🍵Chapter 364
ထုံရွှယ်လူသည် လျန်ထျန်းယိတစ်ယောက် သာမာန်သုတေသီရာထူးဘဲအခန့်ခံလိုက်ရတာကိုမသိပေ။ဝမ်ရူကွေ့ကလည်း သူမကိုတစ်ခါမှမပြောပြဖူးသောကြောင့်ဖြစ်သည်။
အမှန်တွင် ဝမ်ရူကွေ့က ဌာနမှအကြောင်းများကိုပြောပြသည်မှာရှားသည်။
နိုင်ငံတော်လျှို့ဝှက်ချက်များပါဝင်နေသဖြင့် သိပ္ပံသုတသီများသည် ဌာနတွင်အလုပ်မဝင်ခင်ကတည်းက ဌာန၏လျှို့ဝှက်ချက်များကိုမပေါက်ကြားစေကြောင်းအာမခံချက်တွင်လက်မှတ်ထိုးရ၏။
သို့သော်ကျန်းပိုင်ဟွေ့ကမူ အလွန်ရှက်နေမိသည်။
လျန်ထျန်းယိကိုခေါင်းဆောင်များက လေ့ကျင့်ပေးမည်ဟု သူမမိသားစုကိုပြောခဲ့ပြီးမှ အမှန်တရားက သူမမျက်နှာကိုဖြတ်ရိုက်လာလေသည်။
သူမကထုံရွှယ်လူကိုတွေ့ဖို့မပြောနှင့်၊ အခြားဘယ်သူနဲ့မှမတွေ့ရဲဘဲ အိမ်ထဲမှာသာပုန်းနေလေသည်။
ကျန်းပိုင်ဟွေ့က သူမကိုလာမရှာသလို ထုံရွှယ်လူကလည်း ကျန်းပိုင်ဟွေ့ကိုသွားမရှာပေ။
ပထမတစ်ချက်မှာကျန်းပိုင်ဟွေ့၏ကိုယ်ကျင့်စရိုက်က သူမနှင့်အဆင်မပြေဟုခံစားမိသောကြောင့်ဖြစ်ပြီး ဒုတိယတစ်ချက်မှာ သူမကအလုပ်အရမ်းများနေသောကြောင့်ဖြစ်သည်။
အမှာစာအရေအတွက်တိုးလာသည်နှင့်အမျှ သူမလက်ရှိပူးပေါင်းထားသည့်စက်ရုံသည် သူမ၏သတ်မှတ်ချက်များကိုလိုက်မမှီတော့ပေ။ ပူးပေါင်းမှုကိုဘဲဆက်လုပ်ရမလား၊ စက်ရုံအသစ်ဘဲရှာရမလားတွေးနေချိန်တွင် ထုတ်လုပ်ရေးစက်ရုံ၌ပြသနာတစ်ခုပေါ်လာသည်။
ထိုနေ့က သူမကုမ္ပဏီသို့ရောက်ရောက်ချင်းပင် တန့်ဟုန်က ရုံးခန်းထဲသို့အလျင်စလိုဝင်လာခဲ့သည်။
“ဒါရိုက်တာထုံ ကျွန်တော်တို့ဆေးဖက်ဝင်ဝိုင်က ကူးချခံလိုက်ရပြီ”
လန်ထင်းဆေးဖက်ဝင်ဝိုင်သည် ဈေးကွက်ထဲစတင်ပေါ်လာကတည်းက ရောင်းအားကောင်းခဲ့သည်။လက်ဖက်စိမ်းစားသောက်ဆိုင်ကြောင့်ဟုပြောနိုင်သော်လည်း ၎င်းကတစိတ်တပိုင်းသာဖြစ်သည်။
နောက်ပိုင်းတွင် သူမကလက်ဖက်စိမ်းစားသောက်ဆိုင်မှသီးသန့်ထွက်ကာ ဆေးဖက်ဝင်ဝိုင်ကုမ္ပဏီကိုတည်ထောင်ခဲ့၏။မည်သို့ပင်ဖြစ်စေလက်ဖက်စိမ်းစားသောက်ဆိုင်က ဖောက်သည်အများစုကိုရရှိထားပြီဖြစ်သည်။စီးပွားရေးလမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်လာသောအခါ လူတိုင်း၏ပိုက်ဆံအိတ်များက ဖောင်းသထက်ဖောင်းလာကြသဖြင့် လူအများအပြားက ဆေးဖက်ဝင်ဝိုင်ကိုဝယ်ယူလာကြသည်။
