အပိုင်း၃၅၁
Viewers 67k

🍵Chapter 351




ထုံရွှယ်လူသည် ဆေးရုံမဆင်းမီ ရက်ပေါင်းများစွာ နေထိုင်ခဲ့သည်။ 


လ၀က်ကြာပြီးနောက် သူမသည် နိုင်ငံတကာမှ ပစ္စည်းထုပ်နှစ်ခုရရှိပြီး တစ်ခုမှာ အမေရိကန်နိုင်ငံမှဖြစ်သည်။ သူမ ရှဲ့ကွမ်းခွန်ထံ ယခင်က စာတစ်စောင် ရေးပို့ခဲ့ဖူးသော်လည်း အချိန်အတော်ကြာအောင် ပြန်စာမရရှိကာ ပြန်စာလက်ခံရရှိရန်အတွက် တစ်နှစ်နီးပါး ကြာမြင့်ခဲ့သည်။


မကြာသေးမီက သူသည် စာလက်ခံရရှိပြီးဖြစ်ကြောင်း ပြောကြားခဲ့ပြီး စာပေးပို့ရာတွင် အမှားအယွင်း တစ်စုံတစ်ခုရှိခဲ့ပုံပေါ်လေသည်။ အဆိုပါစာတွင် သူက အိမ်ထောင်ကျပြီးပြီဖြစ်ကြောင်းနှင့် ဇနီးသည်က လွန်ခဲ့သည့် ခုနှစ်လ၊ရှစ်လခန့်တွင် သားတစ်ဦးကို မွေးဖွားပေးခဲ့သည်ဟု ပြောခဲ့သည်။


အထုပ်တွင် သူ့သား၏ ဓာတ်ပုံနှင့် လျှပ်စစ်မီးဖိုအတွက် ထုံရွှယ်လူလိုချင်သောညွှန်ကြားချက်စာအုပ် ပါရှိသည်။


၀မ်ရူကွေ့နှင့် တခြားသူများက လျှပ်စစ်မီးဖိုကို တီထွင်နိုင်ခဲ့ပြီဖြစ်‌သောကြောင့် ညွှန်ကြားချက်စာအုပ်မှာ အသုံးမဝင်တော့ချေ။ ဒုတိယအထုပ်မှာ ဂျာမနီနိုင်ငံရှိ ကျန်းပိုင်ဟွေ့ထံမှ ဖြစ်သည်။ စာများအပြင် ကလေးနို့မှုန့်နှစ်ဗူးပါရှိသည်။


စာထဲတွင် သူမ ဂျာမနီကို ပထမဆုံးရောက်စဥ်က  ကျင့်သားမရသည့်အရာများအကြောင်း ရေးသားထားသည်။ သူမ၏ နေထိုင်မှု အလေ့အထများက ကွဲပြားကာ စားသောက်နေသည့်  အစားအစာများကိုလည်း ကျင့်သားမရသေးကြောင်းနှင့် ဘာသာစကားကိုလည်း နားမလည်ကြောင်း ပြောပြထားသည်။ သူမနှင့် လျန်ထျန်းယိတို့သည် သူမ ဂျာမနီသို့ ရောက်စဉ်အခါက တစ်ကြိမ်သာ တွေ့ဆုံခဲ့ရပြီး‌ နောက်ပိုင်းတွင် တစ်လလျှင် တစ်ကြိမ်သာ တွေ့ဆုံနိုင်သည်။


ထိုကဲ့သို့ ဖြစ်မည်ကို သူမသိခဲ့လျှင် ဂျာမနီသို့ မသွားသည်က ပိုကောင်းသည်ဟု ဆိုထားသည်။ သံရုံးမှ လုပ်ဖော်ကိုင်ဖက်များသည် သူမကို ဖယ်ထုတ်ရန် အဘယ့်ကြောင့် စည်းစည်းလုံးလုံးရှိနေကြသည်ကို မသိကြောင်းနှင့် ထိုအရာက သူမကို  စိတ်မသက်မသာဖြစ်စေသည်ဟု ရေးထားခဲ့လေသည်။


ထုံရွှယ်လူသည် သူမ၏အခြေအနေက ဤမျှဆိုးရွားလိမ့်မည်ဟု မမျှော်လင့်ထားပေ။


အဘယ့်ကြောင့်ဆို‌သော် ကျန်းပိုင်ဟွေ့သည် ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပြီး ကောလိပ်လေးနှစ်တာကာလအတွင်း လူများစွာနှင့် တွေ့ဆုံခဲ့ဖူးသောကြောင့်  မေဂျာအမျိုးမျိုးတွင် သူမ၏သူငယ်ချင်းများ ရှိကြသည်။ ထို့ကြောင့် သံတမန်သံရုံးသို့သွားသောအခါ ရေထဲမှ ငါးတစ်ကောင်ကဲ့သို့ ဖြစ်လိမ့်မည်ဟု သူမ ထင်မြင်ထားခဲ့သည်။


