🍵Chapter 356
ရှောင်ရန်ရန်လေး ငယ်စဥ်ဘဝက အလွန်းစားနိုင်သောက်နိုင်ခဲ့သည်။ ထိုစဥ်က ဝတုတ်မလေး ဖြစ်ခဲ့သည်ပင်။ နှစ်နှစ်အရွယ်ရောက်လာသောအခါ သူမလေးက အစားရွေးသူလေး ဖြစ်လာခဲ့သည်။ အပြန်အလှန်အနေဖြင့် ရှောင်ယန်းယန်လေးက တွေ့သမျှ အကုန်စားသဖြင့် နှစ်ဝက်အတွင်း ဝတုတ်လေး ဖြစ်လာခဲ့သည်။
နောက်ပိုင်းတွင် ဝမ်ရူကွေ့က ကလေးနှစ်ယောက်နှင့်အတူ ထုံရွှယ်လူကို အဖော်ပြုပေးခဲ့သည်။ ထုံရွှယ်လူ အလုပ်ကိစ္စများ ကိုင်တွယ်ပြီးသွားသောအခါ သူတို့နှင့်အတူ ဖန်ကျင်းယွမ်၏ အိမ်သို့ သွားခဲ့သည်။
ဖန်ကျင်းယွမ်မှာ လွန်ခဲ့သည့် သုံးနှစ်က ရှောင်ချန်ဖျင်နှင့် လက်ထပ်ခဲ့ပြီး လွန်ခဲ့သည့်တစ်နှစ်က သမီးမိန်းကလေးတစ်ယောက် မွေးဖွားပေးခဲ့သည်။
သူမ၏ သမီးလေး ရှောင်ထန်းထန်း၏ နှဖူးကို မြင်လိုက်ရသောခါ ဖန်ကျင်းယွမ်မှာ သမီးဖြစ်သူအတွက် စိတ်မကောင်း ဖြစ်ရသည်ဟုဆိုကာ အော်ငိုခဲ့သေးသည်။
အမှန်မှာ ထုံရွှယ်လူ၏ အမြင်တွင် ရှောင်ထန်းထန်းက အစဥ်အလာအရ လှပသော ကလေးလေး မဟုတ်ခဲ့သော်လည်း သူမ၏ မျက်နှာအစိတ်အပိုင်းများက ထင်းထွက်နေသဖြင့် အရွယ်ရောက်လာသောအခါ အရပ်ရှည်လာခဲ့ပါလျှင် မော်ဒယ်တစ်ယောက် ဖြစ်လာရန် အထူးသင့်လျော်ပေသည်။
ရှောင်ထန်းထန်းက သူမ၏ ကိုကိုနှင့် မမတို့ ရောက်လာသည်ကို မြင်သောအခါ ခြေထောက်ခွင်ခွင်လေးများဖြင့် ယိုင်တိုင်တိုင် ပြေးလာသည်။ "မမ... ကိုကို"
ရှောင်ထန်းထန်းက ငယ်ရွယ်နေဆဲဖြစ်၍ စကား မပီသေးသော်လည်း အသံလေးက အလွန်ပင် ချစ်စရာကောင်းပေသည်။
ရှောင်းရန်ရန်လေးက အငယ်လေးတစ်ယောက်ကို တွေ့သကဲ့သို့ ခေါင်းလေးကို ပုတ်ပေးချင်ခဲ့ပြီး အလွန်အေးစက်နေပုံ ပေါ်နေသည်။
ရှောင်းယန်းယန်လေးက ဖန်ကျင်းယွမ်ဘေးသို့ ပြေးသွားကာ မျက်နှာဖောင်းဖောင်းလေးကို မော့ကြည့်လိုက်သည်။ "အန်တီကျင်းယွမ်... ဒီနေ့လည်း လှနေတာပဲနော်...ကောင်းကင်ပေါ်ကနေ နတ်သက်ကြွေလာတဲ့ အတိုင်းပဲ"
ဝမ်ရူကွေ့နှင့် ထုံရွှယ်လူတို့၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားကြသည်။ သူ့သား မြှောက်ပင့်နေတာကို မကြည့်နိုင်တော့ဘူး...
