ရှောက်ကွမ်ချင်နှင့် တခြားသူများက ဇွန်ဘီများကို သတ်နေစဉ် ကျိုးဝမ်ရှိူ့သည် ယန်ကျင်းဇီကို ခေါ်ဆောင်သွားပြီး ထွက်ပြေးသွားသူများအား အမှီလိုက်နိုင်ရန် ဆိုင်ကယ်မောင်းနှင်သွားသည်။
ထွက်ပြေးသွားသူများ အားလုံးသည် T ခရိုင် လုံခြုံရေးစခန်းမှ လာကြသည်။
T ခရိုင် လုံခြုံရေးစခန်းကို T ခရိုင်၏ မြောက်ဘက်ရှိ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဇုန်တွင် တည်ဆောက်ထားသည်။ လုံခြုံရေးစခန်းတစ်ခုလုံးတွင် အသက်ရှင်ကျန်ရစ်သူ ၁၀,၀၀၀ ကျော် ရှိသည်။
T ခရိုင်၏ စိုက်ပျိုးမွေးမြူရေးမှာ ကောင်းမွန်စွာ တိုးတက်ဖွံ့ဖြိုး၏။ ကမ္ဘာပျက်ပြီးနောက် ဤလုံခြုံရေးစခန်းမှ လူများသည် ရိက္ခာမပြတ်လပ်ဘဲ သက်တောင့်သက်သာ နေထိုင်နိုင်ကြသည်။
ကံမကောင်းစွာဖြင့် ဖြတ်သွားဖြတ်လာ ဇွန်ဘီစစ်တပ်သည် သူတို့၏ ဘဝများကို ပြောင်းလဲခဲ့ပြီး ယခုအခါ သူတို့ အိမ်ပစ်ရာပစ် ပြေးကြရတော့သည်။
T ခရိုင် လုံခြုံရေးစခန်းသည် သေးငယ်သော အခြေစိုက်စခန်း ဖြစ်ပြီး ဓာတ်ဆီနှင့် အခြားသော ပစ္စည်းများ မရှိဘဲ မောင်းနှင်နိုင်သော ကားများမှာ အများအပြား မရှိပေ။ ဤအခိုက်အတန့်တွင် လူငယ်များမှာ ခြေထောက်နှစ်ချောင်းဖြင့် ပြေးနေကြပြီး အသက်ကြီးသူများ၊ အားနည်းသူများနှင့် ကလေးငယ်များမှာ ကားထဲတွင် နေနေကြသည်။ စွမ်းအားရှင်များလည်း ရှိပြီး ဓားများနှင့် ပေါက်ပြားများကို ကိုင်ဆောင်လျက် ဤနေရာ၏ အနံ့နှင့် လှုပ်ရှားမှုတို့ကြောင့် ဆွဲဆောင်ခံရသော ဇွန်ဘီများကို တိုက်ခိုက်နေကြ၏။
သာမန်စွမ်းအားရှင်များ၏ စွမ်းရည်များမှာ မသန်မာဘဲ စွမ်းရည်တစ်ခုတည်းဖြင့် ဇွန်ဘီအများအပြားကို မသတ်နိုင်ချေ။ အများအားဖြင့် သူတို့သည် လက်နက်များကို ကိုင်ဆောင်ထားကြသည်။
ယခုအခါ ကျိုးဝမ်ရှိူ့နှင့် ယန်ကျင်းဇီတို့က အမှီလိုက်နေကြ၏...
