အပိုင်း၃၄၉
Viewers 67k

🍵Chapter 349



 မိသားစုတစ်စုလုံး ကားဖြင့် ဆေးရုံသို့ အမြန်သွားလိုက်ကြသည်။


ထုံရွှယ်လူ၏ဗိုက်နာခြင်းသည် နှစ်နာရီကျော်ကြာမြင့်ခဲ့သည်။ ကြာချိန်သည် ရှည်သည်မဟုတ်ကာ တိုတောင်းသည်မဟုတ်သော်လည်း လူအများနှင့် နှိုင်းယှဉ်လျှင် သူမက ကံကောင်းနေဆဲဖြစ်၏။


အနည်းဆုံးအနေဖြင့် သူမ သားဖွားခန်းထဲသို့ ဝင်သွားသောအခါတွင် သူမထက် အရင် သုံးနာရီ‌ စော၍ ဝေဒနာခံစားနေရသော ၀မ်ရှောင်းယွင်မှာ မမွေးနိုင်သေးပေ။


၀မ်ရှောင်းယွင်က သူမ မွေးခန်းထဲသို့ ၀င်ရသည်ကို မြင်တော့ ကျိုးရန်၏လက်ကို ကိုင်ကာ ပြင်းပြင်းထန်ထန် ကိုက်လိုက်သည်။ " ရှင့် အပြစ်ကြောင့် ရှင့်ကြောင့်သာ မဟုတ်ရင် ကျွန်မက ဘာလို့ ဒီလိုမျိုး ခံစားရမှာလဲ..."


ကျိုးရန် : QAQ


ယောင်္ကျားတစ်ယောက်အဖြစ်အသက်ရှင်နေတာက အပြစ်လား။


ထုံရွှယ်လူကို သားဖွားခန်းထဲ တွန်းပို့လိုက်သည့်အခါ ၀မ်ရူကွေ့က သူမနောက်ကို လိုက်ချင်သော်လည်း သူနာပြုက တားမြစ်လိုက်သည်။


ထုံရွှယ်လူက သူ့လက်ကို ဆုပ်ကိုင်ပြီး မျက်လုံးများကို ကြည့်၍ ပြောလိုက်သည်။ " အပြင်မှာ ခဏစောင့်နေနော်။  ကျွန်မနဲ့ ကလေးက အဆင်ပြေသွားမှာပါ  "


ဤအကြိမ်တွင်မူ ၀မ်ရူကွေ့က အလွန်ခေါင်းမာနေလေသည်။ " မဟုတ်ဘူး ။ ကိုယ် မင်းနဲ့အတူ ၀င်မယ် "


နောက်ဆုံးတွင် ဗိုလ်မှူးရှောင်းသည် အဆက်အသွယ်များသုံးကာ ၀မ်ရူကွေ့အား သူမနှင့်အတူ သားဖွားခန်းထဲသို့ ဝင်ခွင့်ပြုလိုက်ရသည်။


အမျိုးသမီးများ၏ ကလေးမွေးနေသည့်ပုံရိပ်သည် လှပမနေချေ။ ထုံရွှယ်လူသည် နာကျင်လွန်းသဖြင့် နဖူး၌ ချွေး စေးများဖြင့် စိုရွှဲကာ သူမ၏နှုတ်ခမ်းများ ကိုက်မိလုနီးပါး ဖြစ်နေသည်။


၀မ်ရူကွေ့က ဘေးနားတွင် ရပ်လိုက်ပြီး  လက်ကို ဆုပ်ကိုင်သည့်အခါ သူမ ဖြူဖျော့သွားသည်ကို မြင်လိုက်ရသည်။သူက ရုတ်တရက် သူ၏လက်တစ်ဖက်ကို ကမ်းလိုက်သည်။ " မင်းရဲ့လက်ကို  ပြန်မကိုက်ပါနဲ့ ။ ကိုယ့်ရဲ့လက်ကို ကိုက်လိုက် "


ထုံရွှယ်လူက ငြင်းချင်သော်လည်း ပြင်းထန်လှသည့် နာကျင်မှုက ပေါ်ထွက်လာကာ သူမက ပါးစပ်ကိုဖွင့်၍ ကိုက်လိုက်သည်။