သံတမန်တစ်ဦးဖြစ်ရန် ဘာသာစကားစွမ်းရည်သည် တစ်ခုသောအရာဖြစ်သော်လည်း ကိုယ်ရည်ကိုယ်သွေး အကျင့်စရိုက်သည်လည်း လိုအပ်လှသည်။ပြောဆိုဆက်ဆံရေးကောင်းမွန်ပြီး ပြောဆိုဆက်ဆံလိုသူများသည် စကားအရာ၌ မကျွမ်းကျင်သူများထက် သံတမန်ဖြစ်ရန် ပို၍သင့်လျော်သည်။


ကျန်းပိုင်ဟွေ့၏ အကျင့်စရိုက်အရ ထိုအလုပ်က အလွန်သင့်လျော်‌ပေသည်။ သူမသည် ထိုနေရာတွင် အဆင်မပြေသောဘဝနှင့် ပတ်သက်၍ မည်သည့်အကြောင်းပြချက်နှင့် ညည်းညူမှု တစ်စုံတစ်ရာ ပေးမလာသောကြောင့် သူမထံ မည်သည်များ ဖြစ်ပျက်ခဲ့သည်ကို သူမ မသိနိုင်ပေ။


နိုင်ငံခြားတိုင်းပြည်သို့ ရုတ်တရက် သွားကာ သံတမန်သံရုံးတွင် အရည်အချင်းရှိသူများနှင့် ပြည့်နက်နေသောကြောင့် လိုက်လျောညီထွေမဖြစ်ဟု သူမ ခံစားမိသည်။


သူမဆီသို့ ပြန်စာရေးသားလို‌သော်လည်း အထုပ်ကို သယ်လာပေးသည်သူသည် အချိန်တိုအတွင်း မည်သူမှ ပြန်လည်ထွက်ခွာမည်မဟုတ်ကြောင်းပြောလာသည့်အတွက် သူမသည် ယင်းကိစ္စကို ခေတ္တ ဘေးဖယ်ခဲ့ရပြီးနောက် အလုပ်ရှုပ်ကာ မေ့လျော့သွားခဲ့လေသည်။


🍵


ရက်တစ်ရာပွဲကျင်းပသည့်နေ့ရက်သို့ ရောက်ရှိလာခဲ့လေပြီ။


ကလေးနှစ်ယောက်က လပြည့်၌ ပွဲမကျင်းပခဲ့ရသဖြင့် ရက် ၁၀၀ ပြည့်သည့်နေ့မှာသာ ပွဲကြီးကျင်းပရန် ဆုံးဖြတ်ခဲ့ကြပြီး ထုံရွှယ်လူ၏ ' လက်ဖက်စိမ်းစားသောက်ဆိုင် ' တွင် ကျင်းပရန် စီစဉ်ထားသည်။


ထိုနေ့တွင် ၀မ်၊ရှောင်းမိသားစု၏ ဆွေမျိုးမိတ်သင်္ဂဟများအပြင် ၀မ်ရူကွေ့နှင့် ထုံရွှယ်လူတို့၏ သူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက်များအားလုံး ရောက်ရှိလာကြသည်။ မလာရောက်နိုင်သူများသည် ၎င်းတို့၏ မိသားစုဝင်များအား လာရောက်စေပြီး အချို့က အခြားသူများကို အကူအညီတောင်းကာ လက်ဆောင်များပေးပို့ကြသည်။ 


' လက်ဖက်စိမ်းစားသောက်ဆိုင်' ကို မီးရောင်စုံများနှင့် အရောင်စုံအလှဆင်မှုများဖြင့် ယနေ့အတွက် အထူးပြင်ဆင်ထားပြီး တံခါးအပြင်ဘက်တွင် မီးပုံးပျံများစွာကို ချိတ်ဆွဲထားသည်။ ၎င်းသည် ပွဲလမ်းသဘင်နှင့် ဆင်တူနေပြီး အနောက်တိုင်းပုံစံကဲ့သို့ဖြစ်ပေသည်။


