🍵Chapter 354
ချန်ရှို့ယွင် အော်သံကြားသောအခါ စတိုခန်းထဲမှ ပြေးထွက်လာလေရာ ရှစ်ရှင်းရွေ့တစ်ယောက်သွေးအိုင်ထဲတွင် လဲလျောင်းနေပြီး ချိုင်းထောက်၏ ကြိမ်တံများက သူမ၏ လည်ပင်းတွင် ထိုးစိုက်နေသည်ကို တွေ့လိုက်ရသည်။ သွေးလန့်ခြောက်ချားဖွယ်ရာ မြင်ကွင်းပါပင်။
ချန်ရှို့ယွင် စူးစူးဝါးဝါး အော်ဟစ်လျက် အပြေးရောက်လာပြီး ရှစ်ရှင်းရွေ့အား ပွေ့ချီကာ သူမ၏ နာမည်ကို အဆက်မပြတ် အော်ခေါ်လိုက်သော်လည်း ရှစ်ရှင်းရွေ့မှာမူ သေဆုံးသွားခဲ့လေပြီ။
ချန်ရှို့ယွင်က ခါးခါးသီးသီး ငိုကြွေးလိုက်ပြီး ရူးသွပ်သွားပုံပင်။ ရုတ်တရက်ဆိုသလို ရှစ်ရှင်းရွေ့ကို ပြန်ချကာ ခုန်ထွက်လာပြီး ဝမ်ရူကွေ့ထံသို့ ပြေးလာကာ မျက်နှာတစ်ခုလုံး လည်ထွက်သွားသည်အထိ ပါးရိုက်ချလိုက်သည်။
"နင်က နင့်အဖေရင်းကိုလည်း သတ်ခဲ့တာ... နင့်ညီအရင်းကိုရော နင့်အဘိုးအရင်းကိုရော နင်ပဲသတ်ခဲ့တာ... အခု ရှင်းရွေ့ကိုတောင် အလွတ်မပေးဘူး... နင်က မကောင်းဆိုးဝါးကောင်ပဲ... နင်ဘာလို့ မသေသွားရတာလဲ"
ချန်ရှို့ယွင်မှာ ဆိုးယုတ်သော စကားများစွာဖြင့် သူ့အား ပြစ်တင်ကြိမ်းမောင်းလေတော့သည်။
ဝမ်ရူကွေ့မှာ သူမ သူ့အား ရိုက်နှက် ပြောဆိုနေသည်ကို ခွင့်ပြုထားပြီး မြေပြင်ထက်မှ သွေးအိုင်ကြီးကိုသာ တည့်တည့်ကြည့်နေကာ မျက်နှာအစိတ်အပိုင်းများမှာလည်း တစ်ခါတစ်လေ ရက်စက်ပြင်းထန်သွားလိုက် တစ်ခါတစ်ရံ တွန့်လိမ်ရှုံ့တွ သွားလိုက်ဖြင့် မရေတွက်နိုင်သော မှတ်ဥာဏ်များက အတွေးထဲသို့ လွှမ်းမိုးဝင်ရောက်လာခဲ့သည်။
သူက ရုတ်တရက်ဆိုသလို ချန်ရှို့ယွင်ကို တွန်းလွှတ်ကာ အော်ဟစ်လိုက်သည်။ "ရှောင်ရှု... ပြေး... မင်းအမေ မင်းကို မဖမ်းမိစေနဲ့... မဟုတ်သေးဘူး... မင်းပြေးလို့ မရဘူး... မင်းက ငါငယ်ငယ်တုန်းက ငါကိုယ်တိုင်ပဲ"
"ရှောင်ရှု မင်းအမေ မင်းကို ရိုက်တော့မယ်... မင်းက မင်းညီကို သတ်ခဲ့တာ... မဟုတ်သေးဘူး... မင်းညီကို သတ်တာ မင်းမှ မဟုတ်ဘဲ... ငါပဲလေ... ငါ ဘယ်သူလဲ"
