွန်နွေးထွေးနေပေသည်။
ထုံရွှယ်လူသည် စုယွဲ့ရှန်းကို လေးလေးနက်နက်ကြည့်ကာ ပြောသည်။ " ရဲဘော်စု၊ ဒီတစ်ခါ ရှင့်ကို ကျွန်မ အရမ်း ကျေးဇူးတင်ပါတယ် "
၀မ်၊ရှောင်းမိသားစုသည် ပေကျင်းတွင် အဆက်အသွယ်များရှိကာ လွှမ်းမိုးမှုရှိသော်လည်း နိုင်ငံ၏ ဆေးဘက်ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအဆင့်အရ ၎င်းတို့လုပ်နိုင်သည့်အရာ မရှိချေ။
၀မ်ရူကွေ့၏ဆရာသည် အမေရိကန်နိုင်ငံမှ သူ့မိသားစုထံ စိတ်ရောဂါဆိုင်ရာ စာအုပ်တချို့ ပို့ပေးရန် တောင်းဆိုခဲ့သည်။ ထုံရွှယ်လူသည် လက်ရှိတွင် ထိုအသိပညာများကို လေ့လာနေလျက်ရှိသည်။
သူမသည် စိတ်ရောဂါကုဆရာဝန်တစ်ယောက်ဖြစ်လာမည် မဟုတ်သော်လည်း သူ့အကြောင်းကို ပိုမိုသိရှိသည်က ၀မ်ရူကွေ့၏အခြေအနေနှင့် သူမတို့ အတူတူနေထိုင်ခြင်းတွင် အထောက်အကူဖြစ်မည်ပင်။
သို့သော်လည်း ပရော်ဖက်ရှင်နယ်ကိစ္စရပ်များမှာ ပညာရှင်များမှ လုပ်ဆောင်ပေးရန် လိုအပ်နေသေးပြီး စုယွဲ့ရှန်း၏ အကူအညီသည် အချိန်မီ မိုးရွာသကဲ့သို့ ဖြစ်ပေသည်။
စုယွဲ့ရှန်း၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွတ်သွားသည်။ " ရဲဘော်ထုံ၊ ကိစ္စမရှိပါဘူးဗျာ။ ကျွန်တော်တို့ မိသားစုနှစ်စုကြားက ခင်မင်ရင်းနှီးမှုအရ ဒါက ကျွန်တော်လုပ်သင့်တဲ့ အရာပါ "
ဤတစ်ခေါက် ဒေါက်တာချန်ကို ဆက်သွယ်ကာ မြို့တော်သို့ ခေါ်ဆောင်ရန် ငွေအမြောက်အများ ကုန်ကျခဲ့သည်။ အားထုတ်မှုအမြောက်အများရှိခဲ့ရသော်လည်း ကုန်ရကျိုးနပ်ပေသည်။
ထိုအချိန်က သူတို့စုမိသားစုအပေါ် ထုံရွှယ်လူ၏ ကြင်နာမှုနှင့် နှိုင်းယှဉ်လျှင် ယခု သူလုပ်သည့်အရာသည် တစ်ထောင်ပုံတစ်ပုံမျှသာ ရှိလေသည်။
" စကားမစပ် ရဲဘော်ကုရော ဘယ်လိုရှိပါသလဲ "
ထုံရွှယ်လူက သူ့ကို လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်ပြီး သူမအတွက်မူ ရိုးရိုးရေနွေးကိုသာ ထည့်လိုက်သည်။
စုယွဲ့ရှန်း၏ မျက်လုံးများတွင် တောက်ပသော အလင်းရောင်တစ်ခု လင်းလက်သွားသည်။
" ရှောင်ကျိုးရဲ့ အမေက ဟိုမှာ အရမ်းကောင်းကောင်းမွန်မွန်နေတယ်လို့ကြားတယ်။ ကျွန်တော်တို့မိသားစုက နှစ်အနည်းငယ်ကြာရင် ပြန်ဆုံနိုင်လောက်မယ် "
ထုံရွှယ်လူက " တကယ်ကောင်းတာပဲ "
ကုရိလန်သည် သူမ၏ ပြစ်ဒဏ်ကို အများဆုံးအနေဖြင့် နှစ်အနည်းငယ်ခန့် လျှော့ချနိုင်ခဲ့သော်လည်း သူမသည် မကြာမီကာလတွင်း လွတ်မြောက်လာလိမ့်မည် မဟုတ်သည်မှာ သေချာသည်။ သို့သော် စုယွဲ့ရှန်းမှ ဤသို့ ရဲရဲဝံ့ဝံ့ပြောလာရာ နည်းလမ်းတစ်ခုရှာတွေ့ခဲ့ပြီဟု ဆိုလိုပေသည်။