ဖြတ်သွားဖြတ်လာလူများသည်  ဆိုင်ပိုင်ရှင်မှ ရက်တစ်ရာပြည့် ဧည့်ခံပွဲ ကျင်းပနေမှန်း သိလိုက်ကြပြီး တစ်ချို့က အားကျ၍ အချို့က သက်ပြင်းချကြကာ တစ်ချို့ကမူ နောင်အနာဂတ်တွင် ဤနေရာ၌ ပွဲကျင်းပရန် စိတ်ကူးနေကြသည်။


ဧည့်သည်များ တစ်ယောက်ပြီးတစ်ယောက်ရောက်ရှိလာကြပြီး အမြွှာမွေးဖွားခြင်းအတွက် ၀မ်မိသားစုကို ဂုဏ်ပြုကြသည်။


အဘိုး၀မ်သည် ပြုံးရယ်ရလွန်းသဖြင့်   ပါးစပ်သည်ပင် နာကျင်နေသည်။ သူက  တွေ့ဆုံသည့်လူတိုင်းအား သူ၏ မြေး ချွေးမဖြစ်သူ၊ထုံရွှယ်လူအကြောင်းကို အမြဲတမ်း ချီးကျူးနေပြီး သူမသည် သူတို့ ဝမ်မိသားစု၏ ကံကောင်းသောကြယ်ပွင့်လေးဖြစ်လေသည်။


ဗိုလ်မှူးရှောင်းသည် သူ၏မြေးမလေးကို ချီးကျူးကြသည့်အခါ အလွန်စိတ်ကျေနပ်လျက်ရှိပြီး သူ့အား ယနေ့တွင် ကန့်လန့်မတိုက်ရန်  ဆုံးဖြတ်လိုက်သည်။


လူတိုင်းသည် သူတို့အား ဂုဏ်ပြုကြပြီးနောက်  ရှားပါးလှသည့် အမြွှာအစ်ကိုနှင့်ညီမကို သဘာဝကျစွာဖြင့် တွေ့ဆုံလိုကြသည်။


အမြွှာမောင်နှမဖြစ်သည့် ရှောင်ယန်းယန် နှင့်ရှောင်ရန်ရန်တို့သည် လွန်ခဲ့သည့် သုံးလခန့်အတွင်း  ကောင်းစွာ စားသောက်ခဲ့ကြသည်။  မိသားစုနှစ်စုသည် ၎င်းတို့အား ကလေးလေးများအဖြစ် သဘောထားကြပြီး မွေးဖွားလာခဲ့စဉ်ကဲ့သို့ ဘဲရုပ်ဆိုးလေးများ မဟုတ်ကြတော့ပေ။


ယခုအခါ မောင်နှမနှစ်ယောက်သည် နူးညံ့ချောမွေ့နေပြီး ပန်းနု‌ရောင်အသားအရည်ရှိကာ ကွမ်ရင်မယ်တော်အနီးရှိ ရွှေရောင်ယောင်္ကျားလေးနှင့် ကျောက်စိမ်းမိန်းကလေးကဲ့သို့ အလွန်လှပနေကြသည် ။


ကလေးနှစ်ယောက်ကိုတွေ့သည့်အခါ လူတိုင်းက ချီးမွမ်းကြသည်။


ရှောင်ရန်ရန်သည် မွေးကင်းစအချိန်တွင်  သူမ၏အစ်ကိုထက် သေးငယ်သော်လည်း နို့စို့သည့်အချိန်တိုင်း အလွန်ဒေါသထွက်တတ်ပြီး သူမအား ဦးစွာ မတိုက်လျှင် ငိုလေ့ရှိသည်။


သူမ၏ အသံသည် အလွန်ကျယ်လောင်ကာ အားကောင်းသောကြောင့် ယခုအခါ  သူမအစ်ကိုထက် နှစ်ပေါင် သို့မဟုတ် သုံးပေါင်ခန့် ပို၍၀ဖြိုးလာသည်။ သူမ၏ တစ်ကိုယ်လုံးမှာ ၀ဖြိုး နေပြီး သူမ၏ ခြေလက်ခြေလေးများသည် ကြာပင်၏အမြစ်များကဲ့သို့ပင် ဖြစ်သည်။


ယနေ့တွင် သူမသည် ရုပ်မြင်သံကြားမှ နိုင်ငံခြားမင်းသမီးလေးကဲ့သို့ ပန်းရောင်ဂါ၀န်လေးနှင့် ခေါင်းပေါ်တွင် ပန်းပွင့်ဘီးစကုတ်‌လေးအား ၀တ်ဆင်‌ပေးထားသည်။


အစ်ကိုဖြစ်သူ ရှောင်ယန်းယန်သည်လည်း ပန်းရောင်ဂါ၀န်နှင့် ခေါင်းပေါ်တွင် ပန်းပွင့်ဘီးစကုတ်ကို တပ်ထားသည်။‌ မောင်နှမနှစ်ဦးသည် အမြွှာညီအစ်မများကဲ့သို့ တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ထားကြသည်။


လူတိုင်း: ....