ချန်ရှို့ယွင်က ခြေလှမ်းများစွာ အတွန်းခံလိုက်ရပြီး ဤတစ်ကြိမ်၌ သူ ရူးချင်ယောင်ဆောင်နေခြင်း ဖြစ်မည်ဟု တွေးခဲ့သည်။ "မကောင်းဆိုးဝါးကောင်... နင့်ကိုနင် ရူးချင်ယောင်ဆောင်လိုက်တာနဲ့ နင့်ဘဝကို အဆုံးမသတ်နိုင်တေ့ဘူးလို့ ထင်နေတာလား... ငါနင့်ကို အခုပဲ ပြည်သူ့လုံခြုံရေးဗျူရိုမှာ သွားတိုင်မယ်"
"မသွားနဲ့... ခင်ဗျားက ဘယ်သူလဲ... ခင်ဗျားက အစစ်လား ပြောစမ်းပါ"
သူမ ထွက်သွားသည်ကို တွေ့လိုက်ရသောအခါ ဝမ်ရူကွေ့၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူမ၏ လက်ကို ဖမ်းဆွဲလိုက်သည်။ သူ့မျက်လုံးများက နက်မှောင်ပြီးရင်း နက်မှောင်ကာ ထူးဆန်းနေခဲ့သည်။
ချန်ရှို့ယွင် လန့်သွားပြီး သူ့မျက်နှာကို ကုတ်ခြစ်လိုက်သည်။ "အရူးကောင်... နင်က ငရဲကို သွားသင့်တဲ့ အရူးကောင်ပဲ... ငါ့ကို လွှတ်စမ်း"
ချန်ရှို့ယွင်က သူမ၏ လက်ကို ဆွဲဖြုတ်ကာ သရဲလိုက်ခံနေရသည့်အလား ပြေးထွက်သွားသည်။
ဝမ်ရူကွေ့က သူမ၏ နောက်ကျောကို ကြည့်ကာ ခေါင်းလေးစောင်း၍ မျက်မှောင်ကြုတ်နေရင်းဖြင့် သူ့မျက်လုံးများက တဖြည်းဖြည်း ကြည်လင်လာပြီး နောက်ထပ်အခိုက်အတန့်တွင် မျက်နှာအစိတ်အပိုင်းများက ထပ်ပြီး စူးရှလာကာ သဘောတရားအရ ကျိုးကြောင်းမညီညွတ်သော စကားလုံးများက နှုတ်မှ တရစပ် ထွက်ကျလာခဲ့သည်။
ထိုအချိန်တွင် ထုံရွှယ်လူတစ်ယောက် ပြန်တုံ့ပြန်နိုင်ခဲ့ပြီ ဖြစ်ပြီး ၎င်းမှာ ဝမ်ရူကွေ့၏ အရင်ဘဝ ဖြစ်နေသည်။
သူမ အဘယ်ကြောင့် ဤနေရာတွင် ပေါ်လာရသည်ကို မသိရပါသော်ငြား ထိုအခိုက်တွင် သူမ မည်မျှပင် ရင်ကွဲပက်လက်နေရပါစေ မည်မျှပင် နေရခက်နေပါစေ ကြည့်ရုံသာ ကြည့်နိုင်ပြီး မည်သည့်အရာမှ လုပ်မပေးနိုင်ပါပေ။
သူမက ဝမ်ရူကွေ့ အဘိုးဝမ်၏ အခန်းထဲသို့ ပြေးသွားပြီး သူငယ်စဥ်ဘဝက ဓါတ်ပုံများကို တွေ့သောအခါ အော်ဟစ် ဆုတ်ဖြဲလိုက်သည်ကို ရပ်ကြည့်နေရသည်။
အမှန်ပင် ရူးသွပ်သွားသည့်အလားပင်။
ထုံရွှယ်လူမှာ သူထိုကဲ့သို့ ဖြစ်နေသည်ကို တွေ့နေရပြီး နှလုံးသားကို အပ်နှင့်ဆွနေရသည့်အလား နာကျင်ရလွန်း၍ အသက်ကိုပင် ခက်ခက်ခဲခဲ ရှူနေရသည်။
