🍵Chapter 352
တန့်ဟုန် ပြန်လှည့်ထွက်လာပြီး အပြင်မှ ကိစ္စများကို ထုံရွှယ်လူထံ ပြောပြလိုက်သည်။
ထိုစကားများကို ကြားရချိန်တွင် ထုံရွှယ်လူ အံ့သြသွားလေသည်။
ဤဝတ္ထုမှာ ထုံကျန်းကျန်းအား ဦးတည်ထားသည့် စာအုပ် ဖြစ်သည့်အတွက် ဦးလေးဇုန်းအကြောင်း မဆိုထားနှင့် ဝမ်မိသားစုအကြောင်းများပင် မပါသလောက် ဖြစ်လေရာ ယခင်ဘဝတွင် ဦးလေးဇုန်းထံ၌ သားသမီး ရှိမရှိကို မသိခဲ့ရပါပေ။
သို့သော်ငြား လူရှာတွေ့ထားပြီး ဖြစ်နေသဖြင့် နှင်ထုတ်၍လည်း မရနိုင်ပေ။
ထုံရွှယ်လူ တစ်ခဏမျှ တွေးပြီးနောက် ပြောလိုက်သည်။ "မန်နေဂျာတန့်ကပဲ သူတို့အတွက် နေရာချပေပြီး အစားအသောက်တွေ တည်ပေးထားပါဦး... ပွဲပြီးမှ ဦလေးဇုန်းဆီ ခေါ်သွားပေးမယ်လို့ ပြောလိုက်ပါ... သူတို့ ပြဿနာ ရှာရဲရင်တော့ ပြည့်သူ့လုံခြုံရေးဗျူရိုကို လက်ဖက်ရည်သောက်ဖို့ ခေါ်သွားပေးလိုက်"
တန့်ဟုန် ခေါင်းငြိမ့်ပြလိုက်သည်။ "ကောင်းပါပြီ... လုပ်လိုက်ပါ့မယ်"
တန့်ဟုန်က ကိစ္စများကို စီမံခန့်ခွဲရာ၌ လုပ်ရည်ကိုင်ရည် ရှိပေသည်။ တစ်ခဏအကြာ ပြင်ပမှ ဆူညံသံများ တိတ်သွားလေသည်။
ထုံရွှယ်လူ နေရာသို့ ပြန်ရောက်သောအခါ ဝမ်ရူကွေ့ ရောက်လာပြီး မေးလေသည်။ "ဘာဖြစ်တာလဲ"
သူမ၏ နားထက်၌ အသက်ရှူသံငွေ့ငွေ့ ဖြတ်သွားပြီး သူမကို တုန်ယင်သွားစေကာ နားရွက်များ နီရဲသွားစေသည်။
"အပြင်ဘက်မှာ ဦးလေးဇုန်းရဲ့ သားနဲ့ ချွေးမလို့ ပြောနေတဲ့ လူနှစ်ယောက် ရောက်နေတယ်... သူတို့ကို ကိုင်တွယ်ဖို့ မန်နေဂျာတန့်ကို ခိုင်းထားတယ်... ပွဲပြီးမှပဲ ဦးလေးဇုန်းဆီ ခေါ်သွားပေးမလို့"
တစ်ဖက်မှ ဦးလေးဇုန်းမှာ မစ္စတာဝမ်အား လျှော့သောက်ရန် ဖြောင်းဖျနေပြီး မစ္စတာဝမ်ကမူ သူ့ကို စိတ်ရှုပ်စရာ ကောင်းလှသည်ဟု တွေးနေသော်ငြား သူ့စကားကို နာခံနေဆဲပင်။
ဦးလေးဇုန်းသာ ဝမ်အိမ်မှ ထွက်သွားပါက ကျင့်သားမရဆုံး ဖြစ်မည့်သူမှာ အဘိုးဝမ်သာ ဖြစ်ပေလိမ့်မည်။
