အပိုင်း၃၅၈
Viewers 67k

🍵Chapter 358




ကျန်းပိုင်​ဟွေ့နှင့် လျန်ထျန်းယိတို့ ပြန်​တော်ပြန်လာကြမည့် အချိန် ​ရောက်လာ​ပေပြီ။ 


​လေဆိပ်၏ လုံခြုံ​ရေးက သိပ်မ​ကောင်းလှသဖြင့် ထုံရွှယ်လူက က​လေးနှစ်​ယောက်ကို ​ခေါ်လာရန် မစီစဥ်ထား​ပေ။ 


​ရှောင်ယန်းယန်​လေးက ထိုမီးစကို အခွင့်​ကောင်းယူကာ ဂျီကျလာသည်။ "​မေ​မေ ယန်းယန်​လေးက ​ရေခဲမုန့်၊ ကြက်​ခြေ​ထောက်​ကြာ်နဲ့ ဝက်ဝံကိတ်မုန့် စားချင်တယ်" 


ထုံရွှယ်လုံက ​ပေါက်ဆီလုံး​လေး၏ ပါးကို ဖျစ်ညှစ်လိုက်သည်။ "တစ်ခုပဲ ရမယ်" 


​ရှောင်ယန်းယန်က နှုတ်ခမ်း​လေး ဟလိုက်သည်။ "ဒါဆို ဝက်ဝံကိတ်" 


​​ရှောင်ရန်ရန်က မိဘများထံမှ နှစ်ကြိမ် အနမ်းခံလိုက်ပြီး​နောက် အရုပ်​​လေးတစ်ခု ကိုင်ထားကာ မိဘများကို လွှတ်​ပေးလိုက်သည်။ 


ထုံရွှယ်လူ၏ စီးပွား​ရေးက ကြီးပွား​နေ​သော်ငြား ကားမဝယ်​သေး​ပေ။ 


အဓိကအားဖြင့် ​စျေးနှုန်းနှင့် လုပ်​ဆောင်မှု အချိုးက သိပ်မမြင့်​သေး၍ ဖြစ်သည်။ လက်ရှိတွင်Santanaကားတစ်စီးကို ယွမ် နှစ်သိန်းခွဲ ကျသင့်သည်။ သူမသာ နှစ်နှစ်အတွင်း ဝယ်ပါက ပိုပြီး ​စျေးသင့်​​ပေမည်။ 


ထို့​ကြောင့် ဤတစ်ကြိမ် ကျန်းပိုင်​ဟွေ့ကို လာကြိုရာ၌ ​ရှောင်ချန်ဖျင်က တပ်ခွဲမှ ကားတစ်စီး ငှားလာခဲ့သည်။ 


လူ​လေး​ယောက် ဆုံ​တွေ့ကြ​သောအခါ ထုံရွှယ်လူနှင့် ဖန်ကျင်းယွမ်တို့က သဘာဝကျကျပင် ကား​နောက်ခုံ၌ ဝင်ထိုင်လိုက်ကြသည်။ 


ဝမ်ရူ​ကွေ့က ယာဥ်​မောင်း၏ ​ဘေးခုံတွင် ထိုင်လိုက်ခဲ့ရသည်။ "​နောက်ပိုင်း ပင်ပန်းရင် တစ်လှည့် ​မောင်း​ပေးလို့ရတယ်​နော်" 


ပထမတွင် ​ရှောင်ချန်ဖျင် ထုံရွှယ်လူအား သ​ဘောကျခဲ့​သေးသည်ကို ​သိလိုက်ရစဥ်က သဝန်တိုသွားမိပါ​သော်ငြား ဤနှစ်များအတွင်း သူငယ်ချင်းများ အဖြစ်သာ ဆက်ဆံခဲ့ကြပြီး  သူမအား မကြိုက်​တော့သည်မှာလည်း ကြာခဲ့​လေပြီ။ 


သူတို့ စကားမ​ပြောကြခြင်းမှာလည်း အတူတူ စကားမ​ပြောဖြစ်ကြ၍သာ။ 


ဖန်ကျင်းယွမ်မှာ အ​တော်​​လေး တက်ကြွ​နေခဲ့သည်။ "ပိုင်​ဟွေ့ အခုဆို ဘယ်လိုပုံဖြစ်​နေမလဲ​နော်... လွန်ခဲ့တဲ့ နှစ်နှစ်က ပို့လိုက်တဲ့ ပုံ​တွေမှာ​တောင် အရမ်း ဖက်ရှင်ကျ​နေတာ" 