လန်ထင်းဆေးဖက်ဝင်ဝိုင်သည် အစပိုင်းတွင် သမင်ဦးချို၊သမင်လိင်အင်္ဂါများဖြင့်စတင်ခဲ့ရာမှ အခုဆိုလျှင် ဆေးဖက်ဝင်ဝိုင်ဆယ်မျိုးအထိရှိနေပြီဖြစ်ကာ ပင်ပျော့ဝိုင်၊ ကလျာဏီဝိုင်၊ ရိုးရိုးဝိုင်၊ ဂိုဂျီဘယ်ရီဝိုင်အစရှိသဖြင့် အမျိုးအစားစုံလင်လှသည်။ဝိုင်အားလုံးက ခန္ဓာကိုယ်နှင့်အလှအပအတွက်အကျိုးသက်ရောက်မှုမျိုးစုံရှိကာ အကုန်လုံးကရောင်းအားအလွန်ကောင်း၏။
လန်ထင်းဆေးဖက်ဝင်ဝိုင်က ရောင်းအားအလွန်ကောင်းနေရာ သေချာပေါက်ပင်အာရုံစိုက်လာသောသူအများအပြားရှိပြီး မနာလိုသူများကလည်းအမှောင်ထဲတွင်ပုန်းကွယ်နေကြသည်။ တစ်ချို့လူများက နောက်မှလိုက်ပြီးအတုလုပ်လာသည်မှာ မထူးဆန်းပေ။
ထုံရွှယ်လူက သူမလက်ထဲမှဖိုင်ကိုချလိုက်သည်။
“ဘယ်လိုဖြစ်တာလဲ ကျွန်မကိုအသေးစိတ်ပြောပြပါ”
“ဈေးကွက်အပြင်ဘက်မှာ လန်ထင်းတံဆိပ်နဲ့ဆေးဖက်ဝင်ဝိုင်တွေပေါ်လာပါတယ်၊ အဲ့ဒီက'လန်'က 'ရေ'ဆိုတာကိုသုံးခါရေးထားတဲ့လန်ပါ၊ ဒါပေမယ့် ပုံစံနဲ့အသံထွက်က ကျွန်တော်တို့မူပိုင်အမှတ်အသားနဲ့အရမ်းဆင်တယ်၊ ထုပ်ပိုးမှုကလည်းအရမ်းတူတယ်၊ သေချာဂရုစိုက်ပြီးမကြည့်မိရင် လူတွေကအလွယ်တကူအထင်မှားသွားနိုင်တယ်”
ထုံရွှယ်လူက နှာခေါင်းရှူံ့လိုက်သည်။
“ဒါကမမျှတတဲ့ပြိုင်ပွဲတစ်ခုဘဲ၊ အတုကိုသုံးပြီး အစစ်ကိုအနိုင်ယူချင်နေတယ်ပေါ့၊ အစ်ကိုအပြင်မှာအဲ့ဒီဝိုင်အတု နည်းနည်းသွားဝယ်ပေးပါ၊ ပြန်လာမှနောက်တစ်ဆင့်ဘာလုပ်မလဲဆိုတာကို ဆွေးနွေးကြတာပေါ့”
တန့်ဟုန်:“ အခုဘဲ ကျွန်တော့်လက်ထောက်ကိုသွားဝယ်ခိုင်းလိုက်ပါပြီ သိပ်မကြာဘူးပြန်ရောက်လာတော့မှာပါ”
သူပြောပြီးပြီးချင်းပင် လက်ထောက်ရှောင်ကျိုးက ချွေးသံတရွှဲရွှဲဖြင့် ဝိုင်ပုလင်းအနည်းငယ်ကိုလက်ထဲတွင်ကိုင်ကာ ပြန်ရောက်လာသည်။
“ဒါရိုက်တာထုံ၊ မန်နေဂျာတန့် ကျွန်တော်ဝိုင်တွေဝယ်ခဲ့ပါပြီ”
တန့်ဟုန်က အမြန်လျှောက်လာကာ သူ့ဆီမှအိတ်ကိုယူပြီး ဝိုင်ပုလင်းများကိုထုတ်ကာ စားပွဲပေါ်တွင်တင်လိုက်သည်။
“ပင်ပန်းသွားရပြီ ကျေးဇူးပါဘဲ”
ထုံရွှယ်လူက ထလာကာ ဝိုင်ပုလင်းကိုယူပြီး သေချာဂရုတစိုက်ကြည့်လိုက်သည်။
တန်ဟုန့်ကလည်း ဆေးဖက်ဝင်ဝိုင်ကိုအနီးကပ်ကြည့်လိုက်သည်။
