အပိုင်း၃၅၂
Viewers 67k

🍵Chapter 352




တန့်ဟုန် ပြန်လှည့်ထွက်လာပြီး အပြင်မှ ကိစ္စများကို ထုံရွှယ်လူထံ ​ပြောပြလိုက်သည်။ 


ထိုစကားများကို ကြားရချိန်တွင် ထုံရွှယ်လူ အံ့သြသွား​လေသည်။ 


ဤဝတ္ထုမှာ ထုံကျန်းကျန်းအား ဦးတည်ထားသည့် စာအုပ် ဖြစ်သည့်အတွက် ဦး​လေးဇုန်းအ​ကြောင်း မဆိုထားနှင့် ဝမ်မိသားစုအ​ကြောင်းများပင် မပါသ​​လောက် ဖြစ်​လေရာ ယခင်ဘဝတွင် ဦး​လေးဇုန်းထံ၌ သားသမီး ရှိမရှိကို မသိခဲ့ရ​ပါ​​ပေ။ 


သို့​သော်ငြား လူရှာ​တွေ့ထားပြီး ဖြစ်​နေသဖြင့် နှင်ထုတ်၍လည်း မရနိုင်​ပေ။ 


ထုံရွှယ်လူ တစ်ခဏမျှ ​တွေးပြီး​နောက် ​ပြောလိုက်သည်။ "မန်​နေဂျာတန့်ကပဲ သူတို့အတွက် ​နေရာချ​ပေပြီး အစားအ​သောက်​​တွေ တည်​ပေးထားပါဦး... ပွဲပြီးမှ ဦ​​​လေးဇုန်းဆီ ​ခေါ်သွား​ပေးမယ်လို့ ​ပြောလိုက်ပါ... သူတို့ ပြဿနာ ရှာရဲရင်​တော့ ပြည့်သူ့လုံခြုံ​ရေးဗျူရိုကို လက်ဖက်​ရည်သောက်ဖို့ ​ခေါ်​သွား​ပေးလိုက်" 


တန့်ဟုန် ​ခေါင်းငြိမ့်ပြလိုက်သည်။ "​ကောင်းပါပြီ... လုပ်လိုက်ပါ့မယ်" 


တန့်ဟုန်က ကိစ္စများကို စီမံခန့်ခွဲရာ၌ လုပ်ရည်ကိုင်ရည် ရှိ​ပေသည်။ တစ်ခဏအကြာ ပြင်ပမှ ဆူညံသံများ တိတ်သွား​လေသည်။ 


ထုံရွှယ်လူ ​​နေရာသို့ ပြန်​ရောက်​သောအခါ ဝမ်ရူ​ကွေ့ ​ရောက်လာပြီး ​မေး​လေသည်။ "ဘာဖြစ်တာလဲ" 


သူမ၏ နားထက်၌ အသက်ရှူသံ​ငွေ့​ငွေ့ ဖြတ်သွားပြီး သူမကို တုန်ယင်သွား​စေကာ နားရွက်များ နီရဲသွား​စေသည်။ 


"အပြင်ဘက်မှာ ဦး​လေးဇုန်းရဲ့ သားနဲ့ ​ချွေးမလို့ ​ပြော​နေတဲ့ လူနှစ်​ယောက် ​ရောက်​နေတယ်... သူတို့ကို ကိုင်တွယ်ဖို့ မန်​နေဂျာတန့်ကို ခိုင်းထားတယ်... ပွဲပြီးမှပဲ ဦး​လေးဇုန်းဆီ ​ခေါ်သွား​ပေးမလို့" 


တစ်ဖက်မှ ဦး​လေးဇုန်းမှာ မစ္စတာဝမ်အား ​လျှော့​​သောက်ရန် ​ဖြောင်းဖျ​နေ​ပြီး မစ္စတာဝမ်ကမူ သူ့ကို စိတ်ရှုပ်စရာ ​ကောင်းလှသည်ဟု ​တွေး​နေ​သော်ငြား သူ့စကားကို နာခံ​နေဆဲပင်။ 


ဦး​လေးဇုန်းသာ ဝမ်အိမ်မှ ထွက်သွားပါက ကျင့်သားမရဆုံး ဖြစ်မည့်သူမှာ အဘိုးဝမ်သာ ဖြစ်​ပေလိမ့်မည်။  


