အပိုင်း၃၆၁
Viewers 67k

🍵Chapter 361



ထုံရွှယ်လူနှင့် ဖန်ကျင်းယွမ်တို့က အပြန်လမ်းတူပြီး လျန်မိသားစုက ဆန့်ကျင်ဘက်တွင်ရှိသဖြင့် သူတို့ကနှုတ်ဆက်ကာလမ်းခွဲလိုက်ကြသည်။


အဝေးတစ်နေရာသို့ရောက်အောင်လျှောက်ပြီးနောက် ဖန်ကျင်းယွမ်ကခေါင်းကုတ်ကာပြောလာသည်။

“အရင်တုန်းကပိုင်ဟွေ့ကိုစကားများလှပြီထင်ထားတာ နိုင်ငံခြားထွက်ပြီးမှ ပိုလို့တောင်စကားများလာမယ်လို့မထင်ထားမိဘူး”


ညစာစားပွဲတွင် ကျန်းပိုင်‌ဟွေ့တစ်ယောက်တည်းကသာ ဒိုင်ခံစကားပြောနေခဲ့၏။သူတို့ကပြည်ပမှရှုခင်းများ၊ ယဉ်ကျေးမှုနှင့် ဂျာမနီနိုင်ငံ၏ဓလေ့ထုံးစံများကိုပြောကာ ပြီးခဲ့သည့်နှစ်များအတွင်းဖြစ်ပျက်ခဲ့သည်များကိုလည်းပြောဖြစ်ကြသည်။


ကြက်တူရွေးလိုပင် သူမကဆက်တိုက်စကားပြောနေသဖြင့် ဖန်ကျင်းယွမ်၏နားစည်များတောင်ပေါက်ကွဲသွားတော့မည်ဟု ‌ခံစားခဲ့ရသည်။


ထုံရွှယ်လူက ဆံပင်ကိုနားနောက်သို့သပ်လိုက်သည်။

“ဟိုမှာ သူနဲ့စကားပြောပေးဖို့ ဘယ်သူမှမရှိလို့နေမှာပေါ့”


ဖန်ကျင်းယွမ်က အလေးမထားစွာရယ်လိုက်သည်။

“ဟုတ်မှာပေါ့ သူနိုင်ငံခြားစထွက်တုန်းက သံရုံးနဲ့သူတွေနဲ့အဆင်မပြေဘူးလို့ပြောခဲ့တယ်မလား၊ သူ့အတွက်တကယ်ခက်ခဲခဲ့မှာဘဲ မရင်းနှီးတဲ့နေရာမှာလေးနှစ်ကျော်နေခဲ့ရတာ”


ထုံရွှယ်လူက အင်းဟုအသံပြန်ပြုလိုက်၏။


ဤအချိန်တွင် လျန်ထျန်းယိနှင့်ကျန်းပိုင်ဟွေ့တို့ဘက်၌ အခြေအနေကသိပ်မကောင်းပေ။


လျန်ထျန်းယိက ခေါင်းငုံ့ပြီးရှေ့ကိုဘဲဆက်လျှောက်နေချိန်တွင် ကျန်းပိုင်ဟွေ့က ဒေါက်ဖိနပ်ဖြင့်နောက်မှလိုက်နေရသည်။


လျန်ထျန်းယိ၏ပုံစံကအလွန်လေးနက်နေကာ ခြေတံရှည်သောကြောင့် ကျန်းပိုင်ဟွေ့ကဖြေးဖြေးချင်းနောက်ကျကျန်ခဲ့လေသည်။


ကျန်းပိုင်ဟွေ့က ဒေါသထွက်သွားပြီးရပ်လိုက်ကာ ဆက်မသွားတော့ပေ။


အစတွင်လျန်ထျန်းယိက ၎င်းကိုသတိမပြုမိပေ။ အချိန်အတော်ကြာအောင်လျှောက်နေပြီးမှ သူ့ဘေးတွင်ဘယ်သူမှမပါလာသည်ကိုသတိပြုမိသွားသည်။


