🍵Chapter 355
ဆောင်းရာသီမှ နွေဦးရာသီအထိ မျက်စိတစ်မှိတ်အတွင်း အချိန်သုံးနှစ်ကုန်ဆုံးသွားခဲ့သည်။
လက်ဖက်စိမ်းစားသောက်ဆိုင်ကို ပေကျင်းတွင် ဆိုင်ခွဲသုံးဆိုင်အထိ ဖွင့်လာနိုင်ခဲ့ပြီး ပေကျင်းတွင် နာမည်အကြီးဆုံး ပထမတန်းစား စားသောက်ဆိုင်ဖြစ်လာသည်။
သာမန်လူများက လက်ဖက်စိမ်းစားသောက်ဆိုင်ကို ညစာစားရန် သွားတတ်ကြပြီး ဂုဏ်ပြုရသည့် အထိန်းအမှတ်ဖြင့် ကျွေးမွေးဧည့်ခံကြသည်။ ထိုနေရာတွင် ဝိုင်ပါတီ ဖြစ်စေ မင်္ဂလာပွဲဖြစ်စေ ပြုလုပ်နိုင်ခဲ့လျှင် တစ်နှစ်ပတ်လုံး ကြွားဝါ၍ ရသည်ဟု သတ်မှတ်နိုင်ပေသည်။
ယနေ့ခေတ် လက်ဖက်စိမ်းစားသောက်ဆိုင်က လွန်ခဲ့သည့်နှစ်များနှင့် ခြားနားနေသည်။ ဆိုင်အပြင်အဆင်က အဆင့်အတန်းမြင့်ကာ ကြီးကျယ်ခမ်းနားနေသည်။ ဧည့်ခန်းမ၏ လေးဖက်လေးတန်တွင် ကာရံထားသည့် မှန်များမှာ သန့်ရှင်းလွန်းလှသဖြင့် လူများ၏ မျက်နှာကိုပါ မြင်နိုင်ပေသည်။
ကြမ်းခင်းကိုလည်း အနက်ရောင် စကျင်ကျောက်များဖြင့် ခင်းထားပြီး မှိုင်းညို့ညို့ဖြစ်နေသည်။ ကျေးလက်မှ လာသူများ ခြေချမိသည်နှင့် ထိုရပ်ဝန်းမှ ပြန်မထွက်ရဲလောက်အောင် ဖြစ်သွားသည်။
ထိုအခိုက် စားသောက်ဆိုင် အပေါ်ဆုံးထပ်မှ ရုံးခန်းတံခါး၏ တံခါးခေါက်သံ မြည်လာခဲ့သည်။
ထုံရွှယ်လူက ဆုံလည်ကုလားထိုင်တွင် ထိုင်နေရင်း လှည့်ကြည့်လိုက်သည်။ "ဝင်လာပါ"
အနက်ရောင် အနောက်တိုင်းဝတ်စုံ ဝတ်ထားသည့် တန့်ဟုန် ဝင်လာခဲ့ပြီး ရှေ့မှ အမျိုးသမီးကို လေးစားသည့် မျက်လုံးများဖြင့် ကြည့်ကာ သက်ပြင်းချလိုက်သည်။
သူ ထိုစဥ်က အစိုးရပိုင်စားသောက်ဆိုင်မှ နှုတ်ထွက်ခဲ့စဥ်တွင် လူမည်မျှက သူကျရှုံးမည်ကို ကြည့်ရန် စောင့်ဆိုင်း နေကြသည်ကို မသိနိုင်ပေ။ သူ့ကို ထမင်းအိုးကြီးကို ပစ်ကာ မိန်းမတစ်ယောက်အတွက် အလုပ်ပြေးလုပ်ပေးနေသည်ဟု ဆိုကာ ဦးနှောက်ပျက်နေသည်ဟုလည်း ဆိုကြသည်။
သို့သော်လည်း ယခုတွင် မည်သူကမှ သူဦးနှောက်ပျက်သွားခြင်းအတွက် မရယ်ရဲကြတော့ဘဲ ထိုစဥ်က သူ့နောက်မလိုက်မိကြသူများက သက်ပြင်းချကာ နောင်တရနေကြသည်။
သို့သော်ငြား သုံးနှစ်အတွင်း လက်ဖက်စိမ်းစားသောက်ဆိုင်က ပေကျင်းတွင် နံပါတ်တစ် စားသောက်ဆိုင်ဖြစ်လာပြီး ထုံရွှယ်လူ၏ နာမည်အောက်မှ လူဝေ့ကျိုက်ဆိုင်များကို ပေကျင်း၏ ထောင့်နေရာတိုင်းတွင် ဖွင့်လှစ်ခဲ့သည်။