နာကျင်မှု။


ဤအချိန်တွင် လူနှစ်ယောက်သည် နာကျင်မှုကို ထပ်တူ ခံစားနေရသည်။


သို့သော် ဝမ်ရူကွေ့သည် သူ ခံစားရသည့်နာကျင်မှုက သူမထက် အကြိမ်တစ်ထောင်ထက်မနည်း နည်းပါးသည်ကို နားလည်သည်။


သူ့အတွက် ကလေးမွေးဖွားပေးရန် ခက်ခက်ခဲခဲ ရုန်းကန်နေရသည်ကို မြင်ရသည့်အခါ သူ့နှလုံးသားမှာ တစ်စုံတစ်ယောက် ဖျစ်ညှစ်နေထားသကဲ့သို့ ခံစားနေရသည်။


မည်သို့ပင်ဖြစ်ပါစေ သူမအား ကိုယ်ဝန်ထပ်မရ‌စေရဟု သူက ဆုံးဖြတ်လိုက်သည်။


နာရီဝက်ကြာပြီးသည့်‌နောက် မွေးခန်းထဲ ကလေးငိုသံ ထွက်ပေါ်လာလေသည်။


၀မ်ရူကွေ့က လှမ်းကြည့်လိုက်ပြီး အမျိုးသမီးဆရာဝန်ပြောသည့်စကားကို ကြားလိုက်ရသည်။ " ပထမကလေးကို ဒီညနေ ပေကျင်းစံတော်ချိန် ၈ : ၁၁ မှာ မွေးဖွားပြီး သားယောင်္ကျားလေးပါ "


၀မ်ရူကွေ့ အံ့သြသွားလေသည်ာ "  ဒေါက်တာ၊ တစ်ခုခု မှားနေတာပါလား၊ ဒါက ဘယ်လိုဖြစ်တာလဲ။ ယောက်ျားလေးတစ်ယောက်လား "


ယခင် အာထရာဆောင်းရလဒ်အရက သမီးမိန်းကလေးတစ်စုံဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိထားခဲ့ပြီးဖြစ်ရာ အဘယ့်ကြောင့် ကောင်စုတ်တစ်ကောင် ထွက်လာရသနည်း။


သူမ မှားမြင်မိသည်လား။


အမျိုးသမီးဆရာဝန်က သူ့ကို တစ်ချက်ကြည့်ကာ ပြောသည်။ " ကျွန်မ လိင်အင်္ဂါအမှားအယွင်းဖြစ်နိုင်ရင် ရှင့်ဇနီး ကလေးမွေးဖို့  ကျွန်မကို ဘယ်လိုလုပ် ယုံကြည်ခဲ့နိုင်တာလဲ "


၀မ်ရူကွေ့က မယုံကြည်နိုင်သေးချေ။ သူက သူနာပြုဆရာမ၏လက်မှ ကလေးကို လှမ်းကြည့်လိုက်တော့  ကောင်းကင်သို့ ထိုးထောင်နေသည့် ငှက်ကလေးတစ်ကောင်ကို တွေ့လိုက်ရသည်။


တကယ်ပင်၊ အလွန်တက်ကြွနေပုံရပေသည်။


၀မ်ရူကွေ့ : .....


၀မ်ရူကွေ့က ထိတ်လန့်တုန်လှုပ်သွားလေသည်။


သူသည် နှစ်လကျော်ကြာအောင် ထုံရွှယ်လူ၏ဝမ်းဗိုက်ထဲမှ ကလေးနှစ်ယောက်ကို သိုးမွှေးဂျာကင်လေးများအဖြစ် ဆက်ဆံနေခဲ့သည်။


အိမ်ရှိအဝတ်အစားများ၊ စောင်ခြုံများနှင့် သေးငယ်သောပစ္စည်းမျိုးစုံကို မိန်းကလေးများ နှစ်သက်သည့် ပန်းရောင်များအဖြစ် ဖန်တီးထားသည်။သူသည် နူးညံ့ကာ ချစ်စဖွယ်ကောင်းသည့် သမီးလေးတစ်စုံကို ကြိုဆိုရန် အသင့်ဖြစ်နေခဲ့ပြီး ကောင်စုတ်လေးတစ်ယောက်ထွက်လာမည်ဟု မည်သူ မျှော်လင့်ခဲ့မည်နည်း။


