🍵Chapter 363
ရုံးခန်း၏တံခါးကပြန်ပိတ်သွားပြီးနောက် ကျန်းပိုင်ဟွေ့က အကြည့်လွှဲကာ မရည်ရွယ်ဘဲပြုံးသယောင်ဆောင်လိုက်သည်။
“ပြောရရင် အစ်မတန့်ဟုန်ရဲ့ယောက်ျားက နင့်ဆီမှာအလုပ်လုပ်တာလေးနှစ်တောင်ကျော်နေပြီဘဲ၊ အခုဆိုငါကအိမ်မှာဘာမှလုပ်စရာမရှိဘူး နင့်ဆီမှာအလုပ်လာလုပ်ရင်ရောဘယ်လိုလဲ၊ နင်ငါ့ကိုအလုပ်ခန့်ချင်ရဲ့လား”
ထုံရွှယ်လူက တခနလောက်ငြိမ်သွားကာ ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
“နင်က ကောလိပ်ဝင်ခွင့်ကိုပထမဆုံးအောင်တဲ့အသုတ်ကလူဘဲ၊ ပြီးတော့ပြည်ပအလုပ်အတွေ့အကြုံလည်းလေးနှစ်ကျော်ရှိတယ်၊ တကယ်ဘဲငါတို့ကုမ္ပဏီက နင့်ကိုအလုပ်ခန့်ဖို့အရည်အချင်းမရှိဘူး၊ ငါမတတ်နိုင်ပါဘူးဟယ်”
ထိုစကားကိုကြားလိုက်ရသောအခါ ကျန်းပိုင်ဟွေ့က အနည်းငယ်ခံစားချက်ကောင်းသွားသည်။
“နင်ကငါ့ကိုအလုပ်မခန့်ချင်တာမလား၊ ဒါနဲ့ ငါဒီနှစ်ရက်အတွင်းမှာ အလှကုန်တွေနဲ့ပတ်သက်ပြီးစီးပွားရေးကောင်းတစ်ခုကိုတွေးမိထားတယ် အတူတူလုပ်ကြမယ်လေ”
ထုံရွှယ်လူက ကျန်းပိုင်ဟွေ့အတွက် လိမ္မော်ဆိုဒါဘူးဖွင့်ပေးရင်း လန့်သွားသလိုဟန်ဆောင်လိုက်သည်။
“အမလေး ဘုရားရေ ငါ့ကိုအလွှတ်ပေးကြပါ၊ အခုတောင်နေ့တိုင်းနေ့တိုင်းအလုပ်များနေတာ၊ စီးပွားရေးအသစ်လုပ်ဖို့ဘယ်နားကအချိန်သွားရှာရမှာလဲ”
“ရူကွေ့နဲ့ ကလေးနှစ်ယောက်ကလည်းအခုဆို ငါကနေ့တိုင်းအလုပ်များနေလို့ မကျေနပ်ကြောင်းပြလာကြပြီ၊ စီးပွားရေးတော့ထပ်မချဲ့ချင်တော့ပါဘူး၊ အလှကုန်ကအရမ်းကောင်းတဲ့စီးပွားရေးဘဲ၊ နင့်အရည်အချင်းနဲ့ဆို တစ်ယောက်တည်းလုပ်လည်းလုံးဝကိုအောင်မြင်မှာ”
သူငယ်ချင်းအချင်းချင်းဘယ်လောက်ဘဲဆက်ဆံရေးကောင်းနေပါစေ၊ စီးပွားရေးအတူလုပ်ပါက သေချာပေါက်အငြင်းပွားမှုများရှိလာလိမ့်မည်။ထို့ကြောင့် သူမကသူငယ်ချင်းများနှင့်စီးပွားရေးလုပ်ရမည်ကိုရှောင်ရှားနေခဲ့ခြင်းဖြစ်သည်။
လျှပ်စစ်မီးဖိုကိစ္စနှင့်ပူးပေါင်းရာတွင်လည်း သူမကဘာမှမပါဝင်ဘဲ အစမှအဆုံးကိစ္စအားလုံးကို စုယွဲ့ရှန်းကိုသာလုပ်စေခဲ့၏။ သူမက ဝင်ငွေခွဲယူသည့်အချိန်ကိုသာစောင့်နေခဲ့သည်။