သို့သော်လည်း ဖန်ကျင်းယွမ်မှာမူ အလွန်ကျေနပ်သွားသဖြင့် အိမ်ထဲတွင် ရှိသမျှ မုန့်များ သကြားလုံးများထုတ်ယူလာခဲလသည်။ "ရှောင်ယန်းယန်လေးက အရမ်း စကားပြောကောင်းတာပဲ... သားစားချင်တာစားနော်"
"ကျေးဇူးပါ အန်တီ ကျင်းယွမ်"
ရုံးခန်းထဲမှ ထွက်လာချိန်ကတည်းက ဗိုက်ကလေး ဖောင်းကားနေပြီးဖြစ်သော်လည်း မုန့်များကို တွေ့လိုက်ရသည့်အခါ သာမန်ကာလျှံကာ လက်လှမ်းလိုက်ပြန်သည်။
ထုံရွှယ်လူက သူ့လက်ထဲမှ မုန့်များကို ယူလိုက်ပြီး ပန်းသီးတစ်စိတ် ထည့်ပေးလိုက်သည်။ "ဒါစား... တခြားဟာတွေ စားလို့မရဘူး"
ရှောင်ယန်းယန်က လက်ထဲမှ ပန်းသီးကို ကြည့်ကာ အရည်လဲ့နေသော မျက်လုံးလေးများဖြင့် ခေါင်းလေးမော့ကြည့်လာသည်။ "မေမေ... ယန်းယန်ကို မချစ်တော့ဘူးလား"
ဒါဆို အချစ်ဆိုတာ ကွယ်ပျောက်သွားတတ်တာပေါ့လေ...
ထိုလှည့်ကွက်က အခြားသူများ အထူးသဖြင့် သူတို့အပေါ် အလိုလိုက်လွန်းသော အဘိုးဝမ်နှင့် ဦးလေးဇုန်းတို့အပေါ်သာ အလုပ်ဖြစ်နိုင်သည်။ ထုံရွှယ်လူအပေါ် အသုံးမဝင်ပေ။
"မေမေက သားကို ချစ်လို့ ဆက်မစားခိုင်းတာလေ... တွေ့လား မေမေနဲ့ ဖေဖေရောညီမလေးရော မဝဘူး... သားသာ ဆက်ပြီး ဝနေရင် နောက်ဆို အပြင်ထွက်တဲ့အခါ သူများတွေက ဖေဖေနဲ့ မေမေရဲ့ ကလေးလို့ ထင်ကြတော့မှာမဟုတ်ဘူး"
ရှောင်ယန်းယန်လေးက အဖေနှင့် အမေကို ကြည့်လိုက် ညီမဖြစ်သူကို ကြည့်လိုက်ဖြင့် ကြည့်ပြီးမှ ပေါက်ဆီလုံးလေး၏ မျက်နှာထက်တွင် ထိတ်လန့်စိတ်များ ပေါ်ပေါက်လာသည်။ "မေမေ... ယန်းယန် ပန်းသီးမစားတော့ဘူး... ညီမလေး ရှောင်ထန်းက သူ့မိဘတွေလို မျက်စိလည်း မှေးတယ် နဖူးလည်းမောက်တယ်... သားလည်း သူ့လို သားမေမေတို့နဲ့ တူချင်တယ်"
နှဖူးမောက်သည့် ဖန်ကျင်းယွမ်: "..."
မျက်စိမှေးသည့် ရှောင်ချန်ဖျင်: "..."
သူတို့မိသားစုကို နှိုင်းပြောဖို့ လိုလို့လား...