ဝမ်ရူကွေ့၏ မျက်လုံးများက သူမ၏ နားသန်သီးလေးများအပေါ် ကျရောက်သွားပြီး လည်စေ့က အထက်အောက် ရွေ့လျားသွားလေသည်။
ရက်တစ်ရာပြည့်မွေးနေ့ပွဲ၏ ဟင်းပွဲများကို ထုံရွှယ်လူ ကိုယ်တိုင်ကိုယ်ကျ သတ်မှတ်ထားပြီး အရည်အသွေးကိုလည်း သူမကိုယ်တိုင် စစ်ဆေးထားခြင်း ဖြစ်လေရာ လာရောက်ကြသူ ဧည့်သည်များအားလုံး ၎င်းကို ချီးကျူးအမွှန်းတင်နေကြပေသည်။
လူများစွာက ဤနေရာတွင် ပွဲကျင်းပလျှင် ကုန်ကျမည့် အခကြေးငွေကို မေးမြန်းနေကြသည်။ အခကြေးငွေက အတော်လေး စျေးမြှောက်သော်ငြား ဝန်ဆောင်မှုနှင့် အရည်အသွေးက နှယ်နှယ်ရရ မဟုတ်ဘဲ အဆင့်အတန်းမြင့်သည်ဟု ဆိုရပေမည်။ ဤနေရာက ဝိုင်သောက်ရန် နေရာကောင်းလေးဖြစ်သည်။
လူများစွာက မထွက်သွားကြခင် ထုံရွှယ်လူထံ ပွဲကျင်းပရန် ကြိုတင်စာရင်းပေးသွင်းခဲ့ကြသဖြင့် စားသောက်ဆိုင်ဘက်မှလည်း အကျိုးအမြတ် အနည်းငယ် ရရှိခဲ့သည်။
ဧည့်သည်များ ကျဲသွားသောအခါ ထုံရွှယ်လူက ဦးလေးဇုန်းအား ကိစ္စအကြောင်းစုံ ပြောပြလိုက်သည်။
ဦးလေး လက်ကို တင်းတင်ဆုပ်မိသွားလေရာ အဘိုးဝမ်၏ လက်ကောက်ဝတ်ကိုပါ ခိုက်မိလုနီးပါး ဖြစ်သွားသည်။ "ရွှယ်လူ... ဘာပြောလိုက်တာလဲ"
အဘိုးဝမ် နာကျင်မှုကြောင့် စုပ်သပ်သွားလေသည်။ "စိတ်ငြိမ်ငြိမ်ထား... ငါ့လက်ကို အရင်လွှတ်ပေးဦး"
ဦးလေးဇုန်း လက်ကို လွှတ်ပေးလိုက်သော်ငြား စိတ်လှုပ်ရှားသည့်ပုံ ပေါ်နေဆဲပင်။
ထုံရွှယ်လူ: "ဦးလေးရဲ့ သားနဲ့ ချွေးမဆိုပြီး ပြောနေတဲ့ လူနှစ်ယောက် ရောက်နေတယ်... ခုနတုန်းက လူတိုင်းက စားသောက်နေတုန်းမို့လို့ သူတို့ကို အောက်ထပ်မှာ ညစာစားခိုင်းဖို့ မန်နေဂျာတန့်ကို ခိုင်းလိုက်တယ်"
"သူတို့ အခု အောက်ထပ်မှာလား"
"ဟုတ်ပါတယ်"
ထုံရွှယ်လူ၏ အဖြေကို ကြားသောအခါ ဦးလေးဇုန်းက လေလိုအရှိန်ဖြင့် အောက်ထပ်သို့ ဆင်းသွားလေသည်။
အမွှာနှစ်ယောက်ထဲမှ တစ်ယောက်ကို အစ်မချန်က ချီထားပြီး နောက်တစ်ယောက်ကို ဝမ်ရူကွေ့က ချီထားသည်။ လူတိုင်းက သူ့နောက်သို့ အလျင်အမြန် လိုက်သွားခဲ့ကြသည်။