ကျိုးဝမ်ရှိူ့သည် မော်တော်ဆိုင်ကယ်၏ လက်ကိုင်ဘားကို လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး နောက်လက်တစ်ဖက်ဖြင့် စွမ်းအားအသုံးပြုနေသည်။ မရေမတွက်နိုင်သော မီးလုံးများက သူ့လက်ဖဝါးမှ ပျံထွက်သွားကြပြီး အနားရှိ ဇွန်ဘီများစွာကို အလျင်အမြန် သတ်ပစ်လိုက်သည်။
ဤဇွန်ဘီများသည် သာမန်ဇွန်ဘီများ ဖြစ်ပြီး သတ်ရန် အထူးလွယ်သည်။
သို့သော် T ခရိုင် လုံခြုံရေး စခန်းမှ လူများသည် အခြေအနေကို နားမလည်ကြပေ။ သူတို့အားလုံးက အံ့ဩနေကြပြီး သူက အတော်လေး အင်အားကြီးသည်ဟု တွေးနေကြသည်။
မီးစွမ်းအားရှင်တစ်ဦးက အော်ပြောလာသည် : " အစ်ကိုကြီး၊ အစ်ကိုကြီး၊ မင်းက အရမ်းအံ့ဩဖို့ကောင်းတာပဲ! " အော်ဟစ်ပြီးနောက် ဤမီးစွမ်းအားရှင်သည် ကျိုးဝမ်ရှိူ့ကို ကြည့်လိုက်ရာ ကျိုးဝမ်ရှိူ့က သူ့ထက် ပိုမိုငယ်ရွယ်ကြောင်း သတိထားမိသွားသည်... ပြီးနောက် သူသည် ရုတ်တရက် အနည်းငယ် ရှက်ရွံ့သွားလေသည်။
ကျိုးဝမ်ရှိူ့က ပြုံးပြီး ဇွန်ဘီများကို ဆက်လက်ဖြေရှင်းသည်။
သူသည် ယန်ကျင်းဇီကို စွန့်စားခွင့်မပေးချင်သဖြင့် ယန်ကျင်းဇီကို သူ့နောက်မှ ဇွန်ဘီအုပ်စုများ၏ အဝေးသို့ ခေါ်ဆောင်လာသည်။ သို့သော် သူ ဘာမှမလုပ်နိုင်သောကြောင့် ရိုးရှင်းစွာပင် ရှေ့မှ ဇွန်ဘီများကို သတ်လိုက်သည်။
ယန်ကျင်းဇီသည် ကျိုးဝမ်ရှိူ့၏ ကျောပြင်ပေါ်တွင် လှဲနေပြီး သူ့ခေါင်းက အနည်းငယ် အဆင်မပြေဖြစ်နေသည်။
သူသည် ယခုလေး အဆင့်မြင့်ဇွန်ဘီများ ရာနှင့်ချီကို တစ်ပြိုင်နက်တည်း သတ်ခဲ့သည်။ သို့သော် အလယ်အလတ်အဆင့် ဇွန်ဘီများနှင့် အဆင့်နိမ့်ဇွန်ဘီများတော့ မပါဝင်ချေ – ၎င်းတို့ကို အခြားသူများ ဖြေရှင်းရန် ထားရစ်ခဲ့သည်။
ယခုအခါ သူသည် အင်အားအနည်းငယ်ကို သိမ်းဆည်းထားရန် လိုအပ်ဆဲဖြစ်သည်။ နောက်ပိုင်းတွင် အကျပ်အတည်း ကြုံရပြီး ဘာမှမလုပ်နိုင်မည်ကို စိုးရိမ်သောကြောင့်ပင်...
ယန်ကျင်းဇီ ဤသို့တွေးနေစဉ် သူတို့နောက် လိုက်လာသော တက္ကသိုလ်မြို့တော် အခြေစိုက်စခန်းမှ လူများသည် ရောက်လာပြီး ယန်ကျင်းဇီနှင့် ကျိုးဝမ်ရှိူ့ကို တွေ့သွားကြသည် : " ဥက္ကဌ! ယန်သခင်လေး! "
" မင်းတို့ အနောက်ကို သွားပြီး ဇွန်ဘီတွေကို သတ်ပစ်လိုက်။ " ကျိုးဝမ်ရှိူ့က ပြောသည်။
ဤလူများက ဟစ်ကြွေးကာ အဖွဲ့၏အနောက်သို့ အမြန်ပြေးသွားကြသည်။
ဤအချိန်တွင် ရှောက်ကွမ်ချင်နှင့် တခြားသူများသည် ဇွန်ဘီများနှင့် တိုက်ခိုက်နေကြဆဲဖြစ်သည်။
ရုတ်တရက်ကြီး ဇွန်ဘီများ အများအပြား သေဆုံးသွားပြီး S မြို့ကြီး အခြေစိုက်စခန်းမှ လူများသည် အနည်းငယ် စိတ်ရှုပ်ထွေးသွားကြသည် : " သောက်ကျိုးနည်း ဘာတွေဖြစ်နေတာလဲ? "
