🍵Chapter 344
ဒေါက်တာချန်နှင့် ၀မ်ရူကွေ့အကြား စကားပြောဆိုမှုသည် တစ်နာရီကျော် ကြာမြင့်ခဲ့သည်။
နှစ်ယောက်သား စာကြည့်ခန်းမှ ထွက်လာသောအခါ ၀မ်ရူကွေ့သည် ငြိမ်သက်နေပုံရသော်လည်း ဒေါက်တာချန်ကမူ အနည်းငယ် စိတ်လှုပ်ရှားနေပုံရပေသည်။
ဒေါက်တာချန်က အင်္ဂလိပ်လိုပြောလာသည်။ " သူက စိတ်စဉ့်ကလျားရောဂါကို ခံစားနေရပြီး ရောဂါက နှစ်အတော်ကြာနေပြီဆိုတာ ကျွန်တော် အတည်ပြုပေးနိုင်ပါတယ်။ မကြာသေးခင်က လှုံ့ဆော်မှုအချို့ကြောင့် အခြေအနေ ပိုဆိုးလာခဲ့ပြီး ပုံမှန်အခြေအနေအရ အခုလောက်ဆို သူက ပြိုလဲတဲ့အခြေအနေမှာ ရှိနေလောက်ပြီ "
" မစ္စတာဝမ်ရဲ့ တွေးခေါ်ပုံက ရှင်းလင်းပြီး ယုတ္တိရှိတယ်။ ပြီးတော့ ခိုင်မာတဲ့ စိတ်ဆန္ဒလည်း ရှိနေပါတယ်။ အရေးကြီးဆုံးကတော့ သူ့မှာ ကုသလိုစိတ်ပြင်းပြနေတာပါပဲ။ ဒါက အရမ်းကောင်းတဲ့ ဖြစ်စဉ်တစ်ခုပါ။ ကျွန်တော် သူ့ရောဂါအတွက် အရမ်းယုံကြည်မှုရှိပါတယ် "
၀မ်ရူကွေ့သည် ယခင်က သူ ကြုံတွေ့ခဲ့ဖူးသော စိတ်ကစဉ့်ကလျားရောဂါသည်များနှင့် မတူညီချေ။ ဤကဲ့သို့ အခြေအနေမျိုး သူက တစ်ကြိမ်တစ်ခါမှ မမြင်ခဲ့ဖူးပေ။ သူက ၀မ်ရူကွေ့၏ ပြင်းပြသောစိတ်ဆန္ဒကို သဘောကျမိသည်။
သူသည် မူလက သူ၏ သူငယ်ချင်းများကြောင့် နှင့် ရဲဘော်စုမှ ရက်ရက်ရောရော ပေးလာခဲ့သည့် ဆုကြေးများကြောင့် လာရောက်ရန် သဘောတူခဲ့ခြင်းဖြစ်သည်။ သို့သော် ယခု ၀မ်ရူကွေ့နှင့် စကားပြောပြီးသည့်နောက်မှာတော့ ဤဆေးဘက်ဆိုင်ရာကိစ္စရပ်ကို အလွန်စိတ်ဝင်စားသွားခဲ့သည်။
" ဒေါက်တာချန်၊ ဆရာ့အမြင်အရ ကျွန်မခင်ပွန်း ဆေးသောက်ဖို့ လိုအပ်ပါသလား "
ဒေါက်တာချန်၏ နောက်ဆုံးစကားသည် ထုံရွှယ်လူ၏မျက်လုံးများကို တောက်ပစေခဲ့ပြီး သူမ နှလုံးသားပေါ်တွင် ရက်ပေါင်းများစွာ ဖိစီးနေခဲ့သည့်တိမ်တိုက်များ ရုတ်တရက် လွင့်စင်သွားခဲ့သည်။
ဒေါက်တာချန်က ခေါင်းညိတ်သည်။
" လိုအပ်ပါတယ်၊ စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးခြင်းအပြင် ဆေးဝါးသောက်သုံးတာက စိတ်ရောဂါကို ကုသတဲ့ နေရာမှာ အထိရောက်ဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလိုရောဂါမျိုးက ထိန်းချုပ်ပြီး သက်သာရုံသာ လုပ်နိုင်ပြီး ပျောက်ကင်းအောင် မကုသနိုင်ကြောင်း ကျွန်တော် ကြိုတင်ပြောပြထားပါမယ်။ အကယ်၍ အနာဂတ်မှာထပ်ပြီး နှိုးဆွခံရရန် တစ်သက်လုံး ပြန်ကောင်းနိုင်မှာ မဟုတ်တော့ပါဘူး "