၀မ်ရူကွေ့၏ မျက်နှာအမူအရာမှာ ပျော်ရွှင်ခြင်း နှင့် ဝေးကွာနေလေသည်။


ထိုသည်ကိုမြင်တော့ အမျိုးသမီးဆရာဝန်က မရယ်ဘဲ မနေနိုင်ချေ။ " ဒီနေ့ခေတ်မှာ သားယောင်္ကျားလေးကို မကြိုက်တဲ့လူရှိနေသေးတာ အရမ်းထူးဆန်းတယ် "


ဝမ်ရူကွေ့သည်သတိပြန်၀င်လာခဲ့ပြီးနောက်  တုန်လှုပ်ချောက်ချားစွာဖြင့် ပြောသည်။ " ဒေါက်တာအရင် အာထရာဆောင်းရိုက်တုန်းက မိန်းကလေး နှစ်ဦးလို့ ပြခဲ့တယ်။ ကလေးက အခု  ယောင်္ကျားလေးတစ်ယောက်အဖြစ် မွေးလာတာ ကျန်တဲ့တစ်ယောက်ကလဲ ယောင်္ကျားလေးဖြစ်နိုင်သလား "


အမျိုးသမီး ဆရာဝန်က ခေါင်းညိတ်သည်။ " ဖြစ်နိုင်ချေ ရှိပါတယ်။ ကျား၊မ အာထရာဆောင်းစစ်ဆေးမှုက ၁၀၀ ရာခိုင်နှုန်း  မမှန်ကန်နိုင်ပါဘူး။ အချို့သောသူတွေဆို နှစ်ကြိမ် ဒါမှမဟုတ် သုံးကြိမ်တိုင်တိုင် မှားတတ်ကြတယ် "


နေသာတုန်းမိုးကြိုးပစ်ခြင်းပင်။


(T/N - သတင်းဆိုးကြားရတာကိုပြောတာပါ။)


မိုးကြိုးပစ်သံ ငါးချက်။


ထိုမှ လာသည့် ဝမ်းနည်းမှု။


၀မ်ရူကွေ့ လုံးလုံး စိတ်ရှုပ်သွားလေသည် ။


သိုးမွှေးဂျာကင်အင်္ကျီလေးတစ်စုံမရှိတော့ဘဲ ကောင်စုတ်လေးတစ်စုံ အစားထိုးသွား‌လေသည် ။ တွေးကြည့်ရုံဖြင့် သူ့အသည်းများ ကွဲကြေသွားရသည်။


ထုံရွှယ်လူ၏ဗိုက်သည် နာကျင်နေသေးသော်လည်း ၀မ်ရူကွေ့အား ဤကဲ့သို့မြင်လိုက်ရသောအခါ သူမ မရယ်ဘဲ မနိုင်ဖြစ်သွားပြီး  ရယ်လိုက်သောအခါ နာကျင်မှုက ပိုဆိုးသွားသည်။


နာကျင်ငိုကြွေးသံက ၀မ်ရူကွေ့၏ အာရုံခံစားချက်ကို ပြန်လည်ရရှိစေသည်။ သူက လက်ကိုင်ပုဝါကိုထုတ်ကာ သူမ၏ချွေးများကို သုတ်ပေးပြီး ပြောသည်။


" ဒါ ကိုယ်တို့သား "


သူက ရတနာကို လုယက်ခံရသည့် ကလေးတစ်ယောက်လို ဝမ်းနည်းသည့်လေသံဖြင့် ပြောလိုက်သည်။


ထုံရွှယ်လူက မျက်ခုံးပင့်လိုက်သည်။ " ရှင် မနှစ်သက်ဘူးလား "


၀မ်ရူကွေ့၏ ရှည်လျားသော မျက်တောင်များ တုန်ယင်သွားသည်။ " ကိုယ် နှစ်သက်ပါတယ် " သို့သော် သမီးများလောက် မကြိုက်ချေ။


ထုံရွှယ်လူက ထပ်ပြီးရယ်မောလိုသော်လည်း သူမ စကားမပြောခင်မှာပင် အမျိုးသမီးဆရာ၀န်၏ အော်သံကို ကြားလိုက်ရသည်။ "မင်းရဲ့ခွန်အားကိုသုံး။ ကျန်တဲ့ကလေးက ထွက်လာ‌နေပြီ။ ခေါင်း မြင်နေရပြီ "