ထုံရွှယ်လူ: "ပိုလှလာမှာ​ပေါ့" 


ကျန်းပိုင်​ဟွေ့မှာ ​ကောလိပ်တွင် ရှိစဥ်ကတည်းက ကိုယ့်ကိုယ်ကိုယ် ဒုက္ခ​ရောက်​စေမည့်သူ မဟုတ်​​ပေ။ 


သူမက ​ပေါင်းသင်းဆက်ဆံရာ၌ အလွန်​​တော်ပြီး အ​ခြေအ​နေ မ​ပေးလျှင် အ​ခြေအ​နေကို ကိုယ်တိုင်ဖန်တီးမည့်သူ ဖြစ်သည်။ 


သူမက အစပိုင်းတွင် ဂျာမန်သံရုံးသို့ သွားရန် စိတ်မသက်မသာ ဖြစ်​နေခဲ့​သော်လည်း အ​​ခြေကျသွား​သောအခါ ရလဒ်​ကောင်းများ ယူလာနိုင်ခဲ့သည်။ 


လွန်ခဲ့သည့် နှစ်နှစ်ကပင် သူမကို ဓါတ်ပုံတစ်ပုံ ပို့​ပေးလာ​သေးသည်။ ပုံထဲတွင် သူမက အ​နောက်တိုင်း ဝတ်စုံဝတ်ထားပြီး မျက်နှာကိုလည်း မိတ်ကပ်ပါးပါး ခြယ်သထား​သေးသည်။သူမက အရပ်ရှည် လှပကာ ဥာဏ်​ကောင်းသည့်အတွက် နိုင်ငံရပ်ခြားသို့ ​ရောက်​​သောအခါ ပုံပန်းသွင်ပြင်က အ​တော်​လေး ကွဲပြားသွားခဲ့သည်။ 


ယခုတွင် နှစ်နှစ်ကြာ​ခဲ့ပြီဖြစ်၍ ပိုလှလာရုံသာ ရှိ​ပေ​တော့မည်။ 


​လေယာဥ်ကွင်းသို့ လာသည့် လမ်းတ​လျှောက်လုံး စကား​ပြောလာခဲ့ကြသည်။ 


နာရီဝက် ​စောင့်ဆိုင်းပြီး​နောက် ဂျာမနီမှ ပျံသန်းလာသည့် ​လေယာဥ် ဆိုက်​ရောက်လာခဲ့သည်။ 


ဖန်ကျင်းယွမ်က လက်ထဲတွင် "လျန်ထျန်းယိနဲ့ ကျန်းပိုင်​ဟွေ့တို့ အိမ်ပြန်လာတာ ကြိုဆိုပါတယ်" ​ဟု ​ရေးထားသည့် ဆိုင်းဘုတ်​​လေး တစ်ခုပါ ကိုင်ထားခဲ့​သေးသည်။ 


​လေယာဥ်စီးလာသည့် ခရီးသည်များက တဖွဲဖွဲ ထွက်လာကြသဖြင့် သူတို့​လေး​ယောက်လည်း ထွက်​ပေါက်​နေရာကို မျက်​တောင်မခတ်စတမ်း ကြည့်​နေခဲ့ကြသည်။ 


ဖန်ကျင်းယွမ်မှာ ပင်ပန်း​နေသည့်တိုင် လက်ထဲမှ ဆိုင်းဘုတ်ကို မချရဲ​ပေ။ 


သို့​သော်ငြား လူသာကုန်သွားသည် ကျန်းပိုင်​ဟွေ့နှင့် လျန်ထျန်းယိကိုမူ မ​တွေ့ရ​သေးပါ​ပေ။ 


​လေး​ယောက်သား ကြက်​သေ​သေသွားကြသည်။ 


ဘာ​တွေ ဖြစ်​တောလဲ... 


ဆယ့်နှစ်နာရီ ​လေယာဥ် မဟုတ်ဘူးလား... 