“အရမ်းလွန်လွန်းတယ်၊ ဒါကကျွန်တော်တို့ရဲ့ဆေးဖက်ဝင်ဝိုင်တွေကို ဒဲ့ကြီးတုပထားတာဘဲ၊ ဝိုင်တံဆိပ်ကအစ အညွှန်း၊ ထုပ်ပိုးတဲ့ပုံစံတွေအထိ အကုန်လုံးကတစ်ပုံစံတည်းနီးပါးဘဲ”
ထုံရွှယ်လူက လက်ထဲမှဝိုင်ပုလင်းကိုလှုပ်ကြည့်လိုက်သည်။နှစ်ခါလောက်လှုပ်ပြီးသည့်နောက်တွင် သူမနှုတ်ခမ်းထောင့်များကကွေးတက်သွားလေသည်။
“အတူတူဘဲ၊ အဲ့ဒါကြောင့်ငါတို့ရဲ့မူပိုင်ခွင့်အတွက် သူတို့ကိုတရားစွဲလို့ရတယ်”
တန့်ဟုန်က ခနလောက်ကြောင်သွားပြီးမှ မျက်မှောင်ကြုတ်လိုက်သည်။
“တရားစွဲလို့ရပါ့မလား၊ နာမည်ကကျွန်တော်တို့နဲ့မတူနေဘူးလေ”
ထုံရွှယ်လူက ထုပ်ပိုးမှုပုံစံပေါ်မှ ပုံများကိုလက်ညှိုးထိုးကာပြောပြလာသည်။
“ဒီပုံတွေကိုဆွဲဖို့ ငါတို့ဘက်ကဆွဲထားတာလေ၊ တစ်ဖက်လူက အဲ့ဒါကိုကော်ပီကူးပြီး တစ်ပုံစံတည်းပုံနှိပ်ထားတယ် အဲ့ဒါက ငါတို့ရဲ့မူပိုင်ခွင့်ကို ချိုးဖောက်ထားတာဘဲ၊ ပြီးတော့ထုပ်ပိုးမှုပုံစံတွေကိုလည်း ငါတို့ဆီကကူးချထားတယ် ငါတို့ကုမ္ပဏီက ဒီတံဆိပ်အမှတ်အသားကို လွန်ခဲ့တဲ့နှစ်နှစ်လောက်တည်းက မှတ်ပုံတင်ထားပြီးသား အခုချိန်မှာ ငါတို့ရဲ့မူပိုင်အမှတ်အသားကို သေချာပေါက်ကာကွယ်နိုင်မှာဘဲ”
တစ်ဖက်လူက သူတို့ထုပ်ပိုးမှုပုံစံ၏ အနှစ်ချုပ်အားလုံးကိုကူးယူထားပြီး အနည်းငယ်သာပြောင်းလဲထားသည်။အားလုံးပေါင်းလိုက်လျှင် တစ်ဖက်လူသည် သူတို့ကုမ္ပဏီမှကူးယူနေသည့်ပုံပေါ်သည်။
အနှစ်ချုပ်ဆိုရလျှင် ကူးယူမှုက တစ်ပုံစံတည်းဖြစ်သော်ငြား ပုံနှိပ်ထားသည့်အရည်အသွေးက အလွန်ဆိုးဝါးကာ ဆေးဖက်ဝင်ဝိုင်၏အရည်အသွေးကလည်း သူတို့ကုမ္ပဏီနှင့်ယှဉ်လျှင် အလွန့်အလွန်ကိုနိမ့်ကျပေသည်။
သို့သော် ဈေးအလွန်နည်းသဖြင့် နားမလည်သောလူတစ်ချို့သည် သေချာပေါက်ဈေးပေါသည်များကိုသာဝယ်ကြလိမ့်မည်။နောက်ပိုင်းတွင်ထိုအတုများကြောင့် ပြသနာတစ်ခုခုရှိလာပါက သူတို့ကုမ္ပဏီ၏ဂုဏ်သိက္ခာကိုသက်ရောက်လာနိုင်ပေသည်။
ထို့ကြောင့် သူမပိုင်ဆိုင်သည်များကိုကာကွယ်ရမည်။
ကံကောင်းထောက်မစွာဖြင့် နိုင်ငံတော်က 1978ခုနစ်တွင် တံဆိပ်အမှတ်အသားမှတ်ပုံတင်ရုံးတစ်ရုံးကို စတင်ဖွင့်လှစ်ခဲ့သည်။ စည်းမျဉ်းတစ်ချို့က မပြည့်စုံသေးသော်လည်း မူပိုင်ခွင့်များကိုကာကွယ်ရန်မှာ ပြသနာမရှိပေ။
