🍵Chapter 347
သူမတို့လေးယောက် ဆေးရုံထဲသို့ဝင်သွားလိုက်ကြ၏။
၀မ်ရှောင်းယွင်၏ မျက်လုံးများသည် သူမ၀မ်းဗိုက်ပေါ်သို့ ကျလာပြီး ထိူ့နောက် သူမ ဗိုက်ကို ကြည့်လိုက်သည်။ " ကျွန်မကိုယ်၀န်က ရှင့်ထက်တစ်လကြီးတယ်။ ဒါပေမဲ့ အခု ကြည့်ရတာ ကျွန်မဗိုက်က ရှင့်ထက် အများကြီး သေးနေတယ် "
ကိုယ်ဝန်စရှိချိန် သူမ မည်သည်ကိုမှ မစားနိုင်ခဲ့ချေ။ နောက်ပိုင်းတွင် သူမ၏ အစာစားချင်စိတ် တိုးတက်လာခဲ့ပြီး ပူဖောင်းကဲ့သို့ ဖောင်းကားလာခဲ့သည်။ သူမ ကိုယ်အလေးချိန် အများအပြားတက်လာသော်လည်း သူမ၏ဗိုက်က ထုံရွှယ်လူ၏ဗိုက်နှင့်ယှဉ်လျှင် သေးနေ လေသည်။
ထုံရွှယ်လူက ပြုံးလိုက်ပြီး ပြောသည်။ " ဒါက ဘယ်လိုလုပ်တူညီမှာလဲ။ ကျွန်မထဲမှာ ကလေးနှစ်ယောက်ရှိတာ၊ ရှင်က တစ်ယောက်တည်းလေ "
၀မ်ရှောင်းယွင်သည် သူမ မျက်နှာကို တစ်ဖန် ပြန်ကြည့်လာပြီး လက်ကို မြှောက်ကာ သူမ၏ အသားဖြူသော မျက်နှာကို ကိုင်လိုက်သည်။ " လူတစ်ဦးနဲ့တစ်ဦးမှာ မတူညီတဲ့ ကံကြမ္မာတွေရှိကြတယ်လို့ လူတွေပြောကြတာ ကြားဖူးတယ်။ အဲဒီတုန်းကတော့ ဘာမှ မခံစားခဲ့ရဘူး။ အခု ရှင်နဲ့ နှိုင်းယှဥ်ကြည့်တော့ ကိုယ်ဝန်ဆောင်ချိန်မှာတောင် ရှင့်ရဲ့ခြေလက်တွေက သေးသွယ်ပြီး အရေပြားမှာ အစက်အပြောက်တွေ မရှိဘူး။ ကျွန်မ အရမ်းအားကျမိတာပဲ "
ထုံရွှယ်လူ : "အစက်အပြောက်တွေ က ကလေးမွေးပြီးရင် ပျောက်ကွယ်သွားတယ်လို့ ကျွန်မ ကြားဖူးတယ် "
၀မ်ရှောင်းယွင်၏မျက်လုံးများ တောက်ပသွားသည်။ " ရှင်ပြောတာတကယ်လား "
" တစ်ချို့လူတွေဖို့ ဒီလိုမျိုးဖြစ်ပြီး တစ်ချို့လူတွေဖို့ကျ လျော့နည်းတယ်။ အဲဒါကြောင့် မိခင်တွေက အရမ်းတော်တယ်လို့ ကျွန်မတို့ပြောကြတာလေ။ ကိုယ်ဝန်ရဆောင်ရတာက ခက်ခဲရုံသာမက ကျွန်မတို့ရဲ့ခန္ဓာကိုယ်ကိုလည်း အရမ်းထိခိုက်စေတယ် "
ထုံရွှယ်လူက သက်ပြင်းချလိုက်သည်။ ကလေးမွေးဖွားခြင်းသည် အမျိုးသမီးများ၏ အိုမင်းရင့်ရော်မှုကို အရှိန်မြှင့်ပေးသည်။ သူမသည် မီးဖွားပြီးသည့်နောက် နောက်တစ်ကြိမ် ကလေးမမွေးတော့ရန် စိတ်ပိုင်းဖြတ်လိုက်သည်။
၀မ်ရှောင်းယွင်က စာနာစိတ်နှင့် ခေါင်းညိတ်လိုက်သည်။ " ဟုတ်တယ်။ သူတို့ ယောင်္ကျားတွေက ကိုယ်ဝန်မဆောင်ဖူးကြတော့ ကျွန်မတို့ ကိုယ်ဝန်ဆောင်ရတာကို ကြက်မ ဥဥလိုက်သလိုမျိုး လွယ်ကူတယ်ထင်ကြတယ်။ ကျွန်မတို့လဲကျမှာကိုတောင် ကြောက်ကြဘူး"
ထိုသို့ပြောပြီးနောက် ကျိုးရန်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်သည်။
