🍵Chapter 346
ယနေ့တွင် ချန်ရှို့ယွင်သည် နေအိမ်၌ ပိုက်ဆံများ ရေတွက်နေသည်။
သူမသည် တစ်ပတ်မပြည့်မီ ယွမ်သုံးရာ ရှာဖွေနိုင်ခဲ့သည်။ ဤကိ့သို့သာ ဆက်သွားနေမည်ဆိုလျှင် သူမသည် အိမ်နှင့် ကားကို ဝယ်ယူနိုင်ပြီး မကြာခင်မှာ ဘဝ၏ အထွတ်အထိပ်သို့ ရောက်နိုင်တော့မည်ဖြစ်ပေသည်။
ထိုအခိုက်အတန့်တွင် ပိတ်ထားလျက်ရှိသည့် တံခါးမှာ ရုတ်တရက် "ဘန်း"ခနဲမြည်ကာ ကန်ဖွင့်ခံလိုက်ရပြီး လူတစ်စု ပြေးဝင်လာလေသည်။
ချန်ရှို့ယွင် အလွန်ထိတ်လန့်စွာ အော်လိုက်သည်။ " နင်တို့ဘာလုပ်ကြတာလဲ "
ရဲ၀န်ထမ်းနှစ်ယောက်သည် ရှေ့သို့ လှမ်းလာပြီး သူမ၏ လက်များကို နောက်ကျော၌ ကြိုးဖြင့် တုပ်သည်။ " ဘာလုပ်နေတာလဲဟုတ်လား။ ခင်များရဲ့ ဟင်းထဲမှာ ဘိန်းမှုန့်တွေရှိနေတယ်။ ကျုပ်တို့က ခင်များကို ထောင်ထဲ ထည့်မလို့ "
ချန်ရှို့ယွင်၏ ခြေထောက်များ အားနည်းကာ ပျော့ပျောင်းပြီး မျက်လုံးများက ပြူးကျယ်သွားသည်။
သူမ အဆုံးသတ်လေပြီ။
ရဲ၀န်ထမ်းများက သူမ၏နေအိမ်ကို ရှာဖွေခဲ့ပြီး ဘိန်းမှုန့်များကို တွေ့ရှိခဲ့သည်။ စုံစမ်းမှုများအရ ဘိန်းမှုန့်များ ထောက်ပံ့ပေးသည့်သူကိုလည်း တွေ့ရှိခဲ့သည်။
မျက်မြင်သက်သေများနှင့် သက်သေပစ္စည်းများရှိသဖြင့် အဘိုးအိုနှင့် ချန်ရှို့ယွင်တို့ နှစ်ဦးစလုံး မလွတ်မြောက်နိုင်ချေ။
၎င်းတို့နှစ်ဦးကို ဖမ်းဆီးလိုက်ပြီး အဘိုးအိုသည် အရာအားလုံးကို တာ၀န်ယူခဲ့သောကြောင့် သေဒဏ်ချမှတ်ခံရသည်။
ကြံရာပါအနေဖြင့် ချန်ရှို့ယွင်အား ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ပြီး ပြုပြင်ပြောင်းလဲရေးတွင် ပါဝင်ရန် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းသို့ ပို့ဆောင်ခံရသည်။
အဘိုး၀မ်က စီရင်ချက်အား အလွန်မကျေနပ်ချေ။ " ဒီမိန်းမ ဒီလောက်ထိစွမ်းဆောင်နိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ သေခါနီးမှာတောင် သူမအတွက် အသေခံပေးချင်တဲ့ ယောက်ျားရှိနေသေးတုန်းပဲ "
အဘိုးဝမ်၏ ထင်မြင်ချက်အရ သူတို့အားလုံးကို သေဒဏ်စီရင်ခြင်းမှာ အကောင်းဆုံးဖြစ်သည်။
