အပိုင်း၃၅၀
Viewers 67k

🍵Chapter 350



ထုံရွှယိလူ ပြန်နိုးလာသည့်အခါ သန်းခေါင်ယံကျော်လွန်သွားခဲ့ပြီဖြစ်သည်။


အလွန်ညဥ့်နက်သွားလေပြီဖြစ်ကာ ဗိုလ်မှူးရှောင်းသည် ရှောင်းကျားမင်၏ ညီအကိုမောင်နှမများကို ပြန်ခေါ်သွားပြီး အဘိုး၀မ်လည်း ပြန်သွားခဲ့ပေပြီ။ ၀မ်ရူကွေ့နှင့် ကလေးထိန်းအဒေါ်ချန်တို့သည် ထုံရွှယ်လူနှင့် ကလေးအား ပြုစုစောင့်ရှောက်ရန် ဆေးရုံတွင်  နေရစ်ခဲ့ကြသည်။


ထုံရွှယ်လူက လှည့်ကြည့်လိုက်ပြီး ဆေးရုံကုတင်ဘေးမှာ လဲလျောင်းနေသည့် ၀မ်ရူကွေ့ကို တွေ့လိုက်ရသည်။


သူက သူမ၏လက်ကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ထားပြီး ထူထဲရှည်လျားသည့် မျက်တောင်များ အလွန်ပင် အားကျစရာကောင်းသည်။


သူမ ရွေ့သွားသည်နှင့် စကားမပြောမီ ၀မ်ရူကွေ့က နိုးလာသည်။" နိုးပြီလား "


ထုံရွှယ်လူ : " ရှင်ဘာလို့ အိပ်ရာမဝင်တာလဲ၊ ဒီလိုဆို အအေးပတ်မိလိမ့်မယ် "


၀မ်ရူကွေ့ : " မင်း နိုးလာပြီး တစ်ယောက်ယောက်ကိုရှာရင် အနားမှာ ဘယ်သူမှ မရှိမှာစိုးရိမ်တယ်။ ကိုယ် မင်းကို ရေတစ်ခွက် ခပ်ပေးမယ်"


ထုံရွှယ်လူက သူ့ကို အမြန်ဆွဲကိုင်လိုက်ပြီး မျက်နှာက နီရဲသွားသည်။ " သန့်စင်ခန်း သွားချင်တယ်"


တကယ်တော့ လောလောဆယ်မှာ သူမ ဆီးသွားချင်သကဲ့သို့ မခံစားရသော်လည်း ယခင်ဘဝက သူမ၏ဝမ်းကွဲ ကလေးမွေးသည်ကို သတိရမိခဲ့သည်။ ထိုအချိန်က ဆရာ၀န်သည် ကလေးမွေးပြီးသည်နှင့် ဆီးသွားခြင်းကိုတာ၀န်တစ်ခုအဖြစ်ပြီးအောင်လုပ်ရန် ပြောခဲ့သည်။


ဆီးသွားချင်စိတ်မရှိလျှင်တောင်မှ ဆီးသွားရမည်ဖြစ်သည်။ မဟုတ်လျှင် ဆီးချုပ်သွားနိုင်ပြီး ဆီးလမ်းကြောင်းပိုးဝင်နိုင်သည်။


စကားတစ်ခွန်းမှ မပြောဘဲ ၀မ်ရူကွေ့က ခါးကိုင်းကာ သူမကို ပွေ့ချီလိုက်ပြီး ရေချိုးခန်းဆီသို့ လျှောက်သွားသည်။


သူတို့နှစ်ယောက်က ပိုစျေးကြီးသည့် နှစ်ယောက်ခန်း၌ တည်းခိုခဲ့ကြသဖြင့် သီးခြားသန့်စင်ခန်းတစ်ခု ပါ၀င်သည်။ သူတို့က အခန်းတစ်ခန်းကို စာရင်းပေးသွင်းခဲ့သည်။


သန့်စင်ခန်းမှ ပြန်ရောက်သောအခါ ၀မ်ရူကွေ့သည် ရေနွေးနွေးလေးတစ်ခွက်ကို ငှဲ့ပေးပြီး ကြက်စွပ်ပြုတ်နှင့် ထမင်းပူပူကို သူမ စားရန် ထုတ်ယူလိုက်သည်။