ကျိုးရန် တစ်ခဏ ရပ်တန့်သွားခဲ့ပြီး သူ့စကားမှားခဲ့သည်ကို သဘောပေါက်သွားသည်။
သူက အလျင်အမြန် ရှင်းပြသည်။ " ဇနီးလေး၊ ကိုယ် အဲ့ဒီလို မဆိုလိုပါဘူး။ ကိုယ် မင်းကို ဘယ်လိုမှ လဲကျခွင့်မပြုနိုင်ပါဘူး။ မင်းလဲကျရင် ကိုယ် မင်း အောက်ကို အပြေးအလွှား သွားပြီး မင်းကို ကိုယ့်အပေါ်လဲကျစေမယ် "
၀မ်ရှောင်းယွင်၏ စိတ်ထဲမှ ဒေါသများ လျော့ကျလာရင်း ဒေါသတကြီးဖြင့် ပြောလိုက်သည်။
" စကားလုံးတွေကတော့ ချိုနေတာပဲ။ စကားထက် လက်တွေ့လုပ်ပြတာ ပိုကောင်းမယ် "
ကျိုးရန်က သူ့မိန်းမကို ဤကဲ့သို့ မြင်လိုက်သည့်အခါ သူ စာမေးပွဲ အောင်မြင်သွားကြောင်း သိလိုက်လေသည် ။
မထင်မှတ်စွာ နောက်အခိုက်အတန့်တွင် ၀မ်ရူကွေ့၏လေးနက်သည့်အသံ ထွက်ပေါ်လာသည်။
" ကလေးမွေးပြီးရင် ကိုယ် သားကြောဖြတ်လိုက်မယ် "
ကလေးမွေးပြီးမှဟု ပြောရခြင်း၏ အကြောင်းအရင်းမှာ သူက လက်ရှိတွင် စိတ်စဉ့်ကလျားရောဂါတိုက်ဖျက်ရေးဆေးများသောက်သုံးနေရဆဲဖြစ်ကာ သားကြောဖြတ်သည့် ခွဲစိတ်မှု ပြုလုပ်ရန်မသင့်လျော်သေးသောကြောင့်ဖြစ်သည်။
ထိုစကားကို ကြားလိုက်ရသောအခါ သုံးယောက်လုံး အံ့ဩသွားကြသည်။
ထို့နောက် ထုံရွှယ်လူသည် သူမ၏ နှလုံးသားထဲတွင် နွေးထွေးမှု ခံစားလိုက်ရပြီး သူ့ကို မော့ကြည့်ကာ ပြောသည်။" ရှင် ရှင်းရှင်းလင်းလင်း တွေးပြီးပြီလား ။ ကလေးတွေက မိန်းကလေး နှစ်ယောက် ဖြစ်နေပြီး အဘိုးက ယောက်ျားလေး လိုချင်ရင်ရော "
၀မ်ရူကွေ့က သူမကို ကြည့်ရင်း " အဘိုးက နားလည်မှာပါ။ မင်း ဒီလောက် ပြင်းပြင်းထန်ထန် ကြိုးစားနေရတာကို မမြင်ချင်တော့ဘူး "
၀မ်ရှောင်းယွင်နှင့် ကျိုးရန်တို့မှာ ခွေးစာတစ်လုတ် ပါးစပ်အပြည့် ကျွေးခံလိုက်ရသည်။
၀မ်ရှောင်းယွင်သည် ခေါင်းကို လှည့်ပြီး အံ့သြထိတ်လန့်ကာ လေးစားနေသည့် ကျိုးရန်ကို တစ်ချက်ကြည့်လိုက်သည်။
ရုတ်တရက် သူမ နောက်တစ်ကြိမ် ဒေါသထွက်သွားပြီး သူမ၏ခြေထောက်ကို ဆန့်၍ သူ့ခြေဖဝါးကို ပြင်းပြင်းထန်ထန် တက်နင်းလိုက်သည်။
ကျိုးရန် - QAQ
၀မ်ရူကွေ့သည် သူ့ကို အန္တရာယ်ပေးကာ ချိုမြိန်သည့် စကားပြောတတ်သူအဖြစ် ပြောင်းလဲသွားသည်။ တကယ်ပင် စက်ဆုပ်ဖွယ်ကောင်းလှသည်။
ဆေးရုံထဲသို့ ၀င်ပြီးနောက် စာရင်းသွင်း၊ တန်းစီ၍ နာရီဝက်ကျော် စောင့်ဆိုင်းရင်း နောက်ဆုံးတွင် သူမတို့၏ အလှည့်သို့ ရောက်ရှိလာလပြေီ။