ထုံရွှယ်လူက အသက်ပြင်းပြင်းရှုကာ ၀မ်ရူကွေ့၏လက်ကို ဆုပ်ကိုင်လိုက်ပြန်သည်။


ပထမကလေးမွေးဖွားပြီးသောကြောင့် သို့မဟုတ် ဒုတိယကလေးသည် ပထမကလေးထက် တစ်ပေါင်ပိုပေါ့ သောကြောင့် မသိချေ။ ဒုတိယ ကလေးအား မွေးသည့်အခါ ထွက်လာစေရန် ပို၍လွယ်ကူသည်။


၀မ်ရူကွေ့က စိတ်လှုပ်ရှားစွာ ဆရာဝန်ကို ကြည့်လိုက်သည်။ " ဒေါက်တာ သမီးလေးလား "


အမျိုးသမီး ဆရာဝန်က " မဟုတ်ဘူး "


၀မ်ရူကွေ့ : "..."


တကယ်ပင် ကောင်စုတ်လေးနှစ်ကောင်ပင်။


သူ၏ သိုးမွှေးဂျာကင်‌လေးနှစ်ခု ပျောက်ဆုံးသွားပေပြီ။


၀မ်ရူကွေ့၏မျက်နှာသည်  ရုတ်တရက် ဖြူဖျော့သွားပြီး ထုံရွှယ်လူထက်ပင် အကျည်းတန်သွားသည်။


နောက်အခိုက်အတန့်မှာ အမျိုးသမီးဆရာဝန်က " ကျွန်မ ရှင့်ကို နောက်လိုက်တာပါ။ ရယ်ရယ်မောမောရှိပါဦး။ လူငယ်လေး ဂုဏ်ပြုပါတယ်။ မင်းမှာ သမီးတစ်ယောက်ရှိပြီ " ဟု ပြောလာမည်ဟု မည်သူ ထင်မည်နည်း။


၀မ်ရူကွေ့ : ......


" ဒေါက်တာ ၊ ကျွန်တော့်ကို လိမ်နေတာ မဟုတ်ဘူးမလား ၊ တကယ် မိန်းကလေးလား "


" တကယ်‌ ပေါ့ ။ ပေကျင်းစံတော်ချိန် ည ၈:၃၁ မှာ မွေးတာ။ မိန်းကလေးဖြစ်ပြီး ကိုယ်အလေးချိန် လေးပေါင်ခွဲရှိတယ် "


ယခုခေတ်မှာ အမြွှာများမွေးဖွားသည်က နည်းပါးပြီး ဤကဲ့သို့ အမြွှာများမှာ ပို၍ နည်းပါးပြီး ဤစုံတွဲက တကယ်ပင် ကံကောင်းသည်။


ဤအချိန် ၀မ်ရူကွေ့၏ စိတ်ခံစားချက်ကို မည်သို့ ဖော်ပြရမည်နည်း။


ထိုသည်က ဆာလောင်ငတ်မွတ်ကာ သေဆုံးရတော့မည့် လူတစ်ယောက်၏  ရှေ့တွင် ချက်ချင်းဆိုသလို ပေါက်စီတစ်ခု ပေါ်လာသကဲ့သို့ပင်ဖြစ်သည်။ ထိုခံစားချက်က လူများအား မျက်ရည်ကျသွားစေသည်။


သိုးမွှေးဂျာကင်အင်္ကျီလေး တစ်ခုသာလျှင် ရှိသော်လည်း လုံးဝမရှိသည်ထက် ပို၍ကောင်းလေသည်။


၀မ်ရူကွေ့က ကျေနပ်ရောင့်ရဲသွားပြီးသူ၏မှေးမှိန်နေသော မျက်လုံးများက တောက်ပလာလေသည်။ " ရွှယ်လူ၊ကိုယ်တို့မှာ သမီးလေးရှိပြီ "


ဤလေသံမှာ စောစောက ၀မ်းနည်းနေခဲ့သည့်လေသံနှင့် လုံးလုံးကွဲပြားလေသည်။


ထုံရွှယ်လူ၏ နှုတ်ခမ်းများ ကွေးညွတ်သွားသည်။ " ကျွန်မတို့မှာ သားတစ်ယောက်လည်းရှိတယ်။ ကျွန်မ နည်းနည်းပင်ပန်း‌လို့ ခဏအိပ်ချင်တယ် "


မိန်းကလေးများကို ယောက်ျားလေးများထက် ပို၍ ဦးစားပေးခြင်းသည် ယောကျ်ားလေးများကို မိန်းကလေးများထက်ပို၍ သဘောကျခြင်းနှင့် အတူတူဖြစ်သည်။ သူမက ၎င်းကိုလည်း သဘောမတူပေ။ ကလေးများကို တန်းတူရည်တူ ဆက်ဆံရမည်။