ထုံရွှယ်လူက ၀မ်ရူကွေ့ကို မှီထိုင်ပြီး ပြုံးရင်းနှင့် ပြောလာသည်။ " အဘိုး၊ သမီးတော့ ဒီဟာကကောင်းတယ်လို့ထင်တယ်။ တစ်ကြိမ်သေဆုံးတာနဲ့ ကိစ္စအားလုံးပြီးသွားတယ်။ အဲဒါက သူမအတွက် ကြင်နာရာ မရောက်လွန်းဘူးလား "
အသက်ရှင်ခြင်းသည် နှိပ်စက်ညှဉ်းပန်းခြင်း ဖြစ်ပေသည်။
သူမသည် အဘိုးကြီးနှင့် ချန်ရှို့ယွင်၏ ဖောက်ပြန်မှုအကြောင်း ရှစ်ရှိုးနန်ကို ကြိုတင်ပြောပြထားပြီး ဖြစ်သည်။
သူတို့ နှစ်ယောက် အတူတူ တွေ့ဆုံလျှင် စိတ်လှုပ်ရှားစရာ ကောင်းမည်မှာ သေချာသည်။
အခြားသူများသည်လည်း ထိုကဲ့သို့ တွေးကြ၏။
အလုပ်ကြမ်းစခန်းသည် ကောင်းမွန်သည့်နေရာ မဟုတ်ချေ။ အထူးသဖြင့် အနောက်မြောက်ဘက်၏ ရာသီဥတုမှာ ကြမ်းတမ်းသဖြင့် အခြေအနေများက ပို၍ ခက်ခဲပေလိမ့်မည်။ ချန်ရှို့ယွင်သည် ထိုနေရာသို့ရောက်သည့်အခါ ဒုက္ခရောက်မည်မှာ သေချာပေသည်။
၀မ်ရူကွေ့က ချန်ရှို့ယွင်၏ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံရခြင်းအပေါ် တုံ့ပြန်ခြင်းမရှိပေ။
🍵
ရှစ်ရှင်းရွေ့သည် ဆံပင်ရိတ်ခံရပြီးကတည်းက ကျောင်းဆက်မတက် တော့ဘဲ နေ့စဉ် အပြင်ထွက်ကာ သောင်းကျန်းနေသည်။
ရှစ်ရှိုးနန်မှာ အလုပ်ကြမ်းစခန်းသို့သွားရပြီး ချန်ရှို့ယွင်သည်က အဘိုးကြီးများကို ဖြားယောင်းကာ စီးပွားရေးလုပ်ရင်း အလုပ်များနေခဲ့သောကြောင့် သူမကို ဂရုစိုက်ရန် အချိန်မရှိခဲ့ပေ။
ယခုအခါ ချန်ရှို့ယွင်သည်လည်း တစ်ခုခု ဖြစ်သွားခဲ့ပြီး သူမကို ထောက်ပံ့ပေးမည့်သူ မရှိတော့ပေ။ သို့သော်ငြား ရှစ်မိသားစုက သူမကို မလိုချင်သလို ချန်မိသားစုသည်လည်း သူမကို မလိုချင်ကြချေ။
၎င်းတို့သည် ရှစ်ရှင်းရွေ့မှာ ၀မ်ရူကွေ့၏ အမေတူအဖေကွဲ ညီမဖြစ်သောကြောင့် မွေးစားရန် ၀မ်မိသားစုထံသို့ စေလွှတ်လိုကြသည်။
သို့သော် မည်သူကမှ မပြောဆိုဝံ့ကြချေ။ မည်သူကမှ သူမကို မပျိုးထောင်လိုသောကြောင့် ၎င်းတို့သည် ထိုအကြောင်းအရာအား ရှောင်တိမ်းလာကြသည်။
ရှစ်ရှင်းရွေ့က ဆယ်ကျော်သက်အရွယ်တွင် ရှိနေပြီဖြစ်သည်။ သူမက ဒေါသကြီးသော်လည်း တုံးအသူမဟုတ်ပေ။ နှစ်ဖက်လုံးမှ ဆွေမျိုးများက သူမအား မပျိုးထောင်လိုကြသည့်ကို မြင်သည့်အခါ ဝုန်းဒိုင်းကြဲပြီးနောက် ထွက်ပြေးသွားခဲ့သည်။
