အပိုင်း၃၆၀
Viewers 67k

🍵Chapter 360




ထုံရွှယ်လူက ကုမ္ပဏီကိစ္စများကိုဖြေရှင်းပြီးမှ စားသောက်ဆိုင်သို့လာခဲ့ရာ စောလည်းမစောသလို နောက်လည်းမနောက်ကျပေ။


ကုမ္ပဏီတိုးတက်ပြီး နိုင်ငံတကာဈေးကွက်ကိုထောက်ပံ့ပေးနိုင်ရန်အတွက် ပြပွဲအမျိုးမျိုးတွင်ပါဝင်ခြင်းသည် အင်တာနက်မရှိသောယခုကာလတွင် အကျိုးသက်ရောက်အရှိဆုံးနည်းလမ်းဖြစ်သည်။


သူမက ဆောင်းရာသီကုန်ပစ္စည်းဖလှယ်ပွဲတွင် ပါဝင်ရန်စဉ်းစားထား၏။ထိုမတိုင်ခင်တွင် ပြင်ဆင်စရာအများအပြားရှိကာ ထုတ်လုပ်ခြင်း၊ထုပ်ပိုးခြင်းနှင့် နိုင်ငံခြားကုန်သွယ်ရေးတာဝန်ခံခန့်ခြင်းအစရှိသည်ကိုပါဝင်သည်။လုပ်စရာကိစ္စအများအပြားက သူမကိုစောင့်နေ၏။


စားသောက်ဆိုင်သို့ရောက်သောအခါ ဆိုင်မန်နေဂျာကျန်းကျွင်းလိက သူမကိုထွက်ကြိုလာသည်။

“သူဌေးထုံ ရောက်လာပြီလား”


ထုံရွှယ်လူက ခေါင်းညိတ်ပြလိုက်သည်။

“နင့်ဝမ်းကွဲရော ရောက်နေပြီလား”


ကျန်းကျွင်းလိက လေးစားစွာခေါင်းညိတ်ပြသည်။

“ရဲဘော်ဖန်လည်းရောက်နေပါပြီ၊ အခုသူတို့က သီးသန့်ခန်းထဲမှာပါ”


ထုံရွှယ်လူက သူမသည်နောက်ဆုံးရောက်သည့်သူဖြစ်နေလိမ့်မည်ဟု မထင်ထားသဖြင့် အမြန်တက်သွားလိုက်သည်။


သီးသန့်ခန်း၏တံခါးကိုဖွင့်လိုက်သောအခါ အထဲမှရယ်သံများက အပြင်သို့ထွက်လာလေသည်။

“ကျင်းယွမ် နင်ဘယ်လိုများဂရုစိုက်ထားတာလဲဟယ်၊ ငါကြားတာတော့ ကလေးမွေးပြီးရင် ခန္ဓာကိုယ်ကပုံပျက်ပြီး အရေပြားမှာလည်း အစက်အပျောက်တွေဖြစ်လာလိမ့်မယ်တဲ့၊ နင်ကတော့နည်းနည်းလေးတောင်မပြောင်းလဲသွားပါလား အဲ့ဒီအစား ပိုပြီးတော့ငယ်သွားသလိုဘဲ”


ဖန်ကျင်းယွမ်က ရူးကြောင်ကြောင်ရယ်ပြလိုက်သည်။

“ငါ့ကိုချီးကျူးတာ နင်ကပထမဆုံးဘဲ၊ ဒါပေမယ့် ငါကဘာမှမဟုတ်သေးပါဘူး ရွှယ်လူကသာအံ့ဩဖို့ကောင်းတာ သူက ကလေးအမြွှာမွေးထားပေမယ့် မိန်းမငယ်လေးပုံစံပေါက်နေတုန်း နင်မြင်မှသိလိမ့်မယ်၊ တစ်ချို့လူတွေက တဖြေးဖြေးအသက်ကြီးလာပေမယ့် ရွှယ်လူကတော့ငယ်ပြီးရင်းငယ်နေတော့တာ ပြီးတော့အရမ်းကိုစွမ်းဆောင်ရည်ရှိတာဘဲ ငါတကယ်ဘဲမနာလိုဖြစ်မိတယ်”


“တကယ်လား ဒါဆိုရင်တော့ သူလာရင် ငါသေချာကြည့်မှဖြစ်မယ်.....”


