🍵Chapter 359
အထက်မှ ခေါင်းဆောင်များ စီစဥ်ပေးသော ဌာနသို့ သွားရခြင်းက သူတို့ပြောနိုင်သည့်အရာ မဟုတ်သဖြင့် သုံးယောက်သားက မကြာခင် စကားလမ်းကြောင်း ပြောင်းလိုက်ကြသည်။
ကျိုးရန်က ဖားယားသည့် အပြုံးလေးတစ်ခုဖြင့် ပြောလိုက်သည်။ "ရူကွေ့ မင်းရဲ့ မိန်းမနဲ့ ငါ့မိန်းမက တစ်နေ့တည်းမှာ ကိုယ်ဝန်ရှိတဲ့အကြောင်း သိခဲ့ရတာလေ... ပြီးတော့ ငါ့သားနဲ့ မင်းရဲ့သားသမီးတွေက တစ်နေ့တည်း မွေးခဲ့တာ... ဒါ ရေစက်ပါတယ်လို့ မထင်ဘူးလား"
ဝမ်ရူကွေ့ သူ့ကို မလှုပ်မယှက် ကြည့်လိုက်ပြီး စကားလုံးငါးလုံးကို မရယ်မပြုံးဘဲ ပြောလိုက်သည်။ "စဥ်းတောင် မစဥ်းစားနဲ့"
ကျိုးရန် ချက်ချင်း ပေါက်ကွဲထွက်သွားတော့သည်။ "ဘာလို့ ဒီလို လုပ်နေတာလဲ... ငါ့စကားတောင် ဆုံးအောင် မပြောရသေးဘူး... တန်းငြင်းနေရတာက... မင်းအတွက် မကောင်းလို့လား"
ဝမ်ရူကွေ့က ပြန်မဖြေဘဲ ဟွမ်ချီမင် လှောင်ရီလိုက်သည်။ "ငါတို့သိလာတာ နှစ်တွေအများကြီး ကြာနေပြီ... မင်းဖင်ကြွလိုက်တာနဲ့ အီးပေါက်တော့မယ်ဆိုတာ သိနေတာ... မင်းက ဒီလောက်ထိ ဥာဏ်ပညာကြီးမားမှတော့ မင်းဘာပြောချင်လဲဆိုတာ ငါတို့မသိဘဲ နေပါ့မလား"
ဝမ်ရူကွေ့: "..."
ကျိုးရန်: "မင်းက စကားကောင်းလေး ဝင်ပြောပြီး ဖားယားလို့ ရတယ်ထင်မနေနဲ့... မင်းက ရူကွေ့ကို ဖားပြီး ရန်ရန်လေးကို ချွေးမတော်ဖို့ ကြိုးစားနေတာမလား... ငါ့မှာသားတစ်ယောက်ပဲ ရှိတာ... အနာဂါတ်မှာ ငါတို့ လင်မယား ပိုင်တဲ့ ပစ္စည်းတွေအားလုံး သူ့ဆီ ရောက်သွားမှာပဲ... မင်းနဲ့တော့ မတူဘူးလေ... မင်းက သားနှစ်ယောက် ရှိတော့ တစ်ဝက်စီ ခွဲပေးရမှာ...
ရူကွေ့က ဥာဏ်ကောင်းပြီးသား... ငါ့သားကို ရွေးရင် ပိုပြီး အကျိုးရှိတယ်ဆိုတာ သိတယ်"
ဝမ်ရူကွေ့: "..."
ဟွမ်ချီမင်: "ချီးပေကောင်... သူ့စကားကို သွားနားမထောင်နဲ့နော်... ငါ့မှာ သားနှစ်ယောက် ရှိပေမယ့် ရန်ရန်လေးသာ တစ်ယောက်ကို ရွေးလိုက်ရင် ရှိသမျှ စည်းစိမ်အားလုံး အဲ့ဒီသားကိုပဲ အကုန်ပေးလိုက်မှာ... ကျန်တဲ့တစ်ယောက်ကို ဘာမှ မပေးတော့ဘူး"
ကျိုးရန်: "..."