လူဝေ့ကျိုက်က အဆင့်မြင့်ဆိုင် မဟုတ်သော်ငြား စီးပွားရေးကောင်းမွန်လှပြီး လက်ဖက်စိမ်းစားသောက်ဆိုင်၏ အမြတ်ငွေထက် မနည်းပါပေ။
လွန်ခဲ့သည့်နှစ်နှစ်ကလည်း ထုံရွှယ်လူက ဆေးအရက် ကုမ္ပဏီတစ်ခု တည်ထောင်ခဲ့ပြီး ဆေးအရက်များကို ကိုယ်တိုင် စတင်ထုတ်လုပ်ခဲ့သည်။
သို့သော်လည်း သုံးနှစ်ကြာသည့်တိုင် ထုံရွှယ်လူ၏ ပုံပန်းသွင်ပြင်က အိုမင်းမသွားဘဲ ယခင်ကထက် လှသွေးကြွယ်လာသော်ငြား အရှိန်အဝါများကမူ ယခင်ကထက် ပို၍ ပြင်းထန်လာကာ သူမရှေ့တွင် သူသည်ပင် မာန်မကြွရဲပါပေ။
စားပွဲဆီသို့ ရောက်လာသောအခါ တန့်ဟုန်က လက်များကို ရှေပို့ကာ ပြောလိုက်သည်။
ထုံရွှယ်လူက ထိုင်ခုံကို ထိုးပြ၍ ပြောလိုက်သည်။ "မန်နေဂျာတန့်...ထိုင်ပါ"
တန့်ဟုန် ထိုင်ချလိုက်သည်။ "သူဌေးထုံ ဒီနေ့ ကျွန်တော့်ကို ခေါ်တာ ဘာခိုင်းစရာများ ရှိလို့လဲ"
ထုံရွှယ်လူက မရယ်မပြုံးပုံစံဖြင့် တဲ့တိုးပြောလိုက်သည်။ "နောက်ဆို ရှင်စားသောက်ဆိုင်ကို လာစရာမလိုတော့ဘူး... ပြီးရင် ရှင့်အလုပ်ကိစ္စတွေကို ကျန်းကျွင်းလိကို လက်လွှဲပေးလိုက်ပါ"
တန့်ဟုန် ထိတ်ထိတ်ပျာပျာ ဖြစ်သွားသည်။"သူဌေးထုံ... ကျွန်တော် အမှားတစ်ခုခု လုပ်မိလို့လား"
ထုံရွှယ်လူ ပြုံးလိုက်သည်။ "ဘာအမှားမှ မလုပ်ထားပါဘူး... ဆေးအရက်ကုမ္ပဏီမှာ စီမံခန့်ခွဲမဲ့လူ လိုနေတယ်... ကျွန်မက နိုင်ငံခြား စျေးကွက်ကိုပါ ထိုးဖောက်မလို့.... ရှင့်အကူအညီ လိုနေတယ်"
စားသောက်ဆိုင်က သေးငယ်သော ကမ္ဘာလေးတစ်ခုသာ ဖြစ်ပြီး တန့်ဟုန်သာ ဤနေရာတွင် ဆက်နေပါက အရည်အချင်းများ ဖြုန်းတီးသလို ဖြစ်နေပေမည်။
ထိုစကားကို ကြားမှသာ တုန့်ဟုန် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။ "ကောင်းပါပြီ... ကျွင်းလိကို အလုပ်တွေ လက်လွှဲပေးလိုက်ပါ့မယ်"
ထုံရွှယ်လူ လက်ခါပြလိုက်သည်။ "ပြောစရာ မရှိတော့ဘူး... အလုပ်ဆက်လုပ်လို့ ရပြီ"
နောက်ပိုင်းတွင် သူမက နိုင်ငံခြား ကုန်သွယ်ရေး ကုမ္ပဏီတစ်ခု တည်ထောင်မည်ဖြစ်ပြီး နိုင်ငံခြား စျေးကွက်ကို အရှန်အဟုန်မြင့် တိုးတက်လာစေချင်သည်။
သေချာပေါက်ပင် စျေးကွက်ပွင့်လာသည်နှင့် ဆေးအရက် ကုမ္ပဏီသာမက အစားအသောက်နှင့် ပတ်သက်သော လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်မည် ဖြစ်သည်။
