အပိုင်း၃၆၇
Viewers 67k

🍵Chapter 367



“ဟုတ်ပါတယ် ရွှယ်လူကိုလက်ထပ်နိုင်တာက ကျွန်တော့်ရဲ့အကြီးမားဆုံးကံကောင်းမှုပါဘဲ”


လူတိုင်းက ထိုစကားကိုကြားသောအခါ အားပေးအား‌ေမြှာက်လုပ်ပြီး ဝမ်ရူကွေ့ကို ထုံရွှယ်လူအားနမ်းခိုင်းလာကြသည်။


ဝမ်ရူကွေ့၏နားရွက်များက နီရဲနေကာ ထုံရွှယ်လူလက်ကိုဆွဲပြီး လက်ဖမိုးကိုဖွဖွလေးထိလာသည်။သူ့အပြုအမူများ နူးညံ့မှု၊ညင်သာမှုများအပြည့်ဖြစ်နေပေသည်။


ဩဘာပေးသံများက ပို၍ကျယ်လောင်လာသည်။


ကျိုးရန်ကလည်း လေချွန်နေရာ လူငယ်တစ်ယောက်လိုပင်ဖြစ်သည်။အဖေတစ်ယောက်နှင့်လုံးဝမတူတော့ပေ။


ကျန်းပိုင်ဟွေ့က သူတို့နှင့်မျက်နှာချင်းဆိုင်တွင်ထိုင်နေ၏။ သူမနေရာမှကြည့်လျှင် ထုံရွှယ်လူတို့နှစ်ယောက် အချစ်များအပြည့်ဖြင့် အချင်းချင်းစိုက်ကြည့်နေကြသည်ကိုမြင်နေရသည်။


သူမက လူအများအာရုံစိုက်သည်ကို ရသင့်သောသူဖြစ်သည်။သူမကသာ လက်ထောက်ခေါင်းဆောင်၏ဇနီးဖြစ်သင့်သောသူ၊ သူမကသာ လူတိုင်းချီးကျူးသင့်သောသူဖြစ်သည်။အခုတွင်မူ ထိုအရာများအားလုံးက ထုံရွှယ်လူအတွက်ဖြစ်နေ၏။


ဒီနေရာတွင်ဘယ်သူကမှလျန်ထျန်းယိအကြောင်းမပြောပေ။သူကသာမာန်သုတေသီလေးတစ်ယောက်သာဖြစ်သောကြောင့်ဖြစ်သည်။


ဤသို့တွေးမိလိုက်သောအခါ ကျန်းပိုင်ဟွေ့၏ရင်ထဲတွင် ပုရွက်ဆိတ်အကိုက်ခံလိုက်ရသလိုခံစားနေရကာ အလွန်အဆင်မပြေဖြစ်လွန်းသဖြင့် တစ်ခုခုကိုရိုက်ခွဲချင်လာသည်။


လူတိုင်းက ကျန်းပိုင်ဟွေ့ခုနကလိုဆက်ပြောလာမည်ကို စိုးရိမ်နေကြ၏။ ကံကောင်းထောက်မစွာဖြင့် နောက်ပိုင်းတွင် သူမကမသင့်တော်သည်များကိုပြောမလာတော့ပေ။


လူတိုင်းက စိတ်အေးသွားကာ သက်ပြင်းချလိုက်သည်။


ကျန်းပိုင်ဟွေ့ကကိုယ်ဝန်သည်အမျိုးသမီးဖြစ်နေသောကြောင့် သူမထိုသို့ပြောလာလျှင်တောင် ဘယ်သူကမှသူမကို ရိုက်လား၊ဆူလား သွားလုပ်၍မရပေ။


ကျန်းတန့်ဟုန်က ကျန်းပိုင်ဟွေ့ကိုယ်ဝန်ဆောင်ထားရသည်ကိုမြင်သောအခါ သူမဘက်မှအရင်ကျန်းပိုင်ဟွေ့ကိုဂရုစိုက်ပေးလိုက်သည်။