သူရပ်ပြီးနောက်လှည့်ကြည့်လိုက်သောအခါ ကျန်းပိုင်ဟွေ့ကသူနှင့် ခြေလှမ်းနှစ်ရာကျော်အကွာတွင်ရပ်နေပြီး သူမပါးများကဒေါသဖြင့်ဖောင်းကားနေသည်ကိုမြင်လိုက်ရသည်။


လျန်ထျန်းယိကအနောက်သို့ပြန်လျှောက်လာကာ သူ၏ခြောက်ကပ်နေသောနှုတ်ခမ်းကိုလျှာဖြင့်သပ်ပြီး မေးလိုက်သည်။

“ဘာလို့လိုက်မလာတာလဲ”


ကျန်းပိုင်ဟွေ့က သူ့အား မျက်ရည်လည်နေသောမျက်လုံးများဖြင့်ကြည့်လာသည်။

“ကျွန်မခြေထောက်နာနေပြီ လမ်းမလျှောက်နိုင်တော့ဘူး”


လျန်ထျန်းယိက ခေါင်းငုံ့ကာသူမစီးထားသောဖိနပ်ကိုကြည့်လိုက်သည်။

“ကိုယ်မင်းကို ဒေါက်ဖိနပ်စီးပြီးအပြင်မထွက်ဖို့ပြောသားဘဲ၊ အခုဆိုကလေးလည်းလွယ်ထားရပြီ ဒီနိုင်ငံမှာဘယ်သူမှဒီလောက်မြင့်တဲ့ဒေါက်ဖိနပ်ကိုမစီးဘူး”


ကျန်းပိုင်ဟွေ့ကနှုတ်ခမ်းစူကာ တိုးတိုးလေးရေရွတ်သည်။

“အဲ့ဒါကြောင့် တရုတ်ကိုမပြန်ဘူးလို့ကျွန်မပြောတာပေါ့ ဟိုမှာဆိုစီးပွားရေးအခြေအနေကအရမ်းကောင်းပြီး ဆုလာဒ်တွေကလည်းအရမ်းမြင့်တယ် ဘာလို့တရုတ်ကိုပြန်လာပြီး ဒီလိုသနားစရာဘဝမျိုးမှာနေချင်ရတာလဲ”


လျန်ထျန်းယိက အနားတစ်ဝိုက်ကိုဝေ့ကြည့်လိုက်ကာ အသံတိုးတိုးဖြင့်ပြန်ပြောလိုက်သည်။

“အဲ့လိုစကားမျိုးတွေကိုထပ်မပြောနဲ့တော့ တစ်ယောက်ယောက်ကြားသွားမယ်ဆိုရင် ငါတို့အတွက်မကောင်းဘူး”


“နိုင်ငံတော်က ငါ့ကိုနိုင်ငံခြားပို့ပြီးပညာတွေလေ့လာနိုင်အောင်ထောက်ပံ့ပေးထားတာ အခုငါလည်းအကုန်သင်ခဲ့ပြီးသွားပြီဆိုတော့ နိုင်ငံကိုပြန်အကျိုးပြုရမှာသဘာဝကျတယ်”


ကျန်းပိုင်ဟွေ့က ထပ်ပြောချင်သေးသော်လည်း လျန်ထျန်းယိ၏လေးနက်နေသောအကြည့်များကိုမြင်သောအခါ သူမရင်ထဲမှစကားလုံးများကိုပြန်မြိုချလိုက်ရသည်။


**


ရှောင်းကျားမင်နှင့်မောင်နှမများ အိမ်ပြန်ရောက်လာကြသည်။


ရှောင်ရန်ရန်က သူမ‌‌ဒေါ် လေးပြန်လာသည်ကိုမြင်သောအခါ သူမ၏အဖက်မလုပ်တတ်သောပုံစံကိုစွန့်ပစ်ပြီး ခြေထောက်တိုတိုလေးများဖြင့်ပြေးလာလေ၏။

“ဒေါ်လေး သမီးကိုချီပါဦး”


ဒီနှစ်ဆိုလျှင်ရှောင်းမျန်မျန်က အသက်၁၂နှစ်ရှိပြီဖြစ်ကာ ရွယ်တူများထက်အရပ်ပိုရှည်၏။ထို့ကြောင့်သုံးနှစ်အရွယ်ကလေးကိုချီရန်မှာ မခက်ခဲပေ။

