အပိုင်း၃၆၈
Viewers 67k

🍵Chapter 368



ဝမ်ရူကွေ့က သူမကိုသီးသန့်ခန်းထဲပြန်မခေါ်သွားဘဲ စားသောက်ဆိုင်ထဲမှ သူမရုံးခန်းဆီခေါ်သွားသည်။


ရုံးခန်းထဲသို့ရောက်သောအခါ သူမကိုဆိုဖာပေါ်တွင်ချပေးလာပြီး သူမခြေထောက်ကိုနှိပ်ပေးလာသည်။

“ကျဉ်နေတုန်းဘဲလား”


ထုံရွှယ်လူက နူးညံ့စွာညည်းညူလိုက်သည်။

“အရမ်းကျဉ်တာဘဲ မညှစ်နဲ့လေ”


သို့သော်ဝမ်ရူကွေ့က သူမပြောသည်ကိုနားမထောင်ပေ။သူ၏လက်ချောင်းရှည်များက သူမခြေသလုံးကိုနှိပ်ပေးကာ ခပ်ဖွဖွရိုက်‌ေပးနေ၏။


ထိုသို့အနှိပ်ခံလိုက်ရသောအခါ သူမခြေထောက်က

ကျဉ်လည်းကျဉ်သလို နေရလည်းသက်သာလာသည်။


ခနကြာပြီးနောက် သူမကသက်သာသွားသည်။


ဝမ်ရူကွေ့က သူမခြေထောက်ကိုလွှတ်ပေးလိုက်‌ကာ မဲ့ရှုံ့နေသောမျက်နှာလေးကို ဖျစ်ညှစ်လိုက်သည်။

“ဘာလို့ယောက်ျားလေးသန့်စင်ခန်းထဲဝင်သွားတာလဲ”


ထုံရွှယ်လူက ထိုကိစ္စကိုပြန်တွေးမိသွားသောအခါ ဒေါသထွက်သွားသည်။

“အဲ့ဒါက ဟိုလူယုတ်မာကျိုးရန်ကြောင့်ဘဲ”


သူမကပြောရင်းနှင့် မျက်ဖြူလှန်လိုက်မိသည်။ထို့နောက်သူမကရှေ့ကိုကိုင်းလာပြီး ဝမ်ရူကွေ့၏နှုတ်ခမ်းပါးများနမ်းကာ တီးတိုးဆိုလာ၏။

“ဒီကိစ္စကို ရှင်နဲ့ကျွန်မဘဲသိထားမယ်နော် ဟုတ်ပြီလား”


သူမ၏ကိုယ်သင်းနံ့က သူ့နှာခေါင်းဆီဝေ့တက်လာကာ မွှေးကြိုင်ပြီး ဆွဲဆောင်မှုရှိလှသည်။


ဝမ်ရူကွေ့က သူမကိုနက်နက်ရှိုင်းရှိုင်းစိုက်ကြည့်လာသည်။

“မိန်းမက ကိုယ့်ယောက်ျားကို လာဘ်ထိုးဖို့ကြိုးစားနေတာလား”


ထုံရွှယ်လူက သူ့ကိုမျက်စိမှိတ်ပြလာသည်။

“ယောက်ျားက လာဘ်ထိုးတာကိုလက်မခံဘူးလား”


“လက်ခံပါတယ်၊ ဒါပေမယ့် ဒီလာဘ်ထိုးတာက နည်းတယ်လို့ကိုယ်ထင်တယ်၊ မိန်းမရောဘယ်လိုထင်လဲ”


ထိုသို့ပြောနေချိန်တွင် သူ့မျက်နှာကလေးနက်နေကာ တွေးခေါ်တတ်သောပါမောက္ခဟုမထင်ရပေ။


အခြားသူများသာ ဤစကားများကိုကြားသွားပါက အံ့ဩလွန်းသဖြင့် မေးကြီးတောင်ပြုတ်ကျသွားနိုင်သည်။


ထုံရွှယ်လူက သူ့နားရွက်နီနီများကိုကြည့်ကာ ပြုံးလိုက်ပြီး စကားလုံးတစ်ချို့ကိုသူ့နားကပ်ပြောလိုက်သည်။ထို့နောက် ဝမ်ရူကွေ့၏နားရွက်များက နီသထက်ပိုနီလာသည်ကိုမြင်လိုက်ရသောအခါ သူမကမထိန်းနိုင်တော့ဘဲ သူ့ရင်ခွင်ထဲတွင်တခစ်ခစ်ရယ်လိုက်တော့သည်။