ဦးလေးဇုန်း၏ နှလုံးခုန်သံ မြန်ဆန်နေပြီး လက်များက တုန်ယင်နေပေသည်။
သူ စစ်တပ်ထဲတွင် ရှိစဥ်က ဇနီးနှင့် သားဖြစ်သူတို့ မတော်တဆမှုတစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်။ မွေးရပ်မြေတွေ ရေကြီးသည့် သတင်း ရပြီးနောက် ခွင့်မြန်မြန် ယူကာ အပြေးပြန်လာခဲ့သော်ငြား ခြေတစ်လှမ်း နောက်ကျသွားခဲ့လေသည်။
ရေကြီးမှုက အရာအားလုံးကို ဖျက်ဆီးသွားခဲ့ပြီး အိမ်များကို တိုက်စားကာ လယ်ကွင်းများကို ရေအောက်၌ မြုပ်သွားစေခဲ့သည်။ နေရာတိုင်းတွင် သက်ရှိသတ္တဝါများ၏ ပုပ်ပွနေသော အလောင်းကောင်များ ကြီးစိုးနေကာ လူများစွာ နေရာပျောက်ကြရသည်။
သူ အိမ်ကို အလောတကြီး ပြန်ရောက်လာသောအခါ သူ့အိမ်ဟောင်းမှာ ရေကြောင့် တိုက်စားခံလိုက်ရပြီး သူ့ဇနီးနှင့် သားသည်လည်း ပျောက်ဆုံးသွားခဲ့ကြလေပြီ။
ဘေးအိမ်မှ အိမ်နီချင်းများ၏ ပြောစကားအရ ရက်ပေါင်းများစွာ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် လူများစွာ၏ အိမ်များမှာ ခိုင်ခံ့မှုမရှိတော့သဖြင့် လူတိုင်းက အိမ်ထဲမှ ရွှေ့ပြောင်းရန် တွန်းအားပေးခံလိုက်ကြရသော်ငြား ပြောင်းရွှေ့ချိန်မရခင်မှာပင် အိမ်များက ပြိုလဲပျက်စီး သွားကြသည်။ သူ့ဇနီးနှင့် သားအပါအဝင် လူများစွာက ရေစီးနှင့်အတူ မျောပါသွားခဲ့ကြသည်။
ထိုအကြောင်းကို ကြားလိုက်ရသောအခါ ရင်ကွဲပက်လက်ဖြစ်ခဲ့ရပြီး မယုံကြည်ချင်ခဲ့ပေ။
သူ ရက်ပေါင်းများစွာတိုင် မြစ်ကြောင်းတစ်လျှောက် လိုက်ရှာခဲ့သော်ငြား ဖိနပ်များသာ စုတ်သွားခဲ့ရသည်။ မည်သည့် အလောင်း မည်သည့်လူကိုမှ ရှာမတွေ့ခဲ့ရပေ။
သူ နှစ်ပေါင်းများစွာတိုင် လက်မလျှော့ဘဲ ရှာဖွေခဲ့သော်လည်း မည်သည့်သတင်းမှ မရခဲ့ပေ။
ဤနှစ်တွင် နှစ်နှစ်ဆယ် ကုန်ဆုံးသွားခဲ့လေပြီ။ သူက မူလတွင် ဤနှစ်၌ သားအမိနှစ်ယောက်အတွက် အုတ်ဂူလေးများ လုပ်ပေးမည်ဟု စီစဥ်ထားခဲ့သည်။ သူ့သား ပြန်ရောက်လာမည်ဟု ထင်မထားခဲ့ပေ။
သူ့ စိတ်မလှုပ်ရှားဘဲ နေနိုင်ပါ့မလား...
