အပိုင်း၃၆၂
Viewers 67k

🍵Chapter 362




အရင်ဘဝမှာစီးပွား‌ရေးနတ်ဘုရားလို့ခေါ်ခံရတဲ့သူပီသပါတယ်၊ နောင်တစ်ချိန်မှာဆက်သွယ်ရေးလမ်းကြောင်းတိုးတက်သွားမှာကို စိတ်ခံစားမှုစူးရှပြီး ရှေ့ကိုကြိုမြင်တတ်နေပြီ။


အနာဂတ်စီးပွားရေးများတွင် ဆက်သွယ်ရေး၊ အင်တာနက်နှင့် အိမ်ခြံမြေရောင်းဝယ်ရေးတို့သည် အလွန်လျင်မြန်စွာတိုးတက်လာမှာဖြစ်ပြီး ဆက်သွယ်ရေးသည်ပထမဆုံးတိုးတက်လာမှာဖြစ်သည်။


ပြီးခဲ့သည့်နှစ်က ပထမဆုံးပေဂျာဆက်သွယ်ရုံကို ရှန်ဟိုင်းမြို့၌ဖွင့်လှစ်ခဲ့ပြီး လူအနည်းစုက BBစက်**များကိုစတင်အသုံးပြုလာကြသည်။

(Tn:စမတ်ဖုန်းမတိုင်ခင် ဆက်သွယ်ရေးအတွက်အသုံးပြုခဲ့တဲ့ပစ္စည်း‌ပါ တယ်လီဖုန်းအိမ်တွေအစား အသုံးပြုရတာပိုချောမွေ့ပါတယ်)


BBစက်များစတင်ပေါ်လာလာချင်းပင် သူမက ဝမ်ရူကွေ့နှင့်သူမတို့နှစ်ယောက်အတွက်တောင်ဝယ်လိုက်သေးသည်။ အစက အဖိုးနှစ်ယောက်နှင့် ဦးလေးဇုန်းတို့အတွက်ပါဝယ်ပေးချင်သော်လည်း သူတို့ကသုံးမှာမဟုတ်သောကြောင့် မဝယ်ခိုင်းခဲ့ပေ။

 

အခုလက်ရှိBBစက်များသည် ဂဏန်းနှင့်အက္ခရာစဉ်များကိုသာဖော်ပြနိုင်‌ပြီး အဝင်ဖုန်းနှင့်တစ်ဖက်လူ၏အမည်ကိုသာဖော်ပြနိုင်သေးသည်။အခြားအချက်အလက်များကို မလွှဲပြောင်းပေးနိုင်ဘဲ ဖုန်းခေါ်ပြီးသာရှင်းပြနိုင်ရာ BBစက်များ၏လုပ်ဆောင်မှုကအကန့်အသတ်ရှိသည်။


ထုံရွှယ်လူ:“ဒီလုပ်ငန်းကကောင်းတယ် ကျားမင်ကဘယ်လောက်လိုချင်တာလဲ”


“ယွမ်တစ်‌သောင်းလောက်ပါ”

ထိုသို့ပြောပြီးနောက် သူ့ကိုယ်သူအများကြီးတောင်းမိသွားသည်ဟုထင်ကာ ချက်ချင်းပြင်ပြောလာ၏။

“အဲ့လောက်မဟုတ်ရင်လဲ ယွမ်ငါးထောင်လောက်ဆိုအဆင်ပြေပါပြီ”


ထုံရွှယ်လူ:“ အစ်မနင့်ကို ယွမ်သုံးသောင်းပေးလိုက်မယ် နှစ်ဆပြန်ဆပ်စရာလည်းမလိုဘူး၊ အစ်မက နင့်လုပ်ငန်းမှာရှယ်ယာဝင်တယ်လို့ဘဲသဘောထားလိုက်”


ရှောင်းကျားမင်သည် သူ့အစ်မကြီးက သေချာပေါက်သူ့ကိုထောက်ပံ့ပေးမည်ကိုသိထားသော်လည်း ဤလောက်အထိသူ့ကိုယုံကြည်နေမည်ဟုမမျှော်လင့်ထားခဲ့ပေ။

“အစ်မ ကျွန်တော်ပိုက်ဆံတွေကိုဆုံးအောင်လုပ်မိသွားမှာ မစိုးရိမ်ဘူးလား”