ထုံရွှယ်လူသည် အဖြူရောင်ဆေးရုံကုတင်ပေါ်တွင် လဲလျောင်းနေပြီး အမျိုးသမီးဆရာဝန်က သူမ၏ဝမ်းဗိုက်တစ်ဝိုက်တွင် ကိရိယာကို ပွတ်နေသည်ကို ကြည့်နေသည်။ ယနေ့ခေတ် အာထရာစောင်းကိရိယာများသည် နောက်ပိုင်းမျိုးဆက်များနှင့် နှိုင်းယှဉ်၍ မရပေ။
ဖန်သားပြင်သည် ထုထည်ကြီးမားပြီး ကြည်လင်ပြတ်သားမှုမှာ ညံ့ဖျင်းလွန်းသော်လည်း အကြမ်းဖျဉ်းအချို့ကိုမူ ကြည့်နိုင်ပေသည်။
အမျိုးသမီးဆရာဝန်က ဂရုတစိုက် ကြည့်ရှုကာ ပြောသည်။ " ဘယ်ဘက်မှာက မိန်းကလေးဖြစ်ပြီး ညာဘက်က... မိန်းကလေးပဲ ဖြစ်လိမ့်မယ် "
ညာဘက်က မိန်းကလေးမှာ သူမ၏ လက်နှင့် ပိတ်ဆို့ကာရံထားသော်လည်း ထိုးထွက်နေသည့် လိင်အင်္ဂါကို သူမ မမြင်ပေ။ ထို့ကြောင့် မိန်းကလေးသာလျှင် ဖြစ်ပေမည်။
သူမ စကားပြောပြီးသည်နှင့်တပြိုင်နက် ၀မ်ရူကွေ့၏မျက်လုံးများသည် ထုံရွှယ်လူ၏ဝမ်းဗိုက်မှ မော်နီတာဆီသို့ ပြောင်းသွားသည်။ " ဒေါက်တာ သေချာပါရဲ့လား "
အမျိုးသမီးဆရာဝန်က သူ့ကိုလှည့်ကြည့်လိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်များမှာ မျဉ်းကြောင်းတစ်ကြောင်းအဖြစ် ဖြောင့်တန်းနေသည်ကို မြင်လိုက်ရသည်။ သူ၏မျက်နှာပေါ်တွင် ပျော်ရွှင်မှု အရိပ်အယောင် စိုးစင်းမျှမရှိချေ။
သမီးမိန်းကလေးများထက် သား ယောက်ျားလေးများကို ပိုနှစ်သက်သည်ဟုထင်ရပြီး အမှန်တကယ် နှလုံးသားမဲ့လေသည်။
အမျိုးသမီးဆရာဝန်၏ မျက်နှာသည် ရုတ်တရက် မည်းမှောင်သွားတော့သည်။ " သေချာတယ်။ အခုက ရှေးခေတ်မဟုတ်တော့ဘူး။ ခေတ်သစ်တစ်ခုဖြစ်နေပြီ။ အမျိုးသမီးတွေက ကောင်းကင်တစ်၀က်ကို မ ထားနိုင်ပါတယ်။ ရှင့်ရဲ့ သဘောထားက လက်မခံနိုင်စရာပဲ "
၀မ်ရူကွေ့က တစ်ခဏခန့် အံ့အားသင့်သွားသည်။ " မဟုတ်ဘူး သမီးတွေကို အရမ်းကြိုက်ပါတယ် "
သူက ထီပေါက်သွားသလို ခံစားရသည်။ မမျှော်လင့်ဘဲ အမြွှာကိုယ်၀န်သည် မိန်းကလေးများ ဖြစ်နေပေသည်။ မည်မျှ အံ့သြစရာကောင်းလေသနည်း။
အမျိုးသမီးဆရာဝန်သည် သူ၏ စကားများကို မယုံကြည်ဘဲ ထုံရွှယ်လူကို စာနာစိတ်ဖြင့် ကြည့်လိုက်သည်။ " အမြွှာကိုယ်ဝန်ရှိတာက ခန္ဓာကိုယ်ကို ပျက်စီးစေမှုများလိမ့်မယ်။ ကလေးမွေးပြီးရင် အားအင်ပြန်ပြည့်ဖို့ တစ်နှစ်၊နှစ်နှစ်လောက် အချိန်ပေးရင် ပိုကောင်းတယ်။ အမျိုးသမီးတွေက ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်သင့်ပြီး နံစော်တဲ့ ယောက်ျားတွေစကားကို နားမထောင်သင့်ဘူး ""
၀မ် နံစော်နေသည့် ရူကွေ့ : "....."