ကံဆိုးစွာဖြင့် လုပ်ငန်းမှတ်ပုံတင်နိုင်မည့်ဥပဒေသည် နောက်နှစ်မတိုင်ခင်အထိ အတည်ပြုဦးမှာမဟုတ်ပေ။ ဆေးဖက်ဝင်ဝိုင်လုပ်နည်းကို မှတ်ပုံမတင်ရသေးသဖြင့် မူပိုင်ခွင့်ကာကွယ်ရန် အမှတ်တံဆိပ်ကိုသာအသုံးချရလိမ့်မည်။
ရှောင်ကျိုးကရုတ်တရက်ဝင်ပြောလာသည်။
“ဒါရိုက်တာထုံ ကျွန်တော်သံသယဝင်မိတာတစ်ခုရှိပါတယ် ဒီအတုတွေက ကျွန်တော်တို့ပူးပေါင်းထားတဲ့စက်ရုံကနေထွက်လာတယ်လို့ကျွန်တော်ထင်တယ်”
တန့်ဟုန်ကမျက်မှောင်ကြုတ်လိုက်သည်။
“ဘယ်လိုဖြစ်လို့အဲ့ဒီလိုပြောနိုင်တာလဲ တစ်ခုခုရှာတွေ့ထားလို့လား”
ထုံရွှယ်လူက သူ့ကိုကြည့်ပြီး ဆက်ပြောရန် အားပေးလိုက်သည်။
ရှောင်ကျိုးကဖြေးဖြေးချင်းခေါင်းညိတ်ပြလာသည်။
“ဆေးဝါးလုပ်ငန်းရဲ့ပိုင်ရှင်ဆီကနေ သူတို့က နောက်နှစ်ရက်အတွင်းမှာ ရူရွှယ်လို့ခေါ်တဲ့ဝိုင်တစ်မျိုးကို ဈေးကွက်တင်တော့မယ်လို့ပြောတာကို ကျွန်တော်ကြားခဲ့ပါတယ် ၊ အဲ့ဒါက ကျွန်တော်တို့တရားဝင်မထုတ်ပြရသေးတဲ့ ဝိုင်အမျိုးအစားသစ်မလား၊ အဲ့ဒါကြောင့် အတုလုပ်တဲ့ကိစ္စကိုစက်ရုံကလုပ်တာလို့ ကျွန်တော်သံသယဝင်မိတာပါ”
တော်လိုက်တဲ့လူ။
ရူရွှယ်ဟူသည့်ဝိုင်အမည်သည် သူမနှင့်ဝမ်ရူကွေ့တို့၏အမည်ပေါ်အခြေခံထားခြင်းဖြစ်သည်။
အမည်က အထူးတလည်မဟုတ်သော်လည်း ထုပ်ပိုးမှုနှင့်အမည်များက အတူတူဖြစ်နေကာ ဈေးကွက်ထဲမတင်ရသေးသည့်အရာများတောင်မှ တူနေ၏။ဒီပြသနာများက စက်ရုံကြောင့်သာဖြစ်နိုင်တော့သည်။
တန့်ဟန်ကဒေါသဖြင့် အံကိုတင်းတင်းကြိတ်လိုက်သည်။
“ဒါကအရမ်းကိုရွံစရာကောင်းလိုက်တာ ဒါရိုက်တာထုံ ဒီကိစ္စကိုလွယ်လွယ်လေး အလွှတ်ပေးလိုက်လို့မဖြစ်ဘူးနော်၊ သူတို့ကိုသင်ခန်းစာပေးမှဖြစ်မယ်”
ထုံရွှယ်လူကခေါင်းညိတ်လိုက်သည်။
“ရှင်ရှေ့နေတစ်ယောက်လောက်သွားရှာလိုက်ပါ၊ ဆုံးဖြတ်ချက်မချခင် ကျွမ်းကျင်သူတွေရဲ့သဘောထားကို အရင်နားထောင်ကြည့်ကြတာပေါ့”
သက်မွေးလုပ်ငန်းဆိုင်ရာကိစ္စများအား ကျွမ်းကျင်သူများကိုသာကိုင်တွယ်ခိုင်းသင့်သည်။ဒါက သူမအမြဲဖြေရှင်းသည့်နည်းလမ်းပင်။
တန့်ဟုန်က ခေါင်းညိတ်ပြီး လက်ထဲမှဝိုင်ပုလင်းကိုချကာ ထွက်သွားလိုက်သည်။
လက်ထောက်က ဝိုင်ပုလင်းများကိုပြန်သိမ်းကာ သူ့နောက်မှလိုက်သွားလေသည်။
**
တန့်ဟုန်က အလွန်လုပ်ဆောင်နိုင်စွမ်းရှိ၏။ တစ်နာရီလောက်ကြာပြီးနောက် သူက ပေကျင်းတရားရေးရာကောင်စီရုံးမှ အသက်လေးဆယ်အရွယ် ရှေ့နေတစ်ဦးကိုပြန်ခေါ်လာခဲ့သည်။