ထုံရွှယ်လူသည် ရှောင်းကျားမင်က ထိုပိုက်ဆံကိုဆုံးရှူံးသွားရင်တောင်မှ အနာဂတ်တွင် ထိုပမာဏထက် ရာနှင့်၊ထောင်နှင့်ချီများလာအောင် ပြန်လုပ်နိုင်မှာဘဲဟုတွေးလိုက်မိသည်။

စီးပွားရေးနတ်ဘုရားဟူသည်ကို အလဟသခေါ်ခြင်းမဟုတ်ပေ။


သူမကချက်ချင်းပင် သူ့ပုခုံးကိုပုတ်ပေးလိုက်သည်။

“ကျားမင်က ငယ်ငယ်လေးကတည်းက အရမ်းကိုတည်ငြိမ်ခဲ့တာ၊ အစ်မက နင့်အပေါ်အရမ်းကိုယုံကြည်ထားတယ်၊ မနက်ဖြန်ကျရင် ကုမ္ပဏီကိုလိုက်ခဲ့လိုက်‌လေ အစ်မဘဏ်သွားပြီး နင့်ဆီကိုလွှဲပေးလိုက်မယ်”


ရှောင်းကျားမင်က သူ့အစ်မက စိတ်လှုပ်ရှားတကြီးကြည့်နေကာ သူ့မျက်လုံးများက ခံစားချက်များကိုထိန်းထားရသဖြင့် နီရဲနေပြီဖြစ်သည်။

“ကျေးဇူးပါ အစ်မ၊ ကျွန်တော်အစ်မကိုစိတ်မပျက်စေရပါဘူး”



ယွမ်သုံးသောင်းတဲ့။


အခုချိန်တွင် ပေကျင်းမြို့တစ်မြို့လုံး၌ ယွမ်တစ်သောင်းလောက်ကိုလက်ဝယ်ကိုင်ထားနိုင်သည့် မိသားစုကိုရှာကြည့်လျှင် လူဦးရေ၏1ရာခိုင်နှုန်းလောက်သာရှိသည်။လူအများစုက သူတို့တစ်ဘဝလုံးကြိုးစားရင်တောင်မှ ယွမ်သုံးသောင်းကိုရနိုင်မည်မဟုတ်ပေ။


ဤမျှပိုက်ဆံအများအပြားသည် သူ့အစ်မကထုတ်ပေးချင်လျှင်တောင်မှ အလွန်ခက်ခဲနိုင်သည်ကိုသူသိထား၏။သို့သော် သူ့အစ်မက မျက်တောင်တစ်ချက်မခတ်ဘဲ ယွမ်သုံးသောင်းကိုပေးလာလေသည်။


သူကဘယ်လိုလုပ်ပြီး မခံစားရဘဲနေနိုင်မှာလဲ။


“ရှန်းကျန့်ကိုဘယ်တော့လောက်သွားဖို့စီစဉ်ထားလဲ အဖိုးကိုရောပြောပြပြီးပြီလား”


ရှောင်းကျားမင်၏မျက်လုံးများက စိတ်လှုပ်ရှားလွန်း၍နီရဲနေသည်ကိုမြင်လိုက်သောအခါ သူတို့ပထမဆုံးအကြိမ်တွေ့တုန်းက ရှောင်းကျားမင်တစ်ယောက်ဘယ်လောက်တောင်ခုခံကာကွယ်လိုစိတ်ပြင်းခဲ့သည်ကို ပြန်တွေးမိသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာဘဲ ရှစ်နှစ်ကျော်သွားပြီဖြစ်သည်။


အချိန်ကကုန်ဆုံးတာမြန်လှပေသည်။


ရှောင်းကျားမင်ကခေါင်းခါပြသည်။

“အဖိုးကိုမပြောပြရသေးဘူး နောက်ကျမှပြောပြလိုက်ပါ့မယ် ဘွဲ့ရပြီးတာနဲ့ ရှန်းကျန့်ကိုသွားဖို့ဆုံးဖြတ်ထားတယ်”


ဆိုလိုသည်မှာ နောက်နှစ်လအကြာတွင်ဖြစ်သည်။


ရှောင်းကျားမင်က အတန်းနှစ်ခုကျော်တက်ခဲ့ကာ ထိုအချိန်က အလယ်တန်းနှင့်အထက်တန်းပညာသင်နှစ်များသည် အချိန်နှစ်နှစ်သာရှိနေဆဲဖြစ်သည်။ထို့ကြောင့် သူကောလိပ်စတက်သောအခါ အသက်15နှစ်သာရှိသေးပေသည်။


