🍵Chapter 366
မျက်တောင်တခတ်အတွင်းမှာဘဲ လဝက်ဟူသောအချိန်ကကုန်ဆုံးသွားသည်။
ကျန်းပိုင်ဟွေ့၏ဗိုက်က ငါးလရှိနေပြီဖြစ်ကာ ဗိုက်ထွက်နေပြီဖြစ်သည်။
ထိုနေ့တွင် သူမကသူမအိမ်နီးချင်းနှင့် ဟင်းရွက်ဈေးသို့ ဟင်းရွက်သွားဝယ်ကာ ချွေးသံတရွှဲရွှဲဖြင့်ပြန်လာခဲ့သည်။
သူမက အိမ်ပြန်ရောက်ရောက်ချင်းပင် ပန်ကာဖွင့်လိုက်ကာ မျက်နှာသွားသစ်ပြီးနောက် ရေခဲသေတ္တာထဲမှ ဖရဲသီးကို စားရန်ထုတ်လိုက်သည်။
လျန်ထျန်းယိက သာမာန်သုတေသီသာဖြစ်သော်လည်း သိပ္ပံသုတေသီများသည် လစာမနည်းဘဲ အကျိုးခံစားမှုများစွာလည်းရှိသည်။ထို့အပြင် သူမကဂျာမနီတွင်လေးနှစ်လုံးအလုပ်လုပ်ခဲ့သဖြင့် သူတို့နှစ်ယောက်က အလွန်သက်တောင့်သက်သာရှိသောဘဝတွင်နေရသည်ဟုဆိုနိုင်၏။
သို့သော် သူမတရုတ်သို့ပြန်လာပြီးချင်းမှာဘဲ သူမအိမ်အတွက် တီဗီနှင့်ရေခဲသေတ္တာတစ်လုံးဝယ်လိုက်သည်။ထို့အပြင် ပန်ကာနှင့်အခြားလျှပ်စစ်ပစ္စည်းများလည်းပါ၏။သူမမျက်နှာကိုအဖတ်ဆယ်ရန်အတွက် သူမ၏မိဘမိသားစုအတွက်ပါ ဝယ်ပေးလိုက်သည်။
ထို့ကြောင့် အခုချိန်တွင် သူမဆီ၌ စုငွေတပြားမှမကျန်တော့ပေ။
သူမက ဖရဲသီးတစ်စိတ်လှီးပြီးနောက် ဆိုဖာပေါ်တွင်ထိုင်ချကာ တီဗီဖွင့်ပြီး ချန်နယ်နှစ်ခုပြောင်းကြည့်လိုက်သည်။ ချန်နယ်တစ်ခုတွင် နိုင်ငံတော်ကောင်စီနှင့် ဗဟိုစစ်ကော်မရှင်က နိုင်ငံတော်ကိုထူးချွန်စွာအကျိုးပြုပေးခဲ့သည့် အရည်အချင်းရှိသူများကို ဆုပေးပွဲအားပြသနေ၏။
သူမကချန်နယ်ပြောင်းတော့မည့်အချိန်တွင် ဘေးအိမ်မှအိမ်နီးချင်း အစ်မဝမ်ကအထဲဝင်လာလေသည်။