သူသည် အကြောင်းပြချက်မရှိ ဝေဖန်ခံနေရသည်ကို မြင်သောအခါ ထုံရွှယ်လူမှာ မရယ်ဘဲ မနေနိုင်ချေ။
" ဒေါက်တာ တကယ် နားလည်မှုလွဲနေတာပါ။ သူက မိန်းကလေးတွေကို တကယ်နှစ်သက်ပါတယ်။ ဒီတစ်ခေါက် ကလေးမွေးပြီးရင် နောက်ထပ် ကလေးမယူတော့ဘူးလို့လည်း ကျွန်မတို့ သဘောတူထားကြပါတယ်။ ပြီးတော့ သူက သားကြောဖြတ်တဲ့ ခွဲစိတ်မှုလုပ်ဖို့ရှိပါတယ် "
ထိုစကားကိုကြားသည့်အခါ ၀မ်ရူကွေ့နှင့်ပတ်သက်ပြီး သူမ၏အမြင်က ချက်ချင်း ပြောင်းလဲသွားတော့သည်။
" ဒါက တကယ့်ကို ရှားပါးတယ်။ ကျွန်မ ဆေးရုံမှာ အလုပ်လုပ်တာ နှစ်အတော်ကြာနေပြီ။ သားကြောဖြတ်ဖို့ ဒီကို ယောက်ျားတစ်ယောက်လာတာ တစ်ခါမှ မတွေ့ခဲ့ဖူးဘူး "
အမျိုးသမီးတစ်ဦးသည် ကိုယ်ဝန် ဆောင်ကာ ကလေးမွေးရပြီး ကလေးအား ပြုစုစောင့်ရှောက်ရသည်။ အကယ်၍ သူမသည် နောက်ထပ်ကိုယ်၀န်မဆောင်လိုလျှင်လည်း လာရောက်ကာ သားကြောဖြတ်ရပြီး ထပ်မံဝေဒနာခံစားရသည်။ ယောက်ျားများကမူ မျိုးစေ့ကိုပေးကြပြီးနောက် ထိုင်ကာ အောင်မြင်မှုကို ခံစားကြသည်။
ယခုအခါ သူမသည် ထုံရွှယ်လူ၏ စကားများကို ကြားလိုက်ရပြီးနောက် ၀မ်ရူကွေ့ကို မတူညီသည့် အကြည့်ဖြင့် ထပ်မံကြည့်လိုက်ခဲ့ပြီး အကြိမ်ကြိမ် ချီးကျူးသည်။
အာထရာစောင်းအခန်းထဲမှ ထွက်လာသည့်အခါ ၀မ်ရူကွေ့၏ ပါးစပ်ထောင့်များသည် မျဉ်းကွေးတစ်ခုအဖြစ် မြင့်တက်နေသည်။
ကျိုးယန်က သူတို့၏နောက်တွင် တန်းစီ နေပြီး ၀မ်ရူကွေ့၏ ဂုဏ်ယူနေသည့်အကြည့်ကို မြင်သည့်အခါ သူက မျက်ခုံးပင့်လိုက်ပြီး မေးသည်။ " ရူကွေ့၊ မင်းအရမ်းပျော်နေတယ်ဆိုရက် ကလေးနှစ်ယောက်စလုံးက ယောက်ျားလေးတွေ ဖြစ်နေတာမလား "
၀မ်ရူကွေ့က ခေါင်းခါလိုက်သည်။ " မဟုတ်ဘူး "
ကျိုးရန် : "တကယ်လား ငါမယုံဘူး။ မင်း ဒီလိုပြုံးနေပုံနဲ့ဆိုရင် သားနှစ်ယောက်ရှိတာ ဖြစ်ရမယ်။ မင်းကို ငါတကယ် အားကျတယ် ။ အခု ငါ့မိန်းမ ဗိုက်ထဲမှာ သားလေးတစ်ယောက်ရှိဖို့မျှော်လင့်တယ် "
သူက ဖိုဝါဒီရှိခြင်းမဟုတ်ဘဲ အိမ်ရှိ လူကြီးများမှာ မိန်းကလေးများထက် ယောင်္ကျားလေးများကို ပိုနှစ်သက်ကြသောကြောင့်ဖြစ်သည်။ ဤတစ်ခေါက် မှာ သမီးမိန်းကလေးဖြစ်နေလျှင် နောက်တစ်ကြိမ် ကလေးထပ်ယူရမည်မှာ သေချာပြီး သူနှင့် သူ့ဇနီးတွင် ဖိအားများစွာ ရှိနေသည်။