အမြွှာမောင်နှမ မွေးတယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား။ ဘယ်လိုဖြစ်တာလဲ။


ထုံရွှယ်လူက ရှင်းပြသည်။ " အရင်က အာထရာစောင်းရိုက်ကြည့်တုန်းက သူတို့ကို ညီအစ်မတွေလို့ ထင်ခဲ့တာ။ ဒါကြောင့် ညီအစ်မနှစ်ယောက်အတွက် တူညီတဲ့အဝတ်အစားတွေကို သုံးလလောက် ကြိုတင်ပြင်ဆင်ထားခဲ့တာလေ ပြီးကျ ကလေးအဝတ်အစားတွေက မြန်မြန်ဆန်ဆန်  ဆိုဒ်ပြောင်းတတ်လို့ ပိုက်ဆံစုဖို့အတွက် အသစ်ထပ်မဝယ်ဖြစ်တော့ဘူး "


လူတိုင်း : "..... " 


ဒါက အဆင်ပြေရဲ့လား။


မိခင်ဖြစ်သူ၏ ပွေ့ချီထားခြင်းကို ခံရသောရှောင်ယန်ယန်သည် သူက မိန်းကလေးကဲ့သို့ ဆင်ယင််ပေးခံထားသည်ကို မသိပေ။ လူတိုင်းက သူ့ကို လှမ်းကြည့်ကြသည့်အခါ သူက သွားမရှိသည့် အပြုံးလေးကို ပြုံးပြလိုက်ပြီး အလွန်ချစ်စရာကောင်းနေသည်။


ချစ်စရာကောင်းလွန်းသဖြင့် အားလုံး၏နှလုံးသားများ တုန်ယင်သွားကြသည်။ သူတို့သည် သူက မိန်းကလေးကဲ့သို့ ၀တ်ဆင်ထားသည်ကို ဂရုမစိုက်ကြချေ။ ထိုအစား သူ့အား ဖက်ရန်ကိုပင် ကြိုးပမ်းကြလေသည်။


ထိုအစား ရှောင်ရန်ရန်ကိုမူ သူမ၏ ဖခင်ဖြစ်သူက ပွေ့ချီထားခဲ့ပြီး  သူမ၏မျက်နှာမှာ အေးစက်ကာ လူတိုင်းသည် ဧည့်ခံရန် အဖက်မတန်သကဲ့သို့ ဖြစ်နေသည်။


ထုံရွှယ်လူက သူမသားနှင့် သမီး၏ပင်ကိုယ်စရိုက်များသည် ဆန့်ကျင်ဘက်ဖြစ်ပုံပေါ်သည်ဟု ခံစားမိသည်။ သူမ၏သားလေးသည် လက်ဖက်စိမ်းလေးဖြစ်မည့်ဟန် ရှိသော်လည်း သူမ၏သမီးမှာ အေးစက်သည့် နတ်ဘုရားမတစ်ပါး ဖြစ်လာခဲ့သည်။


သူမ ခေါင်းကိုက်သွားရသည်။


ကျိုးရန်နှင့်ဟွမ်ချီမင်တို့သည် ဂုဏ်ပြုရန်အတွက် ဇနီးသည်၊သားသမီးများနှင့်အတူ လာရောက်ကြသည်။


ကျိုးရန် : " ရူကွေ့ ၊ မင်း ကလေးနှစ်ယောက်ကို ဆိုးဆိုးရွားရွား မမျှမတ ဆက်ဆံနေတာပဲ။ သူတို့ဖို့ တစ်လပြည့်ပွဲ မကျင်းပပေးခဲ့ဘူး။ ငါဆို ငါ့သားအပေါ် အရမ်းကောင်းတယ်  "


၀မ်ရူကွေ့ : " ငါ့မှာ သမီးတစ်ယောက်ရှိတယ် "


ကျိုးရန်သည် ခဏအကြာ နင်သွားလေသည်။ "....."