တန့်ဟုန်ကမူ သူမအကူအညီအလိုအပ်ဆုံးအချိန်တွင်ရောက်လာခဲ့ခြင်းဖြစ်သည်။ထို့အပြင်တန့်ဟုန်က အလွန်တည်ငြိမ်သည့်အပြင် ရည်မှန်းချက်လွန်ကဲတာမျိုးမရှိပေ။ထို့ကြောင့် သူက သူမကုမ္ပဏီတွင် စီမံခန့်ခွဲပေးနိုင်မည့်မန်နေဂျာလုပ်ရန် အလွန်သင့်တော်ပေသည်။
သို့သော်ကျန်းပိုင်ဟွေ့ကမတူပေ။
ကျန်းပိုင်ဟွေ့ကစွမ်းဆောင်ရည်ရှိသော်လည်း စိတ်နေစိတ်ထားမာကြောကာ လူတိုင်းကိုတန်းတူဆက်ဆံပေးနိုင်မည်မဟုတ်ပေ။အကယ်၍သူမသာ ကျန်းပိုင်ဟွေ့နှင့်အလုပ်အတူလုပ်ပါက သေချာပေါက်ပင်အငြင်းပွားမှုများရှိလာနိုင်သည်။
ထို့အပြင်အခုချိန်၌ သူမကတကယ်အလုပ်များနေရာ အခြားနယ်ပယ်များသို့စီးပွားရေးချဲ့ချင်စိတ်မရှိပေ။ပိုက်ဆံကဘယ်အချိန်မဆိုရှာလို့ရ၏။သူမကိုယ်သူမ အပင်ပန်းခံနေစရာမလိုပေ။
ကျန်းပိုင်ဟွေ့၏အပြုံးကတောင့်တင်းသွားသည်။
“နင်အချိန်မရှိဘူးဆိုလဲ ဒီအတိုင်းရင်းနှီးမြုပ်နှံလိုက်လေ၊ ကျန်တာကိုတော့ ငါ့ကိုဘဲလွှဲထားလိုက်”
ထုံရွှယ်လူက အနည်းငယ်မျက်မှောင်ကြုတ်လိုက်ကာ သူမမျက်လုံးများက ကျန်းပိုင်ဟွေ့၏ဗိုက်ဆီရောက်သွားသည်။
“နင့်ဗိုက်ကနောက်ဆိုပိုပိုပြီးကြီးလာတော့မှာ၊ ကုမ္ပဏီတစ်ခုကိုစီမံခန့်ခွဲဖို့အချိန်ဘယ်ရှိမှာလဲ ပြီးတော့အခုချိန်မှာငါ့ကုမ္ပဏီရဲ့ဘက်ဂျက်ကသိပ်မလောက်သေးဘူး ငါတကယ်အားနာလိုက်တာ”
သူမကယဉ်ကျေးစွာငြင်းဆန်လိုက်ခြင်းဖြစ်သည်။
ကျန်းပိုင်ဟွေ့က နားမလည်သလိုဟန်မဆောင်နိုင်တော့ပေ။ဒီတစ်ကြိမ်တွင် ထုံရွှယ်လူကအလွန်ရှင်းလင်းစွာငြင်းလိုက်သဖြင့် သူမကရူးသလိုအသလိုဟန်ဆောင်၍မရတော့ပေ။
ရုံးခန်းက စက္ကန့်အနည်းငယ်လောက်တိတ်ဆိတ်သွားသည်။
လေထုက အနည်းငယ်နေရခက်လာလေသည်။
ကျန်းပိုင်ဟွေ့က သူမအပြုံးကိုမထိန်းထားနိုင်တော့ပေ။
“ဒါကအရမ်းရှက်ဖို့ကောင်းလိုက်တာ ငါ့ကိုယ်ငါအထင်ကြီးမိသွားသလိုဘဲ”
ထုံရွှယ်လူက သူမဒေါသထွက်နေသည်ကိုမသိချင်ယောင်ဆောင်ပြီး ပြုံးကာပြောလိုက်သည်။