သူမသည် အပြင်သို့ ပြေးထွက်လာပြီး သုံး၊လေးနှစ်အရွယ် ကောင်လေးတစ်ယောက်ကို ဝင်တိုက်မိလေသည်။ သူမ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး ကောင်လေးကို အားဖြင့်တွန်းလိုက်၏။
ထိုကောင်လေး၏ အနောက်တွင် တစ်မီတာကျော် နက်သည့် ရေကန်တစ်ခုရှိနေသဖြင့် ရေကန်ထဲသို့ ပြုတ်ကျသွားပြီး ကြောက်လန့်လွန်းသောကြောင့် အော်ဟစ်ကာ ငိုယိုနေသည်။
ရှစ်ရှင်းရွေ့သည် လူတစ်ယောက်ကို တွန်းပစ်ခဲ့ပြီး မည်သူ့ကိုမျှ ခေါ်ယူခြင်းမရှိ သို့မဟုတ် ထွက်သွားခြင်းမရှိဘဲ ကန်ဘောင်ပေါ်၌ မတ်တပ်ရပ်ကြည့်နေခဲ့သည်။ သူမက ရုန်းကန်လှုပ်ရှားနေသည့် ကလေးငယ် ငိုနေသည်ကို မျက်နှာပေါ်၌ ယုတ်မာသည့်မျက်နှာထားနှင့် ကြည့်နေသည်။
စိတ်ဝင်စားစရာ တစ်ခုခုကို တွေ့လိုက်ရသကဲ့သို့ သူမ၏နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်ပေါက်လာလေသည်။
ကောင်ငယ်လေး ရေနစ်ခါနီးတွင် ၎င်း၏အဘွားက သူ့အားရှာရန် ထွက်လာသည်။ အဖြစ်အပျက်အား မြင်ရသည့်အခါ သူမသည် အလွန်ထိတ်လန့်သွားပြီး မြေးဖြစ်သူအား ကယ်တင်ရန် ချက်ချင်း အော်ဟစ်ကာ အကူအညီတောင်းလိုက်သည်။
ကောင်ငယ်လေး၏ အသက်မှာ ကယ်တင်နိုင်ခဲ့သော်လည်း ကြောက်လန့်စိတ်နှင့် ဆောင်းရာသီ၏ တစ်ဆယ့်နှစ်လပိုင်းဖြစ်သည့်အချက်ကြောင့် ထိုနေ့၌ အဖျားကြီးခဲ့ပြီး နောက်ပိုင်းတွင် နမိုးနီးယားရောဂါ ဖြစ်သွားခဲ့တော့သည်။
ကောင်ငယ်လေး၏ မိသားစုမှာ မည်သို့ ဤအတိုင်း လွှတ်ပေးနိုင်လိမ့်မည်နည်း။ သူတိို့က ရှစ်ရှင်းရွေ့ကို အကြိမ်ပေါင်းများစွာ ပါးရိုက်ပြီးနောက် သူမအား ပြည်သူ့လုံခြုံရေးဗျူရိုသို့ ခေါ်သွားလိုက်ကြသည်။
ရှစ်ရှင်းရွေ့သည် အသက်မပြည့်သေးသော်လည်း သူမ၏ လုပ်ရပ်များသည် ရည်ရွယ်ချက်ရှိရှိ လူသတ်မှုရန် ကြံစည်မှုဖြစ်ပြီး ငယ်လွန်းသောကြောင့် သေဒဏ်ချမှတ်ခြင်းလည်း မပြုနိုင်ပေ။
ထို့ကြောင့် သူမအား ထောင်ဒဏ် အနှစ်သုံးဆယ် ချမှတ်ခဲ့ပြီး အနောက်မြောက်ဘက်တွင် မိဘများနှင့်အတူ နေထိုင်ရန် ပို့လိုက်လေသည်။
ထုံရွှယ်လူသည် ထိုသတင်းကို ကြားသိပြီးနောက်တွင် သူမအပေါ် စာနာစိတ်လုံးလုံး မရှိချေ။
အချို့သော ကလေးဆိုးများသည် နတ်ဆိုးများအဖြစ် မွေးဖွားလာကြသည်။ ရှစ်ရှင်းရွေ့သည် တစ်သက်လုံး ထောင်ထဲ၌ နေထိုင်ပြီး တခြားသူများကို အန္တရာယ်ပြုရန် အပြင်ဘက်သို့ မထွက်လာသည်က အကောင်းဆုံးဖြစ်သည်ဟု သူမ ထင်မြင်သည်။