ထိုသို့ပြောပြီးနောက် ကျန်းပိုင်ဟွေ့ခေါင်းမော့လိုက်သောအခါ တံခါးဖွင့်ပြီးဝင်လာသည့် ထုံရွှယ်လူကိုတွေ့လိုက်ရလေသည်။


သူမကခနလောက်ကြက်သေသေသွားကာ အံ့ဩမှုအရိပ်အယောင်များက သူမမျက်လုံးထဲတွင်ဖြတ်ပြေးသွားသည်။ထို့နောက် သူမကနှုတ်ခမ်းနီနီများဖြင့် ပြုံးပြလိုက်သည်။

“ရွှယ်လူ နောက်ဆုံးတော့နင်ရောက်လာပြီဘဲ ငါတို့တွေအခုဘဲ နင့်အကြောင်းပြောနေတာ”


ထုံရွှယ်လူက အထဲကိုဝင်လာရင်း သူမကိုလှမ်းကြည့်လိုက်သည်။

“အားနာလိုက်တာ ကုမ္ပဏီမှာ ဖြေရှင်းစရာကိစ္စလေးပေါ်လာလို့ နောက်ကျသွားတယ်”


ကျန်းပိုင်ဟွေ့က ပိုရင့်ကျက်သွားသည့်ပုံပေါ်၏။ မိတ်ကပ်လိမ်း၊ နှုတ်ခမ်းနီရဲရဲကိုဆိုးထားပြီး ဆံပင်ကိုလည်းအလိမ့်ကြီးများဖြစ်အောင်ကောက်ထားရာ အလွန်အရှိန်အဝါရှိလှသည်။


သူမက ဒူးအထက်အရှည်ရှိသည့် အနီရောင်စကတ်ရှည်ကိုဝတ်ထားရာ သူမ၏သွယ်လျသောခန္ဓာကိုယ်ကို ပြည့်စုံစွာဖော်ပြနေပေသည်။


သူမဝတ်စုံက အလွန်ခေတ်သစ်ဆန်ကာ ယခုခေတ်ကာလတွင်ဖက်ရှင်ကျသည်ဟုဆိုနိုင်၏။ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာသည့်ဤနှစ်များအတွင်းတွင် လူအများစုက ဒူးအောက်စကပ်ရှည်များကိုသာ ဝတ်ဆင်နေဆဲဖြစ်သည်။


ထုံရွှယ်လူက ကျန်းပိုင်ဟွေ့ကိုအကဲခတ်နေစဉ်တွင် ကျန်းပိုင်ဟွေ့ကလည်းသူမကိုအကဲခတ်နေ၏။


ဖန်ကျင်းယွမ်က ထုံရွှယ်လူကိုနုပျိုသထက်နုပျိုလာသည်ဟုပြောခဲ့သော်လည်း ဖန်ကျင်းယွမ်ကထုံရွှယ်လူကိုကပ်ဖားရပ်ဖားလုပ်နေခြင်းသာဖြစ်သည်ဟု သူမထင်ခဲ့မိသည်။၎င်းကအမှန်တကယ်ဖြစ်နေမည်ဟု မမျှော်လင့်ထားခဲ့ပေ။


ထုံရွှယ်လူက အဖြူရောင်ခါးမြင့်ဂါဝန်ကိုဝတ်ထားကာ ဖြောင့်စင်းနေသည့်အနက်ရောင်ဆံပင်များက နောက်ကျောတွင်ဖြာကျနေ၏။ နားတွင်ပုလဲနားကပ်ဆွဲထားကာ နှုတ်ခမ်းကနီရဲနေပြီး မျက်ခုံးများကလည်း စိမ်းညှို့နေရာ ကျက်သရေရှိပြီးတင့်တယ်လှသည်။