အခုဆိုလျှင်ဘွဲ့ရတော့မည်ဖြစ်ကာ အသက်19နှစ်သာရှိသေး၏။


ထုံရွှယ်လူက ခနလောက်တွေးကြည့်လိုက်ပြီးနောက် မရည်ရွယ်ဘဲပြောမိသလိုလုပ်လိုက်သည်။

“နင်ကဒီလောက်ဝေးတဲ့နေရာကို တစ်ယောက်တည်းသွားမှာ၊ အစ်မနဲ့အဖိုးကတော့ စိတ်မချဘူး၊ မနက်ဖြန်ကျရင်တစ်ယောက်ယောက်ကို နင့်အတွက်BBစက်တစ်လုံးဝယ်ခိုင်းလိုက်မယ် ငြင်းဖို့မကြိုးစားနဲ့နော်၊ BBတစ်လုံးလောက်ရှိထားမှ ငါတို့‌တွေကိစ္စတစ်ခုခုရှိတဲ့အခါ နင့်ကိုရှာလို့ရမှာ”


“ဆိုးတာက BBစက်တွေက ဂဏန်းတွေကိုဘဲ‌ပြနိုင်တာ၊ အက္ခရာတွေပြနိုင်ရင် ပိုအဆင်ပြေလိမ့်မယ်၊ အဲ့လိုဆိုနင့်ဆီကိုဆက်သွယ်ဖို့လည်း လွယ်သွားမှာ”


ရှောင်းကျားမင်က ထိုစကားများကိုကြားသောအခါ ကြက်သေသေသွားပြီး ထို့နောက်တွင် သူ့မျက်လုံးများကအရောင်တောက်လာလေသည်။

“အစ်မ ကျွန်တော်သာအက္ခရာတွေကိုပြနိုင်တဲ့BBစက်ကိုတီထွင်နိုင်မယ်ဆိုရင် လူတွေကကျွန်တော်လုပ်တာကိုသုံးကြမှာ‌လား”


ထုံရွှယ်လူကခေါင်းညိတ်ပြသည်။

“သေချာတာပေါ့၊ BBစက်တွေမှာစာရိုက်လို့ရသွားမယ်ဆို အဆင်မပြေတာတွေမဖြစ်တော့ဘူး”


အခုတွင်ဂဏန်းများကိုသာဖော်ပြနိုင်သေးသည်။တစ်ခါတစ်လေတွင် တစ်ဖက်လူကိုချက်ချင်းဖုန်းပြန်ခေါ်ရန်အဆင်မပြေတာမျိုးရှိတတ်၏။အက္ခရာများဖြင့်ဖော်ပြထားနိုင်ပါက အနည်းဆုံး‌အနေဖြင့် ပြန်ခေါ်ရမည့်တစ်ဖက်လူက ဘယ်သူဆိုသည်ကိုသိနိုင်ပေသည်။


သူမက တရုတ်အက္ခရာBBစက်များထွက်ပေါ်လာပြီးနောက်တွင် ပေဂျာဈေးကွက်ကကြီးပွားလာပြီး ပြိုင်ဆိုင်မှုပြင်းထန်ခဲ့သည်ကိုမှတ်မိသေးသည်။ 1990နောက်ပိုင်း၌ မိုဘိုင်းဖုန်းများပေါ်လာမှသာ ပေဂျာဈေးကွက်ကကျဆင်းသွားခြင်းဖြစ်သည်။


ရှောင်းကျားမင်သာ တရုတ်အက္ခရာဖော်ပြနိုင်မည့်ပေဂျာဖန်တီးရန်အခွင့်အရေးကိုအရယူနိုင်ပါက သူ့ဘဝတွင်ပထမဆုံးသောရွှေအိုးကိုရရှိနိုင်မည်ဖြစ်ကာ ပမာဏကအလွန်များလိမ့်မည်။


ရှောင်းကျားမင်က ခုနကထက်တောင် ပိုစိတ်လှုပ်ရှားသွားသည့်ပုံဖြင့် ပေဂျာအကြောင်းကိုရေရွတ်လိုက်သည်။

“အစ်မရေ ကျွန်တော်အခန်းထဲအရင်ပြန်လိုက်ဦးမယ် ကျေးဇူးပါအစ်မ”