နိုင်ငံတော်က တရားရေးရာစနစ်ကို1979ခုနစ်မှသာ စတင်ခဲ့သဖြင့် အခုအချိန်တွင် ပုဂ္ဂလိက တရားရေးရာလုပ်ငန်းစုများမရှိပေ။သို့သော်၎င်းက ထုံရွှယ်လူ၏မူပိုင်ခွင့်တရားစွဲရန်အပေါ် သက်ရောက်မှုမရှိပေ။
သူတို့ရှင်းပြသည်များကိုနားထောင်ပြီးသောအခါ ရှေ့နေကျီက နှာခေါင်းပေါ်မှမျက်မှန်ကို ပြန်တွန်းတင်လိုက်သည်။
“တစ်ဖက်လူကတကယ်ကိုကူးချထားတာဘဲ၊ ဒီလိုကိစ္စမျိုးကိုဖြေရှင်းတဲ့နည်းနှစ်မျိုးရှိတယ်၊ တစ်ခုကနှစ်ဖက်သားစေ့စပ်ညှိနှိုင်းလိုက်တာ၊ နောက်တစ်ခုက တရားစွဲတာဘဲ”
“အရှေ့နည်းလမ်းက လွယ်တယ် နောက်တစ်ခုကတော့ အချိန်ပေးရသလို လုပ်အားလည်းကုန်တယ်၊ ပြီးတော့လုပ်ရကျိုးမနပ်တာမျိုးလည်းဖြစ်သွားနိုင်တယ် ဒါရိုက်တာထုံကဘယ်နည်းလမ်းကိုသုံးချင်လဲမသိဘူး”
ထုံရွှယ်လူက တွေဝေမနေဘဲပြောလိုက်သည်။
“တရားစွဲမယ်”
သူမက အချိန်နှင့်ပိုက်ဆံများကုန်ကျခံနိုင်သည်။ဒီတစ်ကြိမ်တွင်သင်ခန်းစာမပေးလိုက်ပါက တစ်ဖက်လူများသည် ဘယ်လိုကြောက်ရမလဲမသိတော့ဘဲ နောက်ပိုင်းတွင် သူတို့၏ထုတ်ကုန်များကိုသေချာပေါက်အတုဆက်လုပ်လာလိမ့်မည်။
ထို့ကြောင့်သူမကနောက်မဆုတ်ပေ။သူတို့အားလုံးကို တစ်ခါတည်းနှင့်ခြောက်လန့်ပြီး သင်ခန်းစာကြီးကြီးပေးရလိမ့်မည်။
ရှေ့နေကျီကခေါင်းညိတ်ပြသည်။
“ဒါရိုက်တာထုံက ဒီလိုတွေးထားမှတော့ ကျွန်တော်တို့ပြည်သူ့တရားရုံးမှာ အမှုဖွင့်လိုက်ပါ့မယ်”
စက်မှုလုပ်ငန်းနှင့်စီးပွားရေးဆိုင်ရာမှတ်ပုံတင်ဌာနဟူ၍မရှိဘဲ အမှတ်တံဆိပ်မှတ်ပုံတင်ရုံးသာရှိသောကြောင့် ထုံရွှယ်လူအနေဖြင့် တရားစွဲသည့်လမ်းကြောင်းကိုသာရွေးချယ်ရလိမ့်မည်။
နောက်ပိုင်းကိစ္စများကို တန့်ဟုန်နှင့်ရှေ့နေကျီတို့ကိုသာ ကိုင်တွယ်စေလိုက်သည်။
အစပိုင်းတွင်စက်ရုံဘက်က ဝိုင်လုပ်နည်းနှင့်ထုပ်ပိုးနည်းကိုပေါက်ကြားစေသည်ကို ဝန်မခံဘဲငြင်းဆန်ပြီး သက်သေထုတ်ပြဖို့တောင်ပြောလာကြသည်။
ရှေ့နေကျီက အတွေ့အကြုံရင့်ပြီးသတ္တိရှိသည့် ရှေ့နေတစ်ဦးဖြစ်သည်။ပြည်သူ့တရားရုံတွင် စွဲချက်တင်နေသည့်အချိန်၌ တစ်ဖက်ရှိတန့်ဟုန်နှင့်လက်ထောက်ရှောင်ကျိုးတို့အား သက်သေများကိုစုဆောင်းခိုင်းထားသည်။
