🍵Chapter 348
ထုံရွှယ်လူ၏ အသစ်ဖွင့်လှစ်သည့်စားသောက်ဆိုင်မှာ " လက်ဖက်စိမ်းစားသောက်ဆိုင် " ဟု အမည်ရှိသည်။
လူတိုင်းသည် ဤနာမည်အား နားမလည်ကြချေ။
အဘိုး၀မ် : " ရွှယ်လူ၊ သမီးရဲ့ အဲ့ဒီနာမည်က သိပ်မကောင်းဘူး။ မသိတဲ့လူတွေက သမီး လက်ဖက်ရည်ရောင်းတယ်ထင်ကြလိမ့်မယ်" လို့
ဗိုလ်မှူးရှောင်းက ရှားရှားပါးပါး သူ၏ဘက်တွင် ရပ်တည်သည်။ " ဟုတ်တယ်။ နာမည်က သမီး အရမ်းအလျင်စလိုနဲ့ ရွေးခဲ့လိုက်သလိုဖြစ်နေတယ် "
၀မ်ရူကွေ့ : " အဘိုးတို့နှစ်ယောက်နဲ့ ကျွန်တော့်အမြင်နဲ့ တူတယ်။ လွီချာ(*လက်ဖက်ရည်ကြမ်း)ထက် လွီကွေ့(*အစိမ်းရောင် ပြန်လာခြင်း) လို့ခေါ်တာက ပိုကောင်းတယ် "
ထုံရွှယ်လူ၏ပါးစပ်မှာ အနည်းငယ် တွန့်ချိုးသွားလေသည်။ ၀မ်ရူကွေ့သည် နာမကျန်းဖြစ်နေသော်လည်း အစိမ်းရောင်လိပ်ဟူသည့် နာမည်ကို လက်မလျှော့သေးပေ။
အလွန်ဇွဲရှိလွန်းလှပေသည်။
ရှောင်းမျန်မျန်က သူမ ခေါင်းလေး စောင်းလိုက်ပြီးနောက် ပြောလာသည်။ " ဒါဆို ဘာလို့ ရွှယ်ကွေ့လို့ မခေါ်တာလဲ။ မမကြီးနဲ့ ခဲအိုရဲ့ နာမည်တွေလဲ ပါတယ်လေ "
၀မ်ရူကွေ့က သူမကို နှစ်သက်သည့် အကြည့်တစ်ခုဖြင့် ကြည့်လိုက်သည်။
မထင်မှတ်စွာ ထုံကျားရှင်းက အော်ရယ်လေသည်။ " ရွှယ်ကွေ့၊ သူ့ပိုက်ဆံတွေ အကုန်ဆုံးရှုံးသွားပြီတဲ့ဟာနဲ့တူတယ်။ ဘယ်သူက ဒီလိုနာမည်ရွေးမှာလဲ။ အရူးမပဲ "
[ T/N - ရွှယ်ကွေ့က ရွှယ်ပန့်ဝူးကွေ့ဆိုတဲ့ အီဒီယမ်နဲ့အသံတူနေတာကိုပြောတာပါ။]
၀မ်ရူကွေ့ : "..."
ရှောင်းမျန်မျန်၏မျက်နှာက နီရဲသွားပြီး သူမ မထင်မှတ်ထားခဲ့သည်ကို ရှင်းရှင်းလင်းလင်း ဖော်ပြနေသည်။
အဆုံးမှာတော့ " လက်ဖက်စိမ်းစားသောက်ဆိုင် " ဟု အမည်တွင်သွားခဲ့သည်။
ဆိုင်နာမည်မှာ အလွန်ထူးဆန်းနေသော်လည်း ထိုသို့ ထူးဆန်းနေခြင်းကြောင့် လူတိုင်းက လာရောက်မေးမြန်းကြသည်။
ရေနွေးကြမ်းရောင်းသည့် စားသောက်ဆိုင်တစ်ခု ရှိနေသည်လား။
ဤစုံစမ်းမေးမြန်းမှုများသည် ကြော်ငြာ ခြင်းနှင့် ဆင်တူပြီး လူတော်တော်များများက ၎င်းတို့၏ အိမ်သို့ ပြန်ရောက်သည့်အခါ မိသားစု၀င်များကို ဟာသအဖြစ် ပြန်လည်ပြောကြသည်။
ထိုနည်းအားဖြင့် "လက်ဖက်စိမ်းစားသောက်ဆိုင်" ဖွင့်လှစ်သည့် အချိန်၌ လူတော်တော်များများ သိရှိပြီးသားဖြစ်မည်ပင်။