" သေသွားတဲ့ကောင်တွေကို ကြည့်ရတာ အဆင့်မြင့်ဇွန်ဘီတွေ ထင်တယ်! "
" အလယ်အလတ် ဇွန်ဘီတွေနဲ့ အဆင့်နိမ့်ဇွန်ဘီတွေပဲ ကျန်တော့တယ်! တိုက်ကြ၊ အားလုံး! "
" အနောက်က ဇွန်ဘီတွေ ပြေးကုန်ပြီ! ငါတို့ ကယ်တင်ခံရပြီ! "
…
ယန်ကျင်းဇီသည် ရာနှင့်ချီသော အဆင့်မြင့်ဇွန်ဘီများကို သတ်ခဲ့သော်လည်း ဤဇွန်ဘီအုပ်စုတွင် အဆင့်မြင့်ဇွန်ဘီများ ရာဂဏန်းအနည်းငယ်ကျော် ရှိသေးသည်။ ပြောရမည်ဆိုလျှင် အနည်းဆုံး ဇွန်ဘီများ နှစ်ထောင်၊ သုံးထောင်တော့ ကျန်သေး၏။
ယန်ကျင်းဇီက သူ လှုပ်ရှားပြီးနောက် ကျိုးဝမ်ရှိူ့အား သူ့ကို ခေါ်ဆောင်၍ ထွက်ပြေးခွင့်ပေးသော အကြောင်းအရင်းလည်း ရှိသည် – အသက်ရှင်နေမှသာလျှင် သူ နောက်ထပ်ဇွန်ဘီများကို သတ်နိုင်မည်ဖြစ်ပြီး သူ့အသက်က အလွန်အရေးကြီးနေသေးသည်။
ရလဒ်ကမူ... အဆင့်မြင့်ဇွန်ဘီ ရာချီ ရုတ်တရက် သေဆုံးပြီးနောက် ကျန်ရှိသော အဆင့်မြင့်ဇွန်ဘီများက ပြန်လှည့်ပြီး ထွက်ပြေးသွားကြသည်။
အဆင့်မြင့်ဇွန်ဘီများသည် ဤအခိုက်အတန့်တွင် ပုန်းခိုပြီး ထွက်ပြေးရမည်ဟု သိသည့်အထိ ဉာဏ်ကောင်းကြသည်။ ၎င်းတို့၏ အပြုအမူကပဲ S မြို့ကြီး အခြေစိုက်စခန်းမှ စွမ်းအားရှင်များကို ရုတ်တရက် ဖိအားလျော့စေပြီး ဝမ်းသာစေသည် – သူတို့ အသက်ရှင်နိုင်ပြီ ဆိုတော့ သူတို့ အသည်းအသန် ကာကွယ်ခဲ့တဲ့ လူတွေလည်း အသက်ရှင်နိုင်ပြီ!
ဤအချိန်တွင် တက္ကသိုလ်မြို့တော် အခြေစိုက်စခန်းမှ လူများ ရောက်လာကြသည်။
အဆင့်မြင့်ဇွန်ဘီများ နောက်ပြန်ဆုတ်သွားသော်လည်း အလယ်အလတ်အဆင့် ဇွန်ဘီများနှင့် အဆင့်နိမ့်ဇွန်ဘီများ ရှိနေသေးပြီး S မြို့ကြီး အခြေစိုက်စခန်းမှ လူများသည် အားကုန်နေကြပြီဖြစ်သည်... ယခု တက္ကသိုလ်မြို့တော် အခြေစိုက်စခန်းမှ လူများက စစ်ပွဲတွင် ဝင်ရောက်ဆင်နွှဲလာကြသောအခါ လူတိုင်းက နောက်ဆုံးတွင် စိတ်အေးလက်အေး ဖြစ်သွားကြသည်။
စွမ်းရည်ကုန်ခမ်းလုနီး ဖြစ်နေသည့် S မြို့ကြီး အခြေစိုက်စခန်းမှ စွမ်းအားရှင်များသည် နောက်ပိုင်း၌ အနားယူရန် အခွင့်အရေး ရလာသည်။
" လောင်ရှောက်၊ လာပေးတာ ကျေးဇူးတင်ပါတယ်... " ဤနေရာ၏ ခေါင်းဆောင်မှာ စွင်းမုန့်တ ဖြစ်သည်။ သူသည် မီးစွမ်းအားရှင် ဖြစ်၏။ သူသည် ရှောက်ကွမ်ချင်နှင့် ခင်မင်ရင်းနှီးသော သူငယ်ချင်း ဖြစ်ပြီး ဤအချိန်တွင် ဆို့နင့်သော နှာရှုပ်သံနှင့် စကားပြောခဲ့သည်။
သူ့လက်အောက်ရှိ စွမ်းအားရှင်အများအပြားမှာ ငယ်ရွယ်ကြသေးသည်... သူသည် ဤလူများ တစ်ယောက်ပြီးတစ်ယောက် ဇွန်ဘီများကြောင့် သေဆုံးနေသည်ကို မြင်နေရသောကြောင့် အမှန်တကယ်ပင် စိတ်မသက်မသာဖြစ်မိသည်။