ရှောင်ကျိုးသည် ရှောင်းမျန်းမျန်းကိုတွေ့ဆုံပြီးနောက်တွင် သူငယ်ချင်းနှစ်ဦးသည် ပြောစရာစကားများ အဆုံးမရှိ ရှိ နေသကဲ့သို့ ဘေးချင်းကပ်ရပ်ထိုင်ကာ စကားစမြည်ပြောဆိုနေကြသည်။
ရှောင်းမျန်မျန်က သူမ စုဆောင်းထားသည့်ရတနာများကို သူ့ဆီ ဝေမျှခဲ့ပြီး သူမ သင်ယူခဲ့သည့် သီချင်းများကို သီဆိုပြကာ သူမနှင့် ဝေ့ကျူးကျူးတို့ အတူတူလုပ်ခဲ့သည့် မကောင်းသည့်အရာများအကြောင်းကိုပင် ပြောပြနေသည်။
ရှောင်ကျိုးသည် အလွန်နားထောင်ကောင်းသူဖြစ်သည်။ သူက ရတနာများကိုတွေ့သည့်အခါ အံ့သြသွားပြီး သူမ သီချင်းဆိုသည့်အခါ သူက လက်ခုပ်တီး၍ ချီးကျူးသည်။ သူမ၏လျှို့ဝှက်ချက်ကို ကြားသောအခါ လျှို့ဝှက်ထားမည်ကို ပြသရန် ရင်ဘတ်ကို ပုတ်ပြသည်။
ရှောင်းမျန်မျန်သည် အလွန်ကျေနပ်နေပြီး နှစ်ပေါင်းများစွာ သူမ သူငယ်ချင်းဖြစ်ထိုက်သည်ဟု ခံစားမိလေသည်။
နှစ်ပေါင်းများစွာ ကွဲကွာနေခဲ့ကြသော်လည်း ၎င်းတို့နှစ်ဦးကြားတွင် အတားအဆီး မရှိပေ။
ရှောင်ကျိုးသည် ကွမ်တုံးပြည်နယ်မှ ယူဆောင်လာသော အထူးပစ္စည်းများ၊အဆာပြေမုန့်များနှင့် လက်ဆောင်များအားလုံးကို ထုတ်ယူသည်။ သူက ဤလက်ဆောင်များကို သူ၏ ကိုယ်ပိုင် မုန့်ဖိုးနှင့် ၀ယ်ယူခဲ့ခြင်းဖြစ်သည်။
ရှောင်းမျန်မျန်သည် သွားအများအပြား ဆုံးရှုံးခဲ့သော်လည်း အဆာပြေမုန့်များကို မြင်လိုက်ရသောအခါတွင် သူမသည် အလွန်ပျော်ရွှင်သွားပြီး မျက်လုံးများက လခြမ်းကွေးလေးများအဖြစ်သို့ ကွေးသွားသည်။
ထိုအရာများထဲမှာ သူမအကြိုက်ဆုံးက ရှောင်ကျိုးယူလာသည့် တေးဂီတသေတ္တာလေးဖြစ်ပေသည်။ တေးဂီတသေတ္တာပေါ်တွင် အဖြူရောင်ဂါ၀န်ဝတ်ထားသော ကောင်မလေးတစ်ယောက်ရှိသည်။ သီချင်းဖွင့်သည့်အခါ ထိုကောင်မလေးက သံစဉ်နောက်လိုက် ကာ လှည့်ပတ်နေသည်။
ရှောင်းမျန်မျန်မှာ သိသာစွာ အံ့သြသွား လေသည်။ သူမသည် ဤမျှလောက် စိတ်ဝင်စားစရာ မမြင်တွေ့ခဲ့ဖူးပေ။
သူမက အလွန်ပျော်သွားပြီး အနီးနားတိုးကာ ရှောင်ကျိုး၏ ဖြူဖွေးသည့် မျက်နှာလေးကို နမ်းလိုက်သည်။ " ကျေးဇူးတင်ပါတယ် ရှောင်ကျိုး "
ရှောင်ကျိုးသည် အံ့သြတုန်လှုပ်သွားပြီး မကြာမီ သူ့မျက်နှာမှာ ခရမ်းချဉ်သီးကဲ့သို့ နီရဲသွားလေသည်။
သူက ရှောင်မျန်မျန်ကို ရှက်ရွံ့တတ်သည့် ဇနီးလေးကဲ့သို့ တိတ်တခိုး ကြည့်လိုက်သည်။
ဆန့်ကျင်ဘက်အနေဖြင့် ရှောင်းမျန်မျန် သည် သဘောထားကြီးမားသည့်ပုံပေါက်ကာ နမ်းပြီးနောက် ရှောင်ကျိုး အား မေးလေသည်။
" နင် ငါ့ကိုနမ်းချင်လား "