သူက ကျန်းမာရေးမကောင်းသည့်အပြင် ဇနီးဖြစ်သူမှာလည်း ကိုယ်ဝန်ရရန် မလွယ်ကူပေ။ ၀မ်ရှောင်းယွင်သည် စိတ်ဖိစီးမှုများလွန်းသောကြောင့် မကြာခဏ အော့အန်ကာ အိပ်မပျော်နိုင်ချေ။
ထို့ကြောင့် သားလေးဖြစ်လျှင် အကောင်းဆုံးဖြစ်ပေသည်။ အကယ်၍ နောက်ပိုင်းတွင် သမီးလေးတစ်ယောက်ရှိလာလျှင် မိသားစုမှ လူကြီးများက မည်သည်ကိုမှ ပြောမည်မဟုတ်ချေ။
အထဲမှ အမျိုးသမီးဆရာဝန်သည် ထိုစကားများကို ကြားသွားခဲ့လေသည်။ ၀မ်ရှောင်းယွင်ကို ကူညီကာ ၀င်သွားသည့်အခါ မည်းမှောင်နေသည့်မျက်နှာဖြင့် သူ့အား စိုက်ကြည့်နေသည့်ဆရာဝန်ကို တွေ့လိုက်ရသည်။
ကျိုးရန် : QAQ
ကမ္ဘာကြီးမှာ ဘာတွေဖြစ်နေတာလဲ။
သူက ဤမျှလောက် မုန်းတီးစရာကောင်း၍ မယုံကြည်နိုင်သည့်သူတစ်် ယောက် ဖြစ်သည်လား။
🍵
အပြင်ဘက်၌ နှင်းများပြန်ကျနေသောကြောင့် ကိုယ်ဝန်စစ်ဆေးမှုပြီးသည့်နှင့် သီးခြားစီ အိမ်သို့ပြန်ခဲ့ကြပြီး အပြင်ဘက်၌ မနေခဲ့ကြချေ။
အိမ်ပြန်ရောက်သည့်အခါ အဘိုး၀မ်နှင့် ဦးလေးဇုန်းက သူမတို့အနား ဝိုင်းလာလေသည်။
" ဘယ်လိုလဲ။ ကလေးတွေ ကျန်းမာရဲ့လား "
ထုံရွှယ်လူက ခေါင်းညိတ်ပြသည်။ " ကလေးအားလုံး အဆင်ပြေပါတယ်။ ဆရာဝန်က မိန်းကလေး နှစ်ယောက်လို့ ပြောခဲ့တယ်။ နောက် လုပ်စရာရှိတာက ကလေးအ၀တ်အစားတွေ ပြင်ဆင်ဖို့ပါပဲ။ အဲဒါအတွက် သမီး ညီမအငယ်ဆုံးလေးရဲ့အဝတ်အစားတွေရှိတယ် "
ယခင်က ယောက်ျားလေး၊ မိန်းကလေးမသိခဲ့သောကြောင့် ပြင်ဆင်ရခက်ခဲသည်များရှိခဲ့သော်လည်း ယခု သိရှိသွားပြီးဖြစ်ကာ စတင်ရတော့မည်။
စကားပြောပြီးနောက် သူမသည် အဘိုး၀မ်ကို ကြည့်လိုက်သည်။
အဘိုး၀မ်က ခဏလောက် အံ့ဩသွားပြီးနောက် လျင်မြန်စွာ ခေါင်းညိတ်သည်။ " မိန်းကလေးတွေက အရမ်းကောင်းတယ်။ မင်းနဲ့ ရူကွေ့နှစ်ယောက်လုံးက ရုပ်ချောကြတယ်။ ငါ့မြစ်ကလေးတွေက အရမ်းလှရမယ် "
ရှေ့မျိုးဆက်ဖြစ်သည့်အလျောက် အဘိုး၀မ်သည် သဘာဝကျစွာ ယောင်္ကျားလေးနှင့် မိန်းကလေးလေးတစ်ဦးစီရှိရန် မျှော်လင့်ထားခဲ့သည်။ ထိုအခါ ၎င်းတို့သည် ကောင်းမွန်သည့် အတွဲတစ်ခုဖြစ်ပြီး တခြားသူများအား ပြောပြသည့်အခါ သူ့အား မျက်နှာရှိစေမည်ဖြစ်သည်။