" ငါက အဲ့လောက် အားထားစရာမကောင်းဘူး... " ရှောက်ကွမ်ချင်က ဆက်ပြောသည်။
သူတစ်ယောက်တည်း ဆိုလျှင် အသုံးမဝင်ချေ။
သူက စွမ်းအားရှင် ထောင်ပေါင်းများစွာကို ခေါ်လာလျှင်ပင် အသုံးဝင်ချင်မှဝင်ပေလိမ့်မည်။
သူတို့ ယခု အနိုင်ရသည်မှာ အဆင့်မြင့်ဇွန်ဘီများ အားလုံးကို သတ်ပေးသွားသော တစ်စုံတစ်ယောက်ကြောင့် ဖြစ်သည်။
" လောင်ရှောက်၊ ဒီမှာ မင်း ဘယ်သူ့ကို တွေ့ခဲ့တာလဲ? အဲ့ဒီ့အဆင့်မြင့်ဇွန်ဘီတွေ အကုန်လုံး ဘာလို့ သေသွားတာလဲ? " ငိုထားသောကြောင့် စွင်းမုန့်တ၏ အသံသည် အနည်းငယ် အက်ကွဲနေသော်လည်း သူက ကျယ်လောင်စွာ မေးနေဆဲဖြစ်သည်။
ရှောက်ကွမ်ချင် စကားမပြောနိုင်ခင် တက္ကသိုလ်မြို့တော် အခြေစိုက်စခန်းမှ လူများက တစ်ယောက်ပြီးတစ်ယောက် ထပြောကြသည်။ " သေချာတာပေါ့၊ သူတို့ကို သတ်လိုက်တာက ယန်သခင်လေးပဲ! "
" ယန်သခင်လေးက အကောင်းဆုံးပဲ။ အေးအေးလူလူ လက်ဝှေ့ယမ်းလိုက်တာနဲ့ ဇွန်ဘီတွေအများကြီး သေသွားရော။ "
" အရင်တုန်းက ငါတို့ရဲ့စခန်းကို ဇွန်ဘီအဝိုင်းခံရတယ်။ ငါတို့အားလုံး သေပြီလို့ ထင်နေကြတာ။ ယန်သခင်လေးက သူတစ်ယောက်တည်းနဲ့ အဆင့်မြင့်ဇွန်ဘီတွေ အကုန်လုံးကို သတ်ပစ်ခဲ့တယ်! "
…
တက္ကသိုလ်မြို့တော် အခြေစိုက်စခန်းမှ လူများသည် ဇွန်ဘီများကို သတ်နေစဉ် စိတ်လှုပ်ရှားစွာ စကားပြောဆိုနေကြသည်။
S မြို့ကြီး အခြေစိုက်စခန်းရှိ လူများ အံ့အားသင့်သွားကြ၏။
ရှောက်ကွမ်ချင်နှင့် တခြားသူများသည် အတူလာခဲ့ကြပြီး တကယ်ပင် သူတို့သည် ယန်ကျင်းဇီ၏ လုပ်ရပ်များအကြောင်း လူများ ပြောကြသည်ကို ကြားသိခဲ့ရသည်။ သို့သော် ထိုအချိန်၌ သူသည် တကယ့်ကို မယုံခဲ့ပေ – S မြို့ကြီးမှာ စွမ်းအားရှင်တွေ အများကြီးရှိတာတောင် ဘယ်သူကမှ လက်ဝှေ့ယမ်းရုံနဲ့ ဇွန်ဘီတွေအများကြီးကို မသတ်နိုင်ဘူး!
သူသည် တက္ကသိုလ်မြို့တော် အခြေစိုက်စခန်းမှ လူများ ကြွားဝါနေကြသည်ဟု ခံစားရသည်။
ယခုမူကား... မြင်ရသည်မှာ ယုံချင်စရာကောင်းလှသည်။ သူ မယုံဘဲ မနေနိုင်ဘူး!
ရှောက်ကွမ်ချင်သည် ယန်ကျင်းဇီ၌ ကိစ္စများစွာ ရှိလွန်းသည်ဟု ခံစားမိပြီး ယန်ကျင်းဇီကို အနည်းငယ် သဘောမကျဖြစ်မိသည်အား သတိရသောအခါ အနည်းငယ် အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရသည်။
အရမ်းသန်မာတဲ့ ယန်ကျင်းဇီကို ဘာလို့ သူက သဘောမကျဖြစ်ရမှာလဲ?
လေးလေးနက်နက် ပြောရရင် ယန်ကျင်းဇီက ဇွန်ဘီတွေကို ဆက်သတ်ဖို့ ဆန္ဒရှိသရွေ့ လုပ်ချင်တာ လုပ်လို့ရတယ်! သူ ယန်ကျင်းဇီကို ထောက်ပံ့ဖို့ ဆန္ဒရှိတယ်!