“နင်အဲ့လိုထပ်ပြောရင် နင်ငါ့ကိုဒေါသထွက်နေတယ်လို့ထင်မိတော့မယ် ငါနင့်ကိုငြင်းလိုက်တဲ့ပထမတစ်ချက်က ငါတကယ်ဘဲအရမ်းတွေအလုပ်များနေလို့ ဒုတိယတစ်ချက်ကတော့ အခုချိန်မှာနင့်အတွက်အရေးကြီးဆုံးက ကိုယ်ဝန်ကိုသေချာဂရုစိုက်ဖို့ဘဲလို့ ငါထင်တယ်၊ ကလေးမွေးပြီးမှ အလုပ်စလုပ်ရင်လည်း အရမ်းနောက်မကျပါဘူး”
“ပြီးတော့ နင့်ရဲ့ထျန်းယိက နင့်ကိုအရမ်းဂရုစိုက်တာ၊ ကလေးရလာတာတောင်မှ နင်ကအလုပ်လုပ်ချင်သေးတယ်ဆိုတာသူသိသွားရင် စိတ်ထိခိုက်သွားမှာကိုမစိုးရိမ်ဘူးလား”
နောက်ဆက်တွဲစကားများက ကျန်းပိုင်ဟွေ့ကို ခံစားရသက်သာသွားစေ၏။သူမကသူမမျက်နှာကိုအဖတ်ဆယ်ရန်လုပ်လိုက်သည်။
“ထျန်းယိက တကယ်တော့ငါ့ကိုအပင်ပန်းမခံစေချင်ဘူး၊ အိမ်မှာဆိုသူကငါ့အတွက်ရေတောင်ထည့်ပေးတာ၊ ငါစီးပွားရေးတစ်ခုလုပ်ချင်တာကလည်း ပျင်းလာလို့ပါ သေချာပေါက်သူကတော့ သဘောတူမှာမဟုတ်ဘူး”
“ငါပြောချင်တာ အဲ့ဒါ”
ထုံရွှယ်လူက ဆက်ပြီးအမွှမ်းတင်၏။
“ပြီးတော့ နင့်ရဲ့ထျန်းယိက အရမ်းအရည်အချင်းရှိပြီး ဌာနကခေါင်းဆောင်တွေကလည်း သူ့ကိုအရမ်းတန်ဖိုးထားကြတယ်လေ၊ နင်တို့မိသားစုကနင်ရှာမယ့်ဝင်ငွေလေးကိုမလိုပါဘူး အဲ့ဒါကြောင့် အိမ်မှာဘဲအေးအေးချမ်းချမ်းနဲ့ ကိုယ်ဝန်ကိုသေချာဂရုစိုက်ပြီးနေလို့ရတယ်”
ကျန်းပိုင်ဟွေ့က ဂုဏ်ယူစွာဖြင့် ရင်ဘတ်ကိုကော့ထုတ်လာ၏။
“ဌာနခေါင်းဆောင်တွေနဲ့ ကျောင်းကခေါင်းဆောင်တွေ ပြီးတော့ အခြားဆက်နွယ်နေတဲ့ဌာနခေါင်းဆောင်တွေအားလုံးက ထျန်းယိကိုတန်ဖိုးထားကြတယ်၊ နိုင်ငံတော်ကလည်း ထျန်းယိပြည်ပမှာစာလေ့လာနိုင်ဖို့ လေးနှစ်စာထောက်ပံ့ပေးခဲ့တာ”
“ငါဒီတစ်ခေါက်ပြန်လာတော့ ခေါင်းဆောင်တစ်ယောက်က ထျန်းယိကဒုံးကျည်စမ်းသပ်ရေးဌာနမှာ ဒုဥက္ကဠအဖြစ်စီစဉ်ပေးခံရမှာလို့ပြောတယ်
ထုံရွှယ်လူကပြုံးလိုက်သည်။
“ရဲဘော်လျန်ကအရည်အချင်းရှိလို့သာ ခေါင်းဆောင်တွေကသူ့ကိုအရမ်းအလေးထားနေကြတာပေါ့”
ကျန်းပိုင်ဟွေ့က အပြုံးဖြင့်ထုံရွှယ်လူကိုကြည့်လာသည်။
“ဟုတ်တယ် ထျန်းယိက ဒီနယ်ပယ်မှာအရမ်းအရည်အချင်းရှိတာ၊ ပါမောက္ခဝမ်ကကံမကောင်းတာ နှမြောစရာဘဲ၊ ဌာနအတွက်ဒီလောက်နှစ်တွေအများကြီးအလုပ်လုပ်ပေးပြီးမှာ ဒါရိုက်တာရာထူးကိုရလာတာ၊ မမျှော်လင့်ထားဘဲ သူနေမကောင်းဖြစ်ပြီးတစ်နှစ်လောက်ခွင့်ယူလိုက်ရတယ် အခုတော့သူကအစကနေပြန်စတင်နေရပြီ နှမြောစရာဘဲ”