“ဟဲ့ ရှောင်ကျန်း လိုင်းမပြောင်းလိုက်နဲ့၊ ဒါကကောင်းပါတယ် နိုင်ငံတော်ကဘယ်သူတွေကိုဆုပေးလဲဆိုတာကိုကြည့်ရအောင်”
ကျန်းပိုင်ဟွေ့က သူမရင်ထဲတွင်မျက်ဆံလှန်လိုက်မိသော်လည်း အပြင်ဘက်တွင်ပြုံးပြလိုက်သည်။
“ရေခဲသေတ္တာထဲမှာ ဖရဲသီးရှိသေးတယ် အစ်မဝမ်အတွက် ကျွန်မစိတ်ပေးမယ်”
အစ်မဝမ်ကမလိုပါဘူးဟုငြင်းသော်ငြား သူမပုံစံကတကယ်ငြင်းချင်သည့်ပုံပေါ်မနေပေ။
ကျန်းပိုင်ဟွေ့က သူမခါးကိုထောက်ကာ ဖရဲသီးနှစ်စိတ်သွားလှီးလိုက်သည်။ထို့နောက် အစ်မကတီဗီကြည့်ရင်းပြောလာသည်ကို ကြားလိုက်ရသည်။
“ရှောင်ကျန်း ကြည့်ပါဦး အဲ့ဒီမှာပါတဲ့လူတစ်ချို့က သိပ္ပံပညာရှင်တွေဆိုဘဲ၊ နင့်ယောက်ျားနဲ့အလုပ်တူတူဘဲမလား”
ကျန်းပိုင်ဟွေ့ မာနတကြီးရင်ဘတ်ကိုကော့ကာပြန်ပြော၏။
“ဟုတ်တာပေါ့ သူတို့ကထျန်းယိလိုသုတေသီတွေဘဲလေ၊ သူတို့ကထျန်းယိထက်စီနီယာကျတဲ့သူတွေပေါ့ သူတို့ထဲကတစ်ချို့က ဌာနအကြီးအကဲတွေလေ”
အစ်မဝမ်က ကျန်းပိုင်ဟွေ့ပေးလာသည် ဖရဲသီးကိုစားနေရင်း ပြန်ပြော၏။
“အဲ့ဒါဆို နောင်ကျရင် နင့်ယောက်ျားကလည်း နိုင်ငံတော်ကဆုပေးတာကိုခံရပြီး ဆုတံဆိပ်ရမယ့်အခွင့်အရေးရှိတာပေါ့နော် ဟုတ်လား”
ကျန်းပိုင်ဟွေ့က ဂုဏ်ယူနေ၏။
“ဒါပေါ့ ကျွန်မတို့ရဲ့ထျန်းယိက နိုင်ငံတော်ရဲ့ထောက်ပံ့မှုနဲ့နိုင်ငံခြားမှာ ပညာသွားသင်တာလေ၊ သူပြန်လာတော့ နိုင်ငံတော်ကသူ့အတွက် အလုပ်စီစဉ်ပေးထားပြီးသား၊ အကြီးအကဲတွေကသူ့ကိုအရမ်းတန်ဖိုးထားကြတာ သူဆုရဖို့ကအချိန်တစ်ခုဘဲလိုတာပါ၊အသက်အရွယ်ကြောင့်သာမရတာ ထျန်းယိကငယ်သေးတယ်လေ အစ်မလည်းကြည့်ပါဦး ဆုရတဲ့သူတွေက အသက်ကြီး.....”