ထုံရွှယ်လူသည် ကိုယ်ဝန်ရှိနေပြီဖြစ် သောကြောင့် သူမ၏ မိသားစုက သူမအား မီးဖိုချောင်သို့ ၀င်ရောက်ခွင့်မပေးတော့ချေ။ အထူးသဖြင့် စားသောက်ဆိုင်တစ်ခုတွင် လုပ်ရသည့်အလုပ်က ပို၍ပင်ပန်းလေသည်။
ထို့ကြောင့် လုပ်ငန်းစတင်ရန်အတွက် သူမသည် လိမ္မာပါးနပ်သော အကြံဥာဏ်တစ်ခုကို ရရှိသွားခဲ့သည်။ ထိုအကြံဉာဏ်မှာ လက်ဖက်ရည်ကြမ်း စားသောက်ဆိုင်တွင် ယွမ် ၂၀၀ နှင့်အထက်သုံးစွဲသူတိုင်း ဆေးဖက်ဝင်ဝိုင်ပုလင်းငယ်တစ်ခုကို လက်ခံရရှိမည်ဖြစ်ပြီး ယွမ် ၅၀၀ နှင့်အထက်သုံးစွဲသူများသည် ဆေးဖက်၀င်ဝိုင်ပုလင်းကြီးတစ်လုံးကို ရရှိမည်ဖြစ်သည်။
ဤဆေးဖက်ဝင်ဝိုင်သည် သာမာန်ဆေးဖက်ဝင်ဝိုင်မဟုတ်ချေ။ ဤဝိုင်တွင် ကာမအားတိုးစေသည့် အာနိသင်ရှိပြီး အချို့သောကဏ္ဍများတွင် အမျိုးသားများအပေါ် သက်ရောက်မှုရှိပေသည်။
ယနေ့ခေတ်တွင် စားသုံးမှုအတော်လေးနည်းပါးသောကြောင့် စားသောက်ဆိုင်သည် အသင်းဝင်စနစ်ကို စတင်လိုက်သည်။ သင်၏အမည်ကို စာရင်းသွင်းပြီးနောက် သင်သည် ဤနေရာသို့ လာရောက်ကာ စားသုံးတိုင်း စားသုံးမှု ကန့်သတ်ချက်တစ်ခုကို စုဆောင်းနိုင်ပြီး သုံးလကြာလျှင် သက်တမ်းကုန်ဆုံးသွားမည်ဖြစ်သည်။
တစ်နည်းဆိုရသော် ဆေးဖက်ဝင်၀ိုင်ကို ရယူလိုပါက သုံးလအတွင်းအတွင်း ဤပမာဏကို သုံးစွဲရမည်ဖြစ်သည်။
လူအများက ထိုအကြောင်းကြားသိရသောအခါ သုံးစွဲရမည့်ပမာဏမှာ အလွန်များလှသည်ဟု ထင်မြင်ကြသည်။ သို့သော် လွန်ခဲ့သောနှစ်နှစ်အတွင်းတွင် အချို့သော သူများသည် နိုင်ငံရပ်ခြားသို့ ထွက်သွားကာ စီးပွားရှာခဲ့ကြပြီး ၎င်းတို့၏ ပိုက်ဆံအိတ်ကပ်များက ပို၍ ကြီးထွားလာခဲ့သည်။
တစ်ခါတရံမှာ စီးပွားရေးလုပ်သည့်အခါ ညစာလာစားရန် ဖိတ်ခေါ်ခြင်း သို့မဟုတ် မျက်နှာပွင့်ရန် နေအိမ်၌ စားသောက်တည်ခင်းခြင်းများပြုလုပ်လိုသည့်အခါ အဆင့်မြင့်စားသောက်ဆိုင်တစ်ခုအား ရှာမတွေ့နိုင်ခဲ့ကြချေ။ ထုံရွှယ်လူ၏ " လက်ဖက်စိမ်းစားသောက်ဆိုင်"သည် ၎င်းလစ်ဟာမှုကို ဖြည့်ဆည်းပေးလေသည်။
စားသုံးပြီးသည့်နောက် ဆေးဖက်ဝင်၀ိုင်းပုလင်းကို ၎င်းတို့ ရရှိသွားကြသည်။ ကနဦးတွင် မယုံကြည်ကြသော်လည်း ကာလတစ်ခုကြာ သောက်သုံးပြီးသည့်နောက် ဂုဏ်ကျက်သရေ ပြန်လည်ရရှိလာသည်ကို ၎င်းတို့ တွေ့ရှိသွားကြသည်။