အစပိုင်းတွင် စက်ရုံဘက်ကအလွန်ကြမ်းတမ်းကာ ထောင်လွှားနေသော်လည်း တရားရုံးမှဆင့်ခေါ်စာကိုလက်ခံလိုက်ရသောအခါ ကြောင်အသွားကြသည်။
ထုံရွှယ်လူက သူတို့နှင့်မညှိနှိုင်းဘဲ တရားရုံးကိုတိုက်ရိုက်တက်သွားမည်ဟု မထင်ထားခဲ့ပေ။
စက်ရုံခေါင်းဆောင်က ကိုယ်တိုင်ကိုယ်ကျရှေ့ထွက်လာကာ ထုံရွှယ်လူက သီးသန့် ညှိနှိုင်းချင်သော်လည်း ထုံရွှယ်လူကငြင်းဆန်လိုက်သည်။
ခိုးကူးရဲမှတော့ အကျိုးဆက်ကိုလက်ခံရမှာဘဲ။
တစ်ချိန်တည်းတွင်သူမက စာချုပ်နှင့်အလုပ်လုပ်မည့်အစား အတူတူပူးပေါင်းဆောင်ရွက်နိုင်မည့်စက်ရုံအသစ်များကိုရှာနေခဲ့သည်။
စာချုပ်ချုပ်ပြီးလုပ်ပါက စီမံနိုင်ခွင့်သည် တစ်ဖက်လူ၏လက်ထဲတွင်ရှိနေသဖြင့် ပေါက်ကြားမှုများဖြစ်လာနိုင်သည်။
စုယွဲ့ရှန်းက သူမပူးပေါင်းဖို့စက်ရုံရှာနေသည်ကိုသိသွားသောအခါ စက်ရုံဖွင့်ထားသည့်မိတ်ဆွေတစ်ဦးနှင့် မိတ်ဆက်ပေးလာသည်။
ထုံရွှယ်လူက တစ်ဖက်လူနှင့်တွေ့ပြီးနောက် စက်ရုံသို့လူကိုယ်တိုင်သွားစစ်ဆေးကြည့်လိုက်သည်။ထို့နောက် အမှာစာပမာဏအနည်းငယ်ကို စက်ရုံအသစ်သို့စတင်လွှဲပြောင်းခဲ့သည်။
စက်ရုံအသစ်က လုပ်ဆောင်နိုင်စွမ်းမြင့်ကာ စည်းကမ်းတင်းကြပ်ပြီး အစီအစဉ်တကျစီမံခန့်ခွဲမှုများရှိသဖြင့် အရင်စက်ရုံထက်အများကြီးပိုကောင်းသည်။အော်ဒါတစ်ခုတင်ပြီးသောအခါ ထုံရွှယ်လူက တစ်ဖက်မှစက်ရုံပိုင်ရှင်နှင့်ရေရှည်ပူးပေါင်းမည့်စာချုပ်ချုပ်ဆိုလိုက်သည်။
ယခုကာလများတွင် တရားစွဲဆိုသည့်လူဟူ၍ သိပ်မရှိပေ။ အမှုစတင်တိုင်ချက်ဖွင့်ရာမှ တရားရုံးတက်သည်အထိ အချိန်တစ်လလောက်တောင်မကြာသွားဘဲ နောက်ပိုင်းကာလများထက် အများကြီးပိုမြန်လေသည်။
ထုံရွှယ်လူဘက်မှသက်သေများက အလွန်လုံလောက်နေသည်။ စက်ရုံဘက်မှတရားရှူံးသွားသဖြင့် ထုံရွှယ်လူ၏လန်ထင်းကုမ္ပဏီအား လျော်ကြေးငွေယွမ်သုံးထောင်ပေးကာ သတင်းစာထဲထည့်ပြီးလူသိရှင်ကြားတောင်းပန်ခဲ့ရသည်။
ယွမ်သုံးထောင်ကစက်ရုံတစ်ခုအတွက်ဘာမှသိပ်မဟုတ်သော်လည်း ယခုခေတ်ကာလတွင်နည်းပါးသည်ဟုဆို၍မရပေ။ အရေးကြီးသည်မှာ စက်ရုံ၏ဂုဏ်သတင်းက ပျက်စီးသွားခြင်းဖြစ်သည်။အော်ဒါတင်သူ၏လျှို့ဝှက်လုပ်နည်းကို ပေါက်ကြားစေခဲ့သောကြောင့် နောက်ပိုင်းတွင်ဘယ်သူကမှ သူတို့စက်ရုံနှင့်လာပူးပေါင်းတော့မှာမဟုတ်ပေ။