သူမပြော၍မပြီးသေးခင်မှာဘဲ တီဗီထဲမှ အသံဩဇာနှင့်ပြည့်စုံသည့်စကားသံကို ကြားလိုက်ရသည်။
“......ဆယ်နှစ်ကျော်အောင် နိုင်ငံတော်အတွက်အကျိုးဆောင်ပေးခဲ့တာပါ၊ သူကဒုံးကျည်နဲ့ အာကာသယာဉ်နယ်ပယ်မှာ အထောက်အပံ့တွေအများကြီးလုပ်ခဲ့ပေးပါတယ်၊ နိုင်ငံတော်က သူ့ကိုအမျိုးသားအထောက်အကူပြုသုသေသီဂုဏ်ထူးနဲ့ ပထမအဆင့်အာဇာနည်ဆုတံဆိပ်ကိုချီးမြှင့်ဖို့ဆုံးဖြတ်လိုက်ပါတယ်၊ ကျေးဇူးပြုပြီး.....ကျွန်တော်တို့ရဲ့ ရဲဘော်ဝမ်ရူကွေ့ကိုစင်မြင့်ပေါ်သို့ဖိတ်ခေါ်လိုက်ပါတယ်”
ထိုစကားအဆုံးတွင် ဝမ်ရူကွေ့က အနက်ရောင်ကျုံးရှန်းအင်္ကျီကိုဝတ်ကာ စင်ပေါ်သို့တက်လာ၏။
သူ့ပုံစံကဖြောင့်မတ်နေကာ ခြေတံရှည်ရှည်နှင့်ခန့်ညားသောမျက်နှာရှိ၏။ သက်ကြီးပိုင်းအရွယ်ခေါင်းဆောင်များကြားတွင် သူ့ပုံစံကအလွန်ထင်းထွက်နေပေသည်။
အစ်မဝမ်ကတီဗီကိုလက်ညှိုးထိုးကာ အော်ပြောလာ၏။
“မဟုတ်သေးဘူးနော် ရှောင်ကျန်း၊ အဲ့လူငယ်လေးက ဘယ်လောက်တောင်ငယ်နေတာလဲဆိုတာကို နင်ကြည့်လိုက်ဦး သူ့ပုံစံကအသက်သုံးဆယ်တောင်မကျော်သေးတဲ့ပုံဘဲ ပထမအဆင့်အာဇာနည်ဆုတံဆိပ်ပေးခံလိုက်ရတာ၊ သူက နင့်ယောက်ျားနဲ့ရွယ်တူလောက်ဘဲလေ၊ သူလည်းသုတေသီဘဲ”
“နင်ဘဲခုနတုန်းက ဆုရဖို့ကိုအသက်ကြီးမှရမယ်လို့ပြောလိုက်တာမလား၊ အဲ့ဒီလူငယ်လေးက ဒီလိုအသက်ငယ်ငယ်လေးနဲ့ ဘယ်လိုဆုရသွားတာလဲ၊ ရှောင်ကျန်း နင်ငါပြောတာကို နားထောင်နေရဲ့လား ......”
ကျန်းပိုင်ဟွေ့က မျက်လုံးပြူးပြူးဖြင့်စိုက်ကြည့်နေ၏။တီဗီကိုကြည့်နေသည့် သူမျက်လုံးများက ပေါက်ထွက်လာတော့မတတ်ပင် ပြူးကျယ်နေ၏။
ဝမ်ရူကွေ့က အခုမှအသက်သုံးဆယ်အစောပိုင်းကာလလေးတွင်ဖြစ်သည်။အဲ့ဒါကို ဒီလောက်မြင့်တဲ့အာဇာနည်ဆု..ပေးခံလိုက်ရတာလား။
လျန်ထျန်းယိတစ်ယောက် သာမာန်သုတေသီရာထူးဘဲရသည်ကို သူမသိခဲ့စဉ်က အလွန်ဝမ်းနည်းခဲ့ရသည်။သို့သော်ဝမ်ရူကွေ့က ဌာနတွင်ဆယ်နှစ်ကျော်အောင်အလုပ်လုပ်ခဲ့သော်ငြား သာမာန်သုတေသီတစ်ဦးသာဖြစ်နေသည်ကို တွေးမိသွားသောအခါ နည်းနည်းခံစားရသက်သာသွားသည်။