တုန့်ဟုန် အပြင်ထွက်ရန် တံခါးဖွင့်လိုက်သောအခါ ဝမ်ရူကွေ့တစ်ယောက် အရုပ်ကလေးလို ချစ်စရောကောင်းသော ကောင်မလေးတစ်ယောက်ကို ပွေ့ချီထားပြီး ထပ်တူညီစွာပင် ချစ်စရာကောင်းလှသည့် ကောင်လေးက တံခါးဘေးတွင်ရပ်နေသည်ကို တွေ့လိုက်ရသည်။
တုန့်ဟုန်၏ နှုတ်ခမ်းများ တွန့်ကွေးလာသည်။ "မစ္စတာဝမ် ရောက်နေတာလား"
ဝမ်ရူကွေ့: "ဟုတ်တယ်.... အလုပ်ကို မနှောင့်ယှက်မိဘူးမလား"
တန့်ဟုန် ပြော၍ မပြီးခင်မှာပင် ကောင်ငယ်လေးက တရှုံ့ရှုံ့ငို၍ ပြေးဝင်လာသည်ကို တွေ့လိုက်ရသည်။
"မေမေ...ဖေဖေက ယောကျ်ားလေးတွေထက် မိန်းကလေးကို ဦးစားပေးတယ်... ဖေဖေက ယန်းယန်ရဲ့ နှလုံးသားလေးကို နာကျင်အောင် လုပ်တယ်... ယန်းယန် အရမ်း ဝမ်းနည်းနေပြီ"
ပြောပြီးနောက် မုန့်လုံးလေးက လှဲချလိုက်ပြီး ခပ်ဖောင်းဖောင်း ကိုယ်လုံးလေးမှာ တစ်ကိုယ်လုံး သိမ့်သိမ့်တုန်နေလေတော့သည်။
အားနည်း သနားစရာကောင်းပြီး ဝဖောင်းနေတယ်...
တန့်ဟုန်: "..."
ဝမ်ရူကွေ့: "..."
ထုံရွှယ်လူ: "..."
ရှောင်ယန်းယန်လေးက ပဲစေ့မျက်ရည်လေးများတလှိမ့်လှိမ့် ကျဆင်းကာ ခြေတံတိုလေးများ ယက်ကန်ယက်ကန်ဖြင့် အမေဖြစ်သူထံ ပြေးသွားပြီးနောက် လက်ကလေးများကို ဖွင့်ကာ ဖက်ပေးရန် တောင်းဆိုလိုက်သည်။
ကောင်ငယ်လေး၏ မျက်တောင်များက ထူထဲရှည်လျားနေပြီး မျက်ရည်များ သိပ်သည်းနေကာ နှုတ်ခမ်းလေးများ နီရဲလျက် သနားစရာပုံစံလေး ဖြစ်နေသည်။
ထုံရွှယ်လူမှာ သူ့သားက အလွန်ပင် ဒရာမာချိုးတတ်သူမှန်း သိနေသော်ငြား အလွန်ချစ်ဖို့ကောင်းနေသဖြင့် ကလေးကို ပွေ့ချီကာ လက်မောင်းထဲတွင် ဖက်ထားလိုက်သည်။
ထိုအလေးချိန်ကို ပေါ့ပါးသည်ဟု မဆိုနိုင်ပါပေ။
ရှောင်ယန်းယန်လေးက ခေါင်းလေးကို အမေဖြစ်သူ၏ ပုခုံးထက်တွင် မြှုပ်ထားလိုက်ပြီး တဖြည်းဖြည်း အငိုရပ်သွားသည်။ "မေမေ... မေမေက ယန်းယန်ကို အရမ်းချစ်တာမလား"
ထုံရွှယ်လူက ဆံပင်ပျော့လေးများကို သပ်ပေးလိုက်သည်။ "ချစ်တာပေါ့... ဒါပေမယ့် ဖေဖေက ယောကျာ်းလေးတွေထက် မိန်းကလေးတွေကို ပိုဦးစားပေးတယ်လို့ ဘာလို့ ပြောရတာလဲ"
ရှောင်ယန်းယန်၏ ကိုယ်လေး တောင့်တင်းသွားပြီး မျက်တောင်လေးများ တဖျတ်ဖျတ် ခတ်ကာ ပြောလိုက်သည်။ "မေမေ... ယန်းယန် ဗိုက်ဆာနေပြီ... အရပ်ပိုရှည်အောင် စားရမယ်"
ကောင်ငယ်လေး... ဒါက အားနည်းပြီး ဝဖီးရုံတင်မကဘူး အစားပါ သောင်းကျန်းသေးတယ်...