စွင်းမုန့်တက ပို၍ပင် စိတ်လှုပ်ရှားသေးသည် : " ဘယ်တစ်ယောက်က ယန်သခင်လေးလဲ? ငါ သူ့ကို တွေ့လို့ရမလား? "
တက္ကသိုလ်မြို့တော် အခြေစိုက်စခန်းမှ လူက ပြောသည်။ " ဥက္ကဌက ယန်သခင်လေးကို ခေါ်ပြီး ထွက်သွားတယ်။ ဇွန်ဘီတွေအကုန်လုံးကို သတ်ပြီးရင် မင်းတို့ သူတို့ကို အနောက်ဘက်မှာ သွားရှာနိုင်တယ်။ "
စွင်းမုန့်တ ဘာလုပ်ရမယ်မှန်း မသိတော့။
ရှောက်ကွမ်ချင်က ဆိုသည် : " ခုနက ပတ်မောင်းသွားတဲ့လူက ယန်သခင်လေးပဲ။ "
သူသည် ယန်ကျင်းဇီ၏ နာမည်ကို မခေါ်နိုင်ဟု ခံစားရသောကြောင့် 'ယန်သခင်လေး' ဟု တလေးတစား ခေါ်သင့်ပေသည်။
စွင်းမုန့်တသည် ၎င်းကို စိတ်ထဲတွင် မှတ်သားထားလိုက်သည်။
အဆင့်မြင့်ဇွန်ဘီများ မရှိတော့သောအခါ အလယ်အလတ်အဆင့် ဇွန်ဘီများနှင့် အဆင့်နိမ့်ဇွန်ဘီများ အုပ်စုကို ဖြေရှင်းရန်မှာ စွမ်းအားရှင်အများအပြားအတွက် လွယ်ကူသေးသည်။
သူတို့နောက်မှ အောင်ပွဲကို မြင်ရသော် ရှေ့မှပြေးနေသော သာမန်လူများသည် ရပ်တန့်ပြီး ဖက်ငိုကြသည်။
သူတို့ သေစရာမလိုတော့ပေ။
ကျိုးဝမ်ရှိူ့သည် ဤမြင်ကွင်းကိုမြင်လိုက်ရသောအခါ စိတ်သက်သာရာရစွာ သက်ပြင်းရှည်ချလိုက်သည်။
" ဝမ်ရှိူ့၊ ရပ်ပြီး အနားယူကြရအောင်။ " ယန်ကျင်းဇီက ပြောပြီးနောက် ကျိုးဝမ်ရှိူ့ လည်ပင်းကို နမ်းလိုက်သည်။
ကျိုးဝမ်ရှိူ့ ထိတ်လန့်သွားပြီး ပြင်းပြင်းထန်ထန် ဘရိတ်အုပ်ကာ ဆိုင်ကယ်ကို ရပ်လိုက်၏။
တခြားတစ်ဖက်တွင်မူ ယန်ကျင်းဇီက ရယ်မောလေသည်။
သူတို့အဖွဲ့သည် မြို့အနီးရှိ လယ်မြေများတွင် ရပ်နားခဲ့သည်။
မြေပြင်တွင် ကြီးထွားလွန်နေသော ပေါင်းပင်များ ရှိသော်ငြား ကျားကုတ်ကျားခဲ ကြီးထွားနေကြသော ကောက်ပဲသီးနှံတချို့ ရှိနေဆဲဖြစ်သည်။ မူလက လှပခဲ့သော်လည်း ယခုအခါ ဟောင်းနွမ်းသွားပြီဖြစ်သည့် ကျေးလက်အဆောက်အအုံငယ်များလည်း ရှိသေးသည်။
ကျိုးဝမ်ရှိူ့သည် မော်တော်ဆိုင်ကယ်ကို အဆောက်အဦးငယ်တစ်ခု၏ အရှေ့ရှိ ကောက်နယ်သလင်းစီသို့ မောင်းနှင်သွားပြီး သူ့မီးစွမ်းအားကို အသုံးပြု၍ ညစ်ပတ်သည့်အရာတချို့ကို မီးရှို့လျက် ကောက်နယ်သလင်းကို သန့်ရှင်းစေခဲ့သည်။
ပြီးမှသာလျှင် သူသည် ယန်ကျင်းဇီကို ဆိုင်ကယ်ပေါ်မှ ဆင်းစေသည်။
ယန်ကျင်းဇီသည် ကောက်နယ်သလင်းပေါ်တွင် မတ်တပ်ရပ်ပြီး ဤနေရာ၏ ရှုခင်းက ကောင်းမွန်နေဆဲဖြစ်ကြောင်း တွေ့လိုက်ရသည်။ သို့သော် သူ၏ စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြု၍ ကြည့်လိုက်သောအခါ တစ်ကမ္ဘာလုံး မီးခိုးရောင်ဖြစ်နေကြောင်း တွေ့နေရပေဦးမည်...