လျန်ထျန်းယိကငယ်သေးကာ ၎င်းက သူ၏အကြီးဆုံးအားသာချက်ဖြစ်သည်။သူအလုပ်တွင်အာရုံစိုက်ထားသရွေ့ သူ့အရည်အချင်းနှင့်ဆို သေချာပေါက်ရာထူးတိုးခံရမည်ဖြစ်ကာ အနာဂတ်တွင်သူ၏အောင်မြင်မှုများက သေချာပေါက် ဝမ်ရူကွေ့ကိုကျော်နိုင်လိမ့်မည်။
သို့သော်အခုချိန်တွင် အမှန်တရားက သူမမျက်နှာကိုဖြတ်ရိုက်လာလေသည်။
၎င်းက သူမမျက်လုံးများထဲတွင်ကြယ်များဝေသွားစေကာ သူမမျက်နှာက ပူလောင်ပြီးနာကျင်လှသည်။
အကျိုးပြုမှုကြီးကြီးမားမားလုပ်ထားသောသူများသာ ထိုသို့ဆုမျိုးချီးမြှင့်ခံရခြင်းဖြစ်သည်။အခုချိန်တွင် ဝမ်ရူကွေ့ကထိုသို့သောအမြင့်တစ်နေရာကိုရောက်သွားရာ လျန်ထျန်းယိကအမှီလိုက်နိုင်ဦးမှာလား။
အစ်မဝမ်က ကျန်းပိုင်ဟွေ့ကိုအကြိမ်အနည်းငယ်လှမ်းခေါ်သော်လည်း သူမကပြန်မဖြေပေ။ အစ်မဝမ်က ထလာကာ ကျန်းပိုင်ဟွေ့လက်မောင်းကို ဆွဲဆိတ်လိုက်သည်။ကျန်းပိုင်ဟွေ့က နာသွားသောကြောင့် ထအော်ပြီး သတိပြန်ဝင်လာသည်။
“ရှောင်ကျန်း နင်အဆင်ပြေရဲ့လား နင့်ကိုခေါ်နေတာကြာပြီ ပြန်မထူးလို့၊ နင့်မျက်နှာက ဘာလို့ရုတ်တရက်ကြီး အဲ့လောက်တောင်ရှူံ့မဲ့လာတာလဲ”
ကျန်းပိုင်ဟွေ့က ထစ်အထစ်အဖြင့်ပြောလိုက်သည်။
“ကျွန်မ.....ကျွန်မနည်းနည်းနေရခက်နေလို့ပါ အခန်းပြန်ပြီးလှဲချင်လာလို့ အစ်မကိုအဖော်မပြုပေးနိုင်တော့ဘူးနော်”
အစ်မဝမ်က လျင်မြန်စွာလက်ခါပြလိုက်သည်။
“ဘာမှမဖြစ်ပါဘူး နင်နေရတာအဆင်မပြေရင် မြန်မြန်သွားလှဲလိုက်လေ”
အစ်မဝမ်ပြန်သွားပြီးနောက် ကျန်းပိုင်ဟွေ့က တံခါးပြန်ပိတ်ကာ ဖုန်းဆီလျှောက်လာပြီး သူမရင်ထဲတွင်အလွတ်ရနေသည့်ဖုန်းနံပါတ်ကိုခေါ်လိုက်သည်။
ဖုန်းဝင်သွားပြီးနောက် တစ်ဖက်ကဖုန်းကိုင်သည့်အသံထွက်လာ၏။
“ဟယ်လို ထုံရွှယ်လူပါ ၊ ဘာကိစ္စရှိလို့ပါလဲ”
ဖုန်းကိုင်ထားသည့် ကျန်းပိုင်ဟွေ့၏လက်များက တင်းခနဲဖြစ်သွားသည်။
“ရွှယ်လူ ငါပါပိုင်ဟွေ့”