 

သူမက သူမတူမလေးကိုချီပြီး မျက်နှာသေးသေးလေးကိုနှစ်ခါလောက်ဖက်နမ်းလိုက်ရာ ရှောင်ရန်ရန်၏မျက်နှာက ပျော်လည်းပျော်ကာ ရှက်သွေးဖြာသွားလေသည်။


“ဒေါ်လေးက ပိုလှလာပြန်ပြီ”


ရှောင်းမျန်မျန်က သူမကိုစလိုက်သည်။

“ဒေါ်လေးကလှလား သမီးအမေကလှတာလား”


ရှောင်ရန်ရန်က ခေါင်းလေးကိုစောင်းကာ သေချာစဉ်းစားကြည့်လိုက်သည်။

“နှစ်ယောက်လုံးလှတယ်”


ရှောင်းမျန်မျန် :“လူတိုင်းလှနိုင်ပေမယ့် ပိုပြီးလှတဲ့လူဆိုတာရှိတယ်လေ”


အနားတွင်ဘယ်သူမှမရှိသဖြင့် ရှောင်ရန်ရန်ကတိုးတိုးလေးပြောလိုက်သည်။

“ဒေါ်လေးကပိုလှတယ်”


ထုံကျားရှင်းက ဘယ်ချောင်ကမှန်းမသိ ရုတ်တရက်ပေါ်လာလေသည်။

“အေးးငါအကုန်ကြားလိုက်တယ်နော် နင့်အမေကိုပြန်ပြောပြမှာ”


ရှောင်ရန်ရန်က စိုးရိမ်တကြီးဖြစ်သွားသည်။

“ဦးငယ်လေးက မကောင်းဘူး၊ သူများတွေစကားပြောနေတာကို ခိုးနားထောင်တယ်”


ထုံကျားရှင်းက သူမ၏မျက်နှာလေးကိုဖျစ်ညှစ်လိုက်သည်။

“ဒါဆိုရင် ဦးငယ်လေးကိုအာဘွားပေးလိုက်၊ အဲ့လိုဆိုသမီးအမေကိုပြန်မပြောတော့ဘူး”


ရှောင်ရန်ရန်က နှာခေါင်းရှူံ့ပြီး သူ့ဒေါ်လေးပုခုံးပေါ်တွင်မျက်နှာကိုဝှက်ကာ အသံချိုချိုလေးဖြင့်ပြောလိုက်သည်။

“အဖေက နံဟောင်နေတဲ့ယောက်ျားတွေကိုမနမ်းရဘူးတဲ့”


ထုံကျားရှင်း: "..."


ထိုအချိန်မှာဘဲ အပြင်ဘက်မှရယ်သံတစ်ခုထွက်လာလေသည်။


“ရှောင်ရန်ရန် သမီးပြောတာမှန်တယ် သမီးရဲ့ဦးငယ်လေးက နံဟောင်နေတာ သူ့ကိုမနမ်းနဲ့”


ထိုသို့ပြောပြီးပြီးချင်းမှာဘဲ အရပ်ရှည်ရှည်မိန်းကလေးတစ်ယောက်က အထဲသို့ဝင်လာသည်။


ထိုမိန်းကလေးက အသားအရေလှကာ ဆံပင်တိုတို၊ ခြေတံသွယ်နှင့် မျက်လုံးဝိုင်းများရှိပြီး ငယ်ရွယ်နုပျိုသည့်ပုံပေါ်၏။


ထုံကျားရှင်းက သူမကိုမြင်သောအခါ သူ့နားရွက်ဖျားများက ချက်ချင်းဆိုသလိုနီရဲသွားသည်။ ကံကောင်းစွာဖြင့် သူ့အသားကမဲနေသဖြင့် ဘယ်သူမှသတိမထားမိသွားပေ။