တက္ကသိုလ်မြို့တော် အခြေစိုက်စခန်းမှ လူများသည် ကားများစွာကို မောင်းနှင်လာကြပြီး ကားထဲတွင် ထောက်ပံ့ပို့ဆောင်ရေး ဝန်ထမ်းများလည်း ပါဝင်သည်။ ယန်ကျင်းဇီ ဆိုင်ကယ်ပေါ်မှ ဆင်းပြီးနောက် ချက်ချင်းပင် ကျိုးဝမ်ရှိူ့သည် နေရာစီစဉ်ရန် ထောက်ပို့ဝန်ထမ်းများကို မေးမြန်းခဲ့သည်။
စကားတစ်ခွန်းမှ မပြောဘဲ ထောက်ပို့ဝန်ထမ်းသည် ယန်ကျင်းဇီထံသို့ ခေါက်ကုလားထိုင်ရှည်တစ်လုံးကို ဦးစွာရွှေ့လိုက်ပြီး ယန်ကျင်းဇီ လှဲလိုက်သောအခါ တခြားတစ်ဦး ရောက်လာကာ သူ့အတွက် တဲဆောက်ပေး၍ စားပွဲတစ်လုံးနှင့် ထိုင်ခုံများကို ရွှေ့လိုက်သည်။
ခဏအကြာတွင် ကောက်နယ်သလင်းတွင် ပစ္စည်းအမျိုးမျိုးဖြင့် ပြည့်နှက်သွားပြီး စားပွဲပေါ်၌ မုန့်အနည်းငယ်ပင် ရှိနေသည်။
၎င်းတို့မှာ အမဲသားခြောက်၊ ဇီးသီးများ၊ အချိန်တိုလေးအတွင်း ပြုလုပ်ထားသော မုန့်ချိုလေးများနှင့် လက်ဖက်ရည်အိုးနှစ်အိုး၊ ဂန္ဓမာလက်ဖက်ရည်အိုးနှင့် လက်ဖက်စိမ်းရည်တစ်အိုးတို့ ဖြစ်ကြသည်။
လက်ဖက်ရည်နှပ်သူမှာ ရေစွမ်းအားရှင်တစ်ဦး ဖြစ်သည်။
အခြေစိုက်စခန်းငယ်မှ လူများ ဖက်ငိုကြပြီးနောက် သူတို့အားလုံးသည် မြေပြင်ပေါ်တွင် ပေါ့ပေါ့ပါးပါး ထိုင်ကာ စတင်အနားယူကြသည်။ ရလဒ်အားဖြင့် သူတို့သည် ဤမြင်ကွင်းကို မြင်လိုက်ရပြီး သူတို့အားလုံးက ခဏတဖြုတ် စိတ်ရှုပ်သွားကြသည်။
ဤဘဝမျိုးဟာ ကမ္ဘာမပျက်ခင်က ရှားပါးပြီး ကမ္ဘာပျက်ပြီးနောက်မှာတော့ သူတို့ တစ်ခါမှ မမြင်ဖူးကြတော့ပေ...
ဒီလူက ဘယ်သူလဲ?
ကျန်ရှိသော ဇွန်ဘီများကို ကိုင်တွယ်ဖြေရှင်းရန် တက္ကသိုလ်မြို့တော် အခြေစိုက်စခန်းမှ လူများထံ၌ အပ်ထားခဲ့သည်။ ယန်ကျင်းဇီကို ရှာဖွေရန် မောပန်းနေသော စွင်းမုန့်တနှင့် တခြားသူများကို ခေါ်ဆောင်လာသော ရှောက်ကွမ်ချင်သည်လည်း ဤမြင်ကွင်းကို တွေ့လိုက်ရသည်။
သူ့နှုတ်ခမ်းထောင့်များ တွန့်ချိုးသွားရသည်။
သူတို့သည် ခရီးအတူထွက်လာကြပြီး အနားယူချိန်၌ ကျိုးဝမ်ရှိူ့သည် ယန်ကျင်းဇီကို အမြဲတစေ အထူးကောင်းမွန်စွာ ပြုစုစောင့်ရှောက်သည်။ ထိုအချိန်တွင် သူသည် အနည်းငယ် အဆင်မပြေဖြစ်ခဲ့၏။
သူတို့အားလုံးက ယောက်ျားကြီးတွေ။ ဒါပေမယ့် ယန်ကျင်းဇီကို ဒီလိုမျိုး ဂရုစိုက်ဖို့ လိုသေးသလား?
အခု ပိုလို့တောင် ပုံကြီးချဲ့နေကြပြီ... ကျိုးဝမ်ရှိူ့က မုန့်တွေကို ကိုင်ပြီး ယန်ကျင်းဇီကို ခွံ့ကျွေးနေတယ်!
ရှောက်ကွမ်ချင်သည် တကယ့်ကို ကျင့်သားမရပါပေ။
သို့သော် ဤအခိုက်အတန့်တွင် သူသည် ယန်ကျင်းဇီက အဆင့်မြင့်ဇွန်ဘီများ အများအပြားကို သတ်ပြီး သူ့ရဲဘော်ရဲဘက်များကို ကယ်ခဲ့သည်ဟု တွေးမိလိုက်သည်။
ယန်ကျင်းဇီကြောင့်သာ မဟုတ်ရင် သူတို့ သေနေလောက်ပြီ!
ဒီလိုနားလည်လိုက်တော့ ယန်ကျင်းဇီ ဒီလိုမျိုးဖြစ်နေတာ ကိစ္စကြီးမဟုတ်ဘူးလို့ ရှောက်ကွမ်ချင် ရုတ်တရက် ခံစားလိုက်ရတယ်!