ဖန်ကျင်းယွမ်က ဆိုင်းဘုတ်ကို ပြန်ချကာ လက်​မောင်းကို ပွတ်ရင်းဖြင့် စိတ်ပူ​ပန်စွာ​ ပြောလိုက်သည်။ "ရွှယ်လူ... ဂျာမနီဘက်ကများ သူတို့ကို ပြည်​တော်မပြန်ခိုင်းတာများလား" 


ဒါရိုက်တာ​ကျောင်း တရုတ်သို့ ပြန်လာမည်ပြု​သောအခါတွင်လည်း အ​မေရိကန်ဘက်မှ သူ့ကို ပြန်ခွင့်မပြု​သေးဘဲ ထိန်းသိမ်းထားခဲ့သည်။ ထို့​နောက် အစိုးရဘက်မှ ကြားဝင်​စေ့စပ်​ပေးခဲ့မှသာ ခက်ခဲမှုများစွာ ကြုံရပြီး​နောက် ပြည်​တော်ပြန်လာနိုင်ခဲ့သည်။ 


ထုံရွှယ်လူ ​ခေါင်းယမ်းပြလိုက်သည်။ "မဟုတ်​လောက်ပါဘူး... အခု​ခေတ်က အရင်ကနဲ့ မတူ​တော့ဘူး​လေ" 


လျန်ထျန်းယိက ထူးချွန်​ကျောင်းသား ဖြစ်​သော်လည်း ​ကျောင်း​ပေါရှန်းနှင့် အဆင့်တူတူ မဟုတ်​ပေ။


ထို့အပြင် လတ်တ​လော နိုင်ငံတကာ အ​ခြေအ​နေများနှင့် ကမ္ဘာကြီးတွင် နိုင်ငံ၏ အဆင့်အတန်းက ယခင်ကနှင့် ကွာခြားခဲ့လေပြီ။ 


ဝမ်ရူ​ကွေ့ ဝင်​ပြောလိုက်သည်။"ကိုယ် ဖုန်းဆက်ပြီး ​မေးလိုက်မယ်" 


လျန်ထျန်းယိ ပြည်​တော်ပြန်လာသည်နှင့် သိပ္ပံသု​တေသနဌာနတွင် အလုပ်ဝင်ရ​တော့မည်ဖြစ်ပြီး ပညာ​တော်သင်စရိတ်ကိုလည်း အစိုးရက ​ထောက်ပံ့​ပေးထားခြင်း ဖြစ်​လေသည်။ သူရှိ​နေသည့်​နေရာကို သက်ဆိုင်ရာ ဌာနမှ လူများ သိ​ပေလိမ့်မည်။ 


ဝမ်ရူ​ကွေ့က ဆယ်မိနစ်မျှ ဖုန်းသွား​​ပြောခဲ့ပြီး ပြန်လာ​သောအခါတွင်လည်း မျက်နှာ သိပ်မ​ကောင်း​ပေ။ 


ထုံရွှယ်လူ မျက်​မှောင်ကြုတ်လိုက်သည်။ "ဘာဖြစ်လို့လဲ... ပြန်ခွင့်မ​ပေးတာတဲ့လား" 


ဝမ်ရူ​ကွေ့ သူမကို ကြည့်လိုက်သည်။ "မဟုတ်ဘူး... ရဲ​ဘော်ကျန်းက ​နေမ​ကောင်း ဖြစ်​နေလို့ မနက်ဖြန်​လေယာဥ်နဲ့မှပဲ ပြန်လာ​တော့မယ်တဲ့" 


ပတ်ဝန်းကျင်တစ်ခုလုံး စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်သွား​လေသည်။ 


မကြာမီ ဖန်ကျင်းယွမ်က ဆိုင်ဘုတ်ကို ​ရှောင်ချန်ဖျင်ထံ ပစ်လွှင့်လိုက်ပြီး မ​ကျေနပ်သည့် ​လေသံဖြင့် ​ပြောလိုက်သည်။ "​နေမ​ကောင်းဖြစ်တာ နားလည်​ပေးလို့ ရ​သေးတယ်... ဒါ​ပေမယ့် အစီအစဥ်​ပြောင်းရင်လည်း ငါတို့ကို ကြိုအသိ​ပေးဦးမှ​ပေါ့" 


မြို့ထဲက​နေ ​လေဆိပ်ကို ကား​မောင်းဖို့ တစ်နာရီ​ကျော်ကြာတယ်... ​စောင့်​နေရတာက တစ်နာရီ... အချိန်​တွေ အလဟဿ ဖြစ်မသွားဘူးလား....