သူထိုပုံစံ ဖြစ်နေသည်မှာ မည်မျှကြာသွားသည်ပင် မသိလိုက်ပေ။ တဖြည်းဖြည်းမျက်လုံးများက ပြန်လည်ကြည်လင်လာပြီး အခန်းကို ပြန်ကြည့်ကာ နှုတ်ခမ်းထက်၌ အက်ကွဲကွဲ အပြုံးတစ်ခု ပေါ်လာခဲ့သည်။
"ကြည့်ရတာ သူပြောတာ အမှန်ပဲထင်တယ်...ငါကမှ သေသင့်တဲ့သူ"
ထုံရွှယ်လူ: "မဟုတ်ပါဘူး... မသေပါနဲ့... ချန်ရှို့ယွင်ရဲ့ စကားတွေကို မယုံလိုက်ပါနဲ့"
သို့သော်လည်း ဝမ်ရူကွေ့မှာ သူမ၏ စကားကို မကြားဘဲ အံဆွဲထဲမှ ဓါးတစ်ချောင်းကို ထုတ်ယူကာ လက်ကောက်ဝတ်ကို လှီးဖြတ်လိုက်သည်။
ထုံရွှယ်လူမှာ သူ့လက်ကောက်ဝတ်ထက်မှ ဒဏ်ရာကို ဖိပေးထားချင်သော်ငြား အချည်းနှီး ဖြစ်သွားရပြန်လေသည်။
သူမက ဝမ်ရူကွေ့တစ်ယောက် ထောင့်လေးတစ်နေရာတွင် တဖြည်းဖြည်း သွားထိုင်လိုက်ပြီယ ကိုယ်ကို ဘောလုံးလေးတစ်လုံးကဲ့သို့ ကွေးကာ လက်ကောက်ဝတ်မှာလည်း သွေးများ စိမ့်ထွက်နေသည်ကို ရပ်ကြည့်နေရသည်။
"လူသားတွေက စကြဝဠာကြီးကို ရှာဖွေနေကြပေမယ့် စကြဝဠာကြီးကရော တကယ်ရှိရဲ့လား.... မြင်လည်းမမြင်ရ ထိလည်းမထိရရင် အားလုံးက အမှန်လို့ အာမခံနိုင်ပါ့မလား"
"ရှောင်ရှုက အစစ် မဟုတ်ဘူး... ငါကလည်း အစစ် မဟုတ်နိုင်လောက်ဘူး... ဒါပေမယ့် ဘာအရေးလဲ... ရှောင်ရှုပြောတာမှန်တယ်... ဒီကမ္ဘာပေါ်က ဘယ်သူကမှ ငါ့ကို တကယ် မချစ်ကြဘူး"
သူ့လက်များက တဖြည်းဖြည်းလျှောကျလာပြီး ငရဲပြည်၏ အသူရာချောက်နက်ဘေးတွင် လမ်းလျှောက်နေရသူလို အမှောင်ထုများက သူ့ကို တဖြည်းဖြည်း ဝါးမျိုသွားလေသည်။
"ကျွန်မ ရှင့်ကို ချစ်ပါတယ် ရူကွေ့ရယ်"
ထုံရွှယ်လူက မျက်ရည်များ ကျဆင်းလာပြီး အော်ဟစ်ငိုယိုလိုက်သည်။
ဝမ်ရူကွေ့၏ အေးစက်စက် မျက်လုံးများက ရုတ်တရက် ဝင်းလက်သွားပြီး သူမ ရှိရာဘက်သို့ ကြည့်ကာ ထူးဆန်းသည့် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
"ရှောင်ရှု ငါ့ကို ချစ်တယ်လို့ ပြောနေတဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရတယ်... ကြည့်ရတာ ငါနေမကောင်းတာ တဖြည်းဖြည်း ဆိုးလာနေပုံပဲ"
ထုံရွှယ်လူ ကြက်သေသေသွားသည်။ ဝမ်ရူကွေ့ သူမကို တွေ့နိုင်တယ်လား...