" ထပ်ပြီး နှိုးဆွခံလိုက်ရတာနဲ့ အခြေအနေတွေက ပိုဆိုးသွားနိုင်ပါတယ်။ ပြီးတော့ အဲဒီအချိန်မှာ ဆေး သောက်တာက အလုပ်မဖြစ်နိုင်တော့တာကြောင့် အဲဒါနဲ့ ပတ်သက်ပြီး အခုချိန်မှာ ခင်များတို့ မိသားစုရဲ့ ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်ပါတယ် "
ထုံရွှယ်လူက ခေါင်းညိတ်သည် ။ " ရပါတယ် ဒေါက်တာချန်။ ဒေါက်တာချန် ကျွန်မတို့ လုပ်စရာရှိတဲ့ကိစ္စတွေရှိရင် ကျွန်မတို့ကို ပြောလိုက်ပါ။ ကျွန်မတို့မိသားစုဝင်တွေက ပူးပေါင်းဆောင်ရွက်ရလို့ အရမ်းဝမ်းသာပါတယ် "
ဒေါက်တာချန်သည် ထုံရွှယ်လူ၏စကားအား ကြားသည့်အခါ အလွန်ကျေနပ်အားရသွားပြီး ခေါင်းညိတ်လိုက်သည်။
စိတ်ရောဂါဝေဒနာရှင်များအတွက် ၎င်းတို့၏ ဆန္ဒရှိမှုသည် တစ်ပိုင်းဖြစ်ပြီး မိသားစုဝင်များ၏ စောင့်ရှောက်မှုမှာ ကုသမှုတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်။ လူနာကို ဂရုစိုက်သော မိသားစုဝင်များသည် လူနာအား နွေးထွေးမှု ခံစားရစေကာ အခြေအနေ တည်ငြိမ်မှုစေမှုတွင် များစွာ အထောက်အကူ ဖြစ်စေသည်။
သူသည် စိတ်ရောဂါဝေဒနာရှင်များစွာနှင့် ထိတွေ့ခဲ့ဖူးသည်။ အချို့သော လူနာများ၏ မိသားစုများသည် ၎င်းတို့ကို ဂရုမစိုက်ရုံသာမက မကြိုက်နှစ်သက်ဘဲ မုန်းတီးကြသည်။ ထိုသည်က လူနာ၏ အခြေအနေကို ပို၍ ဆိုး၀ါးစေပြီး နောက်ဆုံးမှာ စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုအထိ ဖြစ်စေသည်။
ထုံရွှယ်လူက ဒေါက်တာချန်၏စကားများကို အခြားသူများအား ဘာသာပြန်ပေးသည်။
အဘိုး၀မ်၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုကြောင့် နီရဲသွားကာ ဒေါက်တာချန်၏ လက်ကို ဆုပ်ကိုင်ထား၍ ပြောလိုက်သည်။ " ကျေးဇူးတင်ပါတယ် ဒေါက်တာချန်။ ရွှယ်လူ ကျေးဇူးတင်ပါတယ်ကို အင်္ဂလိပ်လို ဘယ်လိုပြောရမလဲ "
ထုံရွှယ်လူ: " Thank you "
အဘိုး၀မ် : " သန့်ခယူ "
လူတိုင်းသည် ထိုအသံကြားလိုက်သည့်အခါ အဘိုးဝမ်၏ အင်္ဂလိပ်စာညံ့ဖျင်းမှုကို မရယ်မောဘဲ မနေနိုင်ကြချေ။
အဘိုးဝမ်က ရှက်ရွံ့မှုကို လုံးလုံး မခံစားရပေ။ သူ၏မြေးလေး နေကောင်းလာသရွေ့ အင်္ဂလိပ်စာကို ယခုပင် စတင်လေ့လာရန် ဆန္ဒရှိနေသည်။