အပြန်လမ်းတွင် ကားထဲမှ ​လေထုက သိပ်မ​ကောင်းလှ​ပေ။ အထူးသဖြင့် ဖန်ကျင်းယွမ်က​ ​ဒေါသတကြီး ဖြစ်​​နေသည်။ 


"ငါ​တော့ နားမလည်နိုင်​တော့ဘူး... ​ပြော​တော့ ဘာဖြစ်မှာမို့လဲ" 


ထိုဇနီး​မောင်နှံကို ​လေးစားမှု ပြသရန်နှင့် သူငယ်ချင်းဆက်ဆံ​ရေးတို့​ကြောင့် သူတို့က ​ခွင့်တစ်ရက်ယူကာ လာကြိုကြခြင်း ဖြစ်သည်။ 


ထုံရွှယ်လူက သူ​ဌေးဖြစ်သည့်အတွက် ခွင့်ယူရန် မလိုအပ်​သော်လည်း သူ​ဌေးဖြစ်​နေသည့်အတွက်​ကြောင့်ပင် အချိန်က ပို၍ အဖိုးတန်​ပေသည်။ 


ဖန်ကျင်းယွမ် စကား​ပြောပြီးသွား​​သောအခါ မည်သူကမှ သူမကို မ​ထောက်ခံကြသဖြင့် ပျင်း​ခြောက်​ခြောက် ဖြစ်​သွား​လေသည်။ 


သူမက ထုံရွှယ်လူ၏ လက်​မောင်းကို လှမ်းဆွဲလိုက်သည်။ "နင်​ရော ​ဒေါသမထွက်ဘူးလားလို့" 


ထုံရွှယ်လူ: "အခု သူတို့ ဘာ​​တွေ ကြုံ​နေရလဲ ငါတို့ မသိဘူး​လေ... ​ပြောလို့မရတဲ့ တစ်ခုခုလည်း ဖြစ်နိုင်တာပဲ​​လေ... သူတို့ပြန်လာမှ ဆက်​ပြောကြတာ​ပေါ့" 


သို့​​သော်လည်း ကျန်းပိုင်​ဟွေ့ကို ပထမဆုံး ​တွေ့ခဲ့စဥ်က အပူအပင်ကင်းကာ ​ပေါင်းသင်းဆက်ဆံ​ရေး​ကောင်းမွန်လှပြီး ပတ်ဝန်းကျင်ကို သဟဇာတ ဖြစ်​အောင် ညှိယူတတ်ကာ အလွန် အကူအညီရ​ကြောင်း သိခဲ့ရသည်။ ​ပြောရလျှင် သူမက နိူင်ငံခြားဘာသာဌာန၏ နာမည်အ​ကျော်ဆုံး ဖြစ်​သေးသည်။ 


သူမက ပထမပိုင်းတွင် ကျန်းပိုင်​ဟွေ့ကို သတိထားဆက်ဆံခဲ့​သော်လည်း ကျန်းပိုင်​ဟွေ့က သူမကို အကြိမ်​ပေါင်းများစွာ ကူညီ​ပေးခဲ့သည့်အတွက် သတိများ ​လျှော့ချခဲ့သည်။ 


အမှန်တကယ် နားလည်သွား​သောအခါ သူမ၏ ကိုယ်ရည်ကိုယ်​သွေးက ပြီးပြည့်စုံမ​နေ​ကြောင်း သိလာရသည်။ ဥပမာအားဖြင့် သူမက အနည်းငယ် က​လေး​ဆန်ကာ တစ်ခါတစ်​လေ ယှဥ်ပြိုင်တတ်သည့် စိတ်က​လေးလည်း ရှိ​သေးသည်။ 


သို့​သော်လည်း ထိုအ​ကြောင်း​ကြောင့်ပင် စိတ်သက်သာရာရခဲ့​သေးသည်။ လူဖြစ်​နေလျှင် ချွတ်ယွင်းချက်များလည်း ရှိရ​ပေမည်။ ပြီးပြည့်စုံ​နေကြသူများမှာ ဟန်လုပ်ထားခြင်း မဟုတ်လျှင် အကြံသမားများ ဖြစ်တတ်ကြသည်။ သူမ၏ ချွတ်ယွင်းချက်များထက် အကျိုးရလဒ်များက ပိုသာ​နေလျှင် ထိုချွတ်ယွင်းချက်များကို ထည့်တွက်​မည် မဟုတ်​​ပေ။ 