ယန်ကျင်းဇီကို ခွံ့ကျွေးဖို့ သူ့ကို ခိုင်းရင်တောင် သူ ကျေကျေနပ်နပ် လုပ်နိုင်တယ်!
" ယန်သခင်လေး၊ ခုနကအတွက် ကျေးဇူးအများကြီးတင်ပါတယ်! " ရှောက်ကွမ်ချင်က ပြောသည်။
စွင်းမုန့်တသည် ယန်ကျင်းဇီ၏ စတိုင်ပုံစံကြောင့် အမှန်တကယ် အံ့အားသင့်ခဲ့ရသော်လည်း သူ့စိတ်ဟာ ရှောက်ကွမ်ချင်ကဲ့သို့ မရှုပ်ထွေးဘဲ ယန်ကျင်းဇီက အတော်လေး ပုံမှန်ဖြစ်သည်ဟုပင် ခံစားရသည်။
သန်မာတဲ့လူကို လေးစားပြီး ပြုစုရတာ မှန်တယ်မလား?
စွင်းမုန့်တကလည်း ပြောသည်။ " ယန်သခင်လေး၊ မင်းရဲ့ အသက်ကယ်တဲ့ ကျေးဇူးအတွက် ကျေးဇူးတင်ပါတယ်။ မင်း အနာဂတ်မှာ ငါ့ကို လုပ်စေချင်တာ ရှိရင် တရားမဝင်တာ မဟုတ်သရွေ့ ငါ သေချာပေါက် မင်းအတွက် လုပ်ပေးပါ့မယ်! "
" ဒါဆို မင်း ငါ့ကို ကာကွယ်ပေးပါ။ " ယန်ကျင်းဇီ ပြောလိုက်သည်။ သူ့လူကို ကာကွယ်ရန် သူက အားမနည်းလွန်းသော်ငြား နှစ်ယောက်က မများလွန်းချေ။
စွင်းမုန့်တ : " ??? " ဒီလူက အရမ်းသန်မာတာတောင် အကာအကွယ် လိုသေးသလား?
သို့သော် သူ့ရှေ့မှ လူကို နိုင်ငံ့ရတနာလေးဟု ခေါ်ဆိုနိုင်ပြီး သူ အမှားလုပ်၍ မဖြစ်ပေ။ သူတို့ ယန်ကျင်းဇီကို ကာကွယ်ရမယ်!
မဟုတ်ဘူး၊ သူ့ကို ကာကွယ်ပေးရုံသာမက သူ့ကို ဂရုလည်းစိုက်ရမယ်။ တော်ကြာ သူက မပျော်မရွှင် ဖြစ်သွားလို့ ဇွန်ဘီတွေကို ထပ်မသတ်ချင်တော့ရင် ဘယ်လိုလုပ်မလဲ?
ရုတ်တရက်ကြီး စွင်းမုန့်တသည် အဘယ့်ကြောင့် ယန်ကျင်းဇီက အလျှံပယ် အကြိုက်ဆောင်ခံရကြောင်း နားလည်သွားသည် – တက္ကသိုလ်မြို့တော် အခြေစိုက်စခန်းက လူများသည်လည်း ယန်ကျင်းဇီ ထွက်သွားမည်ကို ကြောက်သောကြောင့် ယန်ကျင်းဇီအပေါ် အလွန်ကောင်းနေခြင်း ဖြစ်နိုင်သည်။
သူတို့သာ ယန်ကျင်းဇီအပေါ်မှာ ပိုကြင်နာရင်... သူတို့ ယန်ကျင်းဇီကို S မြို့ကြီး အခြေစိုက်စခန်းကို လာခိုင်းနိုင်လောက်လား?