ထိုနေ့ညတွင် လူတိုင်းကရူးသွပ်သွားကြသည်။


ညစာစားပြီးနောက်တွင် ဂိမ်းများထပ်ကစားလာကြကာ ကျိုးရန်နှင့်ဖူကျန်းယိက သူတို့ကိုသောက်ရန်အားပေးအားမြှောက်ပြုလာကြသည်။


အဆုံးတွင် လူအများအပြားကမူးသွားကာ ထုံရွှယ်လူလည်းအပါအဝင်ဖြစ်သည်။


ဝိုင်နှစ်ခွက်လောက်ဝင်သွားပြီးနောက်တွင် သူမမျက်လုံးများဝေဝါးလာပြီး ပါးများကလည်းပါးနီလိမ်းထားသလိုနီရဲနေ၏။ 


သူမက ရုတ်တရက်မျက်မှောင်ကြုတ်ကာ နှုတ်ခမ်းစေ့လိုက်မိသည်။


ဝမ်ရူကွေ့က သူမအမူအရာကိုသတိထားမိကာ အသံတိုးတိုးဖြင့်မေးလာ၏။

“ဘာဖြစ်လို့လဲ တစ်နေရာရာက မသက်မသာဖြစ်နေလို့လား”


သူ့ကိုအရက်သောက်ရန်ဖိအားပေးစဉ်က သူမအတွက်ပါကူသောက်ပေးချင်သော်လည်း ဟွမ်ချီမင်ကဖမ်းမိသွားရာ ဘာမှမတတ်နိုင်တော့ပေ။


ဤယောက်ျားများသည် သူတို့လက်ထပ်ခဲ့စဉ်က မနှောင့်ယှက်ခဲ့ရသဖြင့် ဒီနေ့တွင်အတိုးချနှောင့်ယှက်နေကြသည်။


ထုံရွှယ်လူကခေါင်းခါပြလိုက်သည်။

“ဘာမှမဖြစ်ပါဘူး ကျွန်မသန့်စင်ခန်းသွားလိုက်ဦးမယ်”


သူမထရပ်လိုက်သောအခါ သူမကိုယ်ကယိုင်သွားလေသည်။


ဝမ်ရူကွေ့က သူမခါးမှထိန်းပေးလာသည်။

“ကိုယ်မင်းကိုလိုက်ပေးမယ်လေ” 


ထုံရွှယ်လူကခေါင်းထပ်ခါလိုက်ကာ ခေါင်းခါလွန်းသဖြင့် သူမရှေ့မှအရာအားလုံးလှုပ်နေသည်ဟု ခံစားမိသွားသည်။

“မလို မလိုပါဘူး ကျွန်မဘာသာသွားနိုင်တယ်”


သူတို့နှစ်ယောက်အတူတူပျောက်သွားပါက ဒီယောက်ျားလေးများသည် သေချာပေါက်ထပ်ပြီးစနောက်လာဦးမှာဖြစ်သည်။


ဤအချိန်တွင် ရှောင်ယန်းယန်ကခြေထောက်တိုတိုလေးများဖြင့် အပြေးလာပြီး တိုင်ပြောလာ၏။


“ဖေဖေ မမကမကောင်းဘူး အချိုရည်တွေကိုအများကြီးခိုးသောက်ထားတယ်”


ဝမ်ရူကွေ့ကမျက်မှောင်ကြုတ်လိုက်သည်။

“သားရဲ့အဘိုးက မတားဘူးလား”


ယန်းယန်ကနှုတ်ခမ်းစူကာပြောပြလာ၏။

“အဘိုးက ဘာစည်းကမ်းမှမရှိဘူး၊ မမကချစ်စရာကောင်းအောင်လုပ်ပြလိုက်တာနဲ့ ပေးသောက်လိုက်တယ်”


သူလည်းသောက်ချင်၏။သို့သော် သူ့အမေကို မုန့်နှင့်အချိုရည်အများကြီးမသောက်ရန် ကတိပေးထားပေသည်။သူက လိမ္မာသောကလေးဖြစ်သည်။ ဒီနေ့တွင်သူနည်းနည်းဘဲသောက်ထား၏။