ဖန်ကျင်းယွမ်ပြောတာမှန်၏။ထုံရွှယ်လူကအရင်တုန်းကထက် ပိုလှကာ ပိုလည်းနုပျိုနေ၏။ သူမကဒီနေ့တွင်အထူးတလည်ဝတ်ဆင်ခဲ့သော်လည်း ထုံရွှယ်လူနှင့်ယှဉ်ကြည့်လိုက်သောအခါ သူမပုံစံက တမင်လုပ်ယူထားပြီး စုတ်ပဲ့ပဲ့ဖြစ်နေသလိုခံစားလိုက်မိသည်။


ကျန်းပိုင်ဟွေ့မျက်လုံးများကအရောင်တောက်သွားကာ ပြုံးပြလိုက်သည်။

“နင်လာတာနောက်မကျပါဘူး ကွက်တိဘဲ၊ နင်ကအလုပ်များတဲ့သူလေ အဲ့ဒါကြောင့်နောက်ကျတာက နားလည်ပေးလို့ရပါတယ်”


ထုံရွှယ်လူက သူမကိုတစ်ချက်ကြည့်လိုက်ကာ နောက်ဆက်တွဲစကားလုံးများက ဘာမှမဟုတ်သလိုပင် ပြန်ပြုံးပြလိုက်သည်။ ၎င်းကဟာသတစ်ခုဖြစ်နေကာ ဘာမှထွေထွေထူးထူးတွေးနေစရာမလိုသလိုမျိုးဖြစ်သည်။


လျန်ထျန်းယိက သူမဝင်လာသည်ကိုမြင်သောအခါ ထရပ်ပြီးနှုတ်ဆက်လိုက်သည်။

“မင်္ဂလာပါရဲဘော်ထုံ မတွေ့တာကြာပြီနော်”


ထုံရွှယ်လူကသူ့ကိုပြန်ပြုံးပြလိုက်သည်။

“မတွေ့ရတာကြာပြီ တရုတ်ပြည်ကိုပြန်လာတာကြိုဆိုပါတယ်”


“ကျေးဇူးပါ”


စိတ်လှုပ်ရှားတက်ကြွနေသည့် ကျန်းပိုင်ဟွေ့နှင့်ယှဉ်လျှင် လျန်ထျန်းယိကအတော်လေးတည်ငြိမ်နေပေသည်။


ထုံရွှယ်လူက ဖန်ကျင်းယွမ်ဘေးတွင်ထိုင်ကာ စားပွဲပေါ်ကိုကြည့်လိုက်သည်။

“ဘာလို့ဘာမှမမှာထားတာလဲ နင်တို့စားချင်တာမှာကြနော် အားနာစရာမလိုဘူး”


သူမက မီနူးကတ်အား ကျန်းပိုင်ဟွေ့နှင့်လျန်ထျန်းယိတို့ကိုပေးလိုက်သည်။


လျန်ထျန်းယိက နှစ်ကြိမ်ငြင်းသော်လည်း ငြင်းလို့မရသဖြင့် အသီးအရွက်ဟင်းလျာတစ်ပွဲမှာလိုက်သည်။


ကျန်းပိုင်ဟွေ့က အသားဟင်းတစ်ပွဲနှင့် အချိုတည်းစရာမှာကာ ဖန်ကျင်းယွမ်က အသားဟင်းနှစ်ပွဲမှာလိုက်သည်။လူလေးယောက်အတွက်လုံလောက်ပြီဖြစ်သော်လည်း ထုံရွှယ်လူက ကြက်သားဂျင်ဆင်းစွပ်ပြုတ်နှင့် ငါးပေါင်းတို့ကိုထပ်မှာလိုက်သည်။


ငါး၊အသား၊ အသီးအရွက်နှင့် အချိုတည်းစရာမုန့်၊ အသီးအနှံများရှိရာ စားပွဲအပြည့်ဖြစ်နေပြီး ဧည့်ခံသူ၏စိတ်အားထက်သန်မှုနှင့် ကြင်နာမှုကိုဖော်ပြနေပေသည်။


ဖန်ကျင်းယွမ်က အံ့ဩသွားသည်။

“ဘော့စ်ဆိုတဲ့အတိုင်းဘဲ တကယ်ကိုချမ်းသာလိုက်တာ၊ ငါသူနဲ့ပေါင်းတာမှန်သွားတယ်”