သို့သော်လည်း သူမ စကားများ ဆက်ပြီး ပြောနေသေးသော်ငြား ဝမ်ရူကွေ့ကမူ တုန့်ပြန်မှု မရှိတော့ပေ။
သူခန္ဓာကိုယ်ထဲမှ သွေးများ စိမ့်ထွက်လာနေပြီး တဖြည်းဖြည်း အသက်ငင်လာသည်။
အဆုံးတွင် ခေါင်းငိုက်စိုက်ကျသွားပြီး ဘယ်သောအခါမှ ပြန်မနိုးလာနိုင်တော့ပေ။
ထုံရွှယ်လူမှာ မြေပေါ်သို့ ပုံလဲကျသွားပြီး မျက်ရည်များကိုပင် မသုတ်နိုင်တော့ပေ။
ဝမ်ရူကွေ့ သေဆုံးသွားခဲ့သော်ငြား သူမကမူ ဤကမ္ဘာထဲမှ ထွက်မလာနိုင်သေးပေ။
သူမက ချန်ရှို့ယွင် ရဲခေါ်လာသောအခါ ဝမ်ရူကွေ့ သေဆုံးသွားကြောင်း မြင်လိုက်ရသည်ကို ရပ်ကြည့်နေသည်။ ထိုမိန်းမက လုံးဝ ဝမ်းမနည်းသည့်အပြင် ပျော်လွန်းလို့ ရယ်ချလုမတတ်ပင်။
သူမသည် ချန်ရှို့ယွင်တစ်ယောက် ဝမ်ရူကွေ့၏ အမွေများကို သိမ်းကာ ရှစ်ရှိုးနန်နှင့်အတူ စီးပွားရေး လုပ်ကြသည်ကိုလည်း တွေ့နေရသည်။ ထိုနှစ်ယောက်သားက ငွေအမြောက်အများ ရှာနိုင်ခဲ့ကြသည်။ သူတို့နှစ်ယောက် ဘဝ၏ အထွဋ်အထိပ်သို့ ရောက်ခါနီးတွင် ဖူကျန့်ယိက ရုတ်တရက် သူတို့ရှေ့တွင် ပေါ်လာပြီး သေနတ်တစ်ချက်ဖြင့် ပစ်သတ်ကာ သူတို့ ဘဝကို အဆုံးသတ်ပေးခဲ့သည်။
ဖူကျန့်ယိ သူတို့နှစ်ယောက်ကို ပစ်သတ်ပြီးနောက် ချက်ချင်းပင် အမေရိကန်သို့ ထွက်သွားခဲ့ပြီး တစ်ဘဝလုံး တိုင်းပြည်ကို ပြန်မလာခဲ့ပေ။
🍵
ဦးလေးဇုန်းမှာ မြေးအဘိုးဖြစ်သူတို့ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားကြကြောင်း သိလိုက်ရသည့်အခါ စိတ်မကောင်းဖြစ်ကာ နာမကျန်း ဖြစ်သွားသည်။ သူ့သားနှင့် ချွေးမတို့က ချက်ချင်းပင် မျက်နှာအစစ်များ ပြလာကြပြီး ပိုင်ဆိုင်မှုများ အားလုံး လွှဲပြောင်းပေူရန် ပြောခဲ့ကြသော်ငြား ဆရာဝန်မပြပေးခဲ့ကြပေ။
အဆုံးတွင် ဦးလေးဇုန်းမှာ အဖျားရောဂါကြောင့် ကွယ်လွန်သွားခဲ့ရပြီး ဟူဟိုင်နှင့် ယန်တုန့်မိန်တို့က ရုပ်အလောင်းရှေ့တွင် ထိုင်ကာငွေများ ရေတွက်နေရင်းဖြင့် ဦးလေးဇုန်းကို မည်မျှ တုံးအကြောင်း လှောင်ပြောင်နေခဲ့ကြသည်။
"ကျွန်မကတော့ ငွေရဖို့ ဒီလူအိုကြီးကို ဆယ်နှစ်လောက် စောင့်ရှောက်ပေးရဦးမယ် ထင်နေတာ... ဒီလောက်မြန်မြန်နဲ့ သေသွားမယ်လို့ မထင်ထားဘူး"
"ဒါက ဘုရားက ငါတို့ကို ကူညီနေတယ်ဆိုတာ ပြနေတာပဲလေ... သူက ငါတို့ကို ငွေပေးခဲ့တယ်ဆိုမှတော့ ဟူဟိုင်နဲ့အတူ မြှုပ်ပေးပြီး အဖေနဲ့သားကို ဆုံဆည်းပေးခိုင်းလိုက်ကြတာပေါ့"
"ဟုတ်ပြီလေ"