ဝမ်ရူ​ကွေ့၏ မျက်လုံးများက သူမ၏ နားသန်သီး​လေးများအ​ပေါ် ကျ​ရောက်သွားပြီး လည်​စေ့က အထက်​အောက် ​ရွေ့လျားသွား​လေသည်။ 


ရက်တစ်ရာပြည့်​မွေး​နေ့ပွဲ၏ ဟင်းပွဲများကို ထုံရွှယ်လူ ကိုယ်တိုင်ကိုယ်ကျ သတ်မှတ်ထားပြီး အရည်အ​သွေးကိုလည်း သူမကိုယ်တိုင် စစ်​ဆေးထားခြင်း ဖြစ်​လေရာ လာ​ရောက်ကြသူ ဧည့်သည်များအားလုံး ၎င်းကို ချီးကျူးအမွှန်းတင်​နေကြ​ပေသည်။ 


လူများစွာက ဤ​နေရာတွင် ပွဲကျင်းပလျှင် ကုန်ကျမည့် အခ​ကြေး​ငွေကို ​မေးမြန်း​နေကြသည်။ အခ​ကြေး​ငွေက အ​တော်​လေး ​စျေး​​​မြှောက်​သော်ငြား ဝန်​ဆောင်မှုနှင့် အရည်အ​သွေးက နှယ်နှယ်ရရ မဟုတ်ဘဲ အဆင့်အတန်းမြင့်သည်ဟု ဆိုရ​ပေမည်။ ဤ​နေရာက ဝိုင်​သောက်ရန် ​နေရာ​ကောင်း​လေးဖြစ်သည်။ 


လူများစွာက မထွက်သွားကြခင် ထုံရွှယ်လူထံ ပွဲကျင်းပရန် ကြိုတင်စာရင်း​ပေးသွင်းခဲ့ကြသဖြင့် စား​သောက်ဆိုင်ဘက်မှလည်း အကျိုးအမြတ် အနည်းငယ် ရရှိခဲ့သည်။ 


ဧည့်သည်များ ကျဲသွား​သောအခါ ထုံရွှယ်လူက ဦး​လေးဇုန်းအား ကိစ္စအ​ကြောင်းစုံ ​ပြောပြလိုက်သည်။ 


ဦး​လေး လက်ကို တင်းတင်ဆုပ်မိသွား​လေရာ အဘိုးဝမ်၏ လက်​ကောက်ဝတ်ကိုပါ ခိုက်မိလုနီးပါး ဖြစ်သွားသည်။ "ရွှယ်လူ... ဘာ​​ပြောလိုက်တာလဲ" 


အဘိုးဝမ် နာကျင်မှု​ကြောင့် စုပ်သပ်သွား​လေသည်။ "စိတ်ငြိမ်ငြိမ်ထား... ငါ့လက်ကို အရင်လွှတ်​ပေးဦး" 


ဦး​လေးဇုန်း လက်ကို လွှတ်​ပေးလိုက်​သော်ငြား စိတ်လှုပ်ရှားသည့်ပုံ ​ပေါ်​နေဆဲပင်။ 


ထုံရွှယ်လူ: "ဦး​လေးရဲ့ သားနဲ့ ​ချွေးမဆိုပြီး ​ပြော​နေတဲ့ လူနှစ်​ယောက် ​ရောက်​နေတယ်... ခုနတုန်းက လူတိုင်းက စား​သောက်​​နေတုန်းမို့လို့  ​သူတို့ကို အောက်ထပ်မှာ ညစာစားခိုင်းဖို့ မန်​​နေဂျာတန့်ကို ခိုင်းလိုက်တယ်" 


"သူတို့ အခု ​အောက်ထပ်မှာလား" 


"ဟုတ်ပါတယ်" 


ထုံရွှယ်လူ၏ အ​ဖြေကို ကြား​သောအခါ ဦးလေးဇုန်းက ​လေလိုအရှိန်ဖြင့် ​အောက်ထပ်သို့ ဆင်းသွား​လေသည်။ 


အမွှာနှစ်​ယောက်ထဲမှ တစ်​ယောက်ကို အစ်မချန်က ချီထားပြီး ​နောက်တစ်​ယောက်ကို ဝမ်ရူ​ကွေ့က ချီထားသည်။ လူတိုင်းက သူ့​နောက်သို့ အလျင်အမြန် လိုက်သွားခဲ့ကြသည်။ 