ထုံရွှယ်လူက မျက်စောင်းထိုးလိုက်သည်။

“ဘာလို့လဲ ငါချမ်းသာလို့လား၊ ဒီဧည့်ခံပွဲက ငါ့စားသောက်ဆိုင်မှာလုပ်တယ်ဆိုရင်တောင်မှ နင်ကငါနဲ့ကုန်ကျငွေကို အညီအမျှခွဲရှင်းရမှာပါနော်”


ဖန်ကျင်းယွမ်က ထူးဆန်းစွာညည်းညူလိုက်သည်။

“အမလေး အခုဘဲနင့်ကိုစေတနာသဒ္ဓါတရားထက်သန်တယ်လို့ပြောနေတာ ချက်ချင်းဆိုသလို မျက်နှာကိုဖြတ်ရိုက်လိုက်တာဘဲ၊ ထင်ထားသလိုပါဘဲ လူဆိုတာပိုချမ်းသာလာလေလေ ပိုပြီးကပ်စီးကုပ်လာလေဘဲ”


ထုံရွှယ်လူက တူကိုကောက်ကိုင်ကာ ခေါင်းညိတ်လိုက်သည်။

“နောက်ဆုံးတော့အမှန်တရားကိုသိသွားပြီပေါ့ ဂုဏ်ယူပါတယ်”


ဖန်ကျင်းယွမ်က ထုံရွှယ်လူတစ်ယောက်ဘယ်လိုတောင်အရေထူနေသည်ကိုမြင်သောအခါ မျက်ဖြူလှန်လိုက်မိသည်။


ကျန်းပိုင်ဟွေ့က မျက်နှာချင်းဆိုင်တွင်ထိုင်နေပြီး သူတို့နှစ်ယောက်အချင်းချင်းစကားပြောနေသည်ကိုကြည့်ကာ ချန်ထားခံရသလိုခံစားမိသွားသည်။


သူမက တူကိုချလိုက်ကာ ဝိုင်အစား လက်ဖက်ရည်ကြမ်းခွက်ကိုယူပြီး မတ်တပ်ရပ်ကာ ထုံရွှယ်လူကိုပြောလိုက်သည်။

“ရွှယ်လူ၊ ကျင်းယွမ် မနေ့ကငါတို့ခရီးစဉ်ရွှေ့ဆိုင်းလိုက်တာကို အသိမပေးခဲ့မိဘူး၊ ငါတကယ်တောင်းပန်ပါတယ် ဝိုင်အစား လက်ဖက်ရည်ကြမ်းနဲ့ဘဲ တောင်းပန်လိုက်မယ်”


လျန်ထျန်းယိက သူမပြောသည်ကိုကြားသောအခါ သူလည်းထရပ်လိုက်သည်။

“ရဲဘော်ထုံနဲ့ ရဲဘော်ဖန် ကျွန်တော်လည်းတကယ်တောင်းပန်ပါတယ် အဲ့ဒီအချိန်တုန်းက ကိစ္စတစ်ချို့နဲ့နှောင့်နှေးနေတော့ ခင်ဗျားတို့ကိုအသိပေးဖို့အချိန်မရလိုက်ဘူး”


ဖန်ကျင်းယွမ်က စပ်စုချင်စိတ်ဖြင့်ပြောလာ၏။

“ခုနလေးတင် ငါသူတို့ကိုဘာကြောင့်လဲဆိုတာကိုမေးနေတာ ရွှယ်လူလာတာကိုစောင့်ဦးမယ်ဆိုပြီး မပြောပြဘူး၊ အခုသူလည်းရောက်လာပြီဆိုတော့ ပြောပြလို့ရပြီလား”


ကျန်းပိုင်ဟွေ့၏မျက်နှာပေါ်တွင် ရှက်ရွံ့သည့်အရိပ်အယောင်တစ်ခုပေါ်လာ၏။

“ငါကိုယ်ဝန်ရှိနေလို့ပါ၊ လေဆိပ်မသွားခင် ရုတ်တရက်ကြီးပျို့အန်လာတာ အစက ငါလည်းသိပ်အာရုံမထားလိုက်ဘူး ဒါပေမယ့်လေဆိပ်ကိုလည်းရောက်ရော ဓါတ်ဆီနံ့ရပြီး ထပ်ပျို့အန်လာတယ်”