ကလေးထိန်းအဒေါ်ချန်သည် သူမ ပြုလုပ်လိုလျှင်တောင် မပါဝင်နိုင်ချေ။


ထုံရွှယ်လူသည် အနည်းငယ် ဗိုက်ဆာ‌ နေသည့်အတွက် စကားမပြောခင် ဟင်းရည်နှစ်ဇွန်းသောက်လိုက်သည်။ " ကလေးတွေ ဘယ်မှာလဲ၊ သူတို့က ဘယ်သူနဲ့တူလဲ။ ကျွန်မ သူတို့ကို မတွေ့ရသေးဘူး "


၀မ်ရူကွေ့ : " ကိုယ် သူတို့ကို ခေါ်လာပြီး မင်းကို ပြပေးမယ် "


အဒေါ်ချန်သည် ကလေးမလေးကို သယ်ယူရန် အလျင်အမြန် ခြေလှမ်းပြင်လိုက်သည်။ မမျှော်လင့်ဘဲ သူမ ကလေးမလေးကို မတွေ့မီတွင် ဝမ်ရူကွေ့က " အဒေါ်ချန်၊ တခြားတစ်ယောက်ကို သွားခေါ်လာပေးပါ "


အဒေါ်ချန် : .....


၀မ်ရူကွေ့သည် အဒေါ်ချန်၏ စိတ်ရှုပ်ထွေးမှုကို လျစ်လျူရှုကာ ခြေတံရှည်များနှင့် လမ်းလျှောက်သွား၍ ကလေးမလေးကို ပုခက်ထဲမှ ဂရုတစိုက် ထုတ်ယူလိုက်ပြီး သူက နူးညံ့သောမျက်၀န်းများဖြင့် ပြည့်နက်နေသည်။


အဒေါ်ချန်က အသိဝင်လာပြီး နောက်မှအမြန်လိုက်သွားသည်။


ထုံရွှယ်လူသည် ကလေးများမှာ မွေးကင်းစအချိန်တွင် အနည်းငယ် ရုပ်ဆိုးမည်ကို သိထားပြီး ကြီးပြင်းလာသည်နှင့်အမျှ လှပလာလာမည်ကို သိထားသည်။ သို့သော် အမြွှာများကို မြင်လိုက်ရသောအခါတွင် သူမ စိတ်မပျက်ဘဲ မနေနိုင်။


" သူတို့က ဘာလို့ ဒီလောက်ရုပ်ဆိုးနေတာလဲ။ သူတို့ထွက်လာတာကို ကျွန်မမျက်လုံးတွေနဲ့သာ မတွေ့ခဲ့ရင်ကလေးလဲခံရတယ်လို့ ကျွန်မ သံသယဖြစ်မိမှာ "


၀မ်ရူကွေ့က ထိတ်လန့်သွားပြီး သူ့သမီး၏ နားရွက်ကို ဖုံးအုပ်ရန် လက်လှမ်းလိုသော်လည်း သူ့ထံတွင် လက်အပို မရှိချေ။ " မင်း သမီးကို အနာဂတ်မှာ ဒီလိုပြောလို့ မရဘူး။ သူမရှေ့မှာ ဒီလိုပြောရင် ကြားသွားလိမ့်မယ်လေ "


ထုံရွှယ်လူက မျက်ခုံးပင့်လိုက်ပြီး ပြောသည်။ "  သိပါပြီ။ သမီးက ခုမှမွေးခါစလေ...ရှင့် နှလုံးသားထဲက ကျွန်မရဲ့‌ နေရာ မရှိတော့ဘူးလား "


အချစ်တွေ ပျောက်ကွယ်သွားပြီမဟုတ်လား။


၀မ်ရူကွေ့က လျင်မြန်စွာ ပြောသည်။ " မဟုတ်ဘူး။မင်းက ပထမပါ။ သမီးက ဒုတိယ "


ပြောစရာမလိုစွာဖြင့်  သူ၏သားက တတိယပင်။


ထုံရွှယ်လူက ကျေနပ်သွားပြီး ထမင်းတစ်လုတ် စားလိုက်လေသည်။


အဒေါ်ချန်သည် မမျှော်လင့်စွာ ခွေးစာတစ်လုတ်ကျွေးခံရသဖြင့် ဤအခန်းထဲတွင် သူမကို အနည်းငယ်မျှပင် လိုအပ်မနေဟု ရုတ်တရက် ခံစားလိုက်ရသည်။


ညစာစားပြီးနောက် ထုံရွှယ်လူသည် အဒေါ်ချန်၏လက်ထဲမှ ကလေးကို ယူလိုက်သည်။ အဒေါ်ချန်သည် သန့်စင်ခန်းသို့ သွားလိုကြောင်း လျင်မြန်စွာ ပြောကာ နှစ်ယောက်သား အတူရှိရန်အချိန်‌ပေးလေသည်။