ရလဒ်အနေဖြင့် ရှစ်ရှိုးနန်၊ချန်ရှို့ယွင် နှင့် ရှစ်ရှင်းရွေ့တို့မိသားစုသည် သုံးလကျော်ကြာ ခွဲခွာခဲ့ရပြီးနောက် အနောက်မြောက်အကျဉ်းထောင်တွင် ပြန်လည်ဆုံစည်းခဲ့ကြသည်။
မိသားစုတစ်ခုအတွက် အရေးအကြီးဆုံးသည် အတူတကွ ရှိနေကြရန် ဖြစ်ပေသည်။
တကယ်ပင် ရင်ထဲသို့ ထိလေ၏။
🍵
ရာသီဥတု ပိုအေးလာသည်နှင့်အမျှ ထုံရွှယ်လူ၏ဗိုက်က လည်းပို၍ကြီးလာပေပြီ။
သူမသည် အမြွှာကိုယ်၀န်ဆောင်ထားရကြောင်း မကြာသေးမီက ဆရာဝန်မှ အတည်ပြုခဲ့သည်။
ယနေ့တွင် သူမဗိုက်ထဲမှ ကလေးများ၏ လိင်အမျိုးအစားကို သိရှိရန် ဘီ-အာထရာစောင်းရိုက်ကူးတော့မည်ဖြစ်သည်။
အဘိုး၀မ်သည် မူလက သူမ နောက်သို့ လိုက်ပါချင်သော်လည်း လွန်ခဲ့သည့် နှစ်ရက်တွင် လေအေး အနည်းငယ် ခံခဲ့မိပြီး နေမကောင်းဖြစ်ခဲ့သည်။ ရာသီဥတုမှာ အေးလွန်းနေသဖြင့် ထုံရွှယ်လူက သူ့အား အပြင်ထွက် ခွင့်မပြုပေ။
ဤအခိုက်အတန့်တွင် သူသည် ၀မ်ရူကွေ့နှင့် ထုံရွှယ်လူအား စိတ်အားထက်သန်စွာကြည့်ကာ ဝမ်းနည်းသောအမူအရာဖြင့်ပြောလိုက်သည်။
" ဒါဆို မင်းတို့ စောစောသွား၊ စောစောပြန်လာ။ ရူကွေ့၊ မင် ရွှယ်လူနဲ့ ကလေးတွေကို ကောင်းကောင်းဂရုစိုက်ရမယ် "
၀မ်ရူကွေ့က ခေါင်းညိတ်လိုက်သည်။ " အင်း "
ဆေးသောက်ပြီးနောက်တွင် သူ၏အတွေးများက ယခင်ကထက် ထက်ဝက်ခန့် နှေးကွေးသွားသော်လည်း သူက နိုးကြားနေပြီး ရှောင်ရွှိကို လတ်တလော၌ မြင်ရသည့်အကြိမ်ရေ နည်းပါးလာခဲ့သည်။
ဒေါက်တာချန်သည် နောက်ဆုံးအကြိမ် ရောက်လာစဉ်က သူ၏ပြန်လည်ကောင်းမွန်လာမှုအရှိန်ကြောင့် အံ့အားသင့်ခဲ့ပြီး ဝမ်းသာကြောင်း ဖော်ပြခဲ့သည်။
အဘိုး၀မ်သည် ထိုအကြောင်းကိုတွေးပြီးနောက် မသက်မသာခံစားရဆဲဖြစ်ကာ "ရှောင်ဇုန်းကို မင်းတို့နဲ့အတူ သွားခိုင်းရင်ရော "
၀မ်ရူကွေ့၏မျက်လုံးများတွင် အမှောင်ရိပ်တစ်ခု တောက်ပလာပြီး ထုံရွှယ်လူ၏လက်ကို ကိုင်ကာ လှုပ်ရှားလိုက်သည်။
ထုံရွှယ်လူသည် သူ၏ထူးဆန်းမှုကို သတိပြုမိပြီး သူ့လက်ကို ညစ်လိုက်သည်။ " မဟုတ်ဘူး၊ ရူကွေ့က သမီးကို ဂရုစိုက်မှာပါ။ ရူကွေ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေလည်း ဒီနေ့ ကိုယ်ဝန်ဆောင်ဆေးစစ်ဖို့သွားကြမှာပါ၊ ပြဿနာမရှိပါဘူး "