ရှောင်းမျန်မျန်:“ အစ်မကျူးကျူး အစ်မက ညီမပြန်ရောက်ချင်းချင်းကို အစ်မကရောက်လာတော့တာဘဲ သို့ယာကိုအပြင်မှာထိုင်စောင့်ခိုင်းထားတာတော့ မဟုတ်ဘူးမလား”


ဝေ့ကျူးကျူးက ပြုံးဖြဲဖြဲလုပ်ပြလာသည်။

“နင်က ဉာဏ်ပြေးလိုက်တာ၊ ငါမှာလိုက်တဲ့ လက်မှတ်ရောဘယ်မှာလဲ အကုန်ပြန်တော့ယူလာပါတယ်နော် ဟုတ်တယ်မလား”


ဝေ့ကျူးကျူးက ဒီနှစ်ဆိုလျှင် အသက်ဆယ့်ငါးနှစ်ရှိပြီဖြစ်ကာ ကောလိပ်ဝင်ခွင့်စာမေးပွဲကြီးကိုဖြေရတော့မည်ဖြစ်‌သည်။ ပုံမှန်အားဖြင့် သူမကစာလုပ်ရင်းအလုပ်များနေသော်လည်း ကြယ်ပွင့်နောက်လိုက်တတ်သူပရိသတ်လေးအနေဖြင့် သူမအတွက် စာလေ့လာခြင်းက သူမအိုင်ဒေါ၏လက်မှတ်လောက်အရေးမကြီးပေ။


“အကုန်ပြန်ယူလာပါတယ်နော်”


ထို့နောက် နာမည်ကြီးသရုပ်ဆောင်ကုပိုင်လက်မှတ်‌ထိုးထားပေးသည့် ပိုစ့်ကတ်လေးကိုထုတ်ပေးလိုက်သည်။


ဝေ့ကျူးကျူးက ရုတ်ချည်းဆိုသလို စိတ်လှုပ်ရှားတကြီးအော်ဟစ်လာလေသည်။


ထုံကျားရှင်းက နှုတ်ခမ်းကိုမဲ့ကာ အသံတိုးတိုးဖြင့်ရေရွတ်လိုက်သည်။

“ဓာတ်ပုံလေးတစ်ပုံကို ဒီလောက်ပျော်နေစရာလိုလို့လား”


ဝေ့ကျူးကျူးက သူ့ကိုစိုက်ကြည့်လာသည်။

“နင်ဘာသိလို့လဲ ကုပိုင်က ငါ့ရဲ့အိုင်ဒေါ၊ သူနဲ့အပြင်မှာတွေ့နိုင်မယ်ဆိုရင် ငါ့ဘဝရဲ့သက်တမ်းဆယ်နှစ်လောက်ကို အဆုံးရှူံးခံနိုင်တယ်”


ထုံကျားရှင်းက မကျေမနပ်ဖြင့် နှုတ်ခမ်းကိုမဲ့လိုက်သည်။


ဤအချိန်မှာဘဲ အပြင်ဘက်မှအော်သံတစ်ခုကိုကြားလိုက်ရသည်။

“မုန့်ကြိုးလိမ်တွေရမယ်နော် အရသာရှိတဲ့ကျင်းရှီကမုန့်ကြိုးလိမ်တွေ အရသာမရှိရင်ပိုက်ဆံပေးစရာမလိုဘူးဟေ့”


ဝေ့ကျူးကျူး၏မျက်လုံးများကအရောင်တောက်လာသည်။

“မုန့်ကြိုးလိမ်မစားရတာ အတော်ကြာနေပြီ၊ ငါသွားဝယ်လိုက်ဦးမယ်......”


ထို့နောက်ထုံကျားရှင်း၏စကားသံကိုကြားလိုက်ရလေသည်။

“ရှောင်ရန်ရန်လည်း စားချင်နေလောက်တယ်၊ ငါဘဲသွားဝယ်လိုက်မယ်”


ရှောင်ရန်ရန် :? ? ?