ဒေါက်တာချန်နှင့် စုယွဲ့ရှန်းတို့ သားအဖနှစ်ဦးသည် မထွက်ခွာမီ ပေကျင်းတွင် ငါးရက်ကြာ ရှိခဲ့ကြသည်။
လွန်ခဲ့သည့်ငါးရက်တာအတွင်း ဒေါက်တာချန်သည် ၀မ်ရူကွေ့အား စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးပေးရန်အတွက် နေ့တိုင်း ဤနေရာသို့ လာရောက်ပေးခဲ့သည်။ သူသည် ယခုတစ်ကြိမ်တွင် အခြေခံဆေးဝါးအချို့ကိုလည်း ယူဆောင်လာခဲ့ပြီး အချို့သော ဆေးဝါးများမှာ ရှန်းကျန်းသို့ ပြန်ရောက်ပြီးမှသာလျှင် ပို့ဆောင်ပေးနိုင်မည်ဖြစ်သည်။
သို့သော် ၀မ်ရူကွေ့၏အခြေအနေမှာမူ သိသိသာသာ ပြောင်းလဲလာခဲ့သည်။ အကြီးမားဆုံးပြောင်းလဲမှုမှာ နောက်ဆုံးတွင် သူသည် ညအချိန်၌ မျက်လုံးမှိတ်ကာ အိပ်စက်ရန် ဆန္ဒရှိခြင်းပင်ဖြစ်သည်။
ဤအချိန်မတိုင်ခင်က သူ၏နှလုံးသားထဲတွင် ရုန်းကန်နေခဲ့ရသည်။ ထုံရွှယ်လူသည် အစစ်အမှန်ဖြစ်ကြောင်းနှင့် သူမ ပျောက်ကွယ်သွားမည် သို့မဟုတ် သူ့အား ထားသွားမည်မဟုတ်ကြောင်း သူ့ကိုယ်သူ အယုံသွင်းနေခဲ့သော်လည်း ရှောင်ရွှိက သူ့ကို ဆက်လက်နှိပ်စက်နေခဲ့သည်။
အလွန်ထိတ်လန့်တုန်လှုပ်မှုတွင် သူသည် သူမ ပျောက်ကွယ်သွားမည်ကို စိုးရိမ်သောကြောင့် မျက်လုံးများကို မှိတ်လိုက်ရန် သို့မဟုတ် ထုံရွှယ်လူထံမှ အကြည့်လွှဲရန် မပြုလုပ်ဝံ့ခဲ့ပေ။
ထုံရွှယ်လူသည် သူ့ကို ဖျောင်းဖျဆွဲဆောင်ရန် နည်းလမ်းပေါင်းများစွာ ကြိုးစားခဲ့သော်လည်း ဖျားနာနေသည့်လူများအတွက် သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်ကြချေ။ သို့မဟုတ်လျှင် ၎င်းတို့အား ရောဂါသည်များဟု ခေါ်ကြမည်မဟုတ်ချေ။
လူများသည် အစားမစားလျှင် သေဆုံးပြီး ညဉ့်နက်သည်ထိနေ၍ အချိန်အ တော်ကြာ မအိပ်စက်လျှင်လည်း ရုတ်တရက် သေဆုံးလိမ့်မည်ဖြစ်သည်။ ယခင်က ၀မ်ရူကွေ့သည် တစ်နေ့လျှင် တစ်နာရီ သို့မဟုတ် နှစ်နာရီသာ အိပ်စက်သောကြောင့် လူတိုင်း အလွန်စိုးရိမ်ခဲ့ကြရသည်။
ယခုအခါ ဆွေးနွေးမှုအကူအညီဖြင့် ၀မ်ရူကွေ့၏ အခြေအနေမှာ တဖြည်းဖြည်း တည်ငြိမ်လာခဲ့သဖြင့် လူတိုင်း သက်ပြင်းချနိုင်သွားလေသည်။
ထိုအချိန်တွင် ၀မ်ရူကွေ့သည် ကုတင်ပေါ်တွင် လဲလျောင်းနေပြီး သူ၏ ရှည်လျားသော မျက်တောင်များသည် စုတ်တံသေးသေးလေးနှစ်ခုကဲ့သို့ မျက်ခွံအောက်တွင် အရိပ်သေးသေးလေး ဖြစ်ပေါ်နေပေသည်။
ထုံရွှယ်လူသည် သူ အိပ်ပျော်နေသည်ကို မြင်လိုက်ရသည့်အခါ စိတ်ထဲ၌ နူးညံ့သွားခဲ့သည်။