သေချာစွာပင် ဖောက်သည်အများစုက တရားစွဲသည့်ကိစ္စအကြောင်းသိသွားသောအခါ စက်ရုံနှင့်ပူးပေါင်းမှုကိုရပ်လိုက်ကြသည်။စက်ရုံကအော်ဒါမရတော့သဖြင့် ခြောက်လကြာပြီးနောက်တွင် ဒေဝါလီခံလိုက်ရသည်။
ဤကိစ္စဖြစ်ပြီးနောက် လန်ထင်းဆေးဖက်ဝင်ဝိုင်ကို အတုလုပ်ချင်သည့် အခြားစက်ရုံငယ်များနှင့် စီးပွားရေးသမားတို့က ကြောက်သွားကြကာ အချိန်တိုလေးအတွင်းမှာဘဲ သတိကောင်းကောင်းပေးနိုင်ခဲ့ပေသည်။
**
တရားစွဲရာ၌ အနိုင်ရပြီးသိပ်မကြာခင်မှာဘဲ ရှောင်းကျားမင်ကကောလိပ်မှဘွဲ့ရသွားသည်။
ပြီးခဲ့သည့်နှစ်မှစ၍ ကောလိပ်ကျောင်းသားများဘွဲ့ရသောအခါ ဘွဲ့နှင်းသဘင်အခမ်းအနားကို စတင်ကျင်းပလာခဲ့သည်။ဘွဲ့ဓာတ်ပုံများရိုက်သည့်အပြင် သူငယ်ချင်း၊ဆွေမျိုးများကိုလည်း ပါဝင်ရန်ဖိတ်ခေါ်နိုင်၏။
ရှောင်းကျားမင်ဘွဲ့ရသောအခါ ဝမ်မိသားစုနှင့်ရှောင်းမိသားစုနှစ်ခုလုံးသွားကြသည်။
အခုချိန်တွင်ရှောင်းကျားမင်က ကျုံးရှန်းအင်္ကျီကိုဝတ်ထားကာ ကျောင်းသားကိုယ်စားလှယ်အဖြစ် စင်ပေါ်တွင်ရပ်နေ၏။သန်မာကာနက်ရှိုင်းသောအသံက မိုက်ခရိုဖုန်းမှတစ်ဆင့်ခန်းမထဲသို့ပျံ့နှံ့သွားသည်။
“လေးစားရပါသော ခေါင်းဆောင်များ၊ဆရာ၊ဆရာမများ မိတ်ဆွေကျောင်းသားကျောင်းသူများအားလုံးကို မင်္ဂလာပါလို့နှုတ်ခွန်းဆက်သပါတယ်၊ ကျွန်တော်က ဘဏ္ဍာရေးဌာနရဲ့ ၈၀မြောက်ကျောင်းသားရှောင်းကျားမင်ပါ....”
စင်ပေါ်ရှိရှောင်းကျားမင်က ယုံကြည်ချက်အပြည့်ရှိကာ ကြင်နာပြီးစိတ်အားတက်ကြွနေ၏။ တစ်ချိန်တည်းတွင် အလွန်ခန့်ညားနေသဖြင့် စင်အောက်မှမိန်းကလေးများကို ဆွဲဆောင်ထားနိုင်ပေသည်။
“ဘုရားရေ ရှောင်းကျားမင်က ကျုံးရှန်းအင်္ကျီနဲ့အရမ်းကြည့်ကောင်းတာဘဲ”
“ဟုတ်ပါ့ဟယ် သူက ရုပ်ရှင်ကြယ်ပွင့်တွေထက်တောင် ပိုချောတယ်လို့ငါထင်တယ်၊ ဒါနဲ့သူဘွဲ့ရပြီးရင် ဘယ်မှာအလုပ်လုပ်မှာလဲဆိုတာကို သိလား”
“ငါကြားတာတော့ သူကရှန်းကျန့်မြို့ကိုသွားမှာတဲ့၊ အဝေးကြီးကိုသွားတာ နှမြောစရာဘဲ”
“နှမြောစရာမဟုတ်ပါဘူးဟယ်၊ သူပေကျင်းမှာရှိနေရင်တောင်မှ မိုးပေါ်ကကြယ်တွေလိုဘဲဝေးလံလွန်းတယ်၊ ကောလိပ်တက်နေတဲ့ဒီလေးနှစ်အတွင်း သူက ဘယ်မိန်းကလေးအတန်းဖော်နဲ့ ရင်းနှီးတာကိုမြင်ဖူးလဲ”
“အဲ့ဒါလည်းဟုတ်သား......”