ကလေးက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီး အချီခံနေရသော်လည်း မနိုးလာချေ။ အမှန်တကယ်တွင် သေသေချာချာ ကြည့်လျှင် သူမတို့ နှစ်ယောက်လုံး၏ မျက်နှာသွင်ပြင်လက္ခဏာများကို မြင်တွေ့နိုင်သည်။


နှာတံလေးက လှပ၍ ဖြောင့်စင်းသည်။ မွေးကင်းစအချိန်မှာပင် မျက်တောင်များက အလွန်ရှည်လျားကာ ထူထဲပြီး ပါးစပ်လေးက နီရဲ၍ တစ်ခုခု၀ါးနေသကဲ့သို့ ‌ဖြစ်နေသည်။


သူမ သူ၏နှာခေါင်းလေးကို ထိလိုက်သည်နှင့် ကလေးလေးက မျက်လုံးဖွင့်ကာ နိုးလာသည်။


ကောင်ကလေး၏မျက်လုံးများသည် ကျဉ်းမြောင်း၊ရှည်လျားကာ မျက်လုံးများသည် စပျစ်သီးအနက်များကဲ့သို့ ကြီးမား၍ မည်းနက်သည်။ ဗိုက်ဆာနေသောကြောင့် မသိ၊ ပါးစပ်ကို ဖြောင့်တန်းကာ စတင်ငိုတော့သည်။


ထုံရွှယ်လူသည် နှစ်နာရီနီးပါး အိပ်ပျော်သွားခဲ့ပြီးဖြစ်၍ သူမ၏ကလေးကို နို့တိုက်ရန် အချိန်ကောင်းဖြစ်သည်။


သူမက အဝတ်အစားများကို မလိုက်သည့်အခါ ၀မ်ရူကွေ့၏ နားရွက်များ နီရဲနေသည်ကို တွေ့လိုက်ရပြီး သားဖြစ်သူကို စိုက်ကြည့်နေသည့် အကြည့်ကလည်း .... အနည်းငယ်ပြင်းထန်ပုံပေါ်သည်။


ထုံရွှယ်လူက သူ့နှုတ်ခမ်းတွေကို အနည်းငယ် ဖြောင့်တန်းလိုက်ပြီး ပြောသည်။ " ရှင် ဘာလုပ်နေတာလဲ၊ မသိရင် ရှင့်ရန်သူကို စိုက်ကြည့်နေတဲ့အတိုင်းပဲ "


၀မ်ရူကွေ့၏ မျက်တောင်လေးများအနည်းငယ် တုန်သွားလေသည်။ " မဟုတ်ပါဘူး "


သူ မနာလိုဖြစ်ခဲ့သည်ဟု ဝန်ခံသည်။


ထုံရွှယ်လူ  "ကလေးက နို့စို့တာကို မနာလိုဖြစ်နေတာလား "


ဝမ်ရူကွေ့၏ နားရွက်များ ပို၍နီရဲသွားသည်။ " မဟုတ်ပါဘူး။ အစ်ကိုကြီးတစ်ယောက်အနေနဲ့ ဘယ်လိုနှိမ့်ချရမလဲဆိုတာ လုံးဝမသိဘူးလို့ ကိုယ် တွေးနေတာ။ သူ့ကို ကြည့်လေ။ သူက ၀တုတ်နေပေမယ့် သူ့ညီမလေးကတော့ ပိန်လွန်း‌နေတယ်။ ဗိုက်ထဲက အာဟာရတွေ အကုန် သူ ယူသွားတာ ဖြစ်ရမယ် "


ထိုအချက်သည် သူ၏နာကြည်းမှုထဲမှ တစ်ခုဖြစ်သည်။ လူနာဆောင်ထဲပြန်ရောက်ပြီးချိန်မှသာ ကလေးနှစ်ယောက်ကို ပြုစုရန် အချိန်ရလေသည်။


ဤအရာကို မင်း မသိနိုင်ပေ။ မင်းရဲ့သမီးက မင်းရဲ့သားထက် အများကြီး‌သေးငယ်သည်ကို မြင်ရသည်က ရင်နာစရာကောင်းပေသည်။


ထုံရွှယ်လူ " ဗိုက်ထဲမှာ ကလေးနှစ်ယောက်ရှိတဲ့အခါ တစ်ယောက်က အမြဲတမ်း အကြီးဖြစ်ပြီး ကျန်တဲ့တစ်ယောက်က အငယ်ဖြစ်တယ်။ ဒါကို ဘယ်လိုလုပ် ဆုံးဖြတ်နိုင်မှာလဲ "