ထူးခြားပြောက်မြောက်လှသဖြင့် ဆေးဖက်ဝင်၀ိုင်အား ပိုက်ဆံသုံးကာ ၀ယ်ယူလိုသူများ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြသည်။
သို့သော် စားသောက်ဆိုင်က မရောင်းချချေ။ ယင်းအစား စားသုံးမှုပမာဏ ကန့်သတ်ချက် ပြည့်သွားမှသာ ပေးအပ်မည်ဟု ပြောသည်။ ထို့ကြောင့် ဆေးဖက်ဝင်ဝိုင်ပုလင်းရရန်အတွက် ထိုလူများသည် စားသောက်ဆိုင်သို့ မကြာခဏ လာရောက်စားကြရန်သာ ရှိတော့သည်။ ဤနည်းအားဖြင့် စားသောက်ဆိုင်၏ စီးပွားရေးလုပ်ငန်းမှာ တိုးတက်လာလေသည်။
တစ်လအကြာ ကနဦးရင်းနှီးမြှုပ်နှံမှုနှင့် ကုန်ကျစရိတ်အမျိုးမျိုးကို ဖယ်ထုတ်ပြီးသည့်နောက် သူမ ယွမ်နှစ်ရာ ရှာဖွေနိုင်ခဲ့သည်။
ပထမတွင် တန့်ဟုန်သည် စားသောက်ဆိုင်ဖွင့်ချိန်က အထပ်ထပ် အခါခါ နောက်သို့ ရွှေ့ဆိုင်းခဲ့ရသည့်အခါ အနည်းငယ် စိုးရိမ်ပူပန်ခဲ့ရသည်။
ယခုအခါ စားသောက်ဆိုင်သည် လျင်မြန်စွာ ကျော်ကြားလာရုံသာမက တစ်လအတွင်း ငွေ၀င်လာသည်ကို မြင်လိုက်ရသဖြင့် သူ၏ ယုံကြည်မှုမှာ အလွန်တိုးများလာခဲ့သည်။
" မန်နေဂျာထုံ၊ ဗွီအိုင်ပီဖောက်သည်တော်တော်များများက ဆေးဖက်ဝင်ဝိုင်အကြောင်း ခဏခဏလာမေးကြတယ်။ ကျွန်တော်တို့ အဲဒါကို အမြောက်အများ ထုတ်လုပ်ဖို့ အစီအစဉ် မရှိဘူးလား "
ထုံရွှယ်လူ : " မရသေးဘူး၊ ကျွန်မကလေးမွေးပြီးတဲ့အချိန်အထိ စောင့်ရလိမ့်မယ်။ ဒါပေမယ့် ဒီဗွီအိုင်ပီ ဖောက်သည်တွေကို လက်ဆောင်တွေ သင့်လျော်သလို ပေးနိုင်တယ်။ အဲဒါက သူတို့၏စားသုံးမှုကို လှုံ့ဆော်ပေးနိုင်တယ် "
ဆေးဖက်ဝင်ဝိုင်အတွက် လျှို့ဝှက်နည်းကို အဘိုးဝမ်မှ သူမအား ပေးခဲ့ခြင်းဖြစ်သည်။ ယခင်က ဝမ်မိသားစု၏ ဘိုးဘေးများက ၎င်းကို တော်၀င်သမားတော်ထံမှ ဝယ်ယူခဲ့ကြသည်။
အချို့သော ကဏ္ဍများတွင် အမျိုးသားများအပေါ် သက်ရောက်မှုအချို့ရှိသော်လည်း သေလွန်သူများကို အသက်ပြန်ရှင်စေခြင်းကဲ့သို့ မှော်ဆန်သည်မဟုတ်ပေ။ သူမတို့က ၎င်းကို ဧည့်သည်များအား ပေးအပ်စဉ် အသိပေးခဲ့ပြီးဖြစ်သည်။
သို့သော် အမျိုးသားများစွာအတွက် အချို့သောစွမ်းရည်များသည် အသက်ထက်ပင် ပို၍အရေးကြီးပြီး ၎င်းတို့က သေးငယ်သောအကျိုးသက်ရောက်မှုရှိစေကာမူ ဝယ်ယူရန် ပိုက်ဆံသုံးစွဲလိုစိတ်ရှိကြလေသည်။