ဤတစ်ကြိမ် ​သူမတို့ကို ကြိုတင်အ​ကြောင်းမကြားဘဲ တရုတ်သို့ ပြန်လာချိန် ​နောက်ဆုတ်သွားသည်မှာ အမှန်ပင် လွန်ပါ၏။ 


သို့​​သော်လည်း သူမက သူတို့ မ​တော်တဆမှုတစ်ခုနှင့် ​တွေ့ကြုံရသည်ဟု ယုံကြည်ရန် ​ရွေးချယ်လိမ့်မည်ပင်။ 


အဆုံးတွင် သူတို့မှာ သူမတို့ကို စ​နောက်ရန် အ​ကြောင်းမရှိ​ပေ။ အထူးသဖြင့် လျန်ထျန်းယိပင်။ ထိုသူက တည်ငြိမ်ကာ ရင့်ကျက်သည့် ကိုယ်ရည်ကိုယ်​သွေး ရှိသဖြင့် သူမတို့ကို ခက်ခဲသွား​စေရန် တမင်တကာ လုပ်​ဆောင်မည့်သူ မဟုတ်​ပေ။ 


ဖန်ကျင်းယွမ်က သူမ၏ စကားကို ကြား​သောအခါ တစ်ခဏမျှ ​တွေးလိုက်ပြီး​နောက် တိုက်တွန်းလိုက်သည်။ "​​အေးပါ... သူပြန်လာမှ အကျိုးအ​ကြောင်း ​မေးကြတာ​ပေါ့... ဒါ​ပေမယ့် မနက်ဖြန်ကျ သူတို့ကို သွားကြိုဦးမှာလား" 


ထုံရွှယ်လူ ​ခေါင်းယမ်းပြလိုက်သည်။ "သူက သု​တေသနစခန်းကို ပြန်သွားရင် ခွင့်ယူလို့မရ​တော့ဘူး... ငါကလည်း မနက်ဖြန် အ​ရေးကြီးတဲ့ ​ဖောက်သည်တစ်ယောက်နဲ့ ​တွေ့ဖို့ ရှိ​သေးတယ်... သူ့ရဲ့ ဝမ်းကွဲကိုပဲ သွားကြိုခိုင်းလိုက်​တော့မယ်" 


ဖန်ကျင်းယွမ် ပုခုံးတွန့်လိုက်သည်။ "ငါတို့မှာ သွားဖို့ အချိန်မရှိတာက ဟုတ်ပါပြီ... ငါတို့ ကိုယ်တိုင်မသွားရင် ​ကောင်းပါ့မလား" 


ထုံရွှယ်လူ မျက်ခုံးပင့်လိုက်သည်။ "ဘာဖြစ်လဲ" 


ဂုဏ်ပုဒ်များအရ ဝမ်ရူ​ကွေ့က လျန်ထျန်းယိ၏ ဆရာဖြစ်သည်။ သူက စိတ်ကြီးဝင်​မောက်မာမှုများကို ချထားကာ လာကြို​ပေး​သော်လည်း သူတို့ဘက်က ရုတ်တရက် ထိုလှည့်ကွက်မျိုး လုပ်လာသဖြင့် ပ​ဟေဠိ ဖြစ်ရ​သည်။ 


သူမက နားလည်​ပေးနိုင်​သော်လည်း စိတ်ထဲတွင်မူ မသက်မသာ ဖြစ်​နေဆဲပင်။ 


သူမက သူမအ​ပေါ် မဟုတ်မမှန် ဆက်ဆံလာသူမျိုးနှင့် မ​ပေါင်းသင်းချင်​ပေ။ သူမက စိတ်ထဲတွင် ​နေရခက်သဖြင့် မနက်ဖြန် ပြန်လာကြို​ပေးမည် မဟုတ်​ပေ။ 


ဖန်ကျင်းယွမ်သည်လည်း ကျန်းပိုင်​ဟွေ့ မ​ပျော်မရွှင် ဖြစ်သွားမည်ဟု ​တွေးမိသွား​သေးသည်။ သို့​သော်လည်း လုပ်စရာမရှိ​ပေ။ ယခုတွင်လည်း သူမ မ​ပျော်မရွှင် ဖြစ်​နေသည့်တိုင် မည်သူကမှ လာမ​ချော့ကြ​ပေ။ 


အိမ်ပြန်​ရောက်​သောအခါ မစ္စတာဝမ်က သူတို့ ​စော​​စော ပြန်​ရောက်လာသည့်အတွက် ​မေးမြန်းလာသည်။ 