သူတို့က ဦးလေးဇုန်း၏ သားနှင့် ချွေးမ မဟုတ်ခဲ့ကြပေ။ ဟူဟိုင်မှာ အချိန်အကြာကြီးကတည်းက ဆုံးပါးသွားခဲ့လေပြီ။ ဦးလေးဇုန်းမှာ ထိုအကြောင်းကို မဆုံးပါးခင်ကတည်းက သိပြီးသား ဖြစ်ရမည်။ သူ့မျက်လုံးများက ညှိုးလျော်ကာ မျှော်လင့်ချက်မဲ့နေခဲ့သည်။
ထုံရွှယ်လူမှာ ထိုမြင်ကွင်းများကို တီဗီစီးရီးများ ကြည့်နေသည့်အလား မြင်ကွင်းများ ပြောင်းသွားသည်ကို ကြည့်နေခဲ့ရပြီး သူမဘယ်တော့မှ နိုးထလာနိုင်မည် မဟုတ်ဟု တွေးနေစဥ်မှာပင် သူမ၏ နားထဲ၌ အသံတိုးတိုးတစ်ခု ကြားလိုက်ရသည်။
"ရွှယ်လူ... ထတော့လေ... မြန်မြန်ထပြီး မနက်စာ စားဦး... စားပြီးမှ ပြန်အိပ်"
ထို့နောက် နွေးထွေးသော အထိအတွေ့တစ်ခုက သူမ၏ နှုတ်ခမ်းကို ဖိကပ်လာခဲ့ပြီး နှုတ်ခမ်းများကို ချိတ်ပိတ်ကာနမ်းရှုံ့လာသည့်အတွက် အသက်ပင် မရှုနိုင်တော့ပေ။
သူမက မျက်လုံးများကို ခပ်လေးလေး ဖွင့်လိုက်ရာ မျက်ဝန်းနက်နက်တစ်စုံနှင့် ဆုံတွေ့လိုက်ရသည်။
ဝမ်ရူကွေ့က သူမ၏ နှုတ်ခမ်းလေးများကို နမ်းရှိုက်လိုက်သည်။ "မင်းအခု မထရင် ရန်ရန်နဲ့ ယန်းယန်က ဆန္ဒပြတော့မှာနော်"
ထိုစကားလုံးများမှာ ပဲ့တင်ထပ်နေသည့်အလားပင် ဘေးတစ်ဖက်မှ ရှောင်ရန်ရန်လေးက "ဝူးဝါး" ဟူ နှစ်ကြိမ် အော်လာသည်။
ထုံရွှယ်လူ သူ့ကို ကြည့်လိုက်ပြီးနောက် သူမဘေးတွင် လဲလျောင်းနေကြသည့် ရှောင်ရန်ရန်နှင့် ရှောင်ယန်းယန်လေးတို့ကို တွေ့လိုက်ရသည်။ ရှောင်ယန်းယန်လေးက ခြေထောက်လေးကို ကိုင်ကာ ပါးစပ်ထဲ ထည့်လိုက်ပြီး တတိတိ ကိုက်နေသည်။
ရှောင်ရန်ရန်လေးက သူမအစ်ကို ခြေမကိုက်နေသည်ကို တွေ့သောအခါ ရွံရှာသွားပုံရသော်လည်း တစ်ခဏအကြာ လက်ကလေးကို ပါးစပ်ထဲသို့ ထည့်ကာ ကိုက်ဝါးလိုက်သည်။
ထုံရွှယ်လူမှာ ငိုချင်သွားသောကြောင့် မျက်တောင်များ တဖျတ်ဖျတ်ခတ်ကာ မျက်ရည်များကို သိမ်းဆည်းလိုက်သည်။
သူမ နိုးလာသောအခါ ထိုကမ္ဘာတွင်သာ ထာဝရ နေသွားရတော့မည်ဟု တွေးမိခဲ့သည်။
သူမက ခေါင်းဘေးကို မော့ကာ ဝမ်ရူကွေ့၏ မျက်နှာကို ဆွဲယူလိုက်ပြီး ကြောင်ပေါက်လေးလိုပွတ်သပ်လိုက်သည်။ "ချစ်တယ် ရူကွေ့"
ယခင်ဘဝမှ အဖြစ်အပျက်များအကြောင်း ဝမ်ရူကွေ့ကို ပြောပြမည် မဟုတ်သော်လည်း သူမအိမ်မက်ထဲမှ ကိစ္စများ ဖြစ်လာအောင် ခွင့်ပြုပေးမည် မဟုတ်ပေ။
ဝမ်ရူကွေ့၏ နားရွက်ဖျားလေးများ ရဲတွတ်သွားပြီး နှုတ်ခမ်းထက်၌ အပြုံးလေးတစ်ခု ဖူးပွင့်လာခဲ့သည်။ "ကိုယ်လည်း မင်းကို ချစ်တယ်" မင်းတွေးထားတာထက် ပိုပြီး...