ဒီလို တိုက်ခိုက်နေစရာ လိုသေးလို့လား...
ဝမ်ရူကွေ့က ထိုနှစ်ယောက်ကို ကြည့်ကာ ပြောလိုက်သည်။ "မင်းတို့သားတွေကို တစ်ယောက်မှ မရွေးဘူး"
ရှောင်ရန်ရန်လေးက သုံးနှစ်ပဲ ရှိသေးတာကို... အဲ့ဒီနှစ်ကောင်က အသည်းအသန်ချွေးမတော်ချင်နေပြီ... ငါ့သမီးကို သူတို့နဲ့ ဝေးဝေးမှာ ထားမှဖြစ်မယ်... ဒင်းတို့တွေ အိမ်မက်ပဲ မက်နေလိုက်...
ဝမ်ရူကွေ့ ထွက်သွားသည်ကို မြင်သောအခါ ကျိုးရန်နှင့် ဟွမ်ချီမင်တို့က အချင်းချင်း ကြည့်လိုက်ကြပြီး အတူတူ သက်ပြင်းချလိုက်ကြသည်။
ဝမ်ရူကွေ့ကို ထိုမျှလောက် ဆွဲခေါ်နေရခြင်းမှာ ချစ်စရာသမီးလေး ရှိသည့်အတွက်ကြောင့်တင် မဟုတ်ပေ။
အမှန်တွင် နှစ်ယောက်သားက သူတို့၏ ဇနီးများကို သမီးတစ်ယောက် ထပ်မွေးစေချင်ခဲ့ကြသော်လည်း ထိုအစီအစဥ်မှာ အပြောင်းအလဲများကြောင့် အလုပ်မဖြစ်ခဲ့ပေ။
အစိုးရဘက်မှ မနှစ်ကစ၍ မိသားစုအရေအတွက်ကန့်သတ်သည့် အစီအစဥ်ကို စတင်ဆောင်ရွက်နေပြီဖြစ်၍ ကလေးထပ်ယူရန် အခွင့်အရေး မရှိတော့ပေ။
သူတို့အတွက် ချစ်စရာ ကောင်းတဲ့သမီးလေးဆိုတာ ရှိလာမှာ မဟုတ်တော့ဘူး...
🍵
နောက်တစ်ရက်တွင် ထုံရွှယ်လူက စီစဥ်ထားသည့်အတိုင်း ကျန်းပိုင်ဟွေ့နှင့် လျန်ထျန်းယိကို သွားကြိုပေးရန် ကျန်းကျွင်းလိကို လွှတ်လိုက်သည်။
အကြောင်းတစ်ခုအရ သူတို့က အစိုးရဘက်မှ အခိုင်အမာ ထောက်ပံ့ပေးထားသည့် ပညာတော်သင်များဖြစ်၍ သူတို့မသွားလျှင်ပင် သက်ဆိုင်ရာဌာနများက သူတို့ကို သွားကြိုပေးရန် လူလွှတ်ပေးကြမည် ဖြစ်သည်။
ယနေ့တွင် သူမက ရှန်းကျန့်မှ အကြီးစား ဖောက်သည်တစ်ယောက် ရရှိခဲ့ပြီး ဆေးအရက် ကော်ပိုရေးရှင်းအကြောင်း ဆွေးနွေးကြမည် ဖြစ်သည်။
ကျန်းဟွာကျယ်က ရှန်းကျန့်ရွေ့ဖုန်း ကူးသန်းရောင်းဝယ်ရေး ကုမ္ပဏီ၏ ဥက္ကဌဖြစ်ပြီး ဤတစ်ကြိမ်၌ လူကိုယ်တိုင် လာရောက်မည်ပင်။
သူ မလာခင်က လန်ထင်းဆေးအရက်၏ ပိုင်ရှင်က ထိုမျှလောက်ထိ ငယ်ရွယ်နေဦးမည် မဆိုထားနှင့် ထိုမျှလောက် ချောမောလှပမည်ဟု မထင်ထားခဲ့ပေ။
ထိုအချိန်တွင် သူက ထုံရွှယ်လူကို အံ့အားသင့်နေသော မျက်လုံးများဖြင့် ကြည့်လာသည်။ "သူဌေးထုံ... ကျွန်တော်ကတော့ ရွှံ့တွေတောင် မမြင်ဘူး"