ယခု နှစ်ယောက်စလုံးသည် မိန်းကလေးများဖြစ်နေသော်လည်း သူက မကောင်းမွန်ဟု မခံစားမိချေ။ အကယ်၍ မိန်းကလေးများသည် ထုံရွှယ်လူကဲ့သို့ လှပကာ လုပ်နိုင်စွမ်းရှိသရွေ့ နောက်ထပ် အနည်းငယ်ရှိလျှင်ပင် ပြဿနာမဟုတ်ချေ။
အဘိုး၀မ်သည် စိတ်ပျက်သွားခြင်းများမပြသသည်ကို မြင်ရသဖြင့် ထုံရွှယ်လူ ၏အပြုံးမှာ ပို၍ တောက်ပလာခဲ့သည်။
သူမသည် အခြားသူများ စိတ်ပျက်မည်ကို စိုးရမ်သောကြောင့် သားယောင်္ကျားလေးယူမည် မဟုတ်သော်လည်း ကလေးလေးအား လူတိုင်းမှ ကြိုဆိုသည့် မိသားစုတွင် မွေးဖွားလာရန် မျှော်လင့်ထားသည်။
ညဘက်တွင် ဗိုလ်မှူးရှောင်းသည် သူ့ထံတွင် မြစ်မလေးတစ်စုံ ရှိတော့မည်ကို သိရှိသွားသည်။
သူက မျက်လုံးထောင့်တွင် အရေးအကြောင်းများပေါ်လာသည်အထိ အလွန်ရယ်မောလေသည်။
" မိန်းကလေးတွေက ကောင်းတယ်၊ မိန်းကလေးတွေက အကျင့်စာရိတ္တကောင်းပြီး ဥာဏ်ရည်ထက်မြက်တယ်။ ဆိုးသွမ်းတဲ့ ယောက်ျားလေးတွေနဲ့ မတူဘူး။ တစ်ခါတလေ သူတို့တင်ပါးတွေကို ပွင့်လာတဲ့အထိ ရိုက်ပစ်လိုက်ချင်တာ "
ရှောင်းကျားမင်နှင့် ထုံကျားရှင်း၏တင်ပါးများ တင်းကျပ်သွားလေသည်။ "......"
အဘိုး၊ ကျွန်တော်တို့က အဘိုးရှေ့မှာ ထိုင်နေတုန်းပဲလေ။ တကယ်ကြီး အဲ့ဒီလို ပြောသင့်ရဲ့လား။
လအနည်းငယ်အကြာတွင် သူမ အဒေါ်ဖြစ်တော့မည်ဟု ရှောင်းမျန်မျန်ကြားသောအခါတွင် သူမက ဝမ်းသာအားရဖြင့် ပါးများပင် နီမြန်းသွားသည်။
" မမကြီး၊ အခုမှစပြီး ညီမလေးရဲ့ တူမနှစ်ယောက်နဲ့ ကစားတော့မယ်။ သူတို့ကို ဘယ်လိုသီချင်းဆိုရမလဲ သင်ပေးမယ် "
ထုံရွှယ်လူက သူမခေါင်းကို ပွတ်လိုက်သည်။ " ကောင်းပြီ၊ အခုမှစပြီး ညီမလေးက အဒေါ်တစ်ယောက်နဲ့ လူကြီးတစ်ယောက်ဖြစ်သွားပြီ။ ညီမလေးရဲ့တူမနှစ်ယောက် ဝမ်းသွားရင်၊ ရှူးရှူးပေါက်ရင် ညီမလေးကိစ္စဖြစ်သွားပြီ "
မိုးကြိုးပစ်ခံရပုံရသည့် ရှောင်းမျန်မျန် : "......"
ထုံကျားရှင်းက သူ့ညီမ၏ မျက်နှာကို လှမ်းကြည့်ပြီး အော်ဟစ်ရယ်မောသည်။ " မျန်မျန် ၊ အဲဒါကို လေ့ကျင့်တယ်လို့ သဘောထားလိုက်။ ငါအသက်ကြီးလာတဲ့အခါ နင် ငါ့ရဲ့အညစ်အကြေးနဲ့ ဆီးကို သယ်ရတာ ကျွမ်းကျင်သွားလိမ့်မယ် "
ရှောင်းမျန်မျန် : "......"