ညစာစားပြီးသောအခါ ရှောင်းကျားမင်ကသူ၏အကြံအစည်ကို အဖိုးဖြစ်သူအားပြောပြလိုက်သည်။

 

ဗိုလ်မှူးရှောင်းက သူ့မြေးကိုအဝေးလွှတ်ရမှာစိတ်မချသော်ငြား လူငယ်‌များကအလုပ်ကြိုးစားလိုသည်မှာကောင်းမွန်သောကိစ္စတစ်ခုဖြစ်သောကြောင့် အဆုံးတွင်သဘောတူလိုက်သည်။


“မင်းအစ်မက မင်းအပေါ်အရမ်းယုံလို့ မျက်တောင်တစ်ချက်မခတ်ဘဲ ယွမ်သုံးသောင်းကိုပေးလိုက်တာ၊ အစ်မရဲ့စေတနာကိုရင်ထဲမှာမြဲမြဲမှတ်ထားရမယ်နော်၊ အနာဂတ်မှာမင်းအောင်မြင်သည်ဖြစ်စေ၊ ကျရှူံးသည်ဖြစ်စေ ဒီချစ်ခြင်းတရားကိုမေ့လိုက်လို့မရဘူး”


ရှောင်းကျားမင်က‌ လေးနက်စွာခေါင်းညိတ်ပြလာသည်။

“အဖိုးစိတ်မပူပါနဲ့ အစ်မရဲ့ကျေးဇူးတွေကိုနောင်ကျရင်သေချာပေါက်ပြန်ဆပ်မှာပါ”


အခုချိန်တွင်သူ့အစ်မက ပိုက်ဆံမချေးနိုင်ဘူးဆိုလျှင်တောင် သူ့ရင်ထဲတွင်သူ့အစ်မကိုကျေးဇူးတင်နေဆဲဖြစ်သည်။


ထိုအချိန်တုန်းက သူမရောက်လာပြီး သူတို့မောင်နှမသုံးယောက်ကိုမစောင့်ရှောက်ပေးခဲ့ပါက အခုချိန်တွင်သူတို့က ဘယ်လိုပုံစံဖြစ်နေမည်ဆိုတာကို တွေးကြည့်၍မရပေ။


ဗိုလ်မှူးရှောင်းက စိတ်ကျေနပ်စွာခေါင်းညိတ်လိုက်သည်။သူ့မြေးများက အချင်းချင်းအဆင်ပြေသည်ကိုမြင်လိုက်ရရာ သူကအပျော်ဆုံးဖြစ်သည်။


**

နောက်တစ်နေ့တွင် ရှောင်းကျားမင်ကသူ့အစ်မနှင့်အတူ ကုမ္ပဏီသို့လိုက်လာခဲ့သည်။


ထုံရွှယ်လူက ငွေကြေးဌာနအား ကုမ္ပဏီ၏ရန်ပုံငွေထဲမှ ယွမ်သုံးသောင်းထုတ်လာရန်ပြောလိုက်သည်။


ငွေကြေးဌာနမန်နေဂျာသည် သူမက သူမမောင်လေးအလုပ်စရန်အတွက် ယွမ်သုံးသောင်းလွှဲပေးသည်ကို သိသွားသောအခါ အံ့ဩသွားသလို မနာလိုလည်းဖြစ်သွားသည်။ သူ့ဆီမှာကျ ဘာလို့ဒီလောက်ကောင်းတဲ့အစ်မမရှိတာလဲ။


အခုကာလတွင် ယွမ်သုံးသောင်းကအလွန်များပြားသောပမာဏဖြစ်ကာ အွန်လိုင်း‌ဘဏ်လည်းမရှိသဖြင့် သူမကပိုက်ဆံလွှဲရန် ရှောင်းကျားမင်ကိုခေါ်ပြီးဘဏ်သို့သွားရမည်ဖြစ်သည်။


သူမထွက်သွားပြီးသိပ်မကြာခင်မှာဘဲ ကျန်းပိုင်ဟွေ့က သူမ၏ကုမ္ပဏီသို့ရောက်လာလေသည်။


ကျန်းပိုင်ဟွေ့က ခေါင်းလောင်းဂျင်းဘောင်းဘီနှင့် ချက်ပေါ်အင်္ကျီကိုဝတ်ထားရာ သူမအထဲသို့ဝင်ဝင်လာချင်းပင် လူအများ၏အာရုံစိုက်မှုကိုခံလိုက်ရသည်။