၀မ်ရူကွေ့သည် ခေါင်းကို လှည့်လိုက်ပြီး သူ့မျက်လုံးများက သူမ၏မျက်လုံးများနှင့် ဆုံတွေ့လိုက်သည်နှင့် မျက်၀န်းထဲမှာ မှောင်မိုက်သောအလင်းက ကွယ်ပျောက်သွားလေသည်။
ထိုအခါမှ အဘိုး၀မ်သည် သူ စကားမှားသွားသည်ကို သတိပြုမိသွားသည်။ " ကောင်းပြီလေ။ ဒါဆိုလဲ သွားခွင့်ပြုလိုက်မယ်။ ရှောင်ဇုန်းနဲ့အဘိုး မင်းတို့ကို အိမ်မှာစောင့်နေမယ် "
ထုံရွှယ်လူက ပြုံးပြကာ ခေါင်းညိတ်ပြပြီး ၀မ်ရူကွေ့၏ ဖေးမမှုနှင့် ထွက်လာသည်။
တံခါးမှ လှမ်းထွက်လာသည်နှင့် တပြိုင်နက် အေးစက်သည့်လေက သူမမျက်နှာကို ဖြတ်တိုက်သွားသည်။ ထုံရွှယ်လူသည် ဘောလုံးကဲ့သို့ ၀တ်ဆင်ထားသော်လည်း မတုန်လှုပ်ဘဲ မနိုင်ပေ။
၀မ်ရူကွေ့ ရှေ့သို့ ခြေလှမ်းတစ်၀က် လှမ်းလိုက်ပြီး လေကို သူ၏ ခန္ဓာကိုယ်နှင့် ပိတ်ဆို့လိုက်သည်။ " ကျန့်ယိရဲ့ဌာနဆီကနေ ကားတစ်စီး ဘာလို့ မငှားတာလဲ "
ထုံရွှယ်လူက ခေါင်းခါလိုက်သည်။
" မရဘူး၊ ဒါက ကိုယ်ရေးကိုယ်တာအသုံးပြုမှုလေ။ တစ်ယောက်ယောက်က အကြောင်းကြားလိုက်ရင် မကောင်းဘူး။ ကျွန်မကို ဖန်သားနဲ့ ပြုလုပ်ထားတာမဟုတ်ပါဘူး။ သင့်တင့်တဲ့လေ့ကျင့်ခန်းက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် ကောင်းမွန်တယ် "
၀မ်ရူကွေ့က လက်တစ်ဖက်ကို သူမ၏ခါးအောက်ပိုင်းတွင် တင်ကာ သူမ လက်တစ်ဖက်ကို ကျန်လက်တစ်ဖက်ဖြင့်ကိုင်ကာ ညည်းတွားသည်။
လွန်ခဲ့သည့်လအနည်းငယ်က ကားများအကြောင်း မေးသည်ကို သူ သတိရမိသည်။ ယနေ့ခေတ်တွင် ကားတစ်စီး ၏ တန်ဖိုးသည် ယွမ်နှစ်သိန်းကျော် ကုန်ကျပြီး လူအများစု မတတ်နိုင်သည့် စျေးတစ်ခုဖြစ်သည်။
ဝမ်မိသားစုမှာ ချမ်းသာကြသော်လည်း သူတို့က ထိုငွေပမာဏကို မတတ်နိုင်ကြသေးပေ။
သို့သော် ခေါင်းဆောင်ကျွမ်းက သူ့အား ပြောခဲ့ဖူးသည့်တစ်ခုမှာ ယခုအခါ နိုင်ငံတကာစံနှုန်းများနှင့် ပေါင်းစပ်ရန် အခွင့်အလမ်းများ ပို၍များပြားလာနေပြီး နိုင်ငံအနေဖြင့် နိုဘယ်လ်ဆုကဲ့သို့သော နိုင်ငံတကာအသိအမှတ်ပြုဆုများ အရေးတကြီး လိုအပ်နေကြောင်း ပြောကြားခဲ့သည်။
သင်က နိုင်ငံ့ဂုဏ်ကို ဆောင်နိုင်လျှင် နိုင်ငံတော်မှ သင့်အား ရက်ရက်ရောရော ဆုပေးမည်မှာ သေချာသည်။