ကျန်းဟွာကျယ်က စကားပြန်တစ်ယောက် ခေါ်လာခဲ့သည်။ သူ ယခင်က မန်ဒရင်းကို တစ်ခွန်းမှ မပြောချင်ခဲ့ပေ။ ယခုတွင် ထုံရွှယ်လူကို တွေ့လိုက်ရသည့်အခါ စကားပြန်ကိုမေ့သွားပြီး ပလပ်စတစ်ပူပူ မန်ဒရင်းကို ပြောမိသွားသည်။
ထုံရွှယ်လူက သူ့ကို လက်ဆွဲနှုတ်ဆက်ကာ အင်္ဂလိပ်စကားဖြင့် ပြောလိုက်သည်။ "ဟယ်လို ဥက္ကဌကျန်း... တွေ့ရတာ ဝမ်းသာပါတယ်... မန်ဒရင်းစကား မပြောချင်ရင် အင်္ဂလိပ်လို ပြောပြီး ဆက်သွယ်လို့ ရပါတယ်"
ပြောပြီးနောက် လက်ပြန်ရုတ်လိုက်သည်။
ကျန်းဟွာကျယ် အလွန်အံ့အားသင့်သွားသည်။ "မင်းတို့လို ပြည်မကြီးကလူတွေက အင်္ဂလိပ်စကား မပြောတတ်လောက်ဘူးလို့ ထင်ထားတာ"
သူပြော၍ မဆုံးခင်မှာပင် ထုံရွှယ်လူ ဖြတ်ပြောလိုက်သည်။ "ရှန်းကျန့်က တရုတ်ရဲ့ အစိတ်အပိုင်းတစ်ခုပါ... ပြီးရင် 1997မှာ ပြည်မကြီးနဲ့ ပြန်လည်ပေါင်းစည်းလိမ့်မယ်... ပြီးတော့ ကျွန်မတို့ ပြည်မကြီးကလူတွေက အင်္ဂလိပ်စကား ပြောတတ်ရုံတင်မကဘူး... ဒုံးကျည်နဲ့ နျူကလီးယားလက်နက်တွေကိုပါ တိုးတက်အောင် လုပ်ဆောင်နေပါပြီ... အစိုးရဘက်က ပထမဆုံး လူလုပ်ဂြိုလ်တုတစ်ခုကို လွန်ခဲ့တဲ့ နှစ်တွေက အောင်အောင်မြင်မြင် လွှတ်တင်ခဲ့တယ်... တရုတ်က အတိတ်ကို ချန်လှပ်ထားပြီး တိုးတက်မှုတွေ အဆက်မပြတ် လုပ်ဆောင်နေတာပါ"
"သူဌေးကျန်းအနေနဲ့ အသိပညာတွေ တိုးတက်အောင် လုပ်သင့်တယ်... မဟုတ်ရင် လူတွေက ရှင့်ကို ရေတွင်းထဲက ဖားလို့ ထင်သွားကြလိမ့်မယ်"
1980နှင့် 1990 နှောင်းပိုင်းကာလများတွင် တရုတ်ပြည်ကြီးက ရှန်းကျန့်နှင့် စီးပွားရေး ပူးပေါင်းလုပ်ဆောင်မှုများ လုပ်ဆောင်ခဲ့သည့်အခါ ရှန်းကျန့်မှ လူများက သာလွန်မြင့်မြတ်သည့်ဟန်များ လုပ်လေ့ရှိကြသည်။ သူတို့က ပြည်မကြီးသားများအပေါ် အထင်သေးနှိမ့်ချကြသော်လည်း ပြည်မကြီးသားများထံမှလည်း အကျိုးအမြတ် ရယူလိုကြသေးသညိ။
အချို့သော ပြည်မကြီးသားများက ငွေမျက်နှာကြောင့် နှိမ့်ချတတ်ကြပြီး ငွေရနိုင်လျှင်ပင် အထင်သေးခံရသည့်အတွက် စိတ်ထဲမထည့်တတ်ကြသော်လည်း ထုံရွှယ်လူက ထိုသို့လုပ်မည် မဟုတ်ပေ။