သူမ အဒေါ်မဖြစ်လို့မရဘူးလား။
သူမ အနည်းငယ်နောင်တရသွားခဲ့လေသည်။
သူမ မည်မျှ ကြောက်လန့်နေသည်ကို မြင်သည့်အခါ လူတိုင်း မရယ်မောဘဲ မနေနိုင်ကြချေ။
မီးဖိုထဲရှိ ထင်းများသည် တဖျပ်ဖျပ်မြည်ကာ တောက်လောင်နေပြီး နံရံအား နီရဲနေစေသည်။ မြောက်လေက အပြင်ဘက်တွင် တိုက်ခတ်နေလျက်ရှိပြီး အခန်းကမူ အလွန်အမင်းနွေးထွေးနေပေသည်။
ရယ်မောသံများနှင့် ပြည့်နေသည့် အခန်းတစ်ခုပင်။
🍵
ထိုအချိန်တွင် အနောက်မြောက်ဘက်ရှိ မိသားစုသုံးယောက်သည် လယ်ယာလုပ်ငန်းခွင်မှ ပြန်လာကြသည်။
လွန်ခဲ့သည့် လ၀က်ခွဲခန့်မှ စတင်၍ အနောက်မြောက်ဘက်တွင် နှင်းများကျဆင်းခဲ့ပြီး အပူချိန်သည် သုညအောက် တစ်ဆယ်ဒီဂရီ ကျဆင်းသွားခဲ့သည်။ ယမန်နေ့တွင် နှင်းများ ထူထပ်စွာ ကျဆင်းခဲ့ပြီး ယနေ့တွင် ထိုနှင်းများကို ဂေါ်ပြားဖြင့် ကော်ယူရန် ၎င်းတို့အား ခေါ်ခဲ့သည်။
တစ်နေကုန် အလုပ်လုပ်ပြီးနောက် ခြေလက်များသည် အေးစက် နေပြီး မည်သည်ကိုမှ မခံစားနိုင်ကာ ခန္ဓာကိုယ်တစ်ခုလုံး အဆက်မပြတ် တုန်ယင်နေလျက်ရှိလေသည်။
ရှစ်ရှိုးနန်သည် တုန်တုန်ယင်ယင်နှင့် တံခါးကို ဖွင့်လိုက်သည် ။ အခန်းက အေးစက်နေပြီး အပြင်ဘက်နှင့် ကွာခြားမှုမရှိချေ။
ထောင့်၌ရှိသည့် စားပွဲဆုံဆီသို့လျှောက်သွားလိုက်ပြီး ရေတစ်ခွက် ငှဲ့ချင်သော်လည်း ရေနွေးအိုးက အလွတ်ဖြစ်ကာ ရေတစ်စက်မှ မထွက်လာသည်ကို တွေ့လိုက်ရသည်။
သူက ရုတ်တရက် ဒေါသထွက်လာသည်။ " ရှောင်ရွေ့၊ ငါ ထွက်သွားတုန်းက နင့်ကို ဟင်းချက်ဖို့ ရေသွားတောင်းခိုင်းခဲ့တယ်မဟုတ်လား။ ဘာလို့ ရေတစ်စက်မှ မရှိရတာလဲ "
ရှစ်ရှင်းရွေ့က စောင်ထဲက ခေါင်းထွက်ကြည့်ကာ အမှန်အတိုင်း ပြောလိုက်သည်။ " မေ့သွားလို့ "
ရှစ်ရှိုးနန်၏ မျက်လုံးများက သူမကို စိုက်ကြည့်နေသည်။" အစားအသောက်ကကော၊ နင် ငါတို့ဖို့ အစားအသောက် ပြင်ပြီးပြီလား "
ရှစ်ရှင်းရွေ့ : " ပြင်ခဲ့တယ် ဒါပေမယ့် ငါ ဗိုက်မပြည့်ဘူး။ အဲ့ဒါမို့ အကုန်လုံး တစ်ယောက်တည်း စားပစ်လိုက်ပြီ "
ရှစ်ရှိုးနန် : "....."
ချန်ရှို့ယွင် : "....."
သူတို့ နှစ်ယောက်သည် တစ်နေကုန် ပေါက်စီတစ်ခုကိုသာ စားခဲ့ကြရပြီး ဆာ လောင်လွန်းသဖြင့် ကျောပြင်သည် ရင်ဘတ်နှင့်ပင် ထိကပ်လုနီးပါးဖြစ်နေသည်။ နှင်းများကော်ထုတ်နေသည့်အချိန် သူတို့မျှော်လင့်ခဲ့သည့်တစ်ခုတည်းသောအရာသည် အိမ်မြန်မြန်ပြန်ကာ ရေနွေးပူပူလေးသောက်၍ ထမင်းပူပူစားရန်သာလျှင် ဖြစ်ပေသည်။
ယခုချိန်မှာတော့ ရေနွေးပူပူမရှိသလို အစားအစာ ပူပူနွေးနွေးလည်း မရှိနေကာ ဝမ်းဗိုက်က ဆန္ဒပြနေသကဲ့သို့ အသံမြည်နေလေသည်။
ရှစ်ရှိုးနန်၏မျက်လုံးများမှာ ဒေါသကြောင့် နီရဲနေသည်။ သူက ဘေးနားရှိ သစ်သားချောင်းကို ကောက်ကိုင်လိုက်ပြီး ကုတင်ကို ရိုက်လိုက်သည်။ သစ်သားချောင်းမှာ စောင်ကို ရိုက်လိုက်ပြီး " ဘန်း ဘန်း ဘန်း " ဟူသော အသံနှင့်အတူ ရှစ်ရှင်းရွေ့က နာကျင်စွာ ဖြင့် အော်လိုက်သည်။
စောင်သည် လုံးလုံး မထူထဲပေ။ ရှစ်ရှိုးနန်က ထပ်မံဒေါသထွက်သွားပြီး မကြာခင်မှာပင် ရှစ်ရှင်းရွေ့တစ်ယောက် မခံနိုင်တော့ချေ။
" သူက သေအောင်ရိုက်နေတယ်။ ငါ့အဖေက ငါ့ကို အသေရိုက်တော့မယ်။ လာကြ..."