ထုံရွှယ်လူက သူ့ကိုတွန်းထုတ်လိုက်သည်။

“မြန်မြန်လေး ယန်းယန်နဲ့လိုက်သွားလိုက်ပါဦး ရန်ရန်ကိုအများကြီးမသောက်စေနဲ့ မဟုတ်ရင်ညကျရှူးပေါက်ချမိလိမ့်မယ်”


ထို့အပြင် အချိုရည်အများကြီးသောက်ခြင်းက ကလေးကျန်းမာရေးအတွက်မကောင်းပေ။


ဝမ်ရူကွေ့က တစ်ချက်ကြည့်လိုက်ပြီးမှ ရှောင်ယန်းယန်၏လက်ကိုဆွဲကာ လိုက်သွားလိုက်သည်။


ထုံရွှယ်လူက ဒေါက်ဖိနပ်စီးထားကာ ဒယိမ်းဒယိုင်နှင့် သန့်စင်ခန်းဆီသို့သွားလိုက်သည်။


သန့်စင်ခန်းကနီးသော်လည်း ဒီနေ့တွင်အလွန်ဝေးနေသလိုပင်။ သန့်စင်ခန်းသို့ရောက်ရန် သူမပုံမှန်သွားနေကျထက် အချိန်နှစ်ဆယူလိုက်ရသည်။


သန့်စင်ခန့်အပေါက်ဝသို့ရောက်သောအခါ အထဲမှထွက်လာသော ကျိုးရန်ကိုဝင်တိုက်လုနီးပါးဖြစ်သွား၏။


ကျိုးရန်က သူမထက်တောင်ပိုမူးနေသေးသည်။သူ့မျက်လုံးများကိုမှေးထားကာ မျက်နှာက ကွမ်ကုန်းထက်တောင်နီရဲနေ၏။ သန့်စင်ခန်းကို မလဲကျဘဲ အရောက်လာနိုင်တာကတင် သူ့အတွက်တကယ်ခက်ခဲနေပြီဖြစ်သည်။


ကျိုးရန်က သူမမျက်နှာကိုအနီးကပ်ကြည့်ကာ အကြာကြီးနေမှ မှတ်မိသွားသည်။

“ရဲဘော်ထုံပါလား မင်းဒီကိုဘာဖြစ်လို့ရောက်လာတာလဲ”


သူ့တစ်ကိုယ်လုံးယိမ်းယိုင်နေသည်ကိုမြင်လိုက်ရသောအခါ ထုံရွှယ်လူကခေါင်းပိုမူးသွားသည်။

“ကျွန်မသန့်စင်ခန်းသွားမလို့”


ကျိုးရန် ကြို့ထိုးလာကာ ရုတ်တရက်အော်ရယ်လိုက်လေသည်။

“မင်းနေရာမှားပြီးလာမိနေပြီ အမျိုးသမီးသန့်စင်ခန်းကဟိုဘက်မှာလေ”


ထုံရွှယ်လူက ထိုစကားကိုကြားလိုက်ရသောအခါ အံ့ဩသွားပြီး နောက်လှည့်ကြည့်လိုက်သည်။ သန့်စင်ခန်းတံခါးပေါ်မှ အမှတ်အသားကိုလှမ်းကြည့်တော့မည့်အချိန်တွင် ဒေါက်ဖိနပ်ကြောင့် ခြေထောက်ခေါက်သွား၏။


သူမကကြမ်းပြင်ပေါ်လဲကျသွားကာ တစ်လောကလုံးက ချာချာလည်နေသလိုခံစားနေရ၏။


ကျိုးရန်က သူမလဲကျသည်ကိုမြင်သောအခါ လာမကူပေးရုံသာမက အော်ပါအော်ရယ်နေ၏။

“ရဲဘော်ထုံ မင်းကကလေးလည်းမဟုတ်တော့ဘူးလေ ဘယ်နေရာမဆိုရှူးပေါက်ချလိုက်လို့မရဘူး”