၀မ်ရူကွေ့က ခေါင်းညိတ်သည်။ " မင်းအိပ်ချေ။ ကိုယ် မင်းနဲ့ကလေးကို ကြည့်နေပေးမယ် "


ဆရာဝန်နှင့် သူနာပြုဆရာမသည် သူမတို့၏အလုပ်ကို လက်စသတ်ပြီးနောက် ထုံရွှယ်လူကို သားဖွားခန်းထဲမှ တွန်းထုတ်လာသည်။ သူနာပြုနှစ်ယောက်က ကလေးများကို ဦးစွာ ခေါ်ထုတ်သွားခဲ့ပြီးဖြစ်သည်။


အဘိုး၀မ်နှင့် ဗိုလ်မှူး‌ရှောင်းနှစ်ယောက်စလုံးသည် တစ်ချိန်တည်းတွင်  ရှေ့သို့တိုးလိုက်ကြသည်။  " ဆရာမ ဒါက ကျုပ်တို့မြစ်လေးတွေလား။ ဘယ်လောက်ချစ်စရာကောင်းလိုက်သလဲ "


သူနာပြုဆရာမက သူတို့တစ်ယောက်စီအား ကလေး တစ်ယောက်စီ ကမ်းပေးလိုက်သည်။ " အသက်ကြီးတဲ့သူက အစ်ကိုကြီး၊ ငါးပေါင်ခွဲပါ။ ညီမလေး က လေးပေါင်ခွဲရှိပါတယ် "


"....."


ဘာ။ဘယ်လို။


အစ်ကိုတစ်ယောက်ရှိတယ်။ မိန်းကလေးတစ်စုံလို့ ပြောခဲ့တာမဟုတ်ဘူးလား။


သူနာပြုဆရာမ ပြောသည်ကို ကြားသည့်အခါ လူတိုင်း အံ့အားသင့်သွားကြပြီး မေးခွန်းများ မေးကြသည်။


ထုံရွှယ်လူအား အာထရာဆောင်းရိုက်‌ကူး ပေးခဲ့သော အမျိုးသမီးဆရာဝန်သည် အနားမှ ဖြတ်သွားရင်း သားဖွားခန်းမှ ၀မ်ထွက်လာ‌သော ၀မ်ရူကွေ့ကို မြင်သည့်အခါ ထိတ်လန့်သွားသည်။


ပထမအချက်မှာ ၀မ်ရူကွေ့နှင့် ထုံရွှယ်လူတို့သည် ရုပ်ရည်ချောမောကြပြီး ဒုတိယအချက်မှာ ၀မ်ရူကွေ့က သူသည် သားကြောဖြတ်မှုခံယူမည်ဟု ပြောခဲ့သောကြောင့် အမျိုးသမီးဆရာဝန်က ၎င်းတို့ကို မှတ်မိနေသည်။


၀မ်ရူကွေ့ သားဖွားခန်းမှ ထွက်လာသည်ကို သူမ မြင်သောအခါ ထုံရွှယ်လူ ကလေးမွေးဖွားရန် ခက်ခဲနေသည်ဟု သူမ ထင်သွားသည်။ သို့မဟုတ်လျှင်  ယေဘုယျအားဖြင့် ယောက်ျားများကို သားဖွားခန်းထဲသို့ ဝင်ခွင့်မပြုသောကြောင့် သူမ အမြန်ပြေးကာ မေးလိုက်သည်။


"မွေးပြီးပြီလား။ မိခင်အတွက်ရော အားလုံးအဆင်ပြေရဲ့လား "


၀မ်ရူကွေ့က ခေါင်းညိတ်သည်။ "ကျွန်တော့်ဇနီး အဆင်ပြေပါတယ်၊ ကလေးနှစ်ယောက်လည်း အရမ်းကျန်းမာပါတယ်၊ ဒါပေမယ့်..."