ချန်ရှို့ယွင်သည် ကနဦး၌ အလွန်ဒေါသထွက်သွားခဲ့ပြီး သူမကို သင်ခန်းစာတစ်ခု သင်ပေးခြင်းက ကောင်းမည်ဟု ထင်ခဲ့သည်။ သို့သော် ရှစ်ရှိုးနန် သူမအား မည်သို့ ရိုက်နေသည်ကို မြင်သည့်အခါကလေး ကျိုးကြေသွားမည်ကို ကြောက်ရွံ့သဖြင့် ကမန်းကတန်း ဖျောင်းဖျလိုက်သည်။
" တော်ပြီ၊တော်ပြီ။ ကလေးက မသိလို့ပဲဟာ။ သူမကို သင်ပေးပေါ့။ ရှင် သူမကို ဘယ်လိုလုပ် ဒီလောက်ထိရိုက်နှက်ရတာလဲ "
ရှစ်ရှိုးနန်က ထိုစကားကိုကြားသည့်အခါ သူမဘက်သို့ လှည့်လာပြီး သူမအား ပါးရိုက်လိုက်သည်။ " ဒီတိရစ္ဆာန်မ ဒီလိုမျိုးဖြစ်လာတာ နင့်လို မိခင်တစ်ယောက်ရှိလို့မဟုတ်ဘူးလား "
ချန်ရှို့ယွင်သည် ပြင်းပြင်းထန်ထန် ရိုက်နှက်ခံနေရရင်း ပြောလိုက်သည်။ " ရှစ်ရှိုးနန်၊ လူယုတ်မာကောင်။ ကျွန်မအရင်က သူမကို သင်ပေးပေမဲ့ အချိန်တိုင်း ရှင်က သူ့ကို ကာကွယ်ပေးခဲ့တာလေ။ မဟုတ်ရင် ရှောင်ရွေ့က ဒီလိုမျိုးဖြစ်လာမှာ မဟုတ်ဘူး "
ရှစ်ရှိုးနန်က နှာခေါင်းရှုံ့လိုက်သည်။ " ဒီအမေနဲ့ ဒီသမီးပါပဲ။ နင်ကိုယ်တိုင်က လူတွေကို လှည့်စားတတ်ပြီး အရှက်မရှိသလို နင် သင်ကြားပေးတဲ့ နင့်သမီးကလည်း နင့်လို အရှက်မရှိဘူး..."
ချန်ရှို့ယွင်၏ မျက်နှာသည် ဒေါသများကြောင့် နီရဲလာပြီး ဆက်၍ သည်းမခံနိုင်တော့ပေ။ ထို့ကြောင့် သူမက လက်ကို မြှောက်ကာ ရှစ်ရှိုးနန်၏မျက်နှာအား ကုတ်ခြစ်ရင်း ပြောသည်။ " ကျွန်မ သည်းမခံနိုင်တော့ဘူး။ ကျွန်မ ရှင့်နဲ့ ရှင်းရမယ် "
နှစ်ယောက်သား ရုန်းရင်းဆန်ခတ်ဖြစ်ကြပြီး ရှစ်ရှင်းရွေ့သည် တန်းလျားခုံပေါ်ထိုင်ရင်း မျက်လုံးများကို လှန်လိုက်သည်။
မကြာခင်မှာပင် ဤနေရာမှ လှုပ်ရှားမှုကို ခြံတာဝန်ခံ သိရှိသွားခဲ့ပြီး မိသားစုဝင် ၃ ဦးလုံး ခေါ်ထုတ်ခဲ့ရကာ ညသန်းခေါင်တွင် အမှိုက်သရိုက်များကို ရှင်းလင်းရန် အပြစ်ပေးခံလိုက်ရသည်။
၎င်းတို့ သုံးယောက်သည် အလုပ်လုပ်နေစဉ် တိုက်ကြက်များကဲ့သို့ ရန်ဖြစ်ကြရင်း အချင်းချင်း မကျေမနပ် ညည်းတွားနေကြသည်။
သူတို့အားလုံးက အချင်းချင်း အသေသတ်လိုနေကြလေသည်။
**