ထုံရွှယ်လူက နှုတ်ခမ်းမဲ့လိုက်ကာ ကြမ်းပြင်ပေါ်မှကုန်းထလာပြီး မျက်လုံးထဲတွင်ကြယ်များအပြည့်မြင်နေရင်းဖြင့် တစ်ဖက်သန့်စင်ခန်းဆီသွားလိုက်သည်။


ကျိုးရန်ကထွက်မသွားဘဲ ဆက်ပြောနေ၏။

“ဟုတ်တာပေါ့ ‌ရှူးပေါက်ဖို့သန့်စင်ခန်းကိုသွားသင့်တယ်၊ ကံကောင်းလို့ကျွန်တော်နဲ့ဆုံသွားတာ၊ မဟုတ်ရင် ရဲဘော်ထုံတော့ သန့်စင်ခန်းမှားဝင်မိတော့မှာဘဲ”


ထုံရွှယ်လူက သူ့ကိုလျစ်လျူရှုကာ ဒယိမ်းဒယိုင်ဖြင့် အမြန်ထွက်သွားသည်။


လက်ဖက်စိမ်းစားသောက်ဆိုင်၏သန့်စင်ခန်းများကို နိုင်ငံအတွင်းတွင်အကောင်းဆုံးဟုမပြောနိုင်သော်လည်း ပေကျင်းမြို့ထဲတွင်အတော်လေးနာမည်ကြီးကာ စားသောက်ဆိုင်ထက်တောင် ပိုလူသိများသည်။


သန့်စင်ခန်းကြမ်းပြင်ကို စကျင်ကျောက်များခင်းထားကာ အလွန်သန့်ရှင်းပြီး တောက်ပလွန်းသဖြင့် မှန်ကြည့်လို့တောင်ရသည်။ အထဲဝင်လာသောအခါ အနံ့ဆိုးများမရဘဲ ဘေးတွင်ချိတ်ထားသည့် သေတ္တာလေးထဲမှ စန္ဒကူးနံ့သင်းသင်းလေးကိုသာရလိမ့်မည်။


သန့်စင်ခန်းထဲတွင်ဘယ်သူမှမရှိသဖြင့် ထုံရွှယ်လူက ပထမဆုံးအခန်းထဲဝင်ကာ သူမကိစ္စကိုဖြေရှင်းလိုက်သည်။


ခနလောက်ကြာပြီးနောက် သူမကထရပ်လိုက်ကာ ပြန်ထွက်တော့မည့်အချိန်တွင် ရုတ်တရက်အပြင်မှယောက်ျားနှစ်ယောက်၏အသံကိုကြားလိုက်ရသည်။


“လက်ဖက်စိမ်းစားသောက်ဆိုင်ရဲ့နားနေခန်းက တကယ်ကိုနာမည်ကြီးထိုက်ပါတယ်၊ လုံးဝကိုအနံ့ဆိုးမရှိဘူး”


“ဟုတ်တာပေါ့ ဒီသန့်စင်ခန်းအတွက်ကြောင့်သာ ဘယ်‌လောက်ဘဲဈေးကြီးနေပါစေ ဒီကိုလာဖို့ဆန္ဒရှိတာ”


အခန်းငယ်ထဲမှ ထုံရွှယ်လူ:? ?


မိန်းကလေးသန့်စင်ခန်းလေ ဘာလို့ယောက်ျားသံတွေကြားနေရတာလဲ။


သူမကစိတ်ထင်နေတာဖြစ်မည်ဟု တွေးလိုက်သည်။ထို့ကြောင့်ခေါင်းရမ်းလိုက်သည့်အချိန်တွင် အပြင်ဘက်မှအမျိုးသားရှူးပေါက်သံကိုကြားလိုက်ရလေသည်။


ထိုအသံကအလွန်ရှင်းလင်းနေကာ ထုံရွှယ်လူစိတ်ထင်နေတာမဟုတ်ကြောင်း သတိပေးနေ၏။


"..."