အမျိုးသမီးဆရာဝန်သည် သူက ချီတုံချတုံဖြစ်သည်ကိုမြင်ကာ မေးသည်။  " ဘာဖြစ်လို့လဲ "


"  ဒေါက်တာက သမီးမိန်းက‌လေးတစ်စုံလို့ ပြောခဲ့တယ်။အခုကျ အမြွှာတွေဖြစ်နေတယ် "


အမျိုးသမီးဆရာဝန်က သူ့လေသံထဲ မကျေနပ်ချက်အရိပ်အမြွက်ကို ကြားလိုက်ပြီး ခေတ္တရပ်ကာ ရယ်လိုက်သည်။ " အာထရာဆောင်း ရိုက်တုန်းက ကလေးက တစ်ဝက်လောက်ကို လက်နဲ့ ပိတ်ဆို့ထားတယ်။ ပြူးထွက်တဲ့ လိင်အင်္ဂါကို မတွေ့ဘူးဆိုတော့ မိန်းကလေးပဲလို့ ဆုံးဖြတ်လိုက်ခဲ့တာ။ အခုတော့ သူ့လိင်တံကို သိမ်းထားခဲ့ပုံရတယ် "


သူ့လိင်တံကို သိမ်းထားခဲ့တယ်။


သိမ်းထားခဲ့တယ်။


သိမ်း...ထားခဲ့တယ်။


"....."


၀မ်ရူကွေ့၏ ပါးစပ်ထောင့်များသည် မရှုံ့မဲ့ဘဲ မနေနိုင်ပေ။ " အဲ့လိုကိုး။..ဒါဆို  ကျွန်တော် ဇနီးသည်ကို လူနာဆောင်ထဲ အရင်လိုက်ပို့ပေးလိုက်ပါဦးမယ်"


အမျိုးသမီး ဆရာဝန်က ခေါင်းညိတ်လိုက်သည်။ နောက်ဆုံးတွင် သူသည် အခြား‌ယောက်ျားများကဲ့သို့ မဟုတ်ကြောင်း သူမ နှလုံးသားထဲတွင် ယုံကြည်သွား‌မိသည်။ သူက ဇနီးသည်အား အလွန်ချစ်ပုံပေါ်ကာ စုံတွဲက ပျော်ရွှင်နေကြပုံပေါ်ပေသည်။


အကြိမ်ပေါင်းများစွာ အမျိုးသမီးတစ်ဦး ကလေးမွေးဖွားသောအခါ ခင်ပွန်းနှင့်မိသားစုသည် မွေးကင်းစကလေးကိုသာ ဂရုစိုက်ကြပြီး လူအနည်းငယ်က သာ မိခင်ဖြစ်သူကို ဦးစားပေးဂရုစိုက်ကြသည်။


မိခင်သည် ကလေးမမွေးဖွားမီ ဆယ်နာရီကြာအောင် ဝေဒနာ ခံစားခဲ့ရသော်လည်း လူတိုင်းက ကလေးကိုသာ ဂရုစိုက်ကြသည် ။ သူမသည် ဤမြင်ကွင်းကိုမြင်ရတိုင်း ရင်ထဲ အေးစက်သွားခဲ့ရသည်။


သို့သော် ၀မ်ရူကွေ့၏ ပေါ်ပေါက်လာမှု ပုံက သူမကို မျှော်လင့်ချက်များ ပေးခဲ့သည်။ ကမ္ဘာပေါ်တွင် ယောက်ျားကောင်းများရှိနေဆဲဖြစ်ပြီး အလွန်ရှားပါးလွန်းနေရုံသာဖြစ်ပေသည်။


အဘိုး၀မ်၊ဗိုလ်မှူးရှောင်းနှင့် တခြားသူများသည် တုန်လှုပ်ချောက်ချားမှုမှ ပြန်လည်သက်သာလာခဲ့ပြီး အလွန်ပျော်ရွှင်သွားကြသည်။


မိန်းကလေးများကို နှစ်သက်သလို ယောက်ျားလေးများကိုလည်း နှစ်သက်ကြပြီး အမြွှာများကို အနှစ်သက်ဆုံးဖြစ်သည်။


ဗိုလ်မှူးရှောင်းက သူ့မြစ်မလေးကို ပွေ့ချီပြီး ပြုံးပြုံးရွှင်ရွှင်နှင့် အဘိုး၀မ်ကို ပြောလိုက်သည်။ 


"ခေါင်းမာတဲ့အဘိုးကြီး၊ မင်းတို့၀မ်မိသားစုက ရွှယ်လူကို လက်ထပ်ခွင့်ရတာ  တကယ်ကို ကံကောင်းတယ်။ ဒီကောင်းချီးကို ကြည့်ဦး။ အမြွှာအစ်ကိုနဲ့ ဖီးနစ်ညီမ။ လူ‌ဘယ်လောက်များများက ဒါကို မျှော်လင့်ကြမလဲ မှန်းကြည့်လို့တောင်မရဘူး "