အရာအားလုံးအဆင်ပြေသွားလိမ့်မည်ဟု သူမ ယုံကြည်သည်။
**
ဒေါက်တာချန်သည် ရှန်းကျန်းသို့ ပြန်သွားပြီးနောက် ဆေးဝါးများပေးပို့ခြင်းအပြင် သက်ဆိုင်ရာ အချက်အလက်အချို့ကိုလည်း ပေးပို့ခဲ့သည်။
ထို့နောက် သူက ဝမ်ရူကွေ့အား စိတ်ပိုင်းဆိုင်ရာဆွေးနွေးအကြံဉာဏ်ပေးရန်အတွက် ပေကျင်းသို့ လစဉ် လာရောက် ပေးသည်။
ဒေါက်တာချန်၏အခကြေးငွေနှင့် ပတ်သက်၍ ၀မ်မိသားစုသည် စုယွဲ့ရှန်းအား မေးမြန်းခဲ့ရာတွင် ပမာဏတစ်ခု ပြောပြခဲ့ပြီး ပိုင်းခြားသိမြင်သည့်မျက်လုံးရှိသူတိုင်း ထိုပမာဏမှာ လုံလောက်မည်မဟုတ်ကြောင်း သိကြမည်ဖြစ်သည်။
သို့သော် စုယွဲ့ရှန်းက ငွေမသွင်းရန် အခိုင်အမာ ပြောဆိုသည်။ ထို့ကြောင့် ဝမ်မိသားစုသည် ၎င်းတို့ ရှန်းကျန်းမြို့သို့ ပြန်သောအခါ ကျေးဇူးတင်လက်ဆောင်အဖြစ် ပစ္စည်းအများအပြားကို ဝယ်ပေးလိုက်ရုံမှတစ်ပါး ရွေးချယ်စရာ မရှိတော့ပေ။
၎င်းတို့အနက် ရှောင်ကျိုးနှင့် ရှောင်းမျန်မျန်တို့မှာ ခွဲခွာရန် အလွန်ဝန်လေးနေကြပြီး နွေရာသီ အားလပ်ရက်တွင် ပြန်ဆုံရန် သဘောတူလိုက်ကြသည်။ ရှောင်ကျိုးက ရှောင်းမျန်မျန်ကို ရှန်းကျန့်မြို့သို့ လာကစားရန် ဖိတ်ခေါ်ခဲ့သည်။
စုယွဲ့ရှန်းနှင့်ရှောင်ကျိုးထွက်သွားပြီးသည်နှင့် ထုံကျားရှင်းသည် သေးငယ်သော အစီရင်ခံမှုကို စတင်ခဲ့ပြီး ရှောင်းမျန်မျန်က ရှောင်ကျိုးကို နမ်းခဲ့ပြီး သူနှင့် လက်ထပ်လိုကြောင်း လူကြီးများအား ပြောပြလိုက်သည်။
ဗိုလ်မှူးရှောင်းသည် ထိုစကားကိုကြားလိုက်ပြီးနောက် အသည်းကွဲသွားလေသည်။
မြေးမလေးက အသက်ဘယ်လောက်ရှိပြီမို့လို့လဲ။ ဘာလို့ ဒီလောက်မြန်မြန် မြေးသမက်ကို ရှာလာရသလဲ။
ထိုသည်ကိုကြားတော့ ထုံရွှယ်လူက ရှောင်းမျန်မျန်ကို လှည့်ကြည့်သည်။ " မျန်မျန်၊ သမီးရဲ့တတိယမြောက်အစ်ကိုလို တစ်သက်လုံး အပျိုကြီးဖြစ်ချင်တယ်လို့ပြောခဲ့တယ် မဟုတ်ဘူးလား "
ရှောင်းမျန်မျန်၏ မျက်လုံးများ ပြူးကျယ်သွားသည်။
" မမကြီးပြောတာမှန်တယ်၊ သမီး မေ့သွားတာ။ ဒါပေမဲ့ ရှောင်ကျိုး ၊ သူက သမီးအပေါ် အရမ်းကောင်းတယ်။ စဉ်းစားကြည့်ပြီးတော့ သမီး အပျိုကြီး မဖြစ်ချင်တော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။ တတိယမြောက်အစ်ကိုလို လူပျိုကြီးတစ်ယောက် အိမ်မှာ ရှိနေတာနဲ့တင် လုံလောက်ပါပြီ "
ထုံကျားရှင်း : "....."