အရောင်းအဝယ်ကိစ္စကြီး ဖြစ်ခဲ့လျှင်ပင် ထိုသူနှင့် ပူးပေါင်းဆောင်ရွက်မည် မဟုတ်ပေ။ ကမ္ဘာကြီးက ကျယ်ပြောသဖြင့် လူများအား လေးစားတတ်သည့် လူတစ်ယောက်ကို အမြဲတမ်း ရှာတွေ့နိုင်ပေမည်။
လေထုက စက္ကန့်အနည်းငယ်လောက်ထိ တိတ်ဆိတ်သွားလေသည်။
ရုံးခန်းထဲမှ ဝန်ထမ်းများမှာ ထုံရွှယ်လူလောက် အင်္ဂလိပ်စကား ကောင်းကောင်း မပြောတတ်ကြပေ။ ထုံရွှယ်လူ ပြောသည့်စကားကို နားမလည်သော်ငြား အခြေအနေမဟန်သည်ကို ခံစားမိနိုင်ကြသည်။
လူတိုင်းက ကျန်းဟွာကျယ် စိတ်ဆိုးသွားတော့မည်ဟု တွေးနေစဥ်မှာပင် သူခေါင်းမော့လာပြီး ရယ်မောလိုက်သည်ကို တွေ့လိုက်ကြရသည်။
"သူဌေးထုံက အမျိုးသမီးလုပ်ငန်းရှင်တွေရဲ့ သူရဲကောင်းလို့ ခေါ်ဖို့ ထိုက်တန်ပါတယ်... ခုနက ကျွန်တော် စကားပြောမှားသွားတယ်... မင်းနဲ့ ပြည်မကြီးကလူအားလုံးကို တောင်းပန်ပါရစေ"
ထုံရွှယ်လူ: "ရှင်တောင်းပန်တာကို လက်ခံပါတယ်... မစ္စတာကျန်း... ထိုင်ပါဦး"
ထို့နောက် သူတို့က ပူးပေါင်းဆောင်ရွက်မည့် ပရောဂျက်များအပေါ် စတင်ဆွေးနွေးခဲ့ကြသည်။
ကျန်းဟွာကျယ်က လိမ္မာပါးနပ်ပြီး လုပ်ရည်ကိုင်ရည် ရှိသည့် စီးပွားရေးသမားတစ်ယောက် ဖြစ်သဖြင့် သူတို့အတွက် အကျိုးအမြတ်များစွာ တောင်းဆိုလာခဲ့သည်။
သူတို့သာ အခြားသောလူများ ဖြစ်ပါက ပူးပေါင်းဆောင်ရွက်မှု အောင်မြင်စေရန် အကုန် လိုက်လျောပေးမည်ဖြစ်သည်။
သို့သော်လည်း ထုံရွှယ်လူအတွက် မရနိုင်ပေ။ သူမက သူမအတွက် တိုက်ခိုက်မည် ဖြစ်သည်။
သူမက ကိုယ်တိုင်ထုတ် ဆေးအရက်များနှင့် နောင်တွင် ရှိလာမည့် စျေးရောင်းချန်နယ်များကိုအသုံးပြုထားသည်။ အတိုချုံ့ပြောရလျှင် ကျန်းဟွာကျယ်ကို ပြောပြသည့် အချက်အလက်များ အစီအစဥ်များက သူမနှင့် မပူးပေါင်းလျှင် ဆုံးရှုံးရမည့်သူမှာ သူဖြစ်သွားမည့်အကြောင်း ပြောပြနေခြင်း ဖြစ်သည်။
ထုံရွှယ်လူက ကျန်းဟွာကျယ်ကဲ့သို့ ဖောက်သည်ကြီးကို ဆုံးရှုံးသွားပြီးနောက် ကုမ္ပဏီဘက်မှ အော်ဒါများ မရတော့မည့်အပေါ် စိတ်မပူပေ။တိုင်းပြည်က ဖွံ့ဖြိုးတိုးတက်နေပြီး ပြည်တွင်းနှင့် ပြည်ပစျေးကွက်များက ဆယ်စုနှစ်အနည်းငယ်အတွင်း အရှိန်အဟုန်မြင့် တိုးတက်လာမည် ဖြစ်သည်။