ထုံရွှယ်လူမှာ သားဖြစ်သူတစ်ယောက် ချက်ချင်း စကားလမ်းကြောင်း လွှဲပစ်လိုက်သည်ကို တွေ့လိုက်ရသည်။
"မေမေ့ကို အရင်ပြော... ဖေဖေက ဘာလို့ သားတွေကို ဦးစားမပေးဘူးလို့ ပြောတာလဲ... ညီမလေးကိုပဲ ပွေ့ပြီး သားကို မပွေ့လို့လား"
ထိုကိစ္စသာ ဖြစ်ခဲ့ပါက အဖေဖြစ်ခြင်းအတွက် ဝေဖန်ချက် ကောင်းကောင်း ဖြစ်သွားပေမည်။
သို့သော်ငြား ဝမ်ရူကွေ့က ထိုကဲ့သို့သော လူစားမျိုးမဟုတ်ကြောင်း သူမ ယုံကြည်သည်။
သူက ပထမတွင် ကလေးနှစ်ယောက် မွေးလာရန် မျှော်လင့်စောင့်စားနေခဲ့သော်ငြား သားဖြစ်သူကို သူမအနား ကပ်နေသည့်အတွက် အချိန်နှင့်အမျှ သဝန်တိုလေ့ရှိသည်။ ရှောင်ယန်းယန်လေး ကြီးလာသောအခါ သားအဖနှစ်ယောက်က သူမအပေါ် သဝန်တိုကာ ရန်ဖြစ်လေ့ရှိကြသော်ငြား သူက အမြဲတမ်း ဖခင်ကောင်းတစ်ယောက် ဖြစ်ပေးခဲ့သည်။
သူက ရှောင်ရန်ရန်ကို ဖက်တီးလေး ရှောင်ယန်းယန်နှင့် တန်းတူ ချစ်ပေးပြီး တစ်ယောက်ကိုသာ ဦးစားပေးသည်မျိုး မလုပ်ဖူးပါပေ။
ထိုကောင်ငယ်လေးက စကားလုံးများကို မည်သည့်နေရာမှ သင်ယူခဲ့ကြောင်း မသိရသော်ငြား သမီးမိန်းကလေးကို ဦးစားပေးသည်မျိုး မဟုတ်ပါပေ။
ရှောင်ယန်းယန်လေးက ထိုမေးခွန်းကို မရှောင်နိုင်တော့ကြောင်း သိလိုက်ရသည့်အခါ လက်ဖောင်းဖောင်းလေးဖြင့် ပါးစုံ့လေးကို ကုတ်လိုက်ပြီး နှုတ်ခမ်းဆူလိုက်သည်။
"ဖေဖေက အမြဲတမ်း ညီမလေးကိုပဲ အရင်ချီတာ... ယန်းယန်က ကိုယ့်ဘာသာ သွားချင်တယ် ပြောတာတောင် လာမချော့ပေးဘူး"
ကောင်းလိုက်တဲ့ ကောင်လေး...
ဝမ်ရူကွေ့က သားဖြစ်သူ၏ ဥာဏ်နီဥာဏ်နက်များကို ပိုနားလည်သည်။
ထိုအချိန်က လက်တစ်ဖက်တွင် ကလေးတစ်ယောက်စီကို ချီထားရင်း ကားထဲမှ ထွက်လာခဲ့သည်။ စားသောက်ဆိုင်ရှေ့သို့ ရောက်သောအခါ ပူတင်းလုံးလေးက တွန်းထိုးရုန်းကန်လျက် ပြန်ချခိုင်းခဲ့သော်ငြား သူပြန်လှည့်ကြည့်လိုက်သောအခါ စိတ်ကောက်နေမည်ဟု ထင်မထားခဲ့ပေ။
ဝမ်ရူကွေ့က သားဖြစ်သူ၏ ဖင်လုံးလုံးလေးကို ကြည့်ကာ ခပ်စပ်စပ်လေး ရိုက်ပစ်ချင်မိသွားသည်။
ရှောင်ရန်ရန်က ဖခင်၏ ခံစားချက်ကို ခံစားမိသဖြင့် မျက်ခုံးလှလှလေးကို တွန့်ချိုးကာ ကြွပ်ဆတ်ဆတ် အသံလေးဖြင့် ပြောလိုက်သည်။ "ကိုကိုက ဝိတ်ကျချင်တယ်လို့ ပြောခဲ့တာ... ဗလောင်းဗလဲတွေ သိပ်လုပ်တာပဲ"
ထုံရွှယ်လူ: "..."