သူမ သန့်စင်ခန်းမှားဝင်မိသွားတာလား။


ကျိုးရန်စုတ် ခွေးကတောင်သူ့ထက်သာဦးမယ်။


အစက သူမသည် တစ်ဖက်သန့်စင်ခန်းကိုသွားချင်သော်လည်း ကျိုးရန်က သူမကိုသန့်စင်ခန်းမှားနေသည်ကိုပြောသဖြင့် ဒီဘက်ကိုရောက်လာခဲ့ခြင်းဖြစ်သည်။


သူကိုယ်တိုင်ကျ မိန်းကလေးသန့်စင်ခန်းကိုဝင်ပြီး သူမကိုလှည့်စားသွားတာဘဲ၊ ငါနော် တကယ်ဘဲသူ့ကိုရိုက်ချင်လိုက်တာ။


ထိုယောက်ျားနှစ်ယောက်ထွက်သွားပြီးမှ ထုံရွှယ်လူကသက်ပြင်းချနိုင်ပြီး အပြင်ကိုဂရုတစိုက်ခိုးထွက်ရန် တံခါးကိုအသာတွန်းလိုက်သည်။


ထိုအချိန်တွင် အပြင်ဘက်မှခြေသံတစ်တွဲကြီးကိုကြားလိုက်ရ၏။အသံများအရဆိုလျှင် လူတစ်အုပ်လိုက်ကြီးဖြစ်လောက်သည်။


ထုံရွှယ်လူ: "..."


သူမထင်သလိုပင် ယောက်ျားတစ်အုပ်စုလိုက်ကြီးလက်ချင်းချိတ်ကာ သန့်စင်ခန်းထဲသို့ဝင်လာကြလေသည်။ သူတို့ထဲမှ တစ်ယောက်၊နှစ်ယောက်လောက်ကမူးနေကာ ထုံရွှယ်လူဝင်နေသည့်အိမ်သာအခန်းကို ဆက်တိုက်လာခေါက်နေကြသည်။


“ရဲဘော် မင်းအဆင်ပြေရဲ့လား မင်းအထဲမှာတော်တော်ကြာနေပြီ ဝမ်းချုပ်တာလား”


“ဟားဟားဟား ငါကတော့သူချီးတွင်းထဲကျသွားပြီလို့ ထင်နေတာ”


ထုံရွှယ်လူ: "..."


ကျိုး-ခွေးလောက်တောင်အသုံးမကျတဲ့-ရန်။


ထုံရွှယ်လူဘဝတွင် တစ်ခါမှ အခုလောက်အရှက်မရခဲ့ဖူးပေ။


ဒါတွေအားလုံးက အဲ့ဒီကောင်ကျိုးရန်ကြောင့်ဘဲ။


အခက်ခဲဆုံးအပိုင်းက မလာသေးပေ။


သန့်စင်ခန်း၏အသုံးအဆောင်မျိုးစုံကို ကောင်းကောင်းလုပ်ထားသော်လည်း လူအများကြီးဝင်လာသောအခါ အနံ့ကရုတ်တရက်ပင် အလွန်ပြင်းထန်လာသည်။


ထုံရွှယ်လူက နှာခေါင်းပိတ်လိုက်ကာ ငိုချမိတော့မည်ဖြစ်သည်။


သုံးမိနစ်ကျော်သွားသည်။


ငါးမိနစ်ကျော်သွားသည်။


တံခါးဆက်တိုက်ခေါက်နေသော အမျိုးသား တကယ်ဝမ်းချုပ်နေသည့်ပုံပင်။သူက သူမဘေးအခန်းတွင်အကြာကြီးထိုင်နေရုံသာမက မနှစ်မြို့ဖွယ်အနံ့ကြီးကိုလည်းထုတ်လွှတ်လာပြီး အချိန်နှင့်အမျှ သူ့ဆီမှအသံမျိုးစုံထွက်နေ၏။

 