ရှောင်ယန်းယန်လေးက ခြေမကို ကိုက်နေရင်း အဖေဖြစ်သူက သူ့အမေအား နမ်းလိုက်သည်ကို တွေ့သွားသောအခါ ချက်ချင်းဆိုသလို ခြေထောက်ကို ပြန်လွှတ်လိုက်သည်။ "ဝါးးးးးးးးးးးးးးးးးးးးး"
ထုံရွှယ်လူမှာ ဝမ်ရူကွေ့ကို ချက်ချင်းတွန်းလွှတ်ကာ ရှောင်ယန်းယန်၏ နှာခေါင်းလေးကို တို့ကာ စနောက်လိုက်သည်။ "ကောင်ကလေး... မင်းနာမည်က ဘာလဲ"
ရှောင်ယန်းယန်က အမေဖြစ်သူကို ချစ်စရာအကောင်းဆုံး အပြုံးလေး ပြုံးပြလိုက်ပြီး လက်ဖောင်းဖောင်းလေးကို ယမ်းကာ အော်လာသည်။ "အူးဝါး...."
ကောင်ငယ်လေး၏ မျက်နှာလေးက ဖြူဖွေးနူးညံ့နေပြီး အခွံခွာထားသော ကြက်ဥပြုတ်ထက်ပင် ပို၍ ဖြူဖွေးနေကာ စပျစ်သီးပုံစံ မက်လုံးဝိုင်းဝိုင်းလေးဖြင့် ကြည့်လာသောအခါ လူတိုင်း၏ နှလုံးသားကို ခြွေချနေသလိုပါပင်။
ထုံရွှယ်လူ ကလေး၏ ပါးလေးကို ငုံ့နမ်းလိုက်သည်။
ရှောင်ယန်းယန်လေးက တခစ်ခစ်ရယ်ကာဖခင်ဖြစ်သူကို လှည့်ကြည့်လာလေသည်။
ဝမ်ရူကွေ့: "..."
သူပဲအတွေးလွန်နေသည်လား မသိရသော်လ ည်း သူ့သားက သူ့အား ကြွားပြလိုက်သည်ဟု ခံစားနေရသည်။
အစ်ကိုဖြစ်သူအား အမေဖြစ်သူ အနမ်းပေးလိုက်သည်ကို တွေ့သောအခါ ခြေထောက်ဖြူဖြူလေးများက ယန်းယန်၏ မျက်နှာကို ကန်ကျောက်လာသည်။ "အူးဝါး..."
ထုံရွှယ်လူ၏ မျက်လုံးများကို ကြည့်နေပုံမှာ '"မေမေ... ရှောင်ရန်ရန်လေးလည်း အာဘွားလိုချင်တယ်" ဟု ပြောချင်နေသည့်အတိုင်းပင်။
သမီးဖြစ်သူ၏ ချစ်စရာကောင်းမှုကြောင့် ထုံရွှယ်လူ၏ နှလုံးသားလေး ထပ်ပြီး လှုပ်ရှားသွားရပြန်ကာ ရှောင်ရန်ရန်လေးကို အကြိမ်များစွာ အနမ်းပေးလိုက်သည်။
ရှောင်ရန်ရန်လေးက ပုံမှန်အားဖြင့် အေးစက်စက်နေတတ်သော်ငြား ယခုတွင် မိခင်ဖြစ်သူထံမှ အနမ်းများ ရလိုက်သည့်အတွက် အေးစက်စက် ပုံစံမျိုး ထပ်မနေတော့ဘဲ တခစ်ခစ် ရယ်မောလာလေတော့သည်။
ရှောင်ယန်းယန်လေးက မျက်နှာကို အစ်မဖြစ်သူ၏ အနံ့ဆိုး ခြေထောက်ဖြင့် အကန်ခံလိုက်ရသည့်အတွက် ရှုံ့မဲ့သွားလေသည်။ သူ့အမေ သူ့ကို ချက်ချင်း လာချော့မည်ဟု တွေးထားခဲ့သော်လည်း သူ့အမေက လာမချော့ရုံသာမက အစ်မဖြစ်သူကိုပါ သွားနမ်းလိုက်သေးသည်။
ရှောင်ယန်းယန်လေး၏ နှုတ်ခမ်းများ ပိုရှုံ့သွားသည်။
ကလေးလေးက သနားစရာကောင်းသည့်ပုံစံလေး ဖြစ်သွားပြီး အလွန်အမင်း မတရား ခံစားလိုက်ရပုံပါပင်။
ဝမ်ရူကွေ့က သူ့သား ထိုသို့ ဖြစ်သွားသည်ကို ကြည့်လိုက်ပြီး သူ့ကို သွားမချော့ရုံသာမက ရင်ထဲမှ မကျေနပ်မှုများပါ ရုတ်တရက် ကွယ်ပျောက်သွားသေးသည်။
သူ့သမီးဆိုတဲ့အတိုင်းပဲ... ကောင်းကောင်း လုပ်ပြသွားတာ...