ဝမ်ရူကွေ့၏နားရွက်များက ပိုလို့တောင်နီရဲသွားသည်။


ဝမ်ရူကွေ့က သူမခါးကိုဖက်ကာ အသံတိုးတိုးဖြင့်ပြောလိုက်သည်။

“အဲ့ဒါဆိုအပေးအယူဖြစ်ပြီ၊ ကိုယ်မင်းအတွက်လျှို့ဝှက်ထားဖို့ ကတိပေးတယ်”


ဝမ်ရူကွေ့ကိုဒီပုံစံမြင်လိုက်ရသောအခါ ထုံရွှယ်လူကထပ်ရယ်လိုက်သည်။


သီးသန့်ခန်းထဲတွင်လူအများကစောင့်နေသဖြင့် သူတို့ကရုံးခန်းထဲတွင်အကြာကြီးမနေ‌လိုက်ပေ။


ထုံရွှယ်လူက ထကာ မျက်နှာသွားသစ်လိုက်ပြီးနောက် နှစ်ယောက်အတူတူသီးသန့်ခန်းဆီပြန်သွားလိုက်သည်။


တံခါးဖွင့်ဖွင့်ချင်းမှာဘဲ သူမက ကျန်းပိုင်ဟွေ့ထိုင်နေသည့်နေရာကို အလိုလိုကြည့်မိသွားရာ နှစ်ယောက်သားအကြည့်ဆုံသွားသည်။


ဖန်ကျင်းယွမ်က သူမပြန်လာသည်ကိုမြင်သောအခါ ချက်ချင်းထပြောလိုက်သည်။

“နင်ပြန်လာပြီလား၊ နင်ပြန်မလာရင် ငါရဲခေါ်တော့မလို့ နောက်ကျနေပြီဆိုတော့ ငါတို့လည်းပြန်သင့်နေပြီ”


ထုံရွှယ်လူက အကြည့်လွှဲကာ အားနားစိတ်ဖြင့်ပြောပြလာသည်။

“ငါခြေထောက်ခေါက်သွားလို့ပါ၊ နင်တို့မြန်မြန်ပြန်သင့်နေပြီ ကလေးတွေက ဒီအချိန်အိပ်ကြတာလေ”


ဖန်ကျင်းယွမ်က ဘာမှထပ်မပြောတော့ဘဲ သူ့သမီးကိုချီထားသည့်ရှောင်ချန်ဖျင်နှင့်အတူ အိမ်ပြန်သွားသည်။


ဖန်ကျင်းယွမ်ပြန်သွားပြီးနောက်တွင် အခြားသူများကလည်း တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်လာကြသည်။


ဝမ်၊ရှောင်းမိသားစုနှစ်စုနှင့် ကျန်းပိုင်ဟွေ့တို့သာ ကျန်ခဲ့လေသည်။


ထုံရွှယ်လူက ကျန်းပိုင်ဟွေ့ဆီသွားလိုက်သည်။

“အခုကနောက်ကျနေပြီ နင့်ဘာသာပြန်ဖို့ကို ငါတို့စိတ်မချဘူး၊ ခနလောက်စောင့်ပေး ငါမန်နေဂျာကျန်းကို အိမ်ပြန်ပို့ခိုင်းလိုက်မယ်”


ကျန်းပိုင်ဟွေ့က ဝမ်ရူကွေ့ကိုမျက်လုံးထောင့်မှခိုးကြည့်လိုက်သည်။

“ငါ့ဝမ်းကွဲက အလုပ်မများနေလောက်ဘူးလား၊ သူအလုပ်များနေရင် ငါ့ဘာသာပြန်လိုက်လို့ရပါတယ်”


သူမအိမ်က ထုံရွှယ်လူတို့နှင့် တစ်ဖက်တည်းတွင်ရှိ၏။ သူတို့လိုက်ပို့ပေး၍ရသလို ဝမ်ရူကွေ့ကိုလိုက်ပို့ခိုင်းလို့လည်းရပေသည်။ဘာလို့ကျန်းကျွင်းလိကိုခေါ်ပြီး ‌လိုက်ပို့ခိုင်းနေမှာလဲ။


ထုံရွှယ်လူက အသာပြုံးလိုက်သည်။

“ဘယ်လောက်ဘဲအလုပ်များနေပါစေ နင့်လောက်အရေးမကြီးပါဘူး၊ မန်နေဂျာကျန်းကိုလိုက်ပို့ခိုင်းမှ ငါတို့လည်းစိတ်ချရမှာ”