ဦးလေးဇုန်း အောက်ထပ်သို့ ဆင်းလာသောအခါ ဘေးပတ်လည်သို့ ဝေ့ဝဲကြည့်လိုက်ရာ သက်လတ်ပိုင်း ယောကျ်ားနှင့် မိန်းမတစ်ယောက်တို့က ပါးစပ်နှင့် လက်များထဲတွင် အစားအသောက်များ အပြည့်ဖြင့် တစ်ဖြဲနှစ်ဖြဲ စားသောက်နေကြသည်။
စားပွဲပေါ်တွင် ပန်းကန်ပြားနှင့် ပန်းကန်လုံး အလွတ်ပေါင်း မြောက်များစွာ ရှိနေပြီး သုံးလေးယောက်စာမက စားထားကြပုံပင်။ သို့သော်ငြား ထိုစုံတွဲမှာ ခေါင်းမထောင်နိုင်အောင် အလွန်အကျွံ စားသောက်ထားကြသော်ငြား ပါးစပ်ထဲသို့ ဆက်သွပ်နေကြဆဲဖြစ်သည်။
ဇူဇကာပုဏ္ဏား ဝင်ပူးနေသည့်အလားပင်။
ထိုမြင်ကွင်းကို မြင်သောအခါ အခြားသူများက ရွံရှာသွားကြသော်လည်း ဦးလေးဇုန်းမှာမူ အလွန်အမင်း ဝမ်းနည်းသွားပေသည်။
ဘဝကောင်းကောင်းမှာ နေထိုင်နေရတယ်ဆို ဘယ်လိုလုပ်ပြီး ဒီလောက်ထိ ဆာလောင်နေကြပါ့မလဲ...
ထိုသူတို့မှာ သူ့သားအရင်းနှင့် ချွေးမဟုတ်မဟုတ် မသေချာသော်လည်း သူ့သားအရင်းအဖြစ် အစားထိုး မြင်ယောင်နေဆဲပင်။ ထိုအခြေအနေက သူ့ကို ခါးသက်သက် ဖြစ်သွားစေသည်။
သူနှင့် မျက်နှာချင်းဆိုင်တွင် ရှိနေသူမှာ ကွယ်လွန်သွားသော ဇနီးနှင့် နှစ်နေရာသုံးနေရာမျှ ဆင်တူနေသည်။
ဦးလေးဇုန်းက တုန်ယင်နေသော လက်များဖြင့် လှမ်းလာနေ၏။
"ဟိုင်အာ... မင်းလား"
ထိုလူမှာ လက်ထဲတွင် ဆူဖြိုးဖြိုး ကြက်ပေါင်တစ်ချောင်းကို ကိုင်၍ လေချဥ်တက်လိုက်သည်။
"ဘာတွေ လာပြောနေတာလဲ... အသားကုန်သွားပြီ... ထပ်ယူလာခဲ့စမ်း"
ထိုလူက ဦးလေးကြီးတစ်ယောက်အလား စိတ်ကြီးဝင်နေသည်။
ထိုမြင်ကွင်းကို အောက်ထပ်သို့ ဆင်းလိုက်လာသည့် ထုံရွှယ်လူ မြင်သောအခါ မျက်မှောင်ကြုတ်လိုက်လေသည်။
ဘေးမှ အမျိုးသမီးသည်လည်း ကြက်ပေါင်တစ်ချောင်း ကိုင်ထားပြီး ခေါင်းမော့ကြည့်လိုက်သည့်အချိန် ဦးလေးဇုန်းကို တွေ့လိုက်ရသောအခါ သူမနံဘေးမှ လူကို စိတ်အားထက်သန်စွာဖြင့် ကြည့်လိုက်သည်။
သူမက မျက်လုံး တဖျတ်ဖျတ်ခတ်ကာ အချက်ပြလိုက်ပြီး အမျိုးသားကိုလည်း စားပွဲအောက်မှ ခြေထောက်ဖြင့် ကန်လိုက်သည်။