ကောင်းပြီ... သူမမှာ အရမ်းကို သရုပ်ဆောင်ကောင်း ဒရာမာချိုးတတ်တဲ့ လက်ဖက်စိမ်းသားလေး ရှိတဲ့အပြင် အေးစက်စက်နိုင်ပြီး လျှာဆိပ်ပြင်းတဲ့ သမီးတစ်ယောက်လည်း ရှိသေးတယ်...
သူမက လက်ဆန့်ထုတ်ကာ သားဖြစ်သူ၏ ဖင်လုံးလုံးလေးကို ပုတ်လိုက်သည်။ "ကောင်ဆိုးလေး... ဖေဖေ့ကို အနိုင်ကျင့်နေပြန်ပြီလား... နောက်တစ်ခါ ကြက်တောင်ပံနဲ့ အာလူးကြော် ထပ်မစားချင်တော့ဘူးထင်တယ်"
ဒါက ဘယ်လိုဖြစ်ရတာလဲ...
ထိုအရာများမှာ ရှောင်ယန်းယန်လေး၏ အကြိုက်ဆုံး စားစရာများ ဖြစ်လေရာ ရှောင်ယန်းယန်လေး ထိတ်လန့်သွားပြီး ဖြူဖျော့သွားလေသည်။
သူက အောက်ချပေးရန် လှုပ်ယွလာသည်။ "မေမေ... ယန်းယန် မှားသွားပါတယ်... ယန်းယန် ဖေဖေ့ကို တောင်းပန်လိုက်မယ်"
ထုံရွှယ်လူက ကလေးကို ပြန်ချပေးလိုက်ရာ လက်များပင် အနည်းငယ် နာကျင်သွားလေသည်။
ကြည့်ရတာ ဖက်တီးလေး ဝိတ်ချဖို့ လိုနေပြီထင်တယ်...
ရှောင်ယန်းယန်က ခြေထောက်တိုလေးများ ယက်ကန်ယက်ကန်ဖြင့် ဖခင်ဖြစ်သူထံ ပြေးလာပြီး မျက်နှာပြည့်ဖောင်းဖောင်းလေးကို မော့လိုက်သည်။
"တောင်းပန်ပါတယ် ဖေဖေ... သားမှားသွားတယ်... ယန်းယန်ရဲ့ မျက်နှာကို ပြန်ညှစ်ခိုင်းမယ်လေ"
ပြောပြီးနောက် ဖခင်ဖြစ်သူ ညှစ်နိုင်စေရန် ပါးဖောင်းဖောင်းလေးများကို ထိုးပေးလိုက်သည်။
ရှောင်းယန်းယန်လေး၏ မျက်နှာလေးက အလွန် ညှစ်ရလွယ်သည်။ လူကြီးများ စိတ်ဆိုးသွားသည့်အခါတိုင်း သူ့မျက်နှာလေးကို လက်နက်အဖြစ် ချက်ချင်း ထုတ်သုံးလိုက်သည်။
သူ့မျက်နှာလေးကို ညှစ်နိုင်သရွေ့ လူကြီးများက ဒေါသထွက်ကြတော့မည် မဟုတ်ပေ။
ဝမ်ရူကွေ့က ကောင်ငယ်လေးကို သင်ခန်းစာပေးချင်သေးသော်လည်း ထုံရွှယ်လူနှင့် အလွန်ဆင်တူသည့် မျက်နှာလေးကို တွေ့လိုက်ရသောအခါ ဆက်ပြီး ဒေါသမထွက်ရက်တော့ပေ။
သူ့လက်ကို မြှောက်ကာ သားငယ်လေး၏ မျက်နှာဖောင်းဖောင်းလေးကို ညှစ်လိုက်သည်။ "နောက်တစ်ခါထပ်မလုပ်နဲ့တော့"
ရှောင်ယန်းယန်လေးက နာနာခံခံဖြင့် သဘောတူကာ အမေဖြစ်သူထံ ပြေးသွားပြီး စားသောက်ရန်အကြောင်း ပြောလေတော့သည်။
တန့်ဟုန်က တံခါးပြန်ပိတ်ပေးလိုက်ပြီး ခြေသံဖွဖွဖြင့် ရုံးခန်းထဲမှ ထွက်သွားသည်။
ဥက္ကဌထုံ၏ မိသားစုက အမှန်ပင် မနာလိုစရာကောင်းသည်။