ထို့နောက် သူမက ဝမ်ရူကွေ့ဘက်လှည့်ကာ ကျန်းကျွင်းလိကိုခေါ်ရန်ပြောလိုက်သည်။


ကျန်းပိုင်ဟွေ့က အနည်းငယ်အဆင်မပြေဖြစ်သွားသော်လည်း ငြင်းစရာအကြောင်းရှိမနေပေ။ ကျန်းကျွင်းလိက သူမကိုအိမ်ပြန်ပို့ပေးခဲ့သည်။


လူတိုင်းပြန်သွားသောအခါ ထုံရွှယ်လူတို့လည်း ပြန်ရန်လုပ်လိုက်သည်။


ရှောင်ရန်ရန်က သူ့အဖေကိုအိပ်ရာဝင်ပုံပြင်ပြောပြခိုင်းရန်အတွက် ကပ်တွယ်ထားသော်လည်း အိမ်ပြန်မရောက်ခင်မှာပင် အိပ်ပျော်သွားကာ ဟောက်တောက်ဟောက်နေပြီဖြစ်သည်။ 


သူမကမျက်နှာနီနီလေးဖြင့်အိပ်ပျော်နေကာ မျက်တောင်ရှည်များက ယပ်တောင်လေးနှစ်ခုလိုပင် ပိတ်ထားပြီး အိပ်ပျော်နေသောကြောင်လေးကဲ့သို့ညည်းနေရာ အလွန်ချစ်စရာကောင်းလှသည်။


ရှောင်ယန်းယန်ကလည်း အိပ်ပျော်နေပြီဖြစ်ကာအရသာရှိသည်ကို အိပ်မက်မက်နေ၏။ သူ့နှုတ်ခမ်းနီနီလေးများက စားစရာဝါးသလိုတပြွတ်ပြွတ်လုပ်နေရာ ထုံရွှယ်လူက မထိန်းနိုင်ဘဲ သူ့နှာခေါင်းလေးကို ဖျစ်ညှစ်လိုက်သည်။


ကောင်ငယ်လေးက သူ့အိပ်မက်ကိုနှောင့်ယှက်ခံလိုက်ရသဖြင့် မျက်မှောင်ကြုတ်သွားသော်လည်း မနိုးလာပေ။ သူက ထုံရွှယ်လူပေါ်တွင်မှီကာ ပြန်အိပ်ပျော်သွားသည်။


အဖိုးဝမ်က ဒီနေ့တွင်အရမ်းပျော်သဖြင့် ဝိုင်ခွက်တစ်ဝက်လောက်သောက်ခဲ့ပေသည်။ အိမ်သို့ပြန်ရောက်ရောက်ချင်းပင် ဦးလေးဇုန်းက အဖိုးဝမ်အိပ်ရန် သူ့အခန်းထဲသို့လိုက်ပို့လိုက်သည်။


အစ်မချန်က အမြွှာလေးနှစ်ယောက် အသက်သုံးနှစ်ရောက်သည်အထိ စောင့်ရှောက်ပေးခဲ့သည်။ထို့နောက်တွင် သူမသားက ပေကျင်းတွင်အိမ်ငှားလိုက်နိုင်သဖြင့် ဝမ်မိသားစုတွင်ဆက်မနေဖြစ်တော့ပေ။


သူမ နေ့ဘက်တွင်သာ သန့်ရှင်းရေးနှင့် အဝတ်လျှော်သည်များကို လာလုပ်ပေး၏။ထို့ကြောင့် ဒီနှစ်မှစ၍ အမြွှာနှစ်ယောက်က ထုံရွှယ်လူတို့လင်မယားနှင့်အတူ တစ်ခန်းထဲအိပ်ရလေသည်။


သူတို့အခန်းက တော်တော်ကြီးကာ သူတို့ဘေးမှအခန်းငယ်တွင် အမြွှာနှစ်ယောက်အိပ်ရန်အတွက် ကုတင်လေးနှစ်လုံးကိုထည့်ပေးထားသည်။


ထုံရွှယ်လူက ရေချိုးပြီးထွက်လာသောအခါ ဝမ်ရူကွေ့က အိပ်ရာပေါ်တွင်ထိုင်ကာ စာအုပ်ဖတ်နေ၏။