ဧည့်ကြိုက သူမကိုအပြုံးလေးဖြင့်ကြိုဆို၏။

“မဒမ် တစ်ယောက်ယောက်ရှာဖို့လာတာလား၊ ဒါမှမဟုတ်ကုမ္ပဏီနဲ့ပူးပေါင်းချင်လို့များလား”


ကျန်းပိုင်ဟွေ့က နေကာမျက်မှန်ကိုချွတ်ကာ တစ်ချက်ဝေ့ကြည့်လိုက်သည်။

“ငါက နင်တို့ဥက္ကဠထုံရဲ့သူငယ်ချင်းပါ၊ သူအခုရုံးခန်းထဲမှာရှိလား”


ဧည့်ကြိုကခေါင်းခါလိုက်ကာ သူမ၏အပြုအမူများကလည်း ပိုပြီးလေးစားလာသည်။

“ဒါရိုက်တာထုံက သူ့မောင်လေးနဲ့အလုပ်ကိစ္စလေးရှိလို့ဘဏ်ကိုသွားပါတယ်၊ မဒမ်ဧည့်ခန်းထဲမှာအရင်ဝင်နေလိုက်ပါလား”


ကျန်းပိုင်ဟွေ့ကအနားတစ်ဝိုက်ကိုကြည့်ကာ ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီလေ”


ထုံရွှယ်လူ၏ကုမ္ပဏီက နိုင်ငံခြားကုမ္ပဏီများနှင့်မယှဉ်နိုင်သော်လည်း သူမဒီကိုမလာခင်ထင်ထားခဲ့သည်ထက်စာလျှင် ပိုကောင်းနေပေသည်။ အပြင်အဆင်က ရိုးရှင်းသော်ငြား စုတ်ပြတ်မနေဘဲ လူကိုအလွန်ဖက်ရှင်ကျသည့်ခံစားချက်မျိုးပေး၏။


သူမလျှောက်ကြည့်နေသည်ကို‌မြင်သောအခါ ဧည့်ကြိုက ရင်ဘတ်ကိုကော့ပြီးဂုဏ်ယူစွာပြောလာ၏။


“မဒမ် ကျွန်မတို့ကုမ္ပဏီရဲ့အပြင်အဆင်က ထူးခြားနေတယ်လို့ထင်လား၊ ဒါကိုဒါရိုက်တာထုံကိုယ်တိုင်ဒီဇိုင်းဆွဲထားတာပါ၊ ဧည့်သည်အများစုကရောက်လာရင် ကျွန်မတို့ကုမ္ပဏီရဲ့အပြင်အဆင်ကအရမ်းခမ်းနားတယ်လို့ပြောကြတယ်၊ ရှန်းကျန်းကလာတဲ့ဧည့်သည်တွေကတောင် တစ်ပုံစံတည်းပြောကြတာ”


ကျန်းပိုင်ဟွေ့က အကြည့်လွှဲကာ မျက်ခုံးပင့်လိုက်သည်။

“နင်တို့ကုမ္ပဏီက ရှန်းကျန်းကသူတွေနဲ့လည်း ပူးပေါင်းတာလား”


ဧည့်ကြိုလေးက ဂုဏ်ယူစွာခေါင်းညိတ်ပြသည်။

“ဟုတ်ပါတယ် ကျွန်မတို့ရဲ့ဒါရိုက်တာထုံက ကိုယ်တိုင်ကိုယ်ကျ ရှန်းကျန်းကဘော့စ်ဆီကနေ ယွမ်သုံးသိန်းဖိုးအော်ဒါကိုရထားတာပါ အဲ့ဒါကရေရှည်ပူးပေါင်းမှုလည်းဖြစ်တယ်လေ၊ ကျွန်မတို့ရဲ့ဒါရိုက်တာထုံက လှရုံတင်မကဘူး အရမ်းလည်းစွမ်းရည်ရှိတယ်၊ သူက ကျွန်မအလေးစားရဆုံးသူတစ်‌ယောက်ဘဲ”


ကျန်းပိုင်ဟွေ့၏ နှုတ်ခမ်းထောင့်များက‌မဲ့သွားကာဘာမှမပြောလိုက်ပေ။


ဧည့်ကြိုကသူမကိုဧည့်ခန်းထဲသို့လိုက်ပို့ပြီးနောက် လက်ဖက်ရည်ငှဲ့ပေးပြီး၊ သကြားလုံးတစ်ချို့ယူလာပေးကာ ပြန်ထွက်သွားသည်။