ပုံမှန်အားဖြင့် အဘိုး၀မ်သည် သူနှင့် သဘောထားကွဲလွဲတတ်သော်လည်း ဤအကြိမ်တွင်မူ မျက်လုံးများပင် မပွင့်နိုင်အောင် ရယ်မောသည်။


" ဟုတ်တယ် ။ မင်း ပြောတာမှန်တယ်။ ရူကွေ့က ရွှယ်လူကို လက်ထပ်နိုင်တာ သူ့ရဲ့ကံကောင်းခြင်းပဲကွ "


၎င်းသည် ၀မ်မိသားစုအတွက်လည်း ကောင်းချီးတစ်ခုဖြစ်သည်။ သူက ကလေးမဟုတ်ပေမယ့်လည်း ထိုကဲ့သို့တွေးနေဆဲပင်။


၀မ်ရူကွေ့နာမကျန်းဖြစ်သောအခါ ထုံရွှယ်လူသည် သူ့ကို မနှစ်သက်‌ခြင်း မဖြစ်ရုံသာမက အရာအားလုံးကို သူမဘာသာသူမ လုပ်ခဲ့သည်ကိုပင် ကြည့်နိုင်သည်။ သူမကြောင့်သာ မဟုတ်လျှင် ရူကွေ့သည် မည်ကဲ့သို့ မြန်မြန်ဆန်ဆန် သက်သာလာနိုင်မည်နည်း။


သူ့နှလုံးသားထဲမှာ ရူကွေ့ ထက် ရွှယ်လူကို ပိုချစ်သည်။


ကလေးများသည် စောင့်ဆိုင်းရင်း အိပ်ငိုက်နေပြီဖြစ်သော်လည်း အမြွှာများ ထွက်လာသည်ကို မြင်သောအခါ အိပ်ငိုက်နေသောမျက်လုံးများ ပြူးကျယ်သွားကြသည်။


ရှောင်းမျန်မျန်သည် ပြေးလာကာ သူမ အဘိုး၏အဝတ်အစားများကို ဆွဲလိုက်ကာ နူးညံ့စွာ ပြောသည်။ " ဘိုးဘိုး၊ ကလေးလေးကိုကြည့်ပါရစေ၊ သမီးက သူတို့အဒေါ်ဆိုတာ ပြောပြချင်တယ် "


သူနာပြုနှစ်ယောက်သည် လှပသည့် ကလေးမလေးကို မြင်လိုက်ရသည်။ ကလေးမလေးက လူကြီးများကို စကားဆက်ပြောနေဆဲဖြစ်ပြီး  သူမ၏ ချစ်စဖွယ်ကောင်းမှုကြောင့် လွှမ်းမို့ခံရလုနီးပါ ဖြစ်သွားသည်။


ဗိုလ်မှူးရှောင်းသည် သူ့မြေးမလေး၏ ညုတုတုဖြင့် ချစ်စဖွယ်ကောင်းမှုကို မခံနိုင်သောကြောင့် သူမကိုပြရန် ခါးကိုင်းလိုက်သည်။


ရှောင်းမျန်မျန်သည် ကလေးလေးကိုကြည့်ပြီး မိုးကြိုးပစ်ခံလိုက်သကဲ့သို့ ခံစားလိုက်ရသည်။


တူမလေးက အလွန်ရုပ်ဆိုးလွန်းနေသည်။


သူမ မျက်နှာက ရှုံ့တွနေပြီး မျက်နှာနီရဲကာ တိရစ္ဆာန်ရုံထဲမှ ရုပ်ဆိုး၍ သနားစရာကောင်းသည့် မျောက်တစ်ကောင်ကဲ့သို့ဖြစ်ပြီး အမည်မသိ အရာတစ်ခုက သူမ၏ခေါင်းကို ဖုံးအုပ်ထားသည်။


ညီအစ်ကိုများဖြစ်ကြသည့် ရှောင်းကျားမင်နှင့် ထုံကျားရှင်းတို့သည်လည်း ယခုအချိန်မှာ အလားတူခံစားနေရသည်။ကလေးနှစ်ယောက်က ရုပ်ဆိုးလွန်းသည်မှာ မှန်သည်မဟုတ်လား။