သူမ ထွက်လာသည်ကိုမြင်သောအခါ ဝမ်ရူကွေ့ကစာအုပ်ပိတ်ပြီး စားပွဲပေါ်တွင်တင်လိုက်သည်။

“မိန်းမ မင်းနေ့တစ်နေ့ရွေးမယ်ဆိုရင် ဒီနေ့ကအကောင်းဆုံးဘဲ ၊ မင်းရဲ့ယောက်ျားအနေနဲ့ မင်းကတိပေးထားတာကို အခုဘဲဖြည့်ဆည်းစေချင်တယ်”


ရုံးခန်းထဲတွင် ထုံရွှယ်လူက အခြားလူများကိုမပြောပြရန် သူ့ကိုလာဘ်ထိုးခဲ့၏။ထို့ကြောင့် ဒီနေ့တွင်သူက အညှီအဟောက်ပုံများအတိုင်း လုပ်ကြည့်ချင်သည်ဟု ပြောခဲ့ပေသည်။


ပါမောက္ခဝမ်က ဒီလောက်တောင်စိတ်မရှည်ဖြစ်နေသည်ဟု သူမ မထင်ထားမိရာ ရယ်ချင်သွားသည်။


ထုံရွှယ်လူက ဘာမှမပြောသောအခါ ဝမ်ရူကွေ့က အိပ်ရာပေါ်မှဆင်းပြီး သူမကိုဖက်လာသည်။

“မိန်းမ မင်းကိုယ့်ကိုလိမ်နေတာတော့မဟုတ်ပါဘူးနော်”


ထုံရွှယ်လူက ခေါင်းမော့ကာ သူ့မေးစေ့ကိုကိုက်လိုက်သည်။

“ပါမောက္ခဝမ် ရှင်ပြောင်းလဲသွားပြီ”


သူတို့လက်ထပ်ပြီးနောက်တွင် သူမက တစ်ခါတစ်ရံ၌  role playလုပ်လေ့ရှိသည်။သူမ၏လမ်းပြမှုအောက်တွင် ပါမောက္ခဝမ်က ရှက်သေးသော်လည်း အရင်ကနှင့်မတူတော့ပေ။


ဝမ်ရူကွေ့က သူမကိုက်လိုက်သဖြင့်ယားသွားကာ သူ့နှလုံးသားထဲကလည်းယားယံလာသည်။ သူကသူမကိုအိပ်ရာပေါ်သို့ချီသွားလိုက်သည်။ သူက သူမဆီတိုးလာကာ----


ထိုအချိန်မှာဘဲ ရုတ်တရက်ဆိုသလို အခန်းငယ်ထဲမှ ဝါးခနဲအော်ငိုသံထွက်လာလေသည်။


ထုံရွှယ်လူက စိတ်လှုပ်ရှားသွားကာ ဝမ်ရူကွေ့ကိုတွန်းပြီးပြေးထွက်လာ၏။ သူမက ရှောင်ယန်းယန်တစ်ယောက် အိပ်ရာပေါ်တွင်ထိုင်ကာ မျက်နှာရဲလာသည်ငိုနေသည်ကို တွေ့လိုက်ရသည်။


ထုံရွှယ်လူက စိတ်ဆင်းရဲသွားသည်။

“ယန်းယန် သားဘာဖြစ်တာလဲ အိပ်မက်ဆိုးမက်လို့လား”


ရှောင်ယန်းယန်တစ်ယောက် သူ့အမေရောက်လာသည်ကိုမြင်သောအခါ စောင်ထဲဒိုင်ဗင်ထိုးသွားပြီး ဖင်ဖောင်းဖောင်းလေးကိုသာဖော်ထား၏။


ထုံရွှယ်လူ သေချာကြည့်လိုက်သောအခါ သူ့တင်ပါးတွင်စိုနေပြီး သူမငုံ့ကြည့်လိုက်ရာ အိပ်ရာခင်းပေါ်တွင် မြေပုံတစ်ခုဆွဲထားသလိုစိုရွှဲနေပြီဖြစ်သည်။


ကောင်းရော။


အိပ်ရာထဲမှာရှူးပေါက်ချပြီးမှ သူများမြင်မှာကိုရှက်လို့ အော်ငိုတယ်တဲ့လား။


ထုံရွှယ်လူက အနားသွားကာ သူမသား၏တင်ပါးကိုပုတ်လိုက်သည်။

“ယန်းယန် အမေ့ကိုပြောပြ သားအချိုရည်တွေခိုးသောက်ထားလား”