ကျန်းပိုင်ဟွေ့ကခနလောက်ထိုင်နေပြီးနောက် ရုတ်တရက်ပင်အနည်းငယ်ဆန္ဒ‌ေစာလာသဖြင့် သန့်စင်ခန်းသွားရန်ထလိုက်သည်။


သန့်စင်ခန်းသို့ရောက်သောအခါ သူမက နောက်တစ်ခါသက်ပြင်းရှိုက်လိုက်မိသည်။


ယခုကာလတွင် လူအများစုက အိမ်တွင်သန့်စင်ခန်းမရှိဘဲ၊ အပြင်ဘက်ရှိအများသုံးသန့်စင်ခန်းများကလည်း အလွန်ဆိုးဝါးလှသည်။အနံ့အသက်ဆိုးများကမူပြောနေစရာတောင်မလို့တော့ပေ။အညစ်အကြေးများက နေရာတိုင်းတွင်ရှိနေကာ ခြေချရန်တောင်မလွယ်ကူပေ။


သို့သော်ထုံရွှယ်လူ၏စားသောက်ဆိုင်နှင့်ကုမ္ပဏီမှသန့်စင်ခန်းများကမူ အလွန်ကောင်းမွန်စွာပြင်ဆင်ထားကာ သန့်ရှင်းပြီးခေတ်မှီ၏။အိမ်သာခွက်များကို ပြည်ပမှတင်သွင်းထားသဖြင့် လူအများစု၏အိမ်မှသန့်စင်ခန်းများထက်ပိုလှပကာ အနံ့အသက်လည်းမွှေး၏။


၎င်းက လူအများစုသည် လက်ဖက်စိမ်းစားသောက်ဆိုင်တွင် ပိုက်ဆံလာဖြုန်းလိုသည့်အကြောင်းရင်းများထဲမှတစ်ခုလည်းဖြစ်သည်။စားသောက်ဆိုင်ကအလွန်ခမ်းနားကာ အခြားစားသောက်ဆိုင်များလိုက်မမှီနိုင်သည်အထိ ခေတ်မှီပေသည်။


ကျန်းပိုင်ဟွေ့က ဒီလိုသန့်စင်ခန်းမျိုးနှင့် မရင်းနှီးတာမျိုးမရှိပေ။သူမဂျာမနီတွင်နေစဉ်က သုံးခဲ့ဖူးပြီး ဒီပြန်ရောက်လာမှသာမသုံးရတော့ခြင်းဖြစ်သည်။


ဤသို့သောသန့်စင်ခန်းမျိုးကို ထုံရွှယ်လူ၏ကုမ္ပဏီတွင်တွေ့လိုက်ရမည်ဟုမမျှော်လင့်ထားရာ သူမရင်ထဲတွင်မဖော်ပြနိုင်သည့်ခံစားချက်မျိုးဖြစ်လာသည်။


သန့်စင်ခန်းသုံးပြီးနောက် တံခါးဖွင့်ကာထွက်သွားတော့မည့်အချိန်တွင် အပြင်ဘက်မှဝင်လာသောခြေသံနှင့် စကားသံများကိုကြားလိုက်ရသည်။


“ဒါရိုက်တာထုံက သူ့မောင်လေးအပေါ်တကယ်ရက်ရောတာဘဲ၊ ယွမ်သုံးသောင်းကြီးများတောင်ပေးလိုက်တာ၊ ငါဖြင့်အရမ်းမနာလိုဖြစ်တာဘဲ ဘာလို့ငါ့ဆီမှာကျအဲ့လိုအစ်မမျိုးမရှိရတာလဲ”


“ယွမ်သုံးသောင်းတောင်၊ ဘုရားရေ ဒါရိုက်တာထုံက သူ့မောင်လေးကအဲ့ပိုက်ဆံတွေကိုဆုံးအောင်လုပ်မိသွားမှာမကြောက်ဘူးလား”


“ဒါရိုက်တာထုံက ဒီလောက်အမြင်ကောင်းတာကိုဟယ်၊ သူရင်းနှီးမြုပ်နှံတဲ့စီးပွားရေးတိုင်းမှာ ကျရှုံးတာကိုနင်မြင်ဘူးလို့လား”


“အဲ့ဒါတော့ဟုတ်တယ် ဒါရိုက်တာထုံက တကယ်ကိုငါ့ရဲ့ဦးဆောင်လမ်းပြဘဲ၊ ငါသူ့ကိုတကယ်လေးစားမိတယ်”