ထိုသည်ကိုတွေးမိပြီး စုတ်တံလေးများကဲ့သို့ ထူထဲသည့် သူ၏ မျက်တောင်လေးများ တုန်ယင်သွားတော့သည်။
သူ၏ လျစ်လျူရှုသောတုံ့ပြန်မှုကို မြင်သောအခါ ထုံရွှယ်လူသည် သူမ၏ နှလုံးသားထဲတွင် တိတ်တဆိတ် သက်ပြင်းချလိုက်သည်။
ဆေး၏ အာနိသင်ကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ နှေးကွေးလာသောတွေးခေါ်မှုများအပြင် စိတ်နေစိတ်ထားမှာလည်း ယခင်ကနှင့် အနည်းငယ်ကွာခြားသွားခဲ့သည်။ သူမသည် သူ၏ပါးများနီရဲကာ ရှက်သွေးဖြာသည်ကို မတွေ့ရသည်မှာ ကြာခဲ့ပြီဖြစ်သည်။
အကြိမ်တိုင်းတွင် ရှက်သွေးဖြာခဲ့သည့်သူ့ပုံစံကို တွေးတောရင်း သူမ အမှန်တကယ် လွမ်းဆွတ်မိသည်။
သို့သော် လူများသည် ၎င်းတို့တွင် ရှိသည်များနှင့် အမြဲကျေနပ်နေသင့်သည်။ ယခုအခါ သူက တစ်နေ့ထက်တစ်နေ့ ပိုကောင်းလာသည်ကိုပင် သူမအလွန်ကျေးဇူးတင်နေပြီဖြစ်သည်။
ကံကောင်းစွာပင် ဘတ်စ်ကားရောက်လာရန် တစ်မိနစ်သာ စောင့်လိုက်ရသည်။
ဘတ်စ်ကားပေါ်တက်ပြီး နောက်ဘက်သို့ သွားကာ ထိုင်လိုက်ကြ၏။
ထုံရွှယ်လူသည် ခေါင်းကို လှည့်လိုက်ပြီး ရုတ်တရက် သူမ၏ မျက်လုံးများ တောက်ပသွာလေသည်။ " ရူကွေ့၊ နှင်းတွေ ကျနေတယ် "
နှင်းပွင့်များသည် အပြင်ဘက် ပျံဝဲနေပြီး ဘတ်စ်ကား၏ ပြတင်းပေါက်ဘောင်ပေါ်သို့ ပြုတ်ကျလာသည်။ သေးငယ်သောအပိုင်းအစများသည် အလွန်ချစ်စရာကောင်းလှသည်။
အပြင်ဘက်ရှိ လမ်းသွားလမ်းလာများသည် နှင်းများကျနေသည်ကိုတွေ့သည့်အခါ အော်ဟစ်ကြသည်။ ယခုနှစ် ဆောင်းရာသီသည် စောစီးစွာ စတင်ခဲ့သော်လည်း နှင်းမကျခဲ့သေးချေ။ နှင်းများများကျခြင်းသည် ဥစ္စာဓနပေါကြွယ်၀မည်ဟု ယုံကြည်ကြ သောကြောင့် နောက်နှစ်တွင် စားနပ်ရိက္ခာ မလုံလောက်မှာကို လူတိုင်းက စိုးရိမ်နေခဲ့ကြလေသည်။
ယခု နှင်းများက ပို၍ ပို၍ များလာပြီး လူတိုင်း၏မျှော်လင့်ချက်နှင့်အတူ ကျဆင်းလာနေသည်။ မကြာခင်မှာပဲ အိမ်ခေါင်မိုးများနှင့် သစ်ပင်များကို အဖြူရောင်များ ဖုံးလွှမ်းသွား တော့သည်။ ကလေးများက အပြင်ဘက်ရှိ နှင်းထဲ၌ ဆော့ကစားချင်ကြသော်လည်း မိဘများက နားရွက်ဆွဲကာ အိမ်ထဲသို့ ပြန်ခေါ်ကြသည်။