ထုံရွှယ်လူက သူမဘေးမှတီးတိုးသံများကိုနားထောင်နေကာ ရှောင်းကျားမင်ကိုကြည့်နေသောသူမအကြည့်များက ဂုဏ်ယူမှုများဖြင့်ပြည့်နှက်နေသည်။
ဗိုလ်မှူးရှောင်းကပိုလို့တောင်စိတ်လှုပ်ရှားနေ၏။အချိန်နှင့်အမျှ သူကအဖိုးဝမ်ကိုကြွားလုံးလာထုတ်လေသည်။
“ငါ့မြေးကတော်လိုက်တာ၊ အဓိကက ငါနဲ့တူလို့ဘဲ”
အဖိုးဝမ်က သူ့ကြောင့်အလွန်စိတ်သောကရောက်ရသည်။
“ရပ်လိုက်တော့ခေါင်းကြောမာတဲ့အဖိုးကြီး၊ကျားမင်က ငါ့မြေးချွေးမလေးနဲ့တူတာ၊ မောင်နှမတွေအားလုံးကအရည်အချင်းရှိကြတယ်”
ဗိုလ်မှူးရှောင်း၏ရင်ဘတ်ကဖားဖိုကြီးလို နှိမ့်လိုက်မြှင့်လိုက်ဖြစ်နေသည်။
“ရွှယ်လူက ငါ့မြေးမလေ သူလည်းငါနဲ့တူတာဘဲပေါ့”
အဖိုးဝမ်: "..."
ရှောင်ယန်းယန်နှင့် ရှောင်ရန်ရန်တို့လည်းပါလာပြီး လူအများကြီးကိုတွေ့လိုက်ရသောအခါ လုံးဝမကြောက်သွားဘဲ အလွန်စိတ်လှုပ်ရှားနေကြ၏။
သို့သော် ရှောင်ရန်ရန်က အမြဲလိုပင် လူစိမ်းများရှေ့၌ အထက်စီးဆန်တတ်သောကြောင့် သူမ၏မျက်နှာဖောင်းဖောင်းလေးက အခြားသူတွေဘယ်လိုဘဲစနေပါစေ လုံးဝမရယ်ပေ။
၎င်းကသူမ၏ ဒုတိယဦးလေးကိုမတွေ့ရခင်အထိသာဖြစ်သည်။သူမဦးလေးကိုမြင်သည်နှင့် ချစ်စရာကောင်းစွာပြုံးပြပြီး ကြာပန်းလိုလက်လေးများကို ရှောင်းကျားမင်ဆီဆန့်ထုတ်လာ၏။
“ဒုတိယဦးလေး သမီးကိုဖက်ပါဦး”
ရှောင်းကျားမင်က သူ့တူနှင့်တူမနှစ်ယောက်ကိုအလွန်ချစ်ပေသည်။သူကအမြန်လျှောက်လာပြီး ရှောင်ရန်ရန်ကိုပွေ့ဖက်လိုက်သည်။
ရှောင်ရန်ရန်ကရှေ့ကိုတိုးကာ သူ့ဦးလေး၏မျက်နှာကိုနမ်းလိုက်သည်။ထို့နောက်သူမလေးက တမင်တကာပင် စိတ်အားထက်သန်စွာကြည့်နေကြသည့် မိန်းကလေးအတန်းဖော်များကို တစ်ချက်လှမ်းကြည့်လိုက်သည်။
ဘေးနားမှမိန်းကလေးအတန်းဖော်များသည် ဘာကြောင့်မှန်းမသိသော်လည်း ရှောင်ရန်ရန်၏ချစ်စရာပုံစံလေးကြောင့်ရင်ထဲထိသွားကြသည်။
ထုံရွှယ်လူကသာ အကြောင်းသိသဖြင့် နှုတ်ခမ်းမဲ့လိုက်မိ၏။
အဲ့ဒါလား သုံးနှစ်ကလေး။