ကျိုးဝမ်ရှိူ့သည် စွင်းမုန့်တ၏ အတွေးများကို မသိဘဲ ယန်ကျင်းဇီကို မေးနေသည်။ " မင်း စားချင်တာ ရှိလား? "
ယန်ကျင်းဇီက ဇွန်ဘီအများကြီးကို သတ်ထားရာ ယခုဆိုလျှင် အလွန်အားနည်းနေလိမ့်မည်... ကျိုးဝမ်ရှိူ့သည် ဤအချိန်တွင် အတော်လေးကို စိတ်ပူမိပြီး ယန်ကျင်းဇီကို ကောင်းကောင်းအနားယူစေချင်သည်။
" ငါ ဗိုက်မဆာဘူး။ " ယန်ကျင်းဇီက ဆိုသည်။ " ခဏလောက် အနားယူမယ်။ "
သူသည် ယနေ့ သတိထားခဲ့ပြီး သူ့ခေါင်း အနည်းငယ် ပူလျက် တဒုတ်ဒုတ် ကိုက်ခဲနေသည်မှလွဲ၍ အခြားသော ကိုယ်ခန္ဓာဆိုင်ရာ ပြဿနာ မရှိချေ။
" သူ အနားယူတော့မယ်။ ကျန်တာ နောက်မှပြောရအောင်။ " ကျိုးဝမ်ရှိူ့သည် ရှောက်ကွမ်ချင်နှင့် တခြားသူများကို ကြည့်လိုက်သည်။
ရှောက်ကွမ်ချင်နှင့် အခြားသူများ ထွက်သွားကြသည်။
ထို့နောက် ယန်ကျင်းဇီသည် သူတို့ထွက်ခွာသွားသည်ကို စောင့်ပြီးမှ ကျိုးဝမ်ရှိူ့ကို ကြည့်လိုက်သည် : " ဒီနေ့ ငါ တကယ် အဆင်ပြေပါတယ်။ "
" ဒါဆို ကောင်းကောင်း အနားယူပါ။ " ကျိုးဝမ်ရှိူ့က အလေးအနက် ပြောလာသည်။
သူတို့ စကားပြောနေစဉ် စွင်းမုန့်တက တခြားလူတစ်ယောက်ကို ခေါ်လာပြီး ခပ်သွက်သွက် လျှောက်လာ၏။ " ယန်သခင်လေး၊ ငါတို့စီမှာ အရသာရှိတဲ့ စားစရာနဲ့ အသုံးဝင်တဲ့ ပစ္စည်းတချို့ ရှိတယ်။ ငါ မင်းအတွက် ယူလာတယ်။ "
သူ ပြောပြီးသည်နှင့် သူ့ဘေးနားရှိ လူ၏ အရှေ့တွင် အရသာရှိသော အစားအစာများစွာ အပုံကြီးကြီးတစ်ပုံ ပေါ်လာသည်။
ဤလူသည် သူတို့၏အဖွဲ့မှ နေရာလပ်စွမ်းအားရှင် ဖြစ်သည်။ သူ့နေရာလပ်တွင် လက်နက်များအပြင် စားစရာများစွာနှင့် ပစ္စည်းများစွာ ရှိသည်။
သူတို့သည် ဤအစားအစာများနှင့် ပစ္စည်းများကို တကယ် ဂရုမစိုက်ပေ။ ဒါပေမယ့် သူတို့ ယန်ကျင်းဇီ သုံးဖို့ ပေးနိုင်တယ်လို့ ခံစားရတယ်!
စွင်းမုန့်တနှင့် နေရာလပ်စွမ်းအားရှင်တို့ နှစ်ဦးစလုံးက ယန်ကျင်းဇီကို အရောင်တောက်နေသော အကြည့်များဖြင့် ကြည့်လိုက်ကြသည် — ဒါ သူတို့ရဲ့ အိုင်ဒေါ၊ သူတို့ရဲ့ ကယ်တင်ရှင်ပဲ!
ကျိုးဝမ်ရှိူ့ : " ... " ရုတ်တရက်ကြီး သူ ဒီလူတွေကို နည်းနည်း အမြင်မကြည်တော့ဘူး။
ယန်ကျင်းဇီ : " ... " ဒီနေ့ တကယ် အရမ်းအဆင်ပြေတယ်… ဒါပေမယ့် တကယ်ပဲ ဒါတွေ မလိုအပ်ပါဘူး…
ယန်ကျင်းဇီသည် စားစရာကို ယူပြီး ဆက်ပြောသည်။ " မင်းတို့ ငါ့အတွက် အသီးအရွက်တချို့ ယူပြီး ပြန်လာပေးပါလား? ငါ ဟင်းချက်ချင်တယ်။ "
ယခင်က ဗိုက်မဆာသော်လည်း ယခုမူ တကယ် ဗိုက်ဆာလာသည်။
" ငါ အခုချက်ချင်း အသီးအရွက် သွားခူးလိုက်မယ်! " စွင်းမုန့်တက ဆိုသည်။ သူသည် အရိုအသေပေးပြီး အနီးအနားရှိ ဟင်းသီးဟင်းရွက်များကို သွားရောက်ရှာဖွေရန် လူအုပ်စုကြီးတစ်စုကို ချက်ချင်း ခေါ်ဆောင်သွားသည်။
တစ်ချိန်တည်းမှာပင်
သူသည် အနည်းငယ်လည်း မသက်မသာဖြစ်နေသည် – အစ်ကိုကြီးက ဟင်းချက်ချင်တာလား? ဘယ်လိုလုပ် အစ်ကိုကြီးလိုလူမျိုးက ဟင်းချက်နိုင်တာလဲ! သူတို့ရဲ့အဖွဲ့ထဲမှာ ဟင်းချက်နိုင်တာ ဘယ်သူရှိလဲ? အနာဂတ်မှာ သူတို့က အစ်ကိုကြီးအတွက် သီးသန့်ဟင်းချက်ပေးနိုင်တယ်!