တန့်ဟုန်က ခေါင်းညိတ်သည် ။ " ကောင်းပြီ။ နောက်မှ သတင်း ထွက်စေလိုက်မယ် "
ထုံရွှယ်လူက သူမ စောစောစီးစီး ပြင်ဆင်ထားသည့် လက်ဆောင်ကို တွန်းလိုက်သည်။ " အစ်မ(ကျန်း)တန့်ဟုန်က ရက်ပိုင်းအတွင်း ဘွဲ့ရတော့မယ်။ ဒါက သူမအတွက် လက်ဆောင်တစ်ခုပါ၊ ကျွန်မက သူမကို အောင်မြင်စွာ ဘွဲ့ရခြင်းအတွက်မှာ ဂုဏ်ပြုတယ်လို့ ပြောပေးပါ "
တန့်ဟုန်က သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။
" မဟုတ်ဘူး၊ မဟုတ်ဘူး မန်နေဂျာထုံ၊ ကျေးဇူးပြုပြီး ပစ္စည်းတွေ ပြန်ယူပေးပါ။ မင်းရဲ့ဆုမွန်ကောင်းကို ကျွန်တော်တို့ လက်ခံပါတယ် "
ထုံရွှယ်လူက လက်မခံချေ။ " အစ်မ တန့်ဟုန်ကို ကျွန်မပေးတာ။ ရှင့်မှာ သူမကိုယ်စား ငြင်းပိုင်ခွင့်မရှိဘူး။ ယူသွားလိုက်ပါ၊ ကျွန်မ အရင်ပြန်နှင့်မယ် "
တန့်ဟုန်က သူ ပြောခဲ့သည့်ကို ရှက်မိသွားကာ လျင်မြန်စွာ မတ်တပ်ရပ်လိုက်ပြီး သူမကို လိုက်ပို့သည် ။
ထုံရွှယ်လူ ထွက်သွားပြီးနောက် ပြန်လာကာ ဘူးကိုဖွင့်ကြည့်လိုက်ပြီး အထဲတွင် အမျိုးသမီး၀တ်နာရီတစ်လုံးကို တွေ့လိုက်ရသည် ။
လက်ပတ်နာရီတစ်လုံးသည် ယွမ်တစ်ရာကျော် ကုန်ကျသောကြောင့် ဤလက်ဆောင်သည် အလွန်စျေးကြီးသည်။
တန့်ဟုန်က ဘူးကိုပိတ်လိုက်ကာ စားသောက်ဆိုင်အား ပိုမိုဂရုစိုက်၍ လည်ပတ်စေမည်ဟု သန္နိဠာန်ချလိုက်သည်။
ကျန်းတန့်ဟုန်၊ ဖန်ကျင်းယွမ် နှင့် ကျန်းပိုင်ဟွေ့တို့သည် ကောလိပ်ဝင်ခွင့်စာမေးပွဲ ပြန်လည်စတင်ပြီးနောက် ပထမအသုတ် ကျောင်းသားများအနေဖြင့် ၁၉၈၁ ခုနှစ် နွေဦးပွဲတော်မတိုင်မီ ဘွဲ့ရခဲ့ကြသည်။
ထုံရွှယ်လူက သူမတို့သုံးယောက်လုံးကို နာရီတစ်လုံးစီ ပေးလိုက်သည်။
အမှန်တကယ်တွင် သူမသည် စည်းစိမ်ဥစ္စာပေါကြွယ်၀ကာ ရက်ရောလွန်းသောကြောင့် မဟုတ်ဘဲ အကြောင်းပြချက်တစ်ခုရှိပေသည်။
၀မ်ရူကွေ့ မတော်တဆမှုဖြစ်ပွားချိန်အတွင်း စားသောက်ဆိုင်ဖွင့်လှစ်မှုကို အထပ်ထပ် အခါခါ နောက်ဆုတ်ခဲ့ရသည်။ တန့်ဟုန်သည် ထိုအချိန်တွင် အစိုးရပိုင်ဟိုတယ်မှ နှုတ်ထွက်ခဲ့ပြီးဖြစ်ကာ စားသောက်ဆိုင်မဖွင့်သေးသောကြောင့် လုပ်ခလစာမရှိသော်လည်း ၎င်းတို့စုံတွဲက မညည်းညူခဲ့ကြချေ။
ထို့အပြင် ယခုအချိန် စားသောက်ဆိုင်ဖွင့်သည်အထိ တန့်ဟုန်က သူမကို ကူညီခဲ့သူဖြစ်လေသည်။ သူ့ကြောင့်သာ မဟုတ်လျှင် သူမ စိတ်အေးလက်အေးရှိနိုင်မည်မဟုတ်ပေ။