အမြွှာနှစ်ယောက်သည် အသက်နှစ်နှစ်အရွယ်ကတည်းက သေးခံခံပေးစရာမလိုတော့ပေ။ အိပ်ရာမဝင်ခင် ရေများများသောက်ထားသည့်အခါမှလွဲ၍ တစ်ရေးနိုးလာသည်မှာရှား၏။


ရှောင်ယန်းယန်က စောင်ထဲတွင်မျက်နှာဖွက်ထားပြီးကိုယ်လုံးလေးကတုန်နေကာ စောင်အောက်မှမပီမပြင်ပြောပြလာသည်။

“မေမေ ယန်းယန်မှားသွားပါတယ် သားအချိုရည်တွေခိုးမသောက်လိုက်သင့်ဘူး”



ဖြစ်ပုံမှာ ရှောင်ယန်းယန်ကသူ့ညီမအကြောင်းလာတိုင်ပြီးနောက်တွင် ဝမ်ရူကွေ့ကသူ့သမီးကိုဆက်မသောက်ရန် ချော့နိုင်သွားသဖြင့် အချိုရည်များကျန်နေကာ ဘယ်သူမှမသောက်ကြပေ။

 

ရှောင်ယန်းယန်က နှမြောသဖြင့် ဘယ်သူမှအာရုံမစိုက်ချိန်တွင် အချိုရည်ပုလင်းတစ်ဝက်လောက်ကိုအကုန်သောက်လိုက်သည်။


ထို့ကြောင့်အိပ်ပျော်သွားပြီးနောက်တွင် ရှူးပေါက်ချမိခြင်းဖြစ်သည်။


ထုံရွှယ်လူက ရယ်ဘဲရယ်ရမလို၊ငိုဘဲငိုရမလိုဖြစ်သွားကာ ဝမ်ရူကွေ့က ဘောင်းဘီနှင့်အိပ်ရာခင်းအသစ်များကိုသွားယူခိုင်းလိုက်သည်။ထို့နောက်ကောင်လေးအားဘောင်းဘီလဲပေးလိုက်ကာ ဤအကြောင်းကိုဘယ်သူ့ကိုမှမပြောပါဘူးဟု ကတိပေးလိုက်သည်။

 

ပြစ်ဒဏ်အနေဖြင့် ထုံရွှယ်လူက ရှောင်ယန်းယန်၏နောက်လဝက်အတွက်သရေစာများကို လျှော့လိုက်သည်။


ရှောင်ယန်းယန်က စိတ်ထိခိုက်လွန်းသဖြင့် နှုတ်ခမ်းမဲ့နေကာ အလွန်ခံစားနေရပါသည်ဟူသော ပုံစံဖြစ်နေ၏။


ရှောင်ယန်းယန်ပြန်အိပ်ပျော်သွားသောအခါ သူတို့နှစ်ယောက်လည်းချွေးရွှဲနေကြသည်။ထုံရွှယ်လူ အဲယားကွန်းရှိသည့် အချိန်ကိုပြန်သတိရသွားမိသည်။


သူမက ရေထပ်ချိုးလိုက်ပြီး ပြန်ထွက်လာသောအခါနောက်ကျနေပြီဖြစ်သဖြင့် ခုနကလောက်စိတ်အားမထက်သန်တော့ပေ။


ဝမ်ရူကွေ့က မီးပိတ်ပြီးနောက် သူမခါးသွယ်သွယ်လေးကိုဖက်လိုက်ကာ ကလေးနှစ်ယောက်ကို အခန်းခွဲသိပ်မည့်အကြောင်းတွေးနေ၏။


သုံးနှစ်အရွယ်ကလေးဆိုတာ တော်တော်လေးကြီးနေပါပြီ၊အခန်းခွဲအိပ်ခိုင်းလို့ရပြီ။


ဤသို့ဖြင့် ဝမ်ရူကွေ့ကပျော်ရွှင်စွာ ဆုံးဖြတ်ချက်ချလိုက်သည်။


**

ဝမ်ရူကွေ့က သူ့မိသားစုအတွက်ကားတစ်စီးရနိုင်ရန် သူ၏စူးစမ်းလေ့လာမှုများကို အမှီပြုချင်ခဲ့သည်။


ယခုအချိန်တွင် ပြည်ပနိုင်ငံများက လုံခြုံရေးတင်းကြပ်ကာ တရုတ်ကိုအမြဲဖိနှိပ်နေကြသဖြင့် ပြည်တွင်းသုတေသီများသည် လက်တွေ့ကျသည့် စစ်တပ်သုံးလက်နက်များ တီထွင်ရေးတွင်သာ အားစိုက်ထားကြသည်။