၀မ်ရူကွေ့သည် သူမအကြည့်နောက်သို့လိုက်ပြီး လေထဲတွင် ပျံဝဲနေသော နှင်းပွင့်များကို တွေ့လိုက်ရ၏။၎င်းက ဆောင်းရာသီနေ့ရက်များအတွက် ကြည်နူးဖွယ် ပုံရိပ်တစ်ခု ပေးနေပေသည်။
သူက ထိုအရာကို တစ်ချက်ကြည့်လိုက်ပြီး မြန်မြန်ဆန်ဆန်ပင် သူ၏အကြည့်များမှာ သူမအပေါ်သို့ ပြန်၍ ရောက်သွားသည်။
ထုံရွှယ်လူသည် လှည့်မကြည့်မီ အနည်းငယ်ကြာအောင် ငေးကြည့်နေခဲ့ပြီး ထို့နောက်တွင် သူ၏ နက်ရှိုင်းလှသည့်အကြည့်ကို တွေ့လိုက်ရသည်။
ဤအခြေအနေသည် လွန်ခဲ့သည့် နှစ်လအတွင်း အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ဖြစ်ခဲ့သည့်အတွက် သူမကထူးဆန်းသည်ဟု မခံစားရချေ။
သူမသည် သူ့လက်ကို သဘာဝကျစွာ ဆုပ်ကိုင်လိုက်ပြီး ခေါင်းမှီကာ မေးသည်။ " ကလေးတွေရဲ့ လိင်အမျိုးအစားကို မကြာခင် သိရတော့မယ်။ ရှင် ယောက်ျားလေးကိုကြိုက်လား၊ မိန်းကလေးကိုကြိုက်လား "
ထုံရွှယ်လူသည် သူက ယောင်္ကျားလေး နှစ်ယောက်နှင့် မိန်းကလေး နှစ်ယောက် ၊နှစ်မျိုးစလုံးကောင်းသည် သို့မဟုတ် ယောင်္ကျားလေးတစ်ယောက်နှင့် မိန်းကလေးတစ်ယောက်စသည်ဖြင့် ဖြေလာမည်ဟု ထင်ခဲ့သည်။
သို့သော် သူက တိုးလျသည့်အသံဖြင့် "မိန်းကလေး" ဟု ဖြေလာသည်ကို သူမ ကြားလိုက်ရသည်။
ထုံရွှယ်လူ အံ့ဩသွားလေသည်။ " မိန်းကလေးနှစ်ယောက်လား "
၀မ်ရူကွေ့က ခေါင်းညိတ်ပြသည်။ " အင်း ၊ မင်းလို သမီးမိန်းကလေးတွေ "
သူနှင့် မတူစေလို။ သူ့ကဲ့သို့ နေမကောင်းမဖြစ်စေလို။ မိန်းကလေးနှစ်ယောက်လုံးက သူမနှင့်တူလျှင် အကောင်းဆုံးဖြစ်သည်။
ထိုအချိန်တွင် ထုံရွှယ်လူက ရုတ်တရက် "အ" ဟုပြောလိုက်သည်။
၀မ်ရူကွေ့မျက်မှောင်ကြုတ်သွားသည်။ " ကလေးတွေက မင်းကို ထပ်ကန်ခဲ့တာလား "
ထုံရွှယ်လူက ခေါင်းညိတ်ပြီး သူမ၏ ဗိုက်ကို ပွတ်သပ်လိုက်သည်။ " အရမ်းဆိုးကြတယ်၊ သူတို့ထဲက တစ်ယောက်က ယောင်္ကျားလေးဖြစ်မှာ စိုးမိတယ် "
ထိုစကားကိုကြားတော့ ၀မ်ရူကွေ့သည် သူ၏ မျက်ခုံးများကို ပို၍ပင် မျက်မှောင်ကြုတ်လိုက်သည်။ သားယောက်ျားလေးများသည် သူ ထင်ထားသည့်အတိုင်း စိတ်အနှောက်အယှက်ဖြစ်စရာကောင်းပြီး သမီးမိန်းကလေးသည်သာ အကောင်းဖြစ်သည်။
ထုံရွှယ်လူက သူ မည်သည်ကို တွေးနေသည်ကို မသိရှိချေ။ မဟုတ်လျှင် သူမ မျက်ရည်ထွက်လုနီးပါး ရယ်မောမိ လိမ့်မည်။ သူ၏အတွေးများက ကျားပေါင်ယွိနှင့်ပင် တိုက်ဆိုင်နေသည်။