သူမက နောက်ပိုင်းဖွံ့ဖြိုးရေးစီးကြောင်းများကို သိနေပြီး စျေးကွက်ချန်နယ်များစွာနှင့်လည်း ရင်းနှီးနေကာ ထိုကဲ့သို့ ရွှေလက်ချောင်းကြီး ရှိနေသည့်အတွက် မည်သူ့ကိုမှ မြှောက်ပင့်ဖားယားလိမ့်မည် မဟုတ်ပေ။
ကျန်းဟွာကျယ်ကို အဆုံးတွင် လက်ခံသိမ်းသွင်းနိုင်ခဲ့သည်။
ဆွေးနွေးမှုမလုပ်ခင်က ထုံရွှယ်လူကို အလှပန်းအိုးတစ်လုံးမျှသာ ဖြစ်သည်ဟု တွေးခဲ့သည်။ သူမ၏ အသိပညာ၊ အပြောအဆိုနှင့် စီးပွားရေးနည်းလမ်းများက သူ့ထက် မနိမ့်ကျပါပေ။
ထို့အပြင် ဤတစ်ကြိမ် မလာခင်ကလည်း စုံစမ်းမှုများ ပြုလုပ်ထားသည်။ လန်တင်းဆေးအရက်က စျေးကွက်ထဲရှိ ဆေးအရက်များထက် အကျိုးသက်ရောက်မှုကော အရည်အသွေးပါ ပိုကောင်းနေသည်။
ရှန်းကျန့်သားများက များစွာသော ဖြည့်စွက်စာများနှင့် ဆေးအရက်များအပေါ် အမြဲတစေ နှစ်ခြိုက်ကြသည်။ ဤဆေးအရက်သာ ရှန်းကျန့်စျေးကွက်သို့ ရောက်လာပါက သေချာပေါက် ကျော်ကြားလာပေလိမ့်မည်။
တစ်ဖက်လူက ဖောက်သည်ဆုံးရှုံးမည်ကို အမှန်ပင် ဂရုမထားကြောင်း တွေ့လိုက်ရသည့်အခါ ကျန်းဟွာကျယ်တစ်ယောက် အဆုံးတွင် သူမ၏ အစီအစဥ်ကို လက်ခံလိုက်ရတော့သည်။
ကံကောင်းထောက်မစွာဖြင့် ဤအစီအစဥ်မှ မြောက်များစွာ ဆုံးရှုံးမည် မဟုတ်သော်လည်း အမြတ်အများကြီး မရှိပေ။
စာချုပ်ကိစ္စများ ဆွေးနွေးပြီးနောက် ကျန်းဟွာကျယ် ပြုံး၍ ပြောလိုက်သည်။ "သူဌေးထုံက ဒီလောက် ငယ်ရွယ်ပြီး လှပတာ ရှန်းကျန့်မှာ သရုပ်ဆောင်လုပ်ဖို့ စိတ်ဝင်စားလားလို့ မေးချင်ပါတယ်... ရှန်းကျန့်မှာ သရုပ်ဆောင်လုပ်တာက စီးပွားရေး လုပ်တာထက် အများကြီး ငွေပိုရှာနိုင်တယ်"
ထုံရွှယ်လူက စိတ်ထဲတွင် မျက်လုံးလှိမ့်လိုက်ပြီးနောက် အိန္ဒြေရရ အပြုံလေးတစ်ခုဖြင့် ငြင်းဆိုလိုက်သည်။ "ကျွန်မက သရုပ်ဆောင် လုပ်ဖို့ စိတ်မဝင်စားပါဘူး... ကျွန်မယောကျ်ားနဲ့ ကလေးတွေလည်း ပေကျင်းမှာ ရှိနေကြတော့ သူတို့ကို ထားခဲ့လို့ မဖြစ်ဘူးလေ"
အတွေ့အကြုံ မရှိတဲ့ မိန်းကလေးတွေလောက်ပဲ ကျန်းဟွာကျယ် လှည့်ဖြားလို့ရမယ်... သူမက အချိန်ကူးပြောင်းလာသူပဲလေ...