ထို့ကြောင့် နိုင်ငံတော်က စစ်လက်နက်နယ်ပယ်တွင် တိုးတက်မှုမြန်ဆန်သော်လည်း ပြည်ပနိုင်ငံများ၏အသိအမှတ်ပြုမှုကိုရရှိရန်ခက်ခဲနေ၏။ နိုဘယ်ဆုရန်မှာ ပိုလို့တောင်ခက်ခဲပေသည်။


ဝမ်ရူကွေ့၏ ရူပနယ်ပယ်တွင် နိုဘယ်ဆုယူကာ ကားတစ်စီးရချင်သည့် ဆန္ဒကကျရှူံးသွားလေသည်။သို့သော် နိုင်ငံတော်က သူ၏အားစိုက်ထုတ်မှုနှင့် အောင်မြင်မှုများကို အသိအမှတ်ပြု၏။ လက်ထောက်ခေါင်းဆောင်အဖြစ်ရာထူးတိုးသွားသောအခါ ဌာနက သူ့အတွက် အထူးကားတစ်စီးစီစဉ်ပေးလာခဲ့သည်။


၎င်းက သူသွားလာရာတွင်လွယ်ကူသွားစေ၏။သို့သော် အထူးကားနှင့် ကိုယ်ပိုင်ကားတွင် ကွာခြားချက်များရှိနေဆဲဖြစ်သည်။


သို့သော် ဤအသက်အရွယ်တွင် ထိုမျှလောက်ထိအောင်မြင်မှုမျိုးကိုရယူနိုင်ခဲ့သဖြင့် ထုံရွှယ်လူက သူ့အတွက်အလွန်ဂုဏ်ယူပေသည်။


ဝမ်ရူကွေ့က ဌာနသို့ပြန်ရောက်လာသောအခါ အလုပ်ထဲတွင်အာရုံပြန်စိုက်လိုက်သည်။


ဆောင်းရာသီကုန်ပစ္စည်းဖလှယ်ပွဲကာလအတွင်းတွင် ထုံရွှယ်လူကကိုယ်တိုင်ကိုယ်ကျ သူမဝန်ထမ်းများကို ကွမ်းတုန်းစီရင်စုသို့ခေါ်သွားပြီး အော်ဒါအများပြားကိုလည်းရရှိခဲ့သည်။


ရလဒ်အနေဖြင့် ဆေးဖက်ဝင်ဝိုင်၏ရောင်းအားက မြင့်သထက်မြင့်မားလာခဲ့သည်။


ဤကာလများအတွင်းတွင် ကျန်းပိုင်ဟွေ့က သူမကိုခနခနလာတွေ့သော်လည်း ထုံရွှယ်လူက အလုပ်မအားဟုသာပြန်ပြောခဲ့သည်။


ကျန်းပိုင်ဟွေ့၏စိတ်နေစိတ်ထားက ပြောင်းလဲသွားသည်။သူတို့က သူငယ်ချင်းကောင်းများဖြစ်ခဲ့သော်လည်း ရှေ့ဆက်ပြီးသူငယ်ချင်းလုပ်ရန် မသင့်တော်တော့ပေ။


ထုံရွှယ်လူက ကျန်းပိုင်ဟွေ့ကို အေးစက်စက်ဆက်ဆံရန်ပြင်ဆင်ထားကာ တဖြေးဖြေးချင်း သူမနှင့်အဝေးတွင်နေလိုက်သည်။


မည်သို့ပင်ဖြစ်စေ သူတို့နှစ်ယောက်က ကြီးကြီးမားမားရန်မဖြစ်ဖူးပေ။ ဝမ်ရူကွေ့နှင့် လျန်ထျန်းယိကလည်းလုပ်ဖော်ကိုင်ဖက်ဖြစ်သောကြောင့် သူမကကျန်းပိုင်ဟွေ့နှင့် အငြင်းပွားနေစရာမလိုပေ။


ကျန်းပိုင်ဟွေ့က အကြိမ်အနည်းငယ်လောက်အငြင်းခံလိုက်ရသောအခါ ထုံရွှယ်လူ၏အေးစက်မှုကိုသတိပြုမိသွားပုံရပြီး ထပ်မချဉ်းကပ်လာတော့ပေ။