သူမ စားချင်တယ်လို့လဲမပြောမိပါဘူးနော်။


သို့သော်ထုံကျားရှင်းက မုန့်ကြိုးလိမ်သည်၏ နောက်ကိုပြေးလိုက်သွားပြီဖြစ်သည်။


“ခန‌ရပ်ပါဦး မုန့်ကြိုးလိမ်ဝယ်ချင်လို့ပါ”


မုန့်ကြိုးလိမ်သည်ဦးလေးကြီးက မကြားဘဲ စက်ဘီးဖြင့်ရှေ့ကိုသာဆက်သွားနေလေသည်။


ထုံကျားရှင်းက လမ်းနှစ်‌လမ်းကျော်သည်အထိလိုက်ပြီးမှ မုန့်ကြိုးလိမ်သည် ကိုလိုက်မှီသွားသည်။


သူကဟောဟဲလိုက်နေပြီး မုန့်ကြိုးလိမ်4ကတ်တီလောက်ပေးပါဟု ပြောတော့မည့်အချိန်တွင် စက်ဘီးမှအော်လန်၏အသံကိုကြားလိုက်ရသည်။

“ ‌ပစ္စည်းအဟောင်းတွေဝယ်တယ်၊ စာအုပ်တွေဝယ်တယ် လျှပ်စစ်ပစ္စည်းအစုတ်တွေဝယ်တယ်--”


တစ်ချိန်တည်းမှာပင် အခြားလမ်းတစ်ခုမှ မုန့်ကြိုးလိမ်သည်၏အသံကိုကြားလိုက်ရသည်။



ထုံကျားရှင်း: "..."


သူလူမှားပြီးလိုက်မိလာတာဘဲ။QAQ


မုန့်ကြိုးလိမ်ရောင်းသည့်ဦးလေးကြီးက ‌အဝေးသို့ရောက်သွားပြီဖြစ်ရာ ထုံကျားရှင်းကလိုက်မမှီတော့ပေ။သူက လက်ဗလာဖြင့်သာပြန်လာခဲ့ရသည်။


ဝေ့ကျူးကျူးက သူလက်ဗလာဖြင့်ပြန်လာသည်ကိုမြင်သောအခါ မျက်ခုံးများကိုပင့်ပြီးမေးလိုက်သည်။

“နင်မုန့်ကြိုးလိမ်သွားဝယ်မယ်လို့ပြောခဲ့တာမဟုတ်ဘူးလား ဘယ်မှာလဲမုန့်”


ထုံကျားရှင်းက မျက်ဖြူလှန်လိုက်မိသည်။

“ကျင်းရှီမုန့်ကြိုးလိမ်က ဘာအရသာရှိလို့လဲ ငါ့အမလုပ်တာကပိုကောင်းတယ်”


ဝေ့ကျူးကျူးက ချက်ချင်းပင် သူ မဝယ်ခဲ့သည်ကိုသဘောပေါက်သွားသည်။

“အစ်မရွှယ်လူမှာသာ မုန့်ကြိုးလိမ်လုပ်ဖို့အချိန်ရှိနေရင် ငါကဘာလို့ဝယ်စားနေဦးမှာလဲ၊ နင်မဝယ်ချင်ဘူးဆိုရင်လည်း ဘာလို့ခုနတုန်းကဝယ်မယ်ဆိုပြီးထွက်သွားတာလဲ တကယ်ကိုမုန်းဖို့ကောင်းလိုက်တာ”


ထုံကျားရှင်းက ခေါင်းမာမာဖြင့်ပြန်ပြောသည်။

“ဘာကိုမုန်းစရာကောင်းတယ်လုပ်နေတာလဲ မုန့်ကြိုးလိမ်လေးဘဲမဟုတ်လား ငါဝယ်ကျွေးမယ်”


“မလိုပါဘူးနော် ကျေးဇူးဘဲ”


ဝေ့ကျူးကျူးက သူနှင့်ရန်ဖြစ်ရန် ပျင်းနေ၏။ သူမက မျန်မျန်ဘက်လှည့်ကာပြောလိုက်သည်။

“ပိုစ့်ကတ်လေးကိုရပြီဆိုမှတော့ စာသွားပြန်လုပ်တော့မယ် နောက်တစ်ခါမှဘဲ နင့်ကိုအရသာရှိတာလေးဝယ်ကျွေး‌မယ်နော်”