၎င်းက အလွန်ဒေါသထွက်စရာပင်။


ထုံရွှယ်လူက ဘာဘဲဖြစ်ဖြစ်ဆိုပြီး အပြင်ပြေးထွက်ချင်မိလာသည်။သို့သော် စားသောက်ဆိုင်၏ပိုင်ရှင်အနေဖြင့် သူမသာ ကမူးကရူးထိုးထွက်သွားပါက အနာဂတ်တွင် သူမ၏ဂုဏ်သတင်းတွင် ဤသန့်စင်ခန်းအကြောင်းကကပ်ပါနေတော့မည်ဖြစ်သည်။


ဝမ်ရူကွေ့က သူ့သမီးကိုချော့မော့ကာ အိမ်ပြန်ရောက်လျှင် အိပ်ရာဝင်ပုံပြင်ပြောပြမည်ဟု ကတိပေးလိုက်မှ ရှောင်ရန်ရန်က အသောက်ရပ်သွားသည်။


သူ့သမီးကိုထိန်းပြီးနောက် သီးသန့်ခန်းထဲသို့ပြန်ဝင်လာသောအခါ ထုံရွှယ်လူကိုမတွေ့ရပေ။


သူကအပြင်မှာသွားရှာဖို့ လှည့်ထွက်လိုက်သောအခါ သူ့နောက်တွင်ရပ်နေသောကျန်းပိုင်ဟွေ့ကို ဝင်တိုက်လုနီးပါးဖြစ်သွားသည်။


ဝမ်ရူကွေ့က မျက်မှောင်ကြုတ်လိုက်သည်။

“ရဲဘော်ကျန်း မင်းအဆင်ပြေရဲ့လား”


ကျန်းပိုင်ဟွေ့ကပြုံးကာ ခေါင်းခါပြလိုက်သည်။

“ကျွန်မဘာမှမဖြစ်ပါဘူး ပါမောက္ခဝမ်က ရွှယ်လူကိုရှာနေတာလား ခုနတုန်းကသူသန့်စင်ခန်းသွားတာတော့မြင်လိုက်တယ် အခုထိပြန်မလာသေးဘူး၊ ကျွန်မလည်းသူ့ကိုစိတ်ပူလာလို့ အခုဘဲသွားရှာတော့မလို့ ပါမောက္ခဝမ်လည်း ရွှယ်လူကိုလိုက်ရှာနေတာမလား ကျွန်မတို့အတူတူသွားကြမလား”


ဝမ်ရူကွေ့က သူမပြုံးနေသည်ကို တစ်ချက်သာလှမ်းကြည့်လိုက်သည်။

“ရပါတယ် ကျွန်တော့်ဘာသာသွားရှာလို့ရတယ်၊ ရဲဘော်ကျန်းကဧည့်သည်လေ ပြီးတော့ကိုယ်ဝန်လွယ်ထားရတာ အဲ့ဒါကြောင့်ဒီမှာဘဲ နားနားနေနေ နေပါ”


ထိုသို့ပြောပြီးနောက် ဝမ်ရူကွေ့က ကျန်းပိုင်ဟွေ့ပြန်ပြောသည်ကိုမစောင့်တော့ဘဲ သီးသန့်ခန်းထဲမှထွက်သွားလေသည်။


ကျန်းပိုင်ဟွေ့က ဝမ်ရူကွေ့၏ရှည်လျားဖြောင့်မတ်နေသောနောက်ကျောကိုကြည့်ကာ သူမ၏အောက်နှုတ်ခမ်းကိုဖိကိုက်လိုက်မိသည်။


ထိုမြင်ကွင်းက ဖန်ကျင်းယွမ်မျက်လုံးထဲဝင်လာရာ မျက်မှောင်ကြုတ်လိုက်လေသည်။


ရှောင်ချန်ဖျင်က အိပ်ပျော်နေသောသူ့သမီးကိုချီထားကာ သူမကိုကြည့်လိုက်သည်။

“မင်းဘာကိုကြည့်နေတာလဲ”