1980ပြည့်နှစ်များမှ ရှန်းကျန့် ကြယ်ပွင့်များမှာ လွန်စွာလှပကြသော်လည်း လွတ်လပ်မှုမရှိကြပေ။ ထို့အပြင် နောက်ပိုင်းမျိုးဆက်များ၏ ဆယ်လီများ အိုင်ဒေါလ်များလောက် ဝင်ငွေမရကြ။
ကျန်းဟွာကျယ်က ထိုစကားကို ကြားသောအခါ ထိတ်လန့်သွားပြီး ပါးစပ်ဟောင်းလောင်း ဖြစ်သွားသည်။
"သူဌေးထုံက လက်ထပ်ပြီးသွားပြီလား"
ကလေးရှိတယ်ဆိုရင် ဘာလို့ မတွေ့ရတာလဲ...
ထုံရွှယ်လူ ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်ပါတယ်... ကျွန်မလက်ထပ်ထားတာ နှစ်နည်းနည်းလောက် ရှိပြီ... သားနဲ့ သမီးက သုံးနှစ်ပြည့်သွားပြီလေ.. ကံကောင်းချင်တော့ သူတို့အဖေရဲ့ အဘိုးနဲ့ ကျွန်မအဘိုးက စစ်တပ်က အငြိမ်းစား ယူထားကြတော့ သူတို့ကို ထိန်းပေးနိုင်ကြတယ်... ဒါကြောင့် ကျွန်မလည်း အပြင်ထွက်ပြီး စီးပွားရေး လုပ်နိုင်တာပေါ့"
ကျန်းဟွာကျယ် သိလိုစိတ်အပြည့်ဖြင့် မေးလိုက်သည်။ "ကလေးတွေ အဘိုးနဲ့ မင်းအဘိုးက အရင်တုန်းက စစ်တပ်မှာ ဘာအလုပ်လုပ်ခဲ့ကြတာလဲ"
ထုံရွှယ်လူက မတုန်မလှုပ်ဖြင့် ပြန်ဖြေလိုက်သည်။ "တိုင်းပြည်အတွက် အမှုထမ်းခဲ့တဲ့ သာမန်စစ်သားတွေပါပဲ"
ထိုစကားကို ကျန်းဟွာကျယ် ကြားသောအခါ ထူးမခြားနားပုံစံ ဖြစ်သွားသည်။ ဖြစ်ချင်တော့ သာမန်စစ်သားတွေပဲကိုး...
ထိုအခိုက် ထုံရွှယ်လူက သက်ပြင်းချကာ ပြောလိုက်သည်။ "ဗိုလ်မှုးရာထူးပဲလေ... သာမန်ပါပဲ... ပြောပလောက်စရာ မဟုတ်ပါဘူး"
ကျန်းဟွာကျယ်: "..."
အရမ်း အရမ်းကို သာမန်ကျတဲ့ ဗိုလ်မှူးရာထူးပေါ့လေ...