ဦး​လေးဇုန်း၏ နှလုံးခုန်သံ မြန်ဆန်​နေပြီး လက်များက တုန်ယင်​နေ​ပေသည်။ 


သူ စစ်တပ်ထဲတွင် ရှိစဥ်က ဇနီးနှင့် သားဖြစ်သူတို့ မ​တော်တဆမှုတစ်ခုနှင့် ကြုံ​တွေ့ခဲ့ရသည်။ ​မွေးရပ်​မြေ​တွေ ​ရေကြီးသည့် သတင်း​ ရပြီး​နောက် ခွင့်မြန်မြန် ယူကာ အ​ပြေးပြန်လာခဲ့​သော်ငြား ​ခြေတစ်လှမ်း ​နောက်ကျသွားခဲ့​လေသည်။ 


​​ရေကြီးမှုက အရာအားလုံးကို ဖျက်ဆီးသွားခဲ့ပြီး အိမ်များကို တိုက်စားကာ လယ်ကွင်းများကို ​ရေ​အောက်၌ မြုပ်သွား​စေခဲ့သည်။ ​နေရာတိုင်းတွင် သက်ရှိသတ္တဝါများ၏ ပုပ်ပွ​နေ​​သော အ​လောင်း​ကောင်များ ကြီးစိုး​နေကာ လူများစွာ ​နေရာ​ပျောက်ကြရသည်။ 


သူ အိမ်ကို အ​လောတကြီး ပြ​န်ရောက်လာ​သောအခါ သူ့အိမ်​ဟောင်းမှာ ​ရေ​​ကြောင့် တိုက်စားခံလိုက်ရပြီး သူ့ဇနီးနှင့် သားသည်လည်း ​ပျောက်ဆုံးသွားခဲ့ကြ​လေပြီ။


​ဘေးအိမ်မှ အိမ်နီချင်းများ၏ ​ပြောစကားအရ ရက်​ပေါင်းများစွာ မိုးသည်းထန်စွာ ရွာသွန်းပြီး​နောက် လူများစွာ၏ အိမ်များမှာ ခိုင်ခံ့မှုမရှိ​တော့သဖြင့် လူတိုင်းက အိမ်ထဲမှ ​​​ရွှေ့​ပြောင်းရန် တွန်းအား​ပေးခံလိုက်ကြရ​သော်ငြား ​ပြောင်း​ရွှေ့ချိန်မရခင်မှာပင် ​အိမ်များက ​ပြိုလဲပျက်စီး သွားကြသည်။ သူ့ဇနီးနှင့် သားအပါအဝင် လူများစွာက ​ရေစီးနှင့်အတူ ​မျောပါသွားခဲ့ကြသည်။ 


ထိုအ​ကြောင်းကို ကြားလိုက်ရ​သောအခါ ရင်ကွဲပက်လက်ဖြစ်ခဲ့ရပြီး မယုံကြည်ချင်ခဲ့​ပေ။ 


သူ ရက်​ပေါင်းများစွာတိုင် မြစ်​ကြောင်းတစ်​လျှောက် လိုက်ရှာခဲ့​သော်ငြား ဖိနပ်များသာ စုတ်သွားခဲ့ရသည်။ မည်သည့် အ​လောင်း မည်သည့်လူကိုမှ ရှာမတွေ့ခဲ့ရ​​ပေ။ 


သူ နှစ်​ပေါင်းများစွာတိုင် လက်မ​လျှော့ဘဲ ရှာ​ဖွေခဲ့​သော်လည်း မည်သည့်သတင်းမှ မရခဲ့​ပေ။ 


ဤနှစ်တွင် နှစ်နှစ်ဆယ် ကုန်ဆုံးသွားခဲ့​လေပြီ။ သူက မူလတွင် ဤနှစ်၌ သားအမိနှစ်​ယောက်အတွက် အုတ်ဂူ​လေးများ လုပ်​ပေးမည်ဟု စီစဥ်ထားခဲ့သည်။ သူ့သား ပြန်​ရောက်လာမည်ဟု ထင်မထားခဲ့​​ပေ။ 


သူ့ စိတ်မလှုပ်ရှားဘဲ ​နေနိုင်ပါ့မလား... 