ဖန်ကျင်းယွမ်သည် ၀မ်ရူကွေ့ မကျန်းမာကြောင်းသိရှိသောတစ်ဦးတည်းသာသူဖြစ်ပြီး ညွှန်ကြားရေးမှူးထံမှတဆင့် သိရှိခဲ့ခြင်းဖြစ်သည်။ ၀မ် မိသားစုအကြောင်းကို သိပြီးနောက် သူမသည် ဆရာဝန်ရှာဖွေရန် ကူညီခဲ့ပြီး အလုပ်ရှုပ်ခဲ့ရသည်။
ထို့အပြင် သူမသည် ရှောင်းမျန်မျန်အတွက် သရုပ်ဆောင်ရန် ဇာတ်ကောင်တစ်ခု မကြာသေးခင်က ရှာဖွေပေးခဲ့ပြီး တရုတ်နှစ်သစ်ကူးအပြီး၌ စတင်ရိုက်ကူးတော့မည်ဖြစ်သောကြောင့် ဤနာရီကို လက်ဆောင်ပေးခြင်းဖြစ်သည်။
ကျန်းတန့်ဟုန်နှင့် ဖန်ကျင်းယွမ်ကို ပေးလိုက်ပြီးနောက် ကျန်းပိုင်ဟွေ့တစ်ယောက်တည်းအား ချန်လှပ်ထားခဲ့ရန်မှာ သဘာဝအလျောက် ခက်ခဲလှပေသည်။
ထို့အပြင် ကျန်းပိုင်ဟွေ့သည်လည်း သူမ ကျောင်းတက်စဉ် အများအပြား ကူညီပေးခဲ့သည့်အတွက် နာရီသုံးလုံး ကို တစ်ခါတည်း ဝယ်ယူခဲ့ဖြစ်သည်။
ကျန်းပိုင်ဟွေ့က နာရီကိုလက်ခံရရှိသည့်အတွက် အလွန်ပျော်သွားကာ ချက်ချင်းပင် ၀တ်ကြည့်လေသည်။
" ကျေးဇူးတင်ပါတယ် ရွှယ်လူ၊ ဒီလက်ဆောင်ကို ငါ အရမ်းကြိုက်တယ်။ စကားမစပ်၊ နင် နိုင်ငံခြားထုတ်ကုန်တွေ ဝယ်ချင်တာရှိလား။ ငါ ဂျာမနီကို သွားတဲ့အခါ ဝယ်ပြီး နင့်ဆီ ပို့ပေးမယ်လေ "
ထုံရွှယ်လူက တစ်ခဏကြာ စဉ်းစားလိုက်သည်။ " နို့မှုန့်၀ယ်လို့ရရင် အကောင်းဆုံးပဲ။ ဒါပေမဲ့ ပြန်ပို့လို့ မရနိုင်မှာ စိုးတယ် "
ကျန်းပိုင်ဟွေ့က သူမရင်ဘတ်ကို ပုတ်ကာ ပြောလာသည်။ " စိတ်မပူပါနဲ့၊ ငါ နည်းလမ်းရှာလိုက်မယ်။ ဒါပေမယ့် ငါ နင့်ကလေးလေးမွေးလာတာကို မတွေ့ရတော့တာ နှမြောစရာကောင်းလိုက်တာ "
သူမသည် ဂျာမနီသံတမန်သံရုံးတွင် ထရိန်နင် သံတမန်အဖြစ် တာဝန်ပေးအပ်ခံခဲ့ရသည်။ မူလက တရုတ်နှစ်သစ်ကူးအပြီးမှ သွားရောက်ချင်ခဲ့သော်လည်း ဘွဲ့ရပြီးသည်နှင့် အစီရင်ခံရန် အထက်မှ သတိပေးချက်တစ်ခု ထုတ်ပြန်လာခဲ့သည်။
ဂျာမန်ဘာသာစကားသည် သူမ၏ ဒုတိယနိုင်ငံခြားဘာသာစကားဖြစ်သည်။ ယခင်တွင် အချိန်အတော်ကြာ အချိန်ပြည့်ဝန်ထမ်း မဖြစ်နိုင်ခဲ့သော်လည်း အနာဂတ်တွင် အချိန်ပြည့်ဝန်ထမ်းဖြစ်လာနိုင်သည်၊မဖြစ်လာနိုင်မှာ သူမ၏ အရည်အချင်းစွမ်းရည်ပေါ်တွင် မူတည်နေသောကြောင့် သူမ နှောင့်နှေးမနေဝံ့ပေ။ .