ထုံရွှယ်လူက ခနလောက်အံ့ဩသွားသည်။
“ပိုင်ဟွေ့လား မတွေ့ရတာကြာပြီနော် နင်ဘယ်လိုနေလဲ”
ကျန်းပိုင်ဟွေ့:“ ကောင်းပါတယ်၊ အရင်တုန်းက မနက်ခင်းနေမကောင်းတာဖြစ်လို့ နင့်ကိုလာမတွေ့တော့တာ”
ထုံရွှယ်လူက သူမညည်းညူနေသည်ကို နားမလည်ချင်ယောင်ဆောင်လိုက်သည်။
“ကိုယ်ဝန်ဆောင်တာကအဲ့လိုဘဲ၊ အစပိုင်းလတွေက မနက်ခင်းနေမကောင်းတာမျိုးဖြစ်တတ်တယ်၊ တဖြေးဖြေးနဲ့သက်သာသွားမှာပါ၊ ငါလည်းဒီလပိုင်းအတွင်း အလုပ်တွေနဲ့လုံးပမ်းနေရတာ၊ တရားစွဲရတာရယ်၊ ကလေးတွေနဲ့အိမ်ကလူကြီးတွေကိုစောင့်ရှောက်ပေးရတာနဲ့ ဝိတ်တောင်နည်းနည်းကျသွားတယ်”
ကျန်းပိုင်ဟွေ့က ခနလောက်အသံတိတ်သွားသည်။
“တကယ်တော့ နင့်မိသားစုကအရမ်းချမ်းသာပြီး နင့်ကုမ္ပဏီကလည်းပိုက်ဆံအများကြီးဝင်တယ်လေ နင်အရမ်းကြိုးစားနေစရာမလိုပါဘူး”
ထုံရွှယ်လူက မျက်လုံးဖွင့်ရက်နှင့် လိမ်ပြောလိုက်သည်။
“ဘယ်နားကများ ပိုက်ဆံရှိလို့လဲဟယ်၊ ဒီအတိုင်းနေဖို့စားဖို့ ဖူလုံလောက်ရုံပါဘဲ”
ကျန်းပိုင်ဟွေ့က နှုတ်ခမ်းမဲ့လိုက်သည်။
“ဒါနဲ့ ပါမောက္ခဝမ်ဂုဏ်ထူးဆောင်ဆုနဲ့ အာဇာနည်တံဆိပ်ရတာကို ငါတီဗီမှာမြင်လိုက်တယ်၊ ဂုဏ်ယူပါတယ်နော်”
“ကျေးဇူးပါ”
“ပါမောက္ခဝမ်က အသက်ငယ်ငယ်နဲ့ဒီလိုအောင်မြင်မှုမျိုးကိုရအောင်လုပ်နိုင်ခဲ့တာ တကယ်ကိုမနာလိုစရာဘဲ ဒါနဲ့နင်တို့တွေဘယ်လိုအောင်ပွဲခံကြမှာလဲ”
ထုံရွှယ်လူက ခနတန့်သွားသည်။
“ငါတို့က မနက်ဖြန်ကျရင် စားသောက်ဆိုင်မှာဂုဏ်ပြုပွဲလုပ်မလို့၊ ဒါပေမယ့်ခမ်းခမ်းနားနားကြီးတော့မဟုတ်ဘူး ဆွေမျိုးနဲ့သူငယ်ချင်းတွေလောက်နဲ့ဘဲ လုပ်ဖြစ်မှာ”
သူမက ကျန်းပိုင်ဟွေ့ကိုဖိတ်ရန်မစီစဉ်ထားပေ။ ကျန်းပိုင်ဟွေ့၏ယှဉ်ပြိုင်လိုစိတ်က အနည်းငယ်ပြင်းထန်၏။အရင်တစ်ခါက ဝမ်ရူကွေ့က လျန်ထျန်းယိအကြောင်းပြောပြသည်ကိုကြားထားသဖြင့် ကျန်းပိုင်ဟွေ့လာပါက နေရအဆင်မပြေဖြစ်နေမည်ကိုစိုးရိမ်မိသည်။
သို့သော်ကျန်းပိုင်ဟွေ့ဘက်မှ ဖုန်းစဆက်လာပြီဖြစ်သောကြောင့် သူမအနေဖြင့်ဖုန်းကွယ်ထား၍မရတော့ပေ။