“ထျန်းယိက ငါနေမကောင်းဖြစ်မှာစိုးရိမ်ပြီး ပြန်မယ့်ခရီးစဉ်ကိုရွှေ့လိုက်တာ၊ အစကငါလည်းသည်းခံသေးတယ် ဒါပေမယ့် မနက်ခင်းနေမကောင်းဖြစ်တာအပြင် သွေးလည်းဆင်းလာလို့ မတတ်နိုင်ဘဲ အပြန်ခရီးကိုရပ်ပြီး ဆေးရုံသွားလိုက်ရတယ်”


“ဂျာမနီမှာ ဆရာဝန်နဲ့ပြတာက ငါတို့နိုင်ငံမှာလိုဒုက္ခမများဘူး၊ ဖုန်းဆက်ပြီးကြိုချိန်းထားလိုက်ရုံဘဲ၊ ငါကအရေးပေါ်အခြေအနေဖြစ်နေပေမယ့် ဆရာဝန်နဲ့မချိန်းထားတော့ ဆေးရုံသွားပြီးတန်းစီလိုက်ရတယ်၊ ငါတို့အလှည့်ရောက်ဖို့ နာရီအတော်ကြာအောင်စောင့်လိုက်ရတာ”


“နောက်ဆုံး စစ်ဆေးကြည့်ပြီးတဲ့နောက်မှာ ငါကိုယ်ဝန်ရှိနေပြီတဲ့၊ ထျန်းယိနဲ့ငါက အဲ့ဒီသတင်းကိုကြားလိုက်ရတဲ့အချိန်မှာ အရမ်းအံ့ဩသွားသလို စိတ်လည်းလှုပ်ရှားသွားတယ်၊မှောင်လည်းမှောင်သွားပြီဆိုတော့ ကျောင်းကိုဖုန်းခေါ်ပြီး အကျိုးအကြောင်းပြောဖို့မေ့သွားတာ အဲ့ဒါကငါတို့အမှားပါ တကယ်ကိုတောင်းပန်ပါတယ်”


ဖန်ကျင်းယွမ်:“လက်စသတ်တော့ ကိုယ်ဝန်ရှိနေလို့ကိုး၊ ဂုဏ်ပြုပါတယ်ဟယ် နင်တို့လက်ထပ်ထားတာလေးနှစ်ကျော်ပြီဆိုပေမယ့် တရုတ်ပြည်ကိုပြန်လာခါနီးမှဘဲ ကလေးရသွားတော့တယ်”


ထုံရွှယ်လူက သူမဗိုက်ကိုတစ်ချက်လှမ်းကြည့်လိုက်သည်။

“သွေးတောင်ဆင်းသွားတာကို ဘာလို့ရက်နည်းနည်းလောက်ထပ်မနားလိုက်တာလဲ”


ကျန်းပိုင်ဟွေ့၏အပြုံးက ခနတာလောက်တောင့်တင်းသွားသည်။

“ဘာလို့လဲဆိုတော့ ထျန်းယိက ပြန်လာပြီးအစီအရင်ခံစာတင်ဖို့အလျင်လိုနေလို့လေ၊ ငါက သူစီစဉ်ထားတာတွေကိုထိခိုက်စေမှာစိုးရိမ်လို့ ငါ့ကျန်းမာရေးအခြေအနေကိုငါကောင်းကောင်းသိပါတယ်”


ထုံရွှယ်လူကခေါင်းညိတ်လိုက်သည်။

“ဒါဆိုလည်း နောက်ပိုင်းကျကလေးကို သေချာဂရုစိုက်နော်”


ထို့နောက်လူတိုင်းက ဝိုင်အစားရေနွေးကြမ်းကိုသောက်လိုက်ကာ ထိုကိစ္စကပြေလည်သွားပြီဖြစ်သည်။