***
ဆေးဝါးများနှင့် ဒေါက်တာချန်၏အကူအညီဖြင့် ၀မ်ရူကွေ့၏ အခြေအနေမှာ တိုးတက်ကောင်းမွန်ကာ တည်ငြိမ်လာသည်။
သို့သော် ယခုသူသည် အခြေစိုက်စခန်းသို့ ပြန်ရန်အတွက်မူ မသင့်တော်သေးပေ။ ဒေါက်တာချန်၏ အကြံဉာဏ်အောက်တွင် သူက ပန်းပင်များ စိုက်ပျိုးခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း သို့မဟုတ် စာဖတ်ခြင်းနှင့် ကလေးများကို ပုံပြင်များ ပြောပြလေ့ရှိသည်။
သူ့ကို ဂရုစိုက်သည့် မိသားစုအပြင် ကျိုးရန်နှင့် ဟွမ်ချီမင်တို့ကလည်း ၎င်းတို့ အားလပ်သည့် အချိန်တိုင်း လာရောက်ကြသည်။
စခန်းရှိ အဝါရောင် ကြက် သုံး ကောင်သည် မီးဖိုချောင်သုံးမီးဖိုကို တီထွင်ရန် အတူရှိကြသည်။
ပြောစရာမလိုအောင်ပင် ကြက် သုံးကောင်က ကျူးကော်လျန့်ထက် သာလွန်သည်။ သူတို့ သုံးယောက်သည် ဉာဏ်ရည်မြင့်မားကြပြီး လက်တွေ့စမ်းသပ်ချက်များ၌ အတွေ့အကြုံများရှိကြသည်မှာ ထည့်ပြောစရာပင် မလိုချေ။
လ၀က်ခွဲခန့်ကြာသည့်အခါ သူတို့ အမှန်တကယ် တီထွင်နိုင်ခဲ့သည်။
အခြေခံသဘောတရားရှိပြီး နမူနာပုံစံလည်း ရှိသည်။ ကျန်ရှိသည်မှာ ကျွမ်းကျင်သူများထံ အပ်နှံရမည့် လျှပ်စစ်မီးဖို၏ အပြင်ခွံပင်ဖြစ်သည်။
ထုံရွှယ်လူသည် ၎င်းတို့သုံးဦးမှ ဖန်တီးထားသည့် နမူနာလျှပ်စစ်မီးဖိုကို စုယွဲ့ရှန်းထံသို့ ပေးပို့လိုက်ပြီး ပုံစံခွက်ပြုလုပ်ရန်အတွက် ထုတ်လုပ်သူအား ကူညီရှာဖွေပေးရန် တောင်းဆိုလိုက်သည်။
စုယွဲ့ရှန်းသည် တော်လှန်ရေး ကော်မတီ၏ လက်ထောက်ညွှန်ကြား ရေးမှူးဖြစ်စဉ်က ရဲရင့်သော ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သည်။ ယခု အခါ သူသည် စီးပွားရေးကို လုပ်ကိုင်နေပြီး အလွန်စူးရှထက်မြက်ကာ စီးပွားရေးကို နားလည်သော စီးပွားရေးသမားလည်း ဖြစ်ပေသည်။
ထုံရွှယ်လူ ပေးပို့သည့်အရာကို မြင်သည်နှင့် ချက်ချင်းဆိုသလိုပင် ကြီးမားသောစီးပွားရေးအခွင့်အလမ်း တစ်ခု ခံစားလိုက်ရသည်။
သို့သော် ခိုးယူကူးချရန် နေနေသာသာ သူ့အတွက်ပင် မယူချေ။ ယင်းအစား သူက သူ ရှာဖွေတွေ့ရှိခဲ့သော စီးပွားရေးအခွင့်အလမ်းအကြောင်း ထုံရွှယ်လူ အား ပြောပြပြီး မူပိုင်ခွင့်လျှောက်ထားပြီးနောက် လျှပ်စစ်မီးဖိုများထုတ်လုပ်ရန်အတွက် စက်ရုံတစ်ခုတည်ဆောက်ရန် အကြုံပြုသည်။
အမျိုးကောင်းသားသည် စိတ်သဘောထားမြင့်မြတ်ပေသည်။