ထုံရွှယ်လူကခေါင်းမော့ပြီး ကျန်းပိုင်ဟွေ့ကိုတစ်ချက်ကြည့်လိုက်ကာ သူမရင်ထဲတွင်အဆင်မပြေဖြစ်လာသည်။
“နောင်တရစရာမရှိပါဘူး၊ ငါကသူကျန်းမာရေးကောင်းနေဖို့ဘဲမျှော်လင့်တယ် အခြားကိစ္စတွေကအရေးမကြီးဘူး”
သူမက သူ့(ကျန်းပိုင်ဟွေ့)ယောက်ျားကိုအရည်အချင်းရှိတယ်လို့ချီးကျူးပေးတယ်လေ၊ သူမရဲ့ဝမ်ရူကွေ့ကိုဖိနှိပ်သလိုပြန်ပြောတာကျ နေရမခက်ဘူးလား...
ကျန်းပိုင်ဟွေ့ကပြုံးသည်။
“ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးက အရေးကြီးပါတယ် ဒါပေမယ့်ရာထူးကလည်းထပ်တူအရေးကြီးတယ်လေ၊ အဲ့ဒါကလူတစ်ယောက်ရဲ့စွမ်းဆောင်ရည်ကိုဖော်ပြတဲ့အမှတ်အသားတစ်ခုမဟုတ်လား”
ထုံရွှယ်လူက ကျန်းပိုင်ဟွေ့အားမယုတ်မလွန်ပြန်ကြည့်လိုက်သည်။
ကျန်းပိုင်ဟွေ့က တကယ်ပြောင်းလဲသွားပြီဟု သူမခံစားမိသွားသည်။သို့သော် သူမက အံ့ဩသွားတာမျိုးမရှိပေ။
လူတွေ၏နှလုံးသားက ပြောင်းလဲလွယ်၏။ ပြည်ပကိုနှစ်အနည်းငယ်ကျော်ထွက်သွားရသောသူတို့ကိုဆို ထည့်ပြောနေစရာတောင်မလိုတော့ပေ။ နိုင်ငံခြားမထွက်ရလျှင်တောင်မှ လူများ၏နှလုံးသားသည် ဘွဲ့ရပြီးသည့်အချိန်၊ အလုပ်ရသည့်အချိန်စသဖြင့်အချိန်များ၌ ပြောင်းလဲတတ်ကာ ကျောင်းတက်စဉ်တုန်းကလိုမျိုး ရိုးရှင်းနေတော့မည်မဟုတ်ပေ။
သူမက ခံစားရခက်တာမျိုးမဖြစ်ပေ။သူမကအမြဲပင် လူများကြားရှိ ကံတရားကို ပေါ့ပေါ့ပါးပါးသာမှတ်ယူထားပေသည်။
ထို့နောက် သူတို့နှစ်ယောက်ကခနလောက်စကားဆက်ပြောလိုက်ကြပြီး ထုံရွှယ်လူက ကလေးသေးခံယူပေးရန်အတွက် ကျန်းပိုင်ဟွေ့နှင့်အတူ သူမအိမ်သို့ဦးတည်လိုက်သည်။
သူတို့အိမ်ရောက်လာချိန်တွင် အမြွှာနှစ်ယောက်က အဖိုးဝမ်၊ဗိုလ်မှူးရှောင်း၊ ဦးလေးဇုန်းတို့နှင့်အတူကစားနေလေသည်။ ကျန်းပိုင်ဟွေ့က သူတို့မွေးသည်ကိုမတွေ့လိုက်ရသဖြင့် နောင်တရကြောင်း တတွတ်တွတ်ပြောနေ၏။