“လူလူချင်း‌တူပေမယ့် ကံကြမ္မာမတူဘူးဆိုသလိုပေါ့ဟယ်၊ ဒါရိုက်တာထုံက အရမ်းကောင်းလွန်းတယ်၊ ရုပ်လည်းလှတယ်၊ နောက်ခံလည်းကောင်းတယ်၊ သူ့ယောက်ျားကလည်း ခန့်ညားပြီး သူ့အပေါ်အရမ်းကောင်းတယ်၊ ချစ်စရာကောင်းပြီးယဉ်ကျေးတဲ့ကလေးနှစ်ယောက်လည်းရှိတော့ သူ့ဘဝကလုံးဝကိုပြီးပြည့်စုံနေပြီ”


ကျန်းပိုင်ဟွေ့က သူမလက်ကိုပြန်ဆွဲဆိတ်လိုက်မိကာ သူမရင်ထဲမှအဆင်မပြေသည့်ခံစားချက်ကြီးက ပိုပိုပြီးပြင်းထန်လာသည်။


အပြင်ဘက်မှလူနှစ်ယောက်ထွက်သွားသောအခါ သူမကသန့်စင်ခန်းထဲမှထွက်လာလိုက်သည်။


ဧည့်ခန်းထဲတွင်နာရီဝက်လောက်စောင့်နေပြီးနောက် ထုံရွှယ်လူကဘဏ်မှပြန်ရောက်လာသည်။


ကျန်းပိုင်ဟွေ့ကိုမြင်သောအခါ သူမကကြောင်သွားသည်။

“ပိုင်ဟွေ့ ဘယ်လိုဖြစ်လို့ဒီကိုရောက်လာတာလဲ”


ကျန်းပိုင်ဟွေ့က ပြုံးကာထရပ်လိုက်သည်။

“အစက နေ့လယ်ကျမှ ငါနင့်အိမ်ကိုတိုက်ရိုက်သွားမလို့ဘဲ၊ ဒါပေမယ့်အိမ်မှနေရင်းပျင်းလာလို့လေ အဲ့ဒါနဲ့ နင့်ကုမ္ပဏီကိုတစ်ချက်လောက်လာကြည့်ဖို့စိတ်ကူးပေါက်လာတာ၊ ရွှယ်လူနင်ကတကယ်ကိုအံ့ဩဖို့ကောင်းတာဘဲ နင့်ရဲ့ကုမ္ပဏီပုံစံက အရမ်းကိုကောင်းကောင်းတိုးတက်နေတာ”


ထုံရွှယ်လူက မဝင့်လွှားဘဲပြန်ပြောသည်။

“ဒါကလူတိုင်းရဲ့ကြိုးစားမှုတွေပါဘဲ၊ ငါ့ဆီမှာ စွမ်းဆောင်ရည်ရှိပြီးအလုပ်ကြိုးစားတဲ့ဝန်ထမ်းတွေရှိနေလို့ပါ၊ သူတို့သာငါ့ကိုမကူညီပေးဘူးဆိုရင် ငါဒီလောက်ကောင်းကောင်းလုပ်နိုင်မှာမဟုတ်ဘူး”


သူတို့ကပြောရင်းဖြင့် ထုံရွှယ်လူ၏ရုံးခန်းဆီသို့လျှောက်လာကြသည်။


ရုံးခန်းထဲသို့ရောက်ပြီးနောက် ကျန်းပိုင်ဟွေ့ကတစ်ချက်ကြည့်လိုက်ရာ သူမမျက်လုံးများတွင်အံ့အားသင့်မှုများဖြတ်ပြေးသွား၏။


ထုံရွှယ်လူ၏ရုံးခန်းကအလွန်ကြီးမားကာ ဒီဇိုင်းအပြင်အဆင်ကအပြင်ဘက်နှင့်အတူတူပင်ဖြစ်သည်။ ပုံစံကရိုးရှင်းပြီးခမ်းနားကာ အလွန်အကျွံဖြစ်နေသည့်ဘာရှေးဟောင်းပစ္စည်းကိုမှ မဆင်ထားပေ။သို့သော် ထိုစုတ်ပဲ့ပဲ့ပစ္စည်းများနှင့်ယှဉ်ကြည့်လိုက်လျှင် ရုံးခန်းက ကြည့်ရသည့်သူကို စိတ်ချမ်းသာစေ၏။