စုယွဲ့ရှန်း၏ ကြီးကျယ်ခမ်းနားသော အပြုအမူကြောင့် ထုံရွှယ်လူက သူ့အပေါ်၌ ပိုမိုကောင်းမွန်သည့် အထင်အမြင်ကို ရှိသွားခဲ့သည်။
သူမက စုယွဲ့ရှန်းနှင့် ပူးပေါင်းကာ စီမံခန့်ခွဲမှုနှင့် ထုတ်လုပ်ရေးများကို စုယွဲ့ရှန်းအား လွှဲပြောင်းပေးရန် ချက်ချင်းဆုံးဖြတ်လိုက်ပြီး အမြတ်များကို အပိုင်း လေးပိုင်း အညီအမျှ ခွဲဝေမည်ဖြစ်သည်။
၀မ်ရူကွေ့၊ ကျိုးရန်၊ ဟွမ်ချီမင်နှင့် စုယွဲ့ရှန်းတို့သည် ရှယ်ယာများ၏ ၂၅ ရာခိုင်နှုန်းစီကို အညီအမျှ ပိုင်ဆိုင်ကြမည်။
စုယွဲ့ရှန်းမှာ သူသည် အခွင့်ကောင်းယူခဲ့သည်ဟု ခံစားမိပြီး ၁၀ ရာခိုင်နှုန်း ပြန်ပေးချင်သော်လည်း ၀မ်ရူကွေ့နှင့် ထုံရွှယ်လူက သဘောမတူချေ။ နောက်ဆုံးတွင် သူက အနာဂတ်၌ စီးပွားရေးကို စီမံကာ လည်ပတ်စေမည့်သူဖြစ်သည်။
ထုံရွှယ်လူက သူမ၏ ကိုယ်ပိုင်စက်ရုံဖွင့်ရန် အစီအစဉ်မရှိချေ။
ပထမအချက်အနေနှင့် သူမက ကိုယ်ဝန်ရှိနေပြီး ဗိုက်က ပို၍ ကြီးလာနေသည်။ ဒုတိယအချက်အနေနှင့် ၀မ်ရူကွေ့၏ အခြေအနေသည် လုံးလုံး တည်ငြိမ်မှု မရှိသလို သူ၏ အရည်အချင်းများကို ချမပြနိုင်ချေ။
ထို့အပြင် သူမ၏ စားသောက်ဆိုင်ဖွင့်လှစ်တော့မည်ဖြစ်သဖြင့် သူမ၌ ခွန်အားမရှိလှပေ။
ဆွဲဆောင်ပြီးနောက် စုယွဲ့ရှန်းသည် နောက်ဆုံးတွင် အစီအစဉ်အား လက်ခံသည်။
ကျိုးရန်နှင့် ဟွမ်ချီမင်တို့သည် ၀မ်ရူကွေ့ကို ကူညီပြီး မြန်မြန်သက်သာလာစေရန် ရည်ရွယ်ခဲ့သော်လည်း လျှပ်စစ်မီးဖိုတီထွင်ခြင်းဖြင့် အမှန်တကယ် ငွေရှာနိုင်မည်ဟု မမျှော်လင့်ခဲ့ကြပေ။
သူတို့က ရုတ်တရက် သူဌေးများ ဖြစ်လာကြီး ၎င်းက အံ့သြစရာကောင်း၍ လန်းဆန်းစေသည့် ခံစားချက်တစ်ခုဖြစ်သည်။
သူတို့သည် သုတေသီများဖြစ်ကြ သော်လည်း မည်သူကမှ ငွေအများကြီး မရှာချင်ကြမည် မဟုတ်သည့်အတွက် သဘာဝအလျောက် ငြင်းဆိုခြင်းမရှိကြချေ။
သို့သော်လည်း ပြဿနာကို ရှောင်ရှားရန်အတွက် ၎င်းတို့သုံးဦးသည် ၎င်းတို့၏ ကိုယ်ပိုင်အမည်ဖြင့် ကုမ္ပဏီများကို မတည်ထောင်ကြပေ။
နောက်ဆုံးတွင် ရှယ်ယာများသည် ဇနီးသုံးယောက်၏လက်ထဲသို့ ကျရောက်သွားလေသည်။
**
၀မ်ရူကွေ့ မတော်တဆမှုဖြစ်ချိန်အတွင်း ချန်ရှို့ယွင်သည် ကျင်းရှစ်သို့ မပြန်ဘဲ ပေကျင်းမြို့တွင် ဆက်လက်နေထိုင်ခဲ့သည်။
ဤမိန်းမချန်ရှို့ယွင်မှာ အလွန်အရည်အချင်းရှိသည်ဟူ၍ ပြောရပေမည်။ ရှစ်ရှိုးနန်မရှိသည့်အခါ သူမသည် သူမ၏ ကျောက်ထောက်နောက်ခံဖြစ်ရန်အတွက် လူသစ်တစ်ဦးကို အမြန်ရှာတွေ့ ခဲ့သည်။