ရှောင်ကျိုးက ရှက်သွားပြီး ခေါင်းညိတ်ပြတော့မည့်အချိန်တွင် ထုံကျားရှင်းက မီးရှူးမီးပန်းကဲ့သို့ တဟုန်ထိုးပြေးဝင်လာ၏။
" ရှောင်ကျိုး၊ မင်း ငါ့ညီမကို နမ်းခွင့်မရှိဘူး " ထုံကျားရှင်းသည် ရှောင်းမျန်မျန် ကို သူ့အနောက်သို့ ဆွဲခေါ်လိုက်သည်။
ရှောင်ကျိုးက ထိတ်လန့်သွားပြီး ခေါင်းညိတ်သဘောတူလိုက်သော်လည်း သူ့စိတ်ထဲတွင် အနည်းငယ် ဝမ်းနည်းသွားလေသည်။
ရှောင်ကျိုးက မငြင်းဆန်သည်ကိုမြင်တော့ ထုံကျားရှင်းသည် သူ့ညီမကို လှည့်ကြည့်ပြီး ဆူလိုက်သည်။
" နင် အခု ဘာလုပ်နေတာလဲ။ ရှောင်ကျိုးကို ဘာလို့ နမ်းခဲ့တာလဲ "
ရှောင်းမျန်မျန်က ခေါင်းငဲ့ပြီး သူမ၏ မျက်လုံးကြီးကြီးလေးများကို တဖျက်ဖျက် ခတ်ကာ ပြောသည်။
" ဘာလို့ မလုပ်နိုင်တာလဲ။ မမကြီးက ခဲအိုကို မကြာခဏ ကျေးဇူးတင်တတ်တယ်။ အဲဒါက ခဲအိုမျက်နှာကို နမ်းတာနဲ့ အတူတူပဲ မဟုတ်ဘူးလား "
ထုံကျားရှင်းက စိတ်ပျက်လက်ပျက်ဖြစ်ကာ ပြောသည်။ " အဲဒါ ဘယ်လိုလုပ်တူတူဖြစ်မှာလဲ ။ မမကြီးနဲ့ ယောက်ဖက လက်ထပ်ပြီးကြပြီ။ ခင်ပွန်းနဲ့ ဇနီးက အချင်းချင်း နမ်းလို့ရတယ်။ ဘာပဲဖြစ်ဖြစ် ရှောင်ကျိုးကို နမ်းလို့မရဘူး။ နင်က မိန်းကလေးပဲ။ အဲဒီလိုလုပ်ရင် နင့်ဘက်က ဆုံးရှုံးလိမ့်မယ် "
ရှောင်းမျန်မျန်သည် သူမ ဆုံးရှုံးသွားသည်ဟု မခံစားရပေ။ ရှောင်းကျိုးက သူမအတွက် အရသာရှိသည့်အရာများနှင့် ပျော်စရာကောင်းသည့်အရာ အများကြီး ယူလာပေးခဲ့သောကြောင့် သူမ မည်သည့်နေရာ၌ ဆုံးရှုံးသွားရသနည်း။
သူမ ခဏလောက် စဉ်းစားပြီးနောက် ပြောလိုက်သည်။
" ဒါဆို ငါ ရှောင်ကျိုး ကို အနာဂတ်မှာ လက်ထပ်ရင် အဆင်ပြေသွားမှာပဲ "
သူမက ရှောင်ကျိုးဘက်သို့ လှည့်ကာမေးသည်။
" ရှောင်ကျိုး အနာဂတ်ကျရင် နင် ငါ့ကိုလက်ထပ်ဖို့ ဆန္ဒရှိလား။ နင် အနာဂတ်ကျ ငါ့ကို လက်ထပ်မယ်ဆိုရင် ငါ နင့်ကို နမ်းလို့ရပြီ "
ရှောင်ကျိုးက မျက်တောင်ခတ်ကာ ရှက်သွားပြီးနောက် ခေါင်းညိတ်လိုက်သည်။ " ငါ ဆန္ဒရှိတယ်" သူသည်လည်း မျန်မျန်အား ပွင့်ပွင့်လင်းလင်း နမ်းချင်သည်။
ထုံကျားရှင်း : "..."
အိမ်ထောင်ပြုသင့်သည်ဟု သူ ပြောခဲ့မသလား။ သူ မပြောခဲ့ချေ။
ရှောင်းမျန်မျန်နှင့် ရှောင်ကျိုးတို့သည်လက်ထပ်ရန် သဘောတူပြီးနောက် အတူတကွ တိတ်တိတ်ဆိတ်ဆိတ် စကားပြောနေကြသည်။
ထိုအချိန်တွင် လမုန့်လေးက ပြေးဝင်လာပြီး လူတစ်ဦးနှင့် ခွေးတစ်ကောင်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။
ထုံကျားရှင်းသည် သူ၏အစ်မကြီး ပြောခဲ့ဖူးသည့် 'စင်ဂယ်ခွေး' ဖြစ်ခြင်းအကြောင်း ရုတ်တရက် သတိရသွားပြီး တုန်လှုပ်သွားတော့သည်။