တစ်ဝက်လောက်စားပြီးသောအခါ လူတိုင်းကတူကိုချလိုက်ကြသည်။


ကျန်းပိုင်ဟွေ့ :“ဒါနဲ့ ဒီနေ့ဘာလို့ နင့်ကလေးနှစ်ယောက်ကိုခေါ်မလာတာလဲ၊ ကျင်းယွမ်လည်းအတူတူဘဲ နင့်သမီးရော၊ ငါကသူတို့ဓာတ်ပုံကိုဘဲမြင်ဖူးသေးတယ်”


ထုံရွှယ်လူ :“ကလေးတွေက အရမ်းဆူလို့ပါ နင်အခုမှဒီကိုပြန်ရောက်လာတာ‌လေ နောက်ပိုင်းမှာ အများကြီးတွေ့ရဦးမှာပါ”


ဖန်ကျင်းယွမ်က ထောက်ခံသည်။

“ကလေးက လိမ်မာတဲ့အချိန်ဆိုရင် နင်ကသူ့ကိုတစ်လောကလုံးတောင်ပေးချင်လာ‌ေရာ၊ ဒါပေမယ့် ကလေးစငိုပြီဆိုတာနဲ့ နင်က သူ့ကိုဗိုက်ထဲပြန်ထည့်ပြီး ဘယ်တော့မှမမွေးဖူးသလိုဟန်ဆောင်ချင်စိတ်ပေါက်သွားလိမ့်မယ်”


ကျန်းပိုင်ဟွေ့က သူမဗိုက်ကိုပြန်ထိကြည့်ကာ လျှာထုတ်လိုက်သည်။

“အဲ့လောက်တောင်ကြောက်စရာကောင်းတာလား ငါဖြင့်ကလေးမွေးရမှာတောင်ကြောက်လာသလိုဘဲ ဒါနဲ့ရွှယ်လူ နင့်ဆီမှာအမြွှာလေးတွေအတွက် သေးခံရှိသေးလား”


ထုံရွှယ်လူက ခေါင်းညိတ်လိုက်သည်။

“ရှိသေးတယ်လေ ဘာဖြစ်လို့လဲ”


ကျန်းပိုင်ဟွေ့ကပြုံးကာပြောပြလာသည်။

“ငါကြားတာတော့ ကလေးသုံးဖူးတဲ့သေးခံက ပျော်ရွှင်မှုတွေစွန်းထင်းနေတာတဲ့၊ နင်က တစ်ခါတည်းအမြွှာလေးမွေးတာ လူဘယ်လောက်များများက နင့်ကိုအားကျပြီး‌သေသွားမလဲဆိုတာမသိနိုင်ဘူး အဲ့ဒါကြောင့် ငါလည်းပျော်ရွှင်မှုအ‌စွန်းအထင်းလေးရအောင် ကလေးသေးခံနှစ်ခုလောက်လိုချင်လို့ပါ အဲ့လိုဆိုငါလည်းသားတစ်ယောက်၊ သမီးတစ်ယောက်ရနိုင်မှာ ”


မိခင်စိတ်အပြည့်ဝင်နေသောကျန်းပိုင်ဟွေ့နှင့်ယှဉ်လျှင် ဘေးတွင်ထိုင်နေသည့်လျန်ထျန်းယိက တစ်ချိန်လုံးစိတ်လွင့်နေသည့်ပုံပေါ်၏။ကလေးအကြောင်းပြောနေတာတောင်မှ သူကစိတ်ဝင်စားပုံမပေါ်ပေ။


ထုံရွှယ်လူက လျန်ထျန်းယိသည်အနည်းငယ်ထူးဆန်းနေသည်ဟုခံစားမိသော်လည်း ဘာမှသိပ်မတွေးလိုက်ပေ။

“ငါ့မှာ ကလေးနှစ်ယောက်ရဲ့သေးခံရှိသေးတယ်၊ နောက်မှနင့်ဆီယူလာပေးတော့မယ်”


ကျန်းပိုင်ဟွေ့က လက်ခါပြလိုက်သည်။

“မလိုပါဘူး ငါဘဲနင့်အိမ်မှာလာယူလိုက်မယ် ကလေးနှစ်ယောက်ကိုလည်းမြင်ဖူးသွားတာပေါ့”


ကလေးများအကြောင်းပါလာသောအခါ ထုံရွှယ်လူ၏မျက်နှာက နူးညံ့သွားပြီး ခေါင်းညိတ်သဘောတူလိုက်သည်။