ထုံရွှယ်လူက သူမကို နှစ်သိမ့်ပြီး ပြောသည်။ " ကလေးမွေးပြီးရင် နင့်ဆီ ဓာတ်ပုံတွေ ပို့ပေးလိုက်မယ် "
ကျန်းပိုင်ဟွေ့က ထိုစကားကိုကြားသည့်အခါ ထပ်မံ ရယ်လိုက်သည်။ " သဘောတူတယ် "
အလုပ်ရှုပ်နေသည့်အတွက် ကျန်းပိုင်ဟွေ့သည် ထရပ်ကာ နှုတ်ဆက်လိုက်သည်။
သူမ တံခါး၀သို့ ရောက်သည့်အခါ ထုံရွှယ်လူကို လာတွေ့သည့် ဖန်ကျင်းယွမ် နှင့် တိုက်မိလေသည်။ " ကျင်းယွမ်၊ ဒီမှာထုံရွှယ်လူကို လာတွေ့တာလား။ ဘာလို့ စောစောမလာခဲ့တာလဲ။ ငါက အခု ပြန်ရတော့မှာ "
ဖန်ကျင်းယွမ်က သူမလက်ထဲမှ ပန်းသီးကို မြှောက်ပြသည်။ " တစ်ယောက်ယောက်က ငါ့ကို လက်ဆောင်ပေးလို့ ငါ့အိမ်က ပန်းသီးတွေ လက်ဆောင်ယူလာခဲ့တယ်။ ပန်းသီးတွေက ကြီးပြီး ချိုတယ်ထင်လို့ ရွှယ်လူကို နည်းနည်း ပေးမလို့ "
ကျန်းပိုင်ဟွေ့က သူမလက်ထဲမှ ပန်းသီးများကို ကြည့်လိုက်ပြီး ရုတ်တရက် သူမလက်ကောက်ဝတ်ပေါ်ရှိ နာရီမှ ဆွဲဆောင်ခြင်းကို ခံလိုက်ရသည်။ " နင့်နာရီနဲ့ ငါ့ဟာက တူတူပဲ။ နှစ်ခုလုံး Longines က "
ဖန်ကျင်းယွမ်က ပြုံးပြီးပြောသည်။ " အင်း၊ ရွှယ်လူကပေးခဲ့တာ။ သူမက ငါတို့သုံးယောက်လုံးအတွက် အတူတူဝယ်ခဲ့တာ။ အပျင်းကြီးလိုက်တဲ့သူလေ "
ကျန်းပိုင်ဟွေ့က အဲ့ဩသွားသည်။ " သုံးယောက်လား။ နင်နဲ့ငါကလွဲရင် ဘယ်သူရှိသေးလို့လဲ "
ဖန်ကျင်းယွမ် : "အစ်မ တန့်ဟုန်။ ငါ ၀င်သွားတော့မယ်နော်။ လုပ်စရာရှိသေးလို့ "
ကျန်းပိုင်ဟွေ့ခေါင်းညိတ်လိုက်ပြီး ဖန်ကျင်းယွမ် ထွက်သွားပြီးနောက် ခေါင်းငုံ့ကာ နာရီကို ကြည့်လိုက်သည်။
အရည်များ အာနိသင်ပျက်ပြယ်သွားသကဲ့သို့ ရုတ်တရက် ပျော်ရွှင်မှုများ လျော့ပါးသွားသည်ဟု အဘယ့်ကြောင့် ခံစားရမှန်း သူမ မသိချေ။
လ၀က်ကြာပြီးနောက် ကျန်းပိုင်ဟွေ့သည် ဂျာမနီရှိ သူမ၏ခင်ပွန်း လျန်ထျန်းယိနှင့် ပြန်လည်စုံစည်းရန် နိုင်ငံရပ်ခြားသို့ ထွက်ခွာသွားခဲ့သည်။
🍵
နှင်းပွင့်များနှင့် မီးရှူးမီးပန်းသံများကြားတွင် ၁၉၈၁ ခုနှစ်သို့ ရောက်ရှိလာလေပြီ။
နွေဦးပွဲတော်ကာလတွင် ၀မ်မိသားစုနှင့် ရှောင်းမိသားစုသည် မည်သူ့ထံမှ အလည်အပတ် မသွားကြဘဲ မိသားစုနှင့် အချိန်ဖြုန်းရန်သာ အိမ်၌ရှိနေကြသည်။