ဦး​လေးဇုန်း အောက်ထပ်သို့ ဆင်းလာ​သောအခါ ​ဘေးပတ်လည်သို့ ​ဝေ့ဝဲကြည့်လိုက်ရာ သက်လတ်ပိုင်း ​ယောကျ်ားနှင့် မိန်းမတစ်​ယောက်တို့က ပါးစပ်နှင့် လက်များထဲတွင် အစားအ​သောက်များ အပြည့်ဖြင့် တစ်ဖြဲနှစ်ဖြဲ စား​သောက်​နေကြသည်။ 


စားပွဲ​ပေါ်တွင် ပန်းကန်ပြားနှင့် ပန်းကန်လုံး အလွတ်​ပေါင်း ​မြောက်များစွာ ရှိ​နေပြီး သုံး​လေး​ယောက်စာမက စားထားကြပုံပင်။ သို့​သော်ငြား ထိုစုံတွဲမှာ ​ခေါင်းမ​ထောင်နိုင်​အောင် အလွန်အကျွံ စား​သောက်ထားကြ​သော်ငြား ပါးစပ်ထဲသို့ ဆက်သွပ်​နေကြဆဲဖြစ်သည်။ 


ဇူဇကာပုဏ္ဏား ဝင်ပူး​နေသည့်အလားပင်။ 


ထိုမြင်ကွင်းကို မြင်​သောအခါ အခြားသူများက ရွံရှာသွားကြ​သော်လည်း ဦး​လေးဇုန်းမှာမူ အလွန်အမင်း ဝမ်းနည်းသွား​ပေသည်။ 


ဘဝ​ကောင်း​ကောင်းမှာ ​နေထိုင်​နေရတယ်ဆို ဘယ်လိုလုပ်ပြီး ဒီ​လောက်ထိ ဆာ​လောင်​နေကြပါ့မလဲ... 


ထိုသူတို့မှာ သူ့သားအရင်းနှင့် ​ချွေးမဟုတ်မဟုတ် မ​သေချာ​သော်လည်း သူ့သားအရင်းအဖြစ် အစားထိုး မြင်​ယောင်​နေဆဲပင်။ ထိုအ​ခြေအ​နေက သူ့ကို ခါးသက်သက် ဖြစ်သွား​စေသည်။ 


သူနှင့် မျက်နှာချင်းဆိုင်တွင် ရှိ​နေသူမှာ ကွယ်လွန်သွား​သော ဇနီးနှင့် နှစ်​နေရာသုံး​နေရာမျှ ဆင်တူ​နေသည်။ 


ဦး​လေးဇုန်းက တုန်ယင်​နေ​သော လက်များဖြင့် လှမ်းလာ​နေ၏။


 "ဟိုင်အာ... မင်းလား"

ထိုလူမှာ လက်ထဲတွင် ဆူဖြိုးဖြိုး ကြက်​ပေါင်တစ်​ချောင်းကို ကိုင်၍ ​လေချဥ်တက်လိုက်သည်။


"ဘာ​တွေ လာ​ပြော​နေတာလဲ... အသားကုန်သွားပြီ... ထပ်ယူလာခဲ့စမ်း" 


ထိုလူက ဦး​လေးကြီးတစ်​ယောက်အလား စိတ်ကြီးဝင်​နေသည်။ 


ထိုမြင်ကွင်းကို ​အောက်ထပ်သို့ ဆင်းလိုက်လာသည့် ထုံရွှယ်လူ မြင်​သောအခါ မျက်​မှောင်ကြုတ်လိုက်​လေသည်။ 


​ဘေးမှ အမျိုးသမီးသည်လည်း ကြက်​ပေါင်တစ်​ချောင်း ကိုင်ထားပြီး ​ခေါင်း​မော့ကြည့်လိုက်သည့်အချိန် ဦး​လေးဇုန်းကို ​တွေ့လိုက်ရ​သောအခါ သူမနံ​ဘေးမှ လူကို စိတ်အားထက်သန်စွာဖြင့် ကြည့်လိုက်သည်။ 


သူမက မျက်လုံး တဖျတ်ဖျတ်ခတ်ကာ အချက်ပြလိုက်ပြီး အမျိုးသားကိုလည်း စားပွဲ​အောက်မှ ​ခြေ​ထောက်ဖြင့် ကန်လိုက်သည်။ 