ကလေးသုံးယောက်က အရုပ်များဖြင့် ကစားနေကြသည်။ ထုံရွှယ်လူက ကျန်းပိုင်ဟွေ့ ပြန်လာမည့်အကြောင်း ပြောရင်း ဖန်ကျင်းယွမ်ကိုပါ အတူတူ သွားကြိုချင်လားဟု မေးလာသည်။
ဖန်ကျင်းယွမ် ခေါင်းငြိမ့်ပြလိုက်သည်။ "သွားမယ်လေ... ငါမလိုက်ရင် သူပြန်လာတာနဲ့ ငါ့ကို စိတ်ကောက်နေတော့မှာ"
ထုံရွှယ်လူက မယုတ်မလွန် မျက်ခုံးပင့်လိုက်သည်။
လွန်ခဲ့သည့် သုံးနှစ်က ကျန်းပိုင်ဟွေ့ ဂျာမနီကို လိုက်သွားခဲ့သည်။ သို့သော်လည်း လက်မခံနိုင်ဖွယ်ရာ အခြေအနေများနှင့် လူမှုပေါင်းသင်းဆက်ဆံရေးတွင် ကိုင်တွယ်မှု ညံ့ဖျင်းခြင်းကြောင့် အလွန် နှိပ်စက်ညှင်းပန်းခံစားခဲ့ရသည်။
ထိုအချိန်၌ သူမက စိတ်ပိုင်းဆိုင်ရာအရ အနည်းငယ် ထိခိုက်သွားပြီး ကိုယ်ဝန်ပျက်ကျခြင်း၏ နှောင်းပိုင်း အခြေအနေများကြောင့် ဖွတ်ဖွတ်ညက်ညက်ကြေသွားကာ ကိုယ့်ကိုယ်ကိုယ် လုံးဝ ဂရုမစိုက်နိုင်ခဲ့ပေ။
ကျန်းပိုင်ဟွေ့မှာ ထိုအကြောင်းကြောင့် တစ်ခဏမျှ ဒေါသထွက်ခဲ့ရသော်လည်း နောက်ပိုင်းတွင် ခင်ပွန်းဖြစ်သူ လျန်ထျန်းယိ၏ ဖျောင်းဖျမှုကြောင့် ယခင်ဘဝသို့ ပြန်ရောက်သွားခဲ့သည်။
သုံးနှစ်ကြာသောအခါ ကျန်းပိုင်ဟွေ့က ဂျာမနီ သံရုံးတွင် ခြေကုပ်ယူနိုင်ခဲ့သော်ငြား လျန်ထျန်းယိက သတ်မှတ်ချိန်ထက်စော၍ ကျောင်းပြီးသွားခဲ့သည်။ သူမက ထိုနေရာမှ အလုပ်အကိုင်ကို စွန့်လွှတ်ကာ ခင်ပွန်းဖြစ်သူနှင့်အတူ ပြည်တော်ပြန်လာခဲ့ရလေသည်။
လျန်ထျန်းယိကို ရှားပါးသော လူရည်ချွန်တစ်ယောက်ဟု ဆိုရပေမည်။
သူက သတ်မှတ်ချိန်ထက် စော၍ စာသင်ကြားမှု ပြီးဆုံးသွားခဲ့ရုံသာမက ဂျာမနီတွင် စာသင်ကြားနေစဥ် စက်မှုနည်းပညာနှင့် ပတ်သက်သည့် နိုင်ငံတကာ မူပိုင်တီထွင်မှူများစွာလည်း ရရှိခဲ့သည်။
ပို၍ရှားပါးသည်ဟု ဆိုရခြင်းမှာ သူက အောက်ခြေမမေ့ဘဲ ဂျာမန် ကုမ္ပဏီကြီးများ၏ မက်လောက်စရာ ကမ်းလှမ်းမှုများကို ပယ်ချကာ မိခင်မြေတွင် တာဝန်ထမ်းဆောင်ရန် စိတ်ပိုင်းဖြတ်ကာ ပြန်လာခဲ့သည်။
လျန်ထျန်းယိအတွက်ကြောင့်ပင် ထုံရွှယ်လူနှင့် ဖန်ကျင်းယွမ်တို့က သူမကို ပစ်ထားမည်မဟုတ်ပေ။