၀မ်ရူကွေ့သည် သူမ၏ရင်သားများကို ဆုပ်ကိုင်ထားသည့် သူ့သား၏ လက်လေးများက အလွန်ပြောင် မြောက်သည်ဟု ခံစားရသည်။ " ဘာလို့မရမှာလဲ။ သူက နည်းနည်း‌လောက် လျော့စားရင် သူ့ညီမလေးစားဖို့ မကျန်နိုင်ဘူးလား "


သူ့သားကို ရန်သူအဖြစ် တကယ်ဆက်ဆံနေခြင်းဖြစ်သည်။


သို့သော် ၀မ်ရူကွေ့သည် ချင့်ချိန်နိုင်သူတစ်ယောက်ဖြစ်ပြီး ထုံရွှယ်လူက သူ့ကို ဘာမှပြန်မပြောတော့ချေ။ 


 " စကားမစပ် ကလေးကို ဘယ်လိုနာမည်ပေးရမလဲ။ အဘိုးနဲ့ ဆွေးနွေးချင်တာလား "


၀မ်ရူကွေ့က ခေါင်းခါလိုက်ပြီးပြောသည်။ " အဘိုး အရင်တုန်းက တော့ မိန်းကလေးနှစ်ယောက် နာမည် တွေ တွေးထားခဲ့ပေမယ့် အခုတော့ တစ်ခုပဲ သုံးလို့ရတော့မယ် "


နှမြောစရာပင်။


ထုံရွှယ်လူ : " နာမည်ကဘာလဲ"


" ဥက္ကဌရဲ့ 'ချင်းယွမ်ချွမ်းချန်ချာ' ကဗျာထဲမှာ ' ခန်း၀မ့်ရှန်းဟုန်ပြန့်၊ ချန်းလင်ကျင့်ရန်' ဆိုတဲ့ ကဗျာစာသားနှစ်ကြောင်းရှိတယ်။ ကိုယ် သူမကို ၀မ်ကျင့်ရန်လို့နာမည်ပေးချင်တယ်။ အိမ်နာမည်ကိုတော့ ရန်ရန် ။ မင်းဘယ်လိုထင်လဲ "


၀မ်ကျင့်ရန်။


ထုံရွှယ်လူက နာမည်ကို နှစ်ကြိမ်ရွတ်ဆိုပြီး ပြုံးကာ ပြောသည်။ " ကောင်းတယ်လို့ထင်တယ်။ အဲ့ဒါဆို ဒီနာမည်ပဲ ပေးလိုက်ကြရအောင် "


၀မ်ရူကွေ့က သူ့သမီးကို ငုံ့ကြည့်ကာ တိုးတိုးလေးပြောလိုက်သည်။ " ရန်ရန်၊ ရှောင်ရန်ရန် "


ရှောင်ရန်ရန်က အိပ်ရာနိုးလာပုံ‌ပေါ်ပြီး မျက်လုံးဖွင့်လိုက်သည့်အခါ သူမ၏ နက်မှောင်နေသည့် မျက်၀န်းကြီးကြီးများနှင့် ၀မ်ရူကွေ့ကို မြင်တွေ့လိုက်ပြီး သူမ ပါးစပ်လေးကို ဖွင့်ကာ "ဝူး" ဟု အော်ငိုသည်။


ကလေးမလေးသည် လေးပေါင်ခွဲသာရှိပြီး သူမအစ်ကိုထက် သေးသော်လည်းငိုလိုက်သည့်အခါ သူမအသံမှာ အလွန်ကျယ်လောင်ပြီး ဖခင်ဖြစ်သူ ၀မ်ရူကွေ့ကို ထိတ်လန့်သွားစေသည်။


" ရွှယ်လူ၊ သူမ ဘာလို့ ဒီလိုငိုနေရတာလဲ၊ ဆရာဝန်ခေါ်လိုက်ရမလား "


ထုံရွှယ်လူလည်း ကလေးလေး၏အသံကြောင့် ထိတ်လန့်သွားသည်။ " မဟုတ်ပါဘူး၊ သူ ဗိုက်ဆာနေတာ ဖြစ်မယ်။ ဒီကိုလာ။ သားကို ရှင့်ဆီပေးမယ် "


ကလေးများကို လဲလှယ်ပြီး ရှောင်ရန်ရန် သည် နို့သောက်ရသောအခါ အငိုရပ်သွားသည်။


" ကျွန်မတို့သားလေးကိုရော ဘာနာမည်ပေးရမလဲ "