ပထမအချက်အနေဖြင့် ၀မ်ရူကွေ့၏အခြေအနေမှာ မကောင်းမွန်သေးသောကြောင့်ဖြစ်ပြီး ဒုတိယအချက်အနေဖြင့် ထုံရွှယ်လူ၏ဗိုက်မှာ ပို၍ ကြီးသထက် ကြီးလာခြင်းကြောင့်ဖြစ်သည်။
နောက်ပိုင်းတွင် ထုံရွှယ်လူသည် သူမစားသုံးသည့် အစားအစာပမာဏကို လျှော့ချခဲ့ပြီး သူမ၏၀မ်းဗိုက် အလွန်အမင်း ကြီးလာခြင်းကို တားဆီးရန်အတွက် နေ့စဉ် ပမာဏ အနည်းငယ်ကိုသာ မကြာခဏ စားသုံးသည်။
၀မ်းဗိုက်သည် အလွန်လေးလံသောကြောင့် သူမ မတ်တပ်မရပ်လိုလျှင်တောင်မှ နေ့စဥ်နေ့တိုင်း ကိုယ်လက်လေ့ကျင့်ခန်းလုပ်ရန် ဇွဲမလျော့ခဲ့ချေ။
၀မ်ရူကွေ့သည် ရောဂါကြောင့် ခွင့်ရက်ရှည်ယူခဲ့ရသော်လည်း ဤရှုထောင့်မှကြည့်လျှင် ကောင်းမွန်သည့် အရာဖြစ်ပေသည်။ အနည်းဆုံးတော့ ထုံရွှယ်လူနှင့် အိမ်တွင် အတူတူနေထိုင်နိုင်ပေသည်။
နောက်ပိုင်းတွင် ထုံရွှယ်လူသည် ခြေသလုံးကြွက်သားများ မကြာခဏ ကြွက်တက်ခြင်းနှင့် ဖောရောင်ခြင်းတို့ကို ခံစားရပြီး ၀မ်ရူကွေ့က သူမအား နှိပ်နယ်ပေးရသည်။
မိသားစု၏ ကလေးထိန်းကိုလည်း ရှာတွေ့ခဲ့ပြီး သူမသည် ရှန်၀မ်ရုန်၏ သွေးဝေး တူမတစ်ဦးဖြစ်သည်။
တစ်ဖက်သူမှာ အသက်လေးဆယ်ကျော်ဖြစ်ပြီး သူမသည် ကျေးလက်ဒေသမှ ဖြစ်သော်လည်း သန့်ရှင်းသပ်ရပ်မှုကို နှစ်သက်၍ ရိုးသားကာ ပူပင်ကြောင့်ကြကင်းမဲ့ပြီး ကလေးများကို ပြုစုရာတွင် အလွန်အတွေ့အကြုံရှိသူဖြစ်သည်။
ထုံရွှယ်လူက ဆုံးဖြတ်ချက်မချမီတွင် သူမက လိုအပ်ချက်အားလုံးကို ကျော်ဖြတ်နိုင်၊မကျော်ဖြတ်နိုင်သည်အား သေချာစေရန် မငှားရမ်းမီီ နှစ်ရက်ခန့် အိမ်တွင် အလုပ်လုပ်ခိုင်းသည်။
နွေဦးရာသီ မတ်လပိုင်းတွင် နွေဦးပန်းများဖူးပွင့်သောအခါ ထုံရွှယ်လူက မွေးဖွားလုနီးပါးဖြစ်ပေသည်။
သူမသည် အချိန်ကျလျှင် အလုပ်ရှုပ်ကာ လုပ်ရခက်မည်ကို စိုးရိမ်သောကြောင့် မွေးဖွားမည့် သတ်မှတ်ရက်မတိုင်ခင် တစ်ရက်အလိုတွင် ဆေးရုံသို့ သွားခဲ့သည်။ ထို့အပြင် သူမထံ၌ အမြွှာကိုယ်ဝန်ရှိနေသဖြင့် သူမ အသက်အား သူမ တန်ဖိုးထားလေသည်။
မွေးဖွားမည့်ရက်မှာ ယေဘုယျအားဖြင့် အလွန်မှန်ကန်ခြင်းမရှိသော်လည်း ထုံရွှယ်လူအတွက်မူ မှန်ကန်ပေသည်။ သူမ ဆေးရုံတက်ပြီး နောက်တစ်ရက်တွင် ဗိုက်နာတော့သည်။
ထိုအချိန်တွင်သည် ၀မ်ရူကွေ့သည် သူမ၏ဗိုက်ထဲရှိ အမြွှာလေးများအား ပုံပြင်တစ်ပုဒ် ပြောပြနေချိန်ဖြစ်ပေသည်။ ထုံရွှယ်လူသည် ရုတ်တရက် သူ့လက်ကို ဆွဲကိုင်ကာ ပြောလိုက်သည်။ " ရူကွေ့၊ ကျွန်မဗိုက်က စပြီး နာလာနေပြီ။ ကျွန်မ မွေးတော့မယ်ထင်တယ် "