လေးယောက်သားက အတူတကွ ထိုင်နေကြသော်လည်း အခြေခံအားဖြင့် စကားပြောနေကြသူများမှာ ထုံရွှယ်လူနှင့် ဖန်ကျင်းယွမ်တို့သာ ဖြစ်ကြသည်။
ရှောင်ချန်ဖျင်နှင့် ဝမ်ရူကွေ့တို့သာ မျက်လုံးပြူး၍ အချင်းချင်း စိုက်ကြည့်နေကြသည်။ ထိုလေထုမှာ ရှက်ကိုးရှက်ကန်းဖြစ်နေရုံသာမက စိမ်းသက်နေသည်ဟုလည်း ဆိုရပေမည်။
ထိုကိစ္စအကြောင်း ပြောရလျှင် လွန်ခဲ့သည့် နှစ်နှစ်ကဖန်ကျင်းယွမ်၏ ယောက္ခမ နှုတ်ချော်ကာ ရှောင်ချန်ဖျင် ထုံရွှယ်လူကို ကြိုက်ခဲ့ဖူးကြောင်း ပြောခဲ့မိသည့် အချိန်က စပေသည်။
ဖန်ကျင်းယွမ်သည်လည်း သဝန်တိုသွားလေသည်။ သူမက သဝန်တိုသွားရုံသာမက ထုံရွှယ်လူထံ ပြေးသွားကာ အတည်ပြုခဲ့သေးသည်။ ထိုစကားကို ဝမ်ရူကွေ့ပါ ကြားသွားခဲ့ပြီး ဝမ်ရူကွေ့သည်လည်း သဝန်တိုသွားလေတော့သည်။
ထိုမှစ၍ ရှောင်ချန်ဖျင်အပေါ် အမြင်မကြည်တော့ပေ။
ဖန်အိမ်တွင် အချိန်အတော်ကြာ ထိုင်ပြီးနောက် သုံးရက်ကြာလျှင် ကျန်းပိုင်ဟွေ့နှင့် လျန်ထျန်းယိတို့ကို အတူသွားကြိုကြရန် ဆုံးဖြတ်ခဲ့ကြသည်။ ပြီးနောက် ထုံရွှယ်လူတို့ သုံးယောက်သား အိမ်ပြန်လာခဲ့ကြသည်။
အိမ်ရှိရာ လမ်းထဲသို့ ဝင်လာသောအခါ ခြံရှေ့တွင် ထိုင်နေသည့် လူတစ်ယောက်ကို တွေ့လိုက်ရသည်။
တစ်ဖက်လူမှ အသံကြား၍ လှည့်ကြည့်လာသောအခါ ထုံရွှယ်လူနှင့် ဝမ်ရူကွေ့တို့ နှစ်ဦးလုံး၏ မျက်နှာများ တင်းမာသွားလေသည်။
ထိုသူမှာ ချန်ရှို့ယွင်၏ အကြီးဆုံးအစ်ကို ချန်တယုံပါပင်။
ဝမ်ရူကွေ့က အမူအယာမပျက် မေးလိုက်သည်။ "ဘာကိစ္စရှိလို့ ရောက်နေတာလဲ"
ချန်တယုံက အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်သွားသည်။ "မင်းအမေ... မဟုတ်သေးဘူး ရှို့ယွင် အရမ်း နေမကောင်းဖြစ်နေတယ်... သူပြန်မကောင်းတော့မှာတောင် ဖြစ်နိုင်တယ်... သူက နောက်ဆုံးအနေနဲ့ မင်းကို တွေ့ချင်တယ်လို့ ပြောလို့"
ထုံရွှယ်လူ ကြောင်အသွားသည်။ "ဘာဖြစ်သွားတာလဲ"
သူမက အနောက်မြောက်ဒေသတွင် ချန်ရှို့ယွင်နှင့် ရှစ်ရှိုးနန်တို့ မိသားစု သုံးယောက်သား၏ ဘဝက ဆိုးဝါးနေကြောင်း သိနေသည်။
အမှိုက်ဆန်သူများက နှစ်ပေါင်းထောင်ချီ ကျန်နေတတ်ကြသည်။ သူမ ရုတ်တရက်ကြီး နေမကောင်း ဖြစ်သွားမည်ဟု ထင်မထားခဲ့ပါပေ။