ဆောင်းရာသီကုန်ပစ္စည်းဖလှယ်ပွဲမှ အော်ဒါနှင့် ရှန်းကျန်းမှ ဘော့စ်ကျန်း၏အော်ဒါများသည် ထုံရွှယ်လူအတွက်ပိုက်ဆံအများကြီးဝင်လာစေခဲ့သည်။


ပေကျင်းတွင် ပထမဆုံးနှင်းကျသောအခါ ထုံရွှယ်လူကအိမ်တစ်လုံးဝယ်ရန်ဆုံးဖြတ်လိုက်သည်။


ပြန်လည်ထူထောင်ရေးနှင့် စီးပွားရေးလမ်းကြောင်းများဖွင့်လှစ်လာပြီးနောက်တွင် အိမ်ဈေးများက တစ်နေ့ထက်တစ်နေ့ထိုးတက်လာခဲ့သည်။ အခုချိန်တွင်ဈေးသိပ်မမြင့်သေးသော်လည်း 1990နောက်ပိုင်းများတွင် အိမ်ဈေးများက တစ်ဟုန်ထိုးမြင့်တက်သွားလိမ့်မည်။


ထိုအချိန်ကျလျှင် ဖြိုဖျက်မှုအတွက်နစ်နာကြေးမျိုးစုံရှိလာမည်ဖြစ်ကာ 2000ခုနစ်နောက်ပိုင်းတွင် အိမ်များက အလွန်ဈေးမြောက်လာလိမ့်မည်။


အနှစ်ချုပ်ရလျှင် အခုချိန်တွင်ပိုက်ဆံရှိ၍ အိမ်တစ်လုံးဝယ်ထားပါက ရင်းနှီးမြုပ်နှံသည်ထက်ပိုအသုံးဝင်လာမှာဖြစ်သည်။


ဝမ်ရူကွေ့က ပြန်လာရန်အချိန်မရှိသဖြင့် ထုံရွှယ်လူက ဖန်ကျင်းယွမ်ကို သူမနှင့်အတူအိမ်လိုက်ကြည့်ပေးရန် ခေါ်လိုက်သည်။


ဒီနှစ်အစကတည်းက စီးပွားဖြစ်အိမ်ရာများသည် ပေကျင်းနှင့်ရှန်းကျန့်မြို့များတွင် စတင်ပေါ်ပေါက်လာခဲ့ပေသည်။လူအများအပြားက ဤအသစ်အဆန်းအကြောင်းသိချင်နေကြသည်။


လူအများစုက ဝယ်လိုသည့်ဆန္ဒမရှိဘဲ စောင့်ကြည့်နေရုံသာဖြစ်သည်။တစ်ချို့ကမူ ပိုက်ဆံမတတ်နိုင်သောကြောင့်ဖြစ်သည်။


ထုံရွှယ်လူက ဒီတစ်ကြိမ်တွင် စီးပွားဖြစ်အိမ်ရာနှစ်လုံးဝယ်ရန် စီစဉ်ထား၏။သူမက ခြံဝင်းပါသည့်အိမ်ကိုမဝယ်နိုင်သေးသလို လူအနည်းစုကလည်း အခြားအိမ်များကိုသာရောင်းချင်သဖြင့် စီးပွားဖြစ်အိမ်ရာများကိုသာအရင်ဝယ်ရန်ဆုံးဖြတ်လိုက်သည်။


စီးပွားဖြစ်အိမ်ရာများကို လူတိုင်းလက်ခံလာအောင် နှစ်နှစ်လောက်စောင့်ပြီးမှ ရောင်းထုတ်ပြီး အနာဂတ်တွင် ဖြိုချခံရမည့် အိမ်များကိုဝယ်နိုင်လိမ့်မည်။


ဖန်ကျင်းယွမ်က သူမနှင့်အတူလိုက်လာကာ သူမစိတ်ထဲတွင်အနည်းငယ်လှုပ်ရှားသွားသည်။


စီးပွားဖြစ်အိမ်ရာများ၏ပုံစံက ဘန်ဂလိုများနှင့်မတူပေ။အခန်းတစ်ခန်းစီတိုင်းက လင်းလင်းထင်းထင်းရှိကာ အိမ်ယာများကိုအစီအစဉ်တကျစီစဉ်ထား၏။ပိုအရေးကြီးသည်မှာ အပြင်ဘက်တွင် လုံခြုံရေးရှိသဖြင့် ကလေးများကစားရန် စိတ်ချရပေသည်။