နဂါးနှင့် ဖီးနစ်အမွှာလေးများက ချောမောလှပကြကာ ဥာဏ်ကောင်းသည့်အပြင် ချစ်စရာလည်း ကောင်းသည်။ ထိုမောင်နှမနှစ်ယောက်အတွက် ထန်ကဗျာ သုံးရာကို အလွတ်ကျက်မှတ်ရန် ဆယ်ရက်သာ လိုအပ်ပေသည်။
အခြားသော သုံးနှစ်ကလေးများ တစ်မှ တစ်ဆယ်ကို ရေတွက်ရန် ခက်ခက်ခဲခဲ ကြိုးစားနေရချိန်တွင် အမွှာလေးများက တစ်ထောင်အတွင်း ပေါင်းတတ် နှုတ်တတ်ရန် သင်ယူပြီးသွားကြလေပြီ။
ထိုကလေးများက ဥာဏ်ကြီးရှင်လေးများ ဖြစ်၍ သေချာပေါက်ပင် အခြားကလေးများထက်ပို၍ နာမည်ကြီးပေသည်။
တန့်ဟုန် သက်ပြင်းချကာ အလုပ်များကို ကျန်းကျွင်းလိထံ လွှဲပြောင်းပေးရန် လုပ်ဆောင်လိုက်သည်။
**
ရုံးခန်းထဲတွင် လူလေးယောက်သာ ကျန်ရှိလေတော့သည်။
ထုံရွှယ်လူက ကလေးနှစ်ယောက်အတွက် နွားနို့နှစ်ခွက် လုပ်ပေးလိုက်ပြီးနောက် သူတို့စားရန် သရေစာများ ထုတ်ပေးလိုက်သည်။
အစားအသောက် ရသောအခါ ဒရာမာကင်းလေးတစ်ယောက် ငြိမ်ကျသွားလေသည်။
ထုံရွှယ်လူ ပြောလိုက်သည်။ "ခရီးထွက်ဖို့တောင် ခက်ခဲနေတယ်... ရှင်နဲ့ ကလေးတွေနဲ့အတူ အိမ်မှာ အချိန်များများ နေပေးရမှာကို ကျွန်မ တကယ်တောင်းပန်ပါတယ်"
နှစ်နှစ်အတွင်း ဝမ်ရူကွေ့၏ အခြေအနေ အတော်လေး တိုးတက်လာသည်။ ဒေါက်တာချန်နှင့် ဆေးဝါးများ၏ အကူအညီကြောင့် စိတ်ကစဥ့်ကလျား ရောဂါကို အတော်လေး ထိန်းချုပ်နိုင်ခဲ့သည်။ သူသာ လှူံ့ဆော်မခံရသရွေ့ သာမန်လူနှင့် ကွာခြားမည် မဟုတ်ပေ။
ထို့ကြောင့် တစ်နှစ်အနားယူပြီးနောက် သုတေသနစခန်းသို့ ပြန်သွားပြီး အလုပ်လုပ်ခဲ့သော်လည်း စက်မှုအဖွဲ့အစည်း၏ ဒါရိုက်တာအဖြစ် ဆက်မလုပ်တော့ပေ။
သူက သုတေသန နယ်ပယ်အသစ်တစ်ခုသို့ ပြောင်းရွှေ့ခဲ့ပြီး ရူပဗေဒစက်မှုပညာမှ အင်ဂျင်နီယာနည်းပညာသို့ နယ်ပယ်ချဲ့ထွင်ကာ အက်တမ်နှင့် မော်လီကျုးများ တည်ဆောက်သည့်နေရာတွင် အာရုံစိုက်ထားသည်။
လွန်ခဲ့သည့်တစ်နှစ်က သူ့အခြေအနေ ပိုမိုတည်ငြိမ်လာခဲ့သည့်အတွက် ဒေါက်တာချန်က သူ့ကို ဆေးရပ်ရန် ပြောလိုက်သည်။
ယခုတွင် သူက ဆေးရပ်ထားသည်မှာ တစ်နှစ်ကျော်ခဲ့ပြီ ဖြစ်၍ စိတ်ပိုင်းဆိုင်ရာ အခြေအနေပိုကောင်းလာပြီး ရှောင်ရှု မပေါ်လာခဲ့သည်မှာလည်း နှစ်နှစ်ကျော်ခဲ့လေပြီ။
ဝမ်ရူကွေ့ သူမဘေးတွင် ဝင်ထိုင်လိုက်ပြီး သးမလက်လေးကို လှမ်းယူကာ ခပ်ဖွဖွ နှိပ်ပေးလိုက်သည်။
သူမနဲ့ ကလေးတွေနဲ့သာ အတူ ရှိမယ်ဆိုရင် ဘယ်နေရာရောက်ရောက် ကိစ္စမရှိဘူး...