ချန်တယုံ၏ မျက်နှာထက် ဒေါသထွက်သည့် အမူအယာဖြစ်ပေါ်လာသည်။ "အဲ့ဒါ မကောင်းဆိုးဝါးကောင် ရှစ်ရှိုးနန်က သူ့ခေါင်းကို ကျောက်တုံးနဲ့ ထုခွဲလိုက်လို့ ခေါင်းပေါက်သွားတာ... ဆရာဝန်ကတော့ အသက်မကယ်နိုင်တော့ဘူးလို့ ပြောတယ်"
ဝမ်ရူကွေ့မှာ အမူအယာမဲ့ ရှိနေဆဲ။
ချန်တယုံ အသနားခံလိုက်သည်။ "ရူကွေ့... ရှို့ယွင် မင်းအပေါ်ကို မကောင်းတာတွေ လုပ်ခဲ့တာ ငါလည်း သိပါတယ်... ဒါပေမယ့် ဘာပဲဖြစ်ဖြစ် မင်းကို မွေးပေးခဲ့တဲ့ သူပဲလေ... အခု လူက သေအံ့ဆဲဆဲ ဖြစ်နေပြီ... သူ့ကို နောင်တတွေနဲ့ သေမသွားအောင် သွားကြည့်ပေးလိုက်ပါလား"
ထုံရွှယ်လူ နှလုံးသားထဲတွင် လှောင်ရယ်လိုက်သည်။
ထိုသူက ရွံစရာအကောင်းဆုံး စကားများ ပြောနေသည်။လူတစ်ယောက် သေဆုံးသွားလျှင် သူလုပ်ခဲ့သော အပြစ်များအားလုံးကို ချေဖျက်ပေးရမည့်ပုံပင်။
၎င်းက တန်ဖိုးမရှိသော စကားများသာ။
ဝမ်ရူကွေ့၏ အသံက အေးစက်နေသည်။
"ဒါဆိုလည်း နောင်တရခိုင်းလိုက်လေ"
ချန်တယုံ:? ! !
ထုံရွှယ်လူ စိတ်ကြည်လင်သွားပြီး နှုတ်ခမ်းလေးများကို ကွေးညွှတ်လိုက်သည်။ "ဝင်ရအောင်... ကျွန်မ ဒီနေ့ စိတ်ကောင်းဝင်နေတော့ ကိုယ်တိုင် ချက်ကျွေးမယ်"
ရှောင်ယန်းယန်နှင့် ရှောင်ရန်ရန်တို့ မြူးကြွသွားကြသည်။
"ယန်းယန်လေးက ကြက်ကြော်စားမယ်"
"ရန်ရန်က နတ်သမီးအချိုပွဲ စားမယ်"
"အိုကေ... မေမေ ချက်ပေးမယ်"
ဝမ်ရူကွေ့က ကလေးနှစ်ယောက်ကို ပွေ့လိုက်ပြီး ဇနီးဖြစ်သူနှင့် အတူ အိမ်ထဲသို့ ဝင်သွားသည်။
ချန်တယုံက ပိတ်ထားသော အိမ်တံခါးကို ကြည့်ကာ နင့်နင့်သီးသီး သက်ပြင်းချလိုက်သည်။
ဝမ်မိသားစု၏ ဘဝက ပိုပိုကောင်းလာပြီး ကြွယ်ဝတိုးတက်လာနေကာ အထူးသဖြင့် ထုံရွှယ်လူက အသက်ငယ်ငယ်မှာပင် သူမ၏ စီးပွားရေးက ကြီးပွားတိုးတက်နေသည်။
ဤတစ်ကြိမ်၌ သူရောက်လာခြင်းမှာ ချန်ရှို့ယွင်အတွက်ချည်းကြောင့်သာ မဟုတ်ပေ။
ဝမ်ရူကွေ့သာ မိခင်ဖြစ်သူကို နောက်ဆုံးအကြိမ် သွားတွေ့ပေးခဲ့လျှင် သူသည်လည်း တိုင်လုံးကို တွယ်တက်ကာ မိသားစုနှစ်စုကြား ဆက်ဆံရေးကို ပြန်ပြီး ပြေလည်သွားစေရန် အခွင့်အရေး ပြန်ရနိုင်သည်။