၀မ်ရူကွေ့၏မျက်နှာက ပြောင်းလဲသွားကာ ဆတ်ခနဲ ထရပ်လိုက်သည်။ " ကိုယ် ဆရာဝန်ခေါ်လိုက်မယ် "
ဆရာဝန်က အလျင်အမြန် ရောက်ရှိလာ သည်။ စစ်ဆေးပြီးနောက်မှာတော့ သူမ အမှန်တကယ် မွေးတော့မည်ဖြစ်ကြာင်းပြောခဲ့သော်လည်း အလွန်စောနေသေးသဖြင့် တစ်ခုခုစားခိုင်းသည်။
၀မ်ရူကွေ့က ထိုစကားကြားပြီးနောက် ဖက်ထုပ်များဝယ်ရန် ကန်တင်းသို့ အမြန်သွားခဲ့ပြီး သူမ၏မိသားစုကို ဖုန်းခေါ်သည်။
အလွန်စိတ်လှုပ်ရှားကာ ထိတ်လန့်နေသော်လည်း အရာအားလုံး စနစ်တကျ ဖြစ်သွားခဲ့သည်။
အိမ်သို့ ဖုန်းဆက်ပြီးနောက် အဘိုး၀မ် ၊ ဦးလေးဇုန်းနှင့် ကလေးထိန်း အဒေါ်ချန်တို့သည် ကြက်စွပ်ပြုတ်၊ ဂျင်းရည်နှင့်အတူ ရောက်ရှိလာကြသည်။
ဗိုလ်မှူးရှောင်းသည် လာရောက်လို သော်လည်း နေအိမ်တွင် ကလေးအများအပြားရှိနေပြီး ၎င်းတို့သည် မနက်ဖြန် ၌ ကျောင်းတက်ရဦးမည်ဖြစ်သောကြောင့် ကျန်နေခဲ့ရသည်။
ရှောင်းမျန်မျန်က သူမ၏အဘိုးကို မျှော်လင့်တကြီး ကြည့်သည်။ " ဘိုးဘိုး၊ မနက်ဖြန် ခွင့်ယူလို့မရနိုင်ဘူးလား။ သမီး မမကြီးကို အဖော်ပြုဖို့ ဆေးရုံသွားချင်တယ် "
ထုံကျားရှင်းက ပြင်းပြင်းထန်ထန် ခေါင်းညိတ်သည်။ " ကျွန်တော်လည်း သွားချင်တယ် "
ရှောင်းကျားမင်လည်း ခေါင်းညိတ်လိုက်ပြီး မျက်လုံးထဲ၌ အလွန်ခိုင်မာသော စိတ်ဆန္ဒဖြင့် ပြည့်နေသည်။
သူ၏ အစ်မသည် သူတို့မိသားစု၏ ပင်မကျောရိုးဖြစ်ပြီး အမျိုးသမီးများသည် ကလေးမွေးဖွားရန် ငရဲပြည်သို့ ခြေလှမ်းရသည်ကို ကြားခဲ့ဖူးပြီး သူ က အလွန်စိုးရိမ်နေမိသည်။
အကယ်၍ ယခု ဆေးရုံမသွားရလျှင် သူသည် ယနေ့ည အိပ်ပျော်နိုင်တော့မည် မဟုတ်သည့်အပြင် မနက်ဖြန် အတန်းတက်ရန်လည်း စိတ်ပါတော့မည်မဟုတ်ချေ။
ဗိုလ်မှူးရှောင်းက ခဏလောက်စဉ်းစားပြီး ခေါင်းညိတ်သည်။ " သွားကြမယ်၊ အားလုံးသွားကြစို့ "
ထို့ကြောင့် မိသားစုတစ်စုလုံး ကားဖြင့် ဆေးရုံသို့ အမြန်သွားလိုက်ကြသည်။
ထုံရွှယ်လူ၏ဗိုက်နာခြင်းသည် နှစ်နာရီကျော်ကြာမြင့်ခဲ့သည်။ ကြာချိန်သည် ရှည်သည်မဟုတ်ကာ တိုတောင်းသည်မဟုတ်သော်လည်း လူအများနှင့် နှိုင်းယှဉ်လျှင် သူမက ကံကောင်းနေဆဲဖြစ်၏။