ထုံရွှယ်လူက ဗာဆိုင်း လက်တစ်ဆုပ်စာ ပြလိုက်ရုံဖြင့် ကျန်းဟွာကျယ်ကို လုံးလုံးလျားလျား ထိန်းချုပ်နိုင်သွားသည်။
[T/N ပြင်သစ်နိုင်ငံရဲ့ဗာဆိုင်းနန်းတော်ပါ... လူချမ်းသာ ရာထူးကြီးပုဂ္ဂိုလ်တွေ ကိန်းကြီးခမ်းကြီးနိုင်တာမျိုးမှာ သုံးတတ်တဲ့ စကားပါ]
ကျန်းဟွာကျယ်မှာ ယခင်က အထက်စီးဆန်သည့် ပုံစံ ရှိခဲ့သော်လည်း ထိုစကားကို ကြားပြီးနောက်တွင် ထုံရွှယ်လူအပေါ် သဘောထားများက အတော်လေး လေးလေးစားစား ဖြစ်သွားသည်။
**
ထုံရွှယ်လူက ယွမ်သုံးသိန်းတန် အရောင်းအဝယ် အော်ဒါကြီးတစ်ခုကို ပြောဆိုနေချိန်တွင် ကျန်းပိုင်ဟွေ့နှင့် လျန်ထျန်းယိတို့က လေဆိပ်တွင် ရောက်နေကာ အဆုံးတွင် အမိမြေသို့ ပြန်ရောက်လာခဲ့သည်။
ကျန်းပိုင်ဟွေ့က ခရီးဆောင်အိတ်ကို ဆွဲကာ အဖြူရောင် ဝတ်စုံလေး ဝတ်ဆင်ထားပြီး နေကာမျက်မှန်တပ်လျက် ဆံပင်များ ဝဲပျံကာဖြင့် ထွက်ပေါက် ရှိရာသို့ လျှောက်လာခဲ့သည်။
လျန်ထျန်းယိက အနက်ရောင် အနောက်တိုင်း ဝတ်စုံ ဝတ်ဆင်ထားပြီး တိုင်းပြည်မှ ထွက်သွားစဥ်က ပုံစံနှင့် လုံးဝကွဲပြားနေသည်။
ကျန်းကျွင်းလိက လက်ထဲတွင် ကတ်ပြားတစ်ခုကိုင်ထားပြီး သူတို့ထွက်လာသောအခါ သူ့ဆီရောက်မလာခင်အထိ မမှတ်မိလုနီးပါး ဖြစ်သွားသည်။
ထိုမှသာ တွန့်ဆုတ်ဆုတ်ဖြင့် ခေါ်လိုက်သည်။ "ပိုင်ဟွေ့... ဝမ်းကွဲပိုင်ဟွေ့လား..."
ကျန်းပိုင်ဟွေ့က နေကာမျက်မှန်ကို ဆွဲချွတ်ကာ ဘေးဘီဝဲယာကို ကြည့်လိုက်သည်။ "နင် တစ်ယောက်တည်းပဲလား"
ကျန်းကျွင်းလိ ခေါင်းငြိမ့်ပြလိုက်သည်။ "သူဌေးထုံက ဒီနေ့ အရေးကြီးတဲ့ ဖောက်သည်နဲ့ တွေ့ရမှာမို့ မလာနိုင်ဘူး... ဒါပေမယ့် ကျွန်တော် တစ်ယောက်တည်း မဟုတ်ပါဘူး... အစ်မကျင်းယွမ်လည်း ကြိုဖို့ လူလွှတ်လိုက်သေးတယ်... အပြင်မှာ ကားစောင့်နေတယ်"
ကျန်းပိုင်ဟွေ့၏ မျက်နှာထက် မပျော်ရွှင်မှုများ ဖြတ်ပြေးသွားသော်လည်း အပေါ်ယံတွင် ပြုံးပြလိုက်သည်။ "သူဌေးထုံဆိုတော့... နင်ပြောတာ ရွှယ်လူလား... ငါတကယ်တောင်းပန်ပါတယ်... မနေ့က မတော်တဆတစ်ခု ဖြစ်သွားတယ်... သူတို့ကို အကြောင်းကြားဖို့ မေ့သွားလို့... ရွှယ်လူ စိတ်ဆိုးမနေပါဘူးနော်"
ကျန်းကျွင်းလိ ခေါင်းခါပြလိုက်သည်။ "ဒါတော့ ကျွန်တော်လည်း မသိဘူး.... ဒါပေမယ့် သူဌေးထုံက စိတ်ရင်းကောင်းတဲ့သူပါ... ဒါကို စိတ်ထဲမထားလောက်ပါဘူး"