ကျန်းပိုင်ဟွေ့က သူမရင်ထဲတွင်ခံစားရခက်လာပြီး စိတ်ထိခိုက်စွာပြောလိုက်သည်။
“ငါသာဖုန်းမခေါ်ရင် နင်ငါ့ကိုဖိတ်ဖို့မစီစဉ်ထားဘူးမလား”
ထုံရွှယ်လူကပြုံးကာပြန်ပြောသည်။
“ဘယ်ဟုတ်မှာလဲဟယ်၊ ငါကအစတုန်းက ကျွင်းလိကိုမနက်ဖြန်ကျမှနင့်ဆီကိုတိုက်ရိုက်သွားခိုင်းပြီး နင့်အိမ်မှာလာကြိုခိုင်းမလို့စဉ်းစားထားတာ၊ နင်ကအလျင်စလိုကြီးငါ့ကိုဖုန်းခေါ်လာမယ်လို့မထင်ထားဘူး”
ကျန်းပိုင်ဟွေ့က မျက်ဆံလှန်လိုက်ကာ ထုံရွှယ်လူပြောသည်များကိုလုံးဝမယုံပေ။
သို့သော်ဘာမှမပြောလိုက်ပေ။ထုံရွှယ်လူက သူမကိုညစာစားပွဲလုပ်မည့်အချိန်ပြောပြလာရာ ကျန်းပိုင်ဟွေ့ကလာခဲ့မည်ဟုပြန်ပြောလိုက်သည်။
နောက်တစ်နေ့တွင်။
စားသောက်ဆိုင်၏သီးသန့်ခန်းကို မီးသီးများ၊အရောင်စုံအပြင်အဆင်များဖြင့် ဆင်ယင်ထားကာ အထဲတွင်အလွန်သက်ဝင်လှုပ်ရှားနေ၏။
ကျန်းပိုင်ဟွေ့ရောက်လာသောအခါ ယောက်ျားနှစ်ယောက်က ဝမ်ရူကွေ့ပုခုံးကိုဖက်ပြီး ပြုံးကာဂုဏ်ပြုပေးနေသည်ကိုမြင်လိုက်ရသည်။
“ရူကွေ့ရေ ငါဖြင့်မင်းကိုအရမ်းအားကျတာဘဲ၊ ငါကနိုင်ငံတော်ကဆုပေးတာခံရဖို့ကို အမြဲအိပ်မက်မက်နေခဲ့တာ၊ ငါအသက်ငါးဆယ်လောက်ရောက်ရင် မင်းအခုအရည်အချင်းရဲ့တစ်ဝက်လောက်ငါ့မှာရှိဖို့မျှော်လင့်မိတယ်”
“ရူကွေ့ရဲ့ဘဝက အရမ်းကိုပြီးပြည့်စုံလိုက်တာ၊ငါဘယ်သူ့ကိုမှာ မနာလိုမဖြစ်ဖူးဘူး၊ ဒီနေ့တော့ ရူကွေ့ကိုမနာလိုဖြစ်မိတယ်ကွာ”
ဝမ်ရူကွေ့၏မျက်နှာကဖြူလျော်နေပြီး သူ့နှုတ်ခမ်းပါးများက တစ်တန်းထဲစေ့နေ၏။မျက်နှာကျက်မှအလင်းရောင်က သူ့အပေါ်ကျနေကာ သူ့မျက်နှာအစိတ်အပိုင်းများကို ပိုပြီးပေါ်လွင်လာစေပြီး ခန့်ညားနေ၏။
ကျန်းပိုင်ဟွေ့သည် ဝမ်ရူကွေ့ကခန့်ညားသည်ကိုသိသော်လည်း ထိုလူသည်အစကတည်းက ထုံရွှယ်လူ၏ယောက်ျားဖြစ်သောကြောင့် သူမကတစ်ခါမှစိတ်မလှုပ်ရှားခဲ့ပေ။
သို့သော်အခုချိန်တွင် သူမကမနေနိုင်ဘဲ ဝမ်ရူကွေ့ကို လျန်ထျန်းယိနှင့်ယှဉ်ကြည့်မိသွားသည်။