ထုံရွှယ်လူက ဘာနောင်တကိုမှမခံစားမိဘဲ ကလေးသေးခံများကိုပေးလိုက်သည်။ထို့နောက်သူမက ကုမ္ပဏီတွင်လုပ်စရာကိစ္စရှိကြောင်းပြောပြီး ကျန်းပိုင်ဟွေ့ကိုဘတ်စ်ကားပေါ်တင်ပေးကာ နှစ်ယောက်သားလမ်းခွဲလိုက်ကြသည်။
**
ကျန်းပိုင်ဟွေ့က သူမကိုယ်သူမ ထုံရွှယ်လူကိုတမင်ပစ်မှတ်ထားနေသည်ဟု မခံစားမိပေ။
သူမကပြည်ပထွက်သွားခဲ့သည်မှာ လေးနှစ်ကျော်ပြီဖြစ်ပြီး အခုမှတရုတ်သို့ပြန်ရောက်တာဖြစ်သည်။ သူမတွင် လျန်ထျန်းယိကလွဲပြီး အခြားဘာမှမရှိပေ။
သို့သော်ထုံရွှယ်လူကမူ သားတစ်ယောက်သမီးတစ်ယောက်ရှိနေပြီဖြစ်ကာ ကုမ္ပဏီအများအပြားဖွင့်ပြီး ပိုက်ဆံအများကြီးကိုလည်း ရှာနိုင်ခဲ့၏။
မတူညီမှုများက အလွန်ပြင်းထန်သဖြင့် သူမအနေဖြင့် ခံစားချက်မကောင်းဘဲ မနာလိုဖြစ်သည်မှာ သဘာဝကျသည်။
ကံကောင်းစွာဖြင့် သူမမျက်နှာကိုအဖတ်ဆယ်နိုင်သည့် အရာတစ်ခုတော့ရှိသေးပေသည်။၎င်းက သူမယောက်ျားသည် ထုံရွှယ်လူ၏ယောက်ျားထက်ပိုအသုံးဝင်သည့်အချက်ပင်ဖြစ်သည်။
ဝမ်ရူကွေ့က ဌာနတွင် ဆယ်နှစ်ကျော်အလုပ်လုပ်ခဲ့သော်လည်း သာမာန်သုတေသီတစ်ဦးသာဖြစ်သေးသည်။သူမယောက်ျားလျန်ထျန်းယိကမူ ဌာနသို့ရောက်သည်နှင့် ခေါင်းဆောင်များ၏အာရုံစိုက်မှုနှင့် လေ့ကျင့်ပေးမှုများကို ရရှိထားပေသည်။
ထိုအကြောင်းကိုတွေးလိုက်မိသောအခါ သူမကရုတ်တရက်လျန်ထျန်းယိကိုလွမ်းသွားသည်။
ထို့ကြောင့်သူမကအိမ်သို့အမြန်ပြန်လာပြီး ဌာနကိုပြန်ခေါ်လိုက်၏။
တစ်ဖက်လူက မြန်ဆန်စွာဖုန်းကိုင်လာသော်လည်း လျန်ထျန်းယိ၏လေသံက အလွန်ဒေါသထွက်သည့်ပုံပေါ်နေ၏။
ကျန်းပိုင်ဟွေ့က ကမန်းကတန်းပင်အကျိုးအကြောင်းမေးလိုက်သည်။
လျန်ထျန်းယိက တုံ့ဆိုင်းနေပြီးမှ ပြောပြလာသည်။
“ဌာနခေါင်းဆောင်က ကိုယ့်ကို သာမာန်သုတေသီရာထူးဘဲစီစဉ်ပေးလာတယ်”
ကျန်းပိုင်ဟွေ့၏အသံက ကြိမ်နှုန်းအနည်းငယ်မြင့်လာပြီး အလွန်စူးရှသောအသံဖြင့်ပြန်မေးလိုက်သည်။
“ဘာပြောတယ်၊ ရှင်ကသိပ္ပံပညာရှာဖွေလေ့လာရေးထူးချွန်သုတေသီမဟုတ်ဘူးလား၊ ခေါင်းဆောင်တွေကလည်းရှင့်ကိုလေ့ကျင့်ပေးချင်တယ်ဆို ဘယ်လိုဖြစ်လို့ရုတ်တရက်ကြီး သာမာန်သုတေသီရာထူးဘဲရသွားတာလဲ”