တစ်ခုခုမှားယွင်းနေသည်လား။


မမကြီးနှင့် ယောက်ဖ နှစ်ယောက်လုံးက အလွန်ရုပ်ချောကြပြီး သူတို့၏ကလေးနှစ်ယောက်က အဘယ့်ကြောင့် ဤမျှ ရုပ်ဆိုးရသနည်း။


ဗိုလ်မှူးရှောင်းနှင့် အဘိုး၀မ် တို့သည် ကလေးများ မည်သို့ တွေးကြနေမှန်း မသိသောကြောင့် ကလေးကို လူနာဆောင်ထဲသို့ သယ်သွားကြသည်။


ဗိုလ်မှူးရှောင်းက ၀င့်ကြွားလေသည်။ 


" ဘယ်လောက်‌တောင်လှလိုက်သလဲ။ ကြည့်စမ်း၊ နှာတံလေးက ဖြောင့်စင်းနေတာပဲ။ သူမ ကြီးလာရင် အလှပဂေးလေး ဖြစ်လာလိမ့်မယ် "


အဘိုး၀မ်က သူ၏ မြစ်အကြီးလေးကို ပွေ့ဖက်လိုက်ပြီး သူ့လက်ထဲမှ မြစ်မလေးကို အနည်းငယ် အားကျနေသည် ။ " မဟုတ်ဘူး၊ မင်း သူ့နားရွက်တွေကို ကြည့်။ ထူပြီး ကြီးနေတာပဲ။ အနာဂတ်မှာ ကံကောင်းမှာ သေချာတယ် "


ထုံကျားရှင်းက သူ့ဒုတိယအစ်ကိုကို နားကပ်ကာ ပြောသည်။" အစ်ကို၊ အဘိုးနဲ့ အဘိုးဝမ်က မဟုတ်တဲ့စကားတွေ ပြောနေတာလား "


ရှောင်းကျားမင်က သူ့ကို တစ်ချက်ကြည့်လိုက်သည်။ သူက အပြစ်တင်ဆုံးမလိုက်သည်။ " မဟုတ်တဲ့စကားတွေမပြောနဲ့။ အထူးသဖြင့် အစ်မကြီးနဲ့  ယောက်ဖရှေ့မှာ "


မိခင်များသည် သူမတို့၏သားသမီးများကို ရုပ်ဆိုးသည်ဟု ပြောသည်ကို သဘောမကျကြဟု သူကြားဖူးသည်။ သူတို့၏တူနှင့် တူမက ရုပ်ဆိုးသည်ဆိုလျှင်တောင် အစ်မကြီးနှင့် ခဲအိုက သေချာပေါက် မချစ်ကြမည် မဟုတ်ချေ။


သူသည်လည်း မချစ်ဘဲနေမည်မဟုတ်။ ကလေးများက ရုပ်ဆိုးလွန်းသောကြောင့် သူသည် သူတို့ကို ပို၍ပင် ချစ်ပေးမည်ဖြစ်သည်။


ထုံကျားရှင်း : " ဒါပေါ့ မပြောရဘူးဆိုတာ ငါသိပါတယ်။ သူတို့က နည်းနည်းသနားစရာတယ်လို့ ခံစားရလို့ပါ "


ရှောင်းမျန်မျန်က ပြင်းပြင်းထန်ထန် ခေါင်းညိတ်လိုက်သည်။


ရှောင်းကျားမင်က သူတို့နှစ်ယောက်ကို ကြည့်သည်။ "ဒါကြောင့် သူတို့ကို ပိုကောင်းကောင်းဆက်ဆံသင့်ပြီး ပိုချစ်သင့်တာ။ နားလည်ပြီလား "


နှစ်ယောက်သား နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။


ငါတို့ရဲ့ ရုပ်ဆိုးတဲ့တူ၊တူမလေးတွေက ရုပ်ဆိုးနေတာကြောင့်  သူတို့ကို ပိုပြီး ကောင်းကောင်းဆက်ဆံရမယ်။


ထိုကဲ့သို့  အလေးအနက် ဆုံးဖြတ်လိုက်သည်။


ထုံရွှယ်လူသည် ညီအစ်ကိုမောင်နှမများ၏ ဆုံးဖြတ်ချက်ကို မသိချေ။ မဟုတ်လျှင် သူမ ရယ်မောမိပေမည်။


**