ကျန်းပိုင်ဟွေ့က ရုတ်တရက် အားနာနေသောပုံစံဖြင့် စကားလမ်းကြောင်းပြောင်းလာ၏။

“ဒါရိုက်တာဝမ်ကရော ငါတို့မနေ့ကရောက်မလာတာကို ဒေါသမထွက်လောက်ပါဘူးနော်”


ထုံရွှယ်လူ :“ ရူကွေ့ ဒေါသမထွက်ပါဘူး ပြီးတော့သူကစက်မှုပညာအဖွဲ့အစည်းရဲ့ ဒါရိုက်တာမဟုတ်တော့ဘူး”


ကျန်းပိုင်ဟွေ့က အံ့ဩသွားသည့်ပုံပင်။

“ပါမောက္ခဝမ်နေမကောင်းလို့ တစ်နှစ်ခွင့်ယူလိုက်တာကိုတော့ ငါကြားမိတယ်၊ ပြန်လာပြီးတဲ့နောက်မှာ ဒါရိုက်တာအဖြစ်ဆက်မလုပ်တော့ဘူးလား”


ငေးငိုင်‌နေသော လျန်ထျန်းယိကလည်း ခေါင်းမော့ကာသူမကိုကြည့်လာသည်။


ထုံရွှယ်လူကခေါင်းခါလိုက်သည်။

“အင်း သူကဒါရိုက်တာနေရာမှာဆက်မလုပ်ဖြစ်ဘူး သူစူးစမ်းလေ့လာတဲ့ဦးတည်ချက်ကိုပြောင်းလိုက်တယ်”


ကျန်းပိုင်ဟွေ့ :“ဘာအကြောင်းလေ့လာတာလဲ”


ထုံရွှယ်လူ :“ငါလည်းသေချာမသိဘူး၊ နင်လည်းဌာနချုပ်အကြောင်းသိပါတယ် သူတို့က အကုန်လုံးကိုလျှို့ဝှက်ထားကြတာ”


ဝမ်ရူကွေ့ခွင့်တစ်နှစ်ယူလိုက်သည်ကို အရင်ကကျန်းပိုင်‌ဟွေ့ဆီပို့သည့်စာ၌ထည့်ရေးထားခဲ့ဖူးသော်လည်း သူလေ့လာသည့်ဦးတည်ချက်ပြောင်းသွားသည်ကိုတော့ မပြောပြခဲ့ပေ။


သူမက ညာပြောနေခြင်းမဟုတ်ပေ။ ဌာနချုပ်တွင် အလွန်သာမာန်ဆန်သောကိစ္စများတောင်မှ လွယ်လွယ်ကူကူပြန့်နှံ့ခွင့်မပြုပေ။


ကျန်းပိုင်‌ဟွေ့က သူမထပ်ပြောသည်များကို ကြားပုံမပေါ်ဘဲ ဆက်ပြောနေ၏။

“ဒါရိုက်တာမဟုတ်တော့တာ နှမြောစရာဘဲ၊ ငါကြားဖူးတာတော့ ဦးတည်ချက်အသစ်တစ်ခုကိုလေ့လာမယ်ဆိုရင် အခြေခံကနေပြန်စရမှာတဲ့၊ ဒါဆို ပါမောက္ခဝမ်က အခုဆိုသာမာန်သုတေသီဘဲဖြစ်နေတာပေါ့”


ထုံရွှယ်လူက ပြုံးလိုက်သည်။

“ဟုတ်တယ် ဒါပေမယ့်သူတို့အားလုံးက တိုင်းပြည်အတွက်လုပ်နေတာဘဲလေ ဘာရာထူးဖြစ်ဖြစ် ကိစ္စမရှိပါဘူး”

 