ထိုလူသည် အသက်ခြောက်ဆယ်ကျော် ဖြစ်ပြီး သူ့အလုပ်ဌာန၌ ခေါင်းဆောင်ဖြစ်ခဲ့ဖူးသည်။ သူ့ဇနီးနှင့် သားမှာ လွန်ခဲ့သည့် နှစ်အနည်းငယ်က ဆုံးပါးသွားခဲ့ကြသဖြင့် ပိုက်ဆံရှိသော်လည်း အလွန်အထီးကျန်နေလေသည်။
ချန်ရှို့ယွင်က ဤသည်ကို အခွင့်ကောင်းယူပြီး သူ့ကို ချဉ်းကပ်ကာဂရုစိုက်ခဲ့သည်။ ထိုလူသည် တဖြည်းဖြည်း သဘောထား ပြောင်းလာခဲ့ပြီး ချန်ရှို့ယွင်နှင့် တိတ်တဆိတ် အတူနေခဲ့သည်။ သူက စီးပွားရေးလုပ်ရန် ချန်ရှို့ယွင်အား ငွေပေးလာသည်အထိ ချော့မော့ခံခဲ့ရလေသည်။
ချန်ရှို့ယွင်သည် ပြီးခဲ့သည့်အကြိမ် အဝတ်အစားများ လက်ကားယူစဉ် လုယက်ခံခဲ့ရသည့်အတွက် အထည်လုပ်ငန်းမှာ အရိပ်မည်းရှိနေဆဲဖြစ်သည်။ သူမက ထုံရွှယ်လူ၏ နှပ်ထားသည့်ဟင်းလျာများရောင်းချသည့် စားသောက်ဆိုင်သည် အလွန်အခြေအနေကောင်းမွန်သည်ကို မြင်သောကြောင့် ၎င်းကို စဉ်းစားမိပြီး "လူဝေ့ရှန်း" ကို ဖွင့်လေသည်။
အဘိုးအိုသည် သူမအပေါ် တကယ် ကြင်နာထောက်ထားလေသည်။ သူမက အစားအသောက်လုပ်ငန်းပိုင်း လုပ်ကိုင်လိုသောကြောင့် ဟင်းချက်နည်းများနှင့် လျှို့ဝှက်ပါဝင်ပစ္စည်းများရယူရန် အဆက်အသွယ်အချို့ကို ရှာဖွေ့ခဲ့ပြီး သူမအတွက် စားဖိုမှူးတစ်ဦးကို ရှာဖွေကာ "လူဝေ့ရှန်း" ကို ဖွင့်လှစ် ပေးသည်။
ချန်ရှို့ယွင်မှာ အနည်းငယ် ကံကောင်းသည်ဟု ပြောရပေမည်။ "လူဝေ့ရှန်း"သည် ထုံရွှယ်လူ၏ စားသောက်ဆိုင်ကဲ့သို့ အရသာမကောင်းသော်လည်း ၎င်း၏ အရှိန်ကြောင့် စီးပွားရေးမှာ ကောင်းမွန်နေသည်။
ထုံရွှယ်လူသည် ယခင်က သူမအား ဂရုစိုက်ရန် အချိန်မရှိခဲ့သော်လည်း ယခုအခါတွင် ၀မ်ရူကွေ့၏ အခြေအနေမှာ တဖြည်းဖြည်း တည်ငြိမ်လာသဖြင့် လှုပ်ရှားရန် အဆင်သင့် ဖြစ်နေပေပြီ။
ချန်ရှို့ယွင်၏ "လူဝေ့ရှန်း"သည် ကုန်သွယ်ရေးလမ်းမပေါ်တွင် ဖွင့်လှစ်ခဲ့သည်။ အစိုးရသည် ဤဒေသကို ဖွံ့ဖြိုးတိုးတက်ရန် စီစဉ်နေသောကြောင့် သူမ အခွင့်ကောင်းယူခဲ့ခြင်းဖြစ်သည်။
ထုံရွှယ်လူသည် အဘိုးနှစ်ယောက်ကို အစီအစဉ်အကြောင်း ပြောပြလိုက်ပြီး တစ်ပတ်အကြာတွင် "လူဝေ့ရှန်း"၏ မျက်နှာချင်းဆိုင်တွင် ဟင်းလျာရောင်းချသည့်ဆိုင်အသစ်တစ်ခု ဖွင့်လာသည်။
ဟင်းလျာဆိုင်၏ဆိုင်အမည်မှာ ' လမ်းတစ်ဖက်က ဆိုင်ထက် ပိုမွှေးတယ် ' ဟူ၍ ဖြစ်ပေသည်။
ကမ္ပည်းပြားကို ချိတ်ဆွဲလိုက်သည်နှင့် ချက်ချင်းပင် လူတိုင်း၏အာရုံကို ဖမ်းစားနိုင်လိုက်သည်။