ထိုလူက "အွတ်" ဟု ဆိုကာ သူမကို အဘယ့်​ကြောင့် လာကန်ရသည်ဟုဆိုကာ ဆူပူမည် ပြုစဥ် ထိုမိန်းမက ကြက်​​ပေါင်ကို ပြန်ချကာ ငိုယိုလိုက်သည်ကို ​တွေ့လိုက်ရသည်။ "အ​ဖေ...​နောက်ဆုံး​တော့ အ​ဖေ့ကို ရှာ​တွေ့ပြီ" 


ထိုမိန်းမ၏ အသံက စူးရှပြီးရင်း စူးရှ​နေ​လေရာ လူတိုင်း၏ နားစည်ထဲတွင် ဖန်ခွက်ကို လက်သည်းဖြင့် ​တောက်လိုက်သည့် အသံကဲ့သို့ ခံစားလိုက်ရသည်။ 


ထိုမိန်းမက ကျွမ်းကျင်အဆင့် သရုပ်​ဆောင်တစ်​ယောက် ဖြစ်ပြီး ​ပြော​နေရင်းဖြင့် မျက်ရည်များ ကျဆင်းလာကာ ချဲ့ကား၍ ငို​နေသဖြင့် နှစ်အ​တော်ကြာပြီးမှ ချစ်ရသူကို ​တွေ့ဆုံ​နေကြသည်ဟုပင် ခံစား​နေရ​စေကာ ထို့ထက်ပင်သာ၍ ငို​ကြွေး​နေ​သေးသည်။ 


ထိုလူကလည်း အလျင်အမြန် တုံ့ပြန်လာပြီး လက်ထဲမှ ကြက်​ပေါင်ကို ပစ်ချကာ စိတ်လှုပ်ရှားစွာဖြင့် ​အော်ဟစ်လာသည်။"အ​​ဖေ...ကျွန်​​တော် ဟူဟိုင်ပါ" ဦး​လေးဇုန်းက ပို၍ ​သေချာသွား​စေရန်အတွက် ဟူဟိုင်၏ အင်္ကျီကို ဆွဲချကြည့်လိုက်ရာ ​နောက်​ကျောမှ ​မွေးရာပါအမှတ်တစ်ခုကို ​တွေ့လိုက်ရသည်။  


ထိုအမှတ်ကို ​တွေ့​သောအခါ ဦး​လေးဇုန်းမှာ ရုတ်တရက်ဆိုသလို သည်းသည်းထန်ထန် ငို​​ကြွေး​လေ​တော့သည်။ "ဟိုင်အာ... တကယ် မင်းဖြစ်​နေတာပဲ... ဒီနှစ်​တွေထဲ အ​ဖေ မင်းကို ဘယ်​လောက် ခက်ခက်ခဲခဲ ရှာ​နေခဲ့ရသလဲ" 


"အ​ဖေ... သားလည်း အ​ဖေ့ကို ခက်ခက်ခဲခဲ ရှာခဲ့ရတာ... ဒီနှစ်ထဲ သားဘဝက ဘယ်​လောက်​တောင် ဆိုးဝါးခဲ့ရလဲ" 


ဟူဟိုင်လည်း အ​ပြေး​လှမ်းလာပြီး သားအဖနှစ်​ယောက်သား ​ငို​ကြွေး​လေ​တော့သည်။ 


ငိုသံက ကျယ်​လောင်လွန်းလှပြီး ထိုမြင်ကွင်းက အလွန်ပင် နှလုံးသား ထိရှသွား​စေခဲ့သည်။ 


အဘိုးဝမ်ကလည်း မျက်ရည်ကျလုလု ဖြစ်​နေသည်။ "​ဒီနှစ်​တွေထဲ ​ရှောင်ဇုန်းအတွက် မလွယ်ခဲ့ဘူး" 


​ရှောင်ဇုန်းက သူ့​​ဘေးနားတွင် ​နေကာ သူ့ကို နှစ်​ပေါင်းများစွာ ​စောင့်​ရှောက်​ပေးလာသည့်အတွက် သူ့မျက်လုံးထဲတွင် ​ဆွေမျိုးတစ်​ယောက် ဖြစ်နှင့်​နေ​လေပြီ။


ဤနှစ်များအတွင်း ​ရှောင်ဇုန်း၏ ခွင့်ရက်များကို ဇနီးနှင့် သားအား ရှာ​ဖွေရန်မှာသာ အသုံးပြုခဲ့သည်။ သူ့သား၏ အသွင်အပြင်ကို ​တွေ့လိုက်ရ​သောအခါ သူ့​ကောင်း​ကောင်း မလုပ်ခဲ့ခြင်း​ကြောင့်ဟု ခံစားလိုက်ရပြီး လိုအပ်ပါက သူ့အတွက် အကူအညီ ​ပေးနိုင်​ပေမည်။ 


စား​သောက်ဆိုင်ထဲမှ ကျန်လူများမှာ မတိုင်မီက ဟူဟိုင်နှင့် ဇနီးဖြစ်သူတို့​ကြောင့် ရွံရှာ​နေခဲ့ကြ​သော်လည်း ယခုတွင် ဖြစ်ရပ်အလုံးစုံကို သိလိုက်ရသည့်အခါ သက်ပြင်းချလိုက်မိကြသည်။ 


ထုံရွှယ်လူနှင့် ဝမ်ရူ​ကွေ့သည်သာ အမူအယာမဲ့ ဖြစ်​နေခဲ့သည်။ အချင်းချင်း ကြည့်လိုက်မိကြ​သောအခါ အခြားတစ်​​ယောက်၏ မျက်ဝန်းထဲတွင် မယုံကြည်မှုများ ရှိ​နေ​ကြောင်း ​နှစ်​ယောက်လုံး ​တွေ့လိုက်ကြရသည်။


ထုံရွှယ်လူမှာ ထိုနှစ်​ယောက်၏ အမူအယာများမှာ ပိုလွန်းသည်ဟု ခံစား​နေရပြီး အထူးသဖြင့် မျက်လုံးထဲတွင် တွက်ချက်မှုများ ပြည့်​နေသည့် ယန်တုန့်မိန်ဟူသည့် မိန်းမပင်။ 


သို့​သော်ငြား ၎င်းက သူမ၏ အထင်သာ ဖြစ်ပြီး ထိုနှစ်​ယောက်က ဦး​လေးဇုန်း၏ ​ချွေးမနှင့် သားအရင်းလည်း ဖြစ်နိုင်​သေးသည်။ 


ဦး​လေးဇုန်းနှင့် အခြားသူများ သက်သာသွား​သောအခါ သူတို့ အနားသို့ ကပ်လာခဲ့ကြသည်။ 


ဦး​လေးဇုန်းက သူ့သား၏ လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။ "ဟိုင်အာ... ဒါက ဗိုလ်မှူး​ရှောင်းနဲ့ ရူ​ကွေ့​​လေ... မှတ်မိရဲ့လား" 


ဟူဟိုင်က ​ခေါင်းငြိမ့်ပြလိုက်ပြီး က​လေးဘဝက ဖြစ်ရပ်များကို ​ပြောပြ​​နေခဲ့သည်။ ရုတ်တရက်ဆိုသလို ထုံရွှယ်လူ၏ ​ကျော့ရှင်းလှပ​​သော မျက်နှာ​လေးထံ အကြည့်​ရောက်သွားပြီး တစ်ကိုယ်လုံး ​ကြွပ်ဆတ်ဆတ် ဖြစ်သွား​လေသည်။ 


သူက ထုံရွှယ်လူကို အလွန်အမင်း စိတ်ပျက်ဖွယ်ရာမျက်လုံးများဖြင့် ငမ်းငမ်းတက် ကြည့်​နေခဲ့ပြီး သွားရည်များပင် ထွက်ကျလုမတတ်ပါပင်။ 


ဝမ်ရူ​ကွေ့ မျက်​မှောင်ကြုတ်သွားပြီး​နောက် ​ရှေ့တစ်လှမ်းတိုးကာ သူ့အမြင်ကို ကာလိုက်သည်။ 


ဟူဟိုင်မှာ ဝမ်ရူ​ကွေ့၏ မျက်လုံးများနှင့် ​တွေ့ဆုံလိုက်ရချိန်တွင် တစ်ကိုယ်လုံး တုန်ယင်သွားပြီး ​ခေါင်း​ပေါ်သို့ သက်ဆင်းလာသည့် ဖိအားကြီးတစ်ခုကို ခံစားလိုက်ရသည်။ 


ယန်တုန့်မိန်က ထိုအချင်းအရာကို ​တွေ့​သောအခါ သူမ၏ လက်ကို ဆန့်၍ သူ့ခါးကို ဆိတ်လိုက်ပြီး တိတ်တဆိတ် သွားကြိတ်လိုက်သည်။ 


"ကျွန်မ​ယောကျ်ားက မသိတတ်လို့ပါ... ဗိုလ်မှူးလို ရာထူးမြင့်တဲ့ အရာရှိ​တွေကို ​တွေ့လို့ လန့်​နေတာပါ... ​ယောကျ်ား... ဗိုလ်မှူးကို နှုတ်ဆက်လိုက်ဦး​လေ" 


ဟူဟိုင်မှာ သူ့မိန်းမ​ကြောင့် အလွန် နာကျင်သွားပြီး နာကျင်မှု​ကြောင့် အသက်ပြင်းပြင်း ရှူလိုက်သည်။ "ဟယ်လို ဗိုလ်မှူးဝမ်... ကျွန်​တော့်အ​ဖေကို နှစ်​တွေအကြာကြီး ​စောင့်​​ရှောက်ထား​ပေးလို့ ​ကျေးဇူးတင်ပါတယ်ဗျာ" 


မစ္စတာဝမ်မှာ မျက်ကန်း မဟုတ်​ပေ။ ​ရှောင်ဇုန်းက သူ့ကို နှစ်​​ပေါင်းများစွာ ​စောင့်​ရှောက်​ပေးခဲ့သည့်အတွက် ​ကျေးဇူးတင်သည့် အ​နေဖြင့် ဟူဟိုင်အတွက် ​ပေကျင်းတွင် အလုပ်တစ်ခု စီစဥ်​​ပေးရန် ​တွေးလိုက်​သေးသည်။ 


သို့​သော်ငြား တစ်ဖက်လူ၏ အသွင်အပြင်ကို ​တွေ့လိုက်ရ​သောအခါ ထိုအကြံကို ချက်ချင်း စွန့်လွှတ်လိုက်​လေသည်။ 


"​ရှောင်ဇုန်း... မင်းနဲ့ မင်းသားတို့ ​အေး​အေး​ဆေး​ဆေး စကား​ပြောကြ​လေ... ငါ အရက်နည်းနည်း​သောက်ထားလို့ သွားပြီး အနားယူ​တော့မယ်" 


ဦး​လေးဇုန်းက ခပ်​လော​​လော ​ခေါင်းငြိမ့်ပြလိုက်သည်။ "အိမ်ကို ပြန်လိုက်ပို့​ပေးရဦးမလား" 


အဘိုးဝမ် လက်ခါပြလိုက်သည်။ "ရတယ်... ငါ ရူ​ကွေ့တို့နဲ့ပဲ ပြန်လိုက်​တော့မယ်" 


ဟူဟိုင်၏ အကြည့်​ကြောင့် ထုံရွှယ်လူမှာ ​အော့အန်ချင်သွား​သော်ငြား ဦး​လေးဇုန်း၏ မျက်နှာ​ကြောင့် ပြန်မတိုက်ခိုက်​လိုက်​ပေ" 


"ဦး​လေးဇုန်း... အိမ်မှာက အခန်း​ မ​လောက်ဘူး ဖြစ်​နေတယ်... ဦး​လေးရဲ့ သားနဲ့ ​ချွေးမကို ဟိုတယ်မှာ ခဏ​လောက် ​နေခိုင်းဖို့ ဒုက္ခခံခိုင်းရဦးမှာပဲ... ဒီ​ငွေကို အရင်သုံးထားလိုက်ပါ" 


တစ်ဖက်လူသာ ရိုးသားသူ ဖြစ်ပါက ထိုသူများကို အိမ်တွင် ပြန်သွား၍ ​နေခွင့်ပြုရန် စိတ်ရှိမည် မဟုတ်​ပေ။ 


သို့​သော်လည်း ထိုသူများမှာ ပထမဆုံးအကြည့်မှာပင် လူ​ကောင်း မဟုတ်​ကြောင်း​ပြောနိုင်​ပေသည်။ 


အိမ်တွင် က​လေးများ ရှိ​နေသည့်အတွက် ထိုသူများကို မည်သည့်နည်းနှင့်မှ အိမ်ထဲ ဝင်ခွင့်မပြု​ပေးနိူင်ပါ​ပေ။  


ဦး​လေးဇုန်း ချက်ချင်း လက်ခါပြလိုက်သည်။ "မလိုပါဘူး... ဦး​လေးမှာ​ငွေရှိပါတယ်" 


ဘယ်သူ သိမှာလဲ... ဒီစကား​တွေ ​ပြောတာနဲ့ ဟူဟိုင်က ရယ်ပြီး ​ဝင်ပြောလာမယ်လို့​လေ... "အ​ဖေ... ရွှယ်လူရဲ့ ​ငွေကို လက်ခံလိုက်ပါ... ဒါ သူ့ရဲ့ ​စေတနာပဲ​လေ" 


သူ ထိုသို့​ပြော​နေရင်း ထုံရွှယ်လူ၏ လက်ထဲမှ ​ငွေကို လှမ်းယူ​တော့မည်အပြုတွင် သူ့ဇနီးက ​ခြေတစ်လှမ်းဦးသွားခဲ့သည်။ 


ယန်တုန့်မိန်က ​ငွေကို လှမ်းယူကာ "​မြေ​ခွေး​ကောင်" ဟု စိတ်ထဲတွင် ​ဆဲ​ရေးလိုက်ပြီး မျက်နှာထက်၌ အပြုံးများ ​ဝေဆာသွားသည်။ "ကျေးဇူးပါ... ဒါဆို အစ်မတို့ လက်ခံလိုက်ပြီ​နော်" 


ထုံရွှယ်လူ သူတို့ကို ​အေးတိ​အေးစက် စိုက်ကြည့်လိုက်ပြီး​နောက် ဦး​လေးဇုန်းကို ကြည့်ကာ​ပြောလိုက်သည်။


 "ဦး​လေးဇုန်း... က​လေး​တွေကို အရင် ပြန်​​ခေါ်သွားလိုက်​တော့မယ်... လိုအပ်တာ ရှိရင် ကျွန်မတို့ကို ​ပြောလိုက်ပါ" 


ဦး​လေးဇုန်းက ​အေးဟု ထပ်ကာထပ်ကာ ​ပြောလိုက်သည်။ က​လေးကို ပြန်​တွေ့ရသည့်အတွက် အ​ပျော်လွန်​နေခြင်း​ကြောင့် မူမမှန်သည့် မည်သည့် အ​ခြေအ​နေမှ မ​တွေ့မိလိုက်​ပေ။ 


စား​သောက်ဆိုင်မှ ထွက်လာ​သောအခါ ဝမ်ရူ​ကွေ့၏ မျက်နှာ မဲ​မှောင်​နေ​လေသည်။ "​နောက်ဆို အဲ့ဒီလူနဲ့ မ​တွေ့နဲ့" 


သူက ထိုလူ ထုံရွှယ်လူကို ကြည့်သည့်ပုံစံအား သ​ဘောမကျ​ပေ။ ဦး​လေးဇုန်း၏ သားသာ မဟုတ်ခဲ့ပါက ​သေချာ​ပေါက် ထိုးကြိတ်လွှတ်လိုက်မည်ပင်။ 


ထုံရွှယ်လူ မျက်​မှောင်ကြုတ်၍ ​ပြောလိုက်သည်။ "ရှင်​​ရော ဘယ်လိုထင်လဲ... ကျွန်မက​တော့ တစ်ခုခု မှား​​နေတယ် ထင်တာပဲ" 


ဝမ်ရူ​ကွေ့က "အင်း" ဟု ပြန်​ဖြေလိုက်သည်။ "ကိုယ် ​နောက်မှ ကျန့်ယိကို စစ်​ဆေးခိုင်းလိုက်မယ်"


ထုံရွှယ်လူမှာ ဤကိစ္စက စုံစမ်းစစ်​ဆေးရန် မလွယ်ကူဟု ခံစား​နေရသည်။ အဆုံးတွင် နှစ်​ပေါင်းများစွာ အဆက်အသွယ် ပြတ်ခဲ့ကြသဖြင့် တစ်ဖက်လူ ​​ပြောသမျှကို စုံစမ်းစစ်​ဆေး၍လည်း မရနိုင်​ပေ။ 


သို့​သော်ငြား နိုင်ငံခြားတိုင်းပြည်များ၌ DNA စစ်​ဆေးမှု လုပ်​ဆောင်နိုင်ပြီ ဖြစ်၍ ​နောက်ပိုင်း မည်သည့်အရာကိုမှ ရှာ​မ​တွေ့ခဲ့ပါက ထိုနည်းအတိုင်းသာ လုပ်ရ​ပေ​တော့မည်။ 


**