ကျန်းပိုင်‌ဟွေ့ကမျက်မှောင်ကြုတ်သည်။

“ငါကတော့ နင်ပြောတာကိုသဘောမတူဘူး၊ တိုင်းပြည်ကိုအကျိုးပြုတာက အရေးကြီးတာတော့ဟုတ်တယ်၊ ဒါပေမယ့် ရာထူးနဲ့လစာတိုးဖို့ကလည်း ထပ်တူထပ်မျှအရေးကြီးတာဘဲလေ၊ ပါမောက္ခဝမ်က ဌာနအတွက်ဒီလောက်နှစ်တွေအများကြီး အကျိုးပြုပေးခဲ့တာ၊ သူပြန်လာတာနဲ့ခေါင်းဆောင်နေရာကိုရာထူးတိုးခံရမယ်လို့ငါထင်ထားတာ၊ မမျှော်လင့်ထားမိဘူး ရာထူးတိုးရမယ့်အစား ရာထူးချခံလိုက်ရတယ် သူ့အတွက်စိတ်မကောင်းဖြစ်လွန်းလို့ပါ”


လျန်ထျန်းယိက မျက်မှောင်ကြုတ်ကာ သူမအင်္ကျီစကိုဆွဲလိုက်သည်။

“ပေါက်ကရတွေမပြောစမ်းနဲ့”


ကျန်းပိုင်‌ဟွေ့ :“ကျွန်မကဘာပေါက်ကရပြောလို့လဲ ရွှယ်လူနဲ့ကျင်းယွမ်ဆိုတာလည်း အပြင်လူမဟုတ်‌ပါဘူး သူတို့ရှေ့မှာဘဲပြောတာ၊ အပြင်မှာဆိုဘာမှမပြောဘူး ရွှယ်လူ၊ကျင်းယွမ် နင်တို့ကငါပြောတာကို လျှောက်မပြောဘူးမလား”


ဖန်ကျင်းယွမ်က ခေါင်းခါလိုက်သည်။

”ဒါပေါ့ လိုက်မပြောပါဘူး”


ထုံရွှယ်လူသည် ကျန်းပိုင်‌ဟွေ့ကနည်းနည်းစိမ်းသက်နေသလိုခံစားလိုက်မိသည်။


ပြည်ပမသွားခင်ကဆိုလျှင် သူမကစကားပြောဆိုတတ်၏။ ဘယ်လိုအခြေအနေမျိုးတွင်မဆို စကားကိုကျွမ်းကျင်လိမ်မာစွာပြောတတ်ပေသည်။သံတမန်ကိစ္စနဲ့ပြည်ပထွက်သွားတာ လေးနှစ်ဘဲရှိသေးတယ် ဘာလို့အရမ်းတွေဒေါသကြီးလာတာလဲ။


အရင်တုန်းကလို ရူးအပြီးချိုမြိန်သည့်ပုံစံမှပြောင်းလဲသွားသည်မှာ အလွန်ပြင်းထန်လွန်းသဖြင့် ထုံရွှယ်လူ၏ရင်ထဲတွင် မကြည်မသာဖြစ်မှုကိုခံစားလိုက်ရသည်။


သို့သော်တစ်ဖက်လူ၏ထိုးဖောက်မတတ်မျက်လုံးများက သူမကိုကြည့်နေသဖြင့် သူမကပြုံးကာခေါင်းညိတ်ပြလိုက်သည်။


ကျန်းပိုင်‌ဟွေ့က လျန်ထျန်းယိကိုတစ်ချက်ကြည့်လိုက်သည်။

“ကြည့်လေ ကျွန်မပြောသားဘဲ သူတို့ကကျွန်မကိုသစ္စာဖောက်မှာမဟုတ်ဘူး၊ ကျွန်မတို့သုံးယောက်ကအရင်းနှီးဆုံးသူငယ်ချင်းတွေဘဲ သူငယ်ချင်းတွေကြားကခံစားချက်ကို ရှင်နားမလည်ပါဘူး”


လျန်ထျန်းယိက နဂိုကတည်းကစကားပြောကောင်းသောသူ မဟုတ်သဖြင့် သူမထိုသို့ပြောလိုက်သောအခါ ရှက်သွားသည်။


ညစာစားပွဲက အချိန်တစ်နာရီကျော်ကြာပြီး‌နောက်အဆုံးသတ်သွားသည်။ ကျန်းပိုင်‌ဟွေ့က သူမအိမ်မှသေးခံများကို နှစ်ရက်အတွင်းလာယူမည်ဟုချိန်းသွားလေသည်။


**