ထိုလူက "အွတ်" ဟု ဆိုကာ သူမကို အဘယ့်ကြောင့် လာကန်ရသည်ဟုဆိုကာ ဆူပူမည် ပြုစဥ် ထိုမိန်းမက ကြက်ပေါင်ကို ပြန်ချကာ ငိုယိုလိုက်သည်ကို တွေ့လိုက်ရသည်။ "အဖေ...နောက်ဆုံးတော့ အဖေ့ကို ရှာတွေ့ပြီ"
ထိုမိန်းမ၏ အသံက စူးရှပြီးရင်း စူးရှနေလေရာ လူတိုင်း၏ နားစည်ထဲတွင် ဖန်ခွက်ကို လက်သည်းဖြင့် တောက်လိုက်သည့် အသံကဲ့သို့ ခံစားလိုက်ရသည်။
ထိုမိန်းမက ကျွမ်းကျင်အဆင့် သရုပ်ဆောင်တစ်ယောက် ဖြစ်ပြီး ပြောနေရင်းဖြင့် မျက်ရည်များ ကျဆင်းလာကာ ချဲ့ကား၍ ငိုနေသဖြင့် နှစ်အတော်ကြာပြီးမှ ချစ်ရသူကို တွေ့ဆုံနေကြသည်ဟုပင် ခံစားနေရစေကာ ထို့ထက်ပင်သာ၍ ငိုကြွေးနေသေးသည်။
ထိုလူကလည်း အလျင်အမြန် တုံ့ပြန်လာပြီး လက်ထဲမှ ကြက်ပေါင်ကို ပစ်ချကာ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လာသည်။"အဖေ...ကျွန်တော် ဟူဟိုင်ပါ" ဦးလေးဇုန်းက ပို၍ သေချာသွားစေရန်အတွက် ဟူဟိုင်၏ အင်္ကျီကို ဆွဲချကြည့်လိုက်ရာ နောက်ကျောမှ မွေးရာပါအမှတ်တစ်ခုကို တွေ့လိုက်ရသည်။
ထိုအမှတ်ကို တွေ့သောအခါ ဦးလေးဇုန်းမှာ ရုတ်တရက်ဆိုသလို သည်းသည်းထန်ထန် ငိုကြွေးလေတော့သည်။ "ဟိုင်အာ... တကယ် မင်းဖြစ်နေတာပဲ... ဒီနှစ်တွေထဲ အဖေ မင်းကို ဘယ်လောက် ခက်ခက်ခဲခဲ ရှာနေခဲ့ရသလဲ"
"အဖေ... သားလည်း အဖေ့ကို ခက်ခက်ခဲခဲ ရှာခဲ့ရတာ... ဒီနှစ်ထဲ သားဘဝက ဘယ်လောက်တောင် ဆိုးဝါးခဲ့ရလဲ"
ဟူဟိုင်လည်း အပြေးလှမ်းလာပြီး သားအဖနှစ်ယောက်သား ငိုကြွေးလေတော့သည်။
ငိုသံက ကျယ်လောင်လွန်းလှပြီး ထိုမြင်ကွင်းက အလွန်ပင် နှလုံးသား ထိရှသွားစေခဲ့သည်။
အဘိုးဝမ်ကလည်း မျက်ရည်ကျလုလု ဖြစ်နေသည်။ "ဒီနှစ်တွေထဲ ရှောင်ဇုန်းအတွက် မလွယ်ခဲ့ဘူး"
ရှောင်ဇုန်းက သူ့ဘေးနားတွင် နေကာ သူ့ကို နှစ်ပေါင်းများစွာ စောင့်ရှောက်ပေးလာသည့်အတွက် သူ့မျက်လုံးထဲတွင် ဆွေမျိုးတစ်ယောက် ဖြစ်နှင့်နေလေပြီ။
ဤနှစ်များအတွင်း ရှောင်ဇုန်း၏ ခွင့်ရက်များကို ဇနီးနှင့် သားအား ရှာဖွေရန်မှာသာ အသုံးပြုခဲ့သည်။ သူ့သား၏ အသွင်အပြင်ကို တွေ့လိုက်ရသောအခါ သူ့ကောင်းကောင်း မလုပ်ခဲ့ခြင်းကြောင့်ဟု ခံစားလိုက်ရပြီး လိုအပ်ပါက သူ့အတွက် အကူအညီ ပေးနိုင်ပေမည်။