[T/N - classic novel ထဲက ဇာတ်ကောင်ပါ]
ကားရပ်လိုက်သည့်အခါ နှင်းများသည်လည်း ရပ်တန့်သွားခဲ့သည်။
ဘတ်စ်ကားပေါ်မှ ဆင်းလိုက်သောအခါတွင် နှင်းမှုန်များက သူမမျက်နှာသို့ ရိုက်ခတ်လာသည်။ ၀မ်ရူကွေ့က သူမကို ထောက်ကူထားပြီး လမ်းလျှောက်စရာ မလိုအောင်ပင် ပွေ့ချီလိုနေသည်။
ဆေးရုံတံခါးဝသို့ လျှောက်လှမ်းလာသည့်အခါ ကျိုးရန်က တံခါးဆီသို့ စက်ဘီးတစ်စီးနှင့် ရောက်ရှိလာပြီးသူ၏ဇနီးဖြစ်သူ ၀မ်ရှောင်းယွင်သည်နောက်ထိုင်ခုံ၌ ထိုင်နေသည်ကို တွေ့လိုက်ရသည်။
ကျိုးရန်က ပြုံးပြီးပြောသည်။ " တိုက်ဆိုင်လိုက်တာ၊ ဒါပေမဲ့ ရူကွေ့ မင်း ဘာလို့ စက်ဘီးနဲ့ မလာတာလဲ "
၀မ်ရူကွေ့ : " မလုံခြုံဘူး "
ကျိုးရန်က သူ့ခေါင်းကို ကုတ်လိုက်သည်။ " ဒါပဲလား။ မင်း အရည်အချင်းက မကောင်းဘဲ မင်းဇနီးကို မနိုင်မှာကို ကြောက်နေတာလား။ အခုက ဆောင်းရာသီရောက်နေပြီမို့ ဘောလုံးလိုဝတ်ထားတာလေ။ သူမ လဲကျသွားရင်တောင် မင်း ကြောက်စရာမလိုဘူး "
ထိုကဲ့သို့ စကားများထွက်လာသည်နှင့် သူက "အား၊အား" ဟု အော်လိုက်သည်။
ထုံရွှယ်လူနှင့် ၀မ်ရူကွေ့တို့သည် လှမ်းကြည့်လိုက်ပြီး သူ၏နားကို လိုက်ဆွဲနေသည့် လက်အပိုတစ်ဖက် ရှိနေသည်ကို တွေ့လိုက်ရသည်။
" ရှောင်းယွင်၊ လွှတ်ပေးပါကွာ... အိုး၊ အရမ်းနာတာပဲ၊ ကိုယ် မင်းကို ဘာလုပ်ခဲ့မိလို့လဲ "
၀မ်ရှောင်းယွင်သည် ထုံရွှယ်လူနှင့် အတူ ရှိနေသည့် တခြားသူကို မြင်လိုက်ပြီး ညည်းတွားကာ သူ၏နားရွက်ကို လွှတ်ပေးလိုက်သည်။
သူမက စက်ဘီးနောက်ခုံပေါ်မှ ဖြည်းညှင်းစွာ ဆင်းလိုက်သည်။ " ဒီအတိုင်း မကြိုက်လို့လေ။ မရဘူးလား "
ကျိုးရန် : QAQ
၀မ်ရှောင်းယွင်သည် မကျေမနပ်ဖြစ်ကာ ရှုပ်ထွေးသည့် သူ၏မျက်နှာကို မြင်သည့်အခါ ၀မ်းနည်းဒေါသထွက်သွားသည်။ ဤသည်က သူမ ပြုတ်ကျမည်ကို သူ မစိုးရိမ်သည့်သဘောဖြစ်သည်။ ယခုကဲ့သို့ ပြောရက်သည်မှာ တကယ်ပင် အသည်းနှလုံးမရှိသည်ကို ပြသနေသည်။
ဘယ်နေရာ၌ မှားသွားခဲ့မှန်း မသိသေးသည့် ကျိုးရန်ကို မြင်လိုက်ရသည့်အခါ ထုံရွှယ်လူ၏နှုတ်ခမ်းထောင့်မှာ ကော့တက်သွားတော့သည်။
သူမတို့လေးယောက် ဆေးရုံထဲသို့ ၀င်သွားလိုက်ကြသည်။