ထုံရွှယ်လူက လျှို့ဝှက်မထား​တော့ဘဲ အတိုချုံ့ ရှင်းပြလိုက်သည်။ 


အဘိုးဝမ် ​ခေါင်းယမ်းပြလိုက်သည်။ "ဒါ သူတို့အမှားပဲ​လေ... ရက်ကို ဒီ​လောက်​ရွှေ့ပြီးမှ ဘာလို့ မ​ပြောရတာလဲ... လူ​​တွေရဲ့ စိတ်က ​ပြောင်းလဲလွယ်တယ်... အထူးသဖြင့် နိုင်ငံခြားမှာ နှစ်ရှည်လများ သွား​နေကြတဲ့သူ​တွေပဲ... သမီးလည်း သတိထား​​နော်" 


​ပြောပြီးသည်နှင့် အမွှာ​လေးများကို လက်တွဲကာ မုန့်ထွက်ဝယ်​လေ​တော့သည်။ 


ထုံရွှယ်လူ အ​လောတကြီး ဝင်တားလိုက်သည်။ "ဘိုးဘိုး... မုန့်​တွေ အများကြီး ဝယ်မ​ကျွေးပါနဲ့...အထူးသဖြင့် ယန်းယန်ပဲ... ​နောက်ပိုင်းကျ က​လေးလို ချွဲပြတော့မှာ... ဘိုးဘိုးလည်း အရူးလုပ်မခံနဲ့ဦး" 


​ရှောင်ယန်းယန်​လေး မတရားခံလိုက်ရသည်။ "မေ​​မေ... ယန်းယန်က လိမ္မာတဲ့ က​လေး​လေးပါ​နော်... လိမ္မာတဲ့က​လေး​လေးက ဘာလုပ်နိုင်မှာမို့လဲ"


​မျက်​တောင်ရှည်​ကော့​ကော့​လေးများက တဖျတ်ဖျတ်ခါကာ အရည်လဲ့​နေ​သော မျက်လုံးများထဲတွင် နစ်နာချက်များ အပြည့်ဖြစ်​နေပြီး နှုတ်ခမ်း​လေးကို ဆူ​ထော်ကာ သနားစဖွယ် ပုံစံ​လေး ဖြစ်​နေသည်။ 


အဘိုးဝမ်၏ နှလုံးသား​လေး ချက်ချင်း ထိရှသွားပြီး ချက်ချင်းဆိုသလို စည်းကမ်း​ဖောက်လိုက်​လေ​တော့သည်။ "ဟုတ်တယ်... ယန်းယန်က အရမ်းလိမ္မာတာ... ​သူက အဘိုးကို လှည့်စားပါ့မလား..." 


ထုံရွှယ်လူ: "..." ဘိုးဘိုး​ရေ... မသိဘဲ လှည့်စားခံလိုက်ရမယ်​နော်... 


သူမက ဦး​လေးဇုန်းကို သူတို့အား ကြည့်ထား​ပေးရန် ခိုင်းလိုက်ရသည်။ ​ရှောင်ယန်းယန်၏ ဥာဏ်နီဥာဏ်နက်က​လေးနှင့်ဆိုပါက မစ္စတာဝမ်ကို သူအလိုရှိသမျှ ဝယ်​ပေးရန် ​သေချာ​ပေါက် ချွဲနွဲ့​တော့မည် ဖြစ်သည်။ 


ထို့​ကြောင့်ပင် သူ့ကိုယ်ထက်၌ အဆီများ တက်လာခြင်းဖြစ်သည်။ 


ထိုအုပ်စု ထွက်သွား​သောအခါ တစ်အိမ်လုံး ​ခြောက်ကပ်သွား​လေသည်။ 


ထုံရွှယ်လူက အခန်းထဲသို့ ဝင်သွားပြီး ဝမ်ရူ​ကွေ့ သု​တေသနစခန်းသို့ ပြန်သွား​သောအခါ ယူရန် အဝတ်များ စီစဥ်​ပေး​နေခဲ့သည်။ မပြီး​သေးခင်မှာပင် ဝမ်ရူ​ကွေ့ ဝင်လာခဲ့သည်။ 


သူက သူမ၏ ခါးသွယ်သွယ်​လေးကို ဖက်ကာ ပုခုံးထက်သို့ ​ခေါင်းတင်လိုက်သည်။ "ဒါ​တွေ ကိုယ်လုပ်ပါ့မယ်" 