ဖန်ကျင်းယွမ်ကခေါင်းခါပြလိုက်သည်။

“ဘာမှမကြည့်ပါဘူး ရှောင်ထန်ထန်ကအိပ်ပျော်နေပြီ၊ ရွှယ်လူပြန်လာရင် သူ့ကိုနှုတ်ဆက်ပြီးပြန်ကြမယ်”


ရှောင်ချန်ဖျင်ကခေါင်းညိတ်လိုက်က သူ့သမီးကျွတ်ကျသွားသည့် ဖိနပ်ကိုကောက်ကာ သူ့အိတ်ကပ်ထဲထည့်လိုက်သည်။


သူ့လှုပ်ရှားမှုများက အလွန်သဘာဝကျနေကာ မကြာခနလုပ်လေ့ရှိကြောင်းဖော်ပြနေ၏။


ဝမ်ရူကွေ့က သန့်စင်ခန်းဆီဦးတည်လိုက်သည်။သို့သော် သူမရောက်သေးခင်မှာဘဲ ကျိုးရန်ကကော်ရစ်ဒါပေါ်တွင် မျက်နှာနီနီနှင့်မျက်စိပိတ်ပြီးထိုင်နေသည်ကို တွေ့လိုက်ရကာ အိပ်ပျော်နေတာလား၊ မေ့ဘဲမေ့သွားတာလားမသိရပေ။


ဝမ်ရူကွေ့က အံ့ဩသွားကာ သူ့ဆီလျှောက်လာပြီး တွန်းနိုးလိုက်သည်။

“ကျိုးရန် မင်းအဆင်ပြေရဲ့လား”


အကြိမ်အနည်းငယ်လောက်တွန်းနှိုးလိုက်ပြီးမှ ကျိုးရန်ကမျက်စိပွင့်လာသည်။ ဝမ်ရူကွေ့ကိုမြင်သောအခါ သူကချက်ချင်းတိုင်တန်းလာ၏။

“ရူကွေ့ အခုခေတ်မိန်းမတွေကဘာလို့အရမ်းကြမ်းတမ်းကြတာလဲ ငါကသန့်စင်ခန်းသုံးချင်ရုံလေးပါ အဲ့ဒါကိုသူက ပေးမဝင်တဲ့အပြင်ငါ့ကိုတောင်လူရမ်းကားဆိုပြီး ပါးရိုက်လိုက်သေးတယ်”


ဝမ်ရူကွေ့က သူပြောသည်ကိုနားထောင်ပြီးသည်နှင့် သန့်စင်ခန်းမှားဝင်တာဖြစ်နိုင်ကြောင်း‌ခန့်မှန်းမိသွားသည်။သို့သော်အခုချိန်တွင် သူက သူ့မိန်းမဘယ်ရောက်နေလဲဆိုတာကိုသာ ဂရုစိုက်သည်။


“မင်း ရွှယ်လူကိုတွေ့မိသေးလား”



ကျိုးရန်ကနှာခေါင်းကုတ်ကာ အမျိုးသားသန့်စင်ခန်းဘက်ကိုလက်ညှိုးထိုးပြလိုက်သည်။


“ရဲဘော်ထုံက အဲ့ထဲဝင်သွားတယ်၊ သူက ‌အမျိုးသားသန့်စင်ခန်းထဲဝင်တော့မလို့ တော်သေးတာပေါ့ ငါသူ့ကိုတားလိုက်တာ” 


ဝမ်ရူကွေ့: "..."


သူကစားပွဲထိုးတစ်ယောက်ကိုလှမ်းခေါ်လိုက်ကာ ကျိုးရန်ကိုသီးသန့်ခန်းထဲပြန်ပို့ခိုင်းလိုက်ပြီးနောက် အမျိုးသားသန့်စင်ခန်းစီလျှောက်သွားသည်။


သူအထဲဝင်တော့မည့်အချိန်တွင် အရက်မူးနေသည့်ယောက်ျားတစ်ယောက်က အထဲမှထွက်လာ၏။


ထိုလူက ဝမ်ရူကွေ့အထဲဝင်မည်ကိုမြင်သောအခါ ကြင်နာစွာဖြင့်သတိလှမ်းပေးသည်။

“ရဲဘော် ပထမဆုံးအခန်းကိုတံခါးသွားမခေါက်နဲ့၊ အထဲကရဲဘော်က ဝမ်းချုပ်နေတာဖြစ်မယ် နာရီဝက်လောက်ကြာသွားတာတောင်ထွက်မလာသေးဘူး၊ သူကငါ့ထက်‌တောင်ဆိုးသေးတယ်..”