သို့သော်သူမက စိုးလည်းစိုးရိမ်မိသည်။

“ရွှယ်လူ နင်အိမ်နှစ်လုံးဝယ်မှာသေချာသွားပြီလား၊ နင်ကဒီမှာမှမနေတာ ဘာလို့အများကြီးဝယ်နေတာလဲ”


သူတို့နှစ်ယောက်က အိမ်ရာဝင်းအတွင်းတွင် လမ်းပတ်လျှောက်နေကြ၏။အထဲမှလူသွားလမ်းများကို သန့်ရှင်းစွာရှင်းလင်းထားပြီး ဘိလပ်မြေခင်ထားသဖြင့် နင်းစရာမြေကြီးမရှိပေ။


ထုံရွှယ်လူ:“ ဒါက ရင်းနှီးမြုပ်နှံတယ်လို့ခေါ်တယ် ဒီနှစ်နှစ်အတွင်းမှာ အိမ်ဈေးတွေက အရမ်းမြင့်လာတာကို နင်လဲသတိထားမိမှာပါ ဟုတ်တယ်မလား၊ လူတွေကပိုက်ဆံပိုရှိလာလေလေ အနာဂတ်အိမ်ဈေးက ပိုပိုပြီးမြင့်လာလေလေဘဲ၊ အခုမနေရင်တောင် နောက်ပိုင်းမနေဖြစ်ဘူးလို့ပြောလို့မရဘူးလေ ပြန်ရောင်းလို့လည်းရတယ်၊ နင်ကကံတရားတစ်ခုကို ရှေ့တိုးနောက်ဆုတ်လုပ်ရုံဘဲ”


ဖန်ကျင်းယွမ်၏ရင်ထဲတွင် ယားယံလာ၏။

“ဒါပေမယ့် အိမ်ဈေးတွေကမတက်လာရင် ဘယ်လိုလုပ်မှာလဲ၊ အခုချိန်မှာငါတို့က စစ်မှုထမ်းအိမ်ရာထဲမှာနေနေတော့ အရမ်းလုံခြုံတယ်၊ ငါသာစီးပွားဖြစ်အိမ်တစ်လုံးလောက်ဝယ်ချင်တယ်လို့ပြောမိရင် ငါ့ယောက္ခမက သေချာပေါက်အကြောင်းမျိုးစုံပြလာလိမ့်မယ်”


ထုံရွှယ်လူ:“ပိုက်ဆံကနင့်လက်ထဲမှာလေ နင်ဝယ်ချင်ရင်ဝယ်လိုက်လို့ရတယ် နင့်ယောက္ခမခွင့်ပြုချက်ကို ဘာလို့လိုမှာလဲ ၊ အိမ်မဝယ်ချင်ရင်လည်း ဆိုင်တစ်ဆိုင်လောက်ဝယ်လိုက်ဟာ ဘယ်လိုဘဲဖြစ်ဖြစ် ပိုက်ဆံမဆုံးဘူး”


အိမ်နှစ်လုံးဝယ်မည့်အပြင် သူမက ဆိုင်နှစ်ဆိုင်လည်းဝယ်လိုက်ကာ အခုဆိုအငှားချရန်အသင့်ဖြစ်နေပြီဖြစ်သည်။

 

ဖန်ကျင်းယွမ်က ထုံရွှယ်လူတစ်ယောက် ပိုက်ဆံကိုဘာမှမဟုတ်သလိုသုံးနေသည်ကိုမြင်လိုက်ရသောအခါ လန့်သွားပြီး တစ်ချိန်တည်းတွင် သူမရင်ထဲတွင်လှုပ်ရှားသွား၏။နောက်ဆုံးတွင် ဖန်ကျင်းယွမ်က အံတင်းတင်းကြိတ်ကာ ဆိုင်တစ်ဆိုင်ဝယ်ရန် ဆုံးဖြတ်လိုက်သည်။


အိမ်ခြံမြေရောင်းဝယ်ရေးမှ ဝန်ထမ်းများအနေဖြင့် ဤလို့ရက်ရောသည့်ဝယ်သူများကိုမြင်ရသည်မှာ ရှား၏။သို့သော် အပျော်လွန်ပြီး နှုတ်ခမ်းကနားရွက်တပ်ချိတ်သည်အထိ ပြုံးဖြီးနေကြသည်။ သူတို့က ထုံရွှယ်လူတို့နှစ်ယောက်ကို ဘုရားသခင်လိုပင်ဆက်ဆံကြလေသည်။