သူမ၏ နားရွက်ဖျားထက် အသက်ရှုသံ​နွေး​နွေး​လေး ရိုက်ခတ်လာပြီး ထုံရွှယ်လူကို ယားကျိကျိ ဖြစ်သွား​စေခဲ့သည်၊ "ရပါတယ်... ပြီး​တော့မှာပဲ" 


ဝမ်ရူ​ကွေ့၏ လက်​ချောင်းသွယ်သွယ်​လေးများက သူမ၏ ခါးကို ပွတ်သပ်လာသည်။ သူမက က​လေးအ​မေဖြစ်​​နေသော်လည်း ခါးတုတ်တုတ် ဖြစ်မလာသဖြင့် အကြိမ်တိုင်း မဖျစ်မဘဲ မ​နေနိုင်​ခဲ့ပေ။ 


နှစ်​ယောက်သားက အချင်းချင်း ဖက်တွယ်လျက် အိပ်ရာ​ပေါ်သို့ လှိမ့်သွား​လေသည်။ 


မစ္စတာဝမ် က​လေးများနှင့် အိမ်ပြန်လာ​သောအခါ ဝမ်ရူ​ကွေ့တစ်​ယောက် သု​တေသနစခန်းသို့ ပြန်သွား​လေပြီ။ 


** 


ဝမ်ရူကွေ့တစ်​ယောက် သု​​တေသနစခန်းသို့ မြန်မြန် ပြန်​​ရောက်လာသည်ကို ​တွေ့​သောအခါ ကျိုးရန်နှင့် ဟွမ်ချီမင်တို့ ထူးဆန်းသွားကြသည်။ 


အ​ကြောင်းပြချက်ကို ကြား​သောအခါ ကျိုးရန်မှာ မ​နေနိုင်ဘဲ ​ခေါင်းယမ်းကာ သက်ပြင်းချလိုက်မိသည်။ "ဒီ​ခေတ် လူငယ်​တွေက​တော့ တကယ်ခက်တာပဲ... ခရီးစဥ်​ရွှေ့တာကို ဘာလို့ ကြိုမ​ပြောရတာလဲ" 


ဟွမ်ချီမင် ​ခေါင်းငြိမ့်ပြလိုက်သည်။ "မင်း​ပြောကာမှပဲ... မင်းက လျန်ထျန်းယိရဲ့ ဆရာပဲ​နော်... ကိုယ်က​တောင် မာနချပြီး လာကြို​ပေး​သေးတာကို... ဘာလို့ သူက..." 


သူက ​နောက်ပိုင်း စကားလုံးများကို ဆက်မ​ပြောပါ​သော်လည်း လျန်ထျန်းယိအ​ပေါ် အမြင်​ကောင်း သိပ်မရှိ​တော့​ပေ။ 


ဝမ်ရူ​ကွေ့ ​ပြောလိုက်သည်။ "တခြားအ​ကြောင်းပြချက် ရှိ​နေလို့လည်း ဖြစ်နိုင်တယ်​လေ... ပြန်လာမှပဲ သူရှင်းပြတာ နား​​ထောင်တာ​​ပေါ့" 


ကျိုးရန်: "စကားမစပ်... သူပြန်လာရင် ငါတို့သု​တေသနစခန်းကို အလုပ်ဝင်မှာမလား... ဘယ်ဌာနကို သွားမှာတဲ့လဲ" 


ဝမ်ရူ​ကွေ့: "ဒုံးကျည်လက်နက် သု​တေသနနဲ့ ဖွံ့ဖြိုး​​ရေး" 


လျန်ထျန်းယိက ရူပ​​ဗေဒတွင် ပါရမီပါပြီး ပြည်ပ၌ သင်ကြားခဲ့သည်မှာလည်း ၎င်းနှင့်ဆက်စပ်မေဂျာတစ်ခုတွင် ဖြစ်သည်။ ဤဌာနကို ပြန်လာပြီး စီစဥ်သည်က အသင့်​တော်ဆုံးပင်။ 


အထက်မှ ​ခေါင်း​ဆောင်များ စီစဥ်​ပေး​သော ဌာနသို့ သွားရခြင်းက သူတို့​ပြောနိုင်သည့်အရာ မဟုတ်သဖြင့် သုံး​ယောက်သားက မကြာခင် စကားလမ်း​ကြောင်း ​ပြောင်းလိုက်ကြသည်။