စားသောက်ဆိုင်ထဲမှ ကျန်လူများမှာ မတိုင်မီက ဟူဟိုင်နှင့် ဇနီးဖြစ်သူတို့ကြောင့် ရွံရှာနေခဲ့ကြသော်လည်း ယခုတွင် ဖြစ်ရပ်အလုံးစုံကို သိလိုက်ရသည့်အခါ သက်ပြင်းချလိုက်မိကြသည်။
ထုံရွှယ်လူနှင့် ဝမ်ရူကွေ့သည်သာ အမူအယာမဲ့ ဖြစ်နေခဲ့သည်။ အချင်းချင်း ကြည့်လိုက်မိကြသောအခါ အခြားတစ်ယောက်၏ မျက်ဝန်းထဲတွင် မယုံကြည်မှုများ ရှိနေကြောင်း နှစ်ယောက်လုံး တွေ့လိုက်ကြရသည်။
ထုံရွှယ်လူမှာ ထိုနှစ်ယောက်၏ အမူအယာများမှာ ပိုလွန်းသည်ဟု ခံစားနေရပြီး အထူးသဖြင့် မျက်လုံးထဲတွင် တွက်ချက်မှုများ ပြည့်နေသည့် ယန်တုန့်မိန်ဟူသည့် မိန်းမပင်။
သို့သော်ငြား ၎င်းက သူမ၏ အထင်သာ ဖြစ်ပြီး ထိုနှစ်ယောက်က ဦးလေးဇုန်း၏ ချွေးမနှင့် သားအရင်းလည်း ဖြစ်နိုင်သေးသည်။
ဦးလေးဇုန်းနှင့် အခြားသူများ သက်သာသွားသောအခါ သူတို့ အနားသို့ ကပ်လာခဲ့ကြသည်။
ဦးလေးဇုန်းက သူ့သား၏ လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။ "ဟိုင်အာ... ဒါက ဗိုလ်မှူးရှောင်းနဲ့ ရူကွေ့လေ... မှတ်မိရဲ့လား"
ဟူဟိုင်က ခေါင်းငြိမ့်ပြလိုက်ပြီး ကလေးဘဝက ဖြစ်ရပ်များကို ပြောပြနေခဲ့သည်။ ရုတ်တရက်ဆိုသလို ထုံရွှယ်လူ၏ ကျော့ရှင်းလှပသော မျက်နှာလေးထံ အကြည့်ရောက်သွားပြီး တစ်ကိုယ်လုံး ကြွပ်ဆတ်ဆတ် ဖြစ်သွားလေသည်။
သူက ထုံရွှယ်လူကို အလွန်အမင်း စိတ်ပျက်ဖွယ်ရာမျက်လုံးများဖြင့် ငမ်းငမ်းတက် ကြည့်နေခဲ့ပြီး သွားရည်များပင် ထွက်ကျလုမတတ်ပါပင်။
ဝမ်ရူကွေ့ မျက်မှောင်ကြုတ်သွားပြီးနောက် ရှေ့တစ်လှမ်းတိုးကာ သူ့အမြင်ကို ကာလိုက်သည်။
ဟူဟိုင်မှာ ဝမ်ရူကွေ့၏ မျက်လုံးများနှင့် တွေ့ဆုံလိုက်ရချိန်တွင် တစ်ကိုယ်လုံး တုန်ယင်သွားပြီး ခေါင်းပေါ်သို့ သက်ဆင်းလာသည့် ဖိအားကြီးတစ်ခုကို ခံစားလိုက်ရသည်။
ယန်တုန့်မိန်က ထိုအချင်းအရာကို တွေ့သောအခါ သူမ၏ လက်ကို ဆန့်၍ သူ့ခါးကို ဆိတ်လိုက်ပြီး တိတ်တဆိတ် သွားကြိတ်လိုက်သည်။