၀မ်ရူကွေ့က ပြောသည်။" မင်း သဘော "


ထုံရွှယ်လူက မရယ်ဘဲ မနေနိုင်။ " ကျွန်မပြောမယ်။ ရှင် ကျွန်မတို့သားအ‌ပေါ်  ဒီထက် ပိုကောင်းရမယ်။ မဟုတ်ရင် ကျွန်မ ရှင့်ကိုစောင့်ကြည့်နေမယ်။ ရှင်အသက်ကြီးတဲ့အခါ သူ ရှင့်ရဲ့အညစ်အကြေးနဲ့ ဆီး‌တွေကို မသယ်ပေးလို့ အပြစ်မတင်နဲ့ "


၀မ်ရူကွေ့က ခဏ စဉ်းစားလိုက်ပြီး ခေါင်းညိတ်သည် ။ " မင်းမှန်တယ်၊ ကိုယ်ရဲ့သားက ဒီလိုမျိုး ညစ်ပတ်ပြီး ပင်ပန်းတဲ့အလုပ်မျိုး လုပ်သင့်တယ်။ ကိုယ်တို့ အသက်ကြီးလာတဲ့အခါ သူ့ကို ကိုယ်တို့ရဲ့ အညစ်အကြေးနဲ့ ဆီးတွေ သယ်ခိုင်းရမယ် "


ထုံရွှယ်လူ : "..."


သူမ ထိုကဲ့သို့ ဆိုလိုမိသွားသည်လား။


သူမ ခဏကြာ စဉ်းစားလိုက်သည်။ "  တေးသီချင်းများစာအုပ်ထဲမှာ ' ဇုန်းကျောင်းကျစ်ယန့်၊ ယန်ရှောက်ယန့်ယန့် ' ဆိုတဲ့ ကဗျာကဗျာတစ်ပုဒ်ရှိတယ်။ ကျွန်မတို့သားကိုလည်း ၀မ်ယန်းယန်လို့ခေါ်ပြီး အိမ်နာမည်က ယန်းယန်ဆိုရင်ရော  "


၀မ်ရူကွေ့က ခေါင်းညိတ်သည်။ " ကောင်းပြီ "


ကလေးနှစ်ယောက်ကို နို့သော်ပြီးသည်ကို စောင့်ရင်း ထုံရွှယ်လူ အိပ်ငိုက်လာပြန်သည်။ သူမသည် ကလေးကို ၀မ်ရူကွေ့ထံသို့ အပ်လိုက်ပြီး မကြာမီပင် အိပ်ပျော်သွားသည်။


နောင်တစ်နေ့တွင် ၀မ်ရှောင်းယွင်သည် ရှစ်ပေါင် အလေးချိန်ရှိသောသောကလေးကြီးကို မွေးဖွားခဲ့သည်ကို သိလိုက်ရသည်။ ထိုကလေးအား ၀မ်ရှောင်းယွင် အလွန်ခက်ခဲစွာ မွေးဖွားခဲ့ရသည်။


ကျိုးရန်မှာ သားတစ်ယောက်ရှိ သောကြောင့် ပြုံးရယ်နေပြီး နားရွက်သို့ ထိလုမတတ်ဖြစ်နေသော်လည်း ၀မ်ရူကွေ့၌ သမီးတစ်ယောက်ရှိသည်ကို တွေ့လိုက်ရသည့်အခါ ယားယံသကဲ့သို့ ခံစားရပြန်သည်။


သူက ပြန်သွားကာ သမီးလေးတစ်ယောက်ရှိရန်အတွက် ကြိုးစားကြမည်ဟု ၀မ်ရှောင်းယွင်အား ပြောလိုက်သည့်အခါ ၀မ်ရှောင်းယွင်က သူ့အား ဆူပူ ကြိမ်းမောင်းလေတော့သည်။


****

အဘိုး၀မ်နှင့်ဦးလေးဇုန်းတို့သည် မနက်စောစောတွင် ကြက်စွပ်ပြုတ်၊ ဂျင်းနှင့်ရှာလကာရည်ဖြင့် ပြုတ်ထားသော ကြက်ဥများ၊ ချက်ပြုတ်ထားသည့်ဟင်းလျာများနှင့်အတူ ရောက်ရှိလာကြသည်။