**
ဟူဟိုင်နှင့် ယန်တုန့်မိန်တို့က ဦးလေးဇုန်း၏ သားနှင့် ချွေးမမဟုတ်ကြောင်း သိခဲ့ရပြီဖြစ်၍ ကိစ္စများကို ကိုင်တွယ်ရန် ပိုလွယ်သွားသည်။
သူမက ဟူဟိုင်၏ မွေးရပ်မြေကို လူလွှတ်ကာ ဟူဟိုင်နှင့် သူ့အမေတို့ မြှုပ်ထားသော နေရာနှင့် ထိုနှစ်က အတွင်းသိအဆင်းသိလူများကို ရှာဖွေစေကာ ငွေသုံး၍ ထိုလူများကို "ဟူဟိုင်" နှင့် ရင်ဆိုင်ရန် မျက်မြင်သက်သေအဖြစ် ပေါ်ထွက်လာစေခဲ့သည်။
"ဟူဟိုင်"နှင့် ယန်တုန့်မိန်တို့က နှစ်ပေါင်းများစွာ မတွေ့ခဲ့ရသည့် အကြီးအကဲများကို တွေ့လိုက်ရသည်။
အဆုံးတွင် ထုံရွှယ်လူက ပြည်သူ့လုံခြုံရေးဌာနသို့ လွှဲပေးလိုက်မည်ဟု ချိန်းခြောက်လိုက်သောအခါ နှစ်ယောက်သားက အဖြစ်မှန်ကို ဝန်ခံလာခဲ့ကြသည်။
ထိုရက်များအတွင်း ဦးလေးဇုန်း၏ ဇနီးနှင့် သားတို့ ရေကြီးမှူတွင် မျောပါသွားခဲ့ကြသော်လည်း သားဖြစ်သူကို ဟူဟိုင်အတု၏ မိသားစုမှ ကယ်ဆယ်ပေးခဲ့သည်။
ဟူဟိုင်မှာ ခေါင်းထိသွားပုံရပြီး မှတ်ဥာဏ်များ မရှိတော့ပေ။ သူက အဖျားရောဂါကြောင့် သေဆုံးသွားသည်အထိ သတိမရခဲ့ပေ။ သူက ဟူဟိုင်အတုကို သူ့အဖေအား ကူရှာပေးရန် ပြောခဲ့သော်လည်း ဟူဟိုင်အတုက စိတ်ထဲ မထည့်ခဲ့ပေ။ ဦးလေးဇုန်း၏ အထောက်အထားမှန်ကို သိသွားပြီးမှသာ စိတ်တက်ကြွသွားလေသည်။
သူနှင့် ဇနီးဖြစ်သူတို့က တွက်ချက်မှုများ ပြုလုပ်ကာ ဟူဟိုင်အတုအဖြစ် ဟန်ဆောင်ရင်း အခြေအနေကို အခွင့်ကောင်းယူ၍ ကြီးပွားချမ်းသာရန် စဥ်းစားခဲ့ကြသော်ငြား ထုံရွှယ်လူထံမှ မြန်မြန် ဖမ်းမိသွားခဲ့မည်ဟု မထင်ထားခဲ့ပေ။
ထိုနှစ်ယောက် အမှန်ကိုဝန်ခံပြီးသွားသောအခါ မြေပေါ် ဒူးထောက်၍ ခွင့်လွှတ်ပေးရန် တောင်းခံနေကာ ဦးလေးဇုန်းနှင့်ထုံရွှယ်လူတို့အား သူတို့ကို ပြည်သူ့လုံခြုံရေးဌာနကို မပို့ရန် တောင်းပန်နေခဲ့ကြသည်။
ဦးလေးဇုန်းနှင့် ထုံရွှယ်လူတို့က သူတို့ကို ပြည်သူ့လုံခြုံရေးဌာနသို့ မပို့ခဲ့ကြပေ။