နောက်ခံကောင်းသည့်မိသားစုရှိသည်၊ အရည်အချင်းရှိပြီး၊ ဂရုစိုက်တတ်ကာ နူးညံ့၏။လျန်ထျန်းယိက လုံးဝမယှဉ်နိုင်ဘဲ ဗွက်ထဲမှာနင်းချေခံလိုက်ရသည်။
၎င်းက သူမနှလုံးသားကို ပုရွတ်ဆိတ်များအကိုက်ခံသလိုပင်ခံစားရကာ သူမဗိုက်ကအဆင်မပြေဖြစ်လာသည်။
ထုံရွှယ်လူက အပြင်မှဝင်လာသောအခါ ကျန်းပိုင်ဟွေ့က ဝမ်ရူကွေ့ကိုကြည့်နေသည်ကိုမြင်သွား၏။
သူမကမျက်ခုံးပင့်ကာ ကျန်းပိုင်ဟွေ့ပုခုံးကိုပုတ်လိုက်သည်။
“ပိုင်ဟွေ့ နင်ရောက်လာပြီလား”
ကျန်းပိုင်ဟွေ့က လန့်သွားကာ သူမတစ်ကိုယ်လုံးတုန်သွားသည်။
“ရွှယ်လူ နင်ကအပြင်မှာလား ငါအခုဘဲရောက်လို့ နင့်ကိုလိုက်ရှာနေတာ”
ထုံရွှယ်လူက သူမကိုတစ်ချက်ကြည့်ကာ ခုနကမြင်ကွင်းအကြောင်းပြန်မပြောလိုက်ပေ။
“အင်း လုပ်စရာလေးရှိလို့သွားဖြေရှင်းတာ၊ နင်ကကိုယ်ဝန်ဆောင်ထားရတာလေ၊ မတ်တပ်ရပ်မနေနဲ့ လာထိုင်”
ကျန်းပိုင်ဟွေ့က စိတ်မအေးစွာ ထုံရွှယ်လူကိုစောင့်ကြည့်လိုက်သည်။ထုံရွှယ်လူက ခုနတုန်းကသူမ၏အပြုအမူအားသတိမပြုမိသည်ကို သေချာသွားမှ သက်ပြင်းချနိုင်တော့သည်။
ခနကြာပြီးနောက် လူတိုင်းကရောက်လာကြသည်။
နေရာတွင်ထိုင်ပြီးသောအခါ လူတိုင်းကဝမ်ရူကွေ့ကိုဂုဏ်ပြုရန်အတွက် ခွက်များကိုမြှောက်လိုက်ကြသည်။
“ရဲဘော်ဝမ်အတွက် ဂုဏ်ယူပါတယ်”
“ရဲဘော်ဝမ်မဟုတ်တော့ဘူး၊ လက်ထောက်ခေါင်းဆောင်ဝမ်ဖြစ်သွားပြီ”
ဖန်ကျင်းယွမ်ကပြုံးကာ လူတိုင်းကိုအမှန်ပြင်ပေးလာ၏။
ကျန်းပိုင်ဟွေ့က ထိုစကားကိုကြားသောအခါ တုန်လှုပ်သွားပြန်သည်။
“လက်ထောက်ခေါင်းဆောင်ဟုတ်လား ဘယ်လိုဖြစ်သွားတာလဲ”
ဖန်ကျင်းယွမ်ကသူမကိုရှင်းပြလိုက်သည်။
“ရဲဘော်ဝမ်က ပြီးခဲ့တဲ့လဝက်လောက်ကရာထူးတိုးခံလိုက်ရတာ၊ အခုဆိုသူကပထမသုတေသီအဖွဲ့အစည်းရဲ့လက်ထောက်ခေါင်းဆောင်ဖြစ်နေပြီ ရဲဘော်ဝမ်က တကယ်ကိုအသက်ငယ်ငယ်နဲ့အရည်အချင်းရှိလိုက်တာ သူ့လိုလူမျိုးရှိပါ့မလားလို့ငါတို့ပြောနေကြတာ”
ကျန်းပိုင်ဟွေ့: "..."