ရှောင်ယန်းယန်က အိမ်ထဲမှပြေးထွက်လာ၏။

“ဒေါ်လေးကျူးကျူး နားထောင်တဲ့သူတွေလည်းဝေစုရသင့်တယ် ယန်းယန်လည်းအရသာရှိတာလေးစားချင်တယ်”


ကောင်ငယ်လေးက ဝတုတ်တုတ်မျက်နှာလေးကိုမော့ကာ စပျစ်သီးလိုမျက်ဝန်းကြီးများဖြင့် ကြောင်ပေါက်လေးအစာတောင်းနေသလို မော့ကြည့်လာလေသည်။


ဝေ့ကျူးကျူးကအသည်းယားသွားတာ ဖက်တီးလေး၏မျက်နှာကိုဖျစ်ညှစ်လိုက်သည်။

“ဟုတ်ပါပြီရှင် ဒေါ်လေးစာလုပ်ပြီးရင် သားဆီလာပြီး အရသာရှိတာတွေစားဖို့ခေါ်သွားမယ်နော်”


ရှောင်ယန်းယန်က ပို၍တောက်ပစွာပြုံးလိုက်သည်။

“ဒေါ်လေးကျူးကျူးက အလှဆုံးဘဲ”


‌ဝေ့ကျူးကျူးက ချီးကျူးခံလိုက်ရ၍ ဝမ်းသာသွားပြီး စိတ်ကျေနပ်နေသောအပြုံးကြီးဖြင့် ပိုစ့်ကတ်ကိုကိုင်ကာပြန်သွားလေသည်။


ထုံကျားရှင်းက တံခါးဝတွင်သူမပုံရိပ်ပျောက်သွားသည်အထိလိုက်ကြည့်နေပြီးမှ အကြည့်လွှဲလိုက်သည်။


ထုံရွှယ်လူက ထိုအရာကိုမြင်သွားသောအခါ သူမရင်ထဲတွင်နှစ်ခါ‌လောက်စုတ်သပ်လိုက်မိသည်။


အသက်ဆယ်နှစ်လောက်တုန်းကဖြင့် သူကလူပျိုကြီးလုပ်တော့မှာ၊ ဗုဒ္ဓမြတ်စွာဘုရားရှေ့မှာဆုတောင်းထားတယ်လို့ပြောခဲ့ပြီးတော့။ ဒီလောက်မြန်မြန်ကြီး စိတ်ပြောင်းသွားမယ်လို့မထင်ထားဘူး။


သေချာပေါက်ကို ယောက်ျားတွေရဲ့ပါးစပ်ကထွက်သမျှက အလိမ်အညာတွေချည်းဘဲ။


အရင်တုန်းက သူဘဲကျူးကျူးကို အရမ်းတွေသဘောမကျဖြစ်ခဲ့‌တာလေ။


 အနာဂတ်မှာ သူ့ဇနီးကို သင်္ဂြိုလ်စက်ထဲအထိလိုက်ပိုးနေရမှာက ဘယ်လောက်တောင်စိတ်လှုပ်ရှားစရာကောင်းမလဲဆိုသည်ကို တွေးကြည့်နိုင်သည်။


သို့သော်ဤပုံစံတိုင်းဆိုလျှင် ထုံကျားရှင်း၏ဘဝလမ်းကြောင်းက အတိတ်ဘဝနှင့်လုံးဝကို ကွဲပြားသွားပေပြီ။ 


အနာဂတ်မှာ သူ့အရင်ဘဝက ဇနီးနဲ့တွေ့နိုင်ဦးမလားဆိုတာကို သိချင်မိတယ်။


အကယ်၍သူ့အတိတ်ဘဝကဇနီးနှင့် ပြန်ဆုံခဲ့လျှင် ဝေ့ကျူးကျူးနဲ့ သူ့ဇနီး ဘယ်သူ့ကိုရွေးချယ်မှာလဲ။


အခုချိန်တွင်ထိုကိစ္စအကြောင်းတွေးရန်အလွန်စောသေး၏။ နှစ်ယောက်လုံးက ငယ်သေးပေသည်။ အနာဂတ်မှာတစ်ခုခုဖြစ်သွားမှ ဆက်ပြောကြတာပေါ့။