ထုံရွှယ်လူက ချိုချဥ်တစ်လုံး ကောက်ယူကာ အခွံခွာလိုက်ပြီး သူ့ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။ "စကားမစပ်... ရက်နည်းနည်းလောက်ကြာရင် ပိုင်ဟွေ့နဲ့ ထျန်းယိတို့ ပြန်လာတော့မယ်... အဲ့အချိန်ကျရင် သူတို့ကို လေဆိပ်မှာ သွားကြိုရအောင်"
"ကောင်းတာပေါ့"
ဝမ်ရူကွေ့၏ မျက်လုံးများက သူမ၏ နှုတ်ခမ်းထက်သို့ ရောက်ရှိနေပြီး ၎င်းတို့ စေ့ပိတ်သွားသည်ကို တွေ့သောအခါ ရုတ်တရက်ဆိုသလို သူမ၏ နှုတ်ခမ်းများထက် ခပ်ဖွဖွ ဖိကပ်လိုက်သည်။
သူမ၏ နှုတ်ခမ်းအိအိလေးထက် လျှာဖြင့် ခပ်ဖွဖွ လျက်လိုက်သေးသည်။
ထုံရွှယ်လူမှာ သူထိုသို့ ရုတ်တရက် လုပ်လာမည်ဟု မထင်ထားခဲ့သဖြင့် ကြောင်အသွားပြီး ပြန်မတုန့်ပြန်နိုင်ခဲ့ပေ။
သူမ၏ နှုတ်ခမ်းများကို ထိုးခွဲခံလိုက်ရပြီး သူ့လျှာထိုးဝင်လာသဖြင့် မနေနိူင်ဘဲ ငြီးငြူမိသွားလေသည်။
ရှောင်ယန်းယန်နှင့် ရှောင်ရန်ရန်တို့ ထိုအသံကို ကြားလိုက်ရသောအခါ လှုပ်ရှားမှုများ ရပ်သွားပြီး အတူတူ ခေါင်းလှည့်ကြည့်လိုက်ကြသော်လည်း သူတို့အဖေက အမေဖြစ်သူ၏ လက်အား နှိပ်နယ်ပေးနေသည်ကိုသာ တွေ့လိုက်ရသည်။
ရှောင်းယန်ယန်လေးက နှုတ်ခမ်းလေးကို စုဝိုင်းကာ စိုးရိမ်ပူပန်သွားသည်။ "မေမေ... လက်နာသွားတာလားဟင်"
ထုံရွှယ်လူ ပြန်ဖြေရန် အချိန်မရလိုက်ခင်မှာပင် ရှောင်ရန်ရန်လေး ပြောလာသည့်စကားကို ကြားလိုက်ရသည်။ "နင်က ဝတုတ်နေလို့လေ... မေမေ နင့်ကို ချီလိုက်တော့ လက်နာသွားတာပေါ့"
ညီမဖြစ်သူထံမှ မညှာမတာ ထိုးနှက်ခံလိုက်ရသည့် ရှောင်ယန်းယန်: "..."
သားဖြစ်သူ၏ ပေါက်စီမျက်နှာလေးကို တွေ့လိုက်ရသောအခါ ထုံရွှယ်လူ မနေနိုင်ဘဲ ရယ်ချမိသွားလေသည်။