ကြက်မကြီးသည် ကြက်အိုကြီးဖြစ်ပြီး စွံပလွံသီး၊ပြောင်းဖူးနှင့် မုန်လာဥနီများနှင့် ချက်ထားသည်။ သူမသည် နို့တိုက်ရမည်ဖြစ်သည့်အတွက် ဆားမပါ၀င်သော်လည်း ဟင်းရည်သည် အလွန်ချိုမြိန်ပြီး သောက်သုံးရန် အဆင်မပြေမဖြစ်ချေ။


ထုံရွှယ်လူသည် ဂျင်းရှာလကာရည်ကြက်ဥများကို မစားချင်သော်လည်း မီးတွင်းထဲ၌ စားရမည်ဟု ကြားခဲ့ဖူးသောကြောင့် နှာခေါင်းကို ပိတ်ကာ စားရလေသည်။


ထုံရွှယ်လူအတွက် အစားအစာများက များပြားလွန်းနေသည်။ ၀မ်ရူကွေ့သည်  သူမ စားပြီးသည့်အချိန်အထိ ကြည့်နေခဲ့ပြီး ကျန်ရှိ‌နေသည့် လက်ကျန်ဟင်းရည်ကို မ‌ကျေနပ်ခြင်းမရှိဘဲ သောက်လိုက်သည်။


အဘိုး၀မ်သည် သူ၏ မြစ်ကလေးနှင့် မြစ်မလေးအား ကြည့်နေပြီး သူ့မျက်လုံးထဲတွင် အခြားမည်သူ့ကိုမျှ မမြင်ပေ။


၀မ်ရူကွေ့က သူ့အား ရွေးချယ်ထားသည့် နာမည်များကို ပြောပြလိုက်သည်။ အဘိုးဝမ်က ၎င်းတို့ကို အကြိမ်ပေါင်းများစွာ ဖတ်ရှုလိုက်ပြီး နာမည်နှစ်ခုမှာ အလွန်ကောင်းမွန်သည်ဟု ပြောလေသည်။


နောက်ပိုင်းတွင် ဖန်ကျင်းယွမ်နှင့်ကျန်းတန့်ဟုန်တို့သည် ဆေးရုံသို့ လာရောက်ခဲ့ကြသည်။


ကျန်းတန့်ဟုန်သည် ကလေးနှစ်ယောက်ကိုမြင်သောအခါ သူမ၏မျက်လုံးများသည် နွေးထွေးမှုများပြည့်နေသည်။ " ကလေးနှစ်ယောက်က အရမ်းကြည့်ကောင်းတယ်။ မိန်းကလေးက ရဲဘော်၀မ်နဲ့ ပိုတူပြီး  ‌ယောက်ျားလေးက ညီမနဲ့ပိုတူတယ် "


ထိုစကားကိုကြားသည့်အခါ ထုံရွှယ်လူက မရယ်ဘဲ မနေနိုင်ချေ။ " အဲဒီစကားကို ရူကွေ့ရှေ့မှာ မပြောနဲ့နော် "


ကျန်းတန့်ဟုန်က စိတ်ရှုပ်သွားလေသည်။  " ဘာလို့လဲ "


ထုံရွှယ်လူက အရွှန်းဖောက်လိုက်သည်။ " သူက သူ့သမီးကို သဘောကျပြီး သမီးက ကျွန်မနဲ့တူဖို့ မျှော်လင့်နေတာ။ မထင်မှတ်ပဲ သူ့သားက ကျွန်မနဲ့တူလာလိမ့်မယ်။ ဒါကြောင့် သူ မပျော်လောက်ဘူး "


၀မ်ရူကွေ့၏စကားအရ သူ့သားသည်အခြား သိုးမွှေးဂျာကင်အင်္ကျီလေး၏ နေရာကို ယူသွားခဲ့ပြီး ထုံရွှယ်လူနှင့်လည်း ရုပ်တူနေသောကြောင့် တကယ်ပင် မုန်းနေလေသည်။


ကျန်းတန့်ဟုန်နှင့် ဖန်ကျင်းယွမ်နှစ်ယောက်စလုံး ဤစကားကိုကြားသောအခါ ရယ်မောလိုက်ကြသည်။


ဖန်ကျင်းယွမ်က ကလေးကိုကြည့်ပြီးနောက် သူမဗိုက်ကိုကြည့်ကာ ချီတုံချတုံ ဖြစ်သွားသည်။ " ကလေးမွေးရတာ နာလား "


ထုံရွှယ်လူက ခေါင်းညိတ်သည်။ " အင်း၊ အရမ်းနာတယ်၊ ဒါကြောင့် ဒီကလေးကို မွေးပြီးရင် ထပ်မမွေးတော့ဘူး "