ကျန်းပိုင်ဟွေ့က လက်ထဲမှ ခရီးဆောင်အိတ်ကို တွန်းပေးလိုက်သည်။ "ကောင်းတာပေါ့... ကားက အပြင်မှာမလား... မြန်မြန် သွားရအောင်... ငါတကယ် ပင်ပန်းနေပြီ"
ကျန်းကျွင်းလိက သူမ၏ ခရီးဆောင်အိတ်နှင့် လက်ဆွဲအိတ်ကို ယူကာ လက်တစ်ဖက်တွင် ကတ်ပြားကို ကိုင်၍ အလျင်အမြန် လိုက်လာခဲ့သည်။
လျန်ထျန်းယိက မည်သည့်အရာများ စဥ်းစားနေသည်ကို မသိရပေ။ သူ့မျက်နှာက အလွန်လေးနက်နေပြီး မျက်နှာအမူအယာများကလည်း တင်းမာနေသည်။ ထွက်ပေါက်မှ ထွက်လာသည်အထိ အသံတစ်သံမှ မထွက်ခဲ့ပေ။ သူက ကျန်းကျွင်းလိကို မြင်သည့်အခါမှသာ ခေါင်းငြိမ့်ပြလာပြီး စိုးရိမ်ပူပန်နေသည့်ပုံပါပင်။
ကျန်းကျွင်းလိ၏ စိတ်ထဲတွင် အနည်းငယ် ထူးဆန်းသွားသည်။ တရုတ်ကို ပြန်လာတာတောင် ဘာလို့ ဒီလိုပုံစံဖြစ်နေရတာလဲ... ပျော်ရွှင်ပြီး စိတ်တက်ကြွနေသင့်တာ မဟုတ်ဘူးလား...
သို့သော်လည်း ဥာဏ်ကြီးရှင်များက သာမန်လူများနှင့် ကွဲပြားကြသည်။ ထို့ကြောင့် စိတ်ထဲတွင် အလေးအနက် မမှတ်ယူလိုက်ပေ။
ပေကျင်းတက္ကသိုလ်မှ ဆရာဆရာမများနှင့် ဒရိုင်ဘာများ ရောက်လာကြပြီး လျန်ထျန်းယိနှင့် ကျန်းပိုင်ဟွေ့ကို တွေ့သောအခါ နွေးနွေးထွေးထွေး ကြိုဆိုခဲ့ကြပြီး သူတို့၏ ပညာရေးအောင်မြင်မှုများအတွက် ဂုဏ်ပြုခဲ့ကြသည်။
ကျန်းကျွင်းလိရှေ့တွင် ရှိခဲ့သည့်ပုံစံနှင့် မတူဘဲ ကျန်းပိုင်ဟွေ့မှာ ယခင်က ရှိခဲ့သည့် ပုံစံများအားလုံး ပျောက်ဆုံးကာ ပျော်ရွှင်စွာ ပြုံးရယ်လျက် မျက်ရည် တစမ်းစမ်း ဖြစ်သွားသည်။
နှုတ်ဆက်စကားများ ပြောပြီးနောက် ဒရိုင်ဘာက ကျောင်းကို သတင်းပို့ရန် မောင်းပို့ပေးပြီးနောက် အိမ်ပြန်လိုက်ပို့ပေးခဲ့သည်။
ထုံရွှယ်လူနှင့် ဖန်ကျင်းယွမ်တို့မှာ အကြောင်းအရင်းမရှိဘဲ ခရီးစဥ် ရွှေ့ဆိုင်းမှုအပေါ် ကြိုတင်အကြောင်းကြားမပေးခဲ့သည့်အတွက် စိတ်မသက်မသာ ဖြစ်နေကြသော်လည်း ထိုဇနီးမောင်နှံနှစ်ယောက်က နိုင်ငံခြားသို့ လေးနှစ်တိုင် ထွက်သွားခဲ့ရပြီး ယခုမှ ပြန်ရောက်လာခြင်း ဖြစ်၍ သူတို့ကလည်း သူငယ်ချင်းများအနေဖြင့် ကြိုဆိုပေးသင့်ပေသည်။
ပြန်လည်ကြိုဆိုပွဲကို ထုံရွှယ်လူ၏ လက်ဖက်စိမ်းစားသောက်ဆိုင်တွင် ပြုလုပ်ထားသည်။
များမကြာမီ မနက်ဖြန်တွင် ကြိုဆိုဧည့်ခံပွဲ ကျင်းပပေးတော့မည်ပင်။