သူ့ကို ဘယ်သူက မေးလို့လဲ။


ဒါပေမယ့် သူလည်း တကယ် သမီးလေး တစ်ယောက်လိုချင်တယ် QAQ။


ဟွမ်ချီမင် : "ရူကွေ့၊ မင်းတကယ်ပဲ သားကြောဖြတ်ချင်တာလား ၊ မင်း သားတစ်ယောက်ထပ်ရဖို့ အခွင့်အရေးကို မယူချင်ဘူးလား "


၀မ်ရူကွေ့က ခေါင်းခါသည်။ "  မယူဘူး။ ငါ့မှာ သမီးတစ်ယောက်ရှိတယ် မင်းလိုမဟုတ်ဘူး "


သားနှစ်ယောက်ရှိသည့် ဟွမ်ချီမင် "..."


တစ်ကြိမ်တည်းနှင့် သမီးတစ်ယောက်သားတစ်ယောက်ရသည်။ သမီးတစ်ယောက်ရသည်က မည်မျှ  ကောင်းမွန်သနည်း။


အမှန်တကယ်အလွန်ကောင်း‌လှသည့်ပုံရလေသည်။ 


သူတို့တွင် သမီးတစ်ယောက်မရှိသောကြောင့် ရှုံးနိမ့်သွားရသည်။


ဧည့်သည်အားလုံးနီးပါး ရောက်ရှိလာသည်ကို တွေ့လိုက်ရသဖြင့် ဝမ်မိသားစုက အားလုံးကို ထိုင်ခုံနေရာယူရန်ပြောလိုက်ပြီး ပွဲစတင်ရန် ပြင်ဆင်သည်။


ထိုအချိန်တွင် ဖိတ်ခေါ်မထားသော ဧည့်သည်နှစ်ယောက်သည် စားသောက်ဆိုင်အပြင်ဘက်သို့ ရောက်လာသည်။


ရောက်ရှိလာသူမှာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်သည်။ အမျိုးသားသည် အသက်သုံးဆယ်ကျော်ဖြစ်ပြီး အရပ်ရှည်၍ တရုတ်မျက်နှာပေါက်ဖြစ်ကာ အနည်းငယ် နွမ်းပါးနေသည်။


အမျိုးသမီးသည် ထိုလူထက် အနည်းငယ် ငယ်ရွယ်ပုံရသည်။ ဘဲဥပုံမျက်နှာ၊ စွေနေသည့်မျက်လုံးနှင့် နှုတ်ခမ်းပါးပါးရှိပြီး သူမသည် ပြက်ချော်ချော် ဆက်ဆံ၍ရမည့်သူနှင့် မတူချေ။


သူတို့ နှစ်‌‌ယောက်သည် အပြင်ဘက်၌ ရပ်နေကြပြီး စားပွဲထိုးနှစ်ယောက်က ၎င်းတို့ကို တားဆီးထားပြီး အထဲသို့ ၀င်ခွင့်မပေးပေ။


ထို့ကြောင့် ၎င်းတို့က အပြင်ဘက်တွင် အော်ဟစ်ကြသည်။  " ကျွန်တော်တို့ အဖေကို ရှာဖို့ ဒီကို ရောက်လာတာပါ "


စားပွဲထိုးက စိတ်ရှုပ်စွာ မေးလိုက်သည်။ " ဘယ်သူက ခင်များတို့ အဖေလဲ "


ထိုအမျိုးသားနှင့် အမျိုးသမီးက ပြောသည်။ " ဟူဇုန်း၊ ငါတို့က သူရဲ့သားနဲ့ ချွေးမ "


ဟူဇုန်းသည် ဦးလေးဇုန်း၏နာမည်ဖြစ်သည်။


တန့်ဟုန်သည် ရုန်းရင်းဆန်ခတ်ဖြစ်မှုကိုကြားသောအခါ ထွက်လာပြီး ထိုစကားလုံးများကို ကြားရသည့်အခါ အံ့ဩသွားသည်။


သူ သိရှိရသလောက် ဦးလေးဇုန်း၏ဇနီးသည်နှင့် သားသမီးများသည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ရေကြီးမှုကြောင့် မျောပါသွားခဲ့ပြီး ၎င်းရေကြီးမှုကြောင့် လူအများအပြား သေဆုံးခဲ့ရသည်။


ဦးလေးဇုန်းသည် ၎င်းတို့ကို ရှာဖွေခဲ့သော်လည်း နှစ်အတော်ကြာပြီးနောက်တွင် သားအမိနှစ်‌ယောက်၏ သဲလွန်စ မတွေ့ရတော့သဖြင့် အားလုံးက သေဆုံးသွားပြီဟု သဘောတူခဲ့ကြသည်။


ဤလူနှစ်ယောက်သည် အမှန်တကယ် ဦးလေးဇုန်း၏သားနှင့် ချွေးမဖြစ်ကြသည်လား။