ဖန်ကျင်းယွမ်က သူမ၏နှာခေါင်းကို ကုတ်လိုက်သည်။ " နင်ပြောတာကိုကြားရတဲ့အတိုင်းဆို အနာဂတ်မှာ ကလေးမမွေးဖို့ ဆုံးဖြတ်လိုက်ပြီ "


ကျန်းတန့်ဟုန် မတုံ့ပြန်ခင် ထုံရွှယ်လူက မျက်ခုံးပင့်လိုက်သည်။ " ဘာလဲ၊ ရှောင်ချန်ဖျင်ရဲ့ လက်ထပ်ခွင့်တောင်းမှုကို နင်သဘောတူခဲ့တာလား "


ဖန်ကျင်းယွမ်က မျက်ခုံးပင့်ကာ ပါးများက ပန်းရောင်သန်းနေသည်။ " အမ်း.. သူက သေလောက်အောင် စိတ်ရှုပ်စရာကောင်းတယ်။ ငါ သဘောမတူရင် သူက ငါ့ကို လတိုင်း လက်ထပ်ခွင့်တောင်းနေလိမ့်မယ်။ သူ့ကြောင့် အရမ်းစိတ်ညစ်ရတယ် "


ကျန်းတန့်ဟုန်က ပြုံးပြီးပြောသည်။ " ရဲဘော်ရှောင် နင့်ကို စိတ်ရှုပ်‌ အောင်လုပ်တဲ့အထိ စိတ်ရှည်တဲ့ကျေးဇူးကြောင့်သာ မဟုတ်ရင် သူက အလှလေးကို ဘယ်လိုလုပ် ရယူနိုင်မှာလဲ "


ထုံရွှယ်လူ : "  ဘယ်တော့ ပွဲလုပ်မှာလဲ၊ ပွဲကို ငါ့စားသောက်ဆိုင်မှာလုပ်ချင်လား " 


ဖန်ကျင်းယွမ်က သူမ၏ ရှက်ရွံ့သည့် ပုံစံကို ဖယ်ရှားလိုက်သည်။ " ကျစ်၊ နင့်လုပ်ငန်းက အရမ်းကောင်းနေတာ မဆန်းပါဘူး။ အခွင့်အရေးတိုင်းကို ရှာဖို့ ကြိုးစားနေတယ်။ သူငယ်ချင်းတွေရဲ့ ပိုက်ဆံကိုတောင် လက်မလွှတ်ဘူး "


ထုံရွှယ်လူက ပခုံးတွန့်လိုက်သည်။ " ပိုက်ဆံရမယ့် အခွင့်အရေးကို ဘာလို့ လက်လွှတ်လိုက်ရမှာလဲ။ သူငယ်ချင်း တွေမို့လို့ ငါ နင့်ကို ၁၀ရာခိုင်နှုန်းလျှော့ပေးမယ် "


ဖန်ကျင်းယွမ်က အော်လိုက်သည်။ " ဘာလို့ ၁၀ ရာခိုင်နှုန်းပဲတုန်း၊ အနည်းဆုံး ၂၀ ရာခိုင်နှုန်း‌လောက်လျှော့ပေးသင့်တယ် " 


ထုံရွှယ်လူက ခေါင်းညိတ်သည်။ " သဘောတူတယ်။ ဒါပေမယ့် နင်လက်ထပ်ရင် လက်ဖွဲ့ပစ္စည်း မပေးတော့ဘူး "


ဖန်ကျင်းယွမ်၏ ပါးစပ်က ပြင်းထန်စွာ ရှုံ့တွသွားလေသည်။ " ပိုချမ်းသာလေလေ ကပ်စီးနည်းလေလေလို့ကြားဖူးတာ မဆန်းတော့ဘူးး။ ဒီစကားလုံးတွေက မှားနေတာမဟုတ်ဘူးဆိုတာ နင့်ဆီကနေတဆင့်  ငါ မြင်လိုက်ရပြီ။ ကမ္ဘာကြီးက ပြောင်းလဲလာပြီး လူတွေရဲ့စိတ်နှလုံးက အရင်လိုမဟုတ်တော့ဘူး "


ထိုစကားကိုကြားသည့်အခါ ထုံရွှယ်လူနှင့် ကျန်းတန့်ဟုန်က မရယ်ဘဲမ‌နေနိုင်ချေ။ 


ဖန်ကျင်းယွမ်နှင့် ရှောင်ချန်ဖျင်တို့၏ မင်္ဂလာဆောင်နေ့သည် ဆောင်းဦးရာသီနှောင်းပိုင်းတွင် စီစဉ်ထားပြီး သူမလက်ထဲမှ အလုပ်များ မပြီးစီးသေးခင် အိမ်ထောင်ပြုမည်မဟုတ်ပေ။