သူတို့စကားပြောနေချိန်တွင် ရှောင်းကျားမင်က ဖရဲသီးကြီးတစ်လုံးဖြင့် အပြင်မှပြန်ရောက်လာသည်။ သူကထုံရွှယ်လူကိုမြင်သောအခါ ရပ်သွားပြီးအော်ပြောလိုက်သည်။

“မမကြီး ရောက်လာပြီလား”


သူ့ပုံစံက ခန့်ညားကာ ပုခုံးကျယ်ကျယ်၊ ခါးသွယ်သွယ်နှင့် ဖြောင့်တန်းနေသောခြေတံရှည်များလည်းရှိ၏။ချင်မင်းဆက်က အမျိုးသားဟုခေါ်ရသည်မှာ ထိုက်တန်ပေသည်။


ကောလိပ်စတက်ကတည်းက ကျောင်းမှကျောင်းသူများသည် စိတ်အားတက်ကြွစွာဖြင့် သူ့နောက်လိုက်နေသည်ဟုကြားသော်လည်း ရှောင်းကျားမင်ကမူ စာ‌လေ့လာခြင်းနှင့်စီးပွားရေးလုပ်ရာတွင်မှာဘဲ အာရုံစိုက်နေခဲ့ပြီး လေးနှစ်ကြာသွားသည့်တိုင်အောင် ချစ်သူမရှိသေးပေ။


နောင်တွင်လူပျိုကြီးဖြစ်မည့်သူက ထုံကျားရှင်းမဟုတ်ဘဲ ရှောင်းကျားမင်များဖြစ်နေမလားဟု သူမသံသယဝင်မိသွားသည်။


ထိုသို့တွေးလိုက်ပြီးမှ သူမကသတိပြန်ဝင်လာသည်။

“မောင်နှမတွေအကုန်အိမ်ကိုပြန်လာတာကရှားတယ်လေ သေချာပေါက်ကို အစ်မလည်းပြန်လာရမှာပေါ့ မဟုတ်ရင်နင်တို့ကို ဘယ်အချိန်ကျမှ နောက်တစ်ခါထပ်တွေ့ရမှာလဲဆိုတာကို မသိနိုင်ဘူးလေ”


ရှောင်းကျားမင်က ဖရဲသီးကိုသယ်ကာအထဲဝင်လာပြီး ဘုံဘိုင်တွင်ရေဆေးလိုက်သည်။ထို့နောက် အအေးခံရန် ရေခဲသတ္တာထဲသို့ထည့်ထားလိုက်သည်။


“အစ်မ ကျွန်တော်အစ်မနဲ့ တိုင်ပင်ချင်တာလေးရှိတယ်”


185cmရှည်သည့်သူမမောင်လေးရှေ့တွင်ရပ်လိုက်သောအခါ ထုံရွှယ်လူကပထမဆုံးအကြိမ်အဖြစ်သူမကိုယ်သူမအရပ်ပုသည်ဟုခံစားမိသွားသည်။

“ဘာကိစ္စလဲ”


ရှောင်းကျားမင် :“အစ်မဆီက ပိုက်ဆံနည်းနည်းလောက်ချေးချင်လို့ပါ၊ အဲ့ဒါနဲ့ရှန်းကျန့်မြို့မှာစီးပွားရေးတစ်ခုလောက်လုပ်ချင်တယ်၊ နောင်ကျရင် အစ်မကိုနှစ်ဆပြန်ပေးမှာပါ”


ထုံရွှယ်လူက မျက်ခုံးပင့်လိုက်သည်။

“ကျားမင်က ဘာစီးပွားရေးလုပ်မလို့လဲ”


ရှောင်းကျားမင်က ‌ကိုယ်ကိုမတ်ထားကာ သူ့မျက်လုံးများက ယုံကြည်ချက်အပြည့်ဖြင့်တောက်ပနေ၏။

“ဆက်သွယ်ရေးလမ်း‌ေကြာင်းဘက်ကိုလုပ်ချင်တယ်”


ကောင်းလိုက်တာ။