ဝမ်ရူကွေ့က နှိမ့်ချစွာဖြင့် လူတိုင်းကိုဧည့်ခံကာ မာနကြီးသည့်အရိပ်အယောင်မျိုး၊ ဘဝင်မြင့်တာမျိုးကိုမတွေ့ရပေ။သူကအမြဲလိုပင် လူကြီးလူကောင်းဆန်စွာပြုမူ၏။
ကျန်းပိုင်ဟွေ့က ဝမ်ရူကွေ့ကိုကြည့်လိုက်ကာ သူမခံစားချက်များကရှုပ်ထွေးလာသည်။
စားပွဲအောက်ရှိသူမလက်များကို တင်းတင်းဆုပ်လိုက်မိရာ လက်သည်းများက လက်ဝါးထဲစိုက်ဝင်သွား၏။
သူမကပြုံးလိုက်ကာ ရုတ်တရက်ဝင်ပြောလိုက်သည်။
“မိန်းမတစ်ယောက်ရဲ့အကြီးမားဆုံးအောင်မြင်မှုက ယောက်ျားကောင်းတစ်ယောက်ကိုလက်ထပ်နိုင်ဖို့ဘဲ၊ ကျွန်မအနေနဲ့ဆို မနာလိုစရာအကောင်းဆုံးက ရွှယ်လူဘဲ သူမကပါမောက္ခဝမ်ရဲ့နှလုံးသားကိုစောစောကတည်းက ဖမ်းယူထားတာ၊ အခုဆို ရွှယ်လူကထိုင်ပြီး ကံကောင်းမှုတွေကိုပျော်မွှေ့နေရုံဘဲ”
ထိုစကားများထွက်လာသောအခါ အခန်းထဲ၌တိတ်ဆိတ်သွားသည်။
ထုံရွှယ်လူကမျက်မှောင်ကြုတ်လိုက်ကာ ဒါကဘယ်လိုပေါက်ကရတွေလဲဟုတွေးလိုက်မိသည်။
ချင်မင်းဆက်ကျဆုံးသွားတာဖြင့် နှစ်တွေအများကြီးရှိနေပြီကို၊ လူမှုအသိုင်းအဝိုင်းသစ်က ဘွဲ့ရပညာတတ်အမျိုးသမီးတစ်ယောက်အနေနဲ့ ဒီလိုစကားမျိုးတွေကိုပြောထွက်တယ်လား။
၎င်းက သူမကို တကယ်အံ့ဩသွားစေ၏။
ဖန်ကျင်းယွမ်နှင့် ထုံရွှယ်လူကအချင်းချင်းအကြည့်ဖလှယ်ကာ နေရခက်မှုကိုချိုးဖျက်လိုက်ကြသည်။
“ငါကတော့နင်ပြောတာကိုသဘောမတူဘူး ငါတို့ရဲ့ရွှယ်လူက အရည်အချင်းရှိတယ်၊ သူမရဲ့အောင်မြင်မှုက ရဲဘော်ဝမ်ကိုလက်ထပ်တာလေးတင်မဟုတ်ဘူး ရွှယ်လူကကိုယ်ပိုင်ကုမ္ပဏီကိုထောင်ခဲ့ပြီး အခုဆိုထိပ်တန်းကုမ္ပဏီဖြစ်နေပြီလေ ငါကတော့ ရွှယ်လူကိုလက်ထပ်လိုက်နိုင်တာကဘဲ ရဲဘော်ဝမ်ရဲ့အကြီးမားဆုံးကံကောင်းမှုလို့မြင်တယ်”
ဝမ်ရူကွေ့က ထုံရွှယ်လူကိုကြည့်ကာ သူ့နှုတ်ခမ်းများက အနည်းငယ်ကွေးတက်လာသည်။
“ဟုတ်ပါတယ် ရွှယ်လူကိုလက်ထပ်နိုင်တာက ကျွန်တော့်ရဲ့အကြီးမားဆုံးကံကောင်းမှုပါဘဲ”