ဝမ်ရူကွေ့: "..."


ထုံရွှယ်လူက အကြာ‌ကြီးထိုင်နေရ၍ ခြေထောက်ကျဉ်နေပြီဖြစ်သည်။


ထုံရွှယ်လူက ဆက်ပြီးသည်းမခံတော့ရန်ဆုံးဖြတ်ချက်ချလိုက်သည်။ အရှက်ကွဲလည်းကွဲပစေတော့။ မြန်မြန်ပြေးထွက်သွားရင် သူမမျက်နှာကိုကာနိုင်လောက်မှာပါ။


သို့သော် သူမဆုံးဖြတ်ချက်ချလိုက်သည့်အချိန်မှာဘဲ တံခါးခေါက်သံထွက်လာ၏။


ထုံရွှယ်လူက လန့်သွားသည်။ 

::ရဲဘော်ရေ ငါဝမ်းချုပ်နေတယ်လို့ပြောပြီးသားလေ၊ ဘာလို့တံခါးလာခေါက်နေတာလဲ။


ထုံရွှယ်လူ၏ဆုံးဖြတ်ချက်က ပြန်ပျောက်ကွယ်သွားသည်။


သန့်စင်ခန်းထဲတွင်ခနလောက်တိတ်ဆိတ်သွားပြီးနောက် အပြင်ဘက်မှနွေးထွေးသည့် အသံဩဩထွက်လာ၏။

“ကိုယ်ပါ”


ထိုအသံကိုကြားလိုက်ရသောအခါ ထုံရွှယ်လူက ‌စိတ်လှုပ်ရှားလွန်း၍ မျက်ရည်ပါဝဲလာသည်။

“ရူကွေ့ ရှင်လား”


ဝမ်ရူကွေ့ :“ကိုယ်ပါ မြန်မြန်ထွက်လာတော့ အခုအပြင်မှာဘယ်သူမှမရှိဘူး”


ထုံရွှယ်လူက တံခါးဖွင့်လိုက်ကာ ထော့နဲ့ထော့နဲ့ဖြင့်ထွက်လာ၏။


ဝမ်ရူကွေ့က သူမဒေါက်ဖိနပ်များကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

“ခြေထောက်ခေါက်သွားတာလား”


ထုံရွှယ်လူက ရှက်ရှက်ဖြင့်ခေါင်းခါပြလိုက်သည်။

“မဟုတ်ဘူး အကြာကြီးထိုင်နေရလို့ ခြေထောက်ကျဉ်နေတာ”


ဝမ်ရူကွေ့: "..."


ထုံရွှယ်လူဆက်မပြောနိုင်သေးခင်မှာဘဲ ဝမ်ရူကွေ့ကသူမကိုပွေ့ချီလိုက်သည်။


ထုံရွှယ်လူက အံ့ဩသွားကာ အသံတစ်ချက်ထွက်သွားပြီး ဝမ်ရူကွေ့၏လည်ပင်းကိုဖက်လိုက်ကာ သူမမျက်နှာကို သူ့ရင်ခွင်ထဲတွင်ဖွက်ထားလိုက်သည်။


ရှက်လွန်းလို့ ဘယ်သူနဲ့မှမတွေ့ချင်တော့ဘူး။


ဝမ်ရူကွေ့သာ အနားတွင်လူမရှင်းထားပေးပါက သူမက ဘယ်သူနဲ့မှမဆုံဘဲ အပြင်ကိုထွက်သွားနိုင်မည်မဟုတ်ပေ။