သူမသည် ယခုအခါ ဘွဲ့ရဖြစ်ပြီး ဒါရိုက်တာဟွမ်၏ လက်ထောက်အဖြစ် လုပ်ကိုင်နေလျက်ရှိသည်။ ဒါရိုက်တာ ဟွမ်သည် မကြာမီ ကလေးရုပ်သံတီဗွီစီးရီးတစ်ခု ရိုက်ကူးတော့မည်ဖြစ်ပြီး ဖန်ကျင်းယွမ်က ရှောင်းမျန်မျန်ကို ဇာတ်ကောင်အဖြစ် အကြံပြုထားသည်။ 


ရှောင်းမျန်မျန်က အဆိုပါ ဇာတ်ရုပ်အတွက် ယှဉ်ပြိုင်ခဲ့ပြီးဖြစ်သည်။ ဒါရိုက်တာဟွမ်သည် ရှောင်းမျန်မျန်၏ ရုပ်ရည်၊ အသံနှင့် စွမ်းဆောင်မှုကို အလွန်ကျေနပ်ခဲ့ပြီး သူမသည် ဤအလုပ်အတွက် မွေးဖွားလာသည်ဟု ဆိုခဲ့သည်။ 


ရုပ်သံစီးရီးမှာ တစ်လအတွင်း စတင်ရိုက်ကူးရေးစတင်မည်ဖြစ်သည်။ 


ထုံရွှယ်လူသည် ရုပ်သံဇာတ်လမ်းတွဲရိုက်ကူးရခြင်းအား ရှောင်းမျန်မျန်အား မေးမြန်းခဲ့သည်။ သူမသည် သရုပ်ဆောင်ခြင်းတွင် အလွန်စိတ်ဝင်စားပြီး  အမှန်တကယ် အရည်အချင်းရှိသူဖြစ်သည်။ အိမ်ရှိ တီဗွီထဲမှ လူများထံမှ မည်သို့ လေ့ကျင့်ရမည်ကို သင်ယူလေ့ရှိပြီး အချိန်တိုင်းမှာ မျက်ရည်များကျတတ်ကယ တစ်ကြိမ်နားထောင်ရုံနှင့် စာကြောင်းပေါင်းများစွာ ပြောနိုင်သည်။ သူမက တကယ်ပင် အရည်အချင်းရှိသူဖြစ်လေသည်။ 


ပထမတွင် ဗိုလ်မှူးရှောင်းသည် သဘောမတူညီခဲ့သော်လည်း နောက်ပိုင်းမှာ ထုံရွှယ်လူက သူ့အား ဖျောင်းဖျခဲ့သည်။ 


သူမတို့နှစ်ယောက်လုံး လုပ်စရာကိုယ်စီရှိကြသောကြောင့် ကျန်းတန့်ဟုန်နှင့် ဖန်ကျင်းယွမ်တို့သည် ခေတ္တထိုင်ပြီးနောက် ပြန်သွားကြသည်။ 


သူမတို့ထွက်သွားပြီးနောက် ၀မ်ရူကွေ့ပြန်ရောက်လာပြီး သူမတို့ယူလာခဲ့သည့်အရာများကို ဖွင့်ကြည့်လိုက်သည့်အခါ ဘူးတစ်ခုစီထဲတွင် ငွေခေါင်းလောင်းခြေကျင်း‌လေးနှစ်ခုကို တွေ့လိုက်ရသည်။ လက်မခံမည်ကို စိုးရိမ်သောကြောင့် သစ်သီးနှင့် မုန့်များကြားရောနှောထားခဲ့ကြသည်။ 


ခြေကျင်းလေးနှစ်ခုက သေးငယ်ကာ ချစ်စရာကောင်းပြီး လက်ကို လှုပ်ရှားလိုက်သည့်အခါ ခေါင်းလောင်းလေးများမှ ချစ်စရာအသံများ ထွက်လာသည်။ 


ထုံရွှယ်လူသည် သူမ၏ နှလုံးသားထဲတွင် နွေးထွေးမှု ခံစားလိုက်ရကာ ၀မ်ရူကွေ့ကို သူမအ‌ပေါ်သို့ ကလေးနှစ်ယောက်အား တင်ခိုင်းလိုက်သည်။


 **