သာမာန်သုတေသီနှင့် သိပ္ပံထူးချွန်သုတေသီများကြားတွင် ကွာခြားချက်ကြီးရှိသည်။ ရာထူးအဆင့်အတန်းနှင့် ဆက်ဆံပုံကွာခြားရုံသာမက အရေးကြီးဆုံးမှာ နောက်ပိုင်းရာထူးတိုးသည့်ကိစ္စပေါ်တွင် သက်ရောက်မှုကြီးကြီးမားမားရှိပေသည်။
သာမာန်သုတေသီများသည် အရေးကြီးသည့်ပရောဂျက်များကိုလုပ်ဆောင်နိုင်ခွင့်မရှိရာ အောင်မြင်မှုရရန်ခက်ခဲသည်။သူတို့ကအရည်အချင်းပြည့်မီကြောင်းအသိအမှတ်ပြုခြင်းကို နည်းနည်းချင်းသာရရှိနိုင်ပြီး စက်ရုံအလုပ်သမားများနှင့်ဆင်၏။
ညှဉ်းပန်းနှိပ်စက်အခံရဆုံးမှာ မိမိအရည်အချင်းပြည့်မှီပါကြောင်း အထက်ကဘယ်တော့မှသိမည်ကို စောင့်နေရမည့်အချိန်ဖြစ်သည်။ နှစ်ကုန်အထိစောင့်ရမည်လားမသိရသလို အခြားသူများလည်းယှဉ်ပြိုင်ရဦးပေမည်။
သို့သော်သိပ္ပံထူးချွန်သုတေသီများကမူ အရေးကြီးသည့်ပရောဂျက်များကို ကိုင်တွယ်ရပြီး ရလဒ်ကောင်းများကိုလွယ်လွယ်ထုတ်ပြနိုင်သည်။ ရလဒ်တစ်ခုကိုထုတ်ပြလိုက်သည်နှင့် သူတို့ကိုနိုင်ငံခေါင်းဆောင်များက တန်ဖိုးထားလာတော့မည်ဖြစ်ရာ ရာထူးတိုးရန်မခက်ပေ။
အသိအသာကြီးပင် ခေါင်းဆောင်များက လျန်ထျန်းယိကို လေ့ကျင့်ပေးရာတွင်အာရုံစိုက်ပေးမည်ဟုပြောခဲ့၏။သူကကောင်းကောင်းလုပ်ဆောင်နိုင်သရွေ့ အသက်အငယ်ဆုံးဒုဌက္ကဠတောင်ဖြစ်သွားနိုင်သည်ဟုဆိုခဲ့ပေသည်။
အကယ်၍လျန်ထျန်းယိသာ ဒုဥက္ကဠဖြစ်သွားပါက သူမကထုံရွှယ်လူရှေ့တွင် မတ်မတ်ရပ်တည်နိုင်ပြီဖြစ်သည်။
သို့သော် ထိုစိတ်ကူးများအားလုံးက ပူဖောင်းများအသွင်ပြောင်းသွားသည်။......
လျန်ထျန်းယိ၏အသံက မှုန်မှိုင်းနေ၏။
“ဘယ်လိုဖြစ်တာလဲဆိုတာ ကိုယ်လည်းမသိဘူး အဲ့ဒါကိုဆက်မပြောတော့ဘူး အလုပ်လုပ်ရဦးမယ်”
ကျန်းပိုင်ဟွေ့ကထပ်မေးချင်သေးသော်လည်း လျန်ထျန်းယိကဖုန်းချသွားလေသည်။
ဖုန်း၏တတီတီအော်သံက တစ်ဖက်ခြမ်းမှထွက်လာသည်။
သူမက ဖုန်းချကာ ဆိုဖာပေါ်တွင်ထိုင်လိုက်သည်။
ရုတ်တရက်ပင် ထုံရွှယ်လူ၏ရုံးခန်းထဲတွင် ဝမ်ရူကွေ့ကိုသနားကြောင်းပြောနေခဲ့သည့်သူမပုံရိပ်က သူမစိတ်ထဲတွင်ပေါ်လာရာ မျက်နှာကပူတက်လာသည်။
၎င်းကမျက်နှာကိုဖြတ်ရိုက်ခံရသလိုမျိုးပင်။
..အရမ်းနာတာဘဲ။