ယနေ့ခေတ် ဆိုင်အမည်များသည် အလွန်လေးနက်ပြီး များသောအားဖြင့် တုန်းဖုန်းဟိုတယ်၊ ရူယိကျိုက်၊ ယွင်းလိုင်စားသောက်ဆိုင်စသည်တို့ကဲ့သို့ ကောင်းမွန်သော အဓိပ္ပါယ်များရှိကြသည်။
T/N - တုန်းဖုန်း(အရှေ့လေပြေ)၊ ရူယိကျိုက် (သက်သက်လွတ်ဟင်းလျာဆိုင်)၊ ယွင်းလိုင်(တိမ်လွှာများရောက်ရှိခြင်း)
ဤကဲ့သို့သော ဆိုင်အမည်ကို မည်သူမှ မရွေးချယ်ကြချေ။
ပထမတစ်ချက်မှာ ကြည့်လိုက်သည်နှင့် အလွန်မသင့်လျော်သောကြောင့်ဖြစ်သည်။
ပိုအရေးကြီးသည်မှာ ဤနာမည်သည် မျက်နှာချင်းဆိုင်ရှိ "လူဝေ့ရှန်း" နှင့် ယှဉ်ပြိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။
ယခုအချိန်တွင် ဖရဲသီးစားသည့်သူများ စိတ်ထဲ၌ အတွေးတစ်ခုသာလျှင် ရှိကြသည် : ချကြ။ ချကြ ။
ချန်ရှို့ယွင်က တစ်ဖက်ဆိုင် ငှားရမ်းခဲ့စဉ် လာရောက်စုံစမ်းမေးမြန်းခဲ့သော်လည်း တစ်ဖက်လူက ၎င်းတို့သည် အထည်လုပ်ငန်းစတင်ရန် စီစဉ်ထားသည်ဟုပြောခဲ့သောကြောင့် သူမက စိတ်ထဲမထည့်ခဲ့ချေ။
တစ်ဖက်သူက ဤမျှစက်ဆုပ်ရွံရှာဖွယ်ကောင်းမည်ဟု မည်သူသိခဲ့မည်နည်း။ ၎င်းတို့သည် သူမကို လှည့်စားခဲ့ရုံသာမက ယုတ်ညံ့သည့်ဆိုင်နာမည်ကိုလည်း ရွေးချယ်ခဲ့ကြပေသည်။
ဤသည်က သူမကို ပြောင်ပြောင်တင်းတင်း ရန်စနေသည် မဟုတ်ပေလား။
ချန်ရှို့ယွင်က ဒေါသထွက်သွားပြီး အရောင်းစာရေးဆီသို့ သွားကာ မေးခွန်းထုတ်သည်။ " နင်တို့သူဌေး ဘယ်မှာလဲ၊ နင်တို့သူဌေးကို ခေါ်လိုက် "
ကျန်းပိုင်ဟွေ့၏ သွေးဝေး ဆွေမျိုးဖြစ်သူ ကျန်းကျွင်းခိသည် လှည့်လိုက်ပြီး ချန်ရှို့ယွင်အား ကြည့်လိုက်သည်။ " ကျွန်တော်တို့ရဲ့သူဌေးဆီက ဘာလိုချင်တာလဲ "
ချန်ရှို့ယွင်က သူ့အား စိုက်ကြည့်သည်။
" နင်တို့ဆိုင်နာမည်က ဘာလို့ အဲဒီလိုလဲ။ နင်တို့က လူကို တမင်တကာ ရန်စနေကြတာပဲ ဟုတ်တယ်မလား၊ ဒါက ကြမ်းတမ်းတဲ့ ပြိုင်ဆိုင်မှုပဲ။ အခြေအနေကို နားလည်ရင် ငါ့အတွက် ချက်ချင်းပြောင်းပေးဖို့ နင့်သူဌေးကို သွားပြန်ပြောလိုက်။ မဟုတ်ရင် ပြည်သူ့လုံခြုံရေးဗျူရိုဆီ သွားပြီး သတင်းပို့ပစ်မယ် "
ကျန်းကျွင်းလိသည် ဒေါသမထွက်သလို ကြောက်လည်း မကြောက်ရွံ့ပေ။ သူက နှုတ်ခမ်းကို ကော့ညွတ်ကာ ဖြူဖွေးသည့် သွားတန်းများကို ပေါ်စေသည်။
" အဲဒါဆို သွားလိုက်ပါ "
ချန်ရှို့ယွင် : "....."
မောက်မာလွန်းကာ အနိုင်ကျင့်လွန်းလေသည်။
ကြည့်ရှုသူများ- ချကြ၊ ချကြ။