"ကျွန်မယောကျ်ားက မသိတတ်လို့ပါ... ဗိုလ်မှူးလို ရာထူးမြင့်တဲ့ အရာရှိတွေကို တွေ့လို့ လန့်နေတာပါ... ယောကျ်ား... ဗိုလ်မှူးကို နှုတ်ဆက်လိုက်ဦးလေ"
ဟူဟိုင်မှာ သူ့မိန်းမကြောင့် အလွန် နာကျင်သွားပြီး နာကျင်မှုကြောင့် အသက်ပြင်းပြင်း ရှူလိုက်သည်။ "ဟယ်လို ဗိုလ်မှူးဝမ်... ကျွန်တော့်အဖေကို နှစ်တွေအကြာကြီး စောင့်ရှောက်ထားပေးလို့ ကျေးဇူးတင်ပါတယ်ဗျာ"
မစ္စတာဝမ်မှာ မျက်ကန်း မဟုတ်ပေ။ ရှောင်ဇုန်းက သူ့ကို နှစ်ပေါင်းများစွာ စောင့်ရှောက်ပေးခဲ့သည့်အတွက် ကျေးဇူးတင်သည့် အနေဖြင့် ဟူဟိုင်အတွက် ပေကျင်းတွင် အလုပ်တစ်ခု စီစဥ်ပေးရန် တွေးလိုက်သေးသည်။
သို့သော်ငြား တစ်ဖက်လူ၏ အသွင်အပြင်ကို တွေ့လိုက်ရသောအခါ ထိုအကြံကို ချက်ချင်း စွန့်လွှတ်လိုက်လေသည်။
"ရှောင်ဇုန်း... မင်းနဲ့ မင်းသားတို့ အေးအေးဆေးဆေး စကားပြောကြလေ... ငါ အရက်နည်းနည်းသောက်ထားလို့ သွားပြီး အနားယူတော့မယ်"
ဦးလေးဇုန်းက ခပ်လောလော ခေါင်းငြိမ့်ပြလိုက်သည်။ "အိမ်ကို ပြန်လိုက်ပို့ပေးရဦးမလား"
အဘိုးဝမ် လက်ခါပြလိုက်သည်။ "ရတယ်... ငါ ရူကွေ့တို့နဲ့ပဲ ပြန်လိုက်တော့မယ်"
ဟူဟိုင်၏ အကြည့်ကြောင့် ထုံရွှယ်လူမှာ အော့အန်ချင်သွားသော်ငြား ဦးလေးဇုန်း၏ မျက်နှာကြောင့် ပြန်မတိုက်ခိုက်လိုက်ပေ"
"ဦးလေးဇုန်း... အိမ်မှာက အခန်း မလောက်ဘူး ဖြစ်နေတယ်... ဦးလေးရဲ့ သားနဲ့ ချွေးမကို ဟိုတယ်မှာ ခဏလောက် နေခိုင်းဖို့ ဒုက္ခခံခိုင်းရဦးမှာပဲ... ဒီငွေကို အရင်သုံးထားလိုက်ပါ"
တစ်ဖက်လူသာ ရိုးသားသူ ဖြစ်ပါက ထိုသူများကို အိမ်တွင် ပြန်သွား၍ နေခွင့်ပြုရန် စိတ်ရှိမည် မဟုတ်ပေ။
သို့သော်လည်း ထိုသူများမှာ ပထမဆုံးအကြည့်မှာပင် လူကောင်း မဟုတ်ကြောင်းပြောနိုင်ပေသည်။
အိမ်တွင် ကလေးများ ရှိနေသည့်အတွက် ထိုသူများကို မည်သည့်နည်းနှင့်မှ အိမ်ထဲ ဝင်ခွင့်မပြုပေးနိူင်ပါပေ။
ဦးလေးဇုန်း ချက်ချင်း လက်ခါပြလိုက်သည်။ "မလိုပါဘူး... ဦးလေးမှာငွေရှိပါတယ်"