ဝမ်ရူကွေ့မှာ ဆန္ဒမရှိရုံသာမက စဥ်းပင်မစဥ်းစားဘဲ ငြင်းဆန်လိုက်မည်ဟု ထင်မထားခဲ့ရုံသာ။
ချန်တယုံက ခြံအပြင်တွင် အကြာကြီး ရပ်နေပြီးမှ ထွက်သွားခဲ့သည်။
ချန်ရှို့ယွင်က ဤတစ်ကြိမ်တွင် အမှန်ပင် နေမကောင်း ဖြစ်နေခဲ့သည်။ သူမက အသက်ထွက်ရန် တွန့်ဆုတ်နေပြီး နောက်ဆုံးအကြိမ်အဖြစ် ဝမ်ရူကွေ့ သူမအား လာတွေ့ပေးရန် မျှော်လင့်နေခဲ့သည်။
သူမက ရှစ်ရှင်းရွေ့အား ဝမ်ရူကွေ့ထံ အပ်ထားချင်ခဲ့သည်။ သူမ၏ သမီးကို နောက်ဆံတင်းနေခဲ့သည်။
သူမက သေတော့မည် ဖြစ်သဖြင့် ဝမ်ရူကွေ့ သေချာပေါက် လာတွေ့မည်ဟု ခံစားနေရသည်။ ဝမ်ရူကွေ့က သေခါနီး လူတစ်ယောက်၏ နောက်ဆုံး ဆန္ဒကို ငြင်းဆန်လိမ့်မည် မဟုတ်ပေ။
သို့သော်ငြား သူမ စောင့်ပြီးရင်း စောင့်နေသော်ငြား ချန်တယုံတစ်ယောက်သာ ရောက်လာခဲ့သည်။
သူမက မှုန်မှိုင်းနေသော မျက်လုံးများဖြင့် အပြင်ဘက်သို့ ကြည့်လိုက်သည်။ "ရူကွေ့ ဘယ်မှာလဲ"
ချန်တယုံ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ "လာကြည့်မနေနဲ့... သူမလာဘူး"
ချန်တယုံက "အား"ဟု အော်ထုတ်လိုက်ပြီးနောက် ပြင်းပြင်းထန်ထန် ချောင်းဆိုးလိုက်သည်။ "အား... သေစမ်း... ကျေးဇူးမသိတတ်တဲ့သား... အဟွတ် အဟွတ်..."
ချန်တယုံ လှောင်ရယ်လိုက်သည်။ "နင်လည်း တွယ်တာနေစရာမလိုပါဘူး.. သူ နင့်ကို အမေလို့တောင် သတ်မှတ်ထားတာ မဟုတ်ဘူး... အဲ့ဒီအချိန်တုန်းက ဘာလို့ သူ့အပေါ် မကောင်းတာတွေ လုပ်ခဲ့သေးလဲ... နင်သာ သူ့ကို အဲ့ဒီအချိန်တုန်းက ကောင်းကောင်း ဆက်ဆံပေးခဲ့ရင် ဒီလိုမျိုး ဖြစ်မလား"
ချန်ရှို့ယွင်မှာ ရက်ပေါင်းများစွာ ရေမချိုးထားသဖြင့် အနံ့ဆိုးများ လှိုင်လှိုင်ထနေသည်။
ချန်တယုံက သူ့မျက်နှာကိုအုပ်ကာ သူမကို မျက်နှာလွှဲထားရင်း တစ်မီတာ အကွာတွင် ရပ်နေသည်။
သူစကားပြောခဲ့သည်မှာ အချိန်အတော်ကြာသွားသော်ငြား ချန်ရှို့ယွင် ပြန်ဖြေမလာပေ။
သူ လှည့်ကြည့်လိုက်ရာ ချန်ရှို့ယွင်က တံခါးရှိရာဘက်ကို တည့်တည့်စိုက်ကြည့်လျက် သေဆုံးနေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
ကြည့်ရသည်မှာ...
လုံးဝပင် အကြည့်ပြန်မချခဲ့သည့်အတိုင်း...