“ထိုင်လေ နင်ဘာသောက်ချင်လဲ”


“ဘာဘဲဖြစ်ဖြစ်ရတယ်”


ထုံရွှယ်လူက အရှေ့စားပွဲကိုခေါ်ကာ လိမ္မော်ဆိုဒါနှစ်ဘူးနှင့် ကျန်းလီပေါင်နှစ်ဘူးကိုယူလာခိုင်းလိုက်သည်။


ဤသောက်စရာနှစ်ခုလုံးသည် အခုကာလတွင်အလွန်နာမည်ကြီးကာဈေးကြီးသောသောက်စရာများဖြစ်သည်။


သောက်စရာရောက်လာလာချင်းပင် တန့်ဟုန်က ထုံရွှယ်လူလက်မှတ်ထိုးပေးရန်လိုသည့် စာရွက်စာတမ်းနှစ်ခုကိုယူကာရောက်လာသည်။


ကျန်းပိုင်ဟွေ့ကိုမြင်သောအခါ တန့်ဟုန်ကခေါင်းညိတ်ပြလိုက်သည်။

“ဒါရိုက်တာထုံ ဒီစာရွက်စာတမ်းနှစ်ခုကို ဒါရိုက်တာကြည့်ပြီးလက်မှတ်ထိုးပေးရမှာပါ၊ တစ်ခုက ရှန်းကျန့်က 'တမင်'ကုမ္ပဏီက၊ နောက်တစ်ခုက ရှန်းကျန်းက ဘောစ့်ကျန်းဆီကပါ နှစ်ဘက်လုံးကအမှာစာကိုတိုးချင်နေကြပါတယ်”


ထုံရွှယ်လူကမျက်ခုံးပင့်လိုက်သည်။

“ဘောစ့်ကျန်းက သိပ်တောင်မကြာသေးဘဲနဲ့ နောက်ထပ်အော်ဒါကိုမှာနေပြီလား၊ အမှာစာရဲ့ပထမအသုတ်ကိုအခုတလောမှပို့လိုက်တာလေ”


တန့်ဟုန်ကခေါင်းညိတ်ပြသည်။

“ဟုတ်ပါတယ်၊ ပစ္စည်းတွေက မနေ့ကဘဲသူတို့ဆီကိုရောက်သွားတယ်၊ ဒီနေ့ကျအမှာစာတစ်ခုထပ်တိုးလာတာပါ၊ ဒါက ကျွန်တော်တို့ထုတ်ကုန်အရည်အသွေးကကောင်းမွန်တယ်ဆိုတာကို အတည်ပြုလိုက်တာပါဘဲ”


ထုံရွှယ်လူကစာချုပ်ကိုတစ်ချက်ဖတ်ကြည့်လိုက်ပြီးနောက် ဖောင်တိန်ကိုယူကာ လက်မှတ်ထိုးလိုက်သည်။

“ကောင်းပြီလေ ဒီတစ်သုတ်အတွက်ပစ္စည်းကို အစ်ကိုဘဲစီစဉ်လိုက်ပါ၊ အရည်အသွေးကောင်းဖို့ကိုအာရုံစိုက်နော်”


“ဟုတ်ကဲ့ပါ ဒါရိုက်တာထုံ”


တန့်ဟုန်က စာချုပ်ကိုပြန်ယူကာ ထွက်သွားမည့်အချိန်တွင် ကျန်းပိုင်ဟွေ့ကိုလှည့်ပြောလိုက်သည်။

“မင်္ဂလာပါ ရဲဘော်ကျန်း၊ ဟုန်အာက သဘက်ခါကျရင် စီးပွားရေးခရီးကနေပြန်ရောက်လာတော့မှာပါ၊ အဲ့ဒီအခါကျ မင်းအားရင် အိမ်ကိုလာလည်လှည့်ပါဦး”


ကျန်းပိုင်ဟွေ့ကပြုံးပြကာ ခေါင်းညိတ်ပြသည်။

“ကောင်းပါပြီ ကျွန်မလည်း အစ်မတန့်ဟုန်နဲ့မတွေ့ရတာတော်တော်ကြာပြီမလို့ အရမ်းသတိရနေတာ”


အပြန်အလှန်နှုတ်ဆက်လိုက်ပြီးနောက် တန့်ဟုန်ကအလုပ်ကိစ္စများကိုစီစဉ်ရန်ထွက်သွားသည်။