ဘယ်သူ သိမှာလဲ... ဒီစကားတွေ ပြောတာနဲ့ ဟူဟိုင်က ရယ်ပြီး ဝင်ပြောလာမယ်လို့လေ... "အဖေ... ရွှယ်လူရဲ့ ငွေကို လက်ခံလိုက်ပါ... ဒါ သူ့ရဲ့ စေတနာပဲလေ"
သူ ထိုသို့ပြောနေရင်း ထုံရွှယ်လူ၏ လက်ထဲမှ ငွေကို လှမ်းယူတော့မည်အပြုတွင် သူ့ဇနီးက ခြေတစ်လှမ်းဦးသွားခဲ့သည်။
ယန်တုန့်မိန်က ငွေကို လှမ်းယူကာ "မြေခွေးကောင်" ဟု စိတ်ထဲတွင် ဆဲရေးလိုက်ပြီး မျက်နှာထက်၌ အပြုံးများ ဝေဆာသွားသည်။ "ကျေးဇူးပါ... ဒါဆို အစ်မတို့ လက်ခံလိုက်ပြီနော်"
ထုံရွှယ်လူ သူတို့ကို အေးတိအေးစက် စိုက်ကြည့်လိုက်ပြီးနောက် ဦးလေးဇုန်းကို ကြည့်ကာပြောလိုက်သည်။
"ဦးလေးဇုန်း... ကလေးတွေကို အရင် ပြန်ခေါ်သွားလိုက်တော့မယ်... လိုအပ်တာ ရှိရင် ကျွန်မတို့ကို ပြောလိုက်ပါ"
ဦးလေးဇုန်းက အေးဟု ထပ်ကာထပ်ကာ ပြောလိုက်သည်။ ကလေးကို ပြန်တွေ့ရသည့်အတွက် အပျော်လွန်နေခြင်းကြောင့် မူမမှန်သည့် မည်သည့် အခြေအနေမှ မတွေ့မိလိုက်ပေ။
စားသောက်ဆိုင်မှ ထွက်လာသောအခါ ဝမ်ရူကွေ့၏ မျက်နှာ မဲမှောင်နေလေသည်။ "နောက်ဆို အဲ့ဒီလူနဲ့ မတွေ့နဲ့"
သူက ထိုလူ ထုံရွှယ်လူကို ကြည့်သည့်ပုံစံအား သဘောမကျပေ။ ဦးလေးဇုန်း၏ သားသာ မဟုတ်ခဲ့ပါက သေချာပေါက် ထိုးကြိတ်လွှတ်လိုက်မည်ပင်။
ထုံရွှယ်လူ မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။ "ရှင်ရော ဘယ်လိုထင်လဲ... ကျွန်မကတော့ တစ်ခုခု မှားနေတယ် ထင်တာပဲ"
ဝမ်ရူကွေ့က "အင်း" ဟု ပြန်ဖြေလိုက်သည်။ "ကိုယ် နောက်မှ ကျန့်ယိကို စစ်ဆေးခိုင်းလိုက်မယ်"
ထုံရွှယ်လူမှာ ဤကိစ္စက စုံစမ်းစစ်ဆေးရန် မလွယ်ကူဟု ခံစားနေရသည်။ အဆုံးတွင် နှစ်ပေါင်းများစွာ အဆက်အသွယ် ပြတ်ခဲ့ကြသဖြင့် တစ်ဖက်လူ ပြောသမျှကို စုံစမ်းစစ်ဆေး၍လည်း မရနိုင်ပေ။
သို့သော်ငြား နိုင်ငံခြားတိုင်းပြည်များ၌ DNA စစ်ဆေးမှု လုပ်ဆောင်နိုင်ပြီ ဖြစ်၍ နောက်ပိုင်း မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့ပါက ထိုနည်းအတိုင်းသာ လုပ်ရပေတော့မည်။
**