ဦးလေးဇုန်းမှာ သားနှင့် ဇနီးဖြစ်သူတို့ ကွယ်လွန်သွားပြီးကြသည်မှာ နှစ်ပေါင်းများစွာ ကြာလေပြီဖြစ်ကြောင်း ကြားလိုက်ရသည့်အခါ နှလုံးကြေကွဲသွားလေသည်။
ဟူဟိုင်နှင့် ယန်တုန့်မိန်တို့က ဟန်ဆောင်ကာ လောဘကြီးကြသော်ငြား သူတို့က အမှန်တရားကို ထိခိုက်သွားစေရန် မလုပ်ဆောင်ခဲ့ကြပေ။ ထို့အပြင် သူတို့က ဟူဟိုင်အစစ်၏ အသက်ကိုလည်း ကယ်တင်ခဲ့ကြသေးသည်။ အဆုံးတွင် ဦးလေးဇုန်းက ညှာတာထောက်ထားကာ ပြည်သူ့လုံခြုံရေးဌာနသို့ မပို့ရန် ဆုံးဖြတ်လိုက်သည်။
သေချာပေါက်ပင် အသက်ကယ်ပေးခဲ့သည့် ဂုဏ်ထူးကိုတော့ ဖျက်သိမ်းခံလိုက်ရသည်။ ဟူဟိုင်အတုနှင့် ယန်တုန့်မိန်တို့က မလိုလားကြသော်ငြား မတုန့်ပြန်ရဲကြသဖြင့် အမြီးကုပ်ကာထွက်ပြေးသွားကြသည်။
ဦးလေးဇုန်းက ထိုကိစ္စကြောင့်နေမကောင်း ဖြစ်သွားလေသည်။
ဝမ်ရူကွေ့နှင့် ထုံရွှယ်လူတို့က သူ့ကို သေချာဂရုစိုက်ပေးခဲ့ကြပြီး ရှောင်ရန်ရန်နှင့် ရှောင်ယန်းယန်လေးတို့အား သူတို့၏ ပါရမီပြပွဲဖြစ်သည့် တဘူးဘူး မှုတ်ခြင်းကို ပြသခိုင်းခဲ့သေးသည်။
မိသားစု၏ ဂရုစိုက်မှုနှင့် အမွှာလေးနှစ်ယောက်က ရောင်စုံ အဝတ်အစားလေးများ ဝတ်ကာ ဖျော်ဖြေပေးမှုများကြောက့် ဦးလေးဇုန်းသည်လည်း အလျင်အမြန် သက်သာလာခဲ့သည်။
နေမကောင်းဖြစ်ရာမှ နလန်ထူလာနိုင်သောအခါ မစ္စတာဝမ်ထံမှ ခွင့်ရက်အနည်းငယ်ယူကာ သားနှင့် ဇနီးတို့၏ အရိုးများကို မွေးရပ်မြေသို့ ပြန်သယ်လာပေးခဲ့ပြီး ကောင်းမွန်စွာ သဂြိုလ်ပေးခဲ့သည်။
ထို့နောက် ဝမ်အိမ်သို့ ပြန်လာပြီး မစ္စတာဝမ်အား အဖော်ပြုပေးရန်နှင့် ချစ်စရာ အမွှာလေးများကို ထိန်းပေးရန်မှာသာ စိတ်အလုံးစုံ မြုပ်နှံထားခဲ့သည်။
ဝမ်ရူကွေ့နှင့်ထုံရွှယ်လူတို့ ပြောခဲ့သည့်အတိုင်း သူက သူတို့၏ ဆွေမျိုးဖြစ်ပြီး ဤနေရာက သူ့အိမ်ပါပင်။
သူတို့နှင့် ဝေး၍ မည်သည့်အရာကိုမှ လုပ